နားထောင်ပြီး သင်ယူပါ
၁။ စည်းဝေးကြီးမှာ နားထောင် သင်ယူနိုင်ဖို့ ကြိုးစားအားထုတ်မှု ဘာကြောင့် လိုအပ်နိုင်သလဲ။
၁ ၂၀၁၄ အထူးစည်းဝေးကြီးကို မကြာခင်မှာ ကျင်းပပါတော့မယ်။ ဒီအစီအစဉ်ကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ လိုအပ်ရာတွေနဲ့အညီ ဖြစ်စေဖို့ ကြိုးစားပြီး ပြင်ဆင်ထားပါတယ်။ သင်ကော စည်းဝေးကြီး သုံးရက်စလုံးကို တက်ရောက်ဖို့ စီစဉ်ပြီးပြီလား။ စည်းဝေးကြီးအစီအစဉ်ကို အာရုံစိုက်နိုင်ဖို့ ကြိုးစားအားထုတ်ရမယ်။ အကြောင်းကတော့ စည်းဝေးကြီးတွေမှာ အာရုံပျံ့လွင့်စေနိုင်တဲ့အချက်တွေ အများကြီး ရှိတယ်။ စည်းဝေးကြီးကျင်းပချိန်က အသင်းတော်စည်းဝေးချိန်ထက် ပိုကြာတဲ့အတွက် ပိုပြီးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ခရီးနှင်လာရတာကြောင့် ဒါမှမဟုတ် တခြားအရာတွေကြောင့်လည်း မောပန်းနေနိုင်တယ်။ လန်းလန်းဆန်းဆန်းနဲ့ ကောင်းကောင်းနားထောင်ပြီး သင်ယူနိုင်ဖို့ ဘယ်အချက်တွေက ကျွန်ုပ်တို့ကို ထောက်ကူပေးနိုင်မလဲ။—တရား. ၃၁:၁၂။
၂။ စည်းဝေးကြီးအစီအစဉ်အတွက် ကျွန်ုပ်တို့နှလုံးကို ဘယ်လိုပြင်ဆင်နိုင်သလဲ။
၂ စည်းဝေးကြီး မစတင်ခင်– ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက် www.jw.org မှာ စည်းဝေးကြီးအစီအစဉ်ကို တင်ထားပါတယ်။ အဲဒီမှာ ဟောပြောချက် ခေါင်းစဉ်တွေနဲ့ ဟောပြောချက်တစ်ခုစီရဲ့ အဓိကကျမ်းချက် တစ်ချက် ဒါမှမဟုတ် နှစ်ချက်ကို ဖော်ပြထားပါတယ်။ အစီအစဉ်စာရွက်ကို ဝက်ဘ်ဆိုက်ကနေ ကူးယူပြီး ကြိုတင်ကြည့်ထားမယ်ဆိုရင် တင်ဆက်မယ့်အကြောင်းအရာတွေအတွက် ကျွန်ုပ်တို့နှလုံးကို ပြင်ဆင်ထားရာ ရောက်ပါတယ်။ (ဧဇ. ၇:၁၀၊ ကဘ) မိသားစုဝတ်ပြုမှုမှာ စည်းဝေးကြီးအစီအစဉ်ကို ကြိုတင်သုံးသပ်ထားမယ်ဆိုရင် တစ်မိသားစုလုံးက စည်းဝေးကြီးကို စောင့်မျှော်နေကြမှာဖြစ်တယ်။
၃။ အာရုံစိုက်နားထောင်နိုင်ဖို့ ဘယ်အချက်တွေကို ဂရုပြုသင့်သလဲ။
၃ အစီအစဉ်အတွင်း– ဖြစ်နိုင်မယ်ဆိုရင် အစီအစဉ်မစခင် သန့်စင်ခန်း သွားထားပါ။ စည်းဝေးချိန်အတွင်း အာရုံပျံ့လွင့်တာမျိုးမဖြစ်အောင် ဖုန်းပိတ်ထားပါ။ ဖုန်းဖွင့်ထားဖို့ လိုအပ်တယ်ဆိုရင်လည်း တခြားသူတွေအတွက် အနှောင့်အယှက်မဖြစ်အောင် အသံပိတ်ထားပါ။ အီလက်ထရောနစ်တက်ဘလက်ကို အသုံးပြုမယ်ဆိုရင် တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေပါနဲ့။ အစီအစဉ်အတွင်း စားတာ၊ သောက်တာတွေကို ရှောင်ပါ။ (ဒေ. ၃:၁) ဟောပြောသူကို အာရုံစိုက်ပါ။ ကျမ်းချက်တွေကိုပြောတဲ့အခါ သင့်ကျမ်းစာထဲကနေ လိုက်ဖွင့်ဖတ်ပါ။ မှတ်စုတို ယူပါ။
၄။ ကလေးတွေ နားထောင်ပြီး သင်ယူနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုကူညီပေးနိုင်သလဲ။
၄ ကျွန်ုပ်တို့ကလေးတွေကိုလည်း နားထောင်ပြီး သင်ယူစေချင်ကြတယ်။ သုတ္တံ ၂၉:၁၅ [ကဘ] က ခုလိုဆိုတယ်– “မဆုံးမဘဲလွှတ်ထားတဲ့ ကလေးကတော့ မိခင်ကို အရှက်ခွဲလိမ့်မယ်။” မိသားစုလိုက် အတူတူထိုင်တာက ကောင်းပါတယ်။ အဲဒီလို အတူတူထိုင်မယ်ဆိုရင် ကလေးအချင်းချင်း စကားပြောတာ၊ ဖုန်းနဲ့စာပို့တာ ဒါမှမဟုတ် လျှောက်သွားတာမျိုးမလုပ်ဖို့နဲ့ အစီအစဉ်ကို အာရုံစိုက်နားထောင်ဖို့ မိဘတွေအနေနဲ့ ကူညီပေးနိုင်မှာဖြစ်တယ်။ ကလေးက ငယ်သေးတဲ့အတွက် ဆွေးနွေးတဲ့ အကြောင်းအရာကို နားမလည်နိုင်ဘူးဆိုရင်တောင် သူ့ကို မအိပ်ခိုင်းဘဲ ငြိမ်ငြိမ်လေးထိုင်တတ်ဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။
၅။ ကြားခဲ့ရာတွေကို ပြန်သုံးသပ်ခြင်းက ဘာအကျိုးရှိသလဲ။ ဘယ်လို သုံးသပ်နိုင်သလဲ။
၅ တစ်နေ့တာအစီအစဉ် ပြီးသွားတဲ့နောက်– အိမ်ကို စောစောပြန်ပါ။ အိပ်ရာစောစောဝင်ပြီး ကောင်းကောင်း အနားယူပါ။ ကြားခဲ့ရာတွေကို ပြန်သုံးသပ်မယ်ဆိုရင် တော်ရုံနဲ့ မေ့တော့မှာမဟုတ်ဘူး။ ဒါကြောင့် တစ်နေ့တာကြားခဲ့ရာတွေကို မိသားစုလိုက် ညနေပိုင်းမှာ ပြန်သုံးသပ်တာက အကျိုးရှိပါတယ်။ မိတ်ဆွေတွေနဲ့ စားသောက်ဆိုင် သွားမယ်ဆိုရင်လည်း မှတ်စုစာအုပ်လေးကို ယူသွားပြီး သင် နှစ်သက်တဲ့အကြောင်းအရာ တစ်ချက် နှစ်ချက်လောက်ကို ဝေမျှပေးနိုင်တယ်။ စည်းဝေးကြီးပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ စည်းဝေးကြီးမှာ ကြားခဲ့တဲ့အရာတွေကို ဘယ်လိုကျင့်သုံးနိုင်သလဲဆိုတဲ့အကြောင်း မိသားစုဝတ်ပြုမှုမှာ ပြန်ဆွေးနွေးနိုင်တယ်။ စည်းဝေးကြီးမှာထုတ်ဝေခဲ့တဲ့ စာပေအသစ်တွေကိုလည်း ပတ်စဉ် အချိန်ယူ သုံးသပ်နိုင်ပါတယ်။
၆။ စည်းဝေးကြီးမှာ ရောက်နေရုံနဲ့ လုံလောက်ပြီလား။ ရှင်းပြပါ။
၆ တည်ခင်းထားတဲ့ အစားအစာတွေကို စားသုံးပြီး အစာကြေမှသာ အဲဒီအစားအစာတွေကနေ အကျိုးရမှာဖြစ်တယ်။ ခရိုင်စည်းဝေးကြီးမှာ ဘုရားသခင်ပြင်ဆင်ပေးတဲ့ ပုံဆောင်အစာတွေလည်း အလားတူပါပဲ။ အစီအစဉ်တိုင်းကို တက်ရောက်ပြီး သေချာနားထောင်ပါ။ ကြားခဲ့ရာတွေကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ပုံဆောင်အစာကနေ အကျိုးရရှိနိုင်ကြပါစေ။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
၂၀၁၄ အထူးစည်းဝေးကြီး သတိပေးချက်များ
◼ အစီအစဉ်အချိန်များ– တံခါးတွေကို နံနက် ၈:၀၀ နာရီမှာ ဖွင့်ပါလိမ့်မယ်။ အစီအစဉ်သုံးရက်စလုံးရဲ့ အဖွင့်တေးသံကို နံနက် ၉:၂၀ နာရီမှာ စတင်မှာဖြစ်တယ်။ အစီအစဉ်ကို စနစ်တကျ စတင်နိုင်ဖို့ အဖွင့်တေးသံစချိန်မှာ ကျွန်ုပ်တို့အားလုံးဟာ မိမိတို့ရဲ့ထိုင်ခုံမှာ ရှိနေသင့်ပါတယ်။ အစီအစဉ်ကို သောကြာနေ့နဲ့ စနေနေ့မှာ ညနေ ၄:၅၀ နာရီ၊ တနင်္ဂနွေနေ့မှာ ညနေ ၃:၃၅ နာရီမှာ နိဂုံးချုပ်မှာ ဖြစ်ပါတယ်။
◼ ကားရပ်မယ့်နေရာ– စည်းဝေးကြီးကျင်းပတဲ့နေရာမှာ ကားရပ်မယ့်နေရာတွေကို ကျွန်ုပ်တို့ ကြီးကြပ်ပေးမှာ ဖြစ်ပါတယ်။ တက်ရောက်လာသူတွေရဲ့ ကားတွေ ရပ်နားဖို့ နေရာတွေကို စီစဉ်ပေးထားမှာဖြစ်ပြီး အခကြေးငွေ ပေးစရာမလိုဘဲ ဦးရာလူစနစ်နဲ့ ရပ်နားနိုင်ပါတယ်။ ကားရပ်နားဖို့နေရာတွေက အများအားဖြင့် အကန့်အသတ်ရှိတာကြောင့် အတတ်နိုင်ဆုံး စုပေါင်းစီးသင့်ပါတယ်။
◼ ထိုင်ခုံဦးခြင်း– သင်နဲ့အတူ ကားတစ်စီးတည်း စီးလာသူတွေ ဒါမှမဟုတ် သင်နဲ့တစ်အိမ်တည်း နေတဲ့သူတွေ၊ သင်နဲ့အတူ လက်ရှိကျမ်းစာလေ့လာနေတဲ့သူတွေအတွက်ပဲ ထိုင်ခုံဦးထားနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ ထိုင်ဖို့ခုံကို ကန့်သတ်ထားတဲ့အတွက် သူတို့နဲ့အတူ မိသားစုအားလုံးထိုင်လို့တော့မရပါဘူး။ အဲဒီထိုင်ခုံတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ သူတို့ကို ကူညီပေးသူတွေပဲ ထိုင်ရမှာဖြစ်တယ်။—၁ ကော. ၁၃:၅။
◼ နေ့လယ်စာ– နေ့လယ်စာ စားချိန်မှာ အပြင်ထွက်ပြီး ဝယ်စားမယ့်အစား ကျေးဇူးပြု၍ ရိုးရှင်းတဲ့နေ့လယ်စာ ယူလာပါ။ ထိုင်ခုံအောက်မှာထားလို့ရတဲ့ ရေခဲဘူးလေးကို ယူလာနိုင်ပါတယ်။ မိသားစုသုံးရေခဲဘူးကြီးတွေနဲ့ ဖန်ထည်ပစ္စည်းတွေကိုတော့ စည်းဝေးခန်းမထဲ ယူလာခွင့်မပြုပါဘူး။
◼ အလှူငွေများ– စည်းဝေးကြီးမှာ ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေထည့်ဝင်ပြီး စည်းဝေးကြီး အစီအစဉ်တွေအတွက် ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြနိုင်ပါတယ်။ စည်းဝေးကြီးမှာ ချက်လက်မှတ်နဲ့ အလှူငွေပေးလိုတယ်ဆိုရင် “ယေဟောဝါသက်သေများ၊ ကင်းမျှော်စင်သမ္မာကျမ်းစာနဲ့ ဝေစာအသင်း၊ ရန်ကုန်” သို့ ပေးလှူသင့်ပါတယ်။
◼ ဆေးဝါး– ဆရာဝန်ညွှန်းတဲ့ဆေး သောက်ဖို့လိုတယ်ဆိုရင် စည်းဝေးကြီးကျင်းပတဲ့နေရာမှာ အဲဒီဆေးတွေ ရနိုင်မှာမဟုတ်တဲ့အတွက် ကျေးဇူးပြု၍ ယူလာပါ။ ဆီးချိုအတွက်သုံးတဲ့ ဆေးထိုးအပ်တွေနဲ့ ဆီးချိုစစ်တဲ့အပ်တွေဟာ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့အတွက် စနစ်တကျထုပ်ပိုးပြီး အမှိုက်ပုံးထဲ စွန့်ပစ်ပါ။
◼ ဖိနပ်များ– ဖိနပ်ကြောင့်၊ အထူးသဖြင့် ဒေါက်မြင့်ဖိနပ်ကြောင့် နှစ်စဉ် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရတယ်။ လှေကားတွေ၊ သံဆန်ခါတွေ၊ ဆင်ခြေလျှောလမ်းတွေ အစရှိတဲ့ နေရာတွေမှာ ဘေးကင်းစွာ သွားလာနိုင်ဖို့ သင့်တော်တဲ့ဖိနပ်ကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ပါတယ်။
◼ အစီအစဉ်ထုတ်လွှင့်မှု– အစီအစဉ်ကို အင်္ဂလိပ်လိုဘာသာပြန်ပြီး အဆောက်အအုံအတွင်း FM ရေဒီယိုလှိုင်းနဲ့ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ နားထောင်ချင်တယ်ဆိုရင် FM ရေဒီယိုလှိုင်းဖမ်းနိုင်တဲ့ ဘက်ထရီသုံးစက်တစ်ခုနဲ့ နားကြပ်ကို ယူလာပါ။
◼ ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်– စည်းဝေးကြီးကို ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်တွေ မယူလာသင့်ပါဘူး။ ဒါပေမဲ့ မိဘဘေးကထိုင်ခုံမှာ တင်ထားနိုင်တဲ့ ကလေးထိုင်ခုံကို ယူလာနိုင်ပါတယ်။
◼ အမွှေးနံ့များ– စည်းဝေးကြီးအများစုကို အလုံပိတ်ခန်းမတွေမှာ ကျင်းပပြီး လေဝင်လေထွက်ကောင်းအောင် စက်တွေအသုံးပြုထားတယ်။ ဒါကြောင့် ဓာတ်မတည့်တဲ့သူတွေ၊ ခေါင်းမူးတတ်တဲ့သူတွေကို ထောက်ထားစာနာတဲ့အနေနဲ့ အနံ့ပြင်းတဲ့ရေမွှေးတွေ၊ အော်ဒီကလုံးရေမွှေးတွေကို နည်းနည်းပဲသုံးတာ ဒါမှမဟုတ် လုံးဝမသုံးတာက မေတ္တာရှိရာကျပါတယ်။—၁ ကော. ၁၀:၂၄။
◼ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံများ– စည်းဝေးကြီးအတွင်း အလွတ်သဘော သက်သေခံတဲ့အခါ စိတ်ဝင်စားသူတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ ပုံစံကို အသုံးပြုသင့်ပါတယ်။ ဖြည့်စွက်ပြီးတဲ့ ပုံစံတွေကို စည်းဝေးကြီး စာအုပ်စာတမ်းကောင်တာမှာ ပေးနိုင်ပါတယ် ဒါမှမဟုတ် သင့်ရဲ့ အသင်းတော်ကို ပြန်ရောက်တဲ့အခါ အတွင်းရေးမှူးကို ပေးနိုင်ပါတယ်။
◼ စားသောက်ဆိုင်များ– စားသောက်ဆိုင်တွေမှာ သင့်ရဲ့အမူအကျင့်ကောင်းတွေနဲ့ ယေဟောဝါရဲ့ နာမတော်ကို ဂုဏ်တင်ပါ။ ယေဟောဝါသက်သေဆိုတဲ့ အမည်နဲ့အညီ ဝတ်စားဆင်ယင်ပါ။ ဘောက်ဆူးပေးတဲ့ ထုံးစံရှိရင် ထားခဲ့ပေးပါ။
◼ ဟိုတယ်များ–
(၁) ကိုယ်နေမယ့်အခန်းကိုပဲ ကြိုတင်မှာထားပါ။ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုမနေပါနဲ့။
(၂) အရေးပေါ်ကိစ္စကလွဲလို့ သင် မှာထားတဲ့ အခန်းကို ပြန်မဖျက်ပါနဲ့။ တကယ်လို့ ပယ်ဖျက်ချင်တယ်ဆိုရင်လည်း ဟိုတယ်ကို ချက်ချင်း အကြောင်းကြားပါ။ ဒါမှသာ အခန်းလိုအပ်နေတဲ့သူတွေက အဲဒီအခန်းကို အသုံးပြုနိုင်မှာဖြစ်တယ်။—မ. ၅:၃၇။
(၃) ခရီးဆောင်အိတ်တင်တဲ့ လက်တွန်းလှည်းကို သုံးဖို့အသင့်ဖြစ်မှသာ ယူပါ။ သုံးပြီးရင် အခြားသူတွေအတွက် ချက်ချင်းပြန်ထားပေးပါ။
(၄) သင့်နိုင်ငံမှာ ဘောက်ဆူးပေးတဲ့ထုံးစံရှိရင် အိတ်သယ်ပေးတဲ့၊ အခန်းသန့်ရှင်းရေးလုပ်ပေးတဲ့ ဟိုတယ်ဝန်ထမ်းတွေကို ဘောက်ဆူးပေးပါ။
(၅) သတ်မှတ်ထားတဲ့ အခန်းမှာပဲ ချက်ပြုတ်ပါ။
(၆) ဟိုတယ်မှာရှိနေတဲ့အချိန် တည်းခိုသူတွေအတွက် အခမဲ့ပေးတဲ့ နံနက်စာ၊ ကော်ဖီနဲ့ ဖျော်ရည်တွေကို လိုတာထက် ပိုမယူပါနဲ့။
(၇) ဟိုတယ်ဝန်ထမ်းတွေနဲ့ စကားပြောတဲ့အခါတိုင်း ခရစ်ယာန်အရည်အသွေးတွေကို တင်ပြပါ။ သူတို့က ဧည့်သည်အများကြီးရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးနေရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကြင်နာမှု၊ စိတ်ရှည်မှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ကျေးဇူးတင်လေးမြတ်ကြပါတယ်။
(၈) မိဘတွေအနေနဲ့ ဓာတ်လှေကား၊ ရေကူးကန်၊ ဧည့်ခန်း၊ လေ့ကျင့်ခန်းလုပ်တဲ့အခန်းစတဲ့ ဟိုတယ်ဝန်းကျင်တွေမှာ ကိုယ့်ရဲ့ကလေးတွေကို ဂရုစိုက်ပြီး ထိန်းကျောင်းသင့်ပါတယ်။
(၉) သတ်မှတ်ထားတဲ့ ဈေးနှုန်းက အခန်းခနဲ့အခွန် ပါပြီးသားဖြစ်တယ်။ ဒီထက်ပိုတောင်းတယ်ဆိုရင် မပေးပါနဲ့။ စည်းဝေးကြီးရဲ့ နေရာချထားရေးဌာနကို ချက်ချင်းအကြောင်းကြားပါ။
(၁၀) စည်းဝေးချိန်အတွင်း သင့်အခန်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်လာတယ်ဆိုရင် စည်းဝေးကြီးရဲ့ နေရာချထားရေးဌာနကို အကြောင်းကြားပါ။ ဒါမှ သင့်ကို သူတို့ ကူညီပေးနိုင်မှာဖြစ်တယ်။
◼ စေတနာ့ဝန်ထမ်းခြင်း– စေတနာ့ဝန်ထမ်းချင်တဲ့သူတွေအားလုံး စည်းဝေးကြီးရဲ့ စေတနာ့ဝန်ထမ်းဌာနကို အကြောင်းကြားသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် ကလေးတွေလည်း မိဘ၊ အုပ်ထိန်းသူ ဒါမှမဟုတ် သူတို့ ယုံကြည်စိတ်ချတဲ့ ရင့်ကျက်သူတစ်ယောက်ယောက်ရဲ့ ကွပ်ကဲမှုအောက်မှာ အလုပ် လုပ်နိုင်ပါတယ်။