အမေဇုန် မိုးသစ်တော ဒဏ္ဍာရီဖြင့်လွှမ်းခြုံ
ဘရာဇီးမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ပီရူး၏နက်ပိုမြစ်တစ်လျှောက်တွင် နေထိုင်ကြသော အရီမာရ်အင်းဒီးယန်းတို့သည် မိမိတို့၏မျက်စိကို မယုံနိုင်အောင်ပင်! မိမိတို့၏ ရှည်မျောမျောကနူးလှေများနှင့် လုံးဝမတူသည့် လေးထောင့်ကျရွက်သင်္ဘောငယ်နှစ်စင်းသည် မိမိတို့ရွာဆီသို့ ရွက်လွှင့်ဝင်ရောက်လာ၏။ သင်္ဘောပေါ်တွင် မုတ်ဆိတ်မွေးနှင့်စစ်သည်များ—သူတို့မြင်တွေ့ဖူးသော မည်သည့်လူမျိုးနွယ်စုနှင့်မျှ မတူသောလူများ—ကိုတွေ့လိုက်ရသည်။ အံ့သြတွေဝေနေရာမှ အင်းဒီးယန်းတို့သည် ကပျာကယာအကာအကွယ်ယူလိုက်ကြကာ မျက်နှာဖြူတိုင်းတစ်ပါးသားများ ကမ်းစပ်ပေါ်သို့ ခုန်ဆင်းလာကြပြီး ရွာထွက်အစားအစာကို အငမ်းမရစားသောက်ပြီးနောက် ထပ်မံ၍ရွက်လွှင့်သွားသည်ကို ကြည့်နေခဲ့ကြသည်—အဲန်ဒီးစ်တောင်တန်းများမှ အတ္တလန္တိတ်သမုဒ္ဒရာအထိ မိုးသစ်တောတစ်ခုလုံးကို နှေးကွေးလေးလံစွာ ဖြတ်သွားမည့် ဦးဆုံးခရီးသွားအဖွဲ့အဖြစ် သမိုင်းတွင်လိုစိတ်ဇောကပ်သူများ ဖြစ်ကြသည်။
၁၅၄၂ ခုနှစ်အတောအတွင်း ဥရောပတိုက်သား နယ်သစ်ရှာဖွေသူများသည် ဒူးလေးများနှင့် ဟားကိုဘတ်စ်သေနတ်များဖြင့် အမေရိက၏အပူပိုင်းသစ်တောထဲသို့ နက်သည်ထက်နက်သည့်အထိ ဝင်ရောက်လာကြရာ အင်းဒီးယန်းအနွယ် တစ်နွယ်ပြီးတစ်နွယ် အလားတူထိတ်လန့်တုန်လှုပ်မှုမျိုး ခံစားခဲ့ကြရသည်။
အောင်မြင်မှုရရှိခဲ့သောစစ်တပ်၏ စပိန်တာဝန်ခံဗိုလ်မှူး ဖရန့်စ္စကို ဒီ အော်ရီလာနာသည် မကြာမီတွင် သူ့စစ်သည်များသည် လုယက်၍ ပစ်ခတ်ကြသည်ဟူသောသတင်းက သူတို့၏ ၂-ပင်တိုင်ရွက်သင်္ဘောနှစ်စင်းမရောက်မီ ရောက်နှင့်နေပြီးဖြစ်ကြောင်း သိရှိလာရသည်။ အင်းဒီးယန်းအနွယ်တို့သည် မြစ်အတွင်းပိုင်း (ယနေ့ ဘရာဇီးလူမျိုးတို့၏ မာနာအပ်စ်မြို့အနီး) တွင် မြားကိုကိုင်ဆောင်၍ ကျူးကျော်လာသူ ၅၀-ကျော်အား အသင့်စောင့်နေကြ၏။
ထိုအင်းဒီးယန်းတို့သည် မြားပစ်တည့်သူများဖြစ်သည်ဟု သင်္ဘောတွင်လိုက်ပါလာသူ ဂက်စပါ ဒီ ကာဗာဂျေလ်က ဝန်ခံခဲ့သည်။ အင်းဒီးယန်းတစ်ဦး၏မြားသည် သူ၏နံရိုးကြားထဲစိုက်ဝင်ခဲ့သည်ဟု မိမိ၏ကိုယ်တွေ့အဖြစ်အပျက်မှပြောပြ၏။ “ကျွန်ုပ်ရဲ့ဝတ်ရုံထူကြီးသာ မရှိခဲ့ရင် ကျွန်ုပ်တော့သေမှာပဲ” ဟုဒဏ်ရာရခဲ့သည့်ခရစ်ယာန်ဘုန်းကြီးက ကသုတ်ကရက်ရေးလိုက်သည်။
‘ယောက်ျားဆယ်ယောက်အလား တိုက်ခိုက်နေကြသော မိန်းမများ’
ကာဗာဂျေလ်က ထိုသတ္တိရှိကြသောအင်းဒီးယန်းတို့၏ နောက်ကွယ်မှ လှုံ့ဆော်ပေးသည့်စွမ်းအားကိုလည်း ဆက်၍ဖော်ပြသည်။ ‘ယောက်ျားများရှေ့တွင် မိန်းမခေါင်းဆောင်များအဖြစ်တိုက်ခိုက်နေကြသော မိန်းမများကိုလည်း ကျွန်ုပ်တို့တွေ့ခဲ့ရ၏။ ထိုမိန်းမများသည် အသားဖြူ၍အရပ်ရှည်ကာ သူတို့၏ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားပြီး ခေါင်းတွင်ရစ်ပတ်ထားကြသည်။ သူတို့သည် တောင့်တင်းသန်မာပြီး လက်ထဲတွင် လေးနှင့်မြားကိုကိုင်ကာ ယောက်ျားဆယ်ယောက်တိုက်ခိုက်သကဲ့သို့ပင် တိုက်ခိုက်ကြသည်။’
နယ်သစ်ရှာဖွေသူများ မြင်တွေ့ ကြရသည့် စစ်သမီးများမှာ အမှန်တကယ်လော၊ သတင်းရပ်ကွက်တစ်ခုက ဖော်ပြသကဲ့သို့ “ငန်းဝါဖျားဝင်ပြီး ကယောင်ချောက်ချားလျှောက်မြင်နေခြင်းလောဆိုသည်” ကိုမူမသိကြရချေ။ သို့သော် အနည်းဆုံး မှတ်တမ်းအချို့အရ အော်ရီလာနာနှင့် ကာဗာဂျေလ်တို့သည် နက်ပိုမြစ်၏ ကျယ်ပြန့်သောမြစ်ဝတိုင်ရောက်ရှိခဲ့ကြပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ရွက်လွှင့်ခဲ့ကြသောအချိန်တွင် သူတို့သည် ဂရိဒဏ္ဍာရီပေါင်းချုပ်ထဲတွင် သရုပ်ဖော်ထားသော ကြမ်းတမ်းသည့် အမေဇုန်စစ်သမီးများ၏ ကမ္ဘာသစ်မြင်ကွင်းကို ရိပ်ခနဲမြင်လိုက်ရခြင်းဖြစ်သည်ဟု သူတို့ယုံကြည်ကြ၏။a
ခရစ်ယာန်ဘုန်းကြီး ကာဗာဂျေလ်သည် နောင်လာနောက်သားအတွက် အော်ရီလာနာ၏ ရှစ်လကြာခရီးစဉ်မှတ်တမ်းမှ မိမိ၏မျက်မြင်ကိုယ်တွေ့အပါအဝင် အမေရိကန်အမေဇုန်စစ်သမီးတို့၏ဒဏ္ဍာရီကို မပျောက်မပျက်အောင်ထိန်းသိမ်းထားသည်။ ကပ္ပတိန် အော်ရီလာနာဘက်မှလည်း စပိန်သို့ရွက်လွှင့်ပြီးနောက် ရီအို ဒီ လာစ် အမေဇိုးနပ်စ် သို့မဟုတ် အမေဇုန်မြစ်ဟု စိတ်ကူးယဉ်ဆန်ဆန်အမည်ပေးခဲ့သည့်စာအုပ်တွင် မိမိ၏ထင်ရှားသောခရီးစဉ်မှတ်တမ်းကို ဖော်ပြခဲ့သည်။ များမကြာမီ ၁၆ ရာစုတွင် မြေပုံဆွဲသူများသည် အသစ်ရေးဆွဲသည့် တောင်အမေရိကမြေပုံတွင် အမည်သစ်တစ်ခုဖြစ်သော အမေဇုန်ကို ထည့်ဆွဲနေကြလေတော့သည်။ သို့နှင့် အမေဇုန်သစ်တောသည် ဒဏ္ဍာရီဆန်ဆန်လျှို့ဝှက်ချက်ဖြင့် လွှမ်းမိုးခဲ့ရာမှ ယခုတွင်မူ ထိုသစ်တောသည် ပကတိအခြေအနေများကြောင့် ဘေးသင့်နေပါသည်။
[အောက်ခြေမှတ်ချက်]
a “အမေဇုန်” ဟူသောစကားလုံးသည် “မရှိ” ဟုအဓိပ္ပာယ်ရသည့် ဂရိစကားလုံး a နှင့် “သားမြတ်” ဟုအဓိပ္ပာယ်ရသော ma·zosʹ ဟူသောစကားလုံးမှ ဆင်းသက်လာဟန်ရှိသည်။ လေးနှင့်မြားကို သာ၍လွယ်ကူစွာကိုင်ဆောင်ရန် အမေဇုန်စစ်သမီးတို့သည် လက်ယာဘက်သားမြတ်ကို ဖြတ်ထုတ်ခဲ့ကြသည်ဟု ဒဏ္ဍာရီကဆိုသည်။
[Picture Credit Line on page 3]
ထိပ်နောက်ခံ– The Complete Encyclopedia of Illustration/J. G. Heck