မေ ၄-၁၀၊ ၂၀၂၆
သီချင်း ၅၃ ဟောပြောဖို့ ပြင်ဆင်ခြင်း
“သွန်သင်ခြင်းနည်းပညာ” အသုံးပြုရာမှာ တိုးတက်နေပါ
‘တရားစကားကို ဟောပြောပါ။ အစွမ်းကုန် စိတ်ရှည်ပြီး၊ သွန်သင်ခြင်းနည်းပညာ သုံးပြီး ပဲ့ပြင်ပေးပါ။’—၂ တိ. ၄:၂။
အာရုံစိုက်ရာ
အမှုဆောင်လုပ်ငန်းမှာ သွန်သင်ခြင်းနည်းပညာကို ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ နည်းလမ်း သုံးခုအကြောင်း ဆွေးနွေးပါမယ်။
၁။ ခရစ်ယာန်အားလုံး ဘာတတ်ကျွမ်းဖို့ လိုသလဲ။ ဘာကြောင့်လဲ။ (၂ တိမောသေ ၄:၂) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
“လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” လို့ နောက်လိုက်တွေကို ယေရှု မှာတယ်။ (မ. ၂၈:၁၉၊ ၂၀) ခရစ်ယာန်အားလုံး တခြားသူတွေကို သွန်သင်ပေးဖို့ တာဝန်ရှိတယ်လို့ ယေရှု ပြောလိုက်တာပါပဲ။ ‘စိတ်ရင်းမှန်သူတွေကို’ ယေဟောဝါ ဆွဲဆောင်တယ်၊ သူတို့ကို ရှာတွေ့နိုင်အောင် ကောင်းကင်တမန်တွေ ကူညီပေးတယ်ဆိုတာ မှန်ပါတယ်။ (တ. ၁၃:၄၈။ ယော. ၆:၄၄။ ဗျာ. ၁၄:၆) ဒါပေမဲ့ ကျွန်တော်တို့ဘက်က လုပ်ဆောင်ရမှာတွေ ရှိတယ်။ တမန်တော် ပေါလုနဲ့ ဗာနဗအကြောင်း စဉ်းစားကြည့်ပါ။ အိကောနိမြို့ကို သူတို့ရောက်တဲ့အခါ ဂျူးတရားဇရပ်ထဲ ဝင်ပြီး “ထိထိရောက်ရောက် ဟောပြောတဲ့အတွက် ဂျူးနဲ့ဂရိလူမျိုး အတော်များများ ယုံကြည်သူတွေ ဖြစ်လာတယ်” လို့ ကျမ်းစာ ဆိုတယ်။ (တ. ၁၄:၁) ပေါလုနဲ့ ဗာနဗတို့ “သွန်သင်ခြင်းနည်းပညာ” ကို အသုံးပြုတတ်တာ ထင်ရှားတယ်။ (၂ တိမောသေ ၄:၂ ကို ဖတ်ပါ။) ခရစ်ယာန်အားလုံးလည်း သွန်သင်ခြင်းနည်းပညာ တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။
ပေါလုနဲ့ ဗာနဗတို့လို တမန်တော်တွေနဲ့ ယေရှုဆီကနေ “သွန်သင်ခြင်းနည်းပညာ” အကြောင်း သင်ယူနိုင် (စာပိုဒ် ၁ ကို ကြည့်ပါ)
၂။ တခြားသူတွေကို သွန်သင်ပေးရာမှာ မတိုးတက်နိုင်ဘူးလို့ တချို့သူတွေ ဘာကြောင့် ခံစားရသလဲ။
၂ အတန်းပညာနည်းလို့၊ စကားပြောစွမ်းရည် မရှိလို့ တခြားသူတွေကို သွန်သင်ပေးတဲ့နေရာမှာ မတိုးတက်နိုင်ဘူးလို့ ခံစားရသူတွေ ရှိနိုင်တယ်။ အရည်အချင်းမရှိဘူးလို့ ခံစားရသူတွေ ကျမ်းစာခေတ်မှာလည်း ရှိခဲ့တယ်။ (ထွ. ၄:၁၀။ ယေ. ၁:၆) တချို့သူတွေကျတော့ ကျမ်းစာသင်အံမှုတွေ မရှိလို့၊ အတွေ့အကြုံမရှိလို့ မသွန်သင်တတ်ဘူးဆိုပြီး စိတ်ဓာတ်ကျနေနိုင်တယ်။ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့နဲ့ တွေ့တဲ့သူတိုင်းကတော့ သတင်းကောင်းကို လက်ခံကြမှာ မဟုတ်ဘူး။ လူတွေ လက်ခံမယ်၊ လက်မခံဘူးဆိုတာ ကျွန်တော်တို့ အပေါ်ပဲ မူတည်တာ မဟုတ်ပါဘူး။ စိတ်ရင်းမှန်တဲ့သူတွေကို ရှာတွေ့နိုင်အောင် ကူညီပေးတာက ကောင်းကင်တမန်တွေဖြစ်ပြီး ဆွဲဆောင်တဲ့သူက ယေဟောဝါဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဟောပြောသွန်သင်တတ်ဖို့လိုတယ်။ ဒါကြောင့် သွန်သင်ခြင်းနည်းပညာကို အမှုဆောင်လုပ်ငန်းမှာ ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ နည်းလမ်းသုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
လူတွေကို စိတ်ဝင်တစား ရှိပါ
၃။ ယေရှုပြောတဲ့စကားတွေက လူတွေရဲ့ စိတ်နှလုံးကို ဘာကြောင့် ထိမိစေသလဲ။
၃ ယေရှုဟာ “လူ့စိတ်ကို သိ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယော. ၂:၂၅) လူတွေရဲ့ အတွေးနဲ့ ခံစားချက်ကို ယေရှု ကောင်းကောင်း နားလည်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လူတွေ ကြုံနေရတာတွေကို ယေရှုသိတယ်။ လူတွေဟာ ဘုရားအကြောင်း အမှန်အတိုင်းမသိဘဲ ဖြစ်နေတာ၊ ထုံးတမ်းစဉ်လာတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပညတ်ချက်တွေအောက်မှာ ဝန်ပိနေကြတာကို ယေရှု သိတယ်။ (မ. ၉:၃၆။ ၂၃:၄) ဒါကြောင့် တောင်ပေါ်ဒေသနာမှာ သူတို့ကြုံနေရတာတွေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကို ယေရှု ရွေးပြောနိုင်ခဲ့တယ်။ ဒါက လူတွေရဲ့ စိတ်နှလုံးကို ထိမိစေတယ်။
၄။ လူတွေကို စိတ်ဝင်တစားရှိကြောင်း ဘယ်လို ပြနိုင်သလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၄ လူတွေရဲ့ စိုးရိမ်ပူပန်ရာကို သိအောင်လုပ်တာက သူတို့ကို စိတ်ဝင်တစားရှိရာရောက်တယ်။ လူတွေဟာ စာတန့်လောကရဲ့ ဖိစီးမှုဒဏ်ကို တစ်နည်းမဟုတ်တစ်နည်း ခံစားနေရတယ်။ ဒါကို စဉ်းစားတာက လူတွေအပေါ် စာနာစိတ် ရှိလာစေတယ်။ ဥပမာ၊ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် လူတွေ စိုးရိမ်သောက ရောက်နေတာ ဖြစ်နိုင်တယ်။ ကလေးတွေ ကျောင်းမှာ လုံခြုံပါ့မလားဆိုပြီး မိဘတွေ စိတ်ပူနေနိုင်တယ်။ လူတော်တော်များများ အလုပ်လက်မဲ့ ဖြစ်နေနိုင်တယ်။ ကျမ်းစာပါ မျှော်လင့်ချက်မရှိဘဲနဲ့ “ခက်ခဲကျပ်တည်း” မှုကို ရင်ဆိုင်နေရတာ လူတွေအတွက် ဘယ်လောက်ခက်မလဲ မြင်ယောင်ကြည့်လိုက်ပါ။—၂ တိ. ၃:၁။ ဟေရှာ. ၆၅:၁၃၊ ၁၄။
လူတွေ ကြုံနေရတဲ့ အခက်အခဲတွေကို သိအောင်လုပ်ပါ၊ သူတို့ကို စိတ်ဝင်တစားရှိကြောင်း ဘယ်လို ပြနိုင်သလဲ စဉ်းစားထားပါ (စာပိုဒ် ၄ ကို ကြည့်ပါ)
၅။ ဖာရိရှဲတွေနဲ့ ယေရှု ဘာကွာခြားသလဲ။ (မဿဲ ၁၁:၂၈-၃၀)
၅ ယေရှုရဲ့ဆက်ဆံပုံကြောင့် သူတို့ကို ချစ်တယ်လို့ လူတွေ ခံစားရတယ်။ ဖာရိရှဲတွေနဲ့ ဘယ်လောက် ကွာခြားလိုက်သလဲ။ ဖာရိရှဲတွေက သာမန်လူတွေကို နှိမ်ကြတယ်၊ မတူမတန် ဆက်ဆံကြတယ်။ (မ. ၂၃:၁၃။ ယော. ၇:၄၉) ယေရှုကတော့ လူတွေကို ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံတယ်။ “နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။” ဒါတွေက ယေရှုကို သွန်သင်သူကောင်းတစ်ယောက် ဖြစ်စေတယ်။ (မဿဲ ၁၁:၂၈-၃၀ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း လူတွေကို ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံသင့်ပါတယ်။
၆။ သတင်းကောင်းကို နားမထောင်၊ ဆန့်ကျင်တဲ့သူတွေကို ဘယ်လို တုံ့ပြန်နိုင်သလဲ။
၆ သတင်းကောင်းကို လူတွေ နားမထောင်ဘူး၊ ဆန့်ကျင်ကြတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ဆန့်ကျင်မှုကို သည်းခံပါလို့ပဲ ယေရှု မပြောဘူး။ “ကိုယ့်ကို မုန်းတဲ့သူတွေကို အမြဲကောင်းမှုပြုပါ။ ကိုယ့်ကို ကျိန်ဆဲသူတွေအတွက် အမြဲ ကောင်းချီးတောင်းခံပေးပါ။ ကိုယ့်ကို စော်ကားသူတွေအတွက် အမြဲဆုတောင်းပေးပါ” လို့ ပြောတယ်။ (လု. ၆:၂၇၊ ၂၈) အကြောင်းရင်း တစ်ခုခုရှိလို့ သတင်းကောင်းကို လူတွေ နားမထောင်တာဆိုပြီး စဉ်းစားတာက ဆန့်ကျင်သူတွေကို ကြင်နာမှုရှိရှိ တုံ့ပြန်ဖို့ အထောက်အကူပေးတယ်။ တမင်တကာ ဆန့်ကျင်သူတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တချို့သူတွေကျတော့ သတင်းကောင်းကို မကြိုက်လို့မဟုတ်ဘဲ မိသားစု ပြဿနာရှိနေလို့ ဒါမှမဟုတ် စိုးရိမ်ပူပန်စရာရှိနေလို့ ဖြစ်နိုင်တယ်။ သူတို့ အဆင်မပြေတဲ့အချိန် ကိုယ်ရောက်သွားလို့လည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ “ဆားခတ်ထားတဲ့ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ” ဆိုတဲ့ ကျမ်းစကားကို လိုက်နာသင့်တယ်။ (ကော. ၄:၆) လူတွေ ကြုံတွေ့ ခံစားနေရတာတွေကို နားလည်အောင် ကြိုးစားမယ်၊ စာနာပေးမယ်ဆိုရင် သူတို့ကို လွယ်လွယ်နဲ့ စိတ်ပျက်မှာ မဟုတ်တဲ့အပြင် ကျွန်တော်တို့လည်း ထိရောက်တဲ့ သွန်သင်သူတွေ ဖြစ်လာနိုင်မယ်။
ကျမ်းစာကို အခြေခံပြီး သွန်သင်ပေးပါ
၇။ ဘယ်အပေါ် အခြေခံပြီး ယေရှု သွန်သင်သလဲ။ (ယောဟန် ၇:၁၄-၁၆)
၇ ယေရှုဟာ သိထားတဲ့ အသိပညာပေါ် အခြေမခံဘဲ ကျမ်းစာပေါ် အခြေခံပြီး သွန်သင်ပေးတယ်။ ကျမ်းစာဟာ လူတွေရဲ့ ဘဝကို အကျိုးပြုနိုင်တယ်ဆိုတာ ယေရှု ရှင်းပြတယ်။ လူတွေ နားလည်ရလွယ်ကူပြီး မှတ်မိစေမယ့်နည်းလမ်းနဲ့ သွန်သင်ပေးတယ်။ “ကျမ်းတတ်တွေလို မဟုတ်ဘဲ အခွင့်အာဏာရှိသူလို သွန်သင်တဲ့အတွက် လူတွေက သူ့ရဲ့သွန်သင်ပုံကို အံ့သြကြတယ်” လို့ ကျမ်းစာမှာ ဖတ်ရတယ်။ (မာ. ၁:၂၂) ယေရှုလက်ထက်က ကျမ်းတတ်တွေဟာ လူအများလေးစားရတဲ့ ဆရာတွေရဲ့ စကားတွေကို ကိုးကားပြီး သွန်သင်ကြတယ်။ ယေရှုကတော့ ကျမ်းစာကို အခြေခံပြီး သွန်သင်တယ်။ ကောင်းကင်မှာ ယေဟောဝါနဲ့ အချိန်အကြာကြီး ရှိခဲ့သူဖြစ်ပေမဲ့ သူသိထားတဲ့ အသိပညာနဲ့ လူတွေ အထင်ကြီးအောင် မလုပ်ခဲ့ဘူး။ အဲဒီအစား လူတွေကို ယေဟောဝါ သိစေချင်တဲ့ အကြောင်းအရာတွေကို သွန်သင်ပေးတယ်။ (ယောဟန် ၇:၁၄-၁၆ ကို ဖတ်ပါ။) နောက်လိုက်တွေအတွက် တုပထိုက်တဲ့ စံနမူနာပါပဲ။
၈။ ယေရှုကို ပေတရု ဘယ်လို အတုယူသလဲ။
၈ ယေရှုနောက်လိုက်တွေလည်း ကျမ်းစာကို အခြေခံပြီး လူတွေကို သွန်သင်တယ်။ ဥပမာ၊ တမန်တော် ပေတရုအကြောင်း စဉ်းစားကြည့်ပါ။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ စုရုံးရောက်ရှိနေတဲ့ လူအုပ်ကို ကျမ်းစာ အခြေခံပြီး သွန်သင်တယ်။ တကယ်တော့ ပေတရုဟာ အဆင့်မြင့်ပညာ တတ်ကျွမ်းသူတစ်ယောက် မဟုတ်ဘူး။ ယေရှု ပြည့်စုံစေတဲ့ ကြိုဟောချက်တွေအကြောင်း ကျမ်းချက်တွေသုံးပြီး ရှင်းပြခဲ့တယ်။ (တ. ၂:၁၄-၃၇) ဘာရလဒ် ရသလဲ။ “ပေတရုရဲ့စကားကို ဝမ်းသာအားရ လက်ခံသူတွေ နှစ်ခြင်းခံကြတဲ့အတွက် အဲဒီနေ့မှာ လူ ၃,၀၀၀ လောက် တိုးများလာတယ်။”—တ. ၂:၄၁။
၉။ လူတွေကို သွန်သင်တဲ့အခါ ကျမ်းစာကို ဘာကြောင့် အသုံးပြုရမလဲ။
၉ ကျမ်းစာလောက် လူတွေရဲ့ စိတ်နှလုံးကို ထိမိစေတဲ့အရာ မရှိဘူး။ (ဟီ. ၄:၁၂) ဒါကြောင့် လူတွေကို သွန်သင်တဲ့အခါ ကျမ်းစာကို အသုံးပြုဖို့လိုတယ်။ ကိုယ်ပိုင်အတွေးအခေါ်ကို မဟုတ်ဘဲ “တရားစကားကို ဟောပြော” ရမယ်။ (၂ တိ. ၄:၂) “ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။ နှုတ်တော်ထွက်စကားဟာ အသိပညာနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပေးတယ်” ဆိုပြီး ပညာအလိမ္မာ ၂:၆ မှာ ဖော်ပြထားတယ်။ ဒါကြောင့် ကျမ်းစာကို အသုံးပြုတာက ယေဟောဝါကို စကားပြောခွင့် ပေးတာနဲ့ တူတယ်။ (မာလ. ၂:၇) လူတွေပေးနိုင်တဲ့ ဘယ်အကြံဉာဏ်ထက်မဆို ပိုကောင်းတဲ့ အကြံပေးချက်တွေ ကျမ်းစာမှာ ပါတယ်ဆိုတာ လူတွေကို သိစေချင်တယ်။ ကျမ်းစာသွန်သင်ချက်တွေဟာ ဘုရားဆီက လာတာဖြစ်ပြီး ကျွန်တော်တို့သာ လိုက်လျှောက်မယ်ဆိုရင် ကျေနပ်စရာကောင်းတဲ့ ဘဝအသက်တာနဲ့ နေထိုင်ရမယ်၊ ဘုရားစိတ်တော်လည်း ရွှင်လန်းမယ်။—၂ တိ. ၃:၁၆၊ ၁၇။
၁၀။ ကျမ်းစာသွန်သင်ချက်တွေကို သင်သား အာရုံစိုက်လာအောင် ဘယ်လို လုပ်နိုင်သလဲ။
၁၀ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တဲ့အခါ ကျမ်းစာသွန်သင်ချက်တွေကို သင်သား အာရုံစိုက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာပါ။ ရုပ်ပုံတွေ၊ ဗီဒီယိုတွေက လေ့လာမှုအတွက် အထောက်အကူပြုပေမဲ့ ကျမ်းစာ သွန်သင်ချက်ကို အာရုံစိုက်စေပါ။ အဓိကကျမ်းချက်တွေ ဖွင့်ဖတ်ပြီး သင်သားနဲ့အတူ ကျိုးကြောင်းဆင်ခြင်ပါ။ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ သုံးတဲ့အခါလည်း ကျမ်းစာကနေရတဲ့ သင်ခန်းစာတွေကို သဘောပေါက်စေပါ။ ကိုယ့်ဘက်က စကားတွေ အများကြီးပြောရမယ်၊ ပေးထားတဲ့ ကျမ်းချက်အားလုံး ဖတ်ရမယ်လို့ မဆိုလိုပါဘူး။ အဲဒီအစား၊ ဖတ်လိုက်တဲ့ကျမ်းချက်ရဲ့ အဓိပ္ပာယ်ကို သင်သား ကောင်းကောင်းနားလည်ဖို့ အရေးကြီးတယ်။ လိုအပ်ရင် ပြန်ဖတ်ပါ။ ဒါက စာအုပ်ကို လေ့လာနေတာ၊ ရုပ်ပုံ ဒါမှမဟုတ် ဗီဒီယိုကို လေ့လာနေတာမဟုတ်ဘဲ ကျမ်းစာကို လေ့လာနေရာ ကျပါလိမ့်မယ်။—၁ ကော. ၂:၁၃။
၁၁-၁၂။ (က) ကျမ်းစာသင်သားတွေကို စိတ်ရှည်ကြောင်း ဘယ်လို ပြနိုင်သလဲ။ (တမန်တော် ၁၇:၁-၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) တချို့သူတွေ ကျမ်းစာနဲ့ပတ်သက်ပြီး ဘာသိဖို့လိုသလဲ။ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၁ ကျမ်းစာ သွန်သင်ချက်တစ်ခုကို သင်သား လက်ခံဖို့ ခက်နေတယ်ဆိုရင် “အစွမ်းကုန် စိတ်ရှည်” ပါ။ (၂ တိ. ၄:၂) လူတစ်ယောက်နဲ့တစ်ယောက် တိုးတက်တဲ့နှုန်း မတူကြပါဘူး။ သွန်သင်ချက်တချို့ဟာ ကျွန်တော်တို့အတွက် လက်ခံရလွယ်ကူပေမဲ့ တခြားသူတွေအတွက် လက်ခံရ ခက်နေနိုင်တယ်။ ဒါကြောင့် အချိန်ပေးဖို့ လိုတယ်။ သက်သာလောနိတ်မြို့မှာရှိတဲ့ ဂျူးတွေဟာ ပေါလု သင်ပေးချင်တဲ့အရာကို ချက်ချင်း နားမလည်ခဲ့ကြဘူး။ ပေါလု ဘာလုပ်သလဲ။ သူတို့ဆီ အကြိမ်ကြိမ်သွားတယ်။ ကျမ်းစာသုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်။ ဒါကြောင့် လူတချို့ ယုံကြည်သူတွေ ဖြစ်လာတယ်။—တမန်တော် ၁၇:၁-၄ ကို ဖတ်ပါ။
၁၂ သင်သားတွေကို စိတ်ရှည်ကြောင်း ပြနိုင်တဲ့ နောက်တစ်နည်းကတော့ မေးခွန်းတွေမေးပြီး အဖြေပေးဖို့ အချိန်အလုံအလောက် ပေးခြင်းပါ။ သူတို့ရဲ့ အဖြေကို အသေအချာ နားထောင်ပြီး သူတို့ရဲ့အတွေးကို နားလည်အောင် ကြိုးစားပါ။ ဘုရားရဲ့အမြင်ကို သိနိုင်ဖို့ သက်ဆိုင်တဲ့ ကျမ်းချက်တွေဖတ်ပြီး ဆွေးနွေးပါ။ လူတချို့ဟာ ကျမ်းစာအကြောင်း လုံးဝမသိတာ ဖြစ်နိုင်တယ်။ ကျမ်းစာကို လုံးဝ မမြင်ဖူးတာတောင် ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်မယ်ဆိုရင် ပုံနှိပ်ကျမ်းစာကို ပြပေးပါ။ ကျမ်းစာမှာ ဘဝနဲ့ဆိုင်တဲ့ အရေးကြီး အကြောင်းအရာတွေ ပါတယ်ဆိုတာ သိအောင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းရဲ့ “သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ” ဆိုတဲ့ အပိုင်းကို ပြနိုင်တယ်။ မေးခွန်း နံပါတ် ၁၅ မှာပါတဲ့ ကျမ်းချက် တစ်ချက်နှစ်ချက်ကို သုံးပြီး ပျော်ရွှင်မှု ဘယ်လိုရနိုင်သလဲဆိုတာ ပြပေးနိုင်တယ်။ ကျမ်းစာမှာပါတဲ့ အဖိုးတန် အသိပညာတွေကို သင်သား နားလည်လာတဲ့အခါ သူတို့ဘဝမှာ လက်တွေ့ကျင့်သုံးချင်လာမယ်၊ ထပ်သင်ယူချင်လာမယ်။
ထိရောက်တဲ့ သွန်သင်သူဆိုတာ နားထောင်ပေးတတ်သူဖြစ်၊ ဒိုင်ခံ စကားပြောသူမဟုတ် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)
ယေဟောဝါနဲ့ ရင်းနှီးလာအောင် ကူညီပေးပါ
၁၃။ တခြားသူတွေကို ကျမ်းစာသင်ပေးတဲ့အခါ ဘယ်သူ့ကို အာရုံစိုက်စေသင့်သလဲ။ ဥပမာ ပေးပါ။
၁၃ လူတွေ ယေဟောဝါကို သိလာပြီး ရင်းနှီးလာအောင် ကူညီပေးဖို့က ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါ။ (ယာ. ၄:၈) ကျွန်တော်တို့ရဲ့ သွန်သင်ခြင်းအလုပ်ကို ပြဇာတ်ရုံမှာ ဆလိုက်မီးထိုးပေးတဲ့သူနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဆလိုက်မီးထိုးပေးသူက ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ အဓိကဇာတ်ကောင်တွေ ပေါ်လွင်အောင် မီးထိုးပြရတယ်။ အလားတူပါပဲ၊ တခြားသူတွေကို ကျမ်းစာအကြောင်း သင်ပေးတဲ့အခါ ကိုယ့်ကို အာရုံစိုက်လာအောင် လုပ်မယ့်အစား ယေဟောဝါအကြောင်း သိလာပြီး ရင်းနှီးလာအောင် ကူညီပေးရပါမယ်။
၁၄။ ယေဟောဝါအကြောင်း သင်သား ပိုစဉ်းစားအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄ တခြားသူတွေကို ကျမ်းစာသင်ပေးတဲ့အခါ ယေဟောဝါကို ချစ်လာပြီး စိတ်တော်ရွှင်လန်းစေမယ့်အရာတွေ လုပ်ချင်အောင် သင်ပေးပါ။ (ပညာ. ၂၇:၁၁) ယေဟောဝါသက်သေ တစ်ယောက်ဖြစ်ဖို့ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာ သင်ပေးရုံလောက်ပဲ မဟုတ်ပါဘူး။ ယေဟောဝါ နှစ်သက်မှုရဖို့ အပြောင်းအလဲတွေလုပ်တာမျိုး ဖြစ်စေချင်တယ်။ သင်သားတစ်ယောက် အကျင့်ဆိုးတစ်ခုကို ဖြတ်ရခက်နေတယ်ဆိုရင် အခုလို မေးခွန်းတွေ မေးနိုင်တယ်– “ဒီအကျင့်ကို ယေဟောဝါ ဘာကြောင့် မကြိုက်တာလဲ။ သင်နှစ်သက်တဲ့ အကျင့်တစ်ခုဖြစ်လျက်နဲ့ ယေဟောဝါက ဘာလို့ စွန့်လွှတ်စေချင်တာလဲ။ ယေဟောဝါ သင့်ကို ချစ်တယ်ဆိုတာ ဒီတောင်းဆိုချက်က ဘယ်လို သိရသလဲ။” ယေဟောဝါအကြောင်း သင်သား ပိုစဉ်းစားအောင် ကူညီပေးလေ ယေဟောဝါရဲ့ မေတ္တာကို ပိုပြီး ခံစားမိလေ ဖြစ်လာမယ်။ ဒီလိုနဲ့ သင်သားဘက်ကလည်း ယေဟောဝါကို ချစ်လာပြီး စိတ်တော်ရွှင်လန်းစေမယ့်အရာတွေ လုပ်ချင်လာမယ်။
“သွန်သင်ခြင်းနည်းပညာ” အသုံးပြုရာမှာ ဆက်တိုးတက်နေပါ
၁၅။ တခြားသူတွေကို သွန်သင်ပေးတဲ့နေရာမှာ တိုးတက်လာဖို့ ဘာလုပ်နိုင်သလဲ။
၁၅ တခြားသူတွေကို သွန်သင်ပေးတဲ့နေရာမှာ ဘာတွေတိုးတက်ဖို့လိုတယ်ဆိုတာ ကိုယ်တိုင်သိမြင်အောင် ယေဟောဝါဆီ ဆုတောင်းပါ။ (၁ ယော. ၅:၁၄) ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ဖို့လည်း လိုတယ်။ တခြားသူတွေကို သင်ပေးနိုင်တဲ့ နည်းလမ်းတွေအကြောင်း အသင်းတော်အစည်းအဝေးတွေမှာ ဆွေးနွေးတဲ့အခါ အာရုံစိုက်နားထောင်ပြီး လက်တွေ့ အသုံးချပါ။ ထိရောက်အောင် သွန်သင်ပေးတတ်သူတွေနဲ့အတူ သင်အံမှု သွားပါ။ ကိုယ်ဘယ်လို တိုးတက်နိုင်သလဲဆိုတာ သူတို့ကို မေးကြည့်ပါ။ ဆွေးနွေးမယ့်အကြောင်းအရာကို ကိုယ်က ရင်းနှီးပြီးသားဖြစ်ပေမဲ့ သင်သားအတွက်တော့ အစိမ်းသက်သက် ဖြစ်နေနိုင်တယ်။ ဒါကြောင့် သင်သားနေရာကနေ စဉ်းစားပေးပါ။ လေ့လာနေတဲ့ အကြောင်းအရာက သူ့ဘဝကို ဘယ်လို အကျိုးပြုတယ်ဆိုတာ မြင်သာစေပါ။ ဒါက ယေဟောဝါနဲ့ ပိုရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာစေပြီး စစ်မှန်တဲ့ ပျော်ရွှင်မှု ရစေပါလိမ့်မယ်။—ဆာ. ၁:၁-၃။
၁၆။ တခြားသူတွေကို သွန်သင်ပေးရာမှာ တိုးတက်နေရင် ဘာအကျိုးရမလဲ။
၁၆ ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို သင်ပေးရတာလောက် ပျော်စရာကောင်းတာ မရှိဘူး။ ကမ္ဘာသစ်မှာလည်း ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးရမယ့်သူတွေ အများကြီး ရှိလာဦးမှာ။ ဒါကြောင့် အခုကတည်းက လူတွေကို စိတ်ဝင်တစား ရှိပါ၊ ကျမ်းစာကို အခြေခံပြီး သွန်သင်ပေးပါ၊ ယေဟောဝါနဲ့ ရင်းနှီးလာအောင် ကူညီပေးပါ။ ဒါဆိုရင် အမှုဆောင်လုပ်ငန်းမှာ သွန်သင်ခြင်းနည်းပညာကို ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။
သီချင်း ၆၅ တိုးတက်နေပါ