ဇူလိုင် ၆-၁၂၊ ၂၀၂၆
သီချင်း ၉၈ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ ကျမ်းစာ
ကျမ်းစာအခြေခံမူတွေကို သိအောင်လုပ်ပါ
‘မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။ စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးပြီး ဘုရားသခင်အတွက် အမှုဆောင်ပါ။’—ရော. ၁၂:၁။
အာရုံစိုက်ရာ
ကျမ်းစာအခြေခံမူတွေဆိုတာ ဘာလဲ။ ကျမ်းစာဖတ်တဲ့အခါ ကျမ်းစာအခြေခံမူတွေကို ဘယ်လို ရှာတွေ့နိုင်မလဲ။
၁-၂။ (က) ကျမ်းစာကို ရှေးဟောင်းစာအုပ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) ကျမ်းစာ ဒီနေ့အချိန်ထိ အသုံးဝင်နေတာ ဘာကြောင့်လဲ။
သမ္မာကျမ်းစာဟာ ရှေးဟောင်းစာအုပ်တစ်အုပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ တုန်းက စတင်ရေးသားခဲ့ပြီး နောက်ဆုံးကျမ်းစောင်ကို လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်မှာ ရေးသားပြီးစီးခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာဟာ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကား” ဖြစ်လို့ အခုအချိန်ထိ အသုံးဝင်နေဆဲ၊ အစွမ်းထက်နေဆဲပါ။ (ဟီ. ၄:၁၂။ ၂ တိ. ၃:၁၆၊ ၁၇) အခုအချိန်မှာ သန်းနဲ့ချီတဲ့လူတွေဟာ ဘဝကို ပျော်မွေ့နိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကျမ်းစာက ကူညီပေးနိုင်မှန်း သိလာကြတယ်။
၂ ကျမ်းစာဟာ ရှေးဟောင်းစာအုပ်တစ်အုပ်ဖြစ်ပေမဲ့ ဒီနေ့အချိန်ထိ အသုံးဝင်နေတာ ဘာကြောင့်ဖြစ်မလဲ။ အကြောင်းရင်းနှစ်ခုကြောင့်ဖြစ်တယ်။ ပထမ၊ “အသက်ရှင်နေတဲ့ ဘုရားသခင်၊” ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ဖန်ဆင်းရှင်ရဲ့ စကားတွေ ဖြစ်နေလို့ပါ။ (၁ တိ. ၄:၁၀။ ရော. ၁၆:၂၆၊ ၂၇) ဒုတိယ၊ ကျမ်းစာထဲမှာ ဘယ်ခေတ်ကာလအတွက်မဆို အသုံးဝင်တဲ့၊ ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တဲ့ အခြေခံမူတွေ ပါနေလို့ပါ။
၃။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို သုံးသပ်သွားမလဲ။
၃ ကျမ်းစာအခြေခံမူဆိုတာ ဘာလဲ။ ဒီမူတွေက ကျွန်တော်တို့အတွက် ဘာကြောင့်အရေးပါသလဲ။ ကျမ်းစာဖတ်တဲ့အခါ ကျမ်းစာမူတွေကို ဘယ်လို ရှာတွေ့နိုင်မလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။ ကျမ်းစာမူတွေရဲ့ တန်ဖိုးကို ယေရှု ဘယ်လို အလေးပေး သွန်သင်သလဲဆိုတာကိုလည်း လေ့လာသွားပါမယ်။
ကျမ်းစာအခြေခံမူဆိုတာ ဘာလဲ
၄။ ကျမ်းစာမူဆိုတာ ဘာလဲ။
၄ ကျမ်းစာမူဆိုတာ ပညတ်နောက်ကွယ်က အခြေခံအမှန်တရားပါ။ မူတွေကို အခြေခံပြီး ကျမ်းစာပညတ်တွေ ယေဟောဝါပေးတယ်။ ကျမ်းစာမူတွေကို ကြည့်ရင် ယေဟောဝါရဲ့အမြင်၊ သဘောထားကို နားလည်နိုင်တယ်။ မူဟာ ပညတ်ထက် ပိုကျယ်ပြန့်တယ်။ ပညတ်တွေကို အခြေအနေတစ်ခု၊ အချိန်အခါတစ်ခုအတွက် ပေးထားတာပါ။ မူကတော့ အခြေအနေအမျိုးမျိုးနဲ့ သက်ဆိုင်နိုင်တယ်။ ဘယ်တော့မှ မပြောင်းလဲတတ်ဘူး။ (ဆာ. ၁၁၉:၁၁၁) ပညတ်ကိုယ်နှိုက်က မူဖြစ်နေတဲ့အခါတွေလည်း ရှိတယ်။ (မ. ၂၂:၃၇) ပညတ်ကို ပြောင်းလဲလိုက်ရတဲ့အခါတွေ ရှိပေမဲ့ မူကတော့ ထာဝစဉ်တည်မြဲတယ်။—ဟေရှာ. ၄၀:၈။
၅။ ပညတ်နဲ့ မူ ဘယ်လို ကွာခြားသလဲ။ ဥပမာပေးပါ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၅ ပညတ်နဲ့ မူ ဘယ်လိုကွာခြားသလဲ သိနိုင်ဖို့ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ မိခင်က သားငယ်ကို “မီးဖိုကို မထိနဲ့” လို့ ပြောတယ်ဆိုပါစို့။ ဒါကို ပညတ်လို့ ပြောနိုင်တယ်။ ဒီပညတ်ကို ပေးရတဲ့ နောက်ကွယ်က အကြောင်းရင်း၊ တစ်နည်းအားဖြင့် မူက ဘာဖြစ်မလဲ။ ပူတဲ့အရာတစ်ခုခုကို ထိရင် ဒဏ်ရာရမယ်ဆိုတဲ့ အခြေခံအမှန်တရားပါ။ ဒီမူကို သိထားရင် မီးဖိုမှ မဟုတ်ဘဲ ရေနွေးအိုး၊ မီးပူတို့လို တခြား ပူတဲ့ပစ္စည်းတွေကိုလည်း ထိမှာမဟုတ်ဘူး။ ကိုယ့်အိမ်မှာမှ မဟုတ်ဘူး၊ တခြားဘယ်နေရာမှာမဆို သတိထားမှာ ဖြစ်တယ်။ သားဖြစ်သူ အရွယ်ရောက်လာတဲ့အခါ ကိုယ်တိုင် မီးဖိုသုံးရနိုင်တယ်။ ဒါပေမဲ့ အပူလောင်တာမျိုးမဖြစ်အောင် ဆက်ပြီး ဂရုစိုက်ရမှာပဲ။ ဒီကနေ ဘာသိရသလဲ။ ပညတ်က ပြောင်းလဲသွားနိုင်တယ်၊ ပညတ်နောက်ကွယ်က မူကတော့ မပြောင်းလဲဘူး။
ပညတ်က ပြောင်းလဲသွားနိုင်၊ ပညတ်နောက်ကွယ်က မူကတော့ မပြောင်းလဲ (စာပိုဒ် ၅ ကို ကြည့်ပါ)
ကျမ်းစာအခြေခံမူတွေ အရေးပါပုံ
၆။ (က) ကျမ်းစာထဲမှာ ယေဟောဝါ ဘာပြင်ဆင်ပေးထားသလဲ။ (ခ) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လိုနည်းနဲ့ ဂုဏ်တင်သလဲ။
၆ ယေဟောဝါက ကျွန်တော်တို့ကို ချစ်လို့၊ ဒုက္ခမရောက်စေချင်လို့ သတ်သတ်မှတ်မှတ် ပညတ်တွေပေးထားတယ်။ (ယာ. ၂:၁၁) ဒီ့အပြင် ပညတ်တွေပေးရတဲ့ အကြောင်းရင်းကို နားလည်အောင်လည်း ကူညီပေးတယ်။ ဒါပေမဲ့ ယေဟောဝါက ဘဝကဏ္ဍတိုင်းအတွက်တော့ ပညတ်တွေ မပေးထားဘူး။ ပညတ် ပေးမထားတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကျမ်းစာမူတွေ ပေးထားတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ကို ယေဟောဝါ ဂုဏ်တင်တယ်။ လွတ်လပ်စွာရွေးချယ်ခွင့်ကို သုံးပြီး ဘုရားနဲ့ ဘုရားစံနှုန်းတွေကို ချစ်ကြောင်း ဖော်ပြခွင့်ပေးတယ်။—ဂလ. ၅:၁၃။
၇။ ကျမ်းစာမူတွေ ကူညီပေးပုံကို ဘယ်လို ဥပမာပေးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၇ ကျမ်းစာမူတွေ ကူညီပေးပုံကို အဝေးပြေးလမ်းမပေါ်က သတိပေးဆိုင်းဘုတ်တွေနဲ့ ဥပမာပေးနိုင်တယ်။ ဆိုင်းဘုတ်အတော်များများက ယာဉ်မောင်းနေရင်း လိုက်နာရမယ့် စည်းမျဉ်းတွေကို သိစေတယ်။ ဥပမာ၊ ဘယ်လောက်အမြန်နှုန်းနဲ့ မောင်းရမလဲ၊ ဘယ်အချိန်မှာ ရပ်ရမလဲဆိုတဲ့ ဆိုင်းဘုတ်တွေ ဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို မလိုက်နာရင် ဒဏ်ငွေတပ်ခံရမယ်။ တချို့ဆိုင်းဘုတ်တွေကတော့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိပေးတယ်။ ဥပမာ၊ ‘ရှေ့တွင် လမ်းချော်သည်၊’ ‘ရထားလမ်းကူးရှိသည်’ လိုမျိုး ဆိုင်းဘုတ်တွေပါ။ ဒီဆိုင်းဘုတ်တွေကို ကြည့်ပြီး အတွေ့အကြုံရှိတဲ့ ယာဉ်မောင်းသူက အခြေအနေအပေါ်မူတည်ပြီး ချင့်ချိန်နိုင်တယ်။ မိုးရွာနေမယ်၊ မြူဆိုင်းနေမယ်ဆိုရင် အရှိန်လျှော့မောင်းတာမျိုး လုပ်နိုင်တယ်။ အလားတူပါပဲ၊ ခရစ်ယာန်တစ်ယောက်ဟာ ကျမ်းစာမှာ သတ်သတ်မှတ်မှတ် တားမြစ်ထားတာတွေကို လုပ်မှာမဟုတ်သလို ဘုရားပညတ်တွေ ချိုးဖောက်မိသွားစေနိုင်တဲ့ အတွေးနဲ့ လုပ်ရပ်တွေကိုလည်း သတိထားရှောင်ကြဉ်မှာဖြစ်တယ်။ ကိုယ့်ဘက်က ချင့်ချိန်နိုင်စွမ်းရှိဖို့တော့ လိုတယ်။
သတိပေးဆိုင်းဘုတ်တွေက ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ယာဉ်မောင်းသူ သတိပြုမိအောင် ကူညီပေး။ ကျမ်းစာမူတွေလည်း အလားတူ ကူညီပေးနိုင် (စာပိုဒ် ၇ ကို ကြည့်ပါ)
၈။ ရောမ ၁၂:၁၊ ၂ အရ ကျမ်းစာမူတွေကို ရှာဖွေတာက ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုသလဲ။
၈ ကိစ္စရပ်တိုင်းအတွက် ပညတ်မထုတ်ဘဲ မူတွေကို ယေဟောဝါ ပေးထားတဲ့အကြောင်းရင်းက ဘာလဲ။ ကျွန်တော်တို့ အကျိုးအတွက်ပါ။ ယေဟောဝါတွေးသလို တွေးတတ်လာအောင် လေ့ကျင့်ပေးရာရောက်တယ်။ ဥပမာ၊ ကျမ်းစာဖတ်တဲ့အခါ ကိုယ့်ဘဝမှာ ကျင့်သုံးနိုင်မယ့် သင်ခန်းစာတွေ ရှာဖွေတတ်လာမယ်။ ဒီသင်ခန်းစာတွေကို ကျမ်းစာမှာ ဘာကြောင့် ဖော်ပြပေးထားတာဖြစ်မလဲ၊ လက်တွေ့ဘဝမှာ ဘယ်လိုကျင့်သုံးနိုင်မလဲ စဉ်းစားတတ်လာမယ်။ ဒီလိုနည်းနဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးပြီး ယေဟောဝါကို ဝတ်ပြုတတ်လာမယ်။ “ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ်ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်းသိ” လာမယ်။—ရောမ ၁၂:၁၊ ၂ ကို ဖတ်ပါ။a
၉။ ကျမ်းစာမူတွေအတိုင်း အသက်ရှင်တာက နောက်ထပ် ဘာအကျိုးရစေသလဲ။ (ဟီဘရူး ၅:၁၃၊ ၁၄)
၉ ကျမ်းစာမူတွေအတိုင်း အသက်ရှင်တာက ရင့်ကျက်တဲ့ ခရစ်ယာန်တွေဖြစ်စေတယ်။ ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်တဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ (ဟီဘရူး ၅:၁၃၊ ၁၄ ကို ဖတ်ပါ။) ကလေးငယ်တွေဆိုရင် အသေးစိတ်ကအစ စည်းမျဉ်းထုတ်ပေးဖို့ လိုတယ်။ ဒါမှ အခြေအနေအမျိုးမျိုးမှာ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာ သူတို့လေးတွေ သိမှာ။ ဒဏ်ပေးခံရမှာ ကြောက်လို့ မိဘတွေထုတ်တဲ့ စည်းမျဉ်းတွေကို ကလေးတွေ နာခံတာလည်း ရှိနိုင်တယ်။ ယေဟောဝါကတော့ ကျွန်တော်တို့ကို ကလေးတွေလို မဟုတ်ဘဲ ရင့်ကျက်တဲ့သူတွေလို ဆက်ဆံတယ်။ မိမိအလိုတော်နဲ့ ညီတဲ့ ဆုံးဖြတ်ချက်တွေချမယ်ဆိုတာ စိတ်ချတယ်။ အဲဒီလို ဆုံးဖြတ်ချက်ချတာကို မြင်တဲ့အခါ စိတ်တော်ရွှင်လန်းတယ်။—ဆာ. ၁၄၇:၁၁။ ပညာ. ၂၃:၁၅၊ ၂၆။ ၂၇:၁၁။
ကျမ်းစာမူတွေကို ဘယ်လိုရှာတွေ့နိုင်မလဲ
၁၀။ ကျမ်းစာမူတွေကို ဘယ်လိုရှာတွေ့နိုင်မလဲ။
၁၀ ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါရဲ့အတွေး၊ ခံစားချက်တွေကို သိအောင်လုပ်ပါ။ ပညတ်ပေးရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုသိရင် ကျမ်းစာမူတွေကို ရှာတွေ့နိုင်တယ်။ ဒီအကြောင်းရင်းတွေကို ပိုနားလည်လာလေ ယေဟောဝါရဲ့ စဉ်းစားပုံကို ပိုနားလည်လာမယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စဉ်းစားပုံကို နားလည်အောင် ကူညီပေးဖို့ ဆုတောင်းရမယ်။ ထဲထဲဝင်ဝင် စဉ်းစားဆင်ခြင်တတ်အောင် လေ့ကျင့်ရမယ်။ (ပညာ. ၂:၁၀-၁၂) ကိုယ့်ကိုယ်ကိုယ် ဒီလို မေးနိုင်တယ်– ‘ဒီပညတ်ကို ဘုရား ဘာကြောင့်ပေးတာလဲ။ ဒီအကျင့်ကို ဘုရားမနှစ်သက်ရင် ဒါနဲ့ဆင်တူတဲ့ တခြားအကျင့်တွေနဲ့ ပတ်သက်ပြီးကော ဘုရား ဘယ်လိုခံစားရမလဲ။ ဒီကျမ်းမှတ်တမ်းကနေ ဘာသင်ခန်းစာတွေရသလဲ။ ငါ့ဘဝမှာ ဘယ်လို ကျင့်သုံးနိုင်မလဲ။’ ကျမ်းစာမှတ်တမ်းတွေကရတဲ့ သင်ခန်းစာတွေ၊ ပညတ် နောက်ကွယ်က အကြောင်းရင်းတွေကို သိသွားရင် ယေဟောဝါရဲ့ အလိုတော်နဲ့ညီတဲ့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ပါလိမ့်မယ်။
၁၁။ ကျမ်းစာမူတွေ ရှာတွေ့နိုင်ပုံအကြောင်း တောင်ပေါ်တရားတော်မှာ ယေရှု ဘယ်လို သင်ပေးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၁ ကျမ်းစာမူတွေ ရှာတွေ့နိုင်ပုံကို တောင်ပေါ်တရားတော်မှာ ယေရှု သင်ပေးတယ်။ ဥပမာသုံးခု ကြည့်ရအောင်။ တစ်ခုချင်းစီမှာ ပညတ်အကြောင်း ယေရှု အရင်ဆုံး ပြောတယ်။ ပြီးတဲ့နောက် ပညတ်ပေးရတဲ့အကြောင်းရင်း တစ်နည်းအားဖြင့် မူကို ပြောတယ်။ ယေရှုသင်ပေးခဲ့တာတွေကို တွေးတောဆင်ခြင်ရင် အဲဒီကျမ်းစာမူတွေကို အသက်တာမှာ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်မလဲ၊ ဘာအကျိုးကျေးဇူးတွေရမလဲဆိုတာ သိလာမယ်။
ပညတ်ပေးရတဲ့ အကြောင်းရင်း၊ ကျမ်းစာမူတွေ ရှာတွေ့နိုင်ပုံကို တောင်ပေါ်တရားတော်မှာ ယေရှု သင်ပေး (စာပိုဒ် ၁၁ ကို ကြည့်ပါ)
၁၂။ မဿဲ ၅:၂၁၊ ၂၂ ပါ ပညတ်နောက်ကွယ်က ကျမ်းစာမူတစ်ခုက ဘာလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၂ မဿဲ ၅:၂၁၊ ၂၂ ကို ဖတ်ပါ။ “လူ့အသက် မသတ်နဲ့။” ဒီပညတ်နောက်ကွယ်က ကျမ်းစာမူက ဘာဖြစ်မလဲ။ ယေဟောဝါက ကျွန်တော်တို့ကို မုန်းတီးတဲ့စိတ် မထားစေချင်ဘူး။ တခြားသူတွေကို အပြော၊ လုပ်ရပ်နဲ့သာမက စိတ်ထဲမှာတောင် မမုန်းစေချင်ဘူး။ လူ့အသတ် မသတ်ရင်တောင် ညီအစ်ကိုကို မုန်းတီးနေမယ်ဆိုရင် ဒီပညတ်နောက်ကွယ်က မူကို ချိုးဖောက်ရာရောက်တယ်။ “ကိုယ့်ညီအစ်ကိုကို အမျက်မပြေနိုင်သူ၊” “မကြားဝံ့မနာသာ ကဲ့ရဲ့သူဟာ” ‘အမှုရင်ဆိုင်ရလိမ့်မယ်။’ တကယ်တော့ ဒီသဘောထားဆိုးတွေကြောင့်ပဲ လူသတ်မှု ကျူးလွန်မိကြတာ။—၁ ယော. ၃:၁၅။
၁၃။ မဿဲ ၅:၂၁၊ ၂၂ မှာပါတဲ့ ကျမ်းစာမူကို ဘဝအသက်တာမှာ ဘယ်လို ကျင့်သုံးနိုင်မလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၃ မဿဲ ၅:၂၁၊ ၂၂ မှာပါတဲ့ ကျမ်းစာမူကို ဘယ်လို ကျင့်သုံးနိုင်သလဲ။ တစ်ယောက်ယောက်ကို နာကြည်းနေတာမျိုး၊ အငြိုးထားတာမျိုး မလုပ်သင့်ဘူး။ (ဝတ်. ၁၉:၁၈။ ယောဘ ၃၆:၁၃) ဘာကြောင့်လဲ။ တစ်ဖက်သားအပေါ် မုန်းတီးစိတ်ဝင်လာပြီး ကြမ်းကြမ်းတမ်းတမ်း ပြုမူပြောဆိုမိနိုင်လို့ပါ။ (ပညာ. ၁၀:၁၂) အတင်းအဖျင်းနဲ့ အသရေဖျက်တဲ့ စကားတွေပြောမိပြီး တခြားသူကို နာမည်ပျက်စေနိုင်တယ်။ (ပညာ. ၂၀:၁၉။ ၂၅:၂၃) လူမှုမီဒီယာ၊ အင်တာနက်တွေ မပေါ်ခင်ကတည်းက ဒီကျမ်းစာမူကို ယေရှုပေးခဲ့တာ။ ဒါပေမဲ့ ဒီကျမ်းစာမူကို လိုက်နာရင် လူမှုမီဒီယာမှာ၊ အင်တာနက်မှာ တခြားသူတွေထိခိုက်စေတာမျိုး တင်မိမှာ၊ ပြောမိမှာ မဟုတ်ဘူး။ တကယ်တော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို နာမည်ပျက်စေနိုင်တဲ့ အမုန်းစကားတွေကို ရှောင်သင့်ပါတယ်။
(စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)
၁၄။ မဿဲ ၅:၂၇၊ ၂၈ ပါ ပညတ်နောက်ကွယ်က ကျမ်းစာမူက ဘာလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၄ မဿဲ ၅:၂၇၊ ၂၈ ကို ဖတ်ပါ။ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့။” ဒီပညတ်နောက်ကွယ်က ကျမ်းစာမူက ဘာဖြစ်မလဲ။ ယေဟောဝါက လိင်အကျင့်ယိုယွင်းမှုကို သာမက လိင်အကျင့်ယိုယွင်းစေတဲ့ အတွေးတွေကိုလည်း မုန်းတယ်။ အိမ်ထောင်သည်အမျိုးသားတစ်ယောက်က ကိုယ့်ဇနီးကို မဟုတ်ဘဲ တခြားအမျိုးသမီးတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာက အဲဒီအမျိုးသမီးကို စိတ်နဲ့ ပြစ်မှားတာပဲလို့ ယေရှု ရှင်းပြတယ်။ ဒါကြောင့် ညစ်ညမ်းတဲ့ အတွေးတွေကို ထုတ်ပစ်ဖို့ လိုတယ်။ ခက်ခဲရင်တောင် ချက်ချင်း ထုတ်ပစ်ရမယ်။ (မ. ၅:၂၉၊ ၃၀) ဒီမူက တစ်ကိုယ်ရေ ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်တယ်။
၁၅။ မဿဲ ၅:၂၇၊ ၂၈ မှာပါတဲ့ ကျမ်းစာမူကို ဘဝအသက်တာမှာ ဘယ်လို ကျင့်သုံးနိုင်မလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၅ မဿဲ ၅:၂၇၊ ၂၈ မှာပါတဲ့ ကျမ်းစာမူကို ဘယ်လို ကျင့်သုံးနိုင်သလဲ။ ညစ်ညမ်းတဲ့အတွေးတွေနဲ့ မသာယာမိဖို့ သတိထားရမယ်။ (၂ ရှ. ၁၁:၂-၄။ ယောဘ ၃၁:၁-၃) ဒါကြောင့် ယေဟောဝါရဲ့ကျေးကျွန်တွေက ညစ်ညမ်းရုပ်ပုံဗီဒီယိုမှန်သမျှ ရှောင်ကြတာ။ ကြည့်ရုံသက်သက်က ဘာမှမမှားပါဘူးလို့ မတွေးကြဘူး။ တချို့ညစ်ညမ်းရုပ်ပုံဗီဒီယိုတွေက အန္တရာယ်မရှိပါဘူးလို့ ရှုမြင်ကြတဲ့ လောကကလူတွေလို မဖြစ်ချင်ကြဘူး။ ယေရှုအချိန်တုန်းက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ မရှိဘူး။ ဒါပေမဲ့ ယေရှု သင်ပေးတဲ့ ကျမ်းစာမူကနေ ညစ်ညမ်းရုပ်ပုံဗီဒီယိုတွေကို ဘုရားဘယ်လိုရှုမြင်ကြောင်း သိရတယ်။ ဖုန်းကနေတစ်ဆင့် ညစ်ညမ်းတဲ့စာတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို အပြန်အလှန်ပို့တာ၊ ကြည့်တာ၊ ပြောတာကို ဘုရားမနှစ်သက်ဘူးဆိုတာလည်း နားလည်စေတယ်။ ဒီကျမ်းစာမူကို အလေးထားသူဟာ အိမ်ထောင်ဖက်ကို သစ္စာဖောက်မှာ မဟုတ်ဘူး။ (မာလ. ၂:၁၅) ဒီကျမ်းစာမူက တစ်ကိုယ်ရေဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်ဖြစ် ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်ပါတယ်။—ပညာ. ၅:၃-၁၄။
(စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)
၁၆။ မဿဲ ၅:၄၃၊ ၄၄ ပါ ပညတ်နောက်ကွယ်က ကျမ်းစာမူက ဘာဖြစ်မလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၆ မဿဲ ၅:၄၃၊ ၄၄ ကို ဖတ်ပါ။ “လူလူချင်းကို ချစ်ပါ။” ဒီပညတ်နောက်ကွယ်က ကျမ်းစာမူက ဘာဖြစ်မလဲ။ ယေဟောဝါက လူတိုင်းကို မေတ္တာထားစေချင်တယ်။ ဝမ်းနည်းစရာက ယေရှုခေတ်က ဂျူးတွေဟာ ရန်သူတွေကိုတော့ မုန်းလို့ရတယ်ဆိုပြီး ဒီပညတ်ကို တလွဲယူဆခဲ့ကြတယ်။ ယေရှုကတော့ ပညတ်နောက်ကွယ်က အကြောင်းရင်းမှန်ကို သိတယ်။ ယဉ်ကျေးမှုနောက်ခံ ကွဲပြားရင်တောင် လူတိုင်းကို ချစ်ဖို့ ကောင်းကင်ဘုံစံအဖ အလိုရှိမှန်း ယေရှုသိတယ်။—မ. ၅:၄၅-၄၈။
၁၇။ မဿဲ ၅:၄၃၊ ၄၄ မှာပါတဲ့ ကျမ်းစာမူကို ဘဝအသက်တာမှာ ဘယ်လို ကျင့်သုံးနိုင်မလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၇ မဿဲ ၅:၄၃၊ ၄၄ မှာပါတဲ့ ကျမ်းစာမူကို ဘယ်လို ကျင့်သုံးနိုင်သလဲ။ လူလူချင်းကို ချစ်လို့ စစ်မက်ပဋိပက္ခတွေမှာ ကျွန်တော်တို့ မပါဝင်ကြဘူး။ (ဟေရှာ. ၂:၄။ မိ. ၄:၃) ဘယ်လူမျိုး၊ ဘယ်ဘာသာရေးနောက်ခံကပဲဖြစ်ပါစေ ကျွန်တော်တို့ ကြင်ကြင်နာနာ ဆက်ဆံကြတယ်။ (တ. ၁၀:၃၄၊ ၃၅) ကိုယ်နဲ့ ကိုယ်ချစ်ရသူတွေကို ထိခိုက်နစ်နာအောင် လုပ်သူတွေကိုတောင် ခွင့်လွှတ်ပေးကြတယ်။—မ. ၁၈:၂၁၊ ၂၂။ မာ. ၁၁:၂၅။ လု. ၁၇:၃၊ ၄။
(စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)
ကျမ်းစာမူအတိုင်း ဆက်အသက်ရှင်ဖို့ ဆုံးဖြတ်ထားပါ
၁၈။ (က) ကျမ်းစာမူအတိုင်း ဘာကြောင့် ဆက်အသက်ရှင်သင့်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၁၈ ကျွန်တော်တို့ကို ကလေးငယ်တွေလို မဟုတ်ဘဲ ရင့်ကျက်တဲ့သူတွေလို ယေဟောဝါ ဆက်ဆံပေးလို့ ကျေးဇူးတင်စရာပါပဲ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကျမ်းစာမူတွေ ပေးထားတယ်။ အဲဒီမူတွေကို အသက်တာမှာ ကျင့်သုံးစေချင်တယ်။ (၁ ကော. ၁၄:၂၀) ဒါကြောင့် ဆုံးဖြတ်ချက်တွေချတဲ့အခါ “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲကြိုးစားပါ။” (ဧ. ၅:၁၇) ပြစ်ဒဏ်ပေးခံရမှာ ကြောက်လို့မဟုတ်ဘဲ ယေဟောဝါကို ချစ်တဲ့စိတ်ကြောင့် ဘုရားအလိုတော်နဲ့ ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်မယ့် နောက်ထပ် ဆုလက်ဆောင်တစ်ခုကတော့ အမှားအမှန်သိစိတ်ပါ။ ဒါကို နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
သီချင်း ၉၅ လင်းသည်ထက်လင်းလာ
a ခရစ်ယာန်တွေဟာ ကျမ်းစာမူတွေကို အသေအချာ ဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ ဆုံးဖြတ်ချက်ကောင်းချနိုင်ဖို့ ကျမ်းစာမူတစ်ခုနဲ့ တစ်ခု ဘယ်လိုဆက်စပ်နေသလဲ နားလည်ရမယ်။ နားလည်ဖို့ဆိုရင် ပိုင်းခြားသိမြင်နိုင်စွမ်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကို သုံးရမယ်။ ဒါမှ ဘုရားနှစ်သက်တဲ့၊ ကောင်းချီးခံစားရစေတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။ ပထမရာစုမှာ ခရစ်ယာန်ဖြစ်လာတဲ့ ဂျူးတော်တော်များများ ဒီအတိုင်း လုပ်ခဲ့ကြရတယ်။ ခရစ်ယာန်မဖြစ်ခင်တုန်းက သူတို့ဟာ ဘာသာရေးခေါင်းဆောင်တွေ ထုတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း နေထိုင်ခဲ့ကြရလို့ပါ။