နိုင်ငံတော်သတင်းကြေညာခဲ့တဲ့ အနှစ်တစ်ရာ
၁။ လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါးတုန်းက ယေဟောဝါရဲ့လူမျိုး ဘာလုပ်ဖို့ အားပေးခံခဲ့ကြရသလဲ။
၁ “ကြည့်ပါ၊ ဘုရင်စိုးစံပြီ။ သင်တို့ဟာ ကိုယ်တော်ရဲ့ လူသိရှင်ကြား ကိုယ်စားလှယ်တွေဖြစ်တယ်။ ဒါကြောင့် ဘုရင်နဲ့ ကိုယ်တော့်နိုင်ငံကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ။” လွန်ခဲ့တဲ့အနှစ်တစ်ရာနီးပါးတုန်းက ညီအစ်ကို ရပ်သဖော့ဒ်ဟာ အဲဒီလို လှုံ့ဆော်မှုဖြစ်စေတဲ့ စကားတွေနဲ့ နိုင်ငံတော်သတင်းကို နေရာအနှံ့ဟောပြောဖို့ ယေဟောဝါရဲ့လူမျိုးကို အားပေးခဲ့တယ်။ အဲဒီအတိုင်း လုပ်ခဲ့ကြပါတယ်။ အစောပိုင်းခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့ဟာ “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့” ကို နိုင်ငံတော်သတင်းကောင်း ဟောပြောခဲ့ကြပါတယ်။ (ကော. ၁:၂၃) လွန်ခဲ့တဲ့ အနှစ်တစ်ရာအတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဘယ်လို ကြေညာခဲ့ကြသလဲ။ နိုင်ငံတော်တည်ထောင်တာ နှစ်တစ်ရာပြည့်ခါနီး အချိန်မှာ ဘယ်လိုဆက်ကြေညာနိုင်မလဲ။
၂။ ကျွန်တော်တို့ရဲ့စာပေတွေက ဘုရားသခင့်နိုင်ငံတော်အကြောင်း ဘယ်လိုဖော်ပြသလဲ။
၂ နောက်ကြောင်းကို ပြန်ကြည့်ခြင်း– ကျွန်တော်တို့ရဲ့စာပေတွေမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း အလေးပေးဖော်ပြတာ အတော်ကြာပါပြီ။ ၁၉၃၉ ခုနှစ်ကတည်းက ကျွန်တော်တို့ရဲ့ အဓိကမဂ္ဂဇင်းကို ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ကြတယ်။ နိုင်ငံတော်အကြောင်းနဲ့ နိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာတွေကို မကြာမကြာ ဖော်ပြခဲ့တယ်။ နိုးလော့! မဂ္ဂဇင်းကလည်း ဘုရားသခင့်နိုင်ငံတော်ကသာ လူသားတွေအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း အလေးပေးဖော်ပြတယ်။ ဒီမဂ္ဂဇင်းနှစ်စောင်ဟာ ကမ္ဘာမှာ ဘာသာပြန်ဆိုမှုအများဆုံး၊ ထုတ်ဝေမှုအများဆုံး စာပေတွေဖြစ်နေတာက တကယ်သင့်တော်ပါတယ်။—ဗျာ. ၁၄:၆။
၃။ နိုင်ငံတော်သတင်းကြေညာရာမှာ အသုံးပြုခဲ့ကြတဲ့ နည်းတချို့က ဘာလဲ။
၃ ယေဟောဝါရဲ့လူမျိုးဟာ နိုင်ငံတော်သတင်းကြေညာဖို့ နည်းအမျိုးမျိုး သုံးခဲ့ကြတယ်။ အရင်တုန်းက အသံချဲ့စက်ကားတွေ၊ ရေဒီယိုအသံလွှင့်အစီအစဉ်တွေ၊ အိတ်ဆောင်ဓာတ်စက်တွေကို သုံးခဲ့တယ်။ အဲဒီအချိန်တုန်းက နိုင်ငံတော်သတင်းကြေညာသူ နည်းတဲ့အတွက် သတင်းကောင်းကို လူအတော်များများကြားအောင် အဲဒီနည်းတွေက အကူအညီဖြစ်စေခဲ့တယ်။ (ဆာ. ၁၉:၄) မကြာသေးခင်နှစ်တွေမှာ jw.org ဝက်ဘ်ဆိုက်မှာ အချက်အလက်တွေ တင်ထားတဲ့အတွက် ကျွန်တော်တို့လုပ်ငန်းကို ကန့်သတ်ထားတဲ့ နိုင်ငံမှာနေထိုင်တဲ့သူတွေအပါအဝင် သန်းနဲ့ချီတဲ့သူတွေဟာ နိုင်ငံတော်သတင်းကို ကြားနိုင်ကြပြီ။
၄။ ဘယ်လို နည်းလမ်းသစ်တွေကို လုပ်ဆောင်ခဲ့ကြသလဲ။
၄ ယေဟောဝါရဲ့လူမျိုးဟာ တီထွင်ကြံဆမှုတွေ လုပ်ပြီးတော့လည်း နိုင်ငံတော်သတင်း ကြေညာကြပါတယ်။ ဥပမာ၊ ၁၉၉၅ ခုနှစ်လောက်ကနေစပြီး တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို ပိုထိရောက်စေဖို့ လူစည်ကားတဲ့ပန်းခြံတွေ၊ ကားရပ်တဲ့နေရာတွေနဲ့ စီးပွားရေးရပ်ကွက်တွေမှာ သက်သေခံခဲ့ကြတယ်။ မကြာသေးခင်က ကမ္ဘာတစ်ဝန်းက မြို့ကြီးတွေရဲ့ လူစည်ကားတဲ့နေရာတွေမှာ လူထုရှေ့သက်သေခံခြင်း အစီအစဉ်ကို စခဲ့ကြတယ်။ အသင်းတော်တွေကလည်း မိမိတို့ရပ်ကွက်က လူသွားလူလာများတဲ့ နေရာတွေမှာ စာပေတင်နိုင်တဲ့စင်တွေကိုသုံးပြီး လူထုရှေ့သက်သေခံခြင်းမှာ ပါဝင်ကြတယ်။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းကိုတော့ အဓိကနည်းလမ်းအနေနဲ့ ဆက်လုပ်ဆောင်နေကြပါတယ်။—တ. ၂၀:၂၀။
၅။ လုပ်ငန်းတော်နှစ်သစ်မှာ ဘယ်အခွင့်အရေးတွေ ယူနိုင်မလဲ။
၅ ရှေ့ကိုမျှော်ကြည့်ခြင်း– လုပ်ငန်းတော်နှစ်သစ်စတဲ့ စက်တင်ဘာလမှာ အတော်များများဟာ မှန်မှန်ရှေ့ဆောင် စလုပ်ကြပါလိမ့်မယ်။ သင်ကော ပါဝင်နိုင်မလား။ မပါဝင်နိုင်ရင် အရန်ရှေ့ဆောင်အနေနဲ့ရော မကြာမကြာ ပါဝင်နိုင်မလား။ ရှေ့ဆောင်လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ နိုင်ငံတော်သတင်းကြေညာရာမှာ အတတ်နိုင်ဆုံးပါဝင်ဖို့ သင့်ရဲ့ကိုယ်ကျိုးစွန့်မှုတွေအတွက် ယေဟောဝါကောင်းချီးပေးမှာ ကျိန်းသေပါတယ်။—မာလ. ၃:၁၀။
၆။ ၂၀၁၄၊ အောက်တိုဘာလဟာ ဘာကြောင့် အထူးလဖြစ်တာလဲ။
၆ ၂၀၁၄၊ အောက်တိုဘာလဟာ နိုင်ငံတော်တည်ထောင်တာ နှစ် ၁၀၀ ပြည့်တဲ့ အခါသမယ ဖြစ်ပါတယ်။ အဲဒီလရဲ့ လူထုအတွက် ကင်းမျှော်စင်စာစောင်မှာလည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း အဓိက ဖော်ပြပေးထားပါတယ်။ များနိုင်သမျှ များများဝေငှနိုင်ဖို့ ကြိုးစားကြရအောင်။ အနာဂတ်ကိုမျှော်ကြည့်ရင်း နားထောင်တဲ့သူတွေကို ‘ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို’ ဆက်ပြီးဟောပြောနေနိုင်ကြပါစေ။—တ. ၈:၁၂။