ဇူလိုင် ၁၃-၁၉၊ ၂၀၂၆
သီချင်း ၁၂၇ ဘယ်လိုလူစားမျိုး ဖြစ်သင့်
ကျမ်းစာမူတွေသုံးပြီး အမှားအမှန်သိစိတ်ကို လေ့ကျင့်ပါ
“လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရမှာဖြစ်လို့ပဲ။”—ဂလ. ၆:၅။
အာရုံစိုက်ရာ
အမှားအမှန်သိစိတ် မှန်မှန်ကန်ကန် လမ်းညွှန်ပေးနိုင်ဖို့ ကျမ်းစာမူတွေသုံးပြီး ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။
၁-၂။ (က) အာဒံနဲ့ ဧဝကို ယေဟောဝါ ဘာဆုလက်ဆောင်ပေးထားသလဲ။ (ခ) ဘုရားပေးဆုလက်ဆောင်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း သူတို့ ဘယ်လိုပြခဲ့သင့်သလဲ။
တိရစ္ဆာန်တွေက တွေးတောဆင်ခြင်တာမရှိဘဲ ပင်ကိုသိစိတ်အတိုင်း အသက်ရှင်လှုပ်ရှားကြတယ်။ စက်တွေကလည်း ထည့်သွင်းထားတဲ့ ပရိုဂရမ်အတိုင်းပဲ အလုပ်လုပ်တယ်။ လူတွေကတော့ ထူးခြားတယ်။ သိပ်ကို အဖိုးတန်တဲ့ ဆုလက်ဆောင်တစ်ခု ထည့်သွင်းဖန်ဆင်းခံထားရတယ်။ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် ရှိတာပါ။ ပထမဆုံးလူသား အာဒံဟာ ဘုရားရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံရတယ်လို့ ကျမ်းစာဆိုတယ်။ (က. ၁:၂၆၊ ၂၇) အသိဉာဏ်ရှိသူတွေဖြစ်တဲ့ အာဒံနဲ့ ဧဝမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိကြတယ်။
၂ ယေဟောဝါက အာဒံနဲ့ ဧဝကို လိုက်နာရမယ့် ပညတ်တွေ တစ်သီတစ်တန်းကြီး ပေးမထားဘူး။ ကမ္ဘာမြေကို သားသမီးတွေနဲ့ ပြည့်စေပြီး အုပ်ထိန်းဖို့၊ လူတွေ ဘာလုပ်ခွင့်ရှိတယ်၊ ဘာလုပ်ခွင့်မရှိဘူးဆိုတဲ့ မိမိရဲ့သတ်မှတ်ပေးပိုင်ခွင့်ကို လေးစားဖို့ပဲ တောင်းဆိုတယ်။ (က. ၁:၂၈။ ၂:၁၆၊ ၁၇) ဒီလောက်လွယ်ကူတဲ့ မိန့်မှာချက်ကို အာဒံနဲ့ ဧဝ လိုလိုလားလား နာခံခဲ့သင့်တယ်။ ဒီနည်းနဲ့ ယေဟောဝါကို ချစ်ကြောင်း၊ ပျော်ရွှင်စေချင်ကြောင်း၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အပါအဝင် ပေးထားသမျှအတွက် ကျေးဇူးတင်ကြောင်း ပြခဲ့သင့်တယ်။—ပညာ. ၂၃:၁၅။
၃။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အာဒံနဲ့ ဧဝ ဘယ်လို သုံးခဲ့ကြသလဲ။
၃ အာဒံနဲ့ ဧဝက သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပညာရှိရှိ အသုံးမချခဲ့မှန်း ကျမ်းစာကနေ သိရတယ်။ ယေဟောဝါရဲ့ စကားကို နားမထောင်ခဲ့ကြဘူး။ ယေဟောဝါကို ချစ်တဲ့စိတ်၊ ကျေးဇူးတင်လေးမြတ်စိတ်နဲ့ မဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ဆုံးဖြတ်ခဲ့ကြတယ်။ (က. ၃:၁-၇) သူတို့ရဲ့ လုပ်ရပ်ကြောင့် ဒီနေ့အချိန်အထိ လူသားအားလုံး ဒုက္ခကြုံနေကြတယ်။—ရော. ၅:၁၂။
၄။ (က) ဂလာတိ ၆:၅ အရ ကျွန်တော်တို့အားလုံး ဘာလုပ်ရမလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်ဆုလက်ဆောင်အကြောင်း ဆွေးနွေးကြမလဲ။
၄ ဒီနေ့ခေတ်မှာ လူတွေရဲ့ဘဝ ပိုပြီးရှုပ်ထွေးလာတယ်။ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်ကြီးငယ် ချနေရတယ်။ (ဂလာတိ ၆:၅ ကို ဖတ်ပါ။) တချို့ဆုံးဖြတ်ချက်တွေကတော့ လွယ်ကူပေမဲ့ တချို့ကတော့ ထင်သလောက် မလွယ်ဘူး။ ဒါဆို ဘုရားနှစ်သက်မှုရစေတဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမလဲ။ ယေဟောဝါရဲ့ အကူအညီလိုတယ်ဆိုတာ အရင်ဆုံး အသိအမှတ်ပြုရမယ်။ (ပညာ. ၁၆:၃။ ယေ. ၁၀:၂၃) စုံလင်တဲ့ ယေရှုတောင် ယေဟောဝါရဲ့ အကူအညီလိုအပ်တယ်ဆိုရင် မစုံလင်တဲ့ ကျွန်တော်တို့လူသားတွေဟာ ယေဟောဝါရဲ့ လမ်းပြမှု ပိုလို့တောင် လိုအပ်တယ်။ (ဟီ. ၅:၇) မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကူညီပေးတဲ့ နောက်ထပ် ဆုလက်ဆောင်တစ်ခုအကြောင်း ဆွေးနွေးရအောင်။ ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ပါ။
အမှားအမှန်သိစိတ်ဆိုတာ ဘာလဲ
၅။ (က) အမှားအမှန်သိစိတ်ဆိုတာ ဘာလဲ။ (ခ) အမှားအမှန်သိစိတ်က ဘယ်လို အထောက်အကူပြုသလဲ။ (ရောမ ၂:၁၄၊ ၁၅)
၅ အမှားအမှန်သိစိတ်ဆိုတာ ကိုယ်တွင်းမှာရှိတဲ့ အမှားနဲ့ အမှန် ခွဲခြားသိမြင်နိုင်တဲ့စိတ်ကို ဆိုလိုတယ်။ ဘုရားပညတ်တွေကို လုံးဝမသိသူတွေမှာတောင် အမှားအမှန်သိစိတ် ရှိတယ်။ (၂ ကော. ၄:၂) ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ လုပ်ရပ်တွေ မှားသလား၊ မှန်သလား အကဲဖြတ်ပေးတယ်။ (ရောမ ၂:၁၄၊ ၁၅ ကို ဖတ်ပါ။) မှားတယ်လို့ သိထားတာကို ရှောင်ဖို့ သတိပေးတယ်။ (၁ ရှ. ၂၆:၈-၁၁) မှန်တယ်လို့ သိထားတာကို လုပ်ဖို့ တွန်းအားပေးတယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရုံသက်သက်နဲ့ ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ မဟုတ်ဘူး။ အမှားအမှန်သိစိတ်ရှိဖို့လည်း လိုအပ်တယ်။ ဒါမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လား၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လားဆိုတာ ခွဲခြားသိနိုင်မှာ။
၆။ အမှားအမှန်သိစိတ်နဲ့ပတ်သက်ပြီး ဘာသတိထားရမလဲ။
၆ အမှားအမှန်သိစိတ်နဲ့ပတ်သက်ပြီး သတိထားရမှာတော့ရှိတယ်။ ကျွန်တော်တို့ မစုံလင်သလို အမှားအမှန်သိစိတ်ကလည်း အမြဲမမှန်နိုင်ဘူး။ ကိုယ့်ရဲ့ ကြီးပြင်းလာပုံ၊ ဓလေ့ထုံးစံ၊ အပြစ်ရှိတဲ့ ဆန္ဒရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရနိုင်တယ်။ အမှားအမှန်သိစိတ်ဟာ “အားနည်း၊” “ညစ်ညူး၊” “ဆိုးညစ်၊” “သံပူခတ်ခံရသလို ထုံထိုင်း” လာနိုင်ကြောင်း ကျမ်းစာကနေ သိရတယ်။ (၁ ကော. ၈:၁၂။ တိ. ၁:၁၅။ ဟီ. ၁၀:၂၂။ ၁ တိ. ၄:၂) အဲဒီလိုဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်အောင် မကူညီပေးနိုင်တော့ဘူး။ ပျက်နေတဲ့ ချိန်ခွင်နဲ့ တူနေမယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို ပြုပြင်ထိန်းသိမ်းပေးနေဖို့ လိုအပ်တယ်။ (၁ ပေ. ၃:၁၆) ဘယ်လို ထိန်းသိမ်းနိုင်သလဲ။
အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးပါ
၇-၈။ (က) အမှားအမှန်သိစိတ်ကို ဘယ်လို လေ့ကျင့်နိုင်သလဲ။ (ခ) လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်က ဘာအထောက်အကူပြုသလဲ။ ဥပမာပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၇ အမှားအမှန်သိစိတ်ကို ဘယ်လိုလေ့ကျင့်နိုင်မလဲ။ ကျမ်းစာကို ပုံမှန် လေ့လာပြီး ယေဟောဝါအမြင်မှာ ဘယ်ဟာမှားတယ်၊ မှန်တယ်ဆိုတာကို သိအောင်လုပ်ခြင်းအားဖြင့်ပါ။ ပညတ်တွေကို လေ့လာတာက ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို သိစေတယ်။ ဒါပေမဲ့ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ကျမ်းစာပညတ်တွေက အကန့်အသတ်ရှိတယ်။ ဒါကြောင့် ကျမ်းစာလေ့လာတဲ့အခါ မူတွေကို သိအောင်လုပ်ရမယ်။ ဒါက ယေဟောဝါရဲ့အတွေးနဲ့ ခံစားချက်တွေကို နက်နက်ရှိုင်းရှိုင်းနားလည်စေတယ်။—ဟေရှာ. ၅၅:၉။
၈ ကျွန်တော်တို့ဘဝအသက်တာကို လမ်းညွှန်ဆိုင်းဘုတ်တွေလည်းမရှိ၊ လမ်းတွေလည်းမရှိတဲ့ ကန္တာရထဲ ခရီးသွားတာနဲ့ နှိုင်းယှဉ်နိုင်တယ်။ နေ ဒါမှမဟုတ် ကြယ်တွေကို ကြည့်ပြီး ဘယ်ဘက်ကိုသွားရမလဲဆိုတာ သိကောင်းသိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တောင် ဒါမှမဟုတ် မြစ်တို့လို အမှတ်အသားတွေပါတဲ့ မြေပုံရှိမယ်ဆိုရင်တော့ ကိုယ်သွားနေတဲ့ လမ်းကြောင်း မှန်သလား၊ လွဲနေသလားဆိုတာ သိဖို့ အထောက်အကူပြုမယ်။ ကျွန်တော်တို့ရဲ့ ဘဝပန်းတိုင်က ယေဟောဝါရဲ့ စိတ်တော်ကို ရွှင်လန်းစေဖို့ပါ။ ကျမ်းစာက ပန်းတိုင်ရောက်ဖို့ လမ်းညွှန်ပေးနိုင်တဲ့ မြေပုံတစ်ခုနဲ့တူတယ်။ ကျမ်းစာမူတွေကတော့ မြေပုံထဲက ထင်ရှားတဲ့ အမှတ်အသားတွေနဲ့ တူတယ်။ အဲဒီမူတွေအတိုင်း အသက်ရှင်တာက လိုရာခရီးရောက်စေတယ်။
ကျမ်းစာမူတွေဟာ မြေပုံထဲက ထင်ရှားတဲ့ အမှတ်အသားတွေနဲ့ တူ။ အဲဒီမူတွေအတိုင်း အသက်ရှင်တာက လိုရာခရီးရောက်စေ (စာပိုဒ် ၈ ကို ကြည့်ပါ)
၉။ အမှားအမှန်သိစိတ်ကို လေ့ကျင့်ရာမှာ ဘာက ကူညီပေးသလဲ။ (ရောမ ၉:၁)
၉ အမှားအမှန်သိစိတ်ကို ကောင်းကောင်းလေ့ကျင့်ပေးနိုင်ဖို့ဆိုရင် သန့်ရှင်းသောစွမ်းအားတော် မရှိမဖြစ် လိုအပ်တယ်။ (ရောမ ၉:၁ ကို ဖတ်ပါ။) စွမ်းအားတော်က ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို သိစေတယ်။ ဘုရားရဲ့အလိုတော်နဲ့အညီ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ (ဖိ. ၂:၁၃) ဒါဆို စွမ်းအားတော်ရဲ့ အကူအညီ ဘယ်လိုရနိုင်သလဲ။
၁၀။ စွမ်းအားတော်ရဲ့ အကူအညီရဖို့ ဘာလုပ်နိုင်သလဲ။ (လုကာ ၁၁:၁၀၊ ၁၃)
၁၀ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပါ။ (လုကာ ၁၁:၁၀၊ ၁၃ ကို ဖတ်ပါ။) ယေဟောဝါဘုရားသခင်က သန့်ရှင်းသော စွမ်းအားတော်ကို မတွန့်တိုဘဲ ပေးသနားတယ်။ (ယော. ၃:၃၄) စွမ်းအားတော်ရဲ့ လမ်းပြမှုနဲ့အညီ နေထိုင်အသက်ရှင်တဲ့သူတွေကို စွမ်းအားတော် ရက်ရက်ရောရောပေးတယ်။ (ပညာ. ၁:၂၃။ ယာ. ၁:၅) အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရာမှာ နောက်ထပ် ဘယ်ကနေ အကူအညီရနိုင်မလဲ။
၁၁။ (က) ဘဝရဲ့ အဓိကပန်းတိုင်က ဘာဖြစ်သင့်သလဲ။ (ခ) အမှားအမှန်သိစိတ်ကို ကောင်းကောင်းလေ့ကျင့်ထားဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၁ ယေဟောဝါရဲ့ မျက်နှာသာကို အမြဲရှာပါ။ (ပညာ. ၈:၃၄၊ ၃၅) ဒါက ကျွန်တော်တို့ဘဝရဲ့ အဓိကပန်းတိုင် ဖြစ်သင့်ပါတယ်။ အဲဒီပန်းတိုင်ရောက်ဖို့ အမှားအမှန်သိစိတ်က ကူညီပေးနိုင်တယ်။ အမှားအမှန်သိစိတ်ကို ကောင်းကောင်းလေ့ကျင့်ပေးထားမယ်ဆိုရင် ယေဟောဝါ တွေးသလို တွေးတတ်မယ်၊ ယေဟောဝါရဲ့ ခံစားချက်တွေကို ထည့်စဉ်းစားတတ်လာမယ်။ ရှုပ်ထွေးပွေလီနေတဲ့ကာလမှာ အသက်ရှင်နေရလို့ ကောင်းကောင်းလေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ရှိဖို့ အရေးကြီးတယ်။ ကျမ်းစာမှာ သတ်သတ်မှတ်မှတ် မဖော်ပြထားတဲ့ ကိစ္စတွေအတွက် ကျွန်တော်တို့ မကြာခဏ ဆုံးဖြတ်ချက်ချကြရတယ်။ ဥပမာ၊ အပန်းဖြေမှု၊ အလုပ်၊ ပညာရေး၊ အပေါင်းအသင်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေပါ။ ဒါကြောင့် ဒီကိစ္စတွေမှာ ဘုရားနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေချနေမနေ ဘယ်လိုသိနိုင်မလဲ။—၂ ကော. ၁:၁၂။
၁၂။ အမှားအမှန်သိစိတ် မှန်မှန်ကန်ကန် အလုပ်လုပ်နေမနေ ဘယ်လို သိနိုင်မလဲ။ (ဧဖက် ၅:၁၀)
၁၂ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ပါ။ (ဆာ. ၄၉:၃) ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို သိမြင်နိုင်ဖို့ ကျမ်းစာမူတွေကို တွေ့အောင်ရှာပါ။ (ဧဖက် ၅:၁၀ ကို ဖတ်ပါ။) အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ ကျမ်းစာမူတွေကို ရှာဖွေပါ။ ဒါဆို ကိုယ့်အမှားအမှန်သိစိတ်က ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကူညီပေးနေမနေ သိလာမယ်။ (ပညာ. ၂:၄-၉၊ ၁၁-၁၃) အဲဒီကျမ်းစာမူတွေက ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို လိုအပ်ရင် တည့်မတ်ပေးနိုင်တယ်။—ဟီ. ၅:၁၄။
၁၃။ ကျွန်တော်တို့ ဘာကို ရှောင်သင့်သလဲ။ ဥပမာပေးပါ။
၁၃ ဆုံးဖြတ်ချက်ချပြီးမှ ကျမ်းစာမူရှာတာမျိုး မလုပ်ပါနဲ့။ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့ ဘီစီ ၆၀၇ တုန်းက ယုဒပြည်မှာ ကျန်ရစ်ခဲ့ကြတဲ့ အစ္စရေးတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ “ကျွန်တော်တို့ လျှောက်သင့်တဲ့လမ်းစဉ်၊ လုပ်သင့်တဲ့အရာကို ယေဟောဝါဘုရား ပြောပြပါစေ” လို့ သူတို့ ယေရမိကို တောင်းဆိုကြတယ်။ (ယေ. ၄၂:၃-၆) ဒါပေမဲ့ ဘာလုပ်မယ်ဆိုတာ သူတို့ ဆုံးဖြတ်ထားပြီးသား။ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို သဘောမကျတဲ့အခါ မနာခံဘဲ မိမိတို့အလိုဆန္ဒအတိုင်း လုပ်ခဲ့ကြတယ်။ ဒါကြောင့် ဘေးဆိုးတွေ ကြုံခဲ့ရတယ်။ (ယေ. ၄၂:၁၉-၂၂။ ၄၃:၁၊ ၂၊ ၄) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အလိုတော်နဲ့အညီ လုပ်ဆောင်နိုင်ဖို့ ဆုံးဖြတ်ချက်မချခင် ကျမ်းစာမူတွေကို အရင်ရှာဖွေသင့်တယ်။
၁၄။ ဆုံးဖြတ်ချက်ချတဲ့အခါ ကျမ်းစာမူတွေကို ဘာကြောင့် အခြေခံသင့်သလဲ။
၁၄ ကျမ်းစာမူတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ချပါ။ (မ. ၇:၂၄-၂၉။ ယာ. ၁:၂၃-၂၅) အဲဒီလိုလုပ်တာက စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူရာကျတယ်။ ဒါမှ ယေဟောဝါလည်း စွမ်းအားတော် ဆက်ပေးသနားမယ်။ (တ. ၅:၃၂) ဒါပေမဲ့ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို လျစ်လျူရှုမယ်ဆိုရင် သန့်ရှင်းသော စွမ်းအားတော်ကို ဆန့်ကျင်ရာကျမယ်၊ “ဝမ်းနည်းအောင်” လုပ်ရာကျမယ်။ (ဧ. ၄:၃၀။ ဟေရှာ. ၆၃:၁၀။ တ. ၇:၅၁) ယေဟောဝါက စွမ်းအားတော်ကို ရုပ်သိမ်းလိုက်တာမျိုးတောင် ဖြစ်နိုင်တယ်။ (ဆာ. ၅၁:၁၁။ ၁ သက်. ၅:၁၉) စွမ်းအားတော်ကပေးတဲ့ စိတ်နှလုံးကြံ့ခိုင်မှုနဲ့ ခွန်အားတွေ မရှိတော့တဲ့အတွက် ဒုက္ခလှလှ တွေ့နိုင်တယ်။—ဧ. ၃:၁၆။
သက်ဆိုင်တဲ့ ကျမ်းစာမူတွေကို ရှာတွေ့နိုင်ပုံ
၁၅-၁၆။ (က) သက်ဆိုင်တဲ့ ကျမ်းစာမူတွေကို ဘယ်လိုရှာတွေ့နိုင်မလဲ။ (ခ) ဆေးလိပ်ဖြတ်ဖို့ ဘယ်ကျမ်းစာမူတွေက သင်သားကို ကူညီပေးနိုင်သလဲ။
၁၅ လေ့လာမှုကိရိယာတွေ အသုံးပြုပါ။ ကျမ်းစာမူတွေကို ကျင့်သုံးနိုင်ဖို့ဆိုရင် သက်ဆိုင်တဲ့ ကျမ်းစာမူတွေကို ရှာတွေ့ဖို့ လိုတယ်။ ဥပမာ၊ ကျမ်းစာသင်သားတစ်ယောက် ဆေးလိပ်ဖြတ်ဖို့ ခက်နေတယ်ဆိုပါစို့။ ‘ဆေးလိပ်မသောက်ရဘူးလို့ ကျမ်းစာကမှ မပြောတာ။ ဆေးလိပ်သောက်တာမှားမှန်း ဘယ်လိုလုပ်သိနိုင်တာလဲ’ လို့ သူစဉ်းစားမိနိုင်တယ်။ သက်ဆိုင်တဲ့ ကျမ်းစာမူတွေ ရှာတွေ့နိုင်အောင် သင် ဘယ်လိုကူညီပေးမလဲ။ သိပ်ကောင်းတဲ့ ကိရိယာတစ်ခုကတော့ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ်ပါ။ အဲဒီစာအုပ်ထဲက “ဆေးရွက်ကြီးနဲ့ ဆေးလိပ်” ဆိုတဲ့ ခေါင်းစဉ်ကို ပြပေးနိုင်တယ်။ ဒီခေါင်းစဉ်အောက်မှာ “ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား” ဆိုတဲ့ ဆောင်းပါးပါတယ်။ (ကင်းမျှော်စင်၊ ဇွန် ၁၊ ၂၀၁၄ ကိုကြည့်ပါ။) ဆောင်းပါးထဲမှာ သက်ဆိုင်တဲ့ ကျမ်းချက်တွေနဲ့ မူတွေကို တွေ့ရပါလိမ့်မယ်။
၁၆ ဆောင်းပါးထဲမှာ ကျမ်းစာမူ ငါးခု တွေ့နိုင်တယ်။ (၁) သေခြင်းကို ဦးတည်စေတဲ့ အပြစ်ရဲ့ ကျွန် မဖြစ်သင့်ဘူး။ (ရော. ၆:၁၆) (၂) ကိုယ်ခန္ဓာကို ညစ်ညူးစေတဲ့အရာရှိသမျှနဲ့ ကင်းစင်နေရမယ်။ (၂ ကော. ၇:၁) (၃) စိတ်နှလုံးအကြွင်းမဲ့နဲ့ ကိုးကွယ်တာမျိုး ယေဟောဝါ ဖြစ်စေချင်တယ်။ (မ. ၂၂:၃၇) (၄) တခြားသူတွေကို ထိခိုက်စေတဲ့အရာတွေ ရှောင်သင့်တယ်။ (မ. ၂၂:၃၉။ ၁ ကော. ၁၀:၂၄) (၅) မှန်ရာလုပ်နိုင်ဖို့ အစွမ်းခွန်အားကို ဘုရားသခင်ပေးနိုင်တယ်။ (ဖိ. ၄:၁၃) ဆေးလိပ်မသောက်ရဘူးလို့ ကျမ်းစာမှာ တိုက်ရိုက်မပြောထားပေမဲ့ ကျမ်းစာမူတွေကို လေ့လာတာက ဆေးလိပ်သောက်ခြင်းနဲ့ဆိုင်တဲ့ ယေဟောဝါအမြင်ကို ကျမ်းစာသင်သား နားလည်စေတယ်။
၁၇။ မင်္ဂလာပွဲ စီစဉ်နေတဲ့ စုံတွဲတွေအနေနဲ့ ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ဖို့ ကျမ်းစာမူတွေကို ဘယ်လိုရှာတွေ့နိုင်မလဲ။
၁၇ မင်္ဂလာပွဲ စီစဉ်နေတဲ့ စုံတွဲတွေအနေနဲ့ ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ဖို့ ကျမ်းစာမူတွေကို ဘယ်လိုရှာတွေ့နိုင်မလဲ။ ကျမ်းစာလေ့လာမှုလမ်းညွှန် မှာ တွေ့နိုင်ပါတယ်။ “လက်ထပ်မင်္ဂလာနဲ့ ဧည့်ခံပွဲများ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ အခြေခံကျမ်းစာမူတွေကို ဖော်ပြထားတဲ့ ဆောင်းပါးတွေကို တွေ့နိုင်တယ်။ မင်္ဂလာပွဲ စီစဉ်နေတဲ့ စုံတွဲကို ကူညီပေးမယ့် ကျမ်းစာမူခြောက်ခုအကြောင်း စဉ်းစားကြည့်ပါ။ (၁) ယေဟောဝါကို ဂုဏ်တင်ရာကျတဲ့ မင်္ဂလာပွဲမျိုး ဖြစ်စေပါ။ (၁ ကော. ၁၀:၃၁၊ ၃၂) (၂) မင်္ဂလာပွဲမှာဝတ်မယ့် အဝတ်အစားဟာ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိ ဖြစ်သင့်တယ်။ (၁ တိ. ၂:၉။ ၁ ပေ. ၃:၃၊ ၄) (၃) ဝါကြွားတာမျိုး မဖြစ်ပါစေနဲ့။ (ယော. ၁၇:၁၄။ ယာ. ၁:၂၇။ ၁ ယော. ၂:၁၅၊ ၁၆) (၄) စနစ်တကျဖြစ်အောင် စီစဉ်ပါ။ (၁ ကော. ၁၄:၄၀) (၅) မင်္ဂလာဧည့်ခံပွဲမှာ သောက်စားမူးယစ်တာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာမျိုး မဖြစ်သင့်ဘူး။ (ဂလ. ၅:၂၁) (၆) မင်္ဂလာပွဲကို ရင့်ကျက်တဲ့ ညီအစ်ကိုတစ်ယောက်က “ပွဲအုပ်” အဖြစ် တာဝန်ယူကြီးကြပ်ပေးသင့်တယ်။—ယော. ၂:၈၊ ၉။
၁၈-၁၉။ (က) အကူအညီရနိုင်တဲ့ နောက်ထပ်ကိရိယာတစ်ခုက ဘာလဲ။ (ခ) ပွဲတစ်ခုခုကို တက်သင့်မသင့် ဆုံးဖြတ်ရာမှာ အဲဒီကိရိယာက ဘယ်လိုကူညီပေးနိုင်သလဲ။ (“ကျမ်းစာမူတွေ ရှာတွေ့ပါသလား” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၈ အကူအညီရနိုင်တဲ့ နောက်ကိရိယာကောင်းတစ်ခုကတော့ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာစောင်ပါ။ ဒီစာစောင်မှာ အကြောင်းအရာတော်တော်များများအတွက် ကျမ်းချက်တွေ စုစည်းဖော်ပြပေးထားတယ်။ အကြောင်းအရာတစ်ခုကို ရွေးလိုက်ပြီဆိုရင် မေးခွန်းတွေ၊ သက်ဆိုင်တဲ့ ကျမ်းချက်တွေကို ဖော်ပြပေးထားတယ်။ ဥပမာ၊ ခရစ်ယာန်တစ်ယောက်က ပွဲတစ်ခုကို တက်သင့်မသင့် ဝေခွဲရခက်နေနိုင်တယ်။ “ပွဲများ” ဆိုတဲ့ ခေါင်းစဉ်အောက်ကိုသွားပြီး “ခရစ်ယာန်တွေ မတက်တဲ့ ပွဲ” ခေါင်းစဉ်ငယ်အောက်မှာ ရှာကြည့်နိုင်တယ်။
၁၉ “မှားယွင်းတဲ့ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ပွဲတွေမှာ ပါတာ ဘာကြောင့် မှားသလဲ (၁က ၁၀:၂၁။ ၂က ၆:၁၄-၁၈။ ဧ ၅:၁၀၊ ၁၁)” ဆိုတဲ့အပိုင်းမှာပါတဲ့ အချက်တွေကို သုံးသပ်ကြည့်ပါ။ ခရစ်ယာန်တွေ မတက်သင့်တဲ့ ပွဲတချို့အကြောင်း အဲဒီမှာ ဖော်ပြထားတယ်။ “နိုင်ငံရေး ပွဲတွေ” ဆိုတဲ့ ခေါင်းစဉ်ငယ်အောက်မှာ နိုင်ငံရေးအထိမ်းအမှတ်ပွဲ၊ စစ်သည်တွေကို ဂုဏ်ပြုတဲ့ပွဲ၊ အထင်ကရပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့ ပွဲတွေမှာ ပါဝင်သင့်မသင့် ဆုံးဖြတ်နိုင်ဖို့ ကျမ်းစာမူတွေ စုစည်းဖော်ပြပေးထားတယ်။ ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးနိုင်ဖို့ ဒီလိုကိရိယာကောင်းတွေ ပြင်ဆင်ပေးထားလို့ အဖွဲ့အစည်းကို ဘယ်လောက်ကျေးဇူးတင်ဖို့ ကောင်းလိုက်သလဲ။
အမှားအမှန်သိစိတ်ကို လေ့ကျင့်ထားကြောင်း သေချာစေပါ
၂၀။ အမှားအမှန်သိစိတ်ကို ဘယ်လိုလေ့ကျင့်ထားနိုင်သလဲ။
၂၀ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ကြတယ်။ ဒီဆုလက်ဆောင်ကို ယေဟောဝါနှစ်သက်တဲ့ နည်းနဲ့ အသုံးပြုနိုင်ဖို့ဆိုရင် အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးဖို့ လိုတယ်။ ဒါမှ ယေဟောဝါကို ဂုဏ်တင်ရာကျပြီး အလိုတော်နဲ့ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ။ အဲဒီလိုလုပ်နိုင်ဖို့ စွမ်းအားတော်ရဲ့ အကူအညီကို လိုအပ်တယ်။ ဒါကြောင့် စွမ်းအားတော် တောင်းခံပါ၊ စွမ်းအားတော်ရဲ့ လမ်းပြမှုကို ခံယူပါ။ အမှားအမှန်သိစိတ်ကို လေ့ကျင့်ပေးရာမှာ ကျမ်းစာမူတွေကလည်း အထောက်အကူပြုနိုင်တယ်။ ယေဟောဝါပေးထားတဲ့ ဆုလက်ဆောင်တွေကို အကောင်းဆုံးအသုံးပြုကြရအောင်။ ဒါဆိုရင် ဘုရားသခင်ရဲ့ နှုတ်ထွက်စကားက ဘယ်လောက်အကျိုးဖြစ်ထွန်းစေသလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။—၂ တိ. ၃:၁၆၊ ၁၇။ ဟီ. ၄:၁၂။
သီချင်း ၁၃၅ ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’