ဧပြီ
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁
သားတော်ကို အသိအမှတ်ပြုပြီး ယုံကြည်သက်ဝင်သူတွေ ထာဝရအသက်ရဖို့ အဖဘုရား ဆန္ဒရှိတယ်။—ယော. ၆:၄၀။
ထာဝရအသက် ရချင်ရင် ယေရှုရဲ့ ရွေးဖိုးကို ယုံကြည်သက်ဝင်ရမယ်။ (ဧ. ၁:၇) နှစ်စဉ် သခင့်ညစာစားပွဲမှာ “တခြားသိုးတွေ” ဟာ မုန့်နဲ့ ဝိုင် မသုံးဆောင်ကြဘူး။ သုံးလည်း မသုံးဆောင်သင့်ဘူး။ (ယော. ၁၀:၁၆) “အသက်မုန့်” ကိုတော့ သုံးဆောင်ကြတယ်။ ယေရှုရဲ့ ပူဇော်သက္ကာနဲ့ ပူဇော်သက္ကာကြောင့် ရလာမယ့် ကောင်းချီးတွေကို ယုံကြည်သက်ဝင်ခြင်းအားဖြင့်ပါ။ (ယော. ၆:၅၃) ပဋိညာဉ်သစ်မှာ ပါဝင်သူတွေ၊ နိုင်ငံတော်မှာ အုပ်ချုပ်ဖို့ မျှော်လင့်ချက် ရှိသူတွေကတော့ မုန့်နဲ့ ဝိုင် သုံးဆောင်ကြတယ်။ ဒါပေမဲ့ ဘိသိက်ခံဖြစ်ဖြစ်၊ တခြားသိုးဖြစ်ဖြစ် ထာဝရအသက် ရချင်ရင် ရွေးဖိုးကို ယုံကြည်သက်ဝင်ရမယ်။ w24.12 ၁၃ ¶၁၄၊ ၁၆
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၂) မဿဲ ၂၆:၁-၅၊ ၁၄-၁၆။ လုကာ ၂၂:၁-၆
အောက်မေ့ရာနေ့
နေဝင်ပြီးနောက်
ကြာသပတေးနေ့၊ ဧပြီ ၂
သိုးစုငယ်၊ မကြောက်နဲ့။ အဖဘုရားက ခင်ဗျားတို့ကို နိုင်ငံတော်ပေးဖို့ ဆုံးဖြတ်ပြီးပြီ။—လု. ၁၂:၃၂။
သခင့်ညစာစားပွဲမှာ တမန်တော်တွေကို ယေရှု တဆေးမဲ့မုန့် ဝေပေးတယ်။ ဒါဟာ မိမိကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်လို့ ပြောတယ်။ အဲဒီနောက် ဝိုင် ဝေပေးတယ်။ ဒါဟာ “ပဋိညာဉ်နဲ့ဆိုင်တဲ့ သွေး” ကို ကိုယ်စားပြုတယ်လို့ ပြောတယ်။ (မာ. ၁၄:၂၂-၂၅။ လု. ၂၂:၂၀။ ၁ ကော. ၁၁:၂၄) အဲဒီပဋိညာဉ်ကို ပဋိညာဉ်သစ်လို့ ယေရှု ခေါ်ထားတယ်။ ပဋိညာဉ်သစ်ဟာ “[ပုံဆောင်] အစ္စရေးအမျိုး၊” တစ်နည်းအားဖြင့် “ဘုရားသခင့်နိုင်ငံတော်” မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့်သူတွေနဲ့ ယေဟောဝါ ဖွဲ့ထားတာ ဖြစ်တယ်။ (ဟီ. ၈:၆၊ ၁၀။ ၉:၁၅) သခင့်ညစာစားပွဲမှာ ယေရှု ပြောတဲ့ စကားဟာ “သိုးစုငယ်” နဲ့ သက်ဆိုင်တယ်။ အဲဒီအုပ်စုမှာ ဦးဆုံး ပါဝင်သူတွေကတော့ သခင့်ညစာစားပွဲမှာ ယေရှုနဲ့အတူ ရှိနေတဲ့ သစ္စာရှိ တမန်တော်တွေ ဖြစ်တယ်။ သူတို့ဟာ ယေရှုနဲ့အတူ ကောင်းကင်မှာ နေရာရမယ့်သူတွေ ဖြစ်တယ်။ w24.12 ၁၁ ¶၉-၁၀
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၃) မဿဲ ၂၆:၁၇-၁၉။ မာကု ၁၄:၁၂-၁၆။ လုကာ ၂၂:၇-၁၃ (နေဝင်ပြီး နောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၄) ယောဟန် ၁၃:၁-၅။ ၁၄:၁-၃
သောကြာနေ့၊ ဧပြီ ၃
ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။—ယော. ၃:၁၆။
ယေရှုကို မိတ်ဆွေရင်းတစ်ယောက် သစ္စာဖောက်တယ်။ ရန်သူတွေ ဖမ်းဆီးတယ်။ စော်ကားတယ်။ မဟုတ်မမှန် စွပ်စွဲတယ်။ သေဒဏ်ခံထိုက်တယ်လို့ စီရင်ချက်ချပြီး နှိပ်စက်ကြတယ်။ နောက်ဆုံးမှာ စစ်သည်တွေက သစ်တိုင်တင်ပြီး သတ်လိုက်ကြတယ်။ ဒီအခက်အခဲတွေကို ယေရှု သစ္စာရှိရှိ ခံရပ်နေချိန်မှာ ယေရှုထက် ပိုပြီး နာကျင်ရသူတစ်ယောက် ရှိတယ်။ ယေဟောဝါဘုရားပါ။ ယေဟောဝါဟာ သားတော်ကို သိပ်ချစ်တယ်။ သားတော် ဝေဒနာ မခံစားရအောင် လုပ်ပေးနိုင်တဲ့ အစွမ်းတန်ခိုး ရှိတယ်။ ဒါပေမဲ့ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ဘာကြောင့် ခွင့်ပြုသလဲ။ ကျွန်တော်တို့ကို ချစ်လို့ပါ။ ယေရှုရဲ့ ပူဇော်သက္ကာဟာ သင့်ကို ယေဟောဝါ ဘယ်လောက် ချစ်တယ်ဆိုတဲ့ အကြီးမားဆုံး သက်သေပါပဲ။ စိတ်ကြေကွဲခံပြီးတော့ သင့်ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ထားတာ။ (၁ ယော. ၄:၉၊ ၁၀) အပြစ်ကို တွန်းလှန်ပြီး အနိုင်ယူဖို့ ကျွန်တော်တို့တစ်ယောက်ချင်းစီကို ကူညီပေးချင်တာ ထင်ရှားပါတယ်။ w24.08 ၆ ¶၁၃-၁၄
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၄) ယောဟန် ၁၉:၁-၄၂
စနေနေ့၊ ဧပြီ ၄
ခရစ်တော်ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံ . . . ခဲ့တယ်။—၁ ပေ. ၂:၂၁။
ယေဟောဝါ စိတ်အထိခိုက်ခံပြီး ရွေးဖိုးပြင်ဆင်ပေးတာကို စဉ်းစားလိုက်တဲ့အခါ မေတ္တာကြီးမားကြောင်း ပိုနားလည်လာရတယ်။ အခက်ကြုံရင် ယေဟောဝါအပေါ် ဘယ်သူမှ သစ္စာရှိမှာ မဟုတ်ဘူးလို့ စာတန် စွပ်စွဲထားတယ်။ စာတန့်စွပ်စွဲချက် မှားကြောင်း သက်သေပြဖို့ သားတော် မသေဆုံးခင် ဝေဒနာ ခံစားဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ (ယောဘ ၂:၁-၅) ယေရှုကို လူတွေ လှောင်ပြောင်တယ်။ စစ်သားတွေ ကျာပွတ်နဲ့ ရိုက်တယ်။ သစ်တိုင်ပေါ် တင်ပြီး သံနဲ့ ရိုက်တယ်။ နောက်ဆုံးတော့ ယေရှု ဝေဒနာ မချိမဆံ့ ခံစားပြီး သေသွားတယ်။ (မ. ၂၇:၂၈-၃၁၊ ၃၉) ယေဟောဝါ အချိန်မရွေး ဝင်တားနိုင်စွမ်း ရှိပေမဲ့ ဒီအတိုင်း ကြည့်နေခဲ့ရတယ်။ (မ. ၂၇:၄၂၊ ၄၃) ကယ်လိုက်ရင် ယေရှု ရွေးဖိုးမပေးနိုင်တော့ဘူး၊ ကျွန်တော်တို့အတွက် မျှော်လင့်ချက် မရှိတော့ဘူး။ ဒါကြောင့် နောက်ဆုံးထွက်သက်အထိ သားတော် ဝေဒနာ ခံစားဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ w25.01 ၂၂ ¶၇
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၅) မဿဲ ၂၇:၆၂-၆၆ (နေဝင်ပြီး နောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၆) ယောဟန် ၂၀:၁
တနင်္ဂနွေနေ့၊ ဧပြီ ၅
ရက်ပေါင်း ၄၀ ပတ်လုံး သခင်ကို သူတို့ မြင်တွေ့ခဲ့ [တယ်။]—တ. ၁:၃။
အေဒီ ၃၃၊ နိသန်လ ၁၆ ရက်မှာ ဧမောက်ရွာကို ယေရှုရဲ့ တပည့်နှစ်ယောက် သွားနေတယ်။ ခေါင်းဆောင် ယေရှု မကြာသေးခင်ကပဲ အသတ်ခံလိုက်ရလို့ စိတ်ညှိုးငယ်နေကြတယ်။ သူစိမ်းအမျိုးသားတစ်ယောက် သူတို့အနား ရောက်လာပြီး အတူလျှောက်တယ်။ ယေရှု ကြုံခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေအကြောင်း သူတို့ ပြောပြကြတယ်။ ဒါနဲ့ သူတို့ စိတ်ထဲ စွဲနေမယ့် အကြောင်းအရာတွေကို သူစိမ်းအမျိုးသား ပြောပြတယ်။ မေရှိယ ဘာကြောင့် ဒုက္ခဝေဒနာ ခံစားပြီး သေခဲ့ရကြောင်း “မောရှေနဲ့ ပရောဖက်တွေ ရေးခဲ့တဲ့ ကျမ်းစောင်တွေကနေ စပြီး” ရှင်းပြတယ်။ ဧမောက်ရွာကို ရောက်တော့မှပဲ အဲဒီသူစိမ်းအမျိုးသားဟာ ရှင်ပြန်ထမြောက်ပြီး ဖြစ်တဲ့ ယေရှုဆိုတာ တပည့်နှစ်ယောက် သိလိုက်ရတယ်။ (လု. ၂၄:၁၃-၃၅) မြေကြီးပေါ် နောက်ဆုံးရက် ၄၀ အတွင်း တပည့်တွေကို ယေရှု အကြိမ်ကြိမ် ကိုယ်ထင်ပြတယ်။ ပူဆွေးထိတ်လန့်နေတဲ့ တပည့်တွေကို အားပေးတယ်။ ဒါကြောင့် သူတို့ အားတက်လာကြတယ်။ ရွှင်ရွှင်ပျပျ ဖြစ်လာကြတယ်။ နိုင်ငံတော် သတင်းကောင်း ဟောပြောသွန်သင်ဖို့ သတ္တိရှိလာကြတယ်။ w24.10 ၁၂ ¶၁-၃
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၆) ယောဟန် ၂၀:၂-၁၈
တနင်္လာနေ့၊ ဧပြီ ၆
ခင်ဗျားတို့ကတော့ အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက် [ပါ။]—ယု. ၂၀။
အချိန်ကြာလာတာနဲ့အမျှ ကလေးတွေ အလိုလို အရွယ်ရောက်လာပေမဲ့ ခရစ်ယာန်တွေ အလိုလို ရင့်ကျက်မလာဘူး။ ဥပမာ၊ ကောရိန္သုမြို့က ညီအစ်ကို/မတွေဟာ သတင်းကောင်း လက်ခံတယ်။ နှစ်ခြင်းခံတယ်။ သန့်ရှင်းသော စွမ်းအားတော် ရတယ်။ တမန်တော် ပေါလုဆီက အများကြီး သင်ယူရတယ်။ (တ. ၁၈:၈-၁၁) ဒါပေမဲ့ နှစ်ခြင်းခံပြီးနောက် နှစ်တွေ ကြာသွားတာတောင် ဒုံရင်းက ဒုံရင်း ဖြစ်နေတယ်။ မရင့်ကျက်သေးဘူး။ (၁ ကော. ၃:၂) ရင့်ကျက်လာဖို့ဆိုရင် ရင့်ကျက်ချင်စိတ် မွေးရမယ်။ ‘အတွေ့အကြုံ မရှိတာကို နှစ်သက်’ နေသူ၊ ဘုရားရေးရာမှာ လက်ရှိ အခြေအနေနဲ့ပဲ ကျေနပ်နေသူဟာ ရင့်ကျက်လာမှာ မဟုတ်ဘူး။ (ပညာ. ၁:၂၂) အရွယ်ရောက်နေပါလျက်နဲ့ တစ်ခုခုဆိုရင် မိဘကို ဆုံးဖြတ်ခိုင်းသူတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ကိုယ့်တာဝန်ကိုယ် ယူပြီး ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းချင်ကြတယ်။ ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းနေရတုန်းပဲဆိုရင် “လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနား” ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ဖိ. ၂:၁၃။ w24.04 ၄ ¶၉-၁၀
အင်္ဂါနေ့၊ ဧပြီ ၇
ဘယ်သူ့ကိုမှ [ယေဟောဝါ] မပျက်စီးစေချင်ဘူး။—၂ ပေ. ၃:၉။
လူတွေကို တရားစီရင်တာနဲ့ပတ်သက်ပြီး မိမိ ဘယ်လို ခံစားရကြောင်း ယေဟောဝါ ဖော်ပြတယ်။ (ယေဇ. ၃၃:၁၁) ယေဟောဝါဟာ အကြောင်းရင်း မည်မည်ရရ မရှိဘဲ တစ်ယောက်ယောက်ကို ထာဝရအပြီး မဖျက်ဆီးဘူး။ ကရုဏာ ပြည့်ဝတယ်။ ကရုဏာ ပြလို့ ရတဲ့အချိန်တိုင်း ကရုဏာ ပြတယ်။ ရှင်ပြန်ထမြောက်မလာမယ့်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေ သိသလဲ။ ကျမ်းစာမှာ ဥပမာ နည်းနည်း ဖော်ပြထားတယ်။ ယေရှုစကားအရ ယုဒရှကာရုတ် ရှင်ပြန်မထမြောက်ဘူး။ (မာ. ၁၄:၂၁။ ယော. ၁၇:၁၂) ယေဟောဝါဘုရားနဲ့ သားတော်ကို ဆန့်ကျင်ရာရောက်မှန်း သိသိကြီးနဲ့ တမင်တကာ အမှားလုပ်ခဲ့လို့ပဲ။ (မာ. ၃:၂၉) မိမိကို ဆန့်ကျင်တဲ့ ဘာသာရေး ခေါင်းဆောင်တချို့လည်း ရှင်ပြန်မထမြောက်ဘူးလို့ ယေရှု ပြောတယ်။ (မ. ၂၃:၃၃) ဒါ့အပြင် နောင်တမရတဲ့ အယူဖောက်ပြန်သူတွေ ရှင်ပြန်မထမြောက်ဘူးလို့ တမန်တော် ပေါလု သတိပေးတယ်။—ဟီ. ၆:၄-၈။ ၁၀:၂၉။ w24.05 ၄ ¶၁၀-၁၁
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၈
ယေဟောဝါက သစ္စာရှိသူတွေကို ကာကွယ်ပေးတယ်။—ဆာ. ၃၁:၂၃။
ဘုရားနဲ့သာ ရင်းနှီးနေရင် ကျွန်တော်တို့ ထာဝစဉ် ထိခိုက်သွားလောက်တဲ့ အန္တရာယ်မျိုး စာတန် မပေးနိုင်ဘူး။ (၁ ယော. ၃:၈) ကမ္ဘာသစ် ရောက်တဲ့အခါ သစ္စာရှိ မိတ်ဆွေတွေကို မိမိနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် အန္တရာယ်တွေကနေ သာမက သေခြင်းရန်ကနေပါ ယေဟောဝါ ကာကွယ်ပေးမှာ။ (ဗျာ. ၂၁:၄)ယေဟောဝါရဲ့ ဧည့်သည်၊ တစ်နည်းအားဖြင့် ထာဝရ မိတ်ဆွေ ဖြစ်နိုင်တာ တကယ့် အခွင့်ထူးပါပဲ။ (ယေဇ. ၃၇:၂၇) ဧည့်သည်၊ မိတ်ဆွေ ဆက်ဖြစ်ချင်ရင် ဘာလုပ်ရမလဲ။ တစ်ယောက်ယောက်အိမ် သွားတဲ့အခါ အိမ်ရှင် ဘာလုပ်စေချင်တယ်၊ ဘာမလုပ်စေချင်ဘူးဆိုတာ သိထားချင်မှာပဲ။ အဲဒီလိုပဲ ပုံဆောင်တဲတော်မှာ ဆက်တည်းခိုချင်သူတွေကို ယေဟောဝါ ဘာတောင်းဆိုထားသလဲ ကျွန်တော်တို့ သိချင်ကြတယ်။ ဘုရားကို ချစ်တဲ့အတွက် ‘နှစ်သက်လက်ခံမှု အပြည့်အဝ’ ရရှိအောင် အတတ်နိုင်ဆုံး နေထိုင်မှာ ဖြစ်တယ်။ (ကော. ၁:၁၀) အဲဒီ့အပြင် ဘုရားကို အမြဲ ကြည်ညိုလေးစားသင့်တယ်။ ကြည်ညိုလေးစားမယ်ဆိုရင် ဘုရား စိတ်ငြိုငြင်မယ့်အရာ ဘာကိုမှ လုပ်မှာ မဟုတ်ဘူး။ “ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း” မှာ ဖြစ်တယ်။—မိ. ၆:၈။ w24.06 ၄ ¶၈-၉
ကြာသပတေးနေ့၊ ဧပြီ ၉
သူဟာ . . . လူများစွာရဲ့ အပြစ်ကို သယ်ဆောင်ပေးခဲ့တယ်။—ဟေရှာ. ၅၃:၁၂။
သားအိဇက်ကို ပူဇော်ဖို့ အာဗြဟံကို ယေဟောဝါ တောင်းဆိုတယ်။ ဒါဟာ အာဗြဟံအတွက် စိတ်အထိခိုက်ရဆုံး တောင်းဆိုချက် ဖြစ်ခဲ့မှာပဲ။ ဘာပဲဖြစ်ဖြစ် တောင်းဆိုတဲ့အတိုင်း လုပ်ဖို့ အာဗြဟံ အဆင်သင့်ရှိခဲ့တယ်။ ဒါပေမဲ့ သားဖြစ်သူကို သတ်ခါနီးဆဲဆဲမှာ ယေဟောဝါ တားလိုက်တယ်။ ဒီမှတ်တမ်းကနေ ဘာသိရသလဲ။ အနာဂတ်မှာ ယေဟောဝါ လုပ်မယ့်အရာကို သိရတယ်။ လူတွေကို ချစ်လွန်းလို့ မိမိအချစ်ဆုံးသားကို ပူဇော်သက္ကာအဖြစ် ယေဟောဝါ လိုလိုလားလား ပေးမယ်။ (က. ၂၂:၁-၁၈) ရာစုနှစ်များစွာ ကြာပြီးနောက် အစ္စရေးလူမျိုးကို ယေဟောဝါ ပညတ်ပေးချိန်မှာ အပြစ်ဖြေဖို့ တိရစ္ဆာန်ပူဇော်သက္ကာ ဆက်သခြင်းအကြောင်း ပါတယ်။ (ဝတ်. ၄:၂၇-၂၉။ ၁၇:၁၁) လူတွေရဲ့ အပြစ်ကို အကုန်အစင် ဖယ်ရှားပေးမယ့် ပိုကောင်းတဲ့ ပူဇော်သက္ကာကို ယေဟောဝါ ပြင်ဆင်ပေးမယ်ဆိုတာ တိရစ္ဆာန်ပူဇော်သက္ကာတွေက ဖော်ပြနေတယ်။ သင် အပါအဝင် လူအားလုံးကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ဖို့ ပိုကောင်းတဲ့ ပူဇော်သက္ကာ ဖြစ်တဲ့ ကတိထားရာမျိုးနွယ်ဟာ ဒုက္ခခံရမယ်၊ အသတ်ခံရမယ်လို့ ပရောဖက်တွေ ကြိုဟောထားကြတယ်။—ဟေရှာ. ၅၃:၁-၁၂။ w24.08 ၄ ¶၇-၈
သောကြာနေ့၊ ဧပြီ ၁၀
ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်။—ဆာ. ၁၁၉:၉၇။
ကျမ်းစာဖတ်တဲ့အခါ လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေ စဉ်းစားဖို့ အရေးကြီးတယ်။ ကျမ်းစာ အပိုင်းတစ်ပိုင်း ဖတ်ပြီဆိုရင် ‘ဒီအချက်ကို အခု ဒါမှမဟုတ် ရှေ့လျှောက် ငါ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ’ လို့ စဉ်းစားပါ။ ဥပမာ၊ ၁ သက်သာလောနိတ် ၅:၁၇၊ ၁၈ ကို ဖတ်နေတယ်ဆိုပါစို့။ ဖတ်ပြီးသွားတဲ့အခါ ကိုယ့်ဆုတောင်းချက်တွေနဲ့ပတ်သက်ပြီး ဘာတွေ ခဏရပ် စဉ်းစားနိုင်သလဲ။ ဆုတောင်းချက် အကြိမ်ရေ၊ ခံစားချက် အတိမ်အနက်ကို စဉ်းစားနိုင်တယ်။ ကျေးဇူးတင်ချီးမွမ်းစရာတွေကိုလည်း စဉ်းစားနိုင်တယ်။ အဲဒီလိုစဉ်းစားပြီးနောက်မှာတော့ သတ်သတ်မှတ်မှတ် အရာသုံးခုအတွက် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းမယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်။ မိနစ်အနည်းငယ်လောက် အဲဒီလိုအချိန်ပေးပြီး စဉ်းစားတာကတောင် တရားစကားတော်ကို ကြားနာပြီး လက်တွေ့ကျင့်သုံးသူ ဖြစ်ဖို့ အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်တယ်။ နေ့စဉ် တခြားကျမ်းပိုဒ်တွေ ဖတ်တဲ့အခါလည်း ဒီနည်းအတိုင်းသာ လုပ်သွားရင် ဘယ်လောက်တောင် အကျိုးရလိုက်မလဲ။ w24.09 ၄-၅ ¶၉-၁၀
စနေနေ့၊ ဧပြီ ၁၁
ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သတိမထားရင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ခဲ့သမျှ အလဟဿ ဖြစ်ပြီး အကျိုးအပြည့်အဝ မခံစားရဘဲ ဖြစ်လိမ့်မယ်။—၂ ယော. ၈။
ရယူတဲ့အခါထက် ပေးကမ်းတဲ့အခါ၊ ပေးဆက်တဲ့အခါ ပိုပျော်အောင် ကျွန်တော်တို့ကို ယေဟောဝါ ထူးထူးခြားခြား ပုံစံပြုထားတယ်။ ညီအစ်ကို/မတွေကို ကူညီပေးနိုင်တဲ့အခါ ကျွန်တော်တို့ ပျော်တယ်။ ကျေးဇူးတင်ခံရတဲ့အခါ ပျော်တယ်။ ဒါပေမဲ့ ကျေးဇူးတင်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ လုပ်သင့်တာကို လုပ်ခဲ့လို့ ပျော်နိုင်တယ်။ တခြားသူတွေကို ကျွန်တော်တို့ ဘာပဲပေးပေး ကျွန်တော်တို့ကို “ယေဟောဝါဘုရား ဒီထက်မက ပေးနိုင်ပါတယ်။” (၂ ရာ. ၂၅:၉) ယေဟောဝါ ပေးတာကို ရတာလောက် ပျော်စရာကောင်းတာ မရှိနိုင်ဘူး။ ဒါကြောင့် ရက်ရောတဲ့ ကောင်းကင်ဘုံစံအဖ ယေဟောဝါကို ဆက်အတုယူဖို့ ဆုံးဖြတ်ထားကြရအောင်။ w24.09 ၃၁ ¶၂၀-၂၁
တနင်္ဂနွေနေ့၊ ဧပြီ ၁၂
ယေဟောဝါဘုရား၊ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါ့မယ်။ နာမတော်ကို ထာဝစဉ် ဂုဏ်တင်ပါ့မယ်။—ဆာ. ၈၆:၁၂။
ယေဟောဝါဟာ သနားကရုဏာ ရှိတယ်။ (ဆာ. ၁၀၃:၁၃။ ဟေရှာ. ၄၉:၁၅) ကျေးကျွန်တွေ ထိခိုက်တဲ့အခါ ထပ်တူ ခံစားပေးတယ်။ (ဇာ. ၂:၈) မိတ်ဆွေမဖွဲ့နိုင်လောက်အောင် ကျွန်တော်တို့နဲ့ အလှမ်းမဝေးဘူး။ (ဆာ. ၂၅:၁၄။ တ. ၁၇:၂၇) နှိမ့်ချမှု ရှိတယ်။ “ကိုယ်ကို ကိုင်းညွတ်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကို ငုံ့ကြည့်တယ်။ နိမ့်ကျသူကို မြေမှုန့်ထဲကနေ ထူမတယ်။” (ဆာ. ၁၁၃:၆၊ ၇) ဒီလိုဘုရားမျိုးကို ကျွန်တော်တို့ ဂုဏ်တင်မချီးမွမ်းချင်ဘဲ နေပါ့မလား။ ယေဟောဝါအကြောင်း တခြားသူတွေကို သိစေချင်လို့ ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ ယေဟောဝါအကြောင်း လူတော်တော်များများ အမှန်အတိုင်း မသိကြဘူး။ ဘာကြောင့်လဲ။ ယေဟောဝါဟာ အငြိုးကြီးတယ်၊ လူတွေကို ဂရုမစိုက်ဘူး၊ ကမ္ဘာ့ပြဿနာတွေဟာ ယေဟောဝါကြောင့် စသဖြင့် လူတွေကို စာတန် အယုံသွင်းပြီး ဉာဏ်မျက်စိ ကွယ်စေလို့ပါ။ (၂ ကော. ၄:၄) ဒါပေမဲ့ ကျွန်တော်တို့ဘုရားအကြောင်း ကျွန်တော်တို့ အမှန်အတိုင်း သိထားကြတယ်။ တခြားသူတွေလည်း အမှန်အတိုင်း သိလာပြီး ဂုဏ်တင်ချီးမွမ်းနိုင်အောင် ကူညီပေးခွင့် ကျွန်တော်တို့ ရထားတယ်။—ဟေရှာ. ၄၃:၁၀။ w25.01 ၃ ¶၆-၇
တနင်္လာနေ့၊ ဧပြီ ၁၃
လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ် စာတန်လို့ ခေါ်တဲ့ ရှေးမြွေဟောင်း၊ နဂါးကြီးဟာ မြေကြီးပေါ် ပစ်ချခံရတယ်။—ဗျာ. ၁၂:၉။
ဘုရားသားတော် ယေရှုဟာ စုံလင်တယ်။ အံ့ဖွယ်အမှုတွေ လုပ်တယ်။ ဒါပေမဲ့ ယေရှုအကြောင်း မဟုတ်တမ်းစကားတွေ ဖြန့်ဖို့ လူတချို့ကို စာတန် အသုံးချတယ်။ ဥပမာ၊ “နတ်ဆိုးမင်းရဲ့ အကူအညီနဲ့” နတ်ဆိုးတွေကို ယေရှု နှင်ထုတ်တာပါလို့ ဘာသာရေး ခေါင်းဆောင်တွေ ပြောကြတယ်။ (မာ. ၃:၂၂) ယေရှု စစ်ကြောခံရချိန်မှာ ဘုရားကို စော်ကားသူလို့ စွပ်စွဲကြတယ်။ ကွပ်မျက်ဖို့ တောင်းဆိုပါဆိုပြီး လူအုပ်ကို စည်းရုံးထားကြတယ်။ (မ. ၂၇:၂၀) နောက်ပိုင်းမှာ သတင်းကောင်း ဟောပြောတဲ့ ခရစ်တော်နောက်လိုက်တွေကိုလည်း “လူတွေ မုန်းအောင်၊” နှိပ်စက်အောင် ဆန့်ကျင်သူတွေ “သွေးထိုးလှုံ့ဆော်” ကြတယ်။ (တ. ၁၄:၂၊ ၁၉) ၁၉၉၈၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် မှာ တမန်တော် ၁၄:၂ နဲ့ပတ်သက်ပြီး ဒီလိုဖော်ပြထားတယ်– “ဂျူးအတိုက်အခံပြုသူများသည် ကိုယ်တိုင် သတင်းတရားကို ငြင်းပယ်ခဲ့ကြရုံမက ခရစ်ယာန်များကို တစ်ပါးအမျိုးသားများ စိတ်စွန်းကွက်စေရန် ကြိုးစားအပုပ်ချခဲ့ကြသည်။” ဒီနေ့ခေတ်အထိလည်း လူတွေကို စာတန် လှည့်စားနေတုန်းပဲ။ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတာ။ w24.04 ၁၁ ¶၁၅-၁၆
အင်္ဂါနေ့၊ ဧပြီ ၁၄
မြေတစ်ပြင်လုံးရဲ့တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ။—က. ၁၈:၂၅။
လူတစ်ယောက် ထာဝစဉ် အသက်ရှင်မရှင်ဆိုတာ သူ ဘယ်အချိန် သေသလဲဆိုတာအပေါ် မမူတည်ဘူး။ ယေဟောဝါဟာ ပြည့်ဝစုံလင်တဲ့ တရားသူကြီးပါ။ တရားစီရင်ချက်တွေဟာ အမြဲ ဖြောင့်မတ်မျှတတယ်။ (ဆာ. ၃၃:၄၊ ၅) မှန်ကန်တာကိုပဲ “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” လုပ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ လူတစ်ယောက် ထာဝစဉ် အသက်ရှင်မရှင်ဆိုတာ ဘယ်နေရာမှာ နေသလဲဆိုတာအပေါ်လည်း မမူတည်ဘူး။ နိုင်ငံတော်သတင်း တစ်ခါမှ ကြားခွင့်မရတဲ့ ဒေသမှာ နေတဲ့ လူသန်းချီကို “ဆိတ်” လို့ ယေဟောဝါ တန်းသတ်မှတ်လိုက်မှာ မဟုတ်ဘူး။ (မ. ၂၅:၄၆) သူတို့အတွက် ကျွန်တော်တို့ တွေးပေးတာထက် မြေတစ်ပြင်လုံးရဲ့ ဖြောင့်မတ်တဲ့ တရားသူကြီးက ပိုလို့တောင် တွေးပေးသေးတယ်။ ကြီးစွာသောဒုက္ခအတွင်း ယေဟောဝါ ဘာတွေကို ဘယ်လို ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ မိမိကိုယ်မိမိ လူမျိုးတွေရှေ့မှာ ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေတဲ့အခါ မြင်ရတွေ့ရတာတွေကြောင့် ယေဟောဝါအကြောင်း လူတချို့ သိချင်လာနိုင်တယ်။ ယုံကြည်လာနိုင်တယ်။ ယေဟောဝါဘက် ရပ်တည်ချင်လာနိုင်တယ်။—ယေဇ. ၃၈:၁၆။ w24.05 ၁၂ ¶၁၄-၁၅
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၅
အချင်းချင်း ချစ်ကြပါ။—ယော. ၁၅:၁၂။
ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အချင်းချင်း ကူညီချင်ကြတယ်။ (၂ ကော. ၈:၄) ဒါပေမဲ့ အဲဒီလိုကူညီဖို့ သတ္တိ လိုချိန်တွေ ရှိတယ်။ ဥပမာ၊ စစ်ဖြစ်ပြီဆိုရင် ညီအစ်ကို/မတွေအတွက် အားပေးမှု၊ ထောက်မမှု၊ ကျမ်းစာ၊ ကျမ်းစာစာပေ၊ စားစရာ၊ ဝတ်စရာ၊ နေစရာ လိုအပ်မှန်း ဒေသခံ အကြီးအကဲတွေ သိကြတယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့အတွက် အသက်အန္တရာယ် ရှိရင်တောင် လိုအပ်တာတွေ ဖြည့်ဆည်းပေးကြတယ်။ အန္တရာယ်များတဲ့ ကာလမှာ ကျွန်တော်တို့ စည်းလုံးနေဖို့ဆိုရင် နာခံမှု ရှိဖို့ သိပ်အရေးကြီးတယ်။ ဒါကြောင့် ဌာနခွဲရုံး ညွှန်ကြားချက်ကို လိုက်နာပါ။ (ဟီ. ၁၃:၁၇) အကြီးအကဲတွေအနေနဲ့လည်း ဘေးအန္တရာယ် မကြုံခင် ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲ၊ ဘေးအန္တရာယ် ကြုံပြီဆိုရင် ဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း ညွှန်ကြားချက်တွေကို မှန်မှန် ပြန်သုံးသပ်သင့်တယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) သတ္တိရှိပါ၊ သတိလည်း ရှိပါ။ (ပညာ. ၂၂:၃) ဘာမဆို စဉ်းစဉ်းစားစား လုပ်ပါ။ မလိုအပ်ဘဲ မစွန့်စားပါနဲ့။ ယေဟောဝါကို အားကိုးပါ။ ညီအစ်ကို/မတွေကို ဘေးကင်းကင်း ထောက်မပေးနိုင်ဖို့ သင့်ကို ယေဟောဝါ ကူညီနိုင်တယ်။ w24.07 ၄ ¶၈။ ၅ ¶၁၁
ကြာသပတေးနေ့၊ ဧပြီ ၁၆
ဒုက္ခရောက်နေချိန်မှာ ယေဟောဝါကို ငါဆုတောင်းတယ်။ . . . ငါ့ရဲ့ အကူအညီတောင်းသံဟာ ဘုရားရဲ့နားထဲ ရောက်သွားတယ်။—ဆာ. ၁၈:၆။
ယေဟောဝါကို ဒါဝိဒ် သိကျွမ်းတယ်။ အားကိုးတယ်။ မိမိကို ဘုရင် ရှောလု အပါအဝင် ရန်သူတွေ လိုက်သတ်တုန်းက အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ဆုတောင်းချက်ကို အဖြေပေးတဲ့အတွက်၊ မိမိကို ကယ်တင်ပေးတဲ့အတွက် “ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရားပဲ” လို့ ကြွေးကြော်တယ်။ (ဆာ. ၁၈:၄၆) ဘုရား ရှိတယ်ဆိုတာလောက်ပဲ အသိအမှတ်ပြုတာ မဟုတ်ဘူး။ ယေဟောဝါဟာ “ကျေးကျွန်တွေကို အမြဲ ကူညီပေးတဲ့ အသက်ရှင်နေတဲ့ ဘုရား” ဆိုတာကို ဒါဝိဒ် ယုံကြည်စိတ်ချကြောင်း ဖော်ပြတာလို့ အကိုးအကားစာအုပ်တစ်အုပ်က ဆိုတယ်။ မှန်ပါတယ်၊ ယေဟောဝါဟာ မိမိ ကြုံရသမျှကို သိပြီး ကူညီပေးဖို့ အသင့်ရှိတဲ့ အသက်ရှင်နေတဲ့ ဘုရားဆိုတာ ဒါဝိဒ် ကိုယ်တွေ့ပါပဲ။ ဒါကြောင့် ယေဟောဝါကို ဆက်ကိုးကွယ်ချီးမွမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုခိုင်မာလာတယ်။ (ဆာ. ၁၈:၂၈၊ ၂၉၊ ၄၉) ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရား ဖြစ်ကြောင်း စိတ်ချတာက ထက်ထက်သန်သန် ဝတ်ပြုကိုးကွယ်ဖို့ ကူညီပေးတယ်။ အခက်အခဲတွေ ကြုံရချိန်မှာ ခံနိုင်ရည် ခွန်အား ရှိစေတယ်။ ကြိုးကြိုးစားစား ဘုရားအမှု ဆက်ဆောင်မယ်၊ ဘုရားနဲ့ ဆက်ရင်းနှီးအောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစေတယ်။ w24.06 ၂၀-၂၁ ¶၃-၄
သောကြာနေ့၊ ဧပြီ ၁၇
ခင်ဗျားတို့ကို ဘယ်သူမှ မလှည့်ဖြားပါစေနဲ့။—၂ သက်. ၂:၃။
သက်သာလောနိတ်အသင်းတော်ကို ပြောတဲ့ တမန်တော် ပေါလုရဲ့ စကားတွေကနေ ဘာသင်ယူနိုင်သလဲ။ ကျမ်းစာသွန်သင်ချက်နဲ့ မညီတာတွေ၊ လှုပ်လှုပ်ခတ်ခတ် သတင်းတွေ ကြားတဲ့အခါ ကျွန်တော်တို့ ပိုင်းခြားသိမြင်မှု ရှိရမယ်။ အရင်ဆိုဗီယက်ပြည်ထောင်စုက ညီအစ်ကိုတွေဟာ ကမ္ဘာ့ဌာနချုပ်က လာပုံပေါက်တဲ့စာကို ရခဲ့ကြတယ်။ တကယ်တော့ ရန်သူတွေ ဖြန့်လိုက်တာ။ ဂိုဏ်းခွဲဖို့ ညီအစ်ကိုတွေကို စာထဲမှာ အားပေးထားတယ်။ စာကို ကြည့်ရင်တော့ အဖွဲ့အစည်းဆီကနေ လာပုံပဲ။ ဒါပေမဲ့ သစ္စာရှိ ညီအစ်ကိုတွေဟာ လှည့်ဖြားမခံကြဘူး။ သင်ယူသိရှိထားတာတွေနဲ့ စာမှာ ပါတာတွေ မကိုက်ညီမှန်း သဘောပေါက်ကြတယ်။ ဒီနေ့လည်း ကျွန်တော်တို့ စိတ်ရှုပ်သွားအောင်၊ စိတ်ဝမ်းကွဲအောင် အင်တာနက်၊ လူမှုမီဒီယာကတစ်ဆင့် ရန်သူတွေ လုပ်နေတယ်။ ကျွန်တော်တို့ “စဉ်းစားဆင်ခြင်နိုင်စွမ်း အလွယ်တကူ ပျောက်ဆုံး” မသွားသင့်ဘူး။ ကြားရဖတ်ရတာတွေဟာ သင်ယူသိရှိထားတဲ့ အမှန်တရားနဲ့ ညီမညီ ဆန်းစစ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်။—၂ သက်. ၂:၂။ ၁ ယော. ၄:၁။ w24.07 ၁၂ ¶၁၄-၁၅
စနေနေ့၊ ဧပြီ ၁၈
တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ ရှိပါတယ်။—၁ ယော. ၂:၁။
လူတစ်ယောက် ဆုံးဖြတ်သမျှမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ကတော့ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံဖို့၊ ယုံကြည်သူချင်းတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်တာပါပဲ။ မိမိကို ဝတ်ပြုဖို့ ယေဟောဝါ ဆုံးဖြတ်စေချင်တယ်။ ဘာကြောင့်လဲ။ လူတွေကို မိမိနဲ့ ရင်းနှီးစေချင်လို့၊ ထာဝစဉ် အသက်ရှင်စေချင်လို့ပါ။ (တရား. ၃၀:၁၉၊ ၂၀။ ဂလ. ၆:၇၊ ၈) ဒါပေမဲ့ မိမိကို ဝတ်ပြုဖို့ ဘယ်သူ့ကိုမှ ယေဟောဝါ အတင်းဖိအားမပေးဘူး။ ဘာလုပ်မယ်ဆိုတာ လူတိုင်း ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်။ တကယ်လို့ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်တယ်ဆိုရင် ဘာဖြစ်မလဲ။ နောင်တမယူရင် အသင်းတော်ကနေ ဖယ်ရှားခံရမယ်။ (၁ ကော. ၅:၁၃) ဖယ်ရှားခံရရင်တောင် နောင်တယူပြီး မိမိဆီ ပြန်လှည့်လာဖို့ ယေဟောဝါ မျှော်လင့်တုန်းပါပဲ။ တကယ်တော့ ရွေးဖိုး ပြင်ဆင်ပေးတဲ့ အကြောင်းရင်းတစ်ခုကိုက နောင်တယူသူတွေကို ခွင့်လွှတ်ပေးနိုင်ဖို့ ဖြစ်တယ်။ အပြစ်လုပ်သူတွေ နောင်တရဖို့ မေတ္တာရပ်ခံတာကို ကြည့်ရင် ယေဟောဝါ ကရုဏာ ကြီးမားကြောင်း ထင်ရှားတယ် မဟုတ်လား။—ဇာ. ၁:၃။ ရော. ၂:၄။ ယာ. ၄:၈။ w24.08 ၁၄ ¶၁-၂
တနင်္ဂနွေနေ့၊ ဧပြီ ၁၉
မင်းသာ ဉာဏ်ပညာရှိမယ်ဆိုရင် ငါသိပ်ဝမ်းသာမှာပဲ။—ပညာ. ၂၃:၁၅။
ယောဟန် တတိယစောင်ကို ရေးချိန်မှာ တချို့က သွန်သင်ချက်အမှားတွေ ဖြန့်နေကြတယ်၊ ဂိုဏ်းခွဲနေကြတယ်။ ဒါပေမဲ့ ညီအစ်ကို/မများစွာဟာ “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ” တယ်။ ဘုရားကို နာခံပြီး “ဘုရားရဲ့ ပညတ်တွေကို လိုက်လျှောက်နေ” တယ်။ (၂ ယော. ၄၊ ၆) သစ္စာရှိ ခရစ်ယာန်တွေကြောင့် ယောဟန်သာမက ယေဟောဝါလည်း ဝမ်းသာမှာပဲ။ (ပညာ. ၂၇:၁၁) ဘာသင်ခန်းစာ ရသလဲ။ ဘုရားအပေါ် သစ္စာရှိရင် ကိုယ်တိုင်နဲ့ တခြားသူတွေ ဝမ်းသာရတယ်။ (၁ ယော. ၅:၃) ဥပမာ၊ ယေဟောဝါကို စိတ်ရွှင်လန်းအောင် လုပ်နေတယ်ဆိုတဲ့ အသိကြောင့် ကျွန်တော်တို့ ဝမ်းသာတယ်။ သွေးဆောင်မှုတွေကို ကျွန်တော်တို့ တွန်းလှန်တာ၊ ပညတ်ချက်တွေကို လိုက်နာတာ မြင်တဲ့အခါ ယေဟောဝါ ဝမ်းသာတယ်။ ကောင်းကင်တမန်တွေလည်း ဝမ်းမြောက်ကြတယ်။ (လု. ၁၅:၁၀) ညီအစ်ကို/မတွေ သစ္စာရှိတာ မြင်တဲ့အခါ ကျွန်တော်တို့လည်း ဝမ်းသာရတယ်။ (၂ သက်. ၁:၄) ဒါ့အပြင် စာတန့်လောကစနစ် ဖျက်ဆီးခံရချိန်မှာ ဝမ်းသာရဦးမယ်။ စာတန် ချုပ်ကိုင်ထားတဲ့ လောကမှာတောင် ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း ပြနိုင်ခဲ့တယ်ဆိုတဲ့ အသိကြောင့်ပါ။ w24.11 ၁၂-၁၃ ¶၁၇-၁၈
တနင်္လာနေ့၊ ဧပြီ ၂၀
လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။—၁ ကော. ၁၀:၂၄။
ချစ်ကြိုက်ကြောင်း ဖွင့်မပြောခင် ဘယ်လောက်ကြာကြာ အကဲခတ်သင့်သလဲ။ စောစောစီးစီး ဖွင့်ပြောရင် လေးလေးနက်နက် မဆုံးဖြတ်သူလို့ အထင်ခံရနိုင်တယ်။ (ပညာ. ၂၉:၂၀) ကြာနေပြန်ရင်လည်း ပြတ်ပြတ်သားသား မဆုံးဖြတ်သူလို့ အထင်ခံရနိုင်တယ်။ အထူးသဖြင့် ကိုယ်စိတ်ဝင်စားနေတာ သူ ရိပ်မိရင်ပေါ့။ (ဒေ. ၁၁:၄) သူ့ကိုပဲ လက်ထပ်မယ်ဆိုပြီး မပိုးပန်းခင် သေချာနေစရာ မလိုဘူးဆိုတာ သတိရပါ။ လက်ထပ်မယ်ဆိုရင် ကိုယ့်ဘက်က အသင့်ဖြစ်နေတယ်၊ သူဟာ လက်တွဲဖော် ဖြစ်လောက်တယ်ဆိုတာတော့ သေချာနေရမယ်။ ကိုယ့်ကို တစ်ယောက်ယောက် ကြိုက်နေတာ ရိပ်မိရင်ကော ဘာလုပ်သင့်သလဲ။ ပြန်မကြိုက်နိုင်ရင် ကိုယ့်အပြုအမူတွေ ပြတ်သားနေပါစေ။ ပြန်မကြိုက်နိုင်ဘဲ မျှော်လင့်ချက် ပေးတာ အကြင်အနာ မဲ့ရာရောက်တယ်။—ဧ. ၄:၂၅။ w24.05 ၂၃ ¶၉-၁၀
အင်္ဂါနေ့၊ ဧပြီ ၂၁
ကျွန်တော် . . . ပြန်လာခဲ့မယ်။ . . . ခင်ဗျားတို့လည်း ရှိနေဖို့ ပြန်လာခေါ်မယ်။—ယော. ၁၄:၃။
တကယ် ဘိသိက်ပေးခံရသူတွေ၊ သစ္စာရှိသူတွေပဲ ယေရှုနဲ့အတူ ကောင်းကင်နိုင်ငံတော် ဝင်ဖို့ “ခေါ်သွား” ခံရမယ်။ သတိနဲ့ စောင့်မနေတဲ့ ဘိသိက်ခံတွေဟာ “ရွေးချယ်ခံရသူတွေ” နဲ့အတူ စုသိမ်းခံရမှာ မဟုတ်ဘူး။ (မ. ၂၄:၃၁) ဘာမျှော်လင့်ချက်ပဲ ရှိရှိ ဘုရားကျေးကျွန်အားလုံး သတိနဲ့ စောင့်နေသင့်တယ်၊ သစ္စာရှိနေသင့်တယ်။ ယေဟောဝါအကြောင်း ကျွန်တော်တို့ ကောင်းကောင်း သိလို့ စီရင်တော်မူချက်တွေကို ယုံကြတယ်။ သစ္စာရှိသူတချို့ကို ဒီနောက်ပိုင်းနှစ်တွေမှ ဘိသိက်ပေးရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်မပူကြဘူး။ စပျစ်ခြံ ပုံဥပမာမှာ ညနေ ၅ နာရီမှ အလုပ်လာလုပ်သူတွေနဲ့ပတ်သက်ပြီး ယေရှု ပြောတာကို ကျွန်တော်တို့ သတိရကြတယ်။ (မ. ၂၀:၁-၁၆) နောက်ကျမှ အလုပ်လာလုပ်သူတွေကော စောစော အလုပ်လာလုပ်သူတွေပါ လုပ်ခ တန်းတူ ရကြတယ်။ အဲဒီလိုပဲ ဘိသိက်ခံအဖြစ် ဘယ်အချိန်မှာပဲ ရွေးချယ်ခံရပါစေ သစ္စာရှိနေရင် ကောင်းကင်ဆုကျေးဇူး ရကြမှာ ဖြစ်တယ်။ w24.09 ၂၄ ¶၁၅-၁၇
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၂
ခရစ်တော်ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခခံပြီး သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်။—၁ ပေ. ၂:၂၁။
မတရားမှုကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှု အကောင်းဆုံး စံနမူနာ ပြခဲ့တယ်။ မိသားစုဝင်တွေကော အပြင်လူတွေပါ ယေရှုကို မတရားဆက်ဆံခဲ့ကြတယ်။ စိတ်ဖောက်ပြန်သွားပြီလို့ ဆွေမျိုးတွေ ပြောကြတယ်။ နတ်ဆိုးတွေဆီက တန်ခိုး ရထားတယ်လို့ ဘာသာရေးခေါင်းဆောင်တွေ စွပ်စွဲကြတယ်။ ရောမစစ်သားတွေ လှောင်ပြောင်ကြတယ်။ ကိုယ်ထိလက်ရောက် နှိပ်စက်ကြတယ်။ နောက်ဆုံးမှာ သတ်တောင် သတ်လိုက်ကြတယ်။ (မာ. ၃:၂၁၊ ၂၂။ ၁၄:၅၅။ ၁၅:၁၆-၂၀၊ ၃၅-၃၇) ဒီလိုမတရားဆက်ဆံခံရတာတောင် ယေရှု လက်တုံ့မပြန်ဘူး။ ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။ (၁ ပေ. ၂:၂၁-၂၃) မတရားမှုကို ယေရှု ရင်ဆိုင်ပုံဟာ ကျွန်တော်တို့အတွက် စံနမူနာပါပဲ။ ဘယ်အချိန် နှုတ်ဆိတ်နေရမယ်၊ ဘယ်အချိန် စကားပြောရမယ်ဆိုတာ ယေရှု သိတယ်။ (မ. ၂၆:၆၂-၆၄) စွပ်စွဲချက်တိုင်းကို လိုက်မဖြေရှင်းဘူး။ (မ. ၁၁:၁၉) ဖြေရှင်းပြီဆိုရင်လည်း ဆန့်ကျင်သူတွေကို စော်စော်ကားကား မပြောဘူး၊ မခြိမ်းခြောက်ဘူး။ w24.11 ၄-၅ ¶၉-၁၀
ကြာသပတေးနေ့၊ ဧပြီ ၂၃
အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်။—၁ တိ. ၁:၁၅။
ချစ်ခင်ရသူတစ်ယောက်ကို လှလည်း လှ၊ အသုံးလည်း တည့်တဲ့ လက်ဆောင်တစ်ခု ပေးတယ်ဆိုပါစို့။ လက်ဆောင်ကို သူ ချောင်ထိုးထားလိုက်ရင် သင် ဝမ်းနည်းမိမှာပဲ။ လက်ဆောင်ကို သူ ကောင်းကောင်း သုံးနေတယ်၊ လက်ဆောင်အတွက် ကျေးဇူးတင်တယ်ဆိုရင်တော့ သင် ဝမ်းသာမှာ သေချာတယ်။ ရွေးဖိုးလက်ဆောင်နဲ့ပတ်သက်လာရင်ကော။ သားတော်ကို အသေခံစေပြီးတော့တောင် ကျွန်တော်တို့ကို ယေဟောဝါဘုရား ရွေးဖိုးလက်ဆောင် ပေးထားတာ။ အဖိုးတန် ဒီလက်ဆောင်အတွက်၊ လက်ဆောင် ပေးဖို့ လှုံ့ဆော်ပေးတဲ့ မေတ္တာတော်အတွက် ကျွန်တော်တို့ ကျေးဇူးတင်ကြောင်း ပြရင် ယေဟောဝါ ဘယ်လောက် ဝမ်းသာလိုက်မလဲ။ (ယော. ၃:၁၆။ ရော. ၅:၇၊ ၈) အချိန်ကြာလာတာနဲ့အမျှ ရွေးဖိုးလက်ဆောင်အတွက် ကျွန်တော်တို့ ကျေးဇူးတင်စိတ် လျော့လာနိုင်တယ်။ ကျေးဇူးတင်စိတ် လျော့လာရင် ဘုရားပေးလက်ဆောင်ကို ချောင်ထိုးလိုက်ရာ ရောက်သွားမယ်။ အဲဒီလိုမဖြစ်ဖို့ ဘုရားနဲ့ ခရစ်တော် လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်စိတ် အမြဲ ရှိအောင် လုပ်နေရမယ်။ w25.01 ၂၆ ¶၁-၂
သောကြာနေ့၊ ဧပြီ ၂၄
အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။—၁ တိ. ၄:၁၅။
အကြီးအကဲအဖြစ် ခန့်အပ်ခံရမယ့်သူဟာ ယုံကြည်သူ လူသစ် မဖြစ်ရဘူး။ အမှန်တရားသက်တမ်း အကြာကြီး ရှိဖို့ မလိုပေမဲ့ အကြီးအကဲအဖြစ် အမှုဆောင်နိုင်လောက်တဲ့အထိ ရင့်ကျက်ဖို့ အချိန်လိုတယ်။ ယေရှုလို နှိမ့်ချမှု ရှိသူ၊ ထပ်ဆင့်တာဝန်တွေ ယေဟောဝါ ပေးလာမယ့်အချိန်ကို ကျေကျေနပ်နပ် စောင့်ဆိုင်းတတ်သူ ဖြစ်ရမယ်။ (မ. ၂၀:၂၃။ ဖိ. ၂:၅-၈) ယေဟောဝါဘုရားဆီမှာ တွယ်ကပ်နေခြင်း၊ ဘုရားစံနှုန်းတွေကနေ သွေဖည်မသွားခြင်း၊ ဘုရားအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် သစ္စာစောင့်သိသူ ဖြစ်ကြောင်း သက်သေပြနိုင်တယ်။ ကြီးကြပ်မှူးတွေဟာ သွန်သင်ဖို့ အရည်အချင်း ပြည့်မီသူ ဖြစ်ရမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဟောပြောချက် ပေးတာ အရမ်းတော်နေရမယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ အကြီးအကဲများစွာဟာ ဟောပြောချက် ပေးရာမှာ အရမ်းတော်မနေပေမဲ့ အမှုဆောင်မှာ၊ သိုးထိန်းလည်ပတ်မှုတွေမှာ ထိထိရောက်ရောက် သွန်သင်နိုင်ကြတယ်။ w24.11 ၂၃ ¶၁၄-၁၅
စနေနေ့၊ ဧပြီ ၂၅
ကျွန်တော်ကတော့ ပညတ်ချက်တွေကို ရွှေထက်မက ရွှေစင်ထက် နှစ်သက်ပါတယ်။—ဆာ. ၁၁၉:၁၂၇။
ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်လို့ ကောင်းကောင်း နားမလည်ဘူးဆိုရင် ရှာဖွေလေ့လာပါ။ ရှာဖွေလေ့လာခဲ့တာကနေ ယေဟောဝါအကြောင်း၊ သားတော်အကြောင်း၊ သူတို့ရဲ့ မေတ္တာအကြောင်း သိလာရတာကို တစ်နေ့လုံး တွေးတောဆင်ခြင်ပါ။ (ဆာ. ၁၁၉:၉၇) ကျမ်းစာဖတ်တိုင်း၊ ရှာဖွေလေ့လာတိုင်း အကြောင်းအရာအသစ် ဒါမှမဟုတ် စိတ်ဝင်စားစရာအချက် မတွေ့ရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ရွှေကျင်သမားလို့ မြင်ယောင်ကြည့်ပါ။ ရွှေစလေးတစ်စ ရဖို့တောင် နာရီနဲ့ချီ၊ ရက်နဲ့ချီ ရှာရတတ်တယ်။ ဒါပေမဲ့ ရွှေမှုန်ရွှေစတိုင်းဟာ တန်ဖိုးရှိလို့ လက်မလျှော့ဘဲ စိတ်ရှည်ရှည် ရှာမယ် မဟုတ်လား။ ရွှေထက်မက တန်ဖိုးရှိတဲ့ ကျမ်းစာထဲက ရတနာတွေကော။ သေးသေးမွှားမွှား ဖြစ်နေရင်တောင် အဖိုးတန်တယ်။ (ပညာ. ၈:၁၀) ဒါကြောင့် ကျမ်းစာဖတ်တဲ့အခါ အကြောင်းအရာအသစ် ဒါမှမဟုတ် စိတ်ဝင်စားစရာအချက်တွေကို လက်မလျှော့ဘဲ စိတ်ရှည်ရှည် ရှာပါ။—ဆာ. ၁:၂။ w25.01 ၂၄-၂၅ ¶၁၄-၁၅
တနင်္ဂနွေနေ့၊ ဧပြီ ၂၆
ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။—ကော. ၃:၁၃။
ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်သူတွေကို ခွင့်လွှတ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ အသင့်ရှိစေချင်တယ်။ (ဆာ. ၈၆:၅။ လု. ၁၇:၄။ ဧ. ၄:၃၂) တစ်ယောက်ယောက်ရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် ကျွန်တော်တို့ အကြီးအကျယ် စိတ်ထိခိုက်ရနိုင်တယ်။ အထူးသဖြင့် ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်သူဟာ ရင်းနှီးတဲ့ မိတ်ဆွေ၊ မိသားစုဝင် ဖြစ်နေတယ်ဆိုရင်ပေါ့။ (ဆာ. ၅၅:၁၂-၁၄) ဓားနဲ့ အထိုးခံရသလို နာကျင်ခံစားရနိုင်တယ်။ (ပညာ. ၁၂:၁၈) ခံစားချက်ကို မျိုသိပ်ပြီး ဘာမှ မဖြစ်သလို နေလိုက်မလား။ အဲဒီလိုနေတာက ဒဏ်ရာကို ဓားတန်းလန်းနဲ့ ထားသလိုပဲ။ ဘာမှ မခံစားရသလို နေလိုက်ရုံနဲ့ နာကျင်နေတာ သက်သာသွားမှာ မဟုတ်ဘူး။ ကိုယ့်ကို တစ်ယောက်ယောက် ထိခိုက်နစ်နာအောင် လုပ်တဲ့အခါ ဒေါသ ထောင်းခနဲ ထွက်မိနိုင်တယ်။ ဒါကို ကျမ်းစာ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဒေါသ သိုမထားဖို့ သတိပေးထားတယ်။ (ဆာ. ၄:၄။ ဧ. ၄:၂၆) ဘာကြောင့်လဲ။ ဒေါသထွက်တာ အကျိုးဖြစ်ခဲလို့ပဲ။ (ယာ. ၁:၂၀) ဒေါသထွက်မိတာ သဘာဝ ဆိုပေမဲ့ ဒေါသ သိုထားမလားဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်နိုင်တယ်။ w25.02 ၁၅ ¶၄-၆
တနင်္လာနေ့၊ ဧပြီ ၂၇
ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေတယ်။—ဒေ. ၇:၁၂။
ဥစ္စာအများကြီး စုဆောင်းထားပေမဲ့ “ဘုရားသခင်ရှေ့မှာ ဆင်းရဲတဲ့သူဟာ” ဆင်ခြင်ဉာဏ်မဲ့ရာရောက်တယ်လို့ ပုံဥပမာတစ်ခုမှာ ယေရှု ပြောတယ်။ (လု. ၁၂:၁၆-၂၁) ဒါ့အပြင် မိမိတပည့် ဖြစ်ချင်ရင် ပိုင်ဆိုင်သမျှ “စွန့်လွှတ်နိုင်” ရမယ်လို့ ပြောတယ်။ (လု. ၁၄:၃၃) မနက်ဖြန် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ (ပညာ. ၂၃:၄၊ ၅။ ယာ. ၄:၁၃-၁၅) ပထမရာစုတုန်းက ယုဒပြည်မှာ ရှိတဲ့ ခရစ်ယာန်တွေဟာ ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားချိန်မှာ ဝမ်းမြောက်တဲ့စိတ်နဲ့ သည်းခံကြတယ်။ (ဟီ. ၁၀:၃၄) ဒီနေ့လည်း နိုင်ငံရေးမှာ မပါဝင်လို့ အလုပ်ပြုတ်သွားတဲ့၊ ပိုင်ဆိုင်ရာတွေ ဆုံးရှုံးသွားတဲ့ ညီအစ်ကို/မ အများကြီး ရှိတယ်။ (ဗျာ. ၁၃:၁၆၊ ၁၇) သူတို့ ဘာကြောင့် ခံရပ်နိုင်သလဲ။ “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို အကြွင်းမဲ့ ယုံကြည်စိတ်ချလို့ပါပဲ။ (ဟီ. ၁၃:၅) ဒါကြောင့် ကျွန်တော်တို့လည်း ရှေ့ရေးအတွက် အတတ်နိုင်ဆုံး စီစဉ်ကြတယ်။ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ အကြွင်းမဲ့ စိတ်ချကြတယ်။ w25.03 ၂၉ ¶၁၃-၁၄
အင်္ဂါနေ့၊ ဧပြီ ၂၈
ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံအယူဝါဒတွေကို ချန်ထားပြီး ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းကြစို့။ အခြေခံသွန်သင်ချက်တွေကိုပဲ ထပ်ခါထပ်ခါ လေ့လာမနေကြနဲ့တော့။—ဟီ. ၆:၁။
ရင့်ကျက်တဲ့အဖြစ်ကို တစ်ယောက်တည်းအားနဲ့ ယေဟောဝါ မတက်လှမ်းခိုင်းပါဘူး။ အသင်းတော်မှာ သိုးထိန်းတွေ၊ ဆရာတွေ ပေးထားတယ်။ ကျွန်တော်တို့ “ရင့်ကျက်သူတွေ ဖြစ်လာ” ဖို့၊ “ခရစ်တော်လို လုံးလုံးလျားလျား ရင့်ကျက်တဲ့အဖြစ်ကို ရောက်” ဖို့ သူတို့ ကူညီပေးကြတယ်။ (ဧ. ၄:၁၁-၁၃) “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိလာစေမယ့် သန့်ရှင်းသော စွမ်းအားတော်လည်း ယေဟောဝါ ပေးထားတယ်။ (၁ ကော. ၂:၁၄-၁၆) ဒါ့အပြင် မြေကြီးပေါ် ရှိစဉ် ယေရှု ဘယ်လို တွေးခေါ်ပြုမူတယ်၊ ပြောဆိုတယ်ဆိုတာ သိစေဖို့ ခရစ်ဝင်ကျမ်း လေးစောင် ပေးထားတယ်။ ယေရှုရဲ့ တွေးခေါ်ပြုမူပုံကို အတုယူရင် ရင့်ကျက်လာမယ်။ ဒါပေမဲ့ ရင့်ကျက်လာဖို့ဆိုရင် “ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံ အယူဝါဒတွေ” ကို “ချန်ထား” ခဲ့ရမယ်။ “ခရစ်တော်နဲ့ဆိုင်တဲ့ အခြေခံ အယူဝါဒတွေ” ဆိုတာ အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို ပြောတာပါ။ w24.04 ၄-၅ ¶၁၁-၁၂
ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၉
စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းက ကာကွယ်ပေးလိမ့်မယ်။—ပညာ. ၂:၁၁။
နေ့တိုင်း ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချကြရတယ်။ ကိစ္စတချို့က ဆုံးဖြတ်ဖို့ လွယ်တယ်။ ဥပမာ၊ မနက်စာ ဘာစားမလဲ၊ ဘယ်အချိန် အိပ်ရာဝင်မလဲ စတဲ့ ကိစ္စတွေ ဖြစ်တယ်။ ကိစ္စတချို့ကတော့ ဆုံးဖြတ်ဖို့ ခက်တယ်။ ကိုယ့်ဆုံးဖြတ်ချက်တွေက ကိုယ့်ရဲ့ ပျော်ရွှင်ကျန်းမာရေး၊ မိသားစုအရေး၊ ဝတ်ပြုရေးအပေါ် သက်ရောက်မှု ရှိနိုင်လို့ ဖြစ်တယ်။ ကိုယ်တိုင်နဲ့ မိသားစုအတွက် အကျိုးရှိမယ့် ဆုံးဖြတ်ချက်မျိုး၊ အထူးသဖြင့် ယေဟောဝါဘုရား နှစ်သက်လက်ခံတဲ့ ဆုံးဖြတ်ချက်မျိုး ကျွန်တော်တို့ ချချင်ကြပါတယ်။ (ရော. ၁၂:၁၊ ၂) ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ အရင်ဆုံး အကြောင်းစုံ သိအောင် လုပ်ပါ။ ဒါ ဘာကြောင့် အရေးကြီးသလဲ။ လူတစ်ယောက် ကျန်းမာရေး မကောင်းလို့ ဆေးခန်း သွားပြတယ်ဆိုပါစို့။ လူနာကို မမေးမြန်းဘဲ၊ မစမ်းသပ်ဘဲ ဘယ်လို ကုမယ်ဆိုတာ ဆရာဝန် တန်းဆုံးဖြတ်သလား။ မဆုံးဖြတ်ဘူး။ သင်လည်း ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ဆိုရင် အရင်ဆုံး အကြောင်းစုံ သိအောင် လုပ်ရမယ်။ w25.01 ၁၄ ¶၁-၃
ကြာသပတေးနေ့၊ ဧပြီ ၃၀
မင်းကြီးရဲ့အပြစ်ကို ယေဟောဝါဘုရား ခွင့်လွှတ်ပါတယ်။ မင်းကြီး သေရမှာ မဟုတ်ပါဘူး။—၂ ရှ. ၁၂:၁၃။
ယေဟောဝါဟာ ကရုဏာ ပြည့်ဝတယ်။ “ဘယ်သူ့ကိုမှ မပျက်စီးစေချင်” ဘူး။ (၂ ပေ. ၃: ၉) ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့သူတချို့ကို ဘယ်လို ကရုဏာ ပြသလဲဆိုတာ သုံးသပ်ကြည့်ပါ။ ဘုရင် ဒါဝိဒ်ဟာ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူသတ်မှု စတဲ့ အပြစ်ကြီးတွေ ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ နောင်တရတဲ့အတွက် ယေဟောဝါ ကရုဏာထားပြီး ခွင့်လွှတ်ပေးတယ်။ (၂ ရှ. ၁၂:၁-၁၃) ဘုရင် မနာရှေဟာ တစ်ဘဝလုံးနီးပါး မိုက်တွင်းနက်ခဲ့တယ်။ ဒါပေမဲ့ နောင်တရတဲ့အတွက် ယေဟောဝါ ကရုဏာထားပြီး ခွင့်လွှတ်ပေးတယ်။ (၂ ရာ. ၃၃:၉-၁၆) ကရုဏာ ပြစရာ အကြောင်းရင်း တွေ့တဲ့အခါတိုင်း ယေဟောဝါ ကရုဏာ ပြကြောင်း ဒီမှတ်တမ်းတွေကနေ သိရတယ်။ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ကြီးလေးမှန်း အသိအမှတ်ပြုပြီး နောင်တရသူတွေကို ရှင်ပြန်ထမြောက်ပေးပါလိမ့်မယ်။ w24.05 ၄ ¶၁၂