ဖက်ရှင်—ရှေးဂရိစတိုင်
ဂရိနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ခရစ်ယာန် စာပေရေးသားသူ ပေါလုနှင့် ပေတရုတို့သည် ပထမရာစုအချိန်တွင် အမျိုးသမီးများဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ တိတိကျကျအကြံပေးဖို့ အဘယ့်ကြောင့်လိုအပ်ခဲ့သနည်း။ ဥပမာ ပေါလုက “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ် . . . ဆင်စေခြင်းငှာ ငါအလိုရှိ၏” ဟု ရေးသားလိုက်သည်။ (၁ တိမောသေ ၂:၉၊ ၁၀) အလားတူစွာ ပေတရုက “ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်း” နှင့်ပတ်သက်၍ ပြောဖို့လိုကြောင်း တွေ့ရှိခဲ့သည်။—၁ ပေတရု ၃:၃။
သူတို့သည် ရှေးခေတ် ဂရိယဉ်ကျေးမှုမှ တိုက်ရိုက်ဆင်းသက်လာသည့် ဟေလနစ်ယဉ်ကျေးမှု၏သြဇာလွှမ်းမှုအောက်တွင် အသက်ရှင်နေရသော ခရစ်ယာန်များထံ ရေးသားနေခြင်းဖြစ်သည်။ ရှေးဂရိနိုင်ငံတွင် ဖက်ရှင်ဟူသည့်အရာမျိုးရှိခဲ့ပါသလော။ များစွာသောသူများသည် ထုံးမီစံမျှဖြစ်သော ရှေးဂရိလူမျိုးတစ်ဦးအကြောင်း စဉ်းစားလိုက်လျှင် အချိန်ကာလကိုသော်လည်းကောင်း၊ လိင်ကိုသော်လည်းကောင်း၊ ဇာတိချက်ကြွေမွေးရပ်မြေကိုသော်လည်းကောင်း ထည့်မတွက်ဘဲ သူသူငါငါဝတ်စားနေကျ ခိတွန်သို့မဟုတ် သင်တိုင်း—ဝတ်လုံကဲ့သို့သော အဝတ်အစား—ဝတ်ထားသူကို မြင်ယောင်မိပေမည်။a ယင်းသို့မြင်ယောင်ခြင်းသည် မှန်ကန်ပါ၏လော။ မမှန်ပါလေ!
အတွင်းခံချုပ်လုပ်ဝတ်ဆင်ပုံ
ရုပ်တုများ၊ ကြွေထည်မြေထည်များပါပန်းချီများနှင့် ဂန္ဓဝင်စာပေများကို အသေအချာလေ့လာကြည့်သောအခါ ရှေးဂရိလူမျိုးတို့၏ဝတ်စားဆင်ယင်မှုသည် ဝတ်ရုံရှည်ဖြူကြီးများဝတ်ရုံထက်မကကြောင်း ထုတ်ဖော်ပြသည်။ စတိုင်များ၊ အထည်သားများ၊ အရောင်အသွေးများနှင့် အကွက်ဆန်းများအပြင် အဆင်တန်ဆာ အမျိုးမျိုးအဖုံဖုံရှိသည်။ အထူးသဖြင့်အမျိုးသမီးများသည် မိမိတို့ရူပကာ ပိုသားနားလာစေဖို့ အကြီးအကျယ်တီထွင်ကြံဆနည်းအမျိုးမျိုးကို အသုံးပြုကြသည်။
ဆယ်နှစ်လုံးလုံးလှည့်လည်နေသည့် ဒဏ္ဍာရီလာ သူရဲကောင်း အော်ဒက်စီယပ်စ်အကြောင်းစပ်ထားသော ရှေးဂရိကဗျာဆရာဟိုးမား၏ မော်ကွန်းကဗျာ အော်ဒက်စီကို ဖတ်ဖူးသူများသည် သူ၏အိမ်ပြန်အလာကို စောင့်မျှော်နေရင်း သူရဲကောင်း၏သက်လျာဖြစ်သူ ပနဲလပီခမျာ အဆိုပါနှစ်များအတွင်း အဝတ်စတစ်စကို ရက်လိုက်၊ ပြန်ဖြုတ်လိုက်လုပ်နေသည်ကို ပြန်မှတ်မိပေမည်။ ဟိုးမားသည် အဝတ်အစားအကြောင်း နောက်ထပ်အနည်းငယ်ဖော်ပြခဲ့ရာ အဝတ်အထည်ထုတ်လုပ်ခြင်းသည် အစောဆုံးခေတ်ကတည်းက အမျိုးသမီးတစ်ဦး၏ အဓိကအိမ်တွင်းမှုတစ်ခုဖြစ်ကြောင်း ဖော်ပြသည်။
အထည်ကို ရက်လုပ်ပြီးနောက် ကျားဝတ် မဝတ်နှစ်မျိုးသုံးအတွက် အခြေခံ ပုံစံထုတ်လုပ်ထားသည့် ခိတွန်—ပိုက်ဆံလျှော်ရက်ထည်၊ နောက်ပိုင်းတွင် တစ်ခါတစ်ရံ သိုးမွေးထည်၊ ရှပ်အင်္ကျီကဲ့သို့သော အဝတ်အထည်မျိုး—ချုပ်ရန် ညှပ်လိုက်သည်။ ရှေးခေတ် (ဘီ.စီ.အီး. ၆၃၀ မှ ၄၈၀ ခန့်အထိ) တွင် မဝတ် ခိတွန် (ထိုခေတ်ကအခေါ်မှာ အီးစ်သက်စ်) တွင် အနံ အမျိုးသမီးလက်၏တစ်ပြန်နှင့် အလျား နှစ်ပြန်ခန့်ရှိသော ပြောင်အဝတ်စတစ်စပါဝင်သည်။ (ယောဟန် ၁၉:၂၃; တမန်တော် ၁၀:၃၀ နိုင်ငံတော်ကြားညှပ်၊ နှိုင်းယှဉ်။) မူလ၌ တိရစ္ဆာန်ငယ်များ၏ခြေရိုးဖြင့်ပြုလုပ်ကာ၊ နောက်ပိုင်းတွင် သတ္တုဖြင့်လုပ်ထားသည့် ရင်ထိုးများဖြင့် ခိတွန်ကို စပ်ထားသည်။ နှစ်ဖက်စလုံးတွင် အရှင်ဖြစ်ပြီး ခါးတွင်စီးကြိုးဖြင့် စည်းထားရာ နှစ်ထည်ဟု ထင်ရသည်။
နောက်ပိုင်း ဘီ.စီ.အီး. ဆဋ္ဌမရာစုအစောပိုင်းတွင် အိုင်အိုနီးယန်းခိတွန်သည် သင်တိုင်းတစ်ထည်နှင့်တူသည်ထက် ဘေးများတွင် ချုပ်ထားပြီး ထိပ်ကို ခေါက်မထားသည့် ဂါဝန်နှင့် ပို၍တူလာရာ ရလဒ်အနေနှင့် ပိတ်အကုန်အကျပို၍ သက်သာသည်။ အဖြူပြောင်မဟုတ်ဘဲ အထည်သားတွင် တစ်ခါတစ်ရံ၌ ရောင်စုံအစင်းများ ရိုက်နှိပ်ထားသည် သို့မဟုတ် အနားမြိတ်များကို ထည့်ထားသည်။ လိမ္မော်ဖျော့ရောင်နှင့် အနီရောင်တို့မှာ အများကြိုက်သည့်အရောင်များတွင် ပါဝင်သည်။ ဟေလနစ်ခေတ်တွင် အာရှတိုက်သားများ၏သြဇာလွှမ်းမှုကြောင့် ပန်းရောင်၊ အပြာရောင်၊ မရမ်းစေ့ရောင်နှင့် အဝါရောင်ကဲ့သို့သော တောက်ပသည့်အရောင်များဖြင့် သစ်ဆန်းလာသည်။ ရွှေခြည်ဖြင့်အလှဆင်ထားသော သို့မဟုတ် ပန်းထိုးထားသောအခြားအထည်များကို အစပိုင်းတွင် နတ်ဘုရားရုပ်တုများနှင့် ယင်းကို ကပြဖျော်ဖြေသော သရုပ်ဆောင်များအတွက် သတ်မှတ်ထားသည်။
အေသင်အမျိုးသမီးတစ်ဦး အခြားမည်သည့်အရာကို ဝတ်ဆင်သနည်း
ကိုယ်သိက္ခာကိုယ်ထိန်းသော မည်သည့်အေသင်အမျိုးသမီးမျှ မိမိ၏ ဟီမေတီယွန် သို့မဟုတ် ခြုံထည်မပါဘဲ အိမ်မှထွက်လေ့မရှိပါ။ အဆိုပါထောင့်မှန်စတုဂံပုံဖျင်စကို နည်းအမျိုးမျိုးဖြင့်ဆင်မြန်းနိုင်သည်—ပုဝါကဲ့သို့ ပခုံးပေါ်လွှား၍သော်လည်းကောင်း၊ ညာဘက်ပခုံးပေါ်မှ ဘယ်ဘက်ချိုင်းကြားကို သိုင်း၍သော်လည်းကောင်း၊ နေရောင်မှအကာအကွယ်ရရန် ခေါင်းပေါ်အထိဆွဲခြုံ၍သော်လည်းကောင်း ဝတ်ဆင်နိုင်သည်။ ခြုံထည်များကို ဆိုက်စုံရနိုင်ပြီး အေးသောရာသီအတွက် သာ၍ကြီးသောခြုံထည်များသည် အပေါ်ရုံနှင့်ပို၍တူပါသည်။ ဟီမေတီယွန်တွင် အလှဆင်ထားသောအနားသားများရှိပြီး ခေါက်ရိုးများကို အတွန့်ပုံပေါ်အောင် ကိုယ်ပေါ်တွင် ခေါက်လျက်သား တွဲလောင်းချထားဖို့ဆိုသည်မှာ အလွန်ကျွမ်းကျင်မှုရှိဖို့လိုပါသည်။
ရှေ့ဘက်တွင် ကြယ်သီးတပ်ထားသော အပေါ်ခံအင်္ကျီတိုတစ်မျိုးဖြစ်သည့် ကီပါးစစ္စကို တစ်ခါတစ်ရံတွင် ဟီမေတီယွန်အစားဝတ်ဆင်သည်။ ယနေ့ခေတ်တွင် ကျွန်ုပ်တို့သိထားသည့်အတိုင်း အမျိုးသမီးများ ဦးထုပ်မဆောင်းပါ၊ သို့သော် အထူးသဖြင့် ပူအိုက်သောနေ့တွင် စကီယာဒေယွန်ခေါ် နေကာတစ်ခုကို ယူသွားပေမည်။ လူကုံထံဂရိအမျိုးသမီးများသည် ပီးပလော့စ်ခေါ် သိုးမွေးထည်တစ်ခုကို ဝတ်လေ့ရှိသည်။ ဂရိကျမ်းစောင်များတွင်လည်း ပေါလု၏စာများ၌ “ခြုံစရာ” (ဂရိလို ပယ်ရီဗိုလိုင်ယွန်) ဟူသည့် ကိုးကားချက်ပါရှိသည်။—၁ ကောရိန္သု ၁၁:၁၅။
ရှေးဂရိတို့သည် သာမန်အားဖြင့် အိမ်ထဲတွင် နောက်ပိတ်ဖိနပ်များစီးလေ့မရှိပါ၊ တစ်ခါတစ်ရံတွင် အပြင်တွင်ပင် မစီးကြပါ။ ကဗျာဆရာ ဟီးစီးယဒ်အဆိုအရ ကျေးလက်ဒေသနေသူများသည် သက္ကလတ်စဖြင့် အနားကွပ်ထားသော နွားသားရေခြေညှပ်ဖိနပ်ကို စီးကြသည်။ အရပ်ပုသောအမျိုးသမီးများသည် တစ်ခါတစ်ရံတွင် အရပ်ရှည်သည့်ပုံထွက်စေရန် ဖော့တုံးများခံထားသည့် ဒေါက်မြင့်ဖိနပ်များစီးကြသည်။
ရွှေအဆင်တန်ဆာများ ဆင်မြန်းခြင်း
အများအားဖြင့် တိရစ္ဆာန်နှင့် အပင်များ၏ရုပ်ကြွများပါသော အလှဆင်ရွှေပြားများဖြင့်လုပ်ထားသည့် အဆင်တန်ဆာများကို များပြားစွာတွေ့ရသည်။ အခြားထင်ရှားသောအဆင်တန်ဆာများမှာ ဆုံလည်လက်စွပ်များတွင် ကွပ်ထားလေ့ရှိသည့် ချေးပိုးထိုးရုပ်နှင့် ကြက်ဥပုံတို့ဖြစ်ကြသည်။ လက်ကောက်များ—တစ်ခါတစ်ရံ အိုဖစ္စ (မြွေကြီး) ဒရယ်ဂွန် (နဂါး) များဟုခေါ်သည်—သည် အနှစ်သက်ဆုံး လက်ဝတ်လက်စားများဖြစ်သည်။
တူးဖော်တွေ့ရှိမှုများကြောင့် သရဖူများ၊ ဒင်္ဂါးများ၊ ဘယက်များ၊ ဆွဲပြားဆွဲသီးများ၊ လက်စွပ်နှင့်အခြားအဆင်တန်ဆာများ တွေ့ရှိလာရသည်။ ဤကဲ့သို့သော ခန္ဓာအလှဆင်ပစ္စည်းများကို ရွှေ၊ သံနှင့် ကြေးနီများဖြင့်လုပ်လေ့ရှိပြီး ငွေဖြင့်လုပ်လေ့သိပ်မရှိလှပါ၊ အမှန်သော် ပုတီးစေ့များကို ဖန် သို့မဟုတ် အလှဆင်ကျောက်များဖြင့်လုပ်သည်။
နားကွင်းနားကပ်များသည်လည်း ရေပန်းစားသည်။ တစ်ခါတစ်ရံတွင် ယင်းတို့သည် သိက္ခာ၏ပြင်ပအဆောင်အယောင်၊ အခွင့်အာဏာ၏ အမှတ်အသားများဖြစ်သည် သို့မဟုတ် ပစ္စည်းဥစ္စာကြွယ်ဝကြောင်း ဟိတ်ဟန်ထုတ်ပြမှုတစ်ခုဖြစ်သည်။ သာမန်အားဖြင့် မိန်းကလေးများသည် ငယ်စဉ်ကတည်းက နားပေါက်များဖောက်ထားကြသည်။
ကျစ်ဆံမြီးစတိုင်များ
ရှေးဂရိနိုင်ငံတွင် ဆံကေသာစတိုင် အမျိုးမျိုးအဖုံဖုံရှိသည်။ ရေပန်းအစားဆုံးစတိုင်တစ်မျိုးမှာ ကျောဘက်တွင် ရောင်စုံပိုးဖဲကြိုးဖြင့်စည်းထားသည့် ဆံကေသာအလယ်ခွဲ ဖြစ်သည်။ အမျိုးသမီးအချို့ဆိုလျှင် မိမိတို့၏ဆံကေသာကို ထိပ်ပေါ်တွင် ခရုခွေခွေထားကြသည်။ အခြားသူများမူ နဖူးတည့်တည့်တွင် ဆံမြိတ်တိုတို တညီတည်းချထားသည်။ တစ်ခါတစ်ရံ ပိုးဖဲကြိုးဖြင့် နဖူးကိုပတ်ချည်ကာ ရှေ့တွင် သတ္တုကြယ်သီးငယ်ငယ်တစ်လုံးတပ်ဆင်ထားသည်။ သံဆံပင်လိပ်ညှပ်များကို ဆံကေသာ ပုံသွင်းကောက်ရန် အသုံးပြုသည်။ ရှေးအေသင်မြို့တို့တွင် အမျိုးသမီးများစွာသည် ဆံကေသာဆေးဆိုးကြကြောင်းလည်း အထင်အရှားတွေ့ရသည်။ သူတစ်ပါးကျလောက်အောင်ပြောနိုင်သော လူးရှမ်းက ဆံကေသာကောက်ဖို့ စက်များအသုံးပြုပြီး အာရေဗီးယန်းဆံကေသာဆေးဆိုးကာ လင်သား၏ဥစ္စာပစ္စည်းများကို ထိုင်ဖြုန်းနေကြသည့် အမျိုးသမီးများ၏ပေါ့ပေါ့နေပေါ့ပေါ့စားမှုကို ပြစ်တင်ရှုတ်ချခဲ့သည်။
လူကုံထံရှေးဂရိအမျိုးသမီးများ ထုံးဖွဲ့ကြသည့် ရေပန်းစားသော ဆံကေသာစတိုင်များသည် လက်ဝင်လွန်းပြီး အလွန်အချိန်စားသည်။ ဤကဲ့သို့သော ဆံကေသာစတိုင်များသည် အလှပြင်ဆရာများပြင်ဆင်ပေးဖို့အတွက် နာရီပေါင်းများစွာကြာပြီး အကုန်အကျအလွန်များရာ ယင်းတို့သည် အလွန်ဟိတ်ဟန်ရှိပြီး အဆိုပါဆင်ယင်ထုံးဖွဲ့ထားသူများကို ငေးလောက်စရာဖြစ်သည်။
မိမိတို့ကိုယ်ကို ဆင်ယင်ထုံးဖွဲ့သည့်အမျိုးသမီးများ
မိတ်ကပ်အသုံးပြုမှုမှာ ကုန်သည်များနှင့် ခရီးသွားများက ဂရိနိုင်ငံသို့ယူလာသည့် အရှေ့တိုင်းသားဆင်ယင်ခြယ်သမှု နောက်တစ်ခုဖြစ်သည်။ ဘီ.စီ.အီး. ပဉ္စမရာစုတွင် အေသင်အမျိုးသမီးတို့သည် မိမိတို့၏မျက်နှာများကို ဖြူသွားစေရန် ခဲကို အသုံးပြုကြသည်။ နှုတ်ခမ်းနီဆိုးကြသည်၊ ပင်လယ်ရေမှော်ပင် သို့မဟုတ် သစ်မြစ်များဖြင့်လုပ်သည့် ပါးနီကို ဆိုးကြသည်။ မျက်တောင်နက်ဆေးကို နွားချေး သို့မဟုတ် ကြက်ဥအကာနှင့် သစ်စေးအရောအနှောမှပြုလုပ်ကာ ကျပ်ခိုးဖြင့် မျက်ခုံးမွေးဆွဲကြသည်၊ မျက်ခွံများကို (အန်တီမိုနီဆာလဖိုဒ်အမှုန့်ကဲ့သို့သော) ကာချယ်မှုန့်ဖြင့် အနက်ရောင်ခြယ်ကြသည်။
ရှေးဂရိနန်းတော်များ၊ သင်္ချိုင်းများနှင့် ကျေးရွာငယ်လေးများတွင် ရှေးဟောင်းသုတေသနပြုချက်များကြောင့် အမျိုးသမီးများ၏အလှဆင်မှုနှင့်ဆက်နွှယ်သော ပစ္စည်းများစွာကို သိရှိခဲ့ရသည်။ ပစ္စည်းပစ္စယမျိုးစုံထဲတွင် မှန်၊ ဘီး၊ တွယ်ချိတ်၊ အလှဆင်ထားသောဓားငယ်လေးများ၊ ဆံညှပ်ဆံထိုးများ၊ သင်တုန်းဓားများနှင့် ရေမွှေးများ၊ မိုးပွင့်များ၊ ဆိုးဆေးခြယ်ဆေးများအတွက် တကောင်းငယ်များပါဝင်သည်။
အလှစစ်
သာမန်အားဖြင့်ဆိုရလျှင် ရှေးဂရိသရော်စာရေးသူများ၏ ထိုးနှက်ချက်များရှိလင့်ကစား ကြော့ကြော့မော့မော့ဖြစ်ခြင်းသည် အမျိုးသမီးတစ်ယောက်အတွက် အကြီးအကျယ်မြတ်နိုးဖွယ်ကောင်းသောအရည်အသွေးတစ်ခု၊ ရှေးဂရိအမျိုးသမီးများ အကြီးအကျယ်အချိန်ကုန်ခံ၊ အားထုတ်၊ ဂရုစိုက်ကာအလေးထားသော အရည်အသွေးတစ်ခုဖြစ်သည်။
ခရစ်ယာန်အမျိုးသမီးတစ်ဦးအတွက် ယင်းသည် ဝိညာဏအရည်အသွေးများအတွက်ပေးသင့်သည့် အလေးထားမှုကို လွယ်ကူစွာမှေးမှိန်သွားစေနိုင်သည်။ ထို့ကြောင့်ပင် တမန်တော်ပေတရုက အမျိုးသမီးတစ်ဦး ဝတ်ဆင်နိုင်သည့် အလှပအတင့်တယ်ဆုံးနှင့် အရေးအကြီးဆုံးအဝတ်အစားမှာ “ဘုရားသခင်ရှေ့မှာအဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်” ကြောင်းမှန်ကန်စွာအလေးပေးဖော်ပြခဲ့သည်။ (၁ ပေတရု ၃:၃၊ ၄) သန့်ရှင်းမှု၊ ဣန္ဒြေရှိရှိဆင်ယင်မှုနှင့်အတူ အတွင်းပိုင်းထုံးဖွဲ့ဆင်ယင်မှုစတိုင်ဝတ်ဆင်သည့် မည်သည့်အမျိုးသမီးမဆို ပြစ်ချက်ကင်းပြီး အချိန်မကုန်သည့်ဖက်ရှင်ဖြင့် အမြဲပင် လှလှပပဝတ်စားမည်ဖြစ်သည်။ ပေါလုက တိမောသေကို “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ သခင်ဘုရားအားရိုသေလေးမြတ်ခြင်းကိုဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏” ဟုရေးသားလိုက်သည်။—၁ တိမောသေ ၂:၉၊ ၁၀။
[အောက်ခြေမှတ်ချက်များ]
a ခရစ်ယာန်ဂရိကျမ်းစောင်များတွင် ခိတွန် ကို ၁၁ ကြိမ်ဖော်ပြထားပြီး New World Translation of the Christian Greek Scriptures တွင် “အတွင်းခံအဝတ်” နှင့် “အောက်ခံအဝတ်” ဟု ပြန်ဆိုထားသည်။ ဒဗ္ဗလျူ.အီး.ဗိုင်း၏ Expository Dictionary of New Testament Words အတွဲ ၁၊ စာမျက်နှာ ၁၉၈ ရှိ “အဝတ်အစား” အကြောင်းအောက်တွင် ရှု။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
အဆင်တန်ဆာများနှင့်ဘာသာတရား
ရှေးဂရိအဆင်တန်ဆာများတွင် တွေ့ရလေ့ရှိသည့်ရုပ်လုံးများသည် ဘာသာရေးသရုပ်သကန်နှင့်ပတ်သက်သည်။ အချို့မှာ အမျိုးမျိုးသောနတ်ဘုရားများနှင့် အာတေမိကဲ့သို့သော ဘုရားမများ၊ ဟာကျူလီကဲ့သို့သော လူတစ်ပိုင်းနတ်တစ်ပိုင်းပုဂ္ဂိုလ်များကို ပုံဖော်ထားသည့် ဒ င်္ဂါးကြီးများဖြစ်သည်။ ဂရိနိုင်ငံတစ်လွှားရှိ နတ်ဗိမာန်များတွင် အများအားဖြင့် ပူဇော်ပသလေ့ရှိသည့် ပစ္စည်းလက်ဆောင်များမှာ ဘာသာရေးထုံးတမ်းစဉ်လာအခမ်းအနားပုံများပါသော အဆင်တန်ဆာများဖြစ်သည်။ လူ့စိုးလ်သည် ခန္ဓာသေခြင်းမှ လွတ်မြောက်သွားသည်ဟူသည့် တိတ္ထိအယူကို ထင်ဟပ်သည့် အလှဆင်သော အဆင်တန်ဆာများကို သင်္ဂြိုဟ်သောနေရာများတွင် လူသေနှင့်တစ်ပါတည်း ထည့်ပေးလိုက်ကြသည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]
ဝဲ– ဘုရားမအသီနာကို ရည်စူး ဓိဋ္ဌာန်သည့်ပါသီနွန်နတ်ဗိမာန်
အထက်– အာတေမိ၏ကိုယ်တစ်ပိုင်းပါသော ရွှေဒ င်္ဂါးကြီး
ယာ– “ဟီမေတီယွန်” ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး
အောက်ယာ– ရွှေသရဖူ
ဝဲအစွန်– “ခိတွန်” နှင့် “ဟီမေတီယွန်” ဆင်မြန်းထားသော ဘုရားမတစ်ပါး
ဝဲ– အစွန်တွင် မြွေခေါင်းပုံများပါသော ရွှေလက်ကောက်များ
[Credit Lines]
Upper right: Acropolis Museum, Greece
All other photos: National Archaeological Museum, Athens
[Picture Credit Line on page 18]
Acropolis, Athens, Greece