ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၂/၈ စာ. ၁၇-၂၀
  • ပီတိဖြစ်စေသည့် မမျှော်လင့်သောဖြစ်ရပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပီတိဖြစ်စေသည့် မမျှော်လင့်သောဖြစ်ရပ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချစ်ရေးနှင့်ကောလိပ်
  • ဘာသာတရားကိုစိတ်ဝင်စားခြင်း
  • စိတ်သောကရောက်ရတဲ့ကာလ
  • ကျွန်တော့်ဘဝကိုပဲ့ကိုင်ပေးခြင်း
  • အဖေနဲ့ ကျွန်တော့်ဆက်ဆံရေး
  • ကျွန်တော့်ရဲ့မွေးမိခင်ကို တွေ့ခဲ့ရပုံ
  • ဖုန်းဆက်ကြည့်ရာ အံ့အားသင့်ရ
  • မမေ့နိုင်တဲ့ပြန်လည်တွေ့ဆုံမှု
  • ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားနဲ့ရော အမေနဲ့ပါ ပြန်သင့်မြတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မျက်စိများနှင့် နှလုံးတို့ကို ဆုလာဘ်တော်ပေါ်တွင် ဆက်၍စူးစိုက်ထားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျွန်မတို့ရဲ့မိဘများက ဘုရားသခင်ကို ချစ်မြတ်နိုးဖို့သင်ကြားပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၂/၈ စာ. ၁၇-၂၀

ပီတိဖြစ်စေသည့် မမျှော်လင့်သောဖြစ်ရပ်

မိမိသည် မွေးစားသားဖြစ်သည်ဟု ဒေးနာဖော့လ်ဇ်သိလိုက်ရသောအချိန်တွင် သူ့အသက်ရှစ်နှစ်ရှိပြီဖြစ်သည်။နှစ်များကြာပြီးနောက် ‘ငါ့အမေဘယ်သူလဲ၊ သူဘယ်လိုလူစားမျိုးလဲ၊ မွေးစားဖို့ငါ့ကိုသူဘာကြောင့်စွန့်ပစ်ခဲ့ရတာလဲ၊ငါ့မှာ ညီအစ်ကိုမောင်နှမတွေရှိသလား’ ဟူ၍ သူသိချင်ခဲ့သည်။ သူသည် နောက်ဆုံးတွင် မွေးမိခင်ကိုတွေ့ ခဲ့ရပုံနှင့် ၎င်းနောက် အလွန်ထူးခြားသော မမျှော်လင့်သည့်ဖြစ်ရပ်ဖြစ်သည့်ဒေးနာ၏ဇာတ်ကြောင်းကိုဖတ်ကြည့်ပါလေ။

၁၉၆၆ ခုနှစ်၊ ဩဂုတ်လမှာ အမေရိကန်ပြည်ထောင်စု၊ အလာစကာပြည်နယ်၊ ကက်ချီကန်မြို့မှာ ကျွန်တော်မွေးဖွားလာပါတယ်။ ကျွန်တော့်အစ်မပဲမ်က ကျွန်တော့်ထက် နှစ်နှစ်ကြီးတယ်။ ကျွန်တော်တို့အဖေဟာ အိန္ဒိယသတင်းဖြန့်ချိရေးဌာနအတွက် လူမှုရေးလုပ်သားတစ်ဦးဖြစ်ပြီး ခဏခဏပြောင်းရွှေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ အလာစကာပြည်နယ်မှာ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ အဲဒီနောက် အိုင်အိုဝါ၊ အိုကလာဟိုးမား၊ အရီဇိုးနား၊ အော်ရီဂွန်ပြည်နယ်တို့မှာ ကျွန်တော်တို့နေထိုင်ခဲ့ကြတယ်။

၁၉၇၅ ခုနှစ်နွေရာသီမှာ ဝစ်ကာဆင်းပြည်နယ်က ဆွေမျိုးတွေဆီ အလည်သွားတုန်းမှာ ကျွန်တော့်ရဲ့ဝမ်းကွဲတချို့က အခြားဝမ်းကွဲတစ်ယောက်အကြောင်း မကြင်နာတဲ့စကားတွေပြောကြတယ်။ “သူဟာမွေးစားသားပေါ့၊ ဖော့လ်ဇ်အစစ်မဟုတ်ဘူး” လို့သူတို့ပြောကြတယ်။ ကျွန်တော်တို့အိမ်ပြန်ရောက်တဲ့အခါ အမေ့ကိုမေးတော့ သူ့မျက်နှာပျက်သွားတာကို ကျွန်တော်အံ့အားသင့်မိတယ်။ မွေးစားတယ်ဆိုတာကို သူမရှင်းပြတယ်။ အဲဒီညမှာ သူမငိုပြီး ကျွန်တော်နဲ့ ကျွန်တော့်အစ်မကိုလည်း မွေးစားထားတာဖြစ်တယ်လို့ ပြောပြတယ်။

အဲဒီတုန်းက မွေးစားတယ်ဆိုတာကို ကျွန်တော်အရေးမထားခဲ့ပါဘူး၊ အတော်ကြာပဲ အဲဒီအကြောင်းကို ဆက်မစဉ်းစားဘူး။ ကျွန်တော့်မှာအမေနဲ့အဖေရှိတယ်၊ ကျွန်တော့်ဘဝဟာလည်း သာမန်အတိုင်းပါပဲ။ ကျွန်တော့်မိဘတွေက မပြောင်းရွှေ့တော့ဘဲ အခြေချဖို့ဆုံးဖြတ်ကြတယ်။ ကျွန်တော့်အသက်ကိုးနှစ်ရှိတဲ့အခါ ဝါရှင်တန်ပြည်နယ်၊ ဗန်ကူးဗားမြို့မှာ အခြေချခဲ့ကြတယ်။ အမေထက် အဖေနဲ့ကျွန်တော်ပိုရင်းနှီးတယ်။ တစ်ခါတလေ ကျွန်တော်က ကိုယ်လုပ်ချင်ရာကိုယ်လုပ်ပြီး ပုန်ကန်တတ်တဲ့သဘောရှိတော့၊ အဲဒါကြောင့်လည်း ကျွန်တော့်ကိုအမေစိတ်ပျက်ပြီး ကျွန်တော်တို့နှစ်ယောက် မရင်းနှီးတော့တာနေမှာပါ။

အချစ်ရေးနှင့်ကောလိပ်

ကျွန်တော်အထက်တန်းကျောင်းတက်နေချိန်မှာ ထရီးနာနဲ့တွေ့ဆုံခဲ့ပြီး ကျွန်တော်တို့ချက်ချင်းပဲချစ်ခင်သွားကြတယ်။ ဘွဲ့ရပြီးနောက် အော်ရီဂွန်ပြည်နယ်၊ ကော်ဗဲလ်လစ်စ်မြို့က အော်ရီဂွန်အစိုးရတက္ကသိုလ်မှာ စာပေပညာသင်ဆုကို ကျွန်တော်လက်ခံလိုက်တယ်။ အားလပ်ချိန်မှာ အထက်တန်းပြီးဖို့တစ်နှစ်လိုသေးတဲ့ထရီးနာရှိတဲ့ ဗန်ကူးဗားကို ခေါက်တုံ့ခေါက်ပြန်သွားခဲ့တယ်။ စာသိပ်မကြိုးစားပေမဲ့ ကောလိပ်မှာ ဘယ်နည်းနဲ့မဆိုအခြေအနေကောင်းမယ်လို့ ထင်ခဲ့မိတယ်။ ကျွန်တော့်ရဲ့ပထမဆုံး ပညာရည်တိုးတက်မှုမှတ်တမ်းက အတော့်ကိုအခြေအနေဆိုးတယ်၊ ကျွန်တော်ရခဲ့ဖူးတဲ့မှတ်တမ်းတွေထဲမှာ အညံ့ဆုံးပဲ! တကယ်ရှက်စရာပါပဲ။ ဒါပေမဲ့လည်း ထရီးနာဆီသွားလည်တာကို မရပ်တန့်ခဲ့ဘူး; သူ့ဆီအလည်သွားတိုင်း စာကျက်ဖို့ စာအုပ်တွေယူသွားတယ်။

တစ်နေ့ကျတော့ ဗန်ကူးဗားမြို့ကနေ ကျောင်းကိုမော်တော်ဆိုင်ကယ်စီးပြီးအပြန်မှာ ပြင်းထန်တဲ့ယာဉ်တိုက်မှုဖြစ်ခဲ့တယ်။ အဲဒီနောက်မကြာခင်မှာပဲ လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးရင်း ကားတစ်စီးက ကျွန်တော့်ကိုဝင်တိုက်လို့ ပိုပြင်းထန်တဲ့ဒဏ်ရာရခဲ့တယ်။ ကျွန်တော်အလုပ်ဝင်တာနဲ့ ကောလိပ်ပြန်တက်ချင်စိတ် မရှိတော့ဘူး။

ဘာသာတရားကိုစိတ်ဝင်စားခြင်း

အတန်ကြာတော့ ထရီးနာနဲ့ ကျွန်တော် အတူတူနေကြတော့တယ်။ ဘုရားသခင်ကို ကျွန်တော်တို့ယုံကြည်ပြီး ကိုယ်တော့်ကိုသိချင်ကြတယ်။ ဒါပေမဲ့ ချာ့ချ်တွေဟာ အယောင်ဆောင်လို့ ကျွန်တော်တို့ယူဆတယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် ကျမ်းစာကိုကြိုးစားဖတ်တယ်၊ ဒါပေမဲ့ နားမလည်ခဲ့ဘူး။

တစ်နေ့ကျတော့ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့မှာ ကျွန်တော်ရဲ့အလုပ်ဖော်တွေက ကျွန်တော်တွေ့ဖူးတဲ့လူတွေထဲမှာ အရည်မွန်ဆုံးလို့ထင်တဲ့လူတစ်ယောက်ကို မခံချင်အောင်စနေကြတယ်။ ရမ်ဒီဟာ သူတို့ရဲ့အနှောင့်အယှက်ကို အေးအေးဆေးဆေးသည်းခံတယ်။ အဲဒီနေ့နှောင်းပိုင်းမှာ ကျွန်တော်ကသူ့ကို “ခင်ဗျားဟာ ဓမ္မအမှုဆောင်တစ်ဦးဆို၊ ဟုတ်သလား” လို့မေးတယ်။

“ဟုတ်ပါတယ်” လို့သူကပြောတယ်။

“ဘယ်အဖွဲ့ကလဲ” လို့ကျွန်တော်မေးတယ်။

“ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ဦးပါ။”

“ယေဟောဝါသက်သေဆိုတာ ဘယ်သူတွေလဲ။”

“ခင်ဗျားတကယ်မသိဘူးလား” လို့အံ့အားသင့်တဲ့မျက်နှာအမူအရာနဲ့ ပြန်မေးတယ်။

“ဟုတ်တယ်” လို့ကျွန်တော်ပြောလိုက်တယ်။ “ယေဟောဝါသက်သေဆိုတာ ဘယ်သူတွေလဲ။ ကျွန်တော်သိသင့်သလား။”

“သိသင့်ပါတယ်” လို့သူကပြုံးပြုံးကလေးပြောပြီး “နေ့လယ်စာ ဘယ်မှာစားမလဲ” လို့မေးတယ်။

ဒါကတော့ နေ့လယ်စာစားချိန်မှာ ကျမ်းစာဆွေးနွေးတဲ့အချိန်တွေထဲက ပထမဦးဆုံးအကြိမ်ပါပဲ။ တစ်ညမှာ အဲဒီအကြောင်းတွေကို ထရီးနာကိုကျွန်တော်ပြောပြတယ်။ “ယေဟောဝါသက်သေတွေနဲ့စကားမပြောနဲ့” လို့သူမက ချက်ချင်းပြောတယ်။ “ဒီလူတွေဟာ လူ့ခွစာတွေပဲ! ခရစ်ယာန်မှမဟုတ်တာ။ ခရစ္စမတ်လည်းမကျင်းပကြဘူး။” ဒီအပြင် ယေဟောဝါသက်သေတွေအကြောင်း သူမ ကြားထားတဲ့တခြားအကြောင်းတွေကိုလည်း ကျွန်တော့်ကိုပြောပြတယ်။

“တစ်ယောက်ယောက်က မင်းကိုတော့ မဟုတ်ကဟုတ်ကတွေ ပြောထားပြီ” လို့ကျွန်တော်ပြောလိုက်တယ်။ အကြာကြီးစကားပြောပြီးတဲ့နောက်မှ သူမကြားထားတာတွေဟာ မမှန်ဘူးဆိုတာကို စိတ်ချစေနိုင်ခဲ့တယ်။ အဲဒီနောက် ကျွန်တော်ကတစ်ဆင့် ရမ်ဒီကို မေးခွန်းတွေမေးခိုင်းတယ်၊ ရှင်းလင်းတဲ့ကျမ်းစာအဖြေတစ်ခုပြီးတစ်ခုကို ကျွန်တော်ပြန်ပြောပြရတယ်။ နောက်ဆုံးတော့ ထရီးနာက “ဒါတွေအားလုံး ကျမ်းစာထဲမှာပါတယ်ဆိုတာ မသိခဲ့ဘူး၊ ဒါပေမဲ့လည်း သူတို့ကို လူ့ခွစာတွေလို့ပဲ ကျွန်မယူမှတ်တယ်။ သူနဲ့ကျမ်းစာဆက်ဆွေးနွေးချင်ရင် ကိုယ့်သဘောပဲ; အိမ်ပြန်လာပြီး ကျွန်မကိုတော့ မဆွယ်နဲ့” လို့ပြောတယ်။

စိတ်သောကရောက်ရတဲ့ကာလ

ကျမ်းစာကသိရှိလာတဲ့အရာတွေကို ကျွန်တော်ယုံကြည်တယ်၊ ဒါပေမဲ့ မလိုက်နာနိုင်ဘူးလို့ ကျွန်တော်ထင်မိတယ်။ ထရီးနာနဲ့ကျွန်တော်လည်း ခဏခဏရန်ဖြစ်နေပုံရှိတယ်။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့အတူ ကျွန်တော်တို့ရဲ့ရည်းစားတွေကိုထားပစ်ခဲ့ပြီး အိုကလာဟိုးမားမှာ ဘဝသစ်စဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့အလုပ်မှာ ခွင့်တင်လိုက်တယ်။ မကြာခင်မှာပဲ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ဟာ တက္ကဆက်ပြည်နယ် နယ်စပ်အနီးက မြို့ကလေးတစ်မြို့မှာ အိမ်ခန်းတစ်ခုငှားပြီး အခြေချနေထိုင်ခဲ့ကြတယ်။ မကြာပါဘူး၊ ထရီးနာကို ကျွန်တော်အရမ်းလွမ်းလာတယ်၊ ဒါပေမဲ့လည်း ပျော်လိုက်အုံးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။

တက္ကဆက်ပြည်နယ်မှာ အရက်သောက်ခွင့်ရှိတဲ့အရွယ်ဟာ ၁၉ နှစ်ဖြစ်မှန်းသိတော့ ကျွန်တော့်သူငယ်ချင်းခရီးထွက်တဲ့အခါ နာမည်ကျော်ရော့ခ်အင်ရိုးဘားဆိုင်မှာ တစ်ညလောက် သွားပျော်ပါးဖို့ နယ်စပ်တစ်ဖက်ကိုကူးခဲ့တယ်။ အဲဒီတုန်းက အရက်အရမ်းမူးပြီး ကားတိုက်ပျက်စီးသွားတဲ့အပြင် ထောင်ကျခဲ့တယ်။ အတန်ကြာမှ ကျွန်တော့်အဖေနဲ့အဆက်အသွယ်ရပြီး အာမခံနဲ့ ကျွန်တော်ကိုထုတ်လိုက်တယ်။ ဒီအပြင် ထရီးနာက သူနဲ့ပြန်နေဖို့ခေါ်တဲ့အတွက် ကျွန်တော်ကျေးဇူးတင်မိတယ်! ဒါနဲ့ပဲ အလုပ်ဟောင်းကိုပြန်လုပ်ကိုင်ပြီး ရမ်ဒီနဲ့ကျမ်းစာပြန်ဆွေးနွေးခဲ့တယ်။

ကျွန်တော့်ဘဝကိုပဲ့ကိုင်ပေးခြင်း

ယေဟောဝါသက်သေတွေအကြောင်း ကျွန်တော်ဦးဆုံးကြားခဲ့တဲ့အချိန်ကနေဆိုရင် နှစ်နှစ်နီးပါးရှိသွားပြီ၊ ကျမ်းစာကို လေးလေးနက်နက်လေ့လာဖို့ ကျွန်တော်စိတ်ဆုံးဖြတ်လိုက်တယ်။ အခု ကျွန်တော် အသက် ၂၀ ရှိပြီ၊ ဒီဆောင်းပါးရဲ့အစမှာဖော်ပြထားတဲ့ ကျွန်တော့်ကိုမွေးစားတာနဲ့ပတ်သက်တဲ့မေးခွန်းတွေက ကျွန်တော့်ကိုစိတ်အနှောင့်အယှက်စပေးလာတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့မွေးမိခင်ကိုတွေ့ဖို့ အသည်းအသန်စရှာခဲ့တယ်။

ကျွန်တော်မွေးတဲ့ အလာစကာက ဆေးရုံကိုဖုန်းဆက်ပြီး ဘာဆက်လုပ်ရမလဲလို့မေးတယ်။ ဘာတွေလုပ်ရမယ်ဆိုတာကိုသိပြီးတဲ့နောက် မူရင်းမွေးစာရင်းကိုရတဲ့အခါ ကျွန်တော့်အမေရဲ့နာမည်က စန်ဒရာလီးဟဲ့ရှ်ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်; ဒါပေမဲ့ ကျွန်တော့်အဖေရဲ့နာမည်ကျတော့ စာရင်းထဲမှာမရှိဘူး။ ကျွန်တော့်ကိုမွေးတဲ့အချိန်မှာ စန်ဒရာဟာ ၁၉ နှစ်သာရှိသေးတဲ့အတွက် သူ့ခမျာ ဒုက္ခရောက်ပြီး တကယ်ခက်တဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရတဲ့ ကြောက်လန့်နေမယ့် အပျိုတစ်ယောက်ဖြစ်ခဲ့မှာပဲလို့ ကျွန်တော်ယူမှတ်လိုက်တယ်။ ကျွန်တော့်အမေကိုရှာဖို့ မွေးစာရင်းအချက်အလက်တွေက မလုံလောက်ဘူး။

ဒီအတောအတွင်း ရမ်ဒီနဲ့ ကျွန်တော်ကျမ်းစာလေ့လာတဲ့အကျိုးကတော့ မှန်တဲ့ဘာသာကို ကျွန်တော်တွေ့နေမှန်း အသေအချာသိခဲ့ရခြင်းပါပဲ။ ဒါပေမဲ့ ညစ်ညူးစေတဲ့ဆေးရွက်ကြီးသုံးစွဲတာကိုဖြတ်ဖို့ အကြိမ်ကြိမ်မအောင်မြင်ခဲ့ဘူး။ (၂ ကောရိန္သု ၇:၁) ကျွန်တော့်ကို ယေဟောဝါစွန့်ပစ်တယ်လို့ ကျွန်တော်ခံစားရတယ်။ အဲဒီနောက် ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ သက်သေခံတစ်ဦးပြောတဲ့စကားတစ်ခွန်းက ကျွန်တော့်ကို တကယ်ပဲအကူအညီဖြစ်စေခဲ့တယ်။ သူက စာတန်ဟာ ကျွန်တော်တို့ကို ရှုံးနိမ့်သွားစေလိုကြောင်း၊ အချို့သူတွေဟာ အလျှော့ပေးလိုက်ပြီး ထာဝရအသက်ကို အဆုံးရှုံးခံတာကို တွေ့ မြင်ရတာဟာ ဝမ်းနည်းစရာကောင်းကြောင်း ပြောခဲ့တယ်။ “ကျွန်တော်တို့ထမ်းရွက်ရတဲ့ဝန်တွေကို ယေဟောဝါဆီမှာအပ်ပြီး ဆင်းရဲခံရချိန်မှာ ကျွန်တော်တို့ကိုကူညီဖို့ ကိုယ်တော်ကိုလုံးဝအားကိုးရန်” သူကပြောတယ်။—ဆာလံ ၅၅:၂၂။

ကျွန်တော်ကြားချင်နေတာ အဲဒါပါပဲ! သူပြောတဲ့အတိုင်း ကျွန်တော်စကျင့်သုံးတယ်၊ ယေဟောဝါရဲ့အကူအညီရဖို့ မကြာခဏဆုတောင်းတယ်။ မကြာမီ ဆေးရွက်ကြီးသုံးတာကိုဖြတ်လိုက်ပြီး ထရီးနာနဲ့ကျွန်တော်လက်ထပ်လိုက်တယ်၊ ကျမ်းစာကိုလည်း မှန်မှန်သင်တော့တယ်။ ကြာလာတော့ ထရီးနာလည်း ကျမ်းစာစလေ့လာတယ်။ ၁၉၉၁ ဇွန်လ ၉ ရက်နေ့မှာ ကျွန်တော်နှစ်ခြင်းယူပြီး ယေဟောဝါထံ ဆက်ကပ်အပ်နှံတယ်ဆိုတာကိုတင်ပြခဲ့တယ်။ နောက်နှစ်ပတ်မပြည့်ခင်မှာပဲ ကျွန်တော်တို့ရဲ့သမီးဦးလေး ဘရီနာဂျီးန်ကိုမွေးခဲ့တယ်။

အဖေနဲ့ ကျွန်တော့်ဆက်ဆံရေး

အဖေနဲ့ကျွန်တော်ရင်းနှီးတယ်။ သူဟာ အလွန်ကြင်နာတတ်တယ်၊ ကျွန်တော်စိတ်ဓာတ်ကျတဲ့အခါ အမြဲအားပေးတယ်။ ဒါပေမဲ့ ကျွန်တော်ဆုံးမပဲ့ပြင်ခံဖို့ လိုအပ်တဲ့အချိန်မှာတော့ ခိုင်မာပြတ်သားတယ်။ ဒါကြောင့် အဖေ့မှာ အဆုတ်ကင်ဆာရောဂါကျွမ်းနေမှန်းသိရတဲ့ ၁၉၉၁ ခုနှစ်အစောပိုင်းဟာ တကယ်ခက်တဲ့အချိန်ပါပဲ။ အဲ့ဒီအချိန်မှာ အမေနဲ့အဖေဟာ မွန်တားနားပြည်နယ်၊ ဟမ်မင်တန်မြို့မှာ နေထိုင်ခဲ့ကြတယ်။ အမေ့ကိုအားပေးဖို့ သူတို့ဆီ ကျွန်တော်တို့မကြာခဏသွားကြတယ်။

ဘဝဟူသည်ဤမျှသာလော စာအုပ်ကို အဖေ့ကိုကျွန်တော်တို့ပေးခွင့်ရခဲ့တယ်။ ဖတ်မယ်လို့သူကတိပေးပြီး မိသားစုအရေးအတွက် သူစိတ်ပူကြောင်း ပြောတယ်။ ကျွန်တော်နောက်ဆုံးသွားလည်တဲ့အချိန်မှာ သူ့မှာ ကျွန်တော့်လိုသားမျိုးရှိတာ ဂုဏ်ယူပြီး ကျွန်တော့်ကို သူအရမ်းချစ်တဲ့အကြောင်း ပြောပြတယ်။ အဲဒီနောက် မျက်ရည်တွေကျလာလို့ ပြတင်းပေါက်ဘက် မျက်နှာလွှဲလိုက်တယ်။ မခွဲခွာခင် ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် ခဏခဏပွေ့ဖက်ကြတယ်။ အဖေဟာ သူသေဆုံးတဲ့ ၁၉၉၁ နိုဝင်ဘာ ၂၁ ရက်နေ့မတိုင်မီမှာ စာအုပ်ရဲ့ သုံးပုံတစ်ပုံလောက်ကို ဖတ်ပြီးသွားခဲ့တယ်။

အဖေသေပြီးနောက် ဝါရှင်တန်ပြည်နယ်၊ မိုးဇက်လိတ်ခ်မြို့ကို ပြောင်းရွှေ့ပြီးနောက်မှာ ကျွန်တော့်အတိတ်ကို အရမ်းသိချင်လာတယ်။ အချိန်ကုန်ခံ စုံစမ်းပေမဲ့ ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးကိုတော့လျစ်လျူမရှုခဲ့ဘူး။ ၁၉၉၃၊ ဇွန်လ ၅ ရက်မှာ ထရီးနာနှစ်ခြင်းခံပြီး နောက်ခြောက်လကြာတော့ ဒုတိယသမီး ဆီအဲရ်လင်းမွေးလာခဲ့တယ်။

ကျွန်တော့်ရဲ့မွေးမိခင်ကို တွေ့ခဲ့ရပုံ

ကွန်ပျူတာနဲ့ ကိုယ်တိုင်စူးစမ်းရှာဖွေတဲ့အပြင် အလာစကာတရားဥပဒေအဖွဲ့ကတစ်ဆင့်သတင်းလိုက်ပြီး လုပ်ငန်းဌာနတစ်ခုပြီးတစ်ခုကို စာတွေရေးခဲ့တယ်။ လုံးဝမအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် ၁၉၉၅ ကုန်ခါနီးမှာ ဆေးစစ်ခံတဲ့အခါ ကျွန်တော့်နှလုံးဟာ ပုံမှန်မဟုတ်ဘူးဆိုတာ ပေါ်နေတယ်။ ကျွန်တော့်အသက်က ၂၉ နှစ်ပဲရှိသေးတယ်၊ ကျွန်တော့်ရဲ့ဆေးနောက်ခံသမိုင်းကို ဆရာဝန်ကသိချင်ပါရော။

ဒါနဲ့ ဆရာဝန်က ကျွန်တော့်ရဲ့မွေးစားဖိုင်တွဲတွေထဲမှာပါတဲ့ အချက်အလက်တွေဟာ ကျွန်တော့်ကျန်းမာရေးအတွက် အရေးပါနိုင်တယ်လို့ အလေးထားဖော်ပြတဲ့ အသေးစိတ်အချက်အလက် အကုန်အစင်ကို တောင်းဆိုစာတစ်စောင် ရေးလိုက်တယ်။ အချိန်တန်တော့ ပြန်စာတစ်စောင်ရရှိတယ်။ အဲဒီစာထဲမှာ ဆေးအရ ကျွန်တော့်ရဲ့ကျန်းမာရေးလိုအပ်ချက်ဟာ ဖိုင်တွဲတွေကိုဖွင့်လောက်တဲ့အထိ အရေးကြီးပုံမရှိဘူးလို့ဆိုတဲ့ တရားသူကြီးရဲ့စီရင်ချက် ပါလာတယ်။ ကျွန်တော်အရမ်းဝမ်းနည်းသွားတယ်။ ဒါပေမဲ့ နောက်ထပ်အပတ်အနည်းငယ်ကြာတော့ ဒုတိယတရားသူကြီးတစ်ယောက်ဆီက စာတစ်စောင်ရောက်လာတယ်။ တရားရုံးအမိန့်တစ်ခုက ကျွန်တော်ရဲ့မွေးစားဖိုင်တွဲတွေကို ပြန်ဖွင့်ကြည့်ခွင့်ပြုလိုက်တယ်ဗျ!

၁၉၉၆ ဇန်နဝါရီအစောပိုင်းမှာ ကျွန်တော့်ရဲ့မူရင်းမွေးစားဖိုင်တွဲတွေ ရောက်လာတယ်။ အဲဒီထဲမှာ ကျွန်တော့်အမေရဲ့ဇာတိမြို့နဲ့ မိသားစုနောက်ခံသမိုင်းကို ဖော်ပြထားတယ်။ ချက်ချင်းပဲ ကွန်ပျူတာမှာ စန်ဒရာဆိုတဲ့နာမည်ကို သူမရဲ့ဇာတိမြို့နာမည်နဲ့ တွဲရှာလိုက်တော့ ဖုန်းနံပါတ်ခြောက်ခုကို တွေ့ခဲ့တယ်။ ထရီးနာပဲ ဖုန်းဆက်ကြည့်ရင် ပိုကောင်းမယ်လို့ ကျွန်တော်တို့နှစ်ယောက်ဆုံးဖြတ်လိုက်တယ်။ တတိယမြောက်ဖုန်းနံပါတ်ကိုဆက်တဲ့အခါ အမျိုးသမီးတစ်ယောက်က စန်ဒရာဟာ သူ့ရဲ့တူမလို့ပြောပြပြီး သူမရဲ့ဖုန်းနံပါတ်ကိုပေးတယ်။

ဖုန်းဆက်ကြည့်ရာ အံ့အားသင့်ရ

ထရီးနာဖုန်းဆက်လိုက်တဲ့အခါ ဖုန်းလာကိုင်တဲ့အမျိုးသမီးက သူ့နာမည်ကို ပြောပြဖို့ငြင်းတယ်။ ဒါနဲ့ ထရီးနာက “ကျွန်မရဲ့ခင်ပွန်းဟာ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှာ အလာစကာပြည်နယ်၊ ကက်ချီကန်မြို့မှာမွေးပါတယ်၊ ရှင်ဟာ ကျွန်မရှာနေတဲ့သူဟုတ်မဟုတ် ကျွန်မသိချင်တယ်” လို့တဲ့တိုးပြောလိုက်တယ်။ အကြာကြီးတိတ်သွားပြီးနောက် တုန်တုန်ယင်ယင်အသံနဲ့ အမျိုးသမီးက ထရီးနာရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုမေးပြီး သူမဖုန်းပြန်ဆက်မယ်လို့ပြောတယ်။ သူမချက်ချင်းဖုန်းပြန်ဆက်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတချို့ကို စတိုးဆိုင်မှာသွားဝယ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။

ပြန်ရောက်လာတဲ့အခါ ထရီးနာက မျက်ရည်တွေဝိုင်းနေပြီး ဖုန်းဆက်စကားပြောနေတာတွေ့ရတယ်။ ကျွန်တော့်ကို ဖုန်းကမ်းပေးတယ်။ အမေနဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ပြီး အာလာပသလ္လာပပြောနေရင်း ထရီးနာက “တကယ်တော့ သူမဟာရှင့်ကို သူများလက်ထဲမပေးချင်ခဲ့ပါဘူး” လို့အရေးတကြီး တိုးတိုးလေးပြောပြတယ်။ အမေက သူ့ရဲ့အကြောင်းကိုပြောပြနေတဲ့အခါ အမေ့ကို ကျွန်တော်သနားသွားမိတယ်။ “အမေ့ကြောင့် ကျွန်တော်အသက်ရှင်ရတဲ့အတွက် အမေ့ကိုကျွန်တော်ကျေးဇူးတင်ချင်တယ်။ ကျွန်တော်ကောင်းချီးခံစားနေရပြီး ဘာမှလိုလေသေးမရှိပါဘူး။ မိကောင်းဖခင်တွေရဲ့မေတ္တာကို ခံစားခဲ့ရပြီး အခုဆိုရင် ဇနီးကောင်းနဲ့ သမီးချောလေးနှစ်ယောက်ရရှိထားတယ်။ ကျွန်တော်အရမ်းပျော်နေရပါတယ်” လို့ပြောပြလိုက်တယ်။

သူမငိုပါလေရော။ ကျွန်တော်တို့စကားဆက်ပြောကြတဲ့အခါ သူမမုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရှိလာတဲ့အကြောင်း၊ ကျွန်တော့်ကို စွန့်ပစ်လိုက်ဖို့ ဖိအားပေးခံရတဲ့အကြောင်းပြောပြတယ်; အဲဒီနောက် သူမအိမ်ထောင်ပြုပြီးနောက်အတန်ကြာတဲ့အခါ ဆေးရုံမှာ ခွဲစိတ်ကုသခံနေတုန်း သူမရဲ့နို့စို့သမီးကလေးနဲ့ သူမရဲ့အမေဟာ မီးလောင်ပြီးသေဆုံးသွားတဲ့အကြောင်း ပြောပြတယ်။ အဲဒီအချိန်မှာ သားကိုစွန့်ပစ်လိုက်လို့ အပြစ်ဒဏ်အနေနဲ့ ဒီချစ်ရသူတွေကို ဘုရားသခင်နုတ်ယူသွားတယ်လို့ သူမယူမှတ်ခဲ့ကြောင်း ပြောပြတယ်။ “မဟုတ်ဘူးအမေ၊ ဘုရားသခင်ဟာ ဒီလိုမလုပ်ဘူး!” လို့ကျွန်တော်ချက်ချင်းပြန်ပြောလိုက်တယ်။ အဲဒါကို အခုတော့သူသိပါပြီ၊ ဘာကြောင့်လည်းဆိုတော့ အဲဒီအဖြစ်ဆိုးကိုခံရပြီးနောက် သူမဟာ “ကျမ်းစာသမ္မာတရားကိုရှာဖွေ” ခဲ့ပြီး အခုဆိုရင် “ကျမ်းစာကျောင်းသားတစ်ယောက်” ဖြစ်နေတယ်လို့ပြောပြတယ်။

‘ဒါမဖြစ်နိုင်ဘူး’ လို့ကျွန်တော်စဉ်းစားရင်း “အမေ ဘယ်သူနဲ့ကျမ်းစာလေ့လာခဲ့သလဲ” လို့ကျွန်တော်မေးတယ်။ မဖြေဘဲအကြာကြီးနေပြီးမှ “ယေဟောဝါသက်သေတွေ” လို့ပြောတယ်။ စကားမပြောနိုင်တော့တဲ့အထိ ကျွန်တော်အရမ်းစိတ်လှုပ်ရှားသွားတယ်။ မျက်ရည်တွေကျလာပြီး “ကျွန်တော်လည်းယေဟောဝါသက်သေတစ်ယောက်ပါ” လို့နောက်ဆုံးမနည်းကြိုးစားပြောရတယ်။ အဲဒီစကားကို ရှင်းရှင်းထပ်ပြောပြတဲ့အခါ သူမအရမ်းပျော်သွားတယ်။ ကောင်းလိုက်တဲ့ဖြစ်ခြင်း!

နို့စို့သမီးကလေးသေပြီးနောက်ပိုင်း ၁၉၇၅ မှာအမေ သက်သေခံတစ်ယောက်ဖြစ်လာတယ်၊ သူမရဲ့ခင်ပွန်း ဝိညာဉ်ရေးမှာစတိုးတက်လာတဲ့အခါ ကျွန်တော့်အကြောင်း သူ့ကိုပြောပြတယ်တဲ့။ သူက သူမကိုနှစ်သိမ့်ပေးပြီး ကျွန်တော့်ကိုလိုက်ရှာမယ်လို့ပြောတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကားတိုက်မှုဖြစ်ပြီး သူသေဆုံးသွားရှာတဲ့အခါ သူမမှာ ကျွေးမွေးပြုစုဖို့ကလေးငယ်သုံးယောက်နဲ့ ကျန်ခဲ့တယ်။ အဲဒီနောက်ပိုင်း ညနေပိုင်းတွေမှာ နာရီနဲ့ချီပြီး စကားပြောကြတယ်။ နောက်ဆုံး ၁၉၉၆ ဖေဖော်ဝါရီဒုတိယပတ်မှာ အရီဇိုးနားပြည်နယ်၊ ဖီနိခ်စ်မြို့မှာတွေ့ဆုံဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်။ အမေက အဲဒီကို တခြားခရစ်ယာန်ညီအစ်မတစ်ယောက်နဲ့ သွားလည်ဖို့ အစီအစဉ်ရှိပြီးသားဖြစ်တယ်။

မမေ့နိုင်တဲ့ပြန်လည်တွေ့ဆုံမှု

ဒီခရီးကိုထွက်ဖို့အတွက် ထရီးနာနဲ့ကျွန်တော်ဟာ ကလေးတွေကိုအိမ်မှာထားခဲ့တယ်။ လေယာဉ်ပေါ်ကဆင်းတော့မှ အမေ့ကိုတွေ့ဖူးပြီး ပွေ့ဖက်ရတော့တယ်။ ကျွန်တော်တို့ပွေ့ဖက်ထားတဲ့အချိန်မှာ အမေက ကျွန်တော့်ကိုဒီလိုပွေ့ဖက်ရဖို့ ၂၉ နှစ်စောင့်ခဲ့ရတယ်ဆိုပြီး အကြာကြီးဖက်ထားတယ်။ ဓာတ်ပုံတွေပြ၊ အဖြစ်အပျက်တွေ ပြောကြဆိုကြနဲ့ အံ့ဖွယ်ပါပဲ။ ဒါပေမဲ့ အမှတ်တရအဖြစ်ဆုံးကတော့ ဖီနိခ်စ်မြို့ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အမေရဲ့ဘေးမှာထိုင်ခဲ့ရတာပါပဲ! အစည်းအဝေးကို ကျွန်တော်တို့အတူနားထောင်ကြပြီး ဘုရားသခင့်နိုင်ငံတော်သီချင်းဆိုတဲ့အခါ တစ်ယောက်ဘေးမှာတစ်ယောက်ရပ်ခဲ့ကြတယ်။ ဒါဟာ ကျွန်တော်ထာဝစဉ်မှတ်မိနေမယ့် ထူးခြားလှတဲ့ခံစားချက်ပါပဲ။

၁၉၉၆ ဧပြီလမှာ ကျွန်တော့်ရဲ့ညီမလော်ရာက သူနေထိုင်တဲ့ အိုင်အိုဝါပြည်နယ်ကနေ ကျွန်တော်တို့ဆီလာလည်တယ်။ သူမနဲ့ နွေးထွေးတဲ့ခရစ်ယာန်ပေါင်းသင်းမှုရခဲ့ရတာဟာ တကယ့်ကိုဝမ်းသာစရာကောင်းတယ်! နောက်တော့လည်း ကျွန်တော်တွေ့ရှိခါစ ညီလေးနှစ်ယောက်နဲ့လည်း ဖုန်းဆက်စကားပြောခဲ့ရတယ်။ ကျွန်တော့်ရဲ့မိသားစုနဲ့ ပြန်လည်ပေါင်းဆုံရတာဟာ ထူးမြတ်လှပါတယ်၊ အဲဒါထက် ယေဟောဝါရဲ့အဖွဲ့အစည်းထဲမှာ မေတ္တာနဲ့ပြန်ပေါင်းဆုံရတယ်ဆိုတာက ကျွန်တော်တို့ရဲ့ကြီးမြတ်တော်မူတဲ့ဘုရားသခင်၊ ယေဟောဝါသာပေးနိုင်တဲ့ ဆုကျေးဇူးဖြစ်ပါတယ်။—ဒေးနာဖော့လ်ဇ်ပြောပြသည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်တော့်မွေးမိခင်နဲ့အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ