မတ်
တနင်္ဂနွေနေ့၊ မတ် ၁
လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့လက်အောက်ကနေ လွတ်မြောက်သွားပြီ။—ရော. ၆:၇။
နဂိုတုန်းက ဖြောင့်မတ်ပေမဲ့ မဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်သွားသူတွေအကြောင်း ကျမ်းစာမှာဖတ်ရတယ်။ ဥပမာ၊ ရှောလမုန်မင်းဟာ ယေဟောဝါ ဘယ်သူလဲ၊ ဘယ်လို ဝတ်ပြုကိုးကွယ်သင့်သလဲ ကောင်းကောင်း သိတယ်။ ကောင်းချီးအများကြီး ခံစားရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်လာလို့ ယေဟောဝါ အကြီးအကျယ် အမျက်ထွက်တယ်။ ရှောလမုန်အပြစ်ရဲ့ ဆိုးကျိုးတွေကို အစ္စရေးလူမျိုး နှစ်ပေါင်းရာချီ ခံရတယ်။ ရှောလမုန် ကွယ်လွန်သွားတာကို “ဘိုးဘေးတို့နှင့် အိပ်ပျော်” တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘိုးဘေးတို့လို့ ပြောတဲ့အထဲမှာ ဘုရင် ဒါဝိဒ်လို သစ္စာရှိသူတွေ ပါတယ်။ (၁ ဘု. ၁၁:၅-၉၊ ၄၃၊ ယုဒသန်ကျမ်း။ ၂ ဘု. ၂၃:၁၃) အဲဒီလိုပြောလို့ ရှောလမုန် ရှင်ပြန်ထမြောက်လာမယ်လို့ ဆိုလိုသလား။ ကျမ်းစာမှာ မဖော်ပြထားဘူး။ ရှင်ပြန်ထမြောက်ခြင်းဆိုတာ မေတ္တာရှင် ဘုရားဆီက လက်ဆောင်ပါ။ မိမိကို ထာဝစဉ် ကိုးကွယ်ဖို့ ယေဟောဝါ အခွင့်အရေး ပေးချင်သူတွေပဲ ဒီလက်ဆောင် ရမှာ။ (ယောဘ ၁၄:၁၃၊ ၁၄။ ယော. ၆:၄၄) ဒီလက်ဆောင်ကို ရှောလမုန် ရမလား။ ယေဟောဝါပဲ သိတယ်။ ကျွန်တော်တို့ မသိဘူး။ မှန်ကန်တာကိုပဲ ယေဟောဝါ အမြဲ လုပ်မယ်ဆိုတာတော့ ကျွန်တော်တို့ သိတယ်။ w24.05 ၄ ¶၉
တနင်္လာနေ့၊ မတ် ၂
တဲတော်မှာ ကျွန်တော် ထာဝစဉ်တည်းခိုမယ်။—ဆာ. ၆၁:၄။
ကျမ်းစာခေတ်မှာ တဲဆိုတာ ခိုနားရာ၊ လေဒဏ်မိုးဒဏ် ကာကွယ်ပေးတဲ့နေရာ ဖြစ်တယ်။ ကိုယ့်တဲမှာ လာတည်းခိုသူတွေကို အိမ်ရှင်တွေ ကောင်းကောင်း ဂရုစိုက်ပေးကြတယ်။ ကျွန်တော်တို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တဲ့အခါ ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်လာကြတယ်။ အချိန်တန် အစားအစာ အလျှံပယ် စားသောက်ကြရတယ်။ ယေဟောဝါရဲ့ တခြားဧည့်သည်တွေနဲ့ ခင်မင်ကြရတယ်။ ဘယ်နေရာဒေသက လူတွေပဲ ပုံဆောင်တဲတော်မှာ တည်းခိုနိုင်တယ်ဆိုပြီး ကန့်သတ်မထားဘူး။ သစ္စာရှိ ဝတ်ပြုသူတွေ ရှိတဲ့ ဘယ်နေရာမဆိုဟာ ယေဟောဝါရဲ့ တဲတော်ပါပဲ။ (ဗျာ. ၂၁:၃) သေဆုံးသွားတဲ့ သစ္စာရှိသူတွေကော ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်နေတုန်းပဲလား။ ဖြစ်နေတုန်းပါပဲ။ ဘာကြောင့်လဲ။ သူတို့ အသက်ရှင်နေဆဲအလား ဘုရားမှတ်ဉာဏ်ထဲ ရှိနေလို့ပါ။ “မောရှေက ချုံပုတ်အကြောင်း မှတ်တမ်းမှာ ယေဟောဝါကို ‘အာဗြဟံရဲ့ ဘုရား၊ အိဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရား’ လို့ ခေါ်ခဲ့တာဟာ သေလွန်သူတွေ ထမြောက်တဲ့အကြောင်း ပြောနေတာ ဖြစ်တယ်။ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရားပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်” လို့ ယေရှု ပြောတယ်။—လု. ၂၀:၃၇၊ ၃၈။ w24.06 ၃ ¶၆-၇
အင်္ဂါနေ့၊ မတ် ၃
ယေဟောဝါဟာ ငါ့အစွမ်းခွန်အား၊ ငါ့ဒိုင်းလွှားပဲ။—ဆာ. ၂၈:၇။
လက်နက်အပြည့်အစုံနဲ့ တိုက်ပွဲဝင်ဖို့ ဟေဗြုန်မြို့ကို ဇာဒုတ် လာတယ်။ (၁ ရာ. ၁၂:၃၈) ဒါဝိဒ်နဲ့အတူ တိုက်ပွဲဝင်ဖို့၊ အစ္စရေးပြည်ကို ရန်သူတွေလက်ကနေ ကာကွယ်ဖို့ အသင့်ပဲ။ တိုက်ပွဲ အတွေ့အကြုံ သိပ်မရှိပေမဲ့ သတ္တိကတော့ အပြည့်ပဲ။ ဇာဒုတ်လို ပုရောဟိတ်တစ်ယောက် ဘာကြောင့် ဒီလောက် သတ္တိရှိနေသလဲ။ ရဲစွမ်းသတ္တိ ရှိသူများစွာ သူ့ဘေးမှာ ရှိလို့ပဲ။ သူတို့ကို ဇာဒုတ် အတုယူတာ သေချာတယ်။ ဥပမာ၊ ဒါဝိဒ်ကို အစ္စရေးအားလုံး တစ်စိတ်တစ်ဝမ်းတည်း မင်းမြှောက်ချင်ရတဲ့ အကြောင်းရင်းကို စဉ်းစားကြည့်ပါ။ ဒါဝိဒ်ဟာ သတ္တိရှိရှိ “အစ္စရေးတပ်ကို ဦးစီးပြီး တိုက်ပွဲဝင်” တယ်။ (၁ ရာ. ၁၁:၁၊ ၂) ရန်သူတွေကို တိုက်ခိုက်နိုင်ဖို့ ယေဟောဝါကို အမြဲ ယုံကြည်ကိုးစားတယ်။ (ဆာ. ၁၃၈:၃) ယောယဒ၊ ယောယဒရဲ့ သား စစ်သူရဲ ဗေနာယ၊ ဒါဝိဒ်ကို ထောက်ခံတဲ့ ဆွေမျိုးစုခေါင်းဆောင် ၂၂ ယောက် စတဲ့ သတ္တိရှိသူတွေကိုလည်း ဇာဒုတ် အတုယူတယ်။—၁ ရာ. ၁၁:၂၂-၂၅။ ၁၂:၂၆-၂၈။ w24.07 ၃ ¶၅-၆
ဗုဒ္ဓဟူးနေ့၊ မတ် ၄
ခင်ဗျားကို နောင်တရစေချင်လို့ ဘုရားသခင် ကရုဏာပြနေတာ။—ရော. ၂:၄။
တာရှုမြို့သား ရှောလုဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ (တ. ၇:၅၈–၈:၃) ဒီလိုလူတစ်ယောက် နောင်တရပြီး ပြောင်းလဲလာဖို့ မဖြစ်နိုင်ဘူးလို့ ခရစ်ယာန်အများစု ထင်ခဲ့ကြမှာပဲ။ ဒါပေမဲ့ ရှောလု နောင်တရပြီး ပြောင်းလဲလာနိုင်တယ်ဆိုတာ ယေရှု သိတယ်။ ရှောလုရဲ့ ကောင်းကွက်တွေကို ယေရှုကော ယေဟောဝါပါ မြင်တယ်။ ရှောလုဟာ “ငါရွေးချယ်ထားသူ” လို့ ယေရှု ပြောတယ်။ (တ. ၉:၁၅) ရှောလု နောင်တရလာစေဖို့ အံ့ဖွယ်အမှုကိုတောင် သုံးခဲ့တယ်။ (တ. ၉:၁-၉၊ ၁၇-၂၀) တကယ်ပဲ ရှောလုဟာ ခရစ်ယာန် ဖြစ်လာတယ်။ နောက်ပိုင်းမှာ တမန်တော် ပေါလုလို့ သိလာကြတယ်။ မိမိအပေါ် ယေဟောဝါနဲ့ ယေရှု မေတ္တာ၊ ကရုဏာပြတာကို ကျေးဇူးတင်ကြောင်း ပေါလု ခဏခဏ ပြောတယ်။ (၁ တိ. ၁:၁၂-၁၅) ကောရိန္သုအသင်းတော်မှာ ကျော်မကောင်းကြားမကောင်း ကိစ္စတစ်ခု ရှိနေတယ်ဆိုတာ ပေါလု ကြားတော့ ဘာလုပ်သလဲ။ ဒီကိစ္စကို ပေါလု ကိုင်တွယ်ပုံကနေ ယေဟောဝါရဲ့ မေတ္တာပါ ဆုံးမမှု၊ ကရုဏာနဲ့ပတ်သက်ပြီး များစွာသိရတယ်။ w24.08 ၁၃ ¶၁၅-၁၆
ကြာသပတေးနေ့၊ မတ် ၅
မာရ်နတ် လုပ်သမျှကို ချေဖျက်ဖို့ ဘုရားသခင်ရဲ့ သားတော် ရောက်လာခဲ့တာ။—၁ ယော. ၃:၈။
အပြစ်သားတွေ မိမိနဲ့ ရင်းနှီးလာနိုင်ပုံကို ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါ ရှင်းလင်းလာစေတယ်။ ဧဒင်မှာ ပုန်ကန်မှု ဖြစ်ပြီးနောက် ယေဟောဝါကို ဦးဆုံး ယုံကြည်ခြင်း တင်ပြသူကတော့ အာဒံနဲ့ ဧဝရဲ့ ဒုတိယမြောက်သား အာဗေလပါ။ သိုးထိန်း အာဗေလဟာ ယေဟောဝါကို ချစ်လို့၊ ဘုရားမျက်နှာသာ ရချင်လို့၊ ဘုရားနဲ့ ရင်းနှီးချင်လို့ ပူဇော်သက္ကာ ဆက်သတယ်။ သိုးအုပ်ထဲက သားဦးတချို့ကို သတ်ပြီး ပူဇော်တယ်။ ယေဟောဝါ ဘယ်လို သဘောထားသလဲ။ “အာဗေလနဲ့ သူ ပူဇော်တဲ့ အလှူကို နှစ်သက်” တယ်။ (က. ၄:၄) နောက်ပိုင်းမှာလည်း မိမိကို ချစ်ပြီး ယုံကြည်သက်ဝင်တဲ့ နောဧတို့လို သစ္စာရှိသူတွေရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ နှစ်သက်လက်ခံတယ်။ (က. ၈:၂၀၊ ၂၁) ဒီလိုပူဇော်သက္ကာတွေကို လက်ခံတာဟာ အပြစ်သားတွေ မိမိမျက်နှာသာ ရနိုင်ကြောင်း၊ မိမိနဲ့ ရင်းနှီးနိုင်ကြောင်း ပြလိုက်တာပါပဲ။ w24.08 ၃ ¶၅-၆
သောကြာနေ့၊ မတ် ၆
ငါ့မှာတော့ ခြေလှမ်းတွေ မှားလုမတတ်၊ ခြေချော်လဲမတတ် ဖြစ်ခဲ့တယ်။—ဆာ. ၇၃:၂။
မတရားဆက်ဆံခံရတဲ့အခါ အကြီးအကျယ် စိတ်ထိခိုက်နိုင်တယ်။ (ဒေ. ၇:၇) ယောဘ၊ ဟဗက္ကုတ်တို့လို သစ္စာရှိ ကျေးကျွန်တွေတောင် စိတ်ထိခိုက်ခဲ့တယ်။ (ယောဘ ၆:၂၊ ၃။ ဟဗ. ၁:၁-၃) စိတ်ထိခိုက်တာ သဘာဝ ဆိုပေမဲ့ ကိုယ့်တုံ့ပြန်ပုံကို သတိထားရမယ်။ သတိမထားရင် မိုက်မိုက်မဲမဲ ပြုမူမိနိုင်လို့၊ ပြဿနာ ပိုကြီးအောင် လုပ်မိနိုင်လို့ပါ။ မတရားလုပ်သူတွေ အပြစ်ပေးခံရပုံမပေါက်တဲ့အခါ မှန်ရာ လုပ်တာ အကျိုးရှိရဲ့လားလို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။ လူကောင်းတွေကို ချနင်းပြီး လူဆိုးတွေ ကြီးပွားကောင်းစားနေတာကို ဆာလံကျမ်းရေးသူ သတိထားမိတယ်။ “အပူအပင် ကင်းကင်းနဲ့ နေရတာလည်း အဲဒီလူဆိုးတွေပါပဲ” လို့ ပြောတယ်။ (ဆာ. ၇၃:၁၂) မတရားမှုတွေကို မြင်ပြီး စိတ်မချမ်းမသာ ဖြစ်လာတယ်။ ယေဟောဝါကို ဝတ်ပြုတာ အကျိုးရှိရဲ့လားလို့ တွေးမိလာတယ်။ “ဒါကို နားလည်ဖို့ ကြိုးစားပေမဲ့ စိတ်အနှောင့်အယှက်ပဲ ဖြစ်ရတယ်” လို့ ပြောတယ်။—ဆာ. ၇၃:၁၄၊ ၁၆။ w24.11 ၃ ¶၅-၇
စနေနေ့၊ မတ် ၇
လူမျိုးနွယ်တို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။ ယေဟောဝါဟာ ဘုန်းအသရေနဲ့ အစွမ်းတန်ခိုး ရှိတဲ့အတွက် ဘုရား ရထိုက်တာကို ပေးကြ။—ဆာ. ၉၆:၇။
ယေဟောဝါကို ကြည်ညိုလေးစားလို့ ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ ကြည်ညိုလေးစားရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ယေဟောဝါဟာ အတိုင်းအဆမဲ့ တန်ခိုးရှင် ဖြစ်တယ်။ (ဆာ. ၉၆:၄-၇) ဉာဏ်ပညာ ကြီးမားကြောင်း ဖန်ဆင်းရာတွေမှာ ပေါ်လွင်နေတယ်။ ကျွန်တော်တို့ကို အသက်ပေးထားတယ်။ အသက်ဆက်နိုင်ဖို့ လိုအပ်ရာတွေလည်း ပေးထားတယ်။ (ဗျာ. ၄:၁၁) သစ္စာစောင့်သိတဲ့အရှင် ဖြစ်တယ်။ (ဗျာ. ၁၅:၄) လုပ်ဆောင်သမျှ အောင်မြင်တယ်။ ကတိတစ်ခုမကျန် ပြည့်စုံစေတယ်။ (ယောရှု ၂၃:၁၄) ဒါကြောင့်လည်း “ယေဟောဝါဘုရား၊ . . . လူမျိုးခြားတို့ရဲ့ ပညာရှိတွေထဲမှာ၊ တိုင်းနိုင်ငံတွေထဲမှာ ကိုယ်တော်နဲ့ တူတဲ့သူ မရှိပါဘူး” လို့ ပရောဖက် ယေရမိ ပြောတာ။ (ယေ. ၁၀:၆၊ ၇) မှန်ပါတယ်၊ ကောင်းကင်ဘုံစံအဖကို ကြည်ညိုလေးစားရတဲ့ အကြောင်းရင်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ကြည်ညိုလေးစားမှုကိုသာမက မေတ္တာကိုလည်း ရထိုက်တယ်။ ဒါကြောင့်လည်း ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်လို့ ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ w25.01 ၃ ¶၅-၆
တနင်္ဂနွေနေ့၊ မတ် ၈
ဆိုးညစ်တဲ့ အဲဒီလူကို အသင်းတော်ထဲကနေ ဖယ်ရှားလိုက်ပါ။—၁ ကော. ၅:၁၃။
ဘုရားအဖွဲ့အစည်းရဲ့ ကောင်းကွက်ကို အားနည်းချက်လို့ မြင်လာအောင် ရန်သူတွေ လုပ်ကြတယ်။ ဥပမာ၊ ကိုယ်ခန္ဓာပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်းမှာ ကျွန်တော်တို့ကို ဘုရား သန့်ရှင်းစေချင်တယ်။ နောင်တမယူဘဲ မသန့်ရှင်းတဲ့ လမ်းစဉ် ဆက်လျှောက်လှမ်းနေသူကို အသင်းတော်ထဲကနေ ဖယ်ရှားဖို့ မိန့်မှာတယ်။ (၁ ကော. ၅:၁၁၊ ၁၂။ ၆:၉၊ ၁၀) ဒီမိန့်မှာချက်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ ဒါပေမဲ့ ဒါ မေတ္တာမဲ့တာ၊ တရားစီရင်တာ၊ အမြင်ကျဉ်းတာပဲလို့ အဖွဲ့အစည်းကို ရန်သူတွေ သိက္ခာချစွပ်စွဲကြတယ်။ ဆန့်ကျင်မှု၊ အပုပ်ချမှု နောက်ကွယ်က လက်သည်ကို ကျွန်တော်တို့ သိရမယ်။ လက်သည်ကတော့ စာတန် မာရ်နတ်ပါ။ စာတန်ဟာ “မုသားရဲ့ အဖ” ဖြစ်တယ်။ (ယော. ၈:၄၄။ က. ၃:၁-၅) ဒါကြောင့် သူ့ဘက်တော်သားတွေကို အသုံးချပြီး အဖွဲ့အစည်းအကြောင်း မဟုတ်တမ်းစကားတွေ ဖြန့်မယ်ဆိုတာ ကျွန်တော်တို့ တွက်ထားသင့်တယ်။ w24.04 ၁၀-၁၁ ¶၁၃-၁၄
တနင်္လာနေ့၊ မတ် ၉
အဲဒီစကားတွေ တကယ်ဖြစ်လာမယ်။—ယေဇ. ၃၃:၃၃။
ကြီးစွာသောဒုက္ခ စပြီးနောက် “မဟာဗာဗုလုန်” ဖျက်ဆီးခံရတာကို မြင်တဲ့အခါ ဒီအကြောင်း ယေဟောဝါသက်သေတွေ ပြောဖူးပါလားဆိုပြီး တချို့ ပြန်မှတ်မိလာနိုင်တယ်။ မြင်ရတဲ့ ဖြစ်ရပ်တွေကြောင့် တချို့ စိတ်ပြောင်းလာမလား။ (ဗျာ. ၁၇:၅) မောရှေခေတ်က အီဂျစ်ပြည်မှာ ဘာဖြစ်ခဲ့သလဲ။ အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာတုန်းက “ဧရာမလူအုပ်ကြီး” လည်း အတူလိုက်လာတယ်။ (ထွ. ၁၂:၃၈) လူအုပ်ထဲက တချို့ဟာ မောရှေ ပြောတဲ့အတိုင်း ကပ်ဘေးဆယ်ခု ဖြစ်လာတာ မြင်ပြီးနောက် ယေဟောဝါကို ယုံသွားတာ ဖြစ်မယ်။ မဟာဗာဗုလုန် ဖျက်ဆီးခံရပြီးနောက်မှာလည်း အဲဒီလိုမျိုးသာ လူတချို့ ကျွန်တော်တို့နဲ့ လာပူးပေါင်းကြရင်ကော။ အဆုံးမရောက်ခင်လေးမှ ကပ်ပြီး လာပူးပေါင်းရကောင်းလားဆိုပြီး ကျွန်တော်တို့ စိတ်ဆိုးမလား။ စိတ်ဆိုးမှာ မဟုတ်ပါဘူး။ ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့’ ကောင်းကင်ဘုံစံအဖကို အတုယူချင်ကြပါတယ်။—ထွ. ၃၄:၆။ w24.05 ၁၁ ¶၁၂-၁၃
အင်္ဂါနေ့၊ မတ် ၁၀
အကျိုးဖြစ်ထွန်းတဲ့ တရားစကားရဲ့ အနှစ်သာရကို အမြဲလိုက်နာစောင့်ထိန်းပါ။—၂ တိ. ၁:၁၃။
“အကျိုးဖြစ်ထွန်းတဲ့ တရားစကားရဲ့ အနှစ်သာရကို” မကိုင်စွဲတော့ရင် ဘာဖြစ်သွားမလဲ။ ပထမရာစုခေတ်အကြောင်း သုံးသပ်ကြည့်ပါ။ ယေဟောဝါရဲ့နေ့ ရောက်ပြီဆိုတဲ့ ကောလာဟလကို ခရစ်ယာန်တချို့ ဖြန့်နေကြတယ်။ တမန်တော် ပေါလုဆီက လာပုံပေါက်တဲ့ စာကြောင့် အဲဒီလိုဖြန့်ကြတာ။ ပေါလုဆီက စာ ဟုတ်မဟုတ် အချိန်ယူ မစစ်ဆေးဘဲ ကောလာဟလကို သက်သာလောနိတ်အသင်းတော်က ခရစ်ယာန်တချို့ ယုံသွားကြတယ်။ တခြားသူတွေကိုတောင် ဖြန့်ကြတယ်။ သူတို့နဲ့အတူ ပေါလု ရှိတုန်းက သင်ပေးခဲ့တာတွေကိုသာ သတိရနေရင် အဲဒီလိုလှည့်စားခံရမှာ မဟုတ်ဘူး။ (၂ သက်. ၂:၁-၅) ကြားသမျှ မယုံဖို့ ညီအစ်ကိုတွေကို ပေါလု အကြံပေးတယ်။ “ဒီနှုတ်ဆက်စကားကို ကျွန်တော် ပေါလုကိုယ်တိုင် ရေးလိုက်တာပါ။ ဒီလက်ရေးကို ကြည့်ရင် ကျွန်တော့်စာတွေမှန်း သိနိုင်ပါတယ်” ဆိုပြီး သက်သာလောနိတ်အသင်းတော်ဆီ ရေးတဲ့ ဒုတိယစာကို ပေါလု နိဂုံးချုပ်ထားတယ်။ နောက်နောင် လှည့်စားမခံရအောင် မိမိဆီက စာ ဟုတ်မဟုတ် ဘယ်လို စစ်ဆေးရမလဲဆိုတာ သင်ပေးလိုက်တာပဲ။—၂ သက်. ၃:၁၇။ w24.07 ၁၂ ¶၁၃-၁၄
ဗုဒ္ဓဟူးနေ့၊ မတ် ၁၁
ခံနိုင်ရည်ရှိဖို့ လိုတယ်။—ဟီ. ၁၀:၃၆။
ယုဒပြည်မှာ အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ ဟီဘရူးခရစ်ယာန်တွေဟာ ယုံကြည်ခြင်း စမ်းသပ်မှုတွေ ခံရပ်ခဲ့ကြရတယ်။ တချို့က နှိပ်စက်ညှဉ်းပန်းမှု အကြီးအကျယ် ကြုံဖူးပေမဲ့ တော်တော်များများက အေးချမ်းတဲ့ ကာလမှာ ခရစ်ယာန် ဖြစ်လာတာ။ ဘာပဲဖြစ်ဖြစ် ယေရှုလို သွေးမြေကျတဲ့အထိ မခံရသေးလို့ ရှေ့မှာ ကြုံရမယ့် ယုံကြည်ခြင်း စမ်းသပ်မှုတွေအတွက် အသင့်ပြင်ထားဖို့ တမန်တော် ပေါလု သတိပေးတယ်။ (ဟီ. ၁၂:၄) ခရစ်ယာန်ဘာသာ ပျံ့နှံ့လာတာနဲ့အမျှ ဆန့်ကျင်သူတွေ ပိုမုန်းတီးရန်လိုလာကြတယ်။ ဟီဘရူးကျမ်း မရေးခင် နှစ်အနည်းငယ်တုန်းက “[ပေါလု]ကို မသတ်ရသေးခင် စားသောက်မိရင် ကျိန်စာသင့်ပါစေ” ဆိုပြီး ဂျူးအယောက် ၄၀ ကျော် ကျိန်ကြတယ်။ (တ. ၂၂:၂၂။ ၂၃:၁၂-၁၄) မုန်းတီးရန်လိုခံရမယ်ဆိုပေမဲ့ ခရစ်ယာန်တွေဟာ ဝတ်ပြုဖို့ စုဆုံကြရမယ်၊ ဟောပြောကြရမယ်၊ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ကြရမယ်။ w24.09 ၁၁ ¶၁၅
ကြာသပတေးနေ့၊ မတ် ၁၂
ယေရှုက . . . မိခင်ကို “အမေ၊ အခုချိန်ကစပြီး သူဟာ အမေ့သား ဖြစ်သွားပြီနော်” လို့ မှာတယ်။—ယော. ၁၉:၂၆။
ယောဟန်ဟာ ယေရှု သိပ်ချစ်တဲ့ တမန်တော် ဖြစ်တယ်။ (မ. ၁၀:၂) ယေရှုနဲ့အတူ အမှုဆောင်တယ်။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေကို မြင်ရတယ်။ အခက်ခဲဆုံးအချိန်မှာ ယေရှုအပေါ် သစ္စာစောင့်သိခဲ့တယ်။ ယေရှု အသတ်ခံရချိန်မှာ ရှိနေတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ ဆုံတွေ့ခွင့်ရခဲ့တယ်။ ပထမရာစုမှာ သစ္စာရှိ လူနည်းစုလေးကနေ “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်း” ဆီ သတင်းကောင်း ရောက်သွားတဲ့အထိ ခရစ်ယာန်ဘာသာ ပျံ့နှံ့လာတာလည်း ယောဟန် တွေ့ခဲ့တယ်။ (ကော. ၁:၂၃) ယောဟန် မီးစာကုန်ဆီခန်းအရွယ် ရောက်လာချိန်မှာ ယေရှုဆီကနေ “ဗျာဒိတ်တော်” ရပြီး ဗျာဒိတ်ကျမ်း ရေးခွင့်ရတယ်။ (ဗျာ. ၁:၁) ယောဟန် ခရစ်ဝင်ကျမ်း၊ ယောဟန် ပထမစောင်၊ ဒုတိယစောင်၊ တတိယစောင်ကိုလည်း ရေးခဲ့တယ်။ ယောဟန် တတိယစောင်ကို ဂါယုလို့ ခေါ်တဲ့ သစ္စာရှိ ခရစ်ယာန်တစ်ယောက်ဆီ ရေးခဲ့တာ။ ဂါယုဟာ သားတစ်ယောက်လို ယောဟန် ချစ်ရသူ ဖြစ်တယ်။ (၃ ယော. ၁) သစ္စာရှိ ယောဟန်ရဲ့ အမှာစကားတွေဟာ ဒီနေ့ခေတ် ယေရှုနောက်လိုက်အားလုံးအတွက်လည်း အားပေးမှု ဖြစ်နေဆဲပါပဲ။ w24.11 ၁၂ ¶၁၅-၁၆
သောကြာနေ့၊ မတ် ၁၃
ခင်ပွန်းတို့၊ ခင်ဗျားတို့လည်း ဇနီးသည်ကို . . . ဂုဏ်တင်ပါ။—၁ ပေ. ၃:၇။
မေတ္တာရှိတဲ့ ခင်ပွန်းဟာ ဇနီးကို တန်ဖိုးထားတယ်။ ယေဟောဝါဆီက အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လို့ သဘောထားတယ်။ (ပညာ. ၁၈:၂၂။ ၃၁:၁၀) ဒါကြောင့် အမြဲ ကြင်နာတယ်၊ ထောက်ထားညှာတာတယ်။ ကိုယ်လက်နှီးနှောချိန်မှာတောင် ဇနီးကို စိတ်မသက်မသာ ဖြစ်စေမယ့်၊ ဂုဏ်သိမ်စေမယ့်၊ သိစိတ် အနှောင့်အယှက် ဖြစ်စေမယ့်အရာတွေ အတင်းအကျပ် မတောင်းဆိုဘူး။ ကိုယ်တိုင်လည်း ယေဟောဝါရှေ့ အမှားအမှန်သိစိတ် ကြည်လင်နေဖို့ ဂရုစိုက်တယ်။ (တ. ၂၄:၁၆) ခင်ပွန်းတို့၊ ဇနီးကို အဘက်ဘက်ကနေ ဂုဏ်တင်ဖို့ သင်တို့ ကြိုးစားတာကို ယေဟောဝါ မြင်တယ်၊ တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ ဇနီးကို ဂုဏ်တင်ရာမရောက်တဲ့ လုပ်ရပ်တွေ ရှောင်ပါ။ ကြင်နာခြင်း၊ ထောက်ထားညှာတာခြင်း၊ ချစ်ခင်ယုယခြင်းအားဖြင့် ဂုဏ်တင်ပါ။ ဒါဟာ ဇနီးကို တန်ဖိုးထားကြောင်း ပြနေတာပဲ။ ဇနီးကို ဂုဏ်တင်တာဟာ အရေးကြီးဆုံး နှောင်ကြိုးကို ထိန်းသိမ်းကာကွယ်ရာလည်း ရောက်တယ်။ အဲဒါကတော့ ယေဟောဝါနဲ့ ဆက်ဆံရေးနှောင်ကြိုးပါပဲ။—ဆာ. ၂၅:၁၄။ w25.01 ၁၃ ¶၁၇-၁၈
စနေနေ့၊ မတ် ၁၄
ခရစ်တော်က ငါတို့ကို . . . လွတ်မြောက်စေဖို့၊ မိမိရဲ့ အထူးပိုင်ဆိုင်ရာအဖြစ် သန့်ရှင်းစေပြီး မွန်မြတ်တဲ့အလုပ်မှာ စိတ်ထက်သန်သူတွေ ဖြစ်စေဖို့ အသက်ကို ပေးဆက်ခဲ့တယ်။—တိ. ၂:၁၄။
သတင်းကောင်း ထက်ထက်သန်သန် ဟောပြောတာက ဘုရားကျေးကျွန်တွေကို အမည်ခံ ခရစ်ယာန်တွေနဲ့ ကွာခြားစေတဲ့ အချက်ပဲ။ ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်နေဖို့၊ ပိုထက်သန်လာဖို့ ဘာက ကူညီပေးနိုင်သလဲ။ ယေရှုဆီကနေ သင်ယူနိုင်တယ်။ မြေကြီးပေါ် အမှုဆောင်ချိန် တစ်လျှောက်လုံး ယေရှု တစ်ခါမှ ထက်သန်မှု လျော့မသွားဘူး။ အချိန်ကြာလာတာနဲ့အမျှ ပိုတောင် ထက်သန်လာသေးတယ်။ ပုံဥပမာတစ်ခုမှာ မိမိကိုယ်မိမိ စပျစ်ခြံစောင့်နဲ့ ယေရှု နှိုင်းယှဉ်ထားတယ်။ စပျစ်ခြံထဲက သဖန်းပင်တစ်ပင်ကို ခြံစောင့် သုံးနှစ်လုံးလုံး ပြုစုပေမဲ့ အသီးမသီးဘူး။ ဒါပေမဲ့ ခြံစောင့် မျှော်လင့်ချက်ထားပြီး သဖန်းပင်ကို ဆက်ပြုစုတယ်။ အဲဒီလိုပဲ ဂျူးတွေကို ယေရှု သုံးနှစ်လုံးလုံး ဟောပြောပေမဲ့ အများစုက တပည့်ဖြစ်မလာဘူး။ ဒါပေမဲ့ ယေရှု လက်မလျှော့ဘဲ ဆက်ဟောပြောတယ်။ (လု. ၁၃:၆-၉) ယေရှုရဲ့ သွန်သင်ချက်တွေကို လေ့လာသင်ယူတဲ့အခါ၊ ယေရှုရဲ့ လုပ်ရပ်တွေကို အတုယူတဲ့အခါ ကျွန်တော်တို့လည်း ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်လာမယ်။ w25.03 ၁၄-၁၅ ¶၁-၄
တနင်္ဂနွေနေ့၊ မတ် ၁၅
အမြော်အမြင်ရှိသူက အသိပညာနဲ့အညီ ပြုမူတတ်တယ်။—ပညာ. ၁၃:၁၆။
လက်တွဲဖော် ဖြစ်လောက်မယ့်သူ တွေ့ပြီလို့ ထင်ရင် ချက်ချင်း ဖွင့်ပြောသင့်သလား။ ပညာရှိသူဟာ တစ်ခုခု မဆုံးဖြတ်ခင် သိစရာ ရှိတာ သိအောင် လုပ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ဒါကြောင့် ဖွင့်မပြောခင် အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာအကဲခတ်တာ ပညာရှိတယ်။ မသိမသာ ဘယ်လို အကဲခတ်နိုင်သလဲ။ အသင်းတော် အစည်းအဝေးတွေမှာ၊ စုဆုံပေါင်းသင်းမှုတွေမှာ သူ့ရဲ့ ဘုရားရေးရာအခြေအနေ၊ အကျင့်စာရိတ္တ၊ အပြုအမူတွေကို သတိထားကြည့်ပါ။ ဘယ်သူတွေနဲ့ မိတ်ဖွဲ့သလဲ။ ဘာအကြောင်းတွေ ပြောသလဲ။ (လု. ၆:၄၅) ကိုယ်နဲ့ ပန်းတိုင် တူသလား။ သူ့အသင်းတော် အကြီးအကဲတွေ၊ သူ့အကြောင်း ကောင်းကောင်း သိတဲ့ ရင့်ကျက်တဲ့ ခရစ်ယာန်တွေကို တီးခေါက်ကြည့်ပါ။ (ပညာ. ၂၀:၁၈) သူ ဘယ်လို နာမည်မျိုး ရထားသလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ မေးကြည့်ပါ။ (ရု. ၂:၁၁) အကဲခတ်တဲ့အခါ တစ်ဖက်လူ နေရမခက်ပါစေနဲ့။ တစ်ချိန်လုံး ရစ်သီရစ်သီ မလုပ်ပါနဲ့။ သူ့ခံစားချက်၊ အတွင်းရေးကိစ္စတွေကို လေးစားပါ။ w24.05 ၂၂ ¶၇-၈
တနင်္လာနေ့၊ မတ် ၁၆
နောက်ဆုံးတော့ အပြစ်ကို ဝန်ချတောင်းပန်ရပါတယ်။—ဆာ. ၃၂:၅။
ယေရှုကို အတုယူတဲ့အနေနဲ့ အကြီးအကဲတွေဟာ အပြစ်လုပ်သူ နောင်တရမှာ မဟုတ်ဘူးလို့ အလျင်စလို ကောက်ချက်မချကြဘူး။ ကော်မတီနဲ့ ပထမအကြိမ် တွေ့ဆုံချိန်မှာတင် တချို့ နောင်တရလာနိုင်ပေမဲ့ တချို့အတွက် အချိန် ပိုလိုအပ်နိုင်တယ်။ ဒါကြောင့် တစ်ကြိမ်ထက်မက တွေ့ဆုံဖို့ စီစဉ်နိုင်တယ်။ အကြီးအကဲတွေ ပြောတာကို ပထမအကြိမ် တွေ့ဆုံပြီးနောက်မှာ အပြစ်လုပ်သူ လေးလေးနက်နက် စဉ်းစားလာနိုင်တယ်။ အပြစ်ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ ဆုတောင်းလာနိုင်တယ်။ (ဆာ. ၃၈:၁၈) ဒီလိုနဲ့ ဒုတိယအကြိမ် တွေ့ဆုံချိန်မှာ ပထမအကြိမ် တွေ့ဆုံချိန်နဲ့ မတူတော့ဘဲ သဘောထား ပြောင်းလဲသွားလောက်ပြီ။ အပြစ်လုပ်သူ နောင်တရလာအောင် ကူညီပေးတဲ့အခါ အကြီးအကဲတွေ စာနာမှု၊ ကြင်နာမှု ရှိကြတယ်။ မိမိတို့ ကြိုးစားကူညီပေးတာကို ယေဟောဝါ ကောင်းချီးပေးဖို့ ဆုတောင်းကြတယ်။ အပြစ်လုပ်သူ အသိတရား ရလာပြီး နောင်တရဖို့ မျှော်လင့်ကြတယ်။—၂ တိ. ၂:၂၅၊ ၂၆။ w24.08 ၂၂-၂၃ ¶၁၂-၁၃
အင်္ဂါနေ့၊ မတ် ၁၇
“ငါက ဘယ်သူ့ကိုမှ မသေစေချင်ဘူး။ ဒါကြောင့် ပြန်လှည့်လာပြီး အသက်ဆက်ရှင်ကြပါ” လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။—ယေဇ. ၁၈:၃၂။
ဘယ်သူ့ကိုမှ ယေဟောဝါ မပျက်စီးစေချင်ဘူး။ အပြစ်လုပ်သူတွေကို မိမိနဲ့ ပြန်သင့်မြတ်လာစေချင်တယ်။ (၂ ကော. ၅:၂၀) ဒါကြောင့်လည်း နောင်တရပြီး မိမိဆီ ပြန်လှည့်လာဖို့ အုပ်စုလိုက်ကိုကော တစ်ယောက်ချင်းစီကိုပါ ခေတ်တစ်လျှောက်မှာ ထပ်တလဲလဲ တိုက်တွန်းတာ။ အပြစ်လုပ်သူတွေ နောင်တရလာအောင် ကူညီပေးရာမှာ ယေဟောဝါနဲ့အတူ အကြီးအကဲတွေ တွဲလုပ်ဆောင်ရတာ အခွင့်ထူးပါပဲ။ (ရော. ၂:၄။ ၁ ကော. ၃:၉) အပြစ်လုပ်သူတွေ နောင်တရတဲ့အခါ ကောင်းကင်မှာ ဘယ်လောက် ဝမ်းသာမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ပျောက်သွားတဲ့ သိုးတစ်ကောင် အသင်းတော်ဆီ ပြန်လာတိုင်း ကောင်းကင်ဘုံစံအဖ ယေဟောဝါ သိပ်ပျော်တယ်။ ယေဟောဝါရဲ့ မဟာကရုဏာအကြောင်း ကျွန်တော်တို့ စဉ်းစားလိုက်တိုင်း ယေဟောဝါကို ချစ်တဲ့ မေတ္တာ တဖွားဖွား တိုးများလာပါလိမ့်မယ်။—လု. ၁:၇၈။ w24.08 ၃၁ ¶၁၆-၁၇
ဗုဒ္ဓဟူးနေ့၊ မတ် ၁၈
သူတို့ ရောက်လာပြီး အတင်းအကျပ် ဘုရင်လုပ်ခိုင်းတော့မယ်ဆိုတာ သိနေတဲ့အတွက် ယေရှုက တောင်ပေါ်ကို တစ်ကိုယ်တည်း ရှောင်ထွက်သွားပြန်တယ်။—ယော. ၆:၁၅။
ယေရှုသာ မိမိကို ဘုရင်မြှောက်ချင်နေတဲ့ လူအုပ်ဆန္ဒ လိုက်လျောလိုက်ရင် ရောမလက်အောက်မှာ ရှိတဲ့ ဂျူးတွေဘက် ရပ်တည်ရာကျသွားမှာ။ ယေရှု ဘာလုပ်သလဲ။ “တောင်ပေါ်ကို တစ်ကိုယ်တည်း ရှောင်ထွက်သွား” တယ်။ လူတွေ ဝိုင်းဖိအားပေးပေမဲ့ နိုင်ငံရေးမှာ ယေရှု မပါဘူး။ ကျွန်တော်တို့အတွက် သင်ခန်းစာပါပဲ။ အံ့ဖွယ်နည်းနဲ့ မုန့်ပွားများစေဖို့၊ အနာရောဂါ ကုသပေးဖို့ ကျွန်တော်တို့ကို လူတွေ တောင်းဆိုမှာ မဟုတ်သလို ဘုရင်မြှောက်မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ အုပ်စိုးရှင်ကောင်း ဖြစ်မယ်လို့ သူတို့ ယူဆသူကို မဲပေးဖို့၊ ထောက်ခံဖို့ တိုက်တွန်းလာနိုင်တယ်။ ယေရှုရဲ့ စံနမူနာကို သတိရပါ။ နိုင်ငံရေးမှာ ယေရှု မပါဘူး။ “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး” လို့တောင် နောက်ပိုင်းမှာ ပြောတယ်။ (ယော. ၁၇:၁၄။ ၁၈:၃၆) ယေရှုရဲ့ အတွေးအခေါ်၊ လုပ်ရပ်ကို ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေ အတုယူကြတယ်။ ယေရှုလိုပဲ ဘုရားနိုင်ငံတော်ကို ထောက်ခံကြတယ်။ ဘုရားနိုင်ငံတော်အကြောင်း သက်သေခံကြတယ်။ ဘုရားနိုင်ငံတော် ရောက်လာဖို့ ဆုတောင်းကြတယ်။—မ. ၆:၁၀။ w24.12 ၃-၄ ¶၅-၆
ကြာသပတေးနေ့၊ မတ် ၁၉
ကျွန်တော့်ပညတ်တွေကို ခံယူပြီး လိုက်နာတဲ့သူဟာ ကျွန်တော့်ကို ချစ်တဲ့သူပဲ။ ကျွန်တော့်ကို ချစ်တဲ့သူကို အဖဘုရားကလည်း ချစ်မှာပဲ။ ကျွန်တော်လည်း သူ့ကို ချစ်ပြီး ကျွန်တော့်ကို သူ သိအောင် ရှင်းရှင်းလင်းလင်း ဖော်ပြမယ်။—ယော. ၁၄:၂၁။
သင်ယူသိရှိလာတာတွေကို လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းတွေ စဉ်းစားပါ။ ဥပမာ၊ တခြားသူတွေကို မျက်နှာမလိုက်တမ်း ဆက်ဆံခြင်းအားဖြင့် တရားမျှတတဲ့ ယေဟောဝါကို အတုယူပါ။ ယေဟောဝါနဲ့ လူတွေကို ချစ်ခြင်း၊ ယေဟောဝါရဲ့ နာမတော်အတွက်၊ ညီအစ်ကို/မတွေအတွက် ကိုယ်ကျိုးစွန့်ခြင်းအားဖြင့် ယေရှုကို အတုယူပါ။ ဒါ့အပြင် အဖိုးမဖြတ်နိုင်တဲ့ ရွေးဖိုးလက်ဆောင်ကနေ တခြားသူတွေလည်း အကျိုးရနိုင်အောင် ဟောပြောသက်သေခံပါ။ ရွေးဖိုးအကြောင်း သင်ယူသိရှိလေ ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လေ ဖြစ်လာမယ်။ ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတာနဲ့အမျှ သူတို့လည်း ကျွန်တော်တို့ကို ဆထက်တိုး ပိုချစ်ပေးကြမှာ။ (ယာ. ၄:၈) ဒါကြောင့် ကျမ်းစာ၊ အဖွဲ့အစည်းစာပေတွေကို သုံးပြီး ရွေးဖိုးအကြောင်း ဆက်သင်ယူကြရအောင်။ w25.01 ၂၅ ¶၁၆-၁၇
သောကြာနေ့၊ မတ် ၂၀
ကျွန်တော့်အပြစ်တွေကို ကိုယ်တော့်နောက်ကျောဘက် ပစ်လိုက်တယ်။—ဟေရှာ. ၃၈:၁၇။
နောင်တရသူရဲ့ အပြစ်တွေကို ယေဟောဝါ ယူပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားအောင် ပစ်လိုက်တာကို ဒီနေ့ကျမ်းချက်က တင်စားထားတာပါ။ “ကျွန်တော့်အပြစ်တွေကို တစ်ခါမှ မရှိခဲ့သလို လုပ်လိုက်တယ်” လို့လည်း အဲဒီကျမ်းစကားကို ပြန်ဆိုနိုင်တယ်။ ဒီအချက်နဲ့ပတ်သက်ပြီး မိက္ခာ ၇:၁၈၊ ၁၉ မှာ တင်စားချက် နောက်တစ်ချက် တွေ့ရတယ်။ အပြစ်တွေကို နက်ရှိုင်းတဲ့ ပင်လယ်ထဲ ပစ်ချလိုက်တယ်လို့ ယေဟောဝါ ပြောထားတယ်။ ရှေးခေတ်တုန်းက နက်ရှိုင်းတဲ့ ပင်လယ်ထဲ ကျသွားတာ ဘာမဆို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး။ တင်စားချက်တွေအရ ယေဟောဝါ ခွင့်လွှတ်တယ်လို့ ပြောတဲ့အခါ အပြစ်ရှိတယ်လို့ တနုံ့နုံ့ မခံစားရအောင် အပြစ်ဝန် ပေါ့စေတာကို ဆိုလိုကြောင်း သိရတယ်။ “ကျူးလွန်ခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဒါဝိဒ် ပြောတာ တကယ် မှန်တယ်။ (ရော. ၄:၆-၈) တကယ် ခွင့်လွှတ်တယ်ဆိုတာ ဒါပဲ။ w25.02 ၉ ¶၇-၈
စနေနေ့၊ မတ် ၂၁
ငါ ဖန်ဆင်းနေတဲ့အရာအတွက် ထာဝစဉ် ရွှင်လန်းဝမ်းမြောက်ကြပါ။—ဟေရှာ. ၆၅:၁၈။
ဒီနေ့ ကမ္ဘာပေါ်မှာ လူသန်းချီ ပျားပန်းခတ် အလုပ်များနေတဲ့၊ သိပ်ငြိမ်းချမ်းသာယာတဲ့ အသိုက်အမြုံလေးတစ်ခု ရှိတယ်။ အဲဒီမှာ ရှိနေသူတွေဟာ ဘယ်တော့မှ ထွက်မသွားဖို့ ဆုံးဖြတ်ထားကြတယ်။ နောက်ထပ် လူအများကြီးကိုလည်း ရောက်လာစေချင်ကြတယ်။ အဲဒါကတော့ ပုံဆောင်ပရဒိသုပါ။ အမုန်းအာဃာတတွေ၊ ဆိုးညစ်မှုတွေ၊ အန္တရာယ်တွေ အပြည့်ရှိတဲ့ နေရာအဖြစ် စာတန် ဖန်တီးထားတဲ့ လောကမှာ ပုံဆောင်ပရဒိသု ယေဟောဝါဘုရား ဖန်တီးပေးထားတာ သိပ်ထူးခြားတယ်။ (၁ ယော. ၅:၁၉။ ဗျာ. ၁၂:၁၂) လူတွေကို ဒီလောကစနစ်ဆိုး ဘယ်လောက် ဂယက်ရိုက်နေသလဲ ယေဟောဝါ သိတယ်။ ဒါပေမဲ့ မိမိလူမျိုးကို ပျော်ပျော်ရွှင်ရွှင် အမှုဆောင်စေချင်လို့ ငြိမ်သက်စည်းလုံးတဲ့ အသိုက်အမြုံလေး ပေးထားတယ်။ အေးချမ်းတဲ့ “ခိုနားစရာ၊” “ရေဝတဲ့ ဥယျာဉ်” လို့ ကျမ်းစာမှာ တင်စားထားတယ်။ (ဟေရှာ. ၄:၆။ ၅၈:၁၁) ခက်ခဲတဲ့ နောက်ဆုံးကာလအတွင်း အသက်ရှင်ရပေမဲ့ ပုံဆောင်ပရဒိသုထဲ ရှိနေသူတွေဟာ ဘုရားကောင်းချီးကြောင့် ငြိမ်သက်ပျော်ရွှင်ကြတယ်။—ဟေရှာ. ၅၄:၁၄။ ၂ တိ. ၃:၁။ w24.04 ၂၀ ¶၁-၂
တနင်္ဂနွေနေ့၊ မတ် ၂၂
ဘုရားသခင်ဆီ အသနားခံကြပါ။—ဖိ. ၄:၆။
အိမ်ထောင်ပြုဖို့ စိတ်ကူးရှိရင် ဒီအကြောင်း သင် ဆုတောင်းထားမှာပဲ။ လက်တွဲဖော် ရစေရမယ်လို့တော့ ယေဟောဝါ အာမ,မခံဘူး။ ဒါပေမဲ့ သင့်လိုအပ်ချက်တွေ၊ ခံစားချက်တွေကို ဂရုစိုက်တယ်။ လက်တွဲဖော် ရှာတဲ့အခါ ကူညီပေးနိုင်တယ်။ ဒါကြောင့် ကိုယ့်ဆန္ဒ၊ ခံစားချက်တွေကို ရင်ဖွင့်ပြောပြပါ။ (ဆာ. ၆၂:၈) စိတ်ရှည်မှု၊ ဉာဏ်ပညာ တောင်းခံပါ။ (ယာ. ၁:၅) လက်တွဲဖော် ဖြစ်လောက်မယ့်သူ ချက်ချင်း မတွေ့ရင်တောင် သင့်ကို ဆက်ထောက်မပေးမယ်၊ ဆက်ပျော်ရွှင်နေစေမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာ. ၅၅:၂၂) လက်တွဲဖော် ရှာတာကို ဘဝမှာ အရေးကြီးဆုံးအရာတော့ မဖြစ်စေပါနဲ့။ (ဖိ. ၁:၁၀) စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ အိမ်ထောင်ပြုမပြုဆိုတာအပေါ် မမူတည်ဘူး။ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးအပေါ်ပဲ မူတည်တယ်။ (မ. ၅:၃) တစ်ကိုယ်ရေဆိုရင် နောက်ဆံမတင်းဘဲ အမှုဆောင်လုပ်ငန်း တိုးချဲ့ချင်သလောက် တိုးချဲ့နိုင်တယ်။ (၁ ကော. ၇:၃၂၊ ၃၃) တစ်ကိုယ်ရေဘဝ ရထားတုန်း အကောင်းဆုံး အသုံးပြုပါ။ w24.05 ၂၁ ¶၄။ ၂၂ ¶၆
တနင်္လာနေ့၊ မတ် ၂၃
ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။—ဖိ. ၂:၄။
ရည်းစားသက်တမ်း ဘယ်လောက် ကြာသင့်သလဲ။ အလျင်စလို ဆုံးဖြတ်ရင် ဆိုးကျိုးတွေ ကြုံရတတ်တယ်။ (ပညာ. ၂၁:၅) ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိဖို့ အချိန် အလုံအလောက် ယူသင့်တယ်။ မလိုအပ်ဘဲတော့ အချိန်မဆွဲသင့်ဘူး။ “မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၁၃:၁၂) ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မတစ်ယောက် ရည်းစားဖြစ်နေပြီဆိုတာ သိရင် တခြားသူတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ အတူတူ စားသောက်ဖို့၊ မိသားစု ဝတ်ပြုမှုမှာ ပါဝင်ဖို့၊ အပန်းဖြေဖို့ ဖိတ်နိုင်တယ်။ (ရော. ၁၂:၁၃) သူတို့ ချိန်းတွေ့တဲ့အခါ အဖော်လိုက်ပေးနိုင်တယ်။ အကြိုအပို့ လုပ်ပေးနိုင်တယ်။ သူတို့ချင်း သီးသန့် စကားပြောနိုင်ဖို့ အိမ်ကို ဖိတ်နိုင်တယ်။ (ဂလ. ၆:၁၀) ချိန်းတွေ့တဲ့နေရာ အဖော်လိုက်ပေးဖို့ တောင်းဆိုခံရရင် မိတ်ဆွေတွေကို ကူညီပေးနိုင်တဲ့ အခွင့်ထူးလို့ သဘောထားပါ။ နှစ်ယောက်တည်းတော့ လွှတ်မထားပါနဲ့။ တစ်ချိန်တည်းမှာ သူတို့ချင်း သီးသန့် စကားပြောဖို့ လိုတယ်ဆိုတာလည်း သိထားပေးပါ။ w24.05 ၃၀ ¶၁၃-၁၄
အင်္ဂါနေ့၊ မတ် ၂၄
နောင်တရဖို့ ငါအချိန်ပေး [တယ်။]—ဗျာ. ၂:၂၁။
တစ်ယောက်ယောက် ဘာကြောင့် အပြစ်လုပ်မိသွားတယ်ဆိုတာ ပိုင်းဖြတ်နိုင်ဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။ ဥပမာ၊ သူ ဘာကြောင့် ဘုရားရေးရာမှာ တဖြည်းဖြည်း အားနည်းသွားသလဲ။ ကိုယ်ပိုင်လေ့လာမှု မလုပ်တော့လို့လား။ အမှုဆောင်မှာ မပါဝင်တော့လို့လား။ မှန်မှန် ဆုမတောင်းတော့လို့လား။ ပြီးရင် ပြီးရော ဆုတောင်းလို့လား။ မကောင်းတဲ့ ဆန္ဒတွေကို မတွန်းလှန်တော့လို့လား။ အပေါင်းအသင်း၊ ဖျော်ဖြေရေး ရွေးချယ်မှု မှားသွားလို့ မကောင်းတဲ့ အတွေးအခေါ်၊ ဆန္ဒ ဝင်လာတာလား။ အပြစ်လုပ်မိသွားစေတဲ့ ဒီခြေလှမ်းတွေကြောင့် အဖယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ သူ သဘောပေါက်ရဲ့လား။ ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်သွားစေတဲ့၊ အပြစ်လုပ်မိသွားစေတဲ့ ခြေလှမ်းတွေကို သူ ဆင်ခြင်မိအောင် အကြီးအကဲတွေ မေးခွန်း မေးနိုင်တယ်။ ဒါပေမဲ့ သိဖို့ မလိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို နှိုက်နှိုက်ချွတ်ချွတ် မမေးသင့်ဘူး။ (ပညာ. ၂၀:၅) ဒါ့အပြင် အပြစ်လုပ်သူ သူ့ခြေလှမ်းတွေကို ဆင်ခြင်မိဖို့၊ သူ မှားသွားတယ်ဆိုတာ သဘောပေါက်လာဖို့ ပုံဥပမာတွေကို သုံးနိုင်တယ်။ ကော်မတီနဲ့ ပထမအကြိမ် တွေ့ဆုံချိန်မှာတင် သူ့ခြေလှမ်းတွေအတွက် ယူကျုံးမရ ဝမ်းနည်းနေနိုင်တယ်။ နောင်တရနေနိုင်တယ်။ w24.08 ၂၂ ¶၉-၁၁
ဗုဒ္ဓဟူးနေ့၊ မတ် ၂၅
ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ။—လု. ၄:၄၃။
“ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းဟာ ယေဟောဝါ လုပ်စေချင်တဲ့အလုပ် ဖြစ်မှန်း ယေရှု သိတဲ့အတွက် ထက်ထက်သန်သန် ဟောပြောတယ်။ ဟောပြောခြင်းလုပ်ငန်းကို ဘဝမှာ ဦးစားထားတယ်။ မိမိ သေဆုံးခါနီး လတွေမှာတောင် “မြို့ရွာတွေကို” သွားပြီး သွန်သင်တယ်။ (လု. ၁၃:၂၂) မိမိလိုပဲ ဟောတတ်ပြောတတ်လာအောင် နောက်ထပ်တပည့်တွေကို လေ့ကျင့်ပေးတယ်။ (လု. ၁၀:၁) ဒီနေ့ခေတ်မှာလည်း ဟောပြောခြင်းဟာ ယေဟောဝါနဲ့ ယေရှု အဓိက လုပ်စေချင်တဲ့အလုပ်ပဲ။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) လူတွေကို ယေဟောဝါ မြင်သလို မြင်တဲ့အခါ ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်လာနိုင်တယ်။ ယေဟောဝါက လူများနိုင်သမျှ များများကို သတင်းကောင်း ကြားစေချင်တယ်၊ လက်ခံစေချင်တယ်။ (၁ တိ. ၂:၃၊ ၄) ဒါကြောင့် အသက်ကယ်သတင်း ကျွန်တော်တို့ ထိထိရောက်ရောက် ဟောပြောနိုင်ဖို့ လေ့ကျင့်ပေးတယ်။ ယေဟောဝါကို လူတွေ အခုချိန်မှာ မကိုးကွယ်ရင်တောင် ကြီးစွာသောဒုက္ခ အဆုံးမတိုင်ခင်မှာ ကိုးကွယ်ဖို့ အခွင့်အရေး ရကောင်းရနိုင်တယ်။ w25.03 ၁၅-၁၆ ¶၅-၇
ကြာသပတေးနေ့၊ မတ် ၂၆
နှုတ်ဆက်ရင် သူ့ရဲ့ဆိုးညစ်တဲ့ အကျင့်တွေကို ထောက်ခံရာရောက်တယ်။—၂ ယော. ၁၁။
အသင်းတော်ကနေ ဖယ်ရှားခံရသူတွေနဲ့ပတ်သက်လာရင် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်ကို အခြေခံပြီး ခရစ်ယာန်တစ်ယောက်စီ ဆုံးဖြတ်ရမယ်။ ဖယ်ရှားခံရသူ အစည်းအဝေး လာတက်တဲ့အခါ ကြိုဆိုနှုတ်ဆက်ဖို့ တချို့ရဲ့ သိစိတ်က ခွင့်ပြုနိုင်တယ်။ ဒါပေမဲ့ စကားဖောင်ဖွဲ့ ပြောနေမှာ မဟုတ်ဘူး။ တခြားအချိန်တွေမှာ ပေါင်းသင်းမှာ မဟုတ်ဘူး။ ‘သူ့ကို နှုတ်ဆက်စကားတောင် မပြောနဲ့။ နှုတ်ဆက်ရင် သူ့ရဲ့ ဆိုးညစ်တဲ့ အကျင့်တွေကို ထောက်ခံရာရောက်တယ်လို့ ကျမ်းစာမှာ ပြောထားတယ် မဟုတ်လား’ ဆိုပြီး တချို့ တွေးမိနိုင်တယ်။ (၂ ယောဟန် ၉-၁၁) ဒီကျမ်းပိုဒ်က အယူဖောက်ပြန်သူတွေ၊ ကျမ်းစာနဲ့ မညီတာတွေကို အားပေးအားမြှောက်လုပ်သူတွေအကြောင်း ပြောနေတာပါ။ (ဗျာ. ၂:၂၀) ဒါကြောင့် အဲဒီလိုလူတွေဆီ အကြီးအကဲတွေ မလည်ပတ်ကြဘူး။ ဒါပေမဲ့ သူတို့ နောင်တရကောင်း ရလာနိုင်ပါတယ်။ နောင်တမရမချင်းတော့ ကျွန်တော်တို့ နှုတ်မဆက်ကြဘူး။ အစည်းအဝေး မဖိတ်ကြဘူး။ w24.08 ၃၀ ¶၁၄-၁၅
သောကြာနေ့၊ မတ် ၂၇
သူတို့ နားမလည်သေးဘူး။—မာ. ၆:၅၂။
လူအုပ်ကို ကျွေးမွေးပြီးနောက် တောင်ပေါ်ကို ယေရှု တစ်ယောက်တည်း တက်သွားတယ်။ တမန်တော်တွေကိုတော့ အိုင်တစ်ဖက်ကမ်းက ကပေရနောင်မြို့ကို လှေနဲ့ ကူးနှင့်ခိုင်းတယ်။ ဒီလိုနဲ့ မိမိကို ဘုရင်မြှောက်ဖို့ လုပ်နေတဲ့ လူအုပ်ကို ရှောင်လိုက်တယ်။ (ယော. ၆:၁၆-၂၀) တမန်တော်တွေ လှေနဲ့ ကူးနေတုန်း လေပြင်းတိုက်လို့ လှိုင်းလေထန်လာတယ်။ အဲဒီအချိန်မှာ ယေရှု ရေပေါ် လမ်းလျှောက်ပြီး သူတို့ဆီ လာတယ်။ တမန်တော် ပေတရုကိုလည်း ရေပေါ် လမ်းလျှောက်ဖို့ ပြောတယ်။ (မ. ၁၄:၂၂-၃၁) အဲဒီနောက် ယေရှု လှေပေါ် ရောက်တာနဲ့ လေငြိမ်သွားတယ်။ တမန်တော်တွေ အံ့အားသင့်သွားပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ သားပါ” လို့ ပြောကြတယ်။ (မ. ၁၄:၃၃) ဒါပေမဲ့ စိတ်ဝင်စားစရာက ယေရှု အံ့ဖွယ်နည်းနဲ့ မုန့်ပွားများစေပြီးနောက်မှာ မဟုတ်ဘဲ ရေပေါ် လမ်းလျှောက်ပြီးနောက်မှာ သူတို့ ဒီလိုပြောကြတာ။ “[သူတို့] အံ့အားသင့်သွားတယ်။ မုန့်ကျွေးတဲ့ အံ့ဖွယ်အမှုရဲ့ အဓိပ္ပာယ်ကို သူတို့ သဘောမပေါက်သေးဘူး “ လို့ မာကု ပြောတယ်။ (မာ. ၆:၅၀-၅၂) မုန့်ပွားများစေနိုင်တဲ့ တန်ခိုးလောက်ပဲ ယေရှုကို ယေဟောဝါဘုရား ပေးထားတာ မဟုတ်မှန်း သူတို့ သဘောမပေါက်ကြဘူး။ w24.12 ၅ ¶၇
စနေနေ့၊ မတ် ၂၈
ဘုရားသခင်ရဲ့ အလိုတော်ကတော့ လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့ပဲ။—၁ တိ. ၂:၄။
အောက်မေ့ရာကာလအတွင်း လုပ်နိုင်တာမှန်သမျှ လုပ်ခြင်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတုံ့ပြန်နိုင်တယ်။ အောက်မေ့ရာ အစီအစဉ်ကို ကိုယ်တိုင် တက်ဖြစ်အောင် စီစဉ်ထားသလို တခြားသူတွေကိုလည်း ဖိတ်နိုင်တယ်။ အောက်မေ့ရာ အစီအစဉ် ဘယ်လိုမျိုးလဲဆိုတာ ကိုယ်ဖိတ်ထားသူတွေကို ရှင်းပြနိုင်တယ်။ ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ၊ လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း စတဲ့ jw.org က ဗီဒီယိုတွေ ပြနိုင်တယ်။ မလှုပ်မရှားဖြစ်နေသူတွေကို အကြီးအကဲတွေ မမေ့မလျော့ ဖိတ်သင့်တယ်။ ပျောက်နေတဲ့ သိုးတချို့ သိုးအုပ်ဆီ ပြန်လာတဲ့အခါ ကောင်းကင်မှာကော မြေကြီးမှာပါ သိပ်ဝမ်းမြောက်နေကြမှာ။ (လု. ၁၅:၄-၇) အောက်မေ့ရာ အစီအစဉ်မှာ အချင်းချင်းကိုပဲ နှုတ်ဆက်တာမျိုး မဟုတ်ဘဲ လူသစ်တွေ၊ လာမတက်တာ ကြာပြီ ဖြစ်သူတွေကို နှုတ်ဆက်ပါ။ ကြိုဆိုပေးကြတယ်လို့ သူတို့ကို ကျွန်တော်တို့ ခံစားစေချင်တယ်။—ရော. ၁၂:၁၃။ w25.01 ၂၉ ¶၁၅
တနင်္ဂနွေနေ့၊ မတ် ၂၉
ကျွန်တော်တို့ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ် သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။—၁ ယော. ၄:၁၀။
ယေဟောဝါ ရွေးဖိုးပြင်ဆင်ပေးတာဟာ တရားမျှတတာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ မေတ္တာကြီးမားလို့ပဲ။ (ယော. ၃:၁၆။ ၁ ယော. ၄:၉၊ ၁၀) ကျွန်တော်တို့ကို ယေဟောဝါ ထာဝစဉ် အသက်ရှင်စေချင်ရုံသာမက မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်ကြောင်း ရွေးဖိုးကနေ သိရတယ်။ စဉ်းစားကြည့်ပါ– အာဒံ အပြစ်လုပ်လိုက်ချိန်မှာ ယေဟောဝါရဲ့ မိသားစုဝင် မဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ မွေးလာချိန်မှာ ယေဟောဝါရဲ့ မိသားစုဝင် မဟုတ်ဘူး။ ဒါပေမဲ့ ရွေးဖိုးကို အခြေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ဒါကြောင့် ယုံကြည်ခြင်း၊ နာခံမှု ရှိသူအားလုံး တစ်နေ့ကျရင် ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ခွင့်ရလာမယ်။ လောလောဆယ်မှာတောင် ယေဟောဝါနဲ့ကော ယုံကြည်သူချင်းတွေနဲ့ပါ ခင်မင်ရင်းနှီးနိုင်ကြတယ်။ ယေဟောဝါရဲ့ မေတ္တာကို တကယ် ခံစားနေရတာပါပဲ။—ရော. ၅:၁၀၊ ၁၁။ w25.01 ၂၁ ¶၆
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၉) ယောဟန် ၁၂:၁၂-၁၉။ မာကု ၁၁:၁-၁၁
တနင်္လာနေ့၊ မတ် ၃၀
ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။—၁ ယော. ၄:၉။
ရွေးဖိုးဟာ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူကြမှာပါ။ (၂ ကော. ၉:၁၅) ရွေးဖိုးကြောင့် ယေဟောဝါဘုရားနဲ့ ကျွန်တော်တို့ ခင်မင်ရင်းနှီးနိုင်ကြတယ်။ ထာဝရအသက် မျှော်လင့်ချက် ရှိလာကြတယ်။ ကျွန်တော်တို့ကို ချစ်မြတ်နိုးလို့ ရွေးဖိုးပြင်ဆင်ပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်သင့်တယ် မဟုတ်လား။ (ရော. ၅:၈) ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ် ပျောက်မသွားဖို့ မိမိရဲ့ သေခြင်းနှစ်ပတ်လည်ပွဲကို ယေရှု ကျင်းပခိုင်းတယ်။ (လု. ၂၂:၁၉၊ ၂၀) ဒီနှစ် အောက်မေ့ရာ အစီအစဉ်ကို ၂၀၂၆၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့မှာ ကျင်းပပါမယ်။ တက်ရောက်ဖို့ ကျွန်တော်တို့အားလုံး စီစဉ်ထားကြမှာပါ။ ကျွန်တော်တို့အတွက် ယေဟောဝါနဲ့ သားတော်ယေရှု လုပ်ပေးခဲ့တာတွေကို အောက်မေ့ရာနေ့ မတိုင်ခင်နဲ့ ပြီးနောက် အပတ်တွေမှာ အချိန်ယူ တွေးတောဆင်ခြင်တာ အကျိုးရှိတယ်။ w25.01 ၂၀ ¶၁-၂
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၀) ယောဟန် ၁၂:၂၀-၅၀
အင်္ဂါနေ့၊ မတ် ၃၁
ငွေအစား ငါ့ရဲ့ဆုံးမစကားကို ရွေးချယ်ပါ။ ရွှေစင်အစား အသိပညာကို ရွေးချယ်ပါ။—ပညာ. ၈:၁၀။
ယေဟောဝါဘုရားနဲ့ ယေရှုရဲ့ မေတ္တာအကြောင်း လေးလေးနက်နက် တွေးတောလေ သင်ယူစရာ တိုးလေပါပဲ။ ဒီနှစ် အောက်မေ့ရာကာလအတွင်း ခရစ်ဝင်ကျမ်း အနည်းဆုံး တစ်ကျမ်းလောက်ကို စေ့စေ့စပ်စပ် ဖတ်ပါ။ တစ်ထိုင်တည်း အများကြီး မဖတ်ပါနဲ့။ အလောတကြီး မဖတ်ပါနဲ့။ ယေဟောဝါနဲ့ ယေရှုကို ချစ်မြတ်နိုးသင့်တဲ့ ထပ်ဆင့် အကြောင်းရင်းတွေ စဉ်းစားပါ။ သင်ဟာ အမှန်တရားသက်တမ်း ကြာနေပြီဆိုရင် ဘုရားရဲ့ တရားမျှတမှု၊ မေတ္တာ၊ ရွေးဖိုးအကြောင်း လေ့လာတာ ထပ်နေပြီ ဖြစ်လို့ သင်ယူစရာ ရှိသေးလို့လားဆိုပြီး တွေးမိနိုင်တယ်။ တကယ်တော့ သင်ယူစရာတွေ မကုန်နိုင်ပါဘူး။ အဖွဲ့အစည်းစာပေတွေမှာ ဖတ်စရာ၊ မှတ်စရာတွေမှ အများကြီးပဲ။ w25.01 ၂၄-၂၅ ¶၁၃-၁၅
အောက်မေ့ရာနေ့အတွက် ကျမ်းစာဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၁) လုကာ ၂၁:၁-၃၆