ကျမ်းစာဇာတ်ကောင်
သြဗဒိလို ဘုရားကိုကြောက်ရွံ့ရိုသေစိတ်ရှိအောင် လုပ်ပါ
သြဗဒိဟာ ဆိုးညစ်တဲ့ဘုရင်အာဟပ် အုပ်ချုပ်ချိန်မှာ နန်းတော်အုပ်အဖြစ် အမှုထမ်းခဲ့တယ်။ ဘုရင်အာဟပ်ဆိုတာ အစ္စရေးတိုင်းပြည်ကို ဗာလဝတ်ပြုရေးနဲ့ ပြည့်စေခဲ့သူပါ။ ဒါပေမဲ့ သြဗဒိကျတော့ “ငယ်ငယ်ကတည်းက” ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေတယ်။ (၁ ဘု. ၁၈:၁-၁၃) ယေဟောဝါရဲ့ ပရောဖက်အားလုံးကို သတ်ပစ်ဖို့ မိဖုရား ယေဇဗေလ အမိန့်ပေးချိန်မှာလည်း သတ္တိရှိရှိ ကာကွယ်ပေးခဲ့တယ်။ ပရောဖက် တစ်ယောက်ကို ဝှက်ထားပေးရင်တောင် အန္တရာယ်ရှိတဲ့အခြေအနေမှာ ပရောဖက် ၁၀၀ ကို ဂူထဲ ဝှက်ထားပေးတဲ့အပြင် အစာရေစာလည်း ထောက်ပံ့ပေးခဲ့တယ်။ တကယ်ဆို အဲဒီအချိန် အစ္စရေးတိုင်းပြည်မှာ အငတ်ဘေးကြုံနေရတာ။ အာဟပ်နဲ့ ယေဇဗေလတို့ကို ခစားနေကြတဲ့ ဗာလပရောဖက် ရာနဲ့ချီ မတွေ့အောင် ဘယ်လိုများရှောင်တိမ်းခဲ့ရမလဲ ဆိုတာလည်း မြင်ယောင်ကြည့်ပါ။
ဘုရားကို ကြောက်ရွံ့ရိုသေသူ သြဗဒိဆီကနေ ဘာသင်ယူနိုင်သလဲ။ ဘုရင်အာဟပ်ကို သြဗဒိ ကြောက် ပေမဲ့ ယေဟောဝါကို ကြောက်ရွံ့ရိုသေစိတ်က ပိုအားကြီးခဲ့တယ်။ ဒါကြောင့်လည်း အသက်နဲ့ရင်းပြီး ယေဟောဝါရဲ့ပရောဖက်တွေကို ကာကွယ်ပေးနိုင်ခဲ့တာ။ ကျွန်တော်တို့လည်း ဘုရားကို ကြောက်ရွံ့ရိုသေတဲ့စိတ် မွေးမြူထားဖို့လိုတယ်။ စစ်မှန်တဲ့ဝတ်ပြုရေးကို ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာဆိုရင် ပိုလိုအပ်တယ်။ ဒါမှ အန္တရာယ်ကြုံနေရတဲ့ ညီအစ်ကို/မတွေကို ကူညီပေးရဲမှာ။