ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၄/၈ စာ. ၁၀-၁၃
  • သင်သည် နားလည်စာနာတတ်သော နားထောင်သူ ဖြစ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် နားလည်စာနာတတ်သော နားထောင်သူ ဖြစ်သလော
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရုံဝင်စားနစ်မြုပ်နေပါ
  • နားလည်မှု ပြပါ
  • ကောင်းစွာ နားထောင်သူများသည် စကားလည်း ပြောတတ်သည်
  • မေတ္တာဖြင့် နားထောင်ပေးခြင်း အတတ်ပညာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ကောင်းစွာနားထောင်သူဖြစ်ပါ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • တပည့်ဖြစ်စေရာတွင် ကြီးမြတ်သောဆရာကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကောင်းစွာ နားထောင်ပေးသူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၄/၈ စာ. ၁၀-၁၃

သင်သည် နားလည်စာနာတတ်သော နားထောင်သူ ဖြစ်သလော

သင့်ဘဝတွင် လူတိုင်း လူတိုင်းအား အဖိုးတန်သော လက်ဆောင်တစ်ခုစီ ပေးနိုင်လောက်အောင် ချမ်းသာကြွယ်ဝသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ထိုသူတို့သည် မည်မျှ ပျော်ရွှင်၍ ကျေးဇူးတင်ကြမည်တကား! စင်စစ်အားဖြင့် သင်သည် သူတစ်ပါးအား သူတို့ တကယ် လိုအပ်သည့် အထူးလက်ဆောင်တစ်မျိုး ပေးနိုင် ပေသည်။ သင့်အနေဖြင့် တစ်ပြားတစ်ချပ်မျှ ကုန်ကျစရာ မလိုပါ။ အဘယ်အရာ ဖြစ်သနည်း။ သင်၏ အာရုံစိုက်မှုပင် ဖြစ်သည်။ အများသောသူတို့သည် အာရုံစိုက်မှုကို လိုအပ်ကြပြီး ရရှိပါကလည်း အလွန်ပင် တန်ဖိုးထားလေးမြတ်တတ်ကြသည်။ သို့သော် စစ်မှန်သော အာရုံစိုက်မှုကို ပြသလိုသော် သင့်အနေဖြင့် နားလည်စာနာတတ်သော နားထောင်သူ ဖြစ်ရန် လိုပါသည်။

အကယ်၍ သင်သည် မိဘ၊ သို့မဟုတ် အလုပ်ရှင်၊ သို့တည်းမဟုတ် လူတို့အား အကြံဉာဏ်နှင့် ညွှန်ကြားချက် ပေးရသော တာဝန်ရှိသူတစ်ဦး ဖြစ်ပါက သင့်အနေဖြင့် နားလည်စာနာစွာ နားထောင်ပေးရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက သင်၌ နားလည်စာနာမှု မရှိကြောင်း လူတို့ သတိပြုမိပြီး ယင်းအတွက်ကြောင့် သင်၏ ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်သည်။

သင့်အနေဖြင့် မကြာခဏ အကြံဉာဏ် ပေးရသူ မဟုတ်သည့်တိုင်အောင် လူတို့အား နားလည်စာနာစွာ နားထောင်ပေးရန် လိုအပ်သည်။ ဥပမာ မိတ်ဆွေတစ်ဦးက နှစ်သိမ့်မှု တောင်းခံလာသည့်အခါမျိုး။ သမ္မာကျမ်းမှ ပညာရှိ စကားတစ်ခွန်းက ဆိုသကဲ့သို့ တစ်ဖက်သူ၏ ပြောစကားကို နားမထောင်ဘဲ စကားပြောလျှင် အရှက်ကွဲတတ်သည်။ (သု. ၁၈:၁၃) သို့ဖြစ်လျှင် နားလည်စာနာတတ်သော နားထောင်သူ ဖြစ်ကြောင်း တင်ပြနိုင်သော နည်းလမ်းအချို့ကား အဘယ်နည်း။

အာရုံဝင်စားနစ်မြုပ်နေပါ

နားလည်စာနာတတ်သော နားထောင်သူ ဆိုသည်မှာ အဘယ်နည်း။ Webster’s New Collegiate Dictionary အဘိဓာန်က “နားလည်စာနာမှု” (empathy) ကို “သူတစ်ပါး၏ ခံစားချက် သို့မဟုတ် သဘောထားကို ခွဲဝေခံစားတတ်သော စွမ်းရည်” ဟူ၍ အနက်ဖွင့်ထားသည်။ ၎င်းအဘိဓာန်ကပင် “နားထောင်” (listen) ကို “ကြားရအောင် အလေးအနက် အာရုံစိုက်သည်” ဟူ၍ အနက်ဖွင့်ထားသည်။ ထို့ကြောင့် နားလည်စာနာတတ်သော နားထောင်သူ ဆိုသည်မှာ သူတစ်ပါး ပြောသောစကားကို ကြားရုံကြားသူ မဟုတ်ပေ။ အာရုံစိုက် နားထောင်ပြီး ထိုသူ၏ အတွေးနှင့် ခံစားချက်များကို ခွဲဝေခံစားတတ်သူ ဖြစ်သည်။

ထို့ကြောင့် ကြားရသော စကားများ၌ အာရုံဝင်စားနစ်မြုပ်ရန် လိုအပ်သည်။ စိတ်ပျံ့လွင့်ခြင်း မရှိအောင် သတိထားရမည်။ မည်သို့ ပြန်ဖြေရမည်ဟု စဉ်းစားခြင်းကပင် နားထောင်ခြင်းမှ စိတ်ပျံ့လွင့်သွားစေနိုင်သည်။ သူတစ်ပါး ပြောနေသည့် စကားကို စူးစိုက်နားထောင်ရန် မိမိကိုယ်ကို ထိန်းသိမ်းပါ။

သင့်အား စကားပြောနေသူကို စိုက်ကြည့်ပါ။ တောင်မြောက် လျှောက်ကြည့်နေမည်ဆိုလျှင် စိတ်ဝင်စားမှု မရှိဟု တစ်ဖက်သားက ထင်မှတ်သွားပေမည်။ သူ၏ ခြေဟန်လက်ဟန်နှင့် ကိုယ်ဟန်အမူအရာတို့ကို ဂရုစိုက်ကြည့်ပါ။ သူ ပြုံးနေသလော၊ မျက်မှောင်ကြုတ်နေသလော။ သူ၏ မျက်လုံးများ၌ ရွှင်မြူးသည့် အရိပ်အယောင်၊ ဝမ်းနည်းသည့် အရိပ်အယောင်၊ သို့မဟုတ် စိုးရိမ်သောက ရောက်နေသည့် အရိပ်အယောင် ထင်ဟပ်နေသလော။ သူ မပြောဘဲ ချန်ထားသည့် အချက်များမှာ အရေးကြီးသလော။ မည်သို့ ပြန်ပြောရမည်နှင့်ပတ်သက်၍ မစိုးရိမ်ပါနှင့်၊ စူးစိုက်နားထောင်ပေးလျှင် ပြန်ပြောရမည့် စကားများ အလိုအလျောက် ထွက်လာပါမည်။

တစ်ဖက်လူ ပြောသည့် စကားကို နားထောင်ရင်းနှင့် သင် ခေါင်းညိတ်ပြီး ‘သိပြီ’ ‘သဘောပေါက်ပြီ’ အစရှိသော သဘောတူကြောင်း ဖော်ပြသည့် အသုံးအနှုန်းများ သုံးမိပေမည်။ ဤသည်တို့က တစ်ဖက်လူ၏ စကားကို လိုက်၍ နားထောင်နေကြောင်း ဖော်ပြရာ ရောက်နိုင်သည်။ သို့သော် ခေါင်းညိတ်ခြင်းနှင့် သဘောတူကြောင်း ပြောခြင်းတို့သည် လူတို့အား တကယ် နားထောင်နေခြင်း မရှိဘဲ နားထောင်ဟန် ရှိသည်ဟု ထင်အောင် လုပ်နိုင်သည်ဟု မထင်ပါနှင့်။ အမှန်ဆိုလျှင် အဆက်မပြတ် ခေါင်းတဆတ်ဆတ် ညိတ်ခြင်းဖြင့် စိတ်မရှည်သည့် လက္ခဏာကို ပြရာရောက်သွားနိုင်သည်။ ဤသို့ ပြုခြင်းသည် ‘မြန်မြန် ပြောစမ်းပါ၊ ပြောစရာရှိ မြန်မြန် ပြီးအောင် ပြောပါ’ ဟု ပြောသည်နှင့်မခြား ဖြစ်နိုင်သည်။

မည်သို့ပင် ဖြစ်ပါစေ၊ မည်သို့မည်ပုံ နားထောင်ရမည့်အကြောင်းကို အလွန်အမင်း စိုးရိမ်စရာ မလိုပါ။ စိတ်ပါလက်ပါသာ ဂရုစိုက် နားထောင်ပေးပါ။ သင်၏ တုံ့ပြန်ပုံက သင်၏ စိတ်ရင်းမှန်ကို ထင်ဟပ်စေပါလိမ့်မည်။

သင့်တော်သည့် မေးခွန်းမေးခြင်းဖြင့်လည်း အာရုံဝင်စားနစ်မြုပ်စွာ နားထောင်နေကြောင်း၊ တစ်ဖက်သူ၏ စကားကို အမီလိုက်လျက် ရှိကြောင်း ပြသရာရောက်သည်။ စိတ်ဝင်စားကြောင်းလည်း ပြသရာရောက်သည်။ မပြောဘဲ ချန်ထားသည့် အချက်များ သို့မဟုတ် မရှင်းသည့် အချက်များကို မေးပါ။ တစ်ဖက်သူအား ပို၍ အသေးစိတ် ရင်ဖွင့်ပြောဆိုလာအောင် အားပေးသည့် မေးခွန်းများကို မေးပါ။ တစ်ခါတစ်ခါ ကြားဖြတ်၍ မေးခွန်းမေးခြင်းအတွက် စိတ်မပူပါနှင့်။ သို့သော် သိပ်မများပါစေနှင့်။ အကြောင်းအရာကို ဇာတ်ရည်လည်အောင် ကြိုးစားခြင်းသည် နားထောင်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ကြားဖြတ်မေးမြန်းခြင်း အတော်အသင့်သာ ပြုလုပ်ခဲ့မည်ဆိုလျှင် တစ်ဖက်သူက သူ ပြောသမျှကို အပြည့်အဝ နားလည်သိရှိလိုသည့် သင့်ဆန္ဒအတွက် ကျေးဇူးတင်ပေလိမ့်မည်။

နားလည်မှု ပြပါ

သင့်အား ရင်ဖွင့်ပြောဆိုလာသူကို တကယ်ပင် နားလည်စာနာသည့်တိုင်အောင် ဤအပိုင်းသည် အခက်ခဲဆုံးအပိုင်း ဖြစ်နိုင်သည်။ စိတ်သောကရောက်နေသူတစ်ဦး သင့်ထံ ချဉ်းကပ်လာသည့်အခါ သင့်အနေဖြင့် အကောင်းဘက်မှ မြင်သော အကြံပြုချက်များနှင့် ဖြေရှင်းနည်းများကို ချက်ချင်း ပေးတတ်သလော။ တစ်စုံတစ်ယောက်၏ ဒုက္ခနှင့်စာလျှင် အခြေအနေ မဆိုးလှကြောင်း ချက်ချင်းပင် ထောက်ပြတတ်သလော။ ဤသို့ ပြုခြင်းသည် အကူအညီ ဖြစ်သည်ဟု ထင်ရသော်လည်း ဆန့်ကျင်ဘက်အကျိုး သက်ရောက်နိုင်ပေသည်။

ဆက်လက် နားထောင်ခြင်းကို ရပ်၍ စတင် ဖြေရှင်းလိုသည့် ဆန္ဒ သင်၌ ဖြစ်ပေါ်စေသည့်အကြောင်း အတော်များများ ရှိမည်။ သင်၏ ထက်သန်ပြင်းပြသော အကြံပြုချက်များသည် ဒုက္ခရောက်နေသူ၏ စိတ်ကို မြှင့်တင်ပေးရန် လိုအပ်သည့် အရာများပင် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်ပေမည်။ သို့တည်းမဟုတ် “အမှား” ကို “ပြင်ဆင်” ရန်မှာ သင်၏ တာဝန် ဖြစ်ကြောင်း၊ ထိုသို့ မပြင်ပေးပါက သင်သည် အကူအညီ မပေးတတ်သူ၊ “တာဝန်မကျေသူ” ဖြစ်သည်ဟု သင် ယူဆပေမည်။

သို့ရာတွင် အချိန်မတန်ဘဲ ဖြေရှင်းနည်းကို တရစပ် ပေးလိုက်မည်ဆိုလျှင် များသောအားဖြင့် စိတ်ပျက်စရာကောင်းသော သဘောမျိုး သက်ရောက်စေတတ်သည်။ ဥပမာ၊ ‘ခင်ဗျားရဲ့ ပြဿနာဟာ ခင်ဗျား ပြောသလောက် မကြီးကျယ်ဘူးလို့ ကျွန်တော် မြင်တယ်။’ သို့မဟုတ် ‘ကျုပ်ဟာ ပြဿနာ ဖြေရှင်းပေးသူအနေနဲ့ ခင်ဗျားရဲ့ ကောင်းကျိုးချမ်းသာထက် ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ပိုပြီး အရေးပေးတယ်။’ သို့တည်းမဟုတ် ‘ကျုပ် နားမလည်ဘူး—သိလည်း မသိချင်ဘူး’ ဟူ၍ ဖြစ်သည်။ ဒုက္ခရောက်နေသူ၏ ပြဿနာကို အခြားသူများ၏ ပြဿနာများနှင့် နှိုင်းယှဉ်ခြင်းသည် များသောအားဖြင့် ‘တခြားသူတွေက ခင်ဗျားထက် ပိုပြီး ဒုက္ခရောက်ကြတယ်။ ခင်ဗျားကျတော့ ဘာမဟုတ်တာလေးနဲ့ စိတ်ဆင်းရဲခံနေတာ ရှက်ဖို့တောင် ကောင်းတယ်’ ဟု ပြောသည့် သဘော သက်ရောက်ပေမည်။

ဤကဲ့သို့ စိတ်ပျက်စရာကောင်းသော သဘောမျိုးကို မရည်ရွယ်ဘဲနှင့် ပြောမိပါက သင်သည် ကောင်းစွာ နားမထောင်ကြောင်း၊ သူ ပြောသည့် စကားကို နားမလည်ကြောင်း သင့်မိတ်ဆွေက မှတ်ယူသွားပေမည်။ သင်သည် သူ့အား အထင်အမြင် သေးသည်ဟုပင် ထင်မှတ်သွားပေမည်။ နောက်တစ်ကြိမ်ကျလျှင် သူသည် အခြားသူတစ်ဦးထံမှ နှစ်သိမ့်မှုကို တောင်းခံပေလိမ့်မည်။—ဖိလိပ္ပိ ၂:၃၊ ၄။

အကယ်၍ သင့်မိတ်ဆွေသည် မလိုအပ်ဘဲ စိတ်ဒုက္ခရောက်နေပါက မည်သို့ ပြုမည်နည်း။ ဥပမာအားဖြင့် ခိုင်လုံသည့် အကြောင်း မရှိပါဘဲလျက် သူ၌ အပြစ်ရှိသည်ဟု သူ ခံစားနေမည်။ သူ စိတ်သက်သာသွားအောင် သူ၌ အပြစ်မရှိကြောင်း ချက်ချင်း ပြောလိုက်သင့်သလော။ မပြောသင့်ပါ၊ အကြောင်းမှာ သူ၏ စကားကို ရှေးဦးစွာ နားမထောင်ဘဲနှင့် အားပေးစကားပြောမည်ဆိုလျှင် သိပ်ပြီး အရာရောက်မည် မဟုတ်ပေ။ စိတ်သက်သာရာရမည့်အစား ဝန်ထုပ်ကြီး ပေါ့မသွားသေးကြောင်း၊ စိတ်ထဲ၌ အပြစ်ရှိနေသေးကြောင်း ခံစားနေပေမည်။ ၁၉-ရာစုနှစ်မှ တွေးခေါ်ရှင် ဟင်နရီ ဒေးဗစ် သောရိုး မိန့်ဆိုခဲ့သည့်အတိုင်း “အမှန်တရား ပြောရန် လူနှစ်ဦး လိုသည်– တစ်ဦးက ပြော၍ တစ်ဦးက နားထောင်ရသည်။”

“နားကြားခြင်းငှာ လျင်မြန်ကြစေ၊ စကားပြောခြင်းငှာ . . . နှေးကြစေ” ဟူသော သမ္မာကျမ်းစာ ညွှန်ကြားချက်သည် လျော်ကန်သင့်မြတ်လှပေသည်။ (ယာကုပ် ၁:၁၉) ၎င်းပြင် နားလည်စာနာမှုနှင့် နားထောင်ရန်လည်း အရေးကြီးပေသည်။ သင့်အား အတွင်းရေးကိစ္စ ပြောကြားသူ၏ ခံစားချက်များကို ဝေမျှခံစားပါ။ သူ့ ပြဿနာ၏ အတိမ်အနက်နှင့် သူ၏ စိတ်သောက ထုထည်ပမာဏတို့ကို အသိအမှတ်ပြုပါ။ ‘အို၊ ခင်ဗျားရဲ့ ​ပြဿ​နာဟာ ခေတ္တခဏလေးပါ၊’ သို့မဟုတ် ‘အခြေအနေက ဒီလောက်လည်း မဆိုးပါဘူး’ အစရှိသော စကားမျိုးဖြင့် သူ၏ ပြဿနာကို သေးသိမ်အောင် မပြုပါနှင့်။ သရော်သကဲ့သို့ ဖြစ်သည့်အချက်မှာ ထိုသို့ သေးသိမ်အောင် လုပ်ကာမှ သူ၏ စိတ်သောကကို ပို၍ ပြင်းထန်စေတတ်ခြင်း ဖြစ်သည်။ သူ၏ စကားကို သင် အလေးအနက် မထားခြင်းကြောင့် သူ မချင့်မရဲ ဖြစ်သွားပေမည်။ ထို့ကြောင့် သူ၏ စကားကို ကောင်းစွာ နားထောင်နေကြောင်း၊ အခိုက်အတန့်အားဖြင့် သူ ထိုသို့ ခံစားမိသည်ကို လက်ခံကြောင်း သင်၏ တုံ့ ပြန်ပုံအားဖြင့် ဖော်ပြပါ။

နားလည်စာနာစိတ်ဖြင့် နားထောင်ခြင်း ဆိုသည်မှာ သင့်အား အတွင်းရေးကိစ္စများ ပြောပြသူ ပြောသမျှကို သဘောတူလက်ခံရမည်ဟု မဆိုလိုပါ။ “ဒီအလုပ်ကို မကြိုက်ဘူး” ဟု လူတစ်ဦးပြောရာ၌ ကျိုးကြောင်းခိုင်လုံခြင်း မရှိကြောင်း သင် ယုံကြည်ပေမည်။ သို့သော် သင်က သဘောမတူသည့် လေသံမျိုး (‘ဒီလို သဘောမထားနဲ့လေ’) သို့မဟုတ် ငြင်းပယ်သည့် လေသံမျိုး (‘တကယ် ပြောနေတာ မဟုတ်ပါဘူးနော်’) ဖြင့် တုံ့ ပြန်မည်ဆိုပါက သင် သဘောပေါက်နားလည်ခြင်း မရှိဟု သူ ကောက်ချက်ချမိပေမည်။ သင် ပေးသော မှတ်ချက်များက နားလည်မှု ရှိကြောင်း ထင်ဟပ်စေသင့်သည်။ မိမိ၏ အလုပ်ကို မကြိုက်သောသူတစ်ဦးအား ‘တော်တော်လေး ပင်ပန်းမဲ့အလုပ် ဖြစ်မှာပဲနော်’ ဟု ပြောနိုင်သည်။ ၎င်းနောက် အသေးစိတ်အချက်များကို မေးမြန်းပါ။ ဤသို့ဖြင့် သူ့အလုပ်ကို သူ မနှစ်မြို့စရာ ဖြစ်သင့်သည်ဟု သဘောတူစရာ မလိုဘဲ လောလောဆယ်တွင် သူ ထိုသို့ ခံစားနေရသည်ကို အသိအမှတ်ပြုရုံသာ ပြုလိုက်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏ ရင်ဖွင့်သံကို နားထောင်ပေးသူ ရှိသည်၊ သူ၏ ခံစားချက်များကို အပြည့်အဝ ဖွင့်ပြောလိုက်နိုင်သည် ဟူသော အသိစိတ်ကြောင့် ကျေနပ်ပီတိ ဖြစ်အောင် ကူညီပေးနိုင်သည်။ များသောအားဖြင့် ပြဿနာကို ဝေမျှခံစားခြင်းအားဖြင့် တစ်ဖက်သား၏ စိတ်ကို ပေါ့ပါးစေနိုင်ပေသည်။

ထိုနည်းတူ “ကျွန်တော့်မိန်းမ ဒီနေ့ ဆေးစစ်ခံရမယ်” ဟု ပြောလာသူသည် “ကျွန်တော် စိတ်ပူတယ်” ဟု ဆိုလိုသည့်သဘော ဖြစ်နိုင်သည်။ တုံ့ပြန်ဖြေကြားသည့်အခါ၌ ဤသည်ကို နားလည်သဘောပေါက်ကြောင်း ပြပါ။ ဤသို့ဖြင့် သူ ပြောသည့် စကား၏ ဆိုလိုချက်ကို သဘောပေါက်ကြောင်း ပြသရာရောက်ပြီး သူ၏ ဆိုလိုချက်ကို လျစ်လျူရှုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် စိတ်မပူပါနှင့်ဟု ပြောခြင်းထက် များစွာ စိတ်သက်သာရာ ရရှိစေနိုင်ပေသည်။—ရောမ ၁၂:၁၅။

ကောင်းစွာ နားထောင်သူများသည် စကားလည်း ပြောတတ်သည်

The Art of Conversation စာအုပ်က စကားနည်းနည်းသာ ပြောပြီး နားထောင်ပေးတတ်သူများသည် “ဤသို့ ပြုခြင်းဖြင့် သူတို့အား သိက္ခာတက်စေနိုင်သည်ဟု ထင်မှတ်ကြကြောင်း” ဆိုထားသည်။ ဤသို့ ပြုခြင်းအားဖြင့် တစ်ဖက်သားအား ဒိုင်ခံ စကားပြောစေရာရောက်သဖြင့် ရိုင်းပျသည့် သဘောဆောင်သည်။ တစ်ဖက်တွင် သင့်အား ရင်ဖွင့်သူက သင့်အား ပြောခွင့် မပေးဘဲ ရေပက်မဝင်အောင် ဆက်တိုက် ပြောမည်ဆိုပြန်လျှင်လည်း ရိုင်းပျရာကျသည်။ ထို့ကြောင့် ကောင်းစွာ နားထောင်တတ်သူ ဖြစ်ရန် လိုသော်လည်း သင်၌ တစ်ဖက်သားအား အကူအညီ ဖြစ်စေနိုင်သော စကားများ ပြောစရာ ရှိကြောင်း အသိပေးလိုပေမည်။

သင် ဘာပြောနိုင်သနည်း။ သင့်မိတ်ဆွေ၏ ပြောပြချက်ကို လေးလေးစားစား နားထောင်ပြီးနောက် ယခု အကြံဉာဏ် ပေးရတော့မည်လော။ ပေးနိုင်သည့် အရည်အချင်း ရှိပါက ပေးကောင်း ပေးနိုင်မည်။ သင်၌ သင့်မိတ်ဆွေ၏ ပြဿနာအတွက် ဖြေရှင်းနည်း ရှိပါက ပေးသင့်ပေသည်။ ရှေးဦးစွာ အချိန်ပေး၍ နားထောင်ခဲ့ပြီ ဖြစ်ရာ သင် ပြောသည့် စကားများသည် အတော်အတန် အလေးစီးပေမည်။ သင်၏ မိတ်ဆွေ လိုအပ်သည့် ညွှန်ကြားချက် သို့မဟုတ် အကူအညီမျိုးကို ပေးနိုင်လောက်သည့် အရည်အချင်း မရှိပါက အရည်အချင်းရှိသူနှင့် ဆက်သွယ်နိုင်အောင် ကူညီပေးသင့်သည်။

သို့သော် အချို့ကိစ္စမျိုး၌ အကြံပြုချက် ပေးစရာ မလိုသကဲ့သို့ တောင်းခံခြင်းလည်း မရှိပေ။ ထို့ကြောင့် စကားများများ ပြောခြင်းအားဖြင့် သင့်နားထောင်ခြင်း၏ ကောင်းကျိုးကို ထိခိုက်ခြင်း မရှိစေရန် သတိထားပါ။ သင့်မိတ်ဆွေ မထိန်းချုပ်နိုင်သော အခြေအနေသည် ကြံ့ကြံ့ခံရန်သာ၊ သို့မဟုတ် အကျိုးမဲ့သော ခံစားချက်များကို အောင်နိုင်ရေးအတွက် အချိန်ပေးရန်သာ လိုကောင်း လိုမည်။ သူ ကြုံရသည့် ဒုက္ခကို မျှဝေရန် သင့်ထံသို့ သူလာခြင်း ဖြစ်သည်။ သင်ကလည်း နားထောင်ပေးသည်။ သူ၏ ခံစားချက်များကို မျှဝေခံစား၍ သူ့အတွက် စိုးရိမ်ကြောင့်ကြပေးကြောင်း၊ သူ့ကို အမြဲတမ်း သတိရ၍ ဆုတောင်းပေးကြောင်း စိတ်ချစေပါ။ မိမိထံ အချိန်မရွေး လာနိုင်ကြောင်း၊ သူ၏ အတွင်းရေးများကို လျှို့ဝှက်ထားမည် ဖြစ်ကြောင်း သိရှိစေပါ။ သူသည် သူ့ ပြဿနာကို ဖြေရှင်းပေးသည်ထက် ဤကဲ့သို့သော နှစ်သိမ့်မှုမျိုးကို သူ ပို၍ လိုလားပေမည်။—သု. ၁၀:၁၉; ၁၇:၁၇; ၁ သက်သာလောနိတ် ၅:၁၄။

နားထောင်ပြီးနောက် အကြံပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ ဤသို့ နားထောင်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိသည်။ ဖွင့်ပြောသူအနေနှင့် သူ၏ စကားကို ကြားနာ၍ နားလည်မှု ပြသခြင်းအတွက် ကျေနပ်မှု ရရှိသည်။ သူ ပြောသမျှကို နားထောင်ပေးသူ ရှိပါလားဟူသော အသိကြောင့် နှစ်သိမ့်မှု ရရှိသည်။ နားထောင်သူအနေနှင့်လည်း အကျိုးကျေးဇူး ရရှိသည်။ သူ ပြသလိုက်သည့် စိုးရိမ်ကြောင့်ကြမှုကို သူတစ်ပါး တန်ဖိုးထားလေးစားကြသည်။ အခြေအနေ အရပ်ရပ်ကို အပြည့်အဝ နားလည်ပြီးမှ စကားပြောသည့်အတွက် ပေးလိုက်သည့် အကြံဉာဏ်မှာလည်း ပို၍ တန်ဖိုးရှိပေမည်။ နားလည်စာနာစွာ နားထောင်ခြင်းသည် အချိန်ပေးရမည်မှာ မှန်ပါသည်။ သို့သော် အကျိုးလည်း ကြီးလှသည်တကား! မှန်ပါသည်၊ သူတစ်ပါးအား အာရုံစိုက် အရေးပေးခြင်းအားဖြင့် သင်သည် သူတို့အား တစ်မူထူးခြားသည့် လက်ဆောင်မွန်ကို ပေးရာရောက်ပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ