ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၆ မေ စာ. ၂၆-၃၁
  • တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြစ်တင်ဝေဖန်မိနိုင်တဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေများ
  • တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကို ဘာကြောင့် လေးစားရမလဲ
  • တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်တွေကို လေးစားနိုင်ပုံ
  • ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • သက်ဝင်ယုံကြည်ပါ၊ ပညာရှိစွာ ဆုံးဖြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
က၂၆ မေ စာ. ၂၆-၃၁

ဩဂုတ် ၃-၉၊ ၂၀၂၆

သီချင်း ၁၁၃ တို့ပိုင်ဆိုင်တဲ့ ငြိမ်သက်ခြင်း

တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ

“အမြင်ချင်းမတူတာကို အကဲဖြတ်ဝေဖန်တာမျိုး မလုပ်ပါနဲ့။”—ရော. ၁၄:၁။

အာရုံစိုက်ရာ

ကိုယ်နဲ့ အမြင်မတူရင်တောင် ယုံကြည်သူချင်းတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘယ်လိုပြမလဲ။

၁-၂။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ တခြားညီအစ်ကို/မတွေနဲ့ ဘာကြောင့် ကွဲပြားနေတတ်သလဲ။

ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို တစ်ယောက်ယောက်က ပြစ်တင်ဝေဖန်တာမျိုး ကြုံဖူးသလား။ ဒါမှမဟုတ် ကိုယ်တိုင်ကော ယုံကြည်သူချင်းတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ဖူးသလား။ ကျွန်တော်တို့ အများစု ကြုံဖူး၊ လုပ်ဖူးကြမှာပါ။

၂ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ တခြားညီအစ်ကို/မတွေနဲ့ ကွဲပြားနေတတ်တယ်။ ဘာကြောင့် အဲဒီလို မတူကွဲပြားရတာလဲ။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြလို့ပါ။ ကြီးပြင်းလာတဲ့ဒေသ၊ မိသားစုနောက်ခံ၊ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ အမျိုးမျိုးရှိကြလို့ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံတွေလည်း မတူကြဘူး။ ဒါပေမဲ့ အမြင်မတူမှုတွေက အသင်းတော်ရဲ့ စည်းလုံးမှုနဲ့ ငြိမ်သက်မှုကို မထိခိုက်စေသင့်ဘူး။—ဧ. ၄:၃။

၃။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို သဘောမတွေ့တဲ့အခါ ဘာလုပ်မိနိုင်သလဲ။

၃ ညီအစ်ကို/မတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတွေ့တဲ့အခါ သူတော့မှားနေပြီ၊ သူ့ဆုံးဖြတ်ချက် ပြန်ပြင်မှဖြစ်မယ်လို့ ခံစားမိနိုင်တယ်။ အဲဒီအကြောင်း တခြားသူတွေကို လိုက်ပြောတာတောင် ဖြစ်နိုင်တယ်။ သူထိခိုက်သွားမှာ စိုးရိမ်လို့၊ သူ့ကို ချစ်လို့၊ အဆင်ပြေစေချင်လို့ပါ။ (ပညာ. ၁၇:၁၇) နောက်မှ နောင်တရမယ့်၊ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့် ဆုံးဖြတ်ချက်မျိုး မချစေချင်ဘူး။

၄-၅။ ယုံကြည်သူချင်းတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ကိုယ်နဲ့မတူဘူးဆိုရင် ဘာလုပ်သင့်သလဲ။

၄ ညီအစ်ကို/မတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်မှားနေပြီလို့ ခံစားရတဲ့အခါ ကိုယ့်အမြင်ကို သွားပြောသင့်သလား။ ပြောသင့်တဲ့အခါရှိသလို မပြောသင့်တဲ့အခါလည်း ရှိတယ်။ ဥပမာ၊ ကျမ်းစာပညတ်ကို ချိုးဖောက်မိစေနိုင်တဲ့အရာတစ်ခုခုလုပ်ဖို့ ကြံရွယ်နေတာဖြစ်မယ်ဆိုရင် သူ့ကို ချစ်တဲ့စိတ်နဲ့ ပဲ့ပြင်တည့်မတ်ပေးသင့်တယ်။ (ပညာ. ၂၇:၅၊ ၆) ကျမ်းစာပညတ်ကို ချိုးဖောက်တာမဟုတ်ဘဲ ကိုယ်နဲ့ အမြင်မတူတာလောက်ပဲဆိုရင်ကော ဘာလုပ်သင့်သလဲ။ ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်မှာ အဖြေတွေ့နိုင်ပါတယ်။ “အမြင်ချင်းမတူတာကို အကဲဖြတ်ဝေဖန်တာမျိုး” ကျွန်တော်တို့ မလုပ်ကြဘူး။—ရော. ၁၄:၁။

၅ တခြားသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို အကဲဖြတ်ဝေဖန်တာမျိုး မလုပ်ပေမဲ့ လက်ခံဖို့ ခက်နေနိုင်တယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့် လေးစားသင့်သလဲ၊ လေးစားကြောင်း ဘယ်လိုပြနိုင်သလဲ ဆွေးနွေးသွားပါမယ်။ ပြစ်တင်ဝေဖန်မိနိုင်တဲ့ ညီအစ်ကို/မတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတချို့အကြောင်း ဦးဆုံး သုံးသပ်ကြည့်ရအောင်။

ပြစ်တင်ဝေဖန်မိနိုင်တဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေများ

၆-၇။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်မှားနေပြီလို့ ယူဆမိနိုင်တဲ့ အခြေအနေတွေကို ပြောပြပါ။

၆ ဆောင်းပါးအစမှာ ဆွေးနွေးခဲ့သလိုပဲ ကိုယ့်ရဲ့နောက်ခံနဲ့ အတွေ့အကြုံတွေကြောင့် တချို့ကိစ္စတွေမှာ ခိုင်မာတဲ့ယူဆချက်တွေ ရှိနေနိုင်တယ်။ တခြားသူတွေလည်း ကိုယ့်လိုပဲတွေးကြမယ်လို့ ယူဆမိနိုင်တယ်။ ဒါပေမဲ့ အဲဒီလို ယူဆတာ မမှန်ပါဘူး။ အခြေအနေတချို့ကို သုံးသပ်ကြည့်ပါ။ အခြေအနေ ၁– အမှန်တရားမသိခင်က ညီအစ်ကိုတစ်ယောက် အရက်အလွန်အကျွံသောက်တဲ့ ဖခင်နဲ့ ကြီးပြင်းလာတယ်။ စုဆုံပေါင်းသင်းမှုတစ်ခုမှာ တခြားညီအစ်ကို/မတွေ အရက်ယမကာ သောက်နေကြတာကိုတွေ့ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ ပြီးတော့ သူတို့ကို ပြစ်တင်ပြောဆိုတယ်။ အခြေအနေ ၂– ညီအစ်မတစ်ယောက် ရောဂါဒဏ် အပြင်းအထန်ခံရပြီး ပြန်ကျန်းမာလာတယ်။ နောက်ပိုင်း သူ့လိုရောဂါမျိုး နောက်ညီအစ်မတစ်ယောက် ခံစားနေရတာ သိလိုက်တယ်။ ဒီညီအစ်မကို ကူညီပေးချင်တဲ့စိတ်နဲ့ သူသောက်ခဲ့တဲ့ ဆေးဝါးတွေ၊ ဆေးမြီးတိုတွေ၊ တိုင်းရင်းဆေးတွေ လိုက်သုံးဖို့ ဖိအားပေးတယ်။ အခြေအနေ ၃– ညီအစ်ကိုတစ်ယောက် ချာ့ချ်တစ်ခုမှာ ပါဝင်ခဲ့ဖူးတယ်။ အမှန်တရား သိလာတော့ အဲဒီဘာသာနဲ့ လုံးဝ မပတ်သက်တော့ဘူး။ ဒါပေမဲ့ နောက်ညီအစ်ကိုတစ်ယောက်က ချာ့ချ်မှာ ကျင်းပတဲ့ ဈာပနအခမ်းအနား သွားတက်တာ သိလိုက်ရတော့ စိတ်ပျက်သွားတယ်။a

၇ နောက်ထပ် အခြေအနေတွေကိုလည်း စဉ်းစားကြည့်ပါ။ အခြေအနေ ၄– ညီအစ်ကိုတွေ မုတ်ဆိတ်ထားတာ ဒါမှမဟုတ် အစည်းအဝေး၊ အမှုဆောင်မှာ ညီအစ်မတွေ ဘောင်းဘီဝတ်တာ မသင့်တော်ဘူးလို့ ရှုမြင်ကြတဲ့ ခေတ်ကာလမှာ ညီအစ်ကိုတစ်ယောက် ကြီးပြင်းလာတယ်။ သစ္စာနဲ့ သတိပညာရှိကျွန်ဆီကလာတဲ့ နောက်ဆုံးလမ်းညွှန်ချက်ကို သိပေမဲ့ ညီအစ်ကိုတွေ မုတ်ဆိတ်ထားတာ ကြည့်ရဆိုးတယ်။ အစည်းအဝေး၊ အမှုဆောင်တွေမှာ ညီအစ်မတွေ ဘောင်းဘီဝတ်တာ အမြင်မတော်ဘူးလို့ တခြားသူတွေကို ပြောနေတုန်းပဲ။ အခြေအနေ ၅– ထပ်ဆင့်ပညာဆည်းပူးပြီးနောက် အမှန်တရားကို စွန့်ခွာသွားတဲ့ ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲတစ်ယောက် သိထားတယ်။ အခု အသင်းတော်က ညီအစ်ကိုငယ်တစ်ယောက် ထပ်ဆင့်ပညာဆည်းပူးဖို့ စီစဉ်နေတာသိတော့ အကြီးအကဲဖြစ်သူ စိတ်ပူလာပြီး ညီအစ်ကိုငယ်နဲ့ မိဘတွေကို ပြန်စဉ်းစားဖို့ နားချတယ်။

၈။ (က) ဘယ်လိုအခြေအနေက တခြားမိဘတွေကို ပြစ်တင်ဝေဖန် မိစေနိုင်သလဲ။ (ခ) တခြားသူတွေကို ပြစ်တင်ဝေဖန်တာက အသင်းတော်ကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

၈ မိဘတွေ ကြုံရနိုင်တဲ့ အခြေအနေတစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။ အခြေအနေ ၆– သင်ဟာ သားသမီးတွေကို ‘ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆုံးမသွန်သင်ဖို့’ ကြိုးစားတယ်။ (ဧ. ၆:၄) ဒါပေမဲ့ တခြားခရစ်ယာန်မိဘတွေက သားသမီးတွေကို ကိုယ့်ထက်ပိုပြီး လိုက်လျောပေးတယ်။ ဥပမာ၊ သူတို့ရဲ့သားသမီးတွေကို အကြမ်းမဖက်တဲ့ ဗီဒီယိုဂိမ်းတွေ ကစားခွင့်ပေးတာ၊ ဖုန်းပေးသုံးတာဖြစ်နိုင်တယ်။ ဒီတော့ သားသမီးတွေက ကိုယ့်ကို စည်းကမ်းတင်းကျပ်လွန်းတယ်လို့ မြင်လာပြီး “အဖေနဲ့အမေက သူငယ်ချင်းတွေရဲ့ မိဘတွေလို ဘာလို့ ခွင့်ပြုမပေးနိုင်ရတာလဲ” ဆိုပြီး မေးလာနိုင်တယ်။ ဒီလို အခြေအနေက တခြားမိဘတွေအပေါ် အမြင်စောင်းစေနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်ချတာချင်းမတူတဲ့ တခြား ကိုယ်ရေးကိုယ်တာကိစ္စတွေလည်း ရှိတယ်။ ဥပမာ၊ ဘယ်လို ပစ္စည်းတွေ ဝယ်တယ်၊ အပျော်ခရီး ဘယ်နှခါထွက်တယ်၊ ဘယ်လိုအပန်းဖြေတယ်ဆိုတဲ့ကိစ္စတွေဖြစ်တယ်။ ဒါပေမဲ့ သတိထားရမှာလည်း ရှိတယ်။ အသင်းတော်ရဲ့စည်းလုံးမှုထက် ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒကို ရှေ့တန်းမတင်သင့်ဘူး။

၉။ ဘာကို သတိရသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၉ တစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်တာချင်းမတူတာနဲ့ တစ်ယောက်ကမှားပြီး တစ်ယောက်ကမှန်တယ်လို့ အမြဲ ပြောလို့မရပါဘူး။ (ရော. ၁၄:၅) ယေဟောဝါရဲ့စံနှုန်းတွေနဲ့ပတ်သက်ရင် “တစ်စိတ်တစ်သဘောတည်း ဖြစ်ကြပါ” လို့ ပြောထားပေမဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်လာရင် အားလုံးတစ်ပုံစံတည်း ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ (၂ ကော. ၁၃:၁၁) ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ဆုံးဖြတ်ချက်ချတာကို ဒေသတစ်ခုဆီ ခရီးသွားတာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ကိုယ်သွားချင်တဲ့နေရာကို ရောက်ဖို့ သွားနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိတယ်။ ကိုယ်နဲ့သင့်တော်တဲ့၊ ကိုယ်နှစ်သက်တဲ့ လမ်းကို ရွေးကြတယ်။ အလားတူပါပဲ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်ပြီး ခရစ်ယာန်တွေ ဆုံးဖြတ်ချက်မတူကြပေမဲ့ ယေဟောဝါရဲ့စိတ်တော်ကို ရွှင်လန်းစေချင်တဲ့ပန်းတိုင်ကတော့ အတူတူပါပဲ။ ဒါကြောင့် တခြားသူတွေကို ဝေဖန်အကဲဖြတ်တာတွေ မလုပ်သင့်ဘူး။—မ. ၇:၁။ ၁ သက်. ၄:၁၁။

နေရာတစ်ခုကို လေယာဉ်၊ ကား၊ ရထား သုံးပြီး လမ်းအသွယ်သွယ်ကနေ သွားနိုင်ပုံကို ဖုန်းမှာပါတဲ့ GPS အက်ပ်မှာ ပြထား။

နေရာတစ်ခုကိုသွားဖို့ သွားနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိ။ အလားတူ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်ပြီး ခရစ်ယာန်တွေ ဆုံးဖြတ်ချက် မတူကွဲပြားနိုင် (စာပိုဒ် ၉ ကို ကြည့်ပါ)


တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကို ဘာကြောင့် လေးစားရမလဲ

၁၀။ ယာကုပ် ၄:၁၂ အရ ကျွန်တော်တို့မှာ ဘာလုပ်ပိုင်ခွင့် မရှိသလဲ။ ဘာကြောင့်လဲ။

၁၀ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကို လေးစားသင့်တဲ့ အကြောင်းရင်းတော်တော်များများကို ကျမ်းစာမှာ တွေ့ရတယ်။ တချို့ကို ဆွေးနွေးကြရအောင်။ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို စီရင်ပိုင်ခွင့် ကျွန်တော်တို့မှာ မရှိဘူး။ (ယာကုပ် ၄:၁၂ ကို ဖတ်ပါ။) ယေဟောဝါတစ်ပါးတည်းသာ ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီး ဖြစ်လို့ စည်းမျဉ်းထုတ်ပိုင်ခွင့်၊ စီရင်ပိုင်ခွင့် ရှိတယ်။ ကျွန်တော်တို့မှာ မရှိဘူး။ (ရော. ၁၄:၁၀) ဒါကြောင့် ကိုယ့်အမြင်၊ သဘောထားအပေါ် အခြေခံပြီး ညီအစ်ကို/မတွေရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်သင့်ဘူး။b

၁၁။ အသင်းတော်စည်းလုံးမှုရှိဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေကို စည်းလုံးစေချင်ပေမဲ့ တစ်ပုံစံတည်းဖြစ်ဖို့တော့ မမျှော်လင့်ဘူး။ အဲဒီအစား မတူကွဲပြားတာတွေကို နှစ်သက်တဲ့ဘုရား ဖြစ်တယ်။ ဒါကို ဖန်ဆင်းခြင်းလက်ရာတွေမှာ တွေ့နိုင်တယ်။ ဥပမာ၊ တစ်ပုံစံတည်း တူတဲ့ ဆီးနှင်းပွင့်ဆိုတာ မရှိဘူး။ လူတွေကိုလည်း ကြည့်လိုက်ပါ။ ကမ္ဘာပေါ်မှာ လူဦးရေ သန်းရှစ်ထောင်ကျော် ရှိပေမဲ့ ရုပ်ချင်း၊ စရိုက်ချင်း တထေရာတည်း တူတဲ့သူ မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူအောင် ယေဟောဝါ ပုံစံပြုထားတယ်။ မိတ္တူကူးထားသလို တူနေတာမျိုး မဖြစ်စေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးကို စည်းလုံးစေချင်တယ်။ ဒါကြောင့် မတူကွဲပြားတာတွေကို လက်ခံတတ်ဖို့ လိုတယ်။ အသင်းတော်ရဲ့ စည်းလုံးမှုနဲ့ ငြိမ်သက်မှုကို ကျွန်တော်တို့ရဲ့အမြင်၊ အကြိုက်ထက် ပိုအလေးထားကြတယ်။—ရော. ၁၄:၁၉။

အသက်အရွယ်၊ လူမျိုး မတူတဲ့ ညီအစ်ကို/မတွေ အတူစားသောက်နေကြ။ အရက်ယမကာ သုံးဆောင်တဲ့သူတွေ ရှိသလို မသုံးဆောင်တဲ့သူတွေလည်း ရှိ။ မုတ်ဆိတ်ထားတဲ့ ညီအစ်ကိုတွေ ရှိသလို မုတ်ဆိတ်မထားတဲ့ ညီအစ်ကိုတွေလည်း ရှိ။

တစ်ယောက်နဲ့တစ်ယောက် မတူအောင် ယေဟောဝါ ပုံစံပြုထား။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးကို စည်းလုံးစေချင် (စာပိုဒ် ၁၁ ကို ကြည့်ပါ)


တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်တွေကို လေးစားနိုင်ပုံ

၁၂-၁၃။ တစ်ယောက်ယောက် “ခြေလှမ်းမှား” နေပြီလို့ ခံစားရရင် ဘာကိုသတိရသင့်သလဲ။ (ဂလာတိ ၆:၁။ “ဆုံးဖြတ်ချက် မှားနေပြီလို့ ထင်တဲ့အခါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၂ တခြားသူတွေ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ။ ‘သူ တကယ်ပဲ “ခြေလှမ်းမှား” နေတာလား ဒါမှမဟုတ် ငါနဲ့ အမြင်မတူတာလောက်ပဲလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျမ်းစာပညတ်ကို ချိုးဖောက်မိစေမယ့် ခြေလှမ်းမျိုး လှမ်းနေတာ သေချာရင် ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘သူ့ကို ငါ တည့်မတ်ပေးဖို့ ကျမ်းစာအရည်အချင်းတွေ ပြည့်မီရဲ့လား။ အကြီးအကဲ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က တည့်မတ်ပေးရင် ပိုကောင်းမလား။’ ကိုယ်က တည့်မတ်ပေးဖို့ သင့်တော်တဲ့သူဆိုရင် သူ့ကို နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ တည့်မတ်ပေးပါ။ (ဂလာတိ ၆:၁ ကို ဖတ်ပါ။) များသောအားဖြင့်တော့ ခြေလှမ်းမှားနေတာမျိုး မဟုတ်ဘဲ ကိုယ်နဲ့အမြင်မတူတာလောက်ပဲ ဖြစ်နေတတ်တယ်။ အဲဒီလိုမျိုးဆိုရင် သူ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်တာမျိုး၊ မကောင်းပြောတာမျိုး မလုပ်ပါနဲ့။ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားပါ၊ ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့။—ရော. ၁၄:၂-၄။

၁၃ မိတ်ဆွေတစ်ယောက်နဲ့ တစ်ခုခုသွားစားတယ် ဆိုပါစို့။ ကိုယ်မှာတဲ့ အစားအစာကိုပဲ သူလိုက်မှာဖို့ ဖိအားပေးမလား။ ဖိအားပေးမှာ မဟုတ်ဘူး။ သူစားချင်တာ စိတ်ကြိုက်မှာခွင့်ပေးမယ် မဟုတ်လား။ တကယ်တမ်းပြောရရင် သူဘာပဲမှာမှာ ကိုယ့်ကိုထိခိုက်တာမှမဟုတ်တာ။ နောက်တစ်မျိုးလည်း စဉ်းစားကြည့်ပါ။ သူကြိုက်တဲ့အစားအစာကို ကိုယ့်အတွက်မှာပေးရင်ကော ကြိုက်ပါ့မလား။ ကြိုက်မှာ မဟုတ်ဘူး။ အလားတူပါပဲ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်လာရင် ကိုယ်ကြိုက်တာကို လိုက်လုပ်ဖို့ ဖိအားမပေးပါနဲ့။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ။

ဆုံးဖြတ်ချက် မှားနေပြီလို့ ထင်တဲ့အခါ

ညီအစ်ကို/မတစ်ယောက် ဆုံးဖြတ်ချက် မှားနေပြီလို့ ထင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တဲ့ မေးခွန်းတွေ ဖော်ပြပေးထားပါတယ်။ အဲဒီလိုမေးရင် ပြဿနာ တော်တော်များများကို ရှောင်နိုင်ပါလိမ့်မယ်။—ဂလ. ၆:၅။

  • သူ့ဆုံးဖြတ်ချက်က ကျမ်းစာပညတ်ကို ချိုးဖောက်ရာ ကျသလား။

  • သူကြီးပြင်းလာတဲ့ နောက်ခံကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုး ချတာလား။

  • သူ့ဆုံးဖြတ်ချက်က သူ့ကို တကယ်ပဲ ထိခိုက်စေမလား ဒါမှမဟုတ် ဖြစ်လာနိုင်တဲ့ အဆိုးဆုံးအခြေအနေကို ငါတွေးပူနေတာများလား။

  • သူ့ရဲ့ဆုံးဖြတ်ချက်က ဘယ်လို ရလဒ်ကောင်းတွေကော ရစေနိုင်သလဲ။

  • သူ တကယ်ပဲ “ခြေလှမ်းမှား” နေတာလား ဒါမှမဟုတ် ငါနဲ့ ဆုံးဖြတ်ချက် မတူရုံပဲလား။

  • ခြေလှမ်းမှားနေတယ်ဆိုရင် သူ့ကို တည့်မတ်ပေးဖို့ ငါ့မှာ ကျမ်းစာအရည်အချင်းတွေ ပြည့်မီရဲ့လား။

၁၄။ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဆုံးဖြတ်ချက်တွေချတဲ့အခါ တခြားသူတွေနဲ့ စည်းလုံးမှုမပြိုကွဲအောင် ဘာလုပ်နိုင်သလဲ။ (၁ ကောရိန္သု ၈:၁၂၊ ၁၃)

၁၄ ကိုယ်တိုင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ။ တခြားသူတွေတိုက်မိလဲတာမျိုး မဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားတာက အသင်းတော်ရဲ့စည်းလုံးမှုကို တိုးပွားစေတယ်။ (၁ ကောရိန္သု ၈:၁၂၊ ၁၃ ကို ဖတ်ပါ။) တချို့ကိစ္စမှာ ကိုယ်လုပ်လို့ရတာမှန်ပေမဲ့ တခြားသူတွေကို တိုက်မိလဲစေတယ်ဆိုရင် “အကျိုးရှိ” ပါ့မလား။c (၁ ကော. ၁၀:၂၃၊ ၂၄) ကိုယ့်လုပ်ပိုင်ခွင့်ပဲလို့ တွေးပြီး လုပ်မယ့်အစား တခြားသူတွေရဲ့ ခံစားချက်ကို ထည့်တွက်ပေးပါ။ (ရော. ၁၅:၁) ဒါပေမဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကို တခြားသူတွေ လေးစားရမယ်လို့ အခုပဲ ဆွေးနွေးခဲ့တယ်မဟုတ်လား။ ဟုတ်ပါတယ်။ ကိုယ်က တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားသလို တခြားသူတွေကလည်း ကိုယ့်ဆုံးဖြတ်ချက်ကို လေးစားသင့်ပါတယ်။ ဒါပေမဲ့ “လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ” ဆိုတဲ့ ကျမ်းစကားကိုလည်း နှလုံးသွင်းရမယ်။ (ရော. ၁၂:၁၈) ဒါကြောင့် တခြားသူတွေနဲ့ ပြေလည်စေမယ့်၊ တိုက်မိမလဲစေမယ့် ဆုံးဖြတ်ချက်တွေချဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။

၁၅။ အကြီးအကဲတွေက အသင်းတော်ရဲ့ စည်းလုံးမှုကို ဘယ်လို တိုးပွားစေသလဲ။ (၁ ကောရိန္သု ၄:၆)

၁၅ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို အကြီးအကဲတွေ လေးစားကြ။ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် စည်းမျဉ်းမထုတ်ခြင်းအားဖြင့်၊ “ကျမ်းစာမှာ ရေးထားတာထက် မလွန်” ခြင်းအားဖြင့် အသင်းတော်စည်းလုံးဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။ (၁ ကောရိန္သု ၄:၆ ကို ဖတ်ပါ။) ဒီ့အပြင် ကျမ်းစာအခြေပြုစာပေတွေမှာ ရေးထားတာထက် ကျော်လွန်ပြီး မသွန်သင်ကြဘူး။ ညီအစ်ကို/မ တစ်ယောက် အကြံဉာဏ်တောင်းလာတဲ့အခါ ကိုယ့်ရဲ့အတွေ့အကြုံကိုပဲ အခြေခံပြီး အကြံပေးတာမျိုး မလုပ်ကြဘူး။ ကျမ်းစာကိုအခြေခံပြီး သွန်သင်ကြတယ်၊ အကြံပေးကြတယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။

၁၆။ အကြီးအကဲအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားကြောင်း အကြီးအကဲတစ်ယောက် ဘယ်လို ပြနိုင်သလဲ။

၁၆ အကြီးအကဲအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အကြီးအကဲတစ်ယောက်ချင်းစီက လေးစားကြောင်း ပြကြတယ်။ အကြီးအကဲအဖွဲ့က သန့်ရှင်းသော စွမ်းအားတော်ရဖို့ ဆုတောင်းတယ်၊ ကျမ်းစာကိုအခြေခံပြီး ဆွေးနွေးတယ်။ ပြီးတဲ့နောက် ဆုံးဖြတ်ချက်ချတယ်။ အကြီးအကဲတစ်ယောက်ချင်းစီဟာ ကိုယ့်အမြင်နဲ့မတူရင်တောင် အကြီးအကဲအများစုရဲ့ ဆုံးဖြတ်ချက်ကို လက်ခံသင့်တယ်။ (ဧ. ၅:၁၇) အကြီးအကဲတွေဟာ ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေမှာပါတဲ့ လမ်းညွှန်ချက်တွေကို အနီးကပ် လိုက်လျှောက်ကြတယ်။ ဒါပေမဲ့ ရေးထားတာကို လိုရာဆွဲတွေးပြီး အသုံးချတာမျိုး မလုပ်ကြဘူး။ ဥပမာ၊ အဖွဲ့အစည်းစာပေမှာပါတဲ့ ဆောင်းပါးတစ်ခုရဲ့ အထက်အောက်စကားတွေကို မကြည့်တော့ဘဲ ကိုယ်လိုချင်တဲ့ စာကြောင်းတစ်ကြောင်းလောက်ကိုပဲ ဆွဲထုတ်ပြီး ကိုယ့်အမြင်မှန်တယ်ဆိုတာကို ထောက်ပြတာမျိုး မလုပ်ကြဘူး။

၁၇။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားတာက အသင်းတော်အတွက် ဘယ်လို အကျိုးရှိသလဲ။

၁၇ ဆွေးနွေးခဲ့တဲ့အတိုင်း ယေဟောဝါရဲ့လူမျိုးဟာ နောက်ခံမျိုးစုံက လူတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါကြောင့် တစ်ယောက်စီမှာ အမြင်၊ အကြိုက် ကိုယ်စီရှိကြတယ်။ အဲဒီလို မတူကွဲပြားကြတာ ကောင်းပါတယ်။ နောက်ခံမျိုးစုံ၊ စရိုက်မျိုးစုံရှိကြလို့လည်း အသင်းတော်က နေပျော်စရာ အသိုက်အမြုံလေး ဖြစ်နေတာ။ မတူညီမှုတွေကြောင့် ကျွန်တော်တို့အချင်းချင်း သဘောထားကွဲလွဲနေမယ့်အစား ငြိမ်သက်မှုရှိအောင် ကြိုးစားကြတယ်။ တခြားသူတွေ တိုက်မိမလဲအောင် သတိထားကြတယ်။ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်တွေကို လေးစားကြတယ်။ ဒါက အသင်းတော်မှာရှိသူအားလုံးကို ကောင်းချီးခံစားရစေပြီး ပျော်ရွှင်စည်းလုံးစေပါလိမ့်မယ်။—ဆာ. ၁၃၃:၁။ မ. ၅:၉။

သင် ဘယ်လို ဖြေမလဲ

  • ယာကုပ် ၄:၁၂ က တခြားသူတွေရဲ့အမြင်၊ ဆုံးဖြတ်ချက်ကို လေးစားဖို့ ဘယ်လိုကူညီပေးသလဲ။

  • ဂလာတိ ၆:၁ က တခြားသူတွေရဲ့အမြင်၊ ဆုံးဖြတ်ချက်ကို လေးစားဖို့ ဘယ်လိုကူညီပေးသလဲ။

  • ၁ ကောရိန္သု ၄:၆။ ၈:၁၂၊ ၁၃ က တခြားသူတွေရဲ့အမြင်၊ ဆုံးဖြတ်ချက်ကို လေးစားဖို့ ဘယ်လိုကူညီပေးသလဲ။

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီးစံ

a ချာ့ချ်မှာ ကျင်းပတဲ့ ဈာပနအစီအစဉ် ဒါမှမဟုတ် မင်္ဂလာပွဲကို တက်မတက် မဆုံးဖြတ်ခင် အချက်တချို့ကို အသေအချာ စဉ်းစားသုံးသပ်ဖို့ လိုတယ်။ ၂၀၀၂၊ မေ ၁၅ ကင်းမျှော်စင် မှာပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ဆောင်းပါးကို ကြည့်ပါ။

b ကျမ်းစာပညတ်တွေ ချိုးဖောက်သူကို အကြီးအကဲတွေ စီရင်ဆုံးဖြတ်ရတဲ့အချိန်တွေ ရှိတယ်။ အကြီးအကဲတွေဟာ ယေဟောဝါဘုရားအတွက် စီရင်ပေးရတာဖြစ်လို့ ကိုယ့်သဘောအတိုင်းမဟုတ်ဘဲ ကျမ်းစာစံနှုန်းတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ကြတယ်။—၂ ရာဇဝင်ချုပ် ၁၉:၆ နဲ့နှိုင်းယှဉ်ပါ။

c ဥပမာ၊ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၅၊ အချက် ၅ ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ