ဇူလိုင် ၂၇–ဩဂုတ် ၂၊ ၂၀၂၆
သီချင်း ၅၆ အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေပါ
ထပ်ဆင့်ပညာ ဆည်းပူးနေချိန်မှာ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေပါ
“ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့။”—ဖိ. ၃:၁၆။
အာရုံစိုက်ရာ
ထပ်ဆင့်ပညာဆည်းပူးဖို့ ဆုံးဖြတ်ထားသူတွေ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ကူညီပေးမယ့် ကျမ်းစာမူလေးခုကို ဆွေးနွေးပါမယ်။
၁-၂။ (က) ထပ်ဆင့်ပညာဆည်းပူးမယ်ဆိုရင် ဘာဆက်လုပ်နေရမလဲ။ (ခ) “ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေ” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (ဖိလိပ္ပိ ၃:၁၆)
ယေဟောဝါရဲ့ ကျေးကျွန်တချို့ဟာ အခြေခံပညာအထက်တန်းကျောင်းပြီးတဲ့နောက် ထပ်ဆင့်ပညာဆည်းပူးဖို့ ရွေးချယ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ထောက်ပံ့ဖို့၊ ဘုရားအမှုဆောင်ဖို့ ရည်ရွယ်ပြီး ထပ်ဆင့်ပညာ ဆည်းပူးကြတာပါ။ ထပ်ဆင့်ပညာ ဆည်းပူးဖို့ ဆုံးဖြတ်ထားရင် ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ဘာတွေလုပ်နိုင်သလဲ။ (ယာ. ၄:၈က) ကျောင်းမှာ ကြုံတွေ့ရတတ်တဲ့ ယုံကြည်ခြင်းစမ်းသပ်မှုတွေကို သင် ရင်ဆိုင်ခဲ့ပြီး ဖြစ်မှာပါ။ အခု ယေဟောဝါနဲ့ ဆက်ပြီး ရင်းနှီးနေနိုင်ဖို့ဆိုရင် “ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံ” သွားဖို့ လိုတယ်။—ဖိလိပ္ပိ ၃:၁၆ ကို ဖတ်ပါ။
၂ “ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” ဆိုတဲ့ စကားစုကို မူရင်းဂရိလိုဆိုရင် စစ်သားတွေ ညီညီညာညာ ချီတက်နေကြတာကို ဖော်ပြတဲ့နေရာမှာ သုံးတယ်။ ထပ်ဆင့်ပညာရေးကို လေ့လာဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ ဆက်ပြီး “ချီတက်” နေဖို့ လိုတယ်။ ရပ်လိုက်တာမျိုး၊ နောက်ဆုတ်သွားတာမျိုး မဖြစ်သင့်ဘူး။ ဆက်ချီတက်နိုင်ဖို့ ကူညီပေးမယ့် ကျမ်းစာမူလေးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ အသစ်အဆန်းတွေတော့ မဟုတ်ပါဘူး။ တကယ်တော့ ဒီကျမ်းစာမူတွေကို သုံးပြီး သင့်ဘဝမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချခဲ့ပြီ။ ထပ်ဆင့်ပညာသင်ယူနေချိန်မှာကော သင်ယူပြီးသွားချိန်မှာပါ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေနိုင်ဖို့ ဒီကျမ်းစာမူတွေက ကူညီပေးပါလိမ့်မယ်။
ဘုရားနဲ့ ရင်းနှီးစေမယ့်အရာတွေ ဆက်လုပ်ဆောင်နေပါ
၃။ ထပ်ဆင့်ပညာရေးကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။
၃ အခက်အခဲ။ ထပ်ဆင့်ပညာရေးကြောင့် လုပ်စရာတွေ ပိုများလာနိုင်တယ်။ ကျောင်းမှာ စာတော်ချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ သတိမထားဘူးဆိုရင် ဝတ်ပြုရေးကို ဒုတိယနေရာမှာ ထားမိသွားနိုင်တယ်။ အသင်းတော်အစည်းအဝေးတွေ ပျက်ကွက်လာတာ၊ အမှုဆောင် မပါဝင်နိုင်တာ၊ ကိုယ်ပိုင်လေ့လာမှု မလုပ်ဖြစ်တာ၊ အရင်လောက် ဆုမတောင်းတော့တာတောင် ဖြစ်လာနိုင်တယ်။—ဗျာ. ၂:၄။
၄။ “သခင့်အလုပ်မှာ အမြဲ အလုပ်များနေ” ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (၁ ကောရိန္သု ၁၅:၅၈)
၄ ၁ ကောရိန္သု ၁၅:၅၈ ကို ဖတ်ပါ။ စက်ဘီးစီးတဲ့အခါ ယိုင်လဲမသွားဖို့ဆိုရင် ရှေ့ကို ဆက်နင်းနေဖို့လိုတယ်။ အလားတူပါပဲ၊ ဘုရားရေးရာမှာ ယိုင်လဲမသွားဖို့ဆိုရင် “သခင့်အလုပ်မှာ အမြဲ အလုပ်များနေ” ရမယ်။ ဝတ်ပြုရေးလုပ်ငန်းဆောင်တာတွေမှာ အချိန်ပေးတာလောက်ကိုပဲ မဆိုလိုဘူး။ ဝတ်ပြုရေးကို ဘဝရဲ့ အရေးကြီးဆုံးအရာအဖြစ် အလေးထားလုပ်ဆောင်တာကို ဆိုလိုတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားရဲ့ ကျေးကျွန်တစ်ယောက်အနေနဲ့ အမြဲ ရှုမြင်ပါ။ ဘဝရဲ့အရေးကြီးဆုံးအရာဟာ ထပ်ဆင့်ပညာရေးမဟုတ်ဘဲ ယေဟောဝါအတွက် အမှုဆောင်ခြင်းဖြစ်တယ်ဆိုတာ သတိရပါ။ (မ. ၂၂:၃၇) လူငယ်ညီအစ်မ ဆမန်သာအကြောင်း စဉ်းစားကြည့်ပါ။ “ပညာရေးကြောင့် ဝတ်ပြုရေး ထိခိုက်လာမယ်ဆိုရင် ကျောင်းဆက်မတက်တော့ဘူးလို့ ကျွန်မ သန္နိဋ္ဌာန်ချထားတယ်” ဆိုပြီး ပြောတယ်။
၅။ ဝတ်ပြုရေးမှာ အလုပ်များနေဖို့ ဘာလုပ်နိုင်သလဲ။
၅ ထပ်ဆင့်ပညာ မဆည်းပူးခင်ကတည်းက ဘာလုပ်နိုင်သလဲ။ ယေဟောဝါကို ဘဝမှာ ဦးစားထားကြောင်း သေချာစေပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘အစည်းအဝေး၊ အမှုဆောင်၊ ကိုယ်ပိုင်လေ့လာမှုလုပ်တာတွေ မပျက်အောင် ငါဘာတွေစီစဉ်ထားပြီလဲ။’ (ယရ. ၁:၈။ မ. ၂၈:၁၉၊ ၂၀။ ဟီ. ၁၀:၂၅) ဒီလိုလည်း စဉ်းစားပါ– ‘အထက်တန်းကျောင်းသားဘဝတုန်းက ဝတ်ပြုရေးကို ငါဘယ်လို ဦးစားထားခဲ့သလဲ။ ဝတ်ပြုရေးပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိခဲ့တာတွေရှိလား။ ဒါဆို အဲဒီလို ထပ်မဖြစ်အောင် ငါ ဘာလုပ်မလဲ။’ ထပ်ဆင့်ပညာသင်ယူတဲ့အခါ ဝတ်ပြုရေးမှာ အလုပ်များနေဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ကျောင်းစာကို အာရုံစိုက်ပါ၊ ဝတ်ပြုရေးကို ထိခိုက်စေတဲ့အထိတော့ မဖြစ်ပါစေနဲ့။a—မ. ၆:၂၄။
၆။ ကိုယ့်အခြေအနေကို ဆန်းစစ်ဖို့ ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၆ ထပ်ဆင့်ပညာဆည်းပူးနေချိန်မှာ တစ်လ တစ်ကြိမ်လောက်ဖြစ်ဖြစ် ကိုယ့်အခြေအနေကို ဆန်းစစ်ပါ။ ‘ယေဟောဝါကို ဘဝမှာ ဦးစားထားနေသေးရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ ဦးစားထားမထား သိစေနိုင်မယ့် အချက်တွေကို သတိပြုကြည့်ပါ။ ဥပမာ၊ အစည်းအဝေးမတက်တာ ဒါမှမဟုတ် နောက်ကျတာ အကျင့်တစ်ခုလို ဖြစ်နေပြီလား။ လူက အစည်းအဝေးမှာ ရောက်နေပေမဲ့ စိတ်ကတော့ ကျောင်းမှာ ကျန်ခဲ့သလား။ အစည်းအဝေးကို အင်တာနက်နဲ့ပဲ ချိတ်ဆက်တက်ရောက်ဖြစ်နေသလား။ ဆုတောင်းတဲ့၊ ကျမ်းစာဖတ်တဲ့ အလေ့အထ အားနည်းလာပြီလား။ အမှုဆောင်မှာ အပေါ်ယံလောက်ပဲ ပါဝင်ပြီး ဘယ်တော့ပြီးမလဲ စဉ်းစားနေသလား။ ဒီမေးခွန်းတွေထဲက တစ်ချက်ချက်နဲ့ ငြိနေရင် ချက်ချင်း အပြောင်းအလဲလုပ်ပါ။ ပညာရေးကြောင့် ယေဟောဝါကို ဘဝမှာ ဦးစားမထားမိတာမျိုး မဖြစ်ပါစေနဲ့။
ပညာရေးကြောင့် ယေဟောဝါကို ပထမနေရာကနေ ဘေးချိတ်လိုက်တာမျိုး မဖြစ်ပါစေနဲ့ (စာပိုဒ် ၆ ကို ကြည့်ပါ)
‘စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်ပါ’
၇။ ထပ်ဆင့်ပညာရေးက ကျွန်တော်တို့ရဲ့ အတွေးအခေါ်အပေါ် ဘယ်လို သက်ရောက်မှုရှိစေနိုင်သလဲ။
၇ အခက်အခဲ။ ကိုယ်ရွေးချယ်တဲ့ ပညာရပ်ပေါ်မူတည်ပြီး ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲအယူအဆတို့လိုမျိုး လောကရဲ့ “အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေ” နဲ့ ထိတွေ့ရနိုင်တယ်။ (ကော. ၂:၈) ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်အားကိုယ်ကိုးရမယ်လို့ တချို့ ဆရာ/မတွေ သင်ပေးလာနိုင်တယ်။ လူငယ်ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ကျောင်းမှာ စာပဲသင်ပေးတာ မဟုတ်ဘူး။ ဘယ်လိုတွေးခေါ်ရမယ်ဆိုတာကိုပါ သင်ပေးတာ။ သင်ပေးတာတွေက ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ မညီတာများတယ်။ အောင်မြင်မှုဆိုတာ ကိုယ်တိုင်ထုဆစ်ပုံဖော်ရမှာ ဆိုတဲ့ အတွေးအခေါ်မျိုးပေါ့။ ဒါက ယေဟောဝါကို အားကိုးစရာမလိုဘူးဆိုတဲ့အတွေး ဝင်လာစေတယ်။”
၈။ “ကိုယ့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်” ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ပညာအလိမ္မာ ၅:၁၊ ၂)
၈ ပညာအလိမ္မာ ၅:၁၊ ၂ ကို ဖတ်ပါ။ “စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်” ဖို့ ကျမ်းစာမှာ သတိပေးထားတယ်။ စောင့်ရှောက်ရမယ်ဆိုကတည်းက တိုက်ခိုက်ခံရနိုင်ခြေ ရှိလို့ပဲ။ တကယ်လည်း ကျွန်တော်တို့ရဲ့ အတွေးအခေါ် ပျက်စီးအောင် စာတန်နဲ့ စာတန့်လောက ကြိုးစားနေတာ။ (၁ ပေ. ၅:၈) ကိုယ်ကျင့်တရားစံနှုန်း၊ လူသားတွေရဲ့ မူလအစ၊ ဘုရားရဲ့ တည်ရှိမှုနဲ့ပတ်သက်တဲ့ လောကရဲ့အယူအဆတွေက ကျမ်းစာသွန်သင်ချက်တွေအပေါ် သံသယ ဝင်စေတယ်။ လူ့အတွေးအခေါ်တွေကို ပိုပြီးအဆင့်မြင့်သယောင် အမွှမ်းတင်တတ်ကြပေမဲ့ တကယ်တော့ ဒါတွေဟာ “ဘုရားသခင်ရှေ့မှာ မိုက်မဲတဲ့အရာ” တွေပါပဲ။—၁ ကော. ၃:၁၈-၂၀။
၉။ စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်ဖို့ ဘာတွေလုပ်နိုင်သလဲ။
၉ ထပ်ဆင့်ပညာ မဆည်းပူးခင်ကတည်းက ဘာလုပ်နိုင်သလဲ။ စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်နိုင်ဖို့ဆိုရင် ထပ်ဆင့်ပညာ မဆည်းပူးခင်ကတည်းက ကျမ်းစာသွန်သင်ချက်တွေကို အခိုင်အမာ ယုံကြည်နေဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ–‘ဘုရားကို ငါ ဘာလို့ ယုံတာလဲ။ ကျမ်းစာက ဘုရားရဲ့နှုတ်ထွက်စကားဆိုတာ ငါ ဘယ်လို အသေအချာ သိသလဲ။ ကျမ်းစာစံနှုန်းအတိုင်း အသက်ရှင်တာက လောကစံနှုန်းအတိုင်း အသက်ရှင်တာထက် ပိုကောင်းတယ်လို့ ငါ့ကို ဘာက စိတ်ချစေတာလဲ။’ ဒီလိုလည်း စဉ်းစားပါ– အထက်တန်းကျောင်းသားဘဝတုန်းကလည်း လောကရဲ့အယူအဆနဲ့ ထိတွေ့ခဲ့ရမှာပဲ။ ဆင့်ကဲအယူဝါဒကို တခြားသူတွေ အခိုင်အမာ ယုံကြည်နေကြလို့ ဘုရားသခင် တကယ်တည်ရှိတယ်၊ အရာအားလုံးကို ဖန်ဆင်းတယ်ဆိုတာ ငါ သံသယဝင်ခဲ့သလား။ အတန်းဖော်တွေရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကို လိုက်မလုပ်မိအောင်နေဖို့ ငါ့အတွက် ခက်ခဲ့သလား။ အဲဒီအပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မိတယ်ဆိုရင် ယုံကြည်ခြင်းခိုင်ခံ့နေအောင် အခု ဘာတွေလုပ်နိုင်သလဲ။ ထပ်ဆင့်ပညာဆည်းပူးတဲ့အခါ ကိုယ့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။—၂ တိ. ၂:၁၆-၁၈။b
၁၀။ စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်နိုင်ဖို့ ဘာဆက်လုပ်နေရမလဲ။
၁၀ ထပ်ဆင့်ပညာရေးဆည်းပူးရင်းနဲ့လည်း ကိုယ်ရဲ့အခြေအနေကို မကြာမကြာ ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘တခြားသူတွေရဲ့ အကျင့်ပျက်ဘဝပုံစံကို ငါ သဘောကျနေပြီလား။ လောကရဲ့အဓိပ္ပာယ်မဲ့တဲ့ အတွေးအခေါ်တွေကို ငါ ခွဲခြားသိမြင်ရဲ့လား။ လူ့ပြဿနာတွေကို ဘုရားနိုင်ငံတော်ကပဲ ဖြေရှင်းပေးနိုင်မယ်ဆိုတာ ငါ အပြည့်အဝ ယုံကြည်စိတ်ချနေရဲ့လား။’ စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်ဖို့ ကျမ်းစာကို ဆက်လေ့လာပါ၊ တွေးတောဆင်ခြင်ပါ၊ လက်တွေ့ကျင့်သုံးပါ။ ဒီလိုလုပ်တာက ကျမ်းစာအမှန်တရားကို ယုံကြည်စိတ်ချနေဖို့ ကူညီပေးပါလိမ့်မယ်။—၁ တိ. ၄:၁၅။
အချိန်ကို အသေအချာ ခန့်ခွဲပါ
၁၁။ ထပ်ဆင့်ပညာဆည်းပူးနေချိန်မှာ အချိန်ကို သေသေချာချာ ခန့်ခွဲဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၁၁ အခက်အခဲ။ ထပ်ဆင့်ပညာဆည်းပူးတာက အချိန်အများကြီးပေးရနိုင်တယ်။ အထူးသဖြင့် စာမေးပွဲအတွက် ပြင်ဆင်ရတာ၊ အိမ်စာလုပ်ရတာ၊ လက်တွေ့ဆင်းရတာတွေကြောင့် ဖြစ်နိုင်တယ်။ အချိန်ကိုသာ သေသေချာချာ မခန့်ခွဲဘူးဆိုရင် စိတ်ဖိစီးလာပြီး ခြေကုန်လက်ပန်းကျသွားနိုင်တယ်။ ဒါကြောင့် ခန္ဓာပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ သိပ်အရေးကြီးတယ်။
၁၂။ ဘာတွေလုပ်ဖို့ အချိန်လိုနိုင်သလဲ။ (ဧဖက် ၅:၁၅၊ ၁၆)
၁၂ ဧဖက် ၅:၁၅၊ ၁၆ ကို ဖတ်ပါ။ “အချိန်ကို အကျိုးရှိရှိ အသုံးချ” ဖို့ ခက်နိုင်တယ်။ ဒါကြောင့် ဟန်ချက်ညီဖို့ လိုတယ်။ ဥပမာ၊ ကျောင်းစာလုပ်ဖို့ အချိန်ပေးရတာ မှန်ပေမဲ့ မိသားစုကို၊ ညီအစ်ကို/မတွေကိုလည်း အချိန်ပေးဖို့ အရေးကြီးတယ်။ (ဆာ. ၁၃၃:၁။ ပညာ. ၁၈:၁) အရေးကြီးဆုံးကတော့ ဘုရားနဲ့ရင်းနှီးစေတဲ့အရာတွေကို လုပ်ဆောင်နေဖို့ပါ။ (မ. ၆:၃၃) အိမ်အလုပ်ဝိုင်းကူရတာ၊ ဝင်ငွေရဖို့ အလုပ်လုပ်ရတာ ဖြစ်နိုင်တယ်။ ဒီ့အပြင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့၊ အလုံအလောက် အနားယူဖို့လည်း အချိန်ဖယ်ထားရမယ်။ (ဒေ. ၄:၆။ ၁ တိ. ၄:၈) ဒါတွေအားလုံး ပြီးမြောက်ဖို့ဆိုရင် အချိန်ကို အသေအချာ ခန့်ခွဲဖို့ လိုတယ်။
၁၃။ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့ ဘာလုပ်ရမလဲ။
၁၃ ထပ်ဆင့်ပညာ မဆည်းပူးခင်ကတည်းက ဘာလုပ်နိုင်သလဲ။ အစီအစဉ်တကျ အလုပ်လုပ်တာက အောင်မြင်မှုရစေတယ်လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၂၁:၅) ဒါကြောင့် ထပ်ဆင့်ပညာ မဆည်းပူးခင်ကတည်းက အစီအစဉ်ဇယားကောင်း ရှိရမယ်။ ဒီလို စဉ်းစားကြည့်ပါ– အထက်တန်းကျောင်းသားဘဝတုန်းက အချိန်ကို အသေအချာခန့်ခွဲနိုင်ခဲ့ရဲ့လား။ ကောင်းကောင်း မခန့်ခွဲနိုင်ခဲ့ဘူးဆိုရင် အခု ဘာအပြောင်းအလဲ လုပ်နိုင်မလဲ။ အချိန်မလောက်လို့ စိတ်ဖိစီးနေရတာမျိုး မဖြစ်အောင် ဇယားကောင်းထားပြီး အချိန်ကို အသေအချာ ခန့်ခွဲပါ။c
၁၄။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။
၁၄ ထပ်ဆင့်ပညာဆည်းပူးနေရင်းနဲ့လည်း ကိုယ်ရဲ့အခြေအနေကို မကြာမကြာ ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘ငါ့မှာ အနားယူဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရှိရဲ့လား။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းဖို့ အချိန် ကျန်သေးရဲ့လား။ အိမ်စာတွေ အချိန်မီ ပြီးရဲ့လား။ မပြီးဘူးဆိုရင် လုပ်စရာများလွန်းလို့လား ဒါမှမဟုတ် ငါ အချိန်ဆွဲနေလို့လား။ မိသားစုဝင်တွေအပါအဝင် တခြားသူတွေက ငါတော့ အပြောင်းအလဲလုပ်ဖို့ လိုနေပြီလို့ ပြောကြသလား။’ ကိုယ့်ရဲ့အချိန်ဇယားကို ပြုပြင်ပြောင်းလဲဖို့ လိုတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ လိုတာပဲဖြစ်ဖြစ် ချက်ချင်း လုပ်ဆောင်ပါ။ အချိန်ကို အသေအချာ စီမံခန့်ခွဲနိုင်စွမ်းရှိသူတွေနဲ့လည်း တိုင်ပင်ဆွေးနွေးနိုင်တယ်။—ပညာ. ၁၁:၁၄။
“ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်” ပါ
၁၅။ ထပ်ဆင့်ပညာ သင်ယူနေချိန်မှာ ဘာကြုံရနိုင်သလဲ။
၁၅ အခက်အခဲ။ ကိုယ့်ရဲ့အတန်းဖော်တွေက စုဆုံပေါင်းသင်းဖို့ ခေါ်တာမျိုးရှိနိုင်တယ်။ အသက်အရွယ်လည်းတူ၊ စိတ်ဝင်စားရာလည်းတူ၊ အတန်းတစ်တန်းထဲမှာ အတူစာသင်ကြတဲ့သူတွေ ဖြစ်လို့ သင်လည်း သွားချင်နေနိုင်တယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေထက် ပိုပြီးတော့တောင် စိတ်တူကိုယ်တူ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ သတိထားဖို့ လိုတယ်။ အတန်းထဲမှာ အတူစာသင်ကြပေမဲ့ ခံယူထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကတော့ မတူကြဘူး။ သူတို့နဲ့ပေါင်းသင်းတာများလေ၊ သူတို့ရဲ့အတွေးအခေါ် ကူးစက်လာနိုင်လေပဲ။ (၁ ကော. ၁၅:၃၃) လျှပ်စစ်လုပ်ငန်းကို အလုပ်သင်အနေနဲ့ လေးနှစ်တာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ညီအစ်ကို မိုက်ကယ် ဒီလိုပြောတယ်– “တစ်ပတ်ကို နာရီ ၄၀ လောက် အလုပ်ဖော်တွေနဲ့အတူ တွဲအလုပ်လုပ်ရတော့ အမျိုးသမီးတွေအပေါ် သူတို့ရဲ့ရှုမြင်ပုံ၊ သူတို့ကြိုက်တဲ့ တေးဂီတ၊ သူတို့ရဲ့ အပြောအဆိုတွေက ကျွန်တော့်ဆီ ကူးစက်လာတယ်။”
၁၆။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်” တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ (ပညာ. ၁၃:၂၀)
၁၆ ပညာအလိမ္မာ ၁၃:၂၀ ကို ဖတ်ပါ။ မကောင်းတဲ့အပေါင်းအသင်းရဲ့ အန္တရာယ်တွေအကြောင်း ကျမ်းစာမှာ သတိပေးထားတယ်။ ဒါပေမဲ့ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်” လို့လည်း ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ်ပေါင်းတဲ့ အပေါင်းအသင်းပေါ်မူတည်ပြီး ဉာဏ်ပညာရှိလာနိုင်သလို ဒုက္ခလည်း တွေ့နိုင်တယ်။ ယေဟောဝါကို ကိုယ့်လိုပဲ နှစ်နှစ်ကာကာချစ်ပြီး ကိုယ့်အကျိုးကို အမှန်တကယ် လိုလားတဲ့သူတွေနဲ့ ပေါင်းသင်းပါ။—ဆာ. ၁၀၁:၆၊ ၇။ ၁၁၉:၆၃။
၁၇။ မကောင်းတဲ့အပေါင်းအသင်းတွေကို ဘယ်လို ရှောင်နိုင်သလဲ။
၁၇ ထပ်ဆင့်ပညာ မဆည်းပူးခင်ကတည်းက ဘာလုပ်နိုင်သလဲ။ အတန်းဖော်တွေနဲ့ ဘယ်လောက် ပေါင်းသင်းမလဲဆိုတာ သတ်မှတ်ထားပါ။ ညီအစ်ကို ထရန်တန် ဒီလိုပြောတယ်– “အတန်းဖော်တွေကို ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံပေမဲ့ ကျောင်းချိန်ပြင်ပတွေမှာတော့ သိပ်ပေါင်းလေ့မရှိဘူး။ သူတို့ကို အတန်းဖော်တွေလို့ပဲ သဘောထားတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေလိုတော့ မပေါင်းဘူး။” သင်ကော အတန်းဖော်တွေကို ဘယ်လောက်အတိုင်းအတာအထိ ပေါင်းမလဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– အထက်တန်းကျောင်းသားဘဝတုန်းက အတန်းဖော်တွေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ပေါင်းခဲ့သလဲ။ အားရစရာကောင်းတဲ့ အဖြေမျိုး မထွက်ဘူးဆိုရင် လက်ရှိအချိန်မှာ ဘာအပြောင်းအလဲ လုပ်နိုင်သလဲ။ ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ ပေါင်းဖော်တာကို ရှောင်ပြီး “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်” ဖို့ ဆုံးဖြတ်ထားပါ။d
၁၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၈ ကိုယ့်ရဲ့အခြေအနေကို မကြာမကြာ ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘အတန်းဖော်တွေနဲ့ ရင်းနှီးလွန်းနေသလား။ သူတို့ရဲ့ စရိုက်၊ အပြောအဆို၊ စိတ်သဘောထားတွေ ငါ့ကို ကူးစက်နေပြီလား။ အတန်းဖော်တွေနဲ့ ငါ့ရဲ့ဆက်ဆံရေးကို ယေဟောဝါ ဘယ်လို မြင်မလဲ။’ (ဆာ. ၁:၁) အပြောင်းအလဲလုပ်ဖို့ လိုတယ်လို့ ခံစားမိရင် ချက်ချင်းလုပ်ဆောင်ပါ။ ကိုယ့်လိုပဲ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းပါ။ အတန်းဖော်တွေကို သက်သေခံဖို့လည်း မတွန့်ဆုတ်ပါနဲ့။ ကျောင်းမှာလည်း အမြဲတွေ့နေရတယ်၊ ကိုယ့်အကြောင်းလည်း ကောင်းကောင်းသိနေတော့ ဟောပြောသက်သေခံဖို့ သင့်မှာ အခွင့်အရေး ပိုများတယ်။
အတန်းဖော်တွေကို သက်သေခံဖို့ မတွန့်ဆုတ်ပါနဲ့ (စာပိုဒ် ၁၈ ကို ကြည့်ပါ)e
ကြိုတင်ပြင်ဆင်ထားပါ
၁၉။ ထပ်ဆင့်ပညာ ဆည်းပူးနေချိန်မှာ ကြုံရမယ့် အခက်အခဲတွေအတွက် ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။ ဥပမာပေးပါ။
၁၉ တောင်တက်သမားတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။ တောင်တက်မသွားခင် ကြိုတင်ပြင်ဆင်မှာပဲ။ ဘာကြုံရမယ်ဆိုတာ အတိအကျ မသိနိုင်ပေမဲ့ ကျန်းမာသန်စွမ်းအောင် လုပ်ထားရမယ်။ သင့်တော်တဲ့ အဝတ်အစားတွေ ဝတ်စားထားရမယ်။ ဘယ်ကိုသွားမယ်ဆိုတဲ့ ဦးတည်ချက် တိတိကျကျ ရှိရမယ်။ ထပ်ဆင့်ပညာ မဆည်းပူးခင်မှာလည်း အလားတူ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ခိုင်မာနေအောင် လုပ်ထားပါ။ “ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို” ဝတ်ဆင်ထားပါ။ ဘယ်လို ပန်းတိုင်မျိုးနဲ့ ထပ်ဆင့်ပညာဆည်းပူးသင့်သလဲ။ လောကမှာ ထင်ပေါ်ကျော်ကြားဖို့၊ ချမ်းသာဖို့ မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ ဖြစ်သင့်တယ်။—ဧ. ၆:၁၁-၁၃။ ၁ ကော. ၉:၂၆၊ ၂၇။ ၁၀:၃၁။
၂၀။ “ယုံကြည်ခြင်း ခိုင်မြဲနေမနေ” ဘယ်လို ဆန်းစစ်နိုင်သလဲ။
၂၀ “ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ” လို့ ကျမ်းစာ အားပေးတယ်။ (၂ ကော. ၁၃:၅) ထပ်ဆင့်ပညာ ဆည်းပူးနေချိန်မှာလည်း ဆန်းစစ်နိုင်တယ်။ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့အချက်တွေသုံးပြီး ကိုယ့်ကိုယ်ကိုယ် ပုံမှန်စစ်ဆေးပါ။ ဘုရားနဲ့ ရင်းနှီးစေတဲ့အရာတွေကို လုပ်ဆောင်နေရဲ့လား။ လောကအတွေးအခေါ်တွေ ကူးစက်မလာအောင် ကြိုးစားနေရဲ့လား။ အချိန်ကို အကျိုးရှိရှိ အသုံးချနေရဲ့လား။ မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ပြီး ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီးအောင် ကြိုးစားနေရဲ့လား။ တကယ်တော့ ဒီမေးခွန်းတွေက ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်တဲ့ မေးခွန်းတွေဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယုံကြည်ခြင်း ခိုင်ခံ့နေဖို့ စိတ်ပိုင်းဖြတ်ထားကြရအောင်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။—ပညာ. ၃:၅၊ ၆။
သီချင်း ၈၇ လာကြ၊ လန်းဆန်းမှု ရယူကြ
a ဝတ်ပြုရေးမှာ အလုပ်များနေစေမယ့် အကြံပြုချက်တွေကို jw.org ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ “နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ—အပိုင်း ၁။ လက်ရှိလုပ်နေတဲ့အတိုင်း ဆက်လုပ်ဆောင်ပါ” ဆောင်းပါးမှာ လေ့လာကြည့်ပါ။
b ကိုယ့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်နိုင်စေမယ့် အကြံပြုချက်တွေကို ၂၀၁၉၊ မေ ကင်းမျှော်စင် မှာပါတဲ့ “‘လောက ဉာဏ်ပညာ’ ရဲ့ လှည့်စားမှုကို မခံကြနဲ့” ဆောင်းပါးမှာ လေ့လာကြည့်ပါ။
c နေ့စဉ်လုပ်စရာရှိတာတွေကို စီမံခန့်ခွဲခြင်းနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို jw.org ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ “လူငယ်များအမေး . . . အချိန်ကို ဘယ်လိုအကျိုးရှိရှိသုံးရမလဲ” ဆောင်းပါးမှာ လေ့လာကြည့်ပါ။
d အပေါင်းအသင်းတွေကို ပညာရှိရှိရွေးချယ်နိုင်စေမယ့် အကြံပြုချက်တွေကို ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၄၈၊ “အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ” ဆောင်းပါးမှာ လေ့လာကြည့်ပါ။
e ပုံအညွှန်း– ဆံပင်အလှပြင်သင်တန်းမှာ ညီအစ်မတစ်ယောက်က အတန်းဖော်တစ်ယောက်ကို ပါးပါးနပ်နပ် သက်သေခံနေ