ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၃/၈ စာ. ၄-၉
  • မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထီးတည်းနေ “သက်ရှိ အသေ”
  • နည်းနည်းခုတ်၊ နည်းနည်းဆုံးရှုံးခြင်းလော
  • “ကော်ဇော” ကိုလိပ်ပစ်လိုက်ခြင်း
  • မျိုးစိတ်များ မျိုးသုန်းနေခြင်း—သုန်းတော့ကော
  • စားသောက်ပွဲလည်းမမည် အငတ်ဘေးလည်းမဆိုက်
  • အလားအလာကောင်းသောအပင်များ
  • ဖြေရှင်းနည်းများအတွက် ရှာပုံတော်
    နိုးလော့!—၁၉၉၈
  • ‘ယေဟောဝါ၏သစ်ပင်တို့သည် ရောင့်ရဲလျက်ရှိကြ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • မိုးသစ်တောများ—ယင်းတို့ကို မပျက်စီးစေဘဲ အသုံးပြုနိုင်သလော
    နိုးလော့!—၂၀၀၄
  • မိုးသစ်တောများ—ယင်းတို့ကို ကယ်တင်နိုင်သလော
    နိုးလော့!—၂၀၀၄
နိုးလော့!—၁၉၉၈
န၉၈ ၃/၈ စာ. ၄-၉

မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ

အမေဇုန် မိုးသစ်တောကို လေယာဉ်ပေါ်မှကြည့်လိုက်လျှင် အော်ရီလာနာ ရှာဖွေတွေ့ရှိစဉ်ကအတိုင်းပင် ယခုအခါတွင် စိမ်းစိမ်းစိုစိုနှင့် အခြေအနေမပျက်တွေ့မြင်လိုက်ရခြင်းသည် တိုက်ကြီးတစ်တိုက်စာမျှကျယ်သော အမွေးဆုပ်ဖွားကော်ဇောကြီးတစ်ခုကို ပြေးမြင်မိစေသည်။ သင်သည် ပူအိုက်စွတ်စိုသောတောထဲတွင် ခက်ခက်ခဲခဲဖြတ်လျှောက်သွားကာ နို့တိုက်သတ္တဝါငယ် အရွယ်အစားလောက်ရှိသည့် အင်းဆက်ပိုးများကို ရှောင်သွားရင်းပကတိအခြေအနေမှန်များပျောက်ကာ စိတ်ကူးယဉ်မှု စတင်ဝင်ရောက်လာသောကြောင့် မဝေခွဲနိုင်အောင်ဖြစ်လာပေမည်။ မြင်တွေ့နေရသည့်သစ်ရွက်များမှာ လိပ်ပြာများသို့ပြောင်းသွားပြီး၊ နွယ်ပင်များမှာ မြွေများဖြစ်နေကာ သစ်ကိုင်းခြောက်အတိုအစများမှာ အမြန်ဆုံးနှုန်းဖြင့်ပြေးလွှားနေကြသော ကိုက်ဖြတ်စားသတ္တဝါများဖြစ်နေသည်။ အမေဇုန်သစ်တောထဲတွင် ထွင်လုံးကြောင့် အဖြစ်မှန်မှာ ဝိုးတဝါးဖြစ်နေဆဲပင်။

လေ့လာသူတစ်ဦးက “အမေဇုန်၏ ပကတိအဖြစ်မှန်သည် ယင်း၏ဒဏ္ဍာရီတမျှ ထူးထူးဆန်းဆန်းဖြစ်နေခြင်းမှာ လုံးဝမဖြစ်တန်ရာပင်” ဟုမှတ်ချက်ချသည်။ အမှန်ပင် ထူးဆန်းလှပါဘိ! အနောက်ဥရောပတမျှ ကျယ်ပြန့်သည့် သစ်တောကြီးတစ်ခုကို မြင်ယောင်လိုက်ပါ။ ယင်းတွင် ခြားနားသောမျိုးစိတ်ပေါင်း ၄,၀၀၀ ကျော်သည့်အပင်တို့ကို ပြွတ်သိပ်နေသည်ဟု မြင်ယောင်လိုက်ပါ။ မျိုးစိတ်ပေါင်း ၆,၀၀၀ ကျော်ထက်မက လှပသောပန်းပင်များဖြင့် တန်ဆာဆင်ပုံဖော်လိုက်ပါ။ ငှက်မျိုးစိတ်ပေါင်း ၁,၀၀၀ ၏တောက်ပသောအရောင်များဖြင့် ယင်းကို ဆေးရောင်ခြယ်ပါ။ နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၃၀၀ ဖြင့်အရည်အသွေးမြှင့်တင်လိုက်ပါ။ မျိုးစိတ်ပေါင်း နှစ်သန်းလောက်ရှိမည့် တဝီဝီမြည်တတ်သောပိုးမွှားများဖြင့် ပြည့်နှက်စေပါ။ အမေဇုန်သစ်တောကို သရုပ်ဖော်ရေးသားသူမည်သူမဆို အဘယ်ကြောင့် အသာလွန်ဆုံးအဆင့်စကားလုံးများကို အသုံးပြု၍အဆုံးသတ်ရကြောင်း ယခုသင်နားလည်နိုင်လောက်ပြီ။ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးသော ဤအပူပိုင်းမိုးသစ်တော၏ ဇီဝဆိုင်ရာ မျိုးပေါင်းစုံလင် ရှင်သန်ပေါက်ဖွားမှုမျိုးကို ယင်းအောက်နိမ့်သော မည်သည့်နှိုင်းယှဉ်မှုစကားလုံးမျှ မျှတလိုက်ဖက်မည်မဟုတ်ပါ။

ထီးတည်းနေ “သက်ရှိ အသေ”

လွန်ခဲ့သော အနှစ်ကိုးဆယ်က အမေရိကန်လူမျိုး စာရေးဆရာလည်းဖြစ်၊ ဟာသစာရေးဆရာလည်းဖြစ်သူ မာ့ခ် တွင်းက ဤစိတ်ဝင်စားစရာကောင်းသော သစ်တောကို “အာရုံဖမ်းစားရာနယ်မြေ၊ အပူပိုင်းဒေသအံ့ဖွယ်ရာများ မှိုလိုပေါက်သည့်နယ်မြေ၊ ပြတိုက်အမျိုးမျိုးတွင်ရှိ ကျေးငှက်၊ ပန်းမန်နှင့် သတ္တဝါအပေါင်းစုစည်းတည်ရှိရာ၊ မိချောင်းခေါင်းတို ခေါင်းရှည်နှင့် မျောက်တို့က တိရစ္ဆာန်ရုံတွင်ရှိနေဘိသည့်အလား ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ အေးအေးလူလူ စတည်းချရာ အာရုံဆန်းပြား စွန့်စားခန်းနယ်မြေ” အဖြစ်ဖော်ပြထားသည်။ ယနေ့ တွင်း၏ပညာသားပါပါစကားသည် စကားနောက်တရားပါ ဖြစ်သွားရလေသည်။ မကြာမီ ပြတိုက်များနှင့် တိရစ္ဆာန်ရုံများသည် အရေအတွက်တိုးများလာနေသော အမေဇုန်အပူပိုင်းဒေသအံ့ဖွယ်ရာများအတွက် ကျန်ရစ်သည့်တစ်ခုတည်းသော နေအိမ်များဖြစ်လာပေတော့မည်။ အဘယ်ကြောင့်နည်း။

အဓိကအကြောင်းရင်းမှာ လူတို့သည် အမေဇုန်မိုးသစ်တောကို ခုတ်လှဲပစ်ကြခြင်းဖြင့် ဒေသရှိ သစ်ပင်ပန်းပင်များနှင့်သတ္တဝါများ၏ သဘာဝနေအိမ်ကို အမြစ်မှလှန်ပစ်ကြခြင်းဖြစ်သည်။ သို့သော် သဘာဝအတိုင်း ရှင်သန်ပေါက်ဖွားရာဒေသကို အကြီးအကျယ်ဖျက်ဆီးပစ်ခြင်းအပြင် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို အသက်ရှိလျက်နှင့်ပင် “သက်ရှိ အသေ” ဘဝရောက်စေသည့် သာ၍သိမ်မွေ့သောအခြား အကြောင်းရင်းများရှိသည်။ တစ်နည်းဆိုရလျှင် မျိုးစိတ်များ မျိုးပြုန်းနေခြင်းမှ ရပ်စဲနိုင်ဖို့ဘာမျှမတတ်နိုင်ဟု အာဏာပိုင်များကယုံကြည်ကြ၏။

ယင်းအကြောင်းရင်းတစ်ခုမှာ ထီးတည်းတည်ရှိခြင်းဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ရေးကို စိတ်ဝင်စားကြသောအစိုးရအရာရှိများသည် သစ်တော၏အကွယ်ငယ်တစ်ကွက်တွင် ရှင်သန်နေကြသည့် မျိုးစိတ်များဘေးရန်ကင်းစေဖို့ စက်လွှတိုက်ခြင်းကို တားဆီးပေမည်။ သို့သော် ထီးတည်းဖြစ်နေသော သစ်တောငယ်သည် နောက်ဆုံးတွင် ဤမျိုးစိတ်များအား သေဆုံးရမည့်ကိန်းဆိုက်စေသည်။ အပူပိုင်းဒေသသစ်တောများကို ကာကွယ်ခြင်း—နိုင်ငံတကာထိပ်တန်းဦးစားထားရာ လုပ်ငန်းတစ်ရပ်က ထီးတည်းတည်ရှိနေသော သစ်တောငယ်သည် သက်ရှိကို ရေရှည်ထောက်ပံ့ပေးနိုင်စွမ်းမရှိခြင်းကိုဖော်ပြရန် သာဓကတစ်ခုပေးသည်။

အပူပိုင်းဒေသ-ပေါက် အပင်မျိုးစိတ်များတွင် အဖိုပင်နှင့်အမပင်များ ပါဝင်လေ့ရှိသည်။ မျိုးပွားရန်အတွက် ယင်းတို့သည် အဖိုပွင့်များမှအမပွင့်များသို့ ဝတ်မှုန်ကိုသယ်ဆောင်ပေးသည့်လင်းနို့များမှ အကူအညီရရှိကြ၏။ အမှန်မှာ အပင်တို့သည် လင်းနို့၏ပျံသန်းနိုင်သောဝန်းကျင်အတွင်း ပေါက်ရောက်မှသာလျှင် ဤဝတ်မှုန်ကူးခြင်း အထမြောက်အောင်မြင်သည်။ အဖိုပင်တစ်ပင်နှင့် အမပင်တစ်ပင်သည် အလွန်အလှမ်းကွာဝေးနေလျှင်—ပတ်ပတ်လည်တွင် မီးလောင်ပြင်ကျယ်ကြီးဖြင့် ဝိုင်းပတ်ခံထားရသည့် သီးခြားသစ်တောငယ်တစ်ခုအဖြစ်ရှိသကဲ့သို့ ဖြစ်ပျက်သောအခါ—အဆိုပါလင်းနို့မှာ ကြားပြတ်နေခြင်းကို ပေါင်းကူးတံတားမထိုးပေးနိုင်ပါ။ ထိုအခါ အဆိုပါသစ်ပင်များသည် “ရေရှည်မျိုးပွားဖို့ မဖြစ်နိုင်တော့သောကြောင့် ‘သက်ရှိ အသေ’ အဖြစ်သို့ကူးပြောင်းသွားရသည်” ဟုမှတ်တမ်းကရေးသား၏။

သစ်ပင်များနှင့် လင်းနို့များကြားရှိ ဤကွင်းဆက်သည် အမေဇုန်သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ဆက်နွှယ်ချက်များထဲမှ တစ်ခုသာလျှင်ဖြစ်သည်။ ရိုးရိုးလေးတင်ပြရလျှင် အမေဇုန်သစ်တောသည် ကွဲပြားမှုအမျိုးမျိုးစုနေသော်လည်း တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်အပြန်အလှန်နှီးနွှယ်လျက်ရှိကြသော တည်းခိုစားသောက်၍ရသည့် အိမ်ကြီးတစ်လုံးနှင့်တူသည်။ ကျပ်သိပ်ထူထပ်ခြင်းကို ရှောင်ကြဉ်ဖို့ မှီတင်းနေသောအပင်နှင့်တိရစ္ဆာန်များသည် မိုးသစ်တော၏အထပ်အသီးသီးတွင်နေထိုင်ကြပြီး အချို့မှာ သစ်တော၏မြေညီထပ်နှင့်ကပ်ပြီးနေကြကာ အခြားမှာမူ အပေါ်ဆုံးအထပ်တွင်နေထိုင်ကြသည်။ အားလုံး လုပ်ငန်းကိုယ်စီရှိကြပြီး သူတို့သည် ၂၄ နာရီပတ်လုံး—အချို့တို့သည် နေ့ဘက်၊ အခြားမှာမူ ညအချိန်တွင်—အလုပ်လုပ်ကြ၏။ မျိုးစိတ်အားလုံး သူတို့၏ကျရာတာဝန်ကို လုပ်ဆောင်ခွင့်ရကြမည်ဆိုလျှင် အမေဇုန်ရှိ အပင်နှင့်တိရစ္ဆာန်များဖြင့် ဤရှုပ်ထွေးပွေလီလျက်ရှိသော အစုအဝေး၏လုပ်ငန်းဆောင်တာများမှာ အဆင်ပြေပြေစနစ်တကျ ဖြစ်သွားပေမည်။

သို့သော် အမေဇုန်၏ဂေဟစနစ်သည် ကျိုးပဲ့ပျက်စီးလွယ်သည်။ ဤသစ်တောကွက်တွင် လူ့ဝင်စွက်မှုက မျိုးစိတ်အနည်းငယ်ကိုသာ မတရားအမြတ်ထုတ်ခြင်းဖြစ်လျှင်ပင် သူတို့၏နှောင့်ယှက်မှုကြောင့် ဤအိမ်တောအုပ်၏အထပ်တိုင်းကို ဂယက်ရိုက်စေ၏။ ရေမြေသဘာဝထိန်းသိမ်းစောင့်ရှောက်မှုတွင် စိတ်ဝင်စားသူ နောမန် မိုင်ရာက အပင်မျိုးစိတ်တစ်မျိုး၏ မျိုးသုန်းခြင်းသည် နောက်ဆုံးတွင် သတ္တဝါမျိုးစိတ် ၃၀ မျှကိုသေကျေပျက်စီးစေနိုင်သည်ဟု ခန့်မှန်းလေသည်။ ထို့အပြင် အပူပိုင်းဒေသရှိသစ်ပင်အများစုမှာ သစ်စေ့တို့မျိုးပြန့်ခြင်းအတွက် တိရစ္ဆာန်များအပေါ် အမှီသဟဲပြုနေရပြန်သောကြောင့် တိရစ္ဆာန်မျိုးစိတ်များကို လူတို့သုတ်သင်ပစ်ခြင်းက ၎င်းတို့ဆောင်ရွက်ပေးနေသည့်အပင်တို့ကို မျိုးသုန်းခြင်းသို့ ဦးတည်စေသည်။ (“အပင်-ငါး ဆက်သွယ်ချက်” လေးထောင့်ကွက်ကိုရှု) ထီးတည်းတည်ရှိခြင်းကဲ့သို့ပင် သစ်တောထဲရှိမျိုးစိတ်များ၏ကူးလူးဆက်ဆံခြင်းကို နှောင့်ယှက်ခြင်းသည် “သက်ရှိ အသေ” အဖြစ်သို့ ပို၍ရောက်ရှိစေသည်။

နည်းနည်းခုတ်၊ နည်းနည်းဆုံးရှုံးခြင်းလော

အချို့သူများက ကျွန်ုပ်တို့၏ခန္ဓာတွင် လက်ချောင်းတစ်ချောင်း ထိရှသွားပြီးနောက် အရေဖျားအသားနုတက်လာသကဲ့သို့ပင် ခုတ်ထွင်ရှင်းလင်းထားသော မြေကွက်သည် အပင်သစ်များပြန်လည်ပေါက်ရောက်ပြီး စိမ်းစိုလာမည်ဟုတွေးယူကြကာ နယ်မြေငယ်များတောရှင်းပစ်ခြင်းကို အကြောင်းပြကြသည်။ မှန်ပါသလော။ အပြည့်အဝမဟုတ်ပါ။

လူတို့သည် တောရှင်းထားသောမြေကွက်ကို အချိန်အတန်ကြာအနှောင့်အယှက်ကင်းစွာထားမည်ဆိုလျှင် တောပြန်ထလာသည်မှာ မှန်ပါ၏။ သို့သော် အရည်အသွေးညံ့သောမိတ္တူတစ်စောင်သည် ရှင်းလင်းသော မူရင်းစာလွှာတစ်စောင်နှင့် အတန်အရာသာဆင်တူမည်ဖြစ်သကဲ့သို့ သဘာဝပေါက်ပင်အလွှာအသစ်သည်လည်း မူရင်းတောအုပ်နှင့် အတန်အရာဆင်တူနေမည်မှာ အမှန်ပင်။ ဘရာဇီးလူမျိုး ရုက္ခဗေဒပညာရှင် အီမ ဗိုင်အဲရာက ပြန်လည်၍အပင်များပေါက်နေသည်မှာ အနှစ်တစ်ရာရှိပြီးဖြစ်သော အမေဇုန်မှသစ်တောငယ်ကိုလေ့လာရာ သစ်တောအဟောင်းတွင် ဖြစ်ထွန်းလေ့ရှိသည့် အပင်မျိုးစိတ်ပေါင်း ၂၆၈ ထဲမှ ၆၅ သာလျှင် ယနေ့သစ်တောတွင် ပြန်၍ဖြစ်ထွန်းလာကြောင်း တွေ့ရှိရသည်။ ထိုရုက္ခဗေဒပညာရှင်ကပင် ဤအလားတူကွာခြားမှုသည် ဒေသတွင်း တိရစ္ဆာန်မျိုးစိတ်များအတွက်လည်း အမှန်ပင်ဖြစ်သည်ဟု ပြော၏။ တောရှင်းခြင်းကြောင့် အချို့တို့ဆိုသကဲ့သို့ အစိမ်းရောင်သစ်တောများသည် အနီရောင်သဲကန္တာရ ဖြစ်မသွားသော်လည်း အမေဇုန်မိုးသစ်တော၏ အစိတ်အပိုင်းများသည် မူရင်းကိုမမီသည့်တောတုများအဖြစ်ရောက်ကြရလေသည်။

ထို့အပြင် သစ်တောတစ်ကြောမျှလောက်ကို ခုတ်လှဲပစ်ခြင်းသည်ပင် အခြားမည်သည့်နေရာတွင်မှမရှိဘဲ ထိုသစ်တောတစ်နေရာတည်းတွင်သာ ရှင်သန်ပေါက်ပွားကာ တွားသွား၍ ကုတ်ကပ်တွယ်တက်သည့် အပင်များနှင့် သတ္တဝါများစွာကို ဖျက်ဆီးပစ်လေ့ရှိသည်။ ဥပမာ အီကွေဒေါမှ သုတေသီတို့သည် အပူပိုင်းသစ်တောရှိ တစ်စတုရန်းမိုင်၏ဆယ်ပုံခုနစ်ပုံအကျယ်အဝန်းတွင် အပင်မျိုးစိတ်ပေါင်း ၁,၀၂၅ ကိုတွေ့ရှိကြသည်။ ယင်းတို့ထဲမှ မျိုးစိတ်ပေါင်း ၂၅၀ ကျော်သည် ကမ္ဘာ၏အခြားမည်သည့်နေရာဒေသ၌မှ မပေါက်ရောက်ပါ။ ဘရာဇီးလူမျိုး ဂေဟဗေဒပညာရှင် ရိုဇာယို ဂရီဘာလ်က “ဆိုအီ ဒီ ကိုလေရာ (အင်္ဂလိပ်အခေါ် မျက်နှာကွက်ကြား တမာရင်းမျောက်) မှာဒေသခံဥပမာတစ်ခုဖြစ်သည်” ဟုပြော၏၊ ယင်းသည် အဖြူရောင် တီ-ရှပ်ကို ဝတ်ဆင်ထားသည်နှင့်တူသော ချစ်စရာကောင်းသည့် မျောက်ငယ်လေးဖြစ်သည်။ ဒေါက်တာ ဂရီဘာလ်က “ကျန်ရှိသည့် အနည်းငယ်တို့မှာ အလယ်ပိုင်းအမေဇုန်ရှိ မာနာအပ်စ်မြို့အနီး သစ်တောတစ်ကြောလေး၌သာ နေထိုင်ကြသော်လည်း အဆိုပါသဘာဝဇာတိမြေမျှလောက်ကို ဖျက်ဆီးပစ်လိုက်ခြင်းက ဤမျိုးစိတ်များကို ထာဝစဉ်သုတ်သင်ပစ်လိုက်ရာကျမည်” ဟုဆိုသည်။ ခုတ်လှဲခြင်းမှာ အနည်းငယ်ဖြစ်သော်လည်း ဆုံးရှုံးခြင်းမှာ အကြီးအကျယ်ပင်။

“ကော်ဇော” ကိုလိပ်ပစ်လိုက်ခြင်း

သို့သော် လုံးဝတောပြုန်းစေခြင်းက အမေဇုန်မိုးသစ်တောအပေါ် ထိတ်လန့်ဖွယ်အကောင်းဆုံး အရိပ်မည်းများကျရောက်စေသည်။ လမ်းဖောက်သူများ၊ သစ်ခုတ်သမားများ၊ သတ္တုတွင်းအလုပ်သမားများနှင့် အခြားလူအစုအဝေးတို့သည် ကြမ်းခင်ကော်ဇောနှင့်တူသော သစ်တောကို လိပ်ပစ်လိုက်ခြင်းဖြင့် မျက်စိတစ်မှိတ်အတွင်း ဂေဟစနစ်တစ်ခုလုံးကို ဖြိုလှဲဖျက်ဆီးပစ်လိုက်ကြသည်။

နှစ်စဉ်သစ်တောဖျက်ဆီးခြင်းနှုန်း၏ တိကျသောတွက်ဆမှုများနှင့်ပတ်သက်၍ ဘရာဇီးနိုင်ငံတွင် အလွန်သဘောကွဲလွဲမှုရှိသော်လည်း—သတိထား၍အကဲခတ်ချက်က နှစ်စဉ် ၁၄,၀၀၀ စတုရန်းမိုင်ရှိမည်ဟုခန့်မှန်းဖော်ပြသည်—ပျက်စီးနှင့်ပြီးဖြစ်သော အမေဇုန်မိုးသစ်တော၏စုစုပေါင်းအကျယ်မှာ ၁၀ ရာခိုင်နှုန်းကျော်ရှိမည်၊ ယင်းသည် ဂျာမနီနိုင်ငံအကျယ်အဝန်းထက် ကျယ်သည်။ ဘရာဇီးနိုင်ငံ၏ လူအများသိ ပတ်စဉ်သတင်းဗေဇာက ၁၉၉၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း တောင်ယာခုတ်သူများကြောင့် အကြိမ်ပေါင်း ၄၀,၀၀၀ ခန့်—လွန်ခဲ့သောနှစ်ထက် ငါးဆများသည့်—တောမီးလောင်ခဲ့သည်ဟုဖော်ပြသည်။ လူတို့သည် ဇောဖြင့်တောမီးရှို့ကြသဖြင့် အမေဇုန်၏အစိတ်အပိုင်းတို့သည် “အစိမ်းရောင်နယ်သစ်ဒေသရှိ မီးလောင်တိုက်” နှင့်တူလာသည်ဟု ဗေဇာကသတိပေးသည်။

မျိုးစိတ်များ မျိုးသုန်းနေခြင်း—သုန်းတော့ကော

‘ဒါပေမဲ့’ တချို့က ‘ကျွန်ုပ်တို့မှာ သန်းနဲ့ချီတဲ့အဲ့ဒီမျိုးစိတ်အားလုံး လိုအပ်လို့လား’ ဟုမေးပေမည်။ အမှန်ပင်လိုအပ်ပါသည်ဟု ဟားဗာ့ဒ်တက္ကသိုလ်မှ သဘာဝရင်းမြစ်ထိန်းသိမ်းရေးဝါဒီ အက်ဒွက် အို. ဝေလ်ဆင်က အကျိုးသင့်အကြောင်းသင့်ပြော၏။ ဝေလ်ဆင်က “ကျွန်ုပ်တို့သည် ရေကို သန့်စင်ရန်၊ မြေဆီမြေနှစ်ကြွယ်ဝလာစေရန်နှင့် ကျွန်ုပ်တို့ ရှူရှိုက်နေသောလေကို ဖန်တီးရန် ဂေဟစနစ်များ၏ဆောင်ရွက်မှုပေါ်တွင် မှီခိုရသောကြောင့် ဇီဝအမျိုးမျိုးတွင် အမှုမထားစွန့်ပစ်ရမည့်အရာ တစ်ခုမျှမရှိကြောင်း ထင်ရှားနေသည်” ဟုဆို၏။ လူ၊ သစ်ပင်နှင့် မူပိုင်ခွင့်စာအုပ်က ဤသို့ဆိုသည်– “မျိုးစုအမျိုးမျိုး အကြီးအကျယ်ပေါက်ပွားနေခြင်းမှာ လူသားတို့ အသက်ရှင်ရပ်တည်ဖို့ သော့ချက်ဖြစ်ပေမည်။ မျိုးစုများမျိုးသုန်းသွားလျှင် မကြာမီ ကျွန်ုပ်တို့လည်း ယင်းသို့နောက်လိုက်သွားရလိမ့်မည်။”

အမှန်မှာ မျိုးစိတ်များကို ဖျက်ဆီးခြင်း၏ဂယက်ရိုက်မှုသည် သစ်ပင်များကိုခုတ်လှဲခြင်း၊ သတ္တဝါများကိုအန္တရာယ်ပေးခြင်းနှင့် ဇာတိမြေကိုနှောင့်ယှက်ခြင်းထက်မက တာသွားပါသည်။ (“လူ့ပယောဂ” လေးထောင့်ကွက်ကိုရှု။) သစ်တောများ ကျဉ်းလာခြင်းကြောင့် သင့်ကို ထိခိုက်နိုင်သည်။ ဤအချက်ကို စဉ်းစားကြည့်ပါ– မိုဇမ်ဘစ်တွင် လယ်သမားတစ်ဦး ပီလောပီနံပင်စည်ကိုလှီးဖြတ်ခြင်း၊ ဥဇဘက်ကစ္စတန်တွင် မိခင်တစ်ဦးသန္ဓေတားဆေးကို အသုံးပြုခြင်း၊ ဆာရာယေဗိုတွင် ဒဏ်ရာရသည့် လူငယ်လေးတစ်ဦးကို မော်ဖင်းပေးခြင်း၊ သို့မဟုတ် နယူးယောက်မြို့ စတိုးဆိုင်တွင် အမျိုးသမီးဈေးဝယ်သူတစ်ဦး နိုင်ငံခြားဖြစ်ရေမွှေးကို အနံ့ခံခြင်း—ထိုသူတို့အားလုံး အသုံးပြုသည့်ထွက်ကုန်တို့မှာ အပူပိုင်းသစ်တောမှထွက်ခြင်းဖြစ်သည်ဟု ပေးနပ်စ်အဖွဲ့အစည်းက ဖော်ပြသည်။ သို့ဖြင့် တည်ရှိနေဆဲသစ်တောသည် သင်အပါအဝင် ကမ္ဘာတစ်ဝန်းရှိလူတို့ကို အကျိုးပြုနေသည်။

စားသောက်ပွဲလည်းမမည် အငတ်ဘေးလည်းမဆိုက်

အမေဇုန်မိုးသစ်တောသည် ကမ္ဘာတစ်ဝန်းကို စားသောက်ပွဲတည်ခင်းမပေးနိုင်သော်လည်း ယင်းသည် ကမ္ဘာချီအငတ်ဘေးကို ကာကွယ်ရန်ထောက်ကူပေးနိုင်သည်။ (“မြေသြဇာကောင်းခြင်း ဒဏ္ဍာရီ” လေးထောင့်ကွက်ကိုရှု) မည်သည့်နည်းဖြင့်နည်း။ ၁၉၇၀ ပြည့်လွန်နှစ်များက လူတို့သည် အမျိုးအတော်စုံလှသော ထွက်နှုန်းကောင်း အပင်များကိုစတင်စိုက်ပျိုးခဲ့ကြ၏။ ဤသီးနှံထွက်နှုန်းမြင့်မားသော အပင်သစ်များသည် နောက်ထပ်လူသန်းပေါင်း ၅၀၀ ကို ကျွေးမွေးထောက်ပံ့နိုင်သော်လည်း လှည့်ကွက်တစ်ခုရှိခဲ့သည်။ ယင်းတို့သည် မျိုးရိုးဗီဇပြောင်းလဲမှု မရှိသောကြောင့် အားနွဲ့ပြီး ရောဂါကိုခုခံနိုင်ခြင်းမရှိပါ။ ဗိုင်းရတ်တစ်မျိုးက နိုင်ငံ၏ထွက်နှုန်းကောင်းသောသီးနှံများကို အများအပြားပြုန်းတီးစေနိုင်ရာ ငတ်မွတ်ဘေးစလေတော့သည်။

သို့ဖြင့် ပို၍ဒဏ်ခံနိုင်စွမ်းရှိသော သီးနှံများကို ထုတ်လုပ်ရန်နှင့် ငတ်မွတ်မှုကိုတားဆီးရန် ယူအဲန် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) က “မျိုးရိုးဗီဇဆိုင်ရာပစ္စည်း အမျိုးမျိုးအစားစားကိုအသုံးပြုဖို့” ယခုအချိန်တွင် တိုက်တွန်းထားသည်။ သို့ဖြင့် အဆိုပါမိုးသစ်တောနှင့် ယင်းတွင် မှီတင်းနေထိုင်သူတို့၏ အခန်းကဏ္ဍပါဝင်လာသည်။

ကမ္ဘာ့အပင်မျိုးစိတ်များ၏ ထက်ဝက်ကျော်မှာ (စားနပ်ရိက္ခာသီးနှံများအဖြစ် ဖြစ်လာနိုင်စွမ်းရှိသော မျိုးစိတ်ပေါင်း ၁,၆၅၀ ခန့်အပါအဝင်) အပူပိုင်းသစ်တောများထဲတွင် ပေါက်ရောက်ရာ အမေဇုန်ပျိုးခင်းသည် အရိုင်းပင်မျိုးစိတ်များရှာဖွေနေကြသော မည်သည့်သုတေသီမဆိုအတွက် စံနယ်မြေဖြစ်သည်။ ထို့အပြင် အဆိုပါသစ်တောတွင် နေထိုင်သူတို့သည် ဤအပင်များကို မည်သို့မည်ပုံအသုံးပြုနိုင်ကြောင်း သိထားကြသည်။ ဥပမာ၊ ဘရာဇီး ကေအေပို အင်းဒီးယန်းတို့သည် သီးနှံသစ်အမျိုးမျိုးကို မျိုးစပ်တတ်ကြရုံမျှမကဘဲ တောင်စောင်းရှိမျိုးရိုးဗီဇဘဏ်များမှ မျိုးနမူနာများမပျက်စီးအောင် ထိန်းသိမ်းထားတတ်ကြသည်။ ယင်းသီးနှံရိုင်းများနှင့် ရောဂါရလွယ်သောသီးနှံယဉ်အမျိုးမျိုးကို အပြန်အလှန်မျိုးစပ်ရာမှ လူတို့၏စားပင်သီးနှံများ သန်စွမ်းဖို့နှင့် ဒဏ်ခံနိုင်စွမ်းရှိဖို့ အထောက်အကူဖြစ်ပေမည်။ အက်ဖ်အေအိုက “နောက်လာမည့် ၂၅ နှစ်အတွင်း စားနပ်ရိက္ခာ ၆၀ ရာခိုင်နှုန်း တိုး၍ထွက်ရှိရန်လိုအပ်သည်” ဟုပြောထားရာ ဤတွန်းအားပေးမှု အရေးတကြီးလိုအပ်နေသည်။ သို့ပါသော်လည်း သစ်တောကို စိစိညက်ညက်ကျေစေသော မြေထိုးစက်များသည် အမေဇုန်မိုးသစ်တော၏တောနက်ထဲသို့ ဆက်လက်၍ တိုးဝှေ့ဝင်ရောက်လျက်ရှိသည်။

ရလဒ်ကား အဘယ်နည်း။ မိုးသစ်တောကို လူတို့ဖျက်ဆီးပစ်ခြင်းသည် မိမိ၏ပြောင်းမျိုးစေ့ကို စားပစ်သည့်လယ်သမားတစ်ဦးနှင့် အလွန်ပင်ဆင်တူသည်—သူသည် လတ်တလော မိမိ၏ဆာလောင်မှုကို ပြေပျောက်စေနိုင်သော်လည်း အနာဂတ်တွင်အစားအစာရရှိဖို့ အန္တရာယ်ဖြစ်စေသည်။ ဇီဝအမျိုးမျိုးနှင့်ပတ်သက်၍ ကျွမ်းကျင်သူများဖြင့်ဖွဲ့စည်းထားသော အုပ်စုတစ်စုသည် မကြာသေးမီက “ကျန်ရှိသောသီးနှံအမျိုးမျိုးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တိုးတက်ဖြစ်ထွန်းစေခြင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ အလွန်အရေးပါသောကိစ္စတစ်ရပ်ဖြစ်သည်” ဟုသတိပေးသည်။

အလားအလာကောင်းသောအပင်များ

ယခု သစ်တောထဲရှိ “ဆေးဆိုင်” ထဲသို့ဝင်လာပါလေ၊ လူတို့၏အနာဂတ်အရေးသည် အပူပိုင်းဒေသနွယ်ပင်များအပြင် အခြားအပင်များနှင့်ဆက်နွှယ်လျက်ရှိကြောင်း သင်တွေ့မြင်ပေမည်။ ဥပမာ၊ ခွဲစိတ်ကုသမှုမတိုင်မီ ကြွက်သားများကိုလျှော့ချဖို့ အမေဇုန်ရှိ နွယ်ပင်များမှ အယ်လ်ကာလွိုက်ကိုထုတ်ယူသည်; တောပန်းတစ်မျိုးဖြစ်သည့် ပန်းရောင်ပွင့်သော သင်္ဘောမညှိုးပင်တွင်တွေ့ရှိရသည့် ဓာတုပစ္စည်းများကျေးဇူးကြောင့် လူကီးမီးယားရောဂါဖြစ်နေသောကလေး ၅ ယောက်တွင် ၄ ယောက်ကို အသက်ဆက်ပေးနိုင်ခဲ့သည်။ အဆိုပါသစ်တောသည် ငှက်ဖျားရောဂါတိုက်ဖျက်ရာတွင် အသုံးပြုသော ကွီနိုင်ဆေး; နှလုံးအားနည်းခြင်းကို ကုစားရာ၌ အသုံးပြုသော ဒစ်ဂျီတယ်လစ်ဆေး; အပြင် သန္ဓေတားရာတွင် အသုံးပြုသော ဒိုင်အေစ်ဂျင်းဆေးတို့ကိုပေးသည်။ အခြားအပင်တို့သည် အေအိုင်ဒီအက်စ်နှင့် ကင်ဆာရောဂါကိုတိုက်ဖျက်ဖို့ အလားအလာရှိကြောင်းပြသခဲ့ပြီ။ ယူအဲန်မှတ်တမ်းတစ်ခုက “အမေဇုန်သစ်တောတစ်ခုအတွင်း၌ပင် အပင်မျိုးစိတ်ပေါင်း ၂,၀၀၀ ကို ဆေးဝါးအဖြစ် ဒေသခံလူတို့က အသုံးပြုကြပြီး ယင်းတို့ကိုဆေးဝါးဖော်စပ်နိုင်ကြောင်း မှတ်တမ်းတင်ခဲ့ကြ၏” ဟုဆိုသည်။ အခြားလေ့လာချက်တစ်ခုက ကမ္ဘာတစ်ဝန်း၌ လူ ၁၀ ယောက်တွင် ၈ ယောက်မှာ မိမိတို့၏အဖျားအနာကို ဆေးဝါးပင်များအသုံးပြု၍ ကုသခဲ့ကြ၏ဟုဖော်ပြသည်။

ထို့ကြောင့် ကျွန်ုပ်တို့အား အသက်ကယ်သည့် အပင်များကို ကာကွယ်ပေးခြင်းသည် ဆင်ခြင်တုံတရားနှင့်ညီ၏ဟု ဒေါက်တာ ဖိလစ် အမ် ဖရန်ဆိုဒ်က ပြောသည်။ ”အမေဇုန်သစ်တောတို့ကို တောပြုန်းစေခြင်းက ကင်ဆာရောဂါကုသနည်းများရှာဖွေဖို့ ကြိုးစားအားထုတ်မှုအလားအလာကို အလွန်လျော့နည်းစေသည် . . .။ အစွမ်းထက်သောခေတ်မီဆေးဝါးများ ရရှိထားသည်ဟူသောသဘောထားက ကျွန်ုပ်တို့အား ဤဆေးသိုလှောင်ရုံများ၏ ပဓာနကျသောအပိုင်းကို လျစ်လျူရှုမိစေသည်၊ အသက်အန္တရာယ်ရှိနိုင်သည့်အထိ မာန်ဝင့်နေသည့် လက္ခဏာပင်ဖြစ်သည်” ဟုထပ်ဆင့်၍ပြောသည်။

သို့ဖြစ်စေကာမူ လူတို့သည် အပင်များနှင့် တိရစ္ဆာန်များကို ရှာဖွေတွေ့ရှိကာ အမျိုးအစားခွဲခြားသတ်မှတ်နိုင်ခြင်းထက် ဆက်လက်၍ဖျက်ဆီးပစ်ခြင်းက ပို၍မြန်ဆန်နေသည်။ ယင်းက သင့်ကို ဤအတွေးများ ပေါ်စေမည်– သစ်တောပြုန်းတီးစေခြင်းမှာ အဘယ်ကြောင့် ဆက်လက်၍ဖြစ်ပျက်နေသနည်း။ ဤသို့ဖြစ်ပျက်နေခြင်းကို ပြောင်းလဲပစ်နိုင်သလော။ အမေဇုန်မိုးသစ်တောအတွက် အနာဂတ် ရှိနိုင်မည်လော။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

မြေသြဇာကောင်းခြင်းဆိုင်ရာ ဒဏ္ဍာရီ

အမေဇုန်မြေဆီလွှာသည် မြေသြဇာကောင်းသည်ဟူသည့် အယူအဆမှာ “ပစ်ပယ်ဖို့ခက်သည့် ဒဏ္ဍာရီ” တစ်ခုဖြစ်သည်ဟု ကောင်တာပါ့တ် မဂ္ဂဇင်းကဖော်ပြသည်။ ၁၉ ရာစုနှစ်တွင် နယ်သစ်ရှာဖွေသူ အလက်ဇန်းဒါး ဗို ဟယူဘိုဒ်က အမေဇုန်ကို “ကမ္ဘာ့စပါးကျီ” အဖြစ်ဖော်ပြလေသည်။ ရာစုနှစ်တစ်ခုကြာပြီးနောက် အမေရိကန်ပြည်ထောင်စုသမ္မတ သီဒို ရူးစဗတ်က အမေဇုန်သည် မြေယာကောင်းဖြစ်ရန် အလားအလာရှိကြောင်း အလားတူယူမှတ်၏။ သူက “ယင်းသို့ မြေဆီမြေနှစ်ကြွယ်ဝသည့်မြေကို ပစ်စလက်ခတ်ထားခွင့်မပြုနိုင်” ဟုရေးခဲ့သည်။

အမှန်မှာ သူတို့ကဲ့သို့ယုံကြည်သောလယ်သမားတို့သည် တစ်နှစ်၊ နှစ်နှစ်လောက် သီးနှံအတော်အတန်ထွက်ရှိကြောင်း မြင်တွေ့ ခဲ့ကြသည်၊ အကြောင်းမှာ သစ်ပင်နှင့် အပင်တို့ကို မီးရှို့ရာမှရရှိသောပြာများသည် မြေသြဇာဖြစ်သွားသောကြောင့်ဖြစ်သည်။ သို့သော် ထိုနောက်တွင် မြေဆီလွှာသည် မသီးမပွင့်သောမြေဖြစ်သွားလေ၏။ ထိုသစ်တော၏ စိမ်းလန်းပြီးစိမ်းညို့သန်စွမ်းခြင်းက အောက်ခြေတွင်မြေဆီမြေနှစ်ကြွယ်ဝပုံရှိသော်လည်း အမှန်မှာ မြေကြီးသည် သစ်တော၏ အားနည်းသည့်အပိုင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။

နိုးလော့! က အမေဇုန်အကြောင်းသုတေသနပြုပြီး မိုးသစ်တောမြေဆီလွှာနှင့်ပတ်သက်၍ ကျွမ်းကျင်သော နိုင်ငံတကာတက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ ဖလက်ဗ်ယူ ဂျေ. လူဇယန်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ အောက်ပါတို့မှာ သူ၏မှတ်ချက်အချို့ဖြစ်သည်–

‘အခြားသစ်တောမြေဆီလွှာများစွာနှင့်မတူဘဲ အမေဇုန်မြစ်ဝှမ်းရှိ မြေဆီလွှာအများစုမှာ အာဟာရဓာတ်များကို အောက်မှအထက်သို့၊ ကြေပျက်နေသောကျောက်မှ မရရှိပါ၊ အကြောင်းမှာ မူလကျောက်ကိုယ်နှိုက်က အာဟာရဓာတ်ချို့တဲ့သည့်အပြင် မြေမျက်နှာပြင်၏ အလွန်နက်သောအပိုင်းတွင် တည်ရှိ၍ဖြစ်သည်။ ယင်းအစား အပေါ်ယံမြေလွှာသည် အထက်မှအောက်သို့ မိုးရေနှင့် အမှိုက်သရိုက်များမှ အာဟာရဓာတ်များကို ရရှိသည်။ သို့သော် မိုးရေနှင့် ကြွေကျသောသစ်ရွက်များ နှစ်မျိုးစလုံးသည် အာဟာရဓာတ်အဖြစ်ပြောင်းသွားဖို့ အကူအညီလိုအပ်သည်။ အဘယ်ကြောင့်နည်း။

‘မိုးသစ်တောထဲသို့ ကျရောက်လာသော မိုးရေကိုယ်နှိုက်တွင် အာဟာရဓာတ်များစွာ မပါရှိပါ။ သို့သော် ယင်းသည် သစ်ရွက်များပေါ်ကျရောက်ပြီး သစ်ပင်များ၏ပင်စည်တစ်လျှောက် စီးဆင်းလာသည့်အခါ သစ်ရွက်များ၊ သစ်ကိုင်းများ၊ ရေညှိ၊ အယ်လဂျီ၊ ပုရွက်ဆိတ်အသိုက်များ၊ ဖုန်မှုန့်တို့မှ အာဟာရဓာတ်များကို ရယူလာသည်။ ထိုရေသည် မြေဆီလွှာထဲသို့ စိမ့်ဝင်သွားချိန်၌ အပင်များအတွက် အစာကောင်းအဖြစ်ရောက်သွားလေတော့သည်။ မြစ်ချောင်းများထဲသို့ ဤအစာပါသောအရည်များ မစီးဆင်းသွားစေဖို့ မြေဆီလွှာသည် အပေါ်ယံမြေလွှာတွင် လက်မအနည်းငယ်မျှ ဖျာတစ်ချပ်ကဲ့သို့ ရောယှက်၍ဖြာလျက်ရှိသောအမြစ်များအားဖြင့် ဆင်ထားသည့် အာဟာရထောင်ချောက်ကို အသုံးပြုသည်။ ဤမိုးရေကိုပင်လက်ခံရရှိသော မြစ်ချောင်းများတွင် အာဟာရဓာတ်ပါဝင်နှုန်းသည် သစ်တောမြေဆီလွှာထက် သာ၍လျော့နည်းနေခြင်းမှာ အဆိုပါထောင်ချောက်၏ထိရောက်မှု သာဓကတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ရေသည် မြစ်ချောင်းများထဲသို့ မစီးဆင်းမီ အာဟာရဓာတ်များမှာ သစ်မြစ်များအတွင်းသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်။

‘အစာ၏အခြားပင်ရင်းတစ်ခုမှာ အမှိုက်သရိုက်များ—ကြွေကျသောသစ်ရွက်သစ်ခက်များနှင့် အသီးများ—ဖြစ်သည်။ နှစ်စဉ် ရှစ်တန်ခန့်ရှိသော အမှိုက်များသည် သစ်တောကြမ်းပြင်၏ တစ်ဟက်တာ [နှစ်ဧကခွဲ] ပေါ်သို့ကျရောက်သည်။ သို့သော် အဆိုပါအမှိုက်သရိုက်သည် မြေမျက်နှာပြင်အောက်နှင့် အပင်တို့၏အမြစ်အဖွဲ့အစည်းအတွင်းသို့ မည်သို့ရောက်ရှိသွားသနည်း။ ခြများက ကူညီပေးလေသည်။ ၎င်းတို့သည် သစ်ရွက်များမှ ချပ်ပြားပုံအပိုင်းအစများ ဖြတ်တောက်ပြီး ယင်းအပိုင်းအစများကို မြေအောက်ခြအုံရှိရာသို့ သယ်ဆောင်သွားကြသည်။ အထူးသဖြင့် စိုစွတ်သောရာသီဥတုအတွင်း ၎င်းတို့သည် အလုပ်များသောအုပ်စုဖြစ်ပြီး အံ့အားသင့်စရာကောင်းလောက်အောင်ပင် သစ်တောကြမ်းပြင်တစ်လျှောက်ရှိ အမှိုက်သရိုက် ၄၀ ရာခိုင်နှုန်းကို မြေအောက်သို့သယ်ယူလေသည်။ ထိုနေရာတွင် အဆိုပါသစ်ရွက်များကိုအသုံးပြု၍ မှိုကိုစိုက်ပျိုးရန် ဥယျာဉ်များကို တည်ကြလေသည်။ တစ်ဖန် ဤမှိုက အပင်ပစ္စည်းများကို ဆွေးမြည့်ကြေပျက်စေပြီး နိုက်ထရိုဂျင်၊ ဖော့ဖရတ်၊ ကယ်လဆီယမ်နှင့် အခြားဒြပ်စင်များ—အပင်များအတွက် အဖိုးတန်သော အာဟာရဓာတ်များ—ကို ထုတ်ပေးလေသည်။

‘ယင်းမှ ခြများ အဘယ်အရာကိုရရှိကြသနည်း။ ရိက္ခာဖြစ်သည်။ သူတို့သည် မှိုများကိုစားသုံးကြသည့်အပြင် သစ်ရွက်များ၏ အချို့အပိုင်းအစလေးများကိုလည်း မျိုချကြပေမည်။ ထို့နောက်တွင် ခြတို့၏အူထဲတွင်ရှိသော အဏုဇီဝရုပ်များက အစာများကို ဓာတ်ပြောင်းလဲပေးကြရာ ရလဒ်အဖြစ် အင်းဆက်များ၏အညစ်အကြေးများသည် အပင်၏ အာဟာရဓာတ်ကြွယ်ဝသောအစာ ဖြစ်လာလေသည်။ သို့နှင့် မိုးရွာခြင်းနှင့် ဇီဝပစ္စည်းသံသရာလည်ခြင်းမှာ မိုးသစ်တောများ ဆက်လက်တည်ရှိရေး၏ အခြေခံအကြောင်းနှစ်ရပ်ဖြစ်သည်။

‘သင်သည် သစ်တောကို ရှင်းရှင်းလင်းလင်းခုတ်ပစ်၍ မီးရှို့ပစ်လျှင် ဖြစ်ပျက်လာနိုင်သောအရာကို မြင်ယောင်ရန် လွယ်ကူပေမည်။ မိုးရွာလျှင် ကြားဖြတ်ဆီးတားပေးသောမျက်နှာကြက်သော်လည်းကောင်း၊ သံသရာလည်ဖို့ အမှိုက်သရိုက်အလွှာသော်လည်းကောင်း ရှိတော့မည်မဟုတ်။ ယင်းအစား သဲကြီးမဲကြီးရွာသောမိုးက ပြောင်တလင်းခါနေသောမြေဆီလွှာကို အားပြင်းပြင်းဖြင့် တိုက်ရိုက်ရိုက်ခတ်ပြီး ၎င်း၏ဒဏ်ချက်က မျက်နှာပြင်ကိုမာကျောစေသည်။ တစ်ချိန်တည်း၌ နေရောင်ခြည်သည် မြေဆီလွှာပေါ်တိုက်ရိုက်ကျရောက်သဖြင့် မျက်နှာပြင်၏အပူချိန်ကို မြင့်တက်စေပြီး မြေဆီလွှာကို သိပ်သည်းစေသည်။ ရလဒ်ကား ယခု မြေပေါ်စီးဆင်းသွားသောမိုးရေသည် မြေဆီလွှာကို အာဟာရမပေးဘဲ မြစ်ထဲသို့စီးဝင်သွားသည်။ တောပြုန်းစေခြင်းနှင့် မီးရှို့ခြင်းကြောင့် မြေကြီးတွင် အာဟာရဓာတ်ဆုံးရှုံးမှုမှာ အလွန်များပြီး တောပြုန်းနေသောဝန်းကျင်အနီးတစ်ဝိုက်ရှိ မြစ်ချောင်းများသည် အာဟာရဓာတ်လွန်ကဲသွားလေရာ ရေနေမျိုးစိတ်များ၏အသက်တာကို အန္တရာယ်ပြုနေသည်။ ထင်ရှားနေသည်မှာ မနှောင့်ယှက်ဘဲထားလျှင် အဆိုပါသစ်တောသည် ယင်းကိုယ်ကိုရပ်တည်စေနိုင်သော်လည်း လူတို့၏ဝင်ရောက်စွက်ဖက်မှုက ဘေးဆိုးကိုဖြစ်စေသည်။’

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လူ့ပယောဂ

အနှောင့်အယှက်ပေးခြင်းနှင့် တောပြုန်းအောင်လုပ်ခြင်းတို့သည် အပင်များနှင့် တိရစ္ဆာန်များကိုသာမက လူသားများကိုပါ အန္တရာယ်ပြုနေသည်။ ဘရာဇီးအမေဇုန်ဒေသတွင် တစ်ချိန်ကနေထိုင်ခဲ့ကြသော အင်းဒီးယန်း ၅,၀၀၀,၀၀၀ တွင် ၃၀၀,၀၀၀ ခန့်သာ သူတို့၏ဝန်းကျင်သစ်တောနှင့်အတူ ကျန်ရစ်တော့သည်။ သစ်ခုတ်သမားများ၊ ရွှေရှာဖွေသူများနှင့် အခြားသူများသည် အဆိုပါ အင်းဒီးယန်းတို့ကို တိုး၍တိုး၍ အနှောင့်အယှက်ပေးလာကြပြီး များစွာတို့က အင်းဒီးယန်းတို့အား “တိုးတက်ကြီးပွားရေးအတွက် ဆူးငြောင့်ခလုတ်များ” အဖြစ်ယူမှတ်ကြသည်။

ထို့အပြင် အကြမ်းပတမ်းခံနိုင်သည့် ကဘိုကလက်စ်လူမျိုးလည်းရှိသည်။ သူတို့သည် အနှစ် ၁၀၀ ခန့်က အမေဇုန်ဒေသတွင် အခြေချခဲ့သည့် လူဖြူနှင့် အင်းဒီးယန်းရောစပ်သော ၎င်းတို့၏ဘိုးဘေးများမှ ဆင်းသက်လာသူများဖြစ်သည်။ မြစ်တစ်လျှောက် ခြေတံရှည်တဲများ၌ သူတို့နေထိုင်ကြပြီး “ဂေဟဗေဒ” ဟူသောအသုံးအနှုန်းကို ကြားဖူးမည်မဟုတ်ကြသော်လည်း သစ်တောကိုမဖျက်ဆီးဘဲ ယင်းမှရှာဖွေစားသောက်၍ နေထိုင်ကြသည်။ သို့သော်လည်း ယခု သူတို့၏နေအိမ်သစ်တောသို့ တိုင်းတစ်ပါးမှ လူသစ်များအုပ်စုလိုက် ဆက်တိုက်ဝင်ရောက်လာခြင်းကြောင့် သူတို့၏ဘဝအနာဂတ်ကို ထိခိုက်လာလေသည်။

အမှန်မှာ အမေဇုန်မိုးသစ်တောတစ်လျှောက် သစ်တော၏သံသရာများအပြင် မြစ်ရေ၏စည်းချက်ကျမှုနှင့်အတူ တစ်ပြေးညီတည်းနေထိုင်နေကြသော အခွံမာအသီးစုသိမ်းသူ၊ ရော်ဘာစေးလှီးသူ၊ တံငါသည်နှင့် အခြားဒေသခံများပါဝင်သော ဦးရေ ၂,၀၀၀,၀၀၀ ခန့်တို့၏ရှေ့ရေးမှာ မသေချာမရေရာချေ။ များစွာတို့က သစ်တောကိုထိန်းသိမ်းစောင့်ရှောက်ရာတွင် မဟော်ဂနီသစ်ပင်များနှင့် မင်နာတီးများကို ကာကွယ်ခြင်းထက် ကျော်လွန်၍ကြိုးစားအားထုတ်သင့်ကြောင်း ယူဆကြသည်။ သူတို့သည် တောတွင်းနေထိုင်သူတို့ကိုလည်း အကာအကွယ်ပေးသင့်သည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အပင်-ငါး ဆက်သွယ်ချက်

မိုးရာသီအတွင်း အမေဇုန်မြစ်ရေသည် မြင့်တက်လာပြီး သစ်တောများ၏မြေနိမ့်ပိုင်းတွင် ပေါက်ရောက်နေသောသစ်ပင်များကို ရေလွှမ်းသွားသည်။ ရေလွှမ်းမိုးမှု အမြင့်ဆုံးအချိန်တွင် ဤသစ်တောများထဲရှိ သစ်ပင်အများစုမှာ အသီးများသီးပြီး ယင်းတို့၏အစေ့များ ကြွေကျသည်—သို့သော် ၎င်းတို့ကို မျိုးပြန့်စေဖို့ ရေငုပ်သောကိုက်ဖြတ်စားသတ္တဝါများတော့ မရှိချေ။ ရေထဲရှိ အနံ့ခံအာရုံကောင်းသော အခွံမာသီးကိုခွဲနိုင်သည့် တမ်ဘာကငါး tambaqui (Colonnonea macropomum) ၏အပိုင်းဝင်လာသည်။ ရေတွင်နစ်မြုပ်နေသော သစ်ပင်များ၏အကိုင်းအခက်များကြား ကူးခပ်သွားလာယင်း သစ်စေ့များကြွေကျနိုင်တော့မည့် သစ်ပင်များ၏အနံ့ကို ခွဲခြားလေ၏။ သစ်စေ့များ ရေထဲသို့ကြွေကျလာရာတွင် အဆိုပါငါးသည် အစွမ်းထက်လှသော၎င်း၏မေးရိုးဖြင့် အခွံမာများကိုကိုက်ခွဲပြီး အစေ့များကိုမျိုချကာ ယင်းတို့၏ဘေးပတ်လည်ရှိ အသားပိုင်းကို အစာခြေဖျက်ပြီးနောက် စွန့်ထုတ်လိုက်သောအစေ့များမှာ ရေကျသွားသည့်အခါ သစ်တောကြမ်းခင်း၌ အပင်ပေါက်လာသည်။ ငါးနှင့် သစ်ပင်ကို အကျိုးဖြစ်ထွန်းစေသည်။ တမ်ဘာကငါးမှာ အဆီကိုသိုမှီးမိပြီး သစ်ပင်သည် မျိုးဆက်ကိုဖြစ်စေသည်။ ထိုသို့သောသစ်ပင်များကို ခုတ်ပစ်ခြင်းက တမ်ဘာကငါးများနှင့် အခြားအသီးစား-ငါး မျိုးစိတ်ပေါင်း ၂၀၀ ခန့်၏အသက်ရှင်ရပ်တည်ရေးကို အန္တရာယ်ပြုနေသည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လင်းနို့များသည် အဖိုမှ အမပွင့်များသို့ ဝတ်မှုန်ကို ကူးပေးသည်

[Credit Line]

Rogério Gribel

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင့်ပျိုးခင်းနှင့် ဆေးဆိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မီးရှို့ခြင်းက အစိမ်းရောင် နယ်မြေကို ခြိမ်းခြောက်နေ

[Credit Line]

Philip M. Fearnside

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ