ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၄/၈ စာ. ၆-၉
  • ပျော်ရွှင်ချမ်းမြေ့မှု—အာမခံချက် ပေးထား!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ရွှင်ချမ်းမြေ့မှု—အာမခံချက် ပေးထား!
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်မကျေမချမ်း ဖြစ်ရာမှ ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရေးသို့
  • ဘဝရည် ရွယ်ချက်ကို သူမ တွေ့ ရှိ
  • သင့်အား စောင့်ကြိုလျက်ရှိသည့် ပျော်ရွှင်ချမ်းမြေ့မှု
  • ပျော်ရွှင်မှုရရှိနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါကိုဝတ်ပြုရာ၌ စစ်မှန်သောပျော်ရွှင်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မည်သည့်နေရာတွင် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့ နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ပျော်ရွှင်မှု ရှာပုံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၄/၈ စာ. ၆-၉

ပျော်ရွှင်ချမ်းမြေ့မှု—အာမခံချက် ပေးထား!

“မိမိတို့၏ ဝိညာဉ်ရေး လိုအပ်ချက်ကို သိသောသူတို့သည် ပျော်ရွှင်၏” ဟူ၍ ယေရှုခရစ် မိန့်တော်မူ၏။ (မဿဲ ၅:၃၊ ကဘ) သမားရိုးကျ ဉာဏ်ပညာနှင့် ဆန့်ကျင်လျက် ယေရှုက ပျော်ရွှင်ချမ်းမြေ့မှု ရှာဖွေရာ၌ အောင်မြင်မှု ရရှိရေးအတွက် အရေးပါသော အချက်တစ်ချက်မှာ ဥစ္စာပစ္စည်း တပ်မက်လိုချင်သည့် ဆန္ဒကို ဖြည့်ဆည်းခြင်း မဟုတ်ဘဲ ဝိညာဉ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဖြစ်ကြောင်း ထောက်ပြတော်မူ၏။ အထက်ပါ ယေရှု၏ စကားတော်အတိုင်း လိုက်နာမည်ဆိုပါက ပျော်ရွှင်ချမ်းမြေ့မှု မုချရရှိပေမည်။

သို့ရာတွင် မိမိ၏ ဝိညာဉ်ရေး လိုအပ်ချက်ကို သိခြင်းဆိုသည်မှာ ထိုသို့သော လိုအပ်ချက် ရှိကြောင်း သိရုံသိခြင်းမျှသာ မဟုတ်ပါ။ လိုအပ်ချက်တစ်ခု မပြည့်သည့်အခါ အများအားဖြင့် ပျော်ရွှင်မှု မဖြစ်စေဘဲ စိတ်သောကနှင့် စိတ်မကျေနပ်မှုသာ ဖြစ်စေလေ့ရှိသည်။ သမ္မာကျမ်းစာမှ စကားပုံတစ်ခုက ဤသို့ဆို၏– “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။” (သု. ၁၃:၁၂) ယင်းကြောင့် မိမိ၏ ​ဝိညာဉ်​ရေး လိုအပ်ချက်ကို သိအောင် ကြိုးစားပြီး ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးပါမှ ပျော်ရွှင်ချမ်းမြေ့မှု ပွင့်လန်းဝေဆာပေမည်။ ဤအတိုင်း မည်သို့ ပြုလုပ်နိုင်သနည်း။

ဤနေရာ၌ သမ္မာကျမ်းစာ၏ အခန်းကဏ္ဍ အကျုံးဝင်လာပါသည်။ အဘယ်ကြောင့်ဆိုသော် လူအများ ကြာမြင့်စွာက အလေးပေးစဉ်းစားလာခဲ့သော်လည်း ကျေနပ်ဖွယ် အဖြေ မရရှိသည့် မေးခွန်းများ၏ အဖြေကို သမ္မာကျမ်းစာတစ်ခုတည်းကသာ အဖြေပေးနိုင်သောကြောင့်တည်း။ သာဓကအနေနှင့် ‘ဘဝရည်ရွယ်ချက်ကား အဘယ်နည်း၊ ကမ္ဘာပေါ် လူ အဘယ်ကြောင့် ရောက်နေရသနည်း၊ အနာဂတ် မည်သို့ ရှိသနည်း’ ဟူသော မေးခွန်းများနှင့် အခြားအခြားသော မေးခွန်းများ၏ ကျေနပ်ဖွယ်ကောင်းသော အဖြေများကို ပေးသည့်အပြင် ဘဝအတွက် လမ်းညွှန်လည်း ပေးထားပေသည်။ ယင်းဘဝလမ်းညွှန်က ယနေ့ ကျွန်ုပ်တို့အားလုံး ရင်ဆိုင်နေရသည့် ရှုပ်ထွေးသော ပြဿနာများနှင့် ပျော်ရွှင်ချမ်းမြေ့မှု ရှာဖွေရာတွင် မကြာခဏ ဆီးတားနှောင့်နှေးစေသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် လူသန်းပေါင်းများစွာတို့အား အကူအညီ ပေးခဲ့လေပြီ။ “[ဘုရားသခင့်] နှုတ်ကပါဌ်တော်သည် အကျွန်ုပ်ခြေရှေ့ မှာ မီးခွက် ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏” ဟူ၍ ဆာလံဆရာက ဆို၏။ (ဆာလံ ၁၁၉:၁၀၅) မှန်ပါသည်၊ သမ္မာကျမ်းစာသည် ပျော်ရွှင်မှု ရှာဖွေရာ၌ အောင်မြင်မှု ရရှိရန် သင့်အား အထောက်အကူ ပေးနိုင်သည့် သေချာသော လမ်းညွှန် ဖြစ်ပါသည်။ အောက်ပါ ဘဝအဖြစ်မှန် နမူနာနှစ်ရပ်ကို စဉ်းစားဆင်ခြင်ကြည့်ပါ။

စိတ်မကျေမချမ်း ဖြစ်ရာမှ ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရေးသို့

အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှု၏ ဇာစ်မြစ် ဖြစ်နိုင်သကဲ့သို့ စိတ်ဆင်းရဲမှု၏ ဇာစ်မြစ်လည်း ဖြစ်နိုင်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ အများသောသူတို့အဖို့ အိမ်ထောင်ပြုခြင်းသည် စိတ်ဆင်းရဲမှု၏ ဇာစ်မြစ် ဖြစ်နေလေသည်။ သို့တစေ၊ သမ္မာကျမ်းစာ၏ သြဝါဒကို လက်တွေ့လိုက်နာကျင့်သုံးသည့်အခါ တစ်ချိန်က ပျော်ရွှင်ချမ်းမြေ့မှု မရှိသည့် အိမ်ထောင်အများကို ပျော်ရွှင်ချမ်းမြေ့လာအောင် ကူညီပေးခဲ့လေသည်။

ယွန်ကွန်းနှင့် မေးဆွီတို့သည် ဤသို့သော အတွေ့အကြုံမျိုး ရှိခဲ့သည်။ “ကျွန်တော်တို့ရဲ့ အိမ်ထောင်သက် ပထမ ခုနစ်နှစ်ဟာ ပျော်စရာ မဟုတ်ခဲ့ဘူး” ဟု ယွန်ကွန်းက ရင်ဖွင့်ပြောပြသည်။ “ကျွန်တော့်မိန်းမနဲ့ သမီးနှစ်ယောက်အတွက် ကျွန်တော် အချိန်သိပ်မပေးနိုင်ခဲ့ဘူး။ တကယ် ပြောရရင် ကျွန်တော်ဟာ အလုပ်လုပ်တဲ့ နေရာမှာဘဲ အအိပ်များခဲ့ပါတယ်။” သူတို့သည် လိုအပ်သည့် ရုပ်ပစ္စည်းများအားလုံး ပြည့်စုံသော်ငြားလည်း ပျော်ရွှင်မှု မရှိခဲ့ချေ။ ဇနီးဖြစ်သူက ဤသို့ ထပ်ဆင့် ဆို၏– “ကျွန်မခင်ပွန်းဟာ စားဝတ်နေရေး ရှာဖွေပေးတာကလွဲရင် အိမ်မှုကိစ္စအားလုံးကို ကျွန်မခေါင်းပေါ်မှာ ပုံချထားတယ်။ ကျွန်မ တကယ့်ကို မကျေနပ်ဘူး။” သူတို့သည် ခွဲနေဖို့ပင် စဉ်းစားခဲ့ကြသည်။

ယွန်ကွန်း၌ အခြားမိသားစု ပြဿနာများလည်းရှိသည်။ ယခင်က မိသားစု အခက်အခဲများကြောင့် သူသည် အစ်မဖြစ်သူနှင့် ခုနစ်နှစ်တိုင်တိုင် စကားမပြောဘဲ နေခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် ကိုက်တစ်ရာပင် မပြည့်သည့် အကွာအဝေးတွင် နေထိုင်ကြလင့်ကစား ထိုသို့စကားမပြောဘဲ နေခဲ့ကြသည်။ သို့ရာတွင် ယခုသော် သူ၏ အိမ်ထောင်သည် ပျော်ရွှင်ချမ်းမြေ့ရုံမျှမက အစ်မဖြစ်သူနှင့်လည်း ဆက်ဆံရေး ပြေလည်လာသည်။ အဘယ်ကြောင့် ဤသို့ အကြီးအကျယ် ပြောင်းလဲခဲ့ရသနည်း။

“ကျွန်တော်တို့လင်မယားဟာ ယေဟောဝါသက်သေများနဲ့ သမ္မာကျမ်းစာ စတင်လေ့လာပြီး သူတို့ရဲ့ အပတ်စဉ်စည်းဝေးတွေကို တက်ရောက်ကြတယ်” ဟု ယွန်ကွန်းက ရှင်းပြသည်။ သူ့အစ်မလည်း ထိုအတိုင်း လုပ်ခဲ့သည်။ သူတို့သည် သင်အံသိရှိသည့်အတိုင်း လက်တွေ့ကျင့်သုံးကြခြင်းဖြင့် ယခုကဲ့သို့ အံ့သြဖွယ် ရလဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယွန်ကွန်းသည် မိသားစု စားဝတ်နေရေး လိုအပ်ချက်များအတွက် သာမက ဝိညာဉ်ရေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များအတွက်ပါ ဖူလုံစေနိုင်သည့် အလုပ်အကိုင်တစ်ခုကို ရှာတွေ့ခဲ့သည်။ ယခုသော် သူတို့၏ မိသားစုလေးသည် ပျော်ရွှင်ချမ်းမြေ့၍ စည်းလုံးခြင်းနှင့် ပြည့်ဝသော မိသားစုဘဝ ဖြစ်နေလေပြီ။

ဘဝရည် ရွယ်ချက်ကို သူမ တွေ့ ရှိ

လူ့ဘဝ၌ ပျော်ရွှင်ချမ်းမြေ့ရန် အသက်ရှင်ရခြင်းအတွက် အကြောင်းရင်းတစ်ခုနှင့် ဘဝရည်ရွယ်ချက်တစ်ခု ရှိရန် လိုအပ်ကြောင်း လူ့သဘာဝအကြောင်း လေ့လာသူတို့က ဆိုကြသည်။ ဥစ္စာဓန ရှာမှီးခြင်းကိုသာ မဏ္ဍိုင်ပြုသည့် တစ်ကိုယ်ကောင်းဆန်သော ဘဝသည် အထက်ပါ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ချေ။ အသက် နှစ်ဆယ့်ခြောက်နှစ် ရှိသော လင်နီက ဤအချက် မှန်ကန်ကြောင်း တွေ့ရှိခဲ့သည်။

“အလျင်က ကျွန်မ အမြဲတမ်း တစ်ပတ်မှာ ခုနစ်ရက်၊ တစ်ရက်မှာ ၁၂ နာရီ အလုပ်လုပ်ခဲ့တယ်” ဟု သူမ ပြောပြသည်။ “ကျွန်မရဲ့ ပန်းတိုင်ဟာ အလှပြင်ဆိုင်ကြီးတစ်ဆိုင် ဖွင့်ဖို့ ဖြစ်တယ်။” သူမ၏ စိတ်ကူးယဉ်အိပ်မက် အကောင်အထည် ပေါ်လုနီးချိန်၌ ဘဝတွင် တစ်ခုခု ဟာနေသည်ဟု သူမ ခံစားမိသည်။ “ဘဝရည်ရွယ်ချက်အကြောင်းကို ကျွန်မ အမြဲ တွေးတောခဲ့တယ်။ လူ့ဘဝဆိုတာ အလုပ်လုပ်ပြီး ငွေရှာဖို့သက်သက်ပဲလား။”

တစ်နေ့သ၌ သူမ၏ ဆိုင်ထဲသို့ လူတစ်ယောက် ရောက်လာပြီး သူမအား သူမ တွေးတောနေကျ မေးခွန်းများကို မေးမြန်းခဲ့သည်။ ထိုမေးခွန်းများကို သမ္မာကျမ်းစာ ဖြေဆိုနိုင်ကြောင်း သူမ သိရှိရသည်။ ယခင်အခါ၌ သူမသည် သမ္မာကျမ်းစာကို လုံးဝ မဖတ်ဖူးသော်လည်း ကျမ်းစာကို ဆန်းစစ်ရန် တစ်ပတ်လျှင် တစ်နာရီ အချိန်ပေးဖို့ သဘောတူလိုက်သည်။

လင်နီသည် အပတ်စဉ် လေ့လာမှုမှ သူမ နေ့စဉ် တွေ့ကြုံရသည့် အခြင်းအရာများကို သမ္မာကျမ်းစာက ကြိုတင်ဟောပြောထားကြောင်း သိရှိလာသည်။ “လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကို သာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်” ဟု တင်ကူးဆိုထားသည့်အတိုင်း သူမ၏ ပတ်ဝန်းကျင်တွင် တည်ရှိနေသည့် စိတ်နေစိတ်ထားများကို သမ္မာကျမ်းစာက ကြိုတင်၍ တိတိကျကျ ဟောပြောထားသည်ကို သူမ အလွန် အံ့သြမိသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် တွေ့မြင်နေရသည့် စစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် သဘာဝ ကပ်ဘေးများကြောင့် ဖြစ်ပေါ်သည့် မကြုံစဖူး ဒုက္ခသုက္ခများကို ညွှန်ပြသည့် အခြားပရောဖက်ပြုချက်များကိုလည်း သူမ လေ့လာခဲ့သည်။—၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၇၊ ၁၂။

ထို့ ပြင် လင်နီသည် သူမအား အထူး ပျော်ရွှင်စေသည့် အကြောင်းတစ်ခုကိုလည်း သိရှိလာသည်။ ၎င်းတို့မှာ လူတို့၏ ပျော်ရွှင်ချမ်းမြေ့မှုကို မကြာခဏ လုယူဖျက်ဆီးနေသည့် ဤကမ္ဘာ့အခြေအနေများမှာ လူ့သမိုင်းတွင် ခေတ်သစ်တစ်ခေတ် ပေါ်ထွန်းလုနီးပြီ ဖြစ်ကြောင်း ပြညွှန်သည့် လက္ခဏာပင် ဖြစ်သည်။ (မဿဲ ၂၄:၃-၁၄) လူသားတို့၏ ဖန်ဆင်းတော်မူရှင်သည် မစုံလင်သော လူသားများ မကြုံစဖူး တစ်ကမ္ဘာလုံး ဥစ္စာဓန ပေါကြွယ်သည့် ကမ္ဘာသစ်တစ်ခုကို ဤကမ္ဘာမြေပေါ်တွင် တည်ထောင်ရန် ရည်ရွယ်ထားတော်မူသည့်အကြောင်းကိုလည်း သူမ ဖတ်ရှုရသည်။ (ဆာလံ ၇၂:၁၆; ဟေရှာယ ၆၅:၁၇၊ ၁၈၊ ၂၁၊ ၂၂) လာလတ္တံ့သော ကြီးပွားချမ်းသာသည့် ထိုလူ့အဖွဲ့အစည်းသည် လောဘ၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် ရုပ်ပစ္စည်း လိုက်စားမှုတို့မှစ၍ ၎င်းတို့၏ ဆိုးကျိုးများကြောင့် ဖျက်ဆီးခြင်း ခံရမည် မဟုတ်ပေ။ (ဆာလံ ၃၇:၉-၁၁၊ ၂၉; ၁ ကောရိန္သု ၆:၉၊ ၁၀) သမ္မာကျမ်းစာမှ အောက်ပါစကားများကို ဖတ်ရှုရသည့်အခါ၌ သူမ ပီတိဖြာမိလေသည်– “ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”—၁ ပေတရု ၃:၁၃။

သင့်အား စောင့်ကြိုလျက်ရှိသည့် ပျော်ရွှင်ချမ်းမြေ့မှု

ယခုအခါ လင်နီသည် သူမ၏ အချိန်ရှိသမျှကို ရုပ်ပစ္စည်း ပန်းတိုင်များ လိုက်စားရာတွင် အသုံးမပြုတော့ဘဲ အချိန်အများစုကို သူမ သင်ကြားသိရှိလာရာများအကြောင်းကို သူတစ်ပါးအား ပြောပြရာတွင် အသုံးပြုလျက်ရှိသည်။ ဤအံ့ချီးဖွယ် ကတိတော်များအကြောင်းကို သင် ပို၍ သိရှိလိုပါသလော။ လင်နီ၊ ယွန်ကွန်း၊ မေးဆွီတို့နှင့်တကွ အခြားသန်းပေါင်းများစွာသောသူတို့ တွေ့ရှိခဲ့ကြသည့် ပျော်ရွှင်ချမ်းမြေ့မှုကို သင်လည်း တွေ့ရှိရအောင် သမ္မာကျမ်းစာက မည်သို့ ကူညီပေးနိုင်သည်ကို ဆန်းစစ်ကြည့်လိုပါသလော။ ယေဟောဝါသက်သေများသည် သင့်အား ကူညီရန် အသင့်ရှိကြပါသည်။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် မြေကြီးဆိုင်ရာ ပရဒိသုတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ထားတော်မူ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ