ဩဂုတ် ၃၁–စက်တင်ဘာ ၆၊ ၂၀၂၆
သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီးစံ
အာရုံစိုက်နားထောင်နေရဲ့လားဆိုတာ သတိပြုပါ
“အာရုံစိုက်နားထောင်နေရဲ့လားဆိုတာ သတိပြုပါ။”—လု. ၈:၁၈။
အာရုံစိုက်ရာ
အစည်းအဝေးတွေနဲ့ တခြား ဝတ်ပြုရေးအစီအစဉ်တွေမှာ ဘာကြောင့် အာရုံစိုက်သင့်သလဲ၊ ဘယ်လို အာရုံစိုက်နိုင်သလဲ။
၁-၂။ (က) မိမိကျေးကျွန်တွေအတွက် ယေဟောဝါ ဘာလုပ်ပေးနေသလဲ။ (ဆာလံ ၂၃:၁၊ ၂၊ ၅) (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
ဒီနေ့အချိန်မှာ ယေဟောဝါဟာ မိမိကျေးကျွန်တွေကို ဘုရားရေးရာအစာ အလျှံပယ် ကျွေးမွေးနေတယ်။ ဒါကြောင့် “ယေဟောဝါဟာ ငါ့သိုးထိန်းပါ။ လိုလေသေးမရှိ ငါပြည့်စုံနေတာ” လို့ ဆာလံဆရာ ဒါဝိဒ်လိုပဲ ကျွန်တော်တို့ ချီးမွမ်းနိုင်ကြတယ်။—ဆာလံ ၂၃:၁၊ ၂၊ ၅ ကို ဖတ်ပါ။
၂ ဘုရားရေးရာအစာ ကျွေးမွေးတဲ့ နည်းလမ်းတစ်ခုကတော့ အသင်းတော် အစည်းအဝေးတွေအားဖြင့်ပါ။ ဒီအစီအစဉ်တွေမှာ သိထားပြီးသား အကြောင်းအရာကို ပြန်ကြားရတတ်တယ်။ “အမှန်တရားမှာ ခိုင်မြဲနေ” ပြီးသားဖြစ်ရင်တောင် အဲဒီလို ကြားနေရဖို့ လိုအပ်တယ်။ (၂ ပေ. ၁:၁၂) ဒါပေမဲ့ သိပြီးသား အကြောင်းအရာတွေကို ပြန်လေ့လာတဲ့အခါ အာရုံစိုက်ဖို့ ခက်နိုင်တယ်။ ဒါဆိုရင် ဒီဆောင်းပါးက ကူညီပေးနိုင်တယ်။ အစည်းအဝေးတွေမှာ ဘာကြောင့် အာရုံစိုက် နားထောင်သင့်သလဲ၊ တခြားသူတွေ အာရုံစိုက် နားထောင်ချင်အောင် ဟောပြောသူတွေ ဘာလုပ်နိုင်သလဲ ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။ အာရုံစိုက်နားထောင်တတ်အောင် ကူညီပေးမယ့် အကြံပြုချက် တချို့ကိုလည်း ဆွေးနွေးပါမယ်။ ဦးဆုံး၊ အစည်းအဝေးတွေမှာ ကျွန်တော်တို့ကို သွန်သင်ပေးနေတာ ဘယ်သူဖြစ်မလဲ သုံးသပ်ကြရအောင်။
ယေဟောဝါ သွန်သင်ပေးနေတယ်ဆိုတာ သတိရပါ
၃။ ယေဟောဝါရဲ့အသံ ဘယ်လို ကြားနိုင်သလဲ။ ဘုရားလူမျိုးတွေအနေနဲ့ ကျမ်းစာကို ဘယ်လို သုံးကြသလဲ။
၃ ကျမ်းစာကို လေ့လာတာက ယေဟောဝါ ပြောတဲ့အသံကို ကြားရတာနဲ့ တူတယ်။ (၂ တိ. ၃:၁၆၊ ၁၇) ဒါကို ယေရှုလည်း ကောင်းကောင်း နားလည်ခဲ့တယ်။ ဒါကြောင့် ကျမ်းစာကိုသုံးပြီး လူတွေကို သွန်သင်ပေးတယ်။ “ဒီလူက ဘာသာရေးကျောင်းတွေ မတက်ခဲ့ဘဲနဲ့ ကျမ်းစာအသိပညာ ဘာလို့ ဒီလောက်ကြွယ်ရတာလဲ” လို့ လူတွေ ပြောရတဲ့အထိပဲ။ (ယော. ၇:၁၅) ယေရှုရဲ့ ရှင်းပြချက်တွေကို စိတ်ရင်းမှန်တဲ့သူတွေ ကြားတဲ့အခါ စိတ်ထိမိကြတယ်။ တမန်တော်ပေါလုနဲ့ အာပေါလုလည်း ကျမ်းစာသုံးပြီး တခြားသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ကြတယ်။ (တ. ၁၇:၂၊ ၃။ ၁၈:၂၄၊ ၂၈) ကျွန်တော်တို့ရဲ့ စာပေတွေ၊ ရုပ်သံထုတ်လွှင့်မှုတွေ၊ ဟောပြောချက်အောက်လိုင်းတွေ၊ ဗီဒီယိုတွေလည်း ကျမ်းစာကို အခြေခံထားတယ်။ အစည်းအဝေးကို ပထမဆုံးအကြိမ် လာတက်သူတွေဟာ ယေဟောဝါလူမျိုးရဲ့ ကျမ်းစာအသုံးပြုပုံကိုကြည့်ပြီး အံ့အားသင့်ကြတယ်။ ဟောပြောတင်ဆက်တဲ့သူတွေက ကျမ်းစာကိုပဲ အဓိကအခြေခံပြီး သွန်သင်တယ်။ ဖတ်ရုံလောက်မဟုတ်ဘဲ သိလာတာကို လက်တွေ့ကျင့်သုံးနိုင်ပုံကိုလည်း ရှင်းပြတယ်။—လု. ၂၄:၃၂။
၄။ အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၄ ကျမ်းစာမှာ “ကြားတယ်၊” “နားထောင်တယ်” ဆိုတဲ့ စကားလုံးတွေကို နာခံတာနဲ့ပတ်သက်ပြီး သုံးလေ့ရှိတယ်။ အစည်းအဝေးတွေမှာ ယေဟောဝါရဲ့စကားကို ကျမ်းစာကနေတစ်ဆင့် ကြားတဲ့အခါ ဘုရားအလိုတော်က ဘာလဲဆိုတာ နားလည်လာတယ်။ နားလည်လာလေ နာခံဖို့ လွယ်ကူလေပါပဲ။ ဘုရားစကားကို နားထောင်ပြီး လက်တွေ့လိုက်လျှောက်သူတွေကို ယေဟောဝါ နှစ်သက်တယ်။—ပညာ. ၂၇:၁၁။
အစည်းအဝေးတွေမှာ ဘာကြောင့် အာရုံစိုက်နားထောင်သင့်
၅။ ယေဟောဝါကို ချစ်တဲ့မေတ္တာက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။ (ယောဟန် ၄:၂၃၊ ၂၄။ ၁ ယောဟန် ၅:၃)
၅ ယေဟောဝါကိုချစ်လို့ အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ကြတယ်။ (မ. ၂၂:၃၇) ယေဟောဝါအကြောင်း ပိုသိလေ ယေဟောဝါကို ပိုချစ်လေပါပဲ။ ယေဟောဝါကို ချစ်တဲ့စိတ်ကြောင့် ဘုရားစကား နားထောင်ဖို့၊ နာခံဖို့၊ အလိုတော်နဲ့အညီ ဝတ်ပြုကိုးကွယ်ဖို့ လှုံ့ဆော်ခံရတယ်။—ယောဟန် ၄:၂၃၊ ၂၄။ ၁ ယောဟန် ၅:၃ ကို ဖတ်ပါ။
၆။ အစည်းအဝေးတွေမှာ ဘာသင်ပေးသလဲ။
၆ လူတွေကိုချစ်လို့ အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ကြတယ်။ (မ. ၂၂:၃၉) ယုံကြည်သူချင်းတွေနဲ့ ယေဟောဝါအကြောင်း မသိသေးသူတွေကို ကူညီပေးတတ်ဖို့ အစည်းအဝေးတွေမှာ သွန်သင်ပေးတယ်။ ဥပမာ၊ လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ စာစောင်က အမှုဆောင်မှာ ဆုံရတဲ့သူတွေကို မေတ္တာပြနိုင်ဖို့ ကူညီပေးတယ်။ အမှုဆောင်မှာ ဖော်ဖော်ရွေရွေ စကားစမြည်ပြောနိုင်ဖို့ အခက်တွေ့နေသလား။ ဒါဆိုရင် ကြားရက်အစည်းအဝေး ကျောင်းသားအစီအစဉ်မှာ တာဝန်ကျတဲ့ ညီအစ်ကို/မတွေရဲ့ တင်ဆက်ပုံကို အသေအချာ အာရုံစိုက်ပါ။
၇။ အစည်းအဝေးတွေမှာ အာရုံစိုက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၇ အသက်ကို တန်ဖိုးထားလို့ အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ကြတယ်။ ပျော်ရွှင်တဲ့အသက်တာကို ပိုင်ဆိုင်ချင်ရင်၊ ထာဝရအသက် ရချင်ရင် ဘုရားစကားကို နားထောင်ရမယ်။ ကျမ်းစာခေတ်က မိမိကျေးကျွန်တွေကို ယေဟောဝါ အဲဒီအတိုင်းပဲ ပြောခဲ့တယ်။ (တရား. ၃၂:၄၄-၄၇) အစည်းအဝေးတွေမှာ အာရုံစိုက်တာက ရောက်လာတော့မယ့် ကမ္ဘာသစ်ကို ခံနိုင်ရည်ရှိရှိ စောင့်မျှော်နိုင်ဖို့ အားဖြည့်ပေးတယ်။ (ရော. ၈:၂၅) ဝတ်ပြုရေးမှာ နိုးကြားနေဖို့လည်း ကူညီပေးတယ်။—မ. ၂၄:၄၂-၄၄။ ဗျာ. ၁:၃။
တခြားသူတွေ အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်
၈။ ဟောပြောချက်ပေးတဲ့ ညီအစ်ကိုတွေက သွန်သင်ခြင်းစွမ်းရည်တိုးတက်အောင် ဘာကြောင့် ကြိုးစားသင့်သလဲ။
၈ အစည်းအဝေးတွေမှာ သွန်သင်ပေးနေကြတဲ့၊ အထူးသဖြင့် လူထုဟောပြောချက်ပေးကြတဲ့ ညီအစ်ကိုတွေဟာ သွန်သင်ခြင်းစွမ်းရည် တိုးတက်အောင် ကြိုးစားနေသင့်တယ်။ ကျမ်းစာကို အခြေခံပြီး ကောင်းကောင်းပြင်ဆင်ထားတဲ့ ဟောပြောချက်တွေက လူတွေကို အမှန်တရားထဲရောက်လာအောင် ဆွဲဆောင်နိုင်သလို အမှန်တရားထဲ ရှိနှင့်ပြီးသားသူတွေလည်း ကျမ်းစာကို ပိုနားလည်လာအောင်၊ လက်တွေ့ကျင့်သုံးနိုင်အောင် ကူညီပေးတယ်။ ဟောပြောချက်ပေးခွင့်ရသူတွေဟာ တကယ့် အခွင့်ထူးပါပဲ။ ဆက်ဆွေးနွေးသွားမယ့်အချက်တွေက ပိုကောင်းတဲ့ သွန်သင်သူတစ်ယောက်ဖြစ်လာအောင် ဘယ်လို ကူညီပေးသလဲဆိုတာ စဉ်းစားပါ။ ဒီအချက်တွေကို လူထုဟောပြောချက်ပေးသူတွေအတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတာဆိုပေမဲ့ တခြားသွန်သင်ခြင်း တာဝန်တွေအတွက်လည်း အထောက်အကူဖြစ်နိုင်တယ်။—၂ တိ. ၄:၂။ တိ. ၁:၉။
၉။ ရိုးရှင်းပြီး အချိတ်အဆက်မိတဲ့ ဟောပြောချက်ဖြစ်အောင် ဘာလုပ်နိုင်သလဲ။
၉ ရိုးရှင်းပြီး အချိတ်အဆက်မိတဲ့ ဟောပြောချက် ဖြစ်စေပါ။ ဟောပြောချက်ပေးတဲ့အခါ နားလည်ရလွယ်ကူပြီး အချိတ်အဆက်မိဖို့ လိုအပ်တယ်။ အချက်အလက်တွေ တအားများနေမယ်၊ ရှုပ်ထွေးနေမယ်ဆိုရင် ပရိသတ် အလွယ်တကူ အာရုံပျံ့သွားနိုင်တယ်။ ဘယ်လို ပြင်ဆင်နိုင်သလဲ။ (၁) ဆွေးနွေးသွားမယ့် အဓိကအချက်တွေကို ဟောပြောချက်အစမှာ ပြောပါ။ (၂) တစ်ချက်ချင်းစီ ဆွေးနွေးပါ။ အဓိကအချက် တစ်ခုကနေတစ်ခု ရုတ်တရက် ခုန်ကူးလိုက်တာမျိုး မလုပ်ပါနဲ့။ မကူးခင် ခဏရပ်ပေးပါ။ ဆက်ဆွေးနွေးမယ့် အဓိကအချက်က ဘာလဲဆိုတာ ပြောပါ။ (၃) နိဂုံးမှာ အဓိကအချက်တွေအကြောင်း ပြန်ပြောပါ။
၁၀။ တင်ဆက်မယ့်အကြောင်းအရာကို ခံစားသက်ဝင်မှုရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၀ တင်ဆက်မယ့်အကြောင်းအရာကို ခံစားသက်ဝင်မှုရှိပါ။ အကြောင်းအရာကို ကိုယ်တိုင်က စိတ်ဝင်တစားရှိမယ်ဆိုရင် ထက်ထက်သန်သန် ဟောပြောနိုင်မယ်။ (ပညာ. ၂:၄၊ ၅။ တ. ၄:၂၀) စိတ်ဝင်တစားရှိလာဖို့ဆိုရင် ပေးထားတဲ့အကြောင်းအရာနဲ့ ကျမ်းချက်တွေကို လေးလေးနက်နက် တွေးတောဆင်ခြင်ပါ။ အသက် ၇၀ ကျော်ပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက ညီအစ်ကိုတစ်ယောက် ဆယ်ကျော်သက်အရွယ်တုန်းက ကြားခဲ့တဲ့ ဟောပြောချက်ကို အခုထိ မှတ်မိနေဆဲပဲ။ “ကျမ်းစာဖတ်တဲ့အခါ တွေးတောဆင်ခြင်ဖို့ ဟောပြောသူ အားပေးသွားတာကို ခေါင်းထဲစွဲနေတယ်။ ထက်သန်မှုအပြည့်နဲ့ ရှင်းရှင်းလင်းလင်း တင်ဆက်သွားတဲ့ သူ့ဟောပြောချက်ကြောင့် ကျွန်တော့်ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားတယ်။ ကျမ်းစာဖတ်တဲ့အခါ ပိုအကျိုးရလာတယ်၊ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်” လို့ သူပြောတယ်။
၁၁။ ဟောပြောချက်မှာ လက်တွေ့ကျ အကြံဉာဏ်တွေပေးနိုင်အောင် ဘာလုပ်သင့်သလဲ။ (၁ တိမောသေ ၄:၁၃-၁၆)
၁၁ ပရိသတ် ဘာသိဖို့လိုနေသလဲ စဉ်းစားပါ၊ လက်တွေ့ကျ အကြံဉာဏ်တွေပေးပါ။ ကိစ္စတစ်ခုကို ခြုံငုံပြီး ပြောမယ့်အစား ကျမ်းစာကနေ သတ်သတ်မှတ်မှတ် အကြံပေးပါ၊ အားပေးပါ။ ဥပမာ၊ ဧဖက်မြို့မှာ ညီအစ်ကို/မတွေအတွက် အမှုဆောင်နေတဲ့ တိမောသေကို ယုံကြည်ခြင်းမှာ ခိုင်ခံ့နေစေမယ့် သတ်သတ်မှတ်မှတ် အကြံပြုချက်တွေ ပေါလု ပေးတယ်။ (၁ တိမောသေ ၄:၁၃-၁၆ ကို ဖတ်ပါ။) နားထောင်နေသူတွေ သိဖို့အလိုအပ်ဆုံးက ဘာဖြစ်မလဲ စဉ်းစားပါ။ ဟောပြောချက်မှာပါတဲ့ အကြောင်းအရာကို သူတို့ဘဝမှာ ဘယ်လို ကျင့်သုံးနိုင်မလဲ သိမြင်စေပါ။
၁၂။ သဘာဝကျကျ ဟောပြောတင်ဆက်တာ ဘာကြောင့် ကောင်းသလဲ။
၁၂ သဘာဝကျကျဟောနိုင်အောင် ဟောပြောချက်ကို အသံထွက်လေ့ကျင့်ပါ။ ဟောပြောချက်ကို တစ်လုံးမကျန် ချရေးပြီး ဖတ်ပြတာမျိုး လုပ်မယ့်အစား သဘာဝကျကျ လက်တန်းပြောတာက နားလည်ရပိုလွယ်ကူပြီး စိတ်ဝင်စားစရာ ပိုကောင်းတယ်။ “ပြောနေတဲ့အကြောင်းအရာနဲ့ နားထောင်နေသူတွေအပေါ်ထားရှိတဲ့ သင့်ခံစားချက်ကို ပေါ်လွင်စေပါ။ သဘာဝကျကျ၊ စိတ်ရင်းအတိုင်း ပြောဆိုပါ” လို့ ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စာစောင်မှာ ဖတ်ရတယ်။ စိတ်ရင်းနဲ့ ပြောမယ်ဆိုရင် ဟောပြောချက်က ပိုအသက်ဝင်ပြီး စိတ်ဝင်စားစရာကောင်းမယ်၊ နားထောင်သူတွေရဲ့ စိတ်နှလုံးကိုလည်း ထိမိစေမယ်။
၁၃။ အတွေ့အကြုံရှိ ဟောပြောသူဆီကနေ ဘာကြောင့် အကြံဉာဏ် တောင်းသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၃ အတွေ့အကြုံရှိ ဟောပြောသူဆီကနေ အကြံဉာဏ်တောင်းပါ။ ဥပမာ၊ ကိုယ်ပြင်ဆင်ထားတဲ့ အောက်လိုင်းကို အတွေ့အကြုံရှိ ဟောပြောသူဆီ ကြိုပေးထားနိုင်တယ်။ သူပေးလာတဲ့ အကြံဉာဏ်တွေ ထည့်ဟောနိုင်တယ်။ ဒီ့အပြင် သူ့ရှေ့မှာ အသံထွက်ပြီး အစမ်းဟောကြည့်နိုင်တယ်။ ပိုပြီး ထိရောက်အောင် ဟောနိုင်တဲ့ နည်းလမ်းရှိမလား မေးကြည့်ပါ။ (ပညာ. ၁:၅) ကိုယ့်လိုအပ်ချက်ကို ကိုယ်တိုင် မမြင်တာမျိုး ရှိတတ်တယ်။ ဒါကြောင့် အတွေ့အကြုံရှိသူတစ်ယောက်က ထောက်ပြပေးမယ်ဆိုရင် ပိုထိရောက်တဲ့ ဟောပြောချက်ဖြစ်နိုင်တယ်။ ထိရောက်တဲ့ ဟောပြောသွန်သင်သူကောင်းတွေ ကျွန်တော်တို့ ဖြစ်ချင်ကြတယ်။ ဒါမှ ကျမ်းစာမှာပါတဲ့ ဘုရားရေးရာ ရတနာတွေကနေ နားထောင်တဲ့သူတွေ အကျိုးရအောင် ကူညီပေးနိုင်မှာ။a
သွန်သင်ခြင်းစွမ်းရည် တိုးတက်လာအောင် ကူညီပေးဖို့ အတွေ့အကြုံရှိ ညီအစ်ကိုတစ်ယောက်ကို အကူအညီတောင်းပါ (စာပိုဒ် ၁၃ ကို ကြည့်ပါ)
အာရုံစိုက်နားထောင်တတ်သူ ဘယ်လိုဖြစ်နိုင်
၁၄။ ဆာလံ ၁၁၉ ကို ရေးသားသူရဲ့ သဘောထားမျိုး ဘာကြောင့် မွေးမြူသင့်သလဲ။ (ဆာလံ ၁၁၉:၂၄၊ ၁၁၁၊ ၁၆၇)
၁၄ ယေဟောဝါရဲ့ သတိပေးချက်တွေကို လေးမြတ်တန်ဖိုးထားစိတ် တိုးလာလေ အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ချင်လာလေ ဖြစ်မယ်။ အလွန် ခက်ခဲကျပ်တည်းတဲ့ နောက်ဆုံးကာလမှာ ကြုံရတတ်တဲ့ကိစ္စတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် ယေဟောဝါရဲ့ သတိပေးချက်တွေ လိုအပ်တယ်။ (၂ တိ. ၃:၁) အကြောင်းအရာတစ်ခုကို အစည်းအဝေးတွေမှာ အထပ်ထပ် ကြားနေရတယ်လို့ ခံစားရရင်ကော။ ဘုရားရဲ့သတိပေးချက်တွေအပေါ်ထားတဲ့ ဆာလံ ၁၁၉ ကို ရေးသားသူရဲ့ သဘောထားမျိုး တင်ပြချင်ကြတယ်။—ဆာလံ ၁၁၉:၂၄၊ ၁၁၁၊ ၁၆၇ ကို ဖတ်ပါ။
၁၅။ အစည်းအဝေးတွေမှာ ကြားရတဲ့ အကြောင်းအရာတွေကို တန်ဖိုးထားနိုင်အောင် ဘာက ကူညီပေးမလဲ။
၁၅ အစည်းအဝေးတွေမှာ ကြားရတဲ့ သွန်သင်ချက်တွေကို ယေဟောဝါပေးတဲ့ လက်ဆောင်အနေနဲ့ တန်ဖိုးထားနေဖို့လိုတယ်။ တောကန္တာရမှာ အစ္စရေးတွေကို ယေဟောဝါ မန္နမုန့် ကျွေးတဲ့အခါ သူတို့ ဘယ်လို တုံ့ပြန်ကြသလဲ။ (ထွ. ၁၆:၁၅၊ ၃၁) အစပိုင်းမှာတော့ မန္နမုန့်စားရလို့ ပျော်ခဲ့ကြတယ်။ ယေဟောဝါဆီကလာပြီး အရသာလည်း ရှိတာကိုး။ မန္နမုန့်ကြောင့် သူတို့ အသက်ဆက်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ မန္နမုန့်ပဲ နေ့တိုင်း စားနေရတော့ အချိန်ကြာလာတဲ့အခါ အစ္စရေးတချို့ ငြီးငွေ့လာကြတယ်။ (တော. ၂၁:၅) ယေဟောဝါပေးတဲ့ လက်ဆောင်ကို တန်ဖိုးမထားခဲ့တဲ့ အစ္စရေးတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ အကြောင်းအရာတစ်ခုကို အစည်းအဝေးမှာ အထပ်ထပ်ကြားရလို့ ရိုးအီလာတာမျိုး မဖြစ်ချင်ကြဘူး။ ဘုရားဆီကလာတာ ဖြစ်တဲ့အတွက် တန်ဖိုးထားမြဲထားချင်ကြတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းက အသေအချာ စဉ်းစားပြီး ပြင်ဆင်ပေးထားတယ်ဆိုတာလည်း သတိရပါ။ အစည်းအဝေးကနေ ကြားရတဲ့အရာတွေက ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးပြီး ထာဝရအသက် ရစေတယ်။—ပညာ. ၃:၁၃၊ ၁၆-၁၈။ ယော. ၁၇:၃။
၁၆။ ကောင်းကောင်း အာရုံစိုက်နားထောင်နိုင်ဖို့ သက်တမ်းကြာ ညီအစ်ကို/မတွေကို ဘာက ကူညီပေးသလဲ။ (“အာရုံစိုက်နားထောင်စေနိုင်မယ့် အကြံပြုချက်များ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၆ လက်တွေ့ကျ အကြံဉာဏ်တွေကို လိုက်နာမယ်ဆိုရင် နားထောင်သူကောင်းတွေ ဖြစ်လာနိုင်တယ်။ အစည်းအဝေးတွေမှာ ကောင်းကောင်း အာရုံစိုက်နားထောင်နိုင်ဖို့ သက်တမ်းကြာ ညီအစ်ကို/မတွေကို ဘာက ကူညီပေးသလဲ။ ယေဟောဝါသက်သေဖြစ်တာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်တဲ့ ညီအစ်မ အက်ရှလေ ဒီလိုပြောတယ်– “ကောင်းကောင်း အာရုံစိုက်နိုင်ဖို့ဆိုရင် ကြိုတင်ပြင်ဆင်ဖို့ လိုတယ်။ မပြင်ဆင်ထားဘူးဆိုရင် မှတ်ချက်လည်း မပေးနိုင်ဘူး။ အာရုံတွေလည်း တခြား ရောက်နေတတ်တယ်။” ဘုရားအမှုဆောင်တာ ၅၂ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကို ယိုဆက်ဖ် ဒီလိုပြောတယ်– “သိပြီးသားအကြောင်းအရာတွေကို အစည်းအဝေးမှာ ပြန်ကြားရတာ ကြိုက်တယ်။ သိထားပြီးသားမဟုတ်တဲ့ တခြားရှုထောင့်ကနေ တင်ဆက်ပေးတော့ အမြင်သစ်တွေ၊ သင်ခန်းစာ အသစ်တွေ ရလာတယ်။ ဟောပြောသူက သိပ်မတော်ရင်တောင် သူ့ပြောပုံဆိုပုံထက် တင်ဆက်နေတဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးနေတဲ့ သတင်းစကားက ယေဟောဝါဆီက လာတာကိုး။”
၁၇။ အာရုံစိုက်နားထောင်နိုင်ဖို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၇ အစည်းအဝေးမှာ အာရုံစိုက်နားထောင်နိုင်ဖို့ နောက်ထပ်အကြံပြုချက်တွေ ရှိသေးတယ်။ (၁) အစည်းအဝေး မတိုင်ခင် တစ်ခုခု စားမယ်ဆိုရင် အိပ်ငိုက်တာမျိုးမဖြစ်အောင် အဆာပြေလောက်ပဲ စားပါ။ (၂) အစည်းအဝေးမစခင် စောစောလာပြီး ထိုင်ခုံနေရာ ကြိုရှာပါ။ (၃) အစည်းအဝေးအတွင်း အနှောင့်အယှက်မဖြစ်အောင် ဖုန်း၊ တက်ဘလက်တွေကို အသံပိတ်ထားပါ။ (၄) ဆွေးနွေးမယ့်အချက်တွေကို ကြိုတွေးထားပါ။ (၅) ဘေးပတ်ဝန်းကျင်ကို မဟုတ်ဘဲ ဟောပြောသူကို အာရုံစိုက်ပါ။ (၆) အဓိကအချက်တွေကို မှတ်စုတို ယူပါ၊ ရိုးရိုးရှင်းရှင်း ပုံဆွဲပြီး မှတ်ပါ။ (၇) အဓိကကျမ်းချက်တွေ တစ်ခုနဲ့တစ်ခု ဘယ်လို ချိတ်ဆက်ထားသလဲ စဉ်းစားပါ။ (၈) ဒီအကြောင်းအရာကိုသုံးပြီး အသင်းတော်မှာရှိသူတွေ၊ အမှုဆောင်မှာ တွေ့ရသူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ စဉ်းစားပါ။ (၉) တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေဆိုရင် တစ်ရက်စီအတွက် အဓိကအကြောင်းအရာ၊ ဟောပြောချက်တစ်ခုစီရဲ့ ခေါင်းစဉ်နဲ့ အဓိကကျမ်းချက်တွေကို ကြိုကြည့်ထားပါ။ (၁၀) အစီအစဉ်အစမှာ ဖွင့်ပြတဲ့ တေးသံသာ၊ တေးဗီဒီယို တင်ဆက်မှုကို အာရုံစိုက်နားထောင်ရင်း စိတ်နှလုံးကို ပြင်ဆင်ပါ။
ဖုန်း၊ တက်ဘလက်တွေကြောင့် အာရုံပျံ့လွင့်မနေပါနဲ့။ ယေဟောဝါရဲ့ သတိပေးချက်တွေကို အာရုံစိုက်ပါ (စာပိုဒ် ၁၇ ကို ကြည့်ပါ)
ယေဟောဝါ သင်ပေးနေတာကို ဆက်အာရုံစိုက်နေပါ
၁၈။ အစည်းအဝေးတွေမှာ ဘာကြောင့် အာရုံစိုက်နားထောင်နေရမလဲ။
၁၈ အစည်းအဝေးတွေကနေ ယေဟောဝါ သင်ပေးတာကို ဆက်အာရုံစိုက်နားထောင်မယ်ဆိုရင် “ဖြောင့်မတ်ခြင်းလမ်း” မှာ ဆက်ရှိနေနိုင်မယ်။ (ဆာ. ၂၃:၃။ ၃၁:၃) လေတိုက်ရာလွင့်ပြီး လှိုင်းပုတ်ရာမျောတဲ့ လှေလို မဖြစ်အောင် ယေဟောဝါရဲ့ လမ်းညွှန်မှု လိုအပ်တယ်။ ဒါကြောင့် အစည်းအဝေးတွေမှာ “အာရုံစိုက်နားထောင်နေရဲ့လားဆိုတာ သတိပြုပါ။” သိလာတာတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးပါ။ (လု. ၈:၁၈) ယေဟောဝါရဲ့စကားကို နားထောင်သူတွေဟာ အခုအချိန်မှာ ရွှင်လန်းဝမ်းမြောက်နေနိုင်ပြီး အနာဂတ်မှာလည်း ထာဝစဉ် အသက်ရှင်နိုင်ပါလိမ့်မယ်။—ဆာ. ၁၁၉:၂၊ ၁၄။
သီချင်း ၈၇ လာကြ၊ လန်းဆန်းမှု ရယူကြ
a ဟောပြောသွန်သင်သူကောင်း ဖြစ်စေမယ့် ထပ်ဆင့်အကြံပြုချက်တွေကို ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ စာစောင်နဲ့ သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ စာအုပ်မှာ လေ့လာကြည့်ပါ။