လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ
၁။ လယ်ကွင်းလုပ်ငန်းကို စနစ်တကျ လုပ်ဆောင်ရန် အဘယ်ကြောင့် အလေးထားသင့်သနည်း။
၁ ယေရှုသည် နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို စနစ်တကျနှင့် ထိထိရောက်ရောက် ထမ်းဆောင်ရန် ပုံနမူနာချမှတ်ခဲ့သည်။ ယနေ့လည်း ဤကမ္ဘာချီ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသူများသည် ဤလုပ်ငန်းကို ထိုနည်းအတိုင်း ထမ်းဆောင်စေလိုသည်။ ဤကြိုးစားအားထုတ်မှုနှင့်အညီ ကမ္ဘာတစ်ဝန်းရှိအသင်းတော်များသည် နိုင်ငံတော်သတင်းဟောပြောသူတို့ကို စီစဉ်ဖွဲ့စည်းရာတွင် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများကို နည်းတစ်နည်းအဖြစ် အသုံးပြုသည်။—မ. ၂၄:၄၅-၄၇; ၂၅:၂၁; လု. ၁၀:၁-၇။
၂။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများတွင် အဘယ်အရာပြုလုပ်သနည်း။
၂ အစီအစဉ်ကောင်းတစ်ခု– လယ်ကွင်းဓမ္မအမှုတွင် ပါဝင်မည့်သူများကို အားပေးရန်၊ လက်တွေ့ကျ ညွှန်ကြားချက်ဖြင့် လမ်းညွှန်ရန် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများကို ပြုလုပ်ခြင်းဖြစ်သည်။ နေ့စဉ်ကျမ်းချက်သည် လယ်ကွင်းဓမ္မအမှုနှင့် သက်ဆိုင်သည်ဆိုလျှင် ယင်းကို အကျဉ်းချုပ် ဆွေးနွေးနိုင်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ ဓမ္မအမှုကျောင်းစာအုပ်တို့မှ အချက်အလက်များကို ဆွေးနွေးခြင်းဖြင့် ရောက်ရှိနေသူများအား တစ်နေ့တာလုပ်ငန်းအတွက် အသင့်ဖြစ်စေနိုင်သည်။ ဝေငှမည့်စာပေနှင့်ပတ်သက်၍ မည်သို့ပြောဆိုရမည်ကိုလည်း အကျဉ်းချုပ် သရုပ်ပြနိုင်သည်။ ဓမ္မအမှုတွင် မည်သူနှင့်အတူ လုပ်ဆောင်မည်၊ မည်သည့်နေရာတွင် လုပ်ဆောင်မည်တို့ကို နိဂုံးချုပ်ဆုမတောင်းမီ အားလုံးသိထားသင့်သည်။ ဤစုဆုံမှုကို ၁၅ မိနစ်မျှသာ ပြုလုပ်ပြီးနောက် ရပ်ကွက်သို့ အားလုံးထွက်ခွာသင့်သည်။
၃။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများကို မည်သူတာဝန်ယူ စီစဉ်မည်နည်း။
၃ ၎င်းတို့ကို မည်သို့စီစဉ်မည်နည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများကို ဦးဆောင်၍ တာဝန်ယူညှိနှိုင်းပေးသည်။ အုပ်စုကြီးကြပ်မှူးများ သို့မဟုတ် သူတို့၏လက်ထောက်များသည် သီတင်းပတ်အဆုံးတွင် မိမိတို့၏သက်ဆိုင်ရာ အုပ်စုများနှင့်အတူ အမှုဆောင်ရန် တာဝန်ရှိသည်။ ကြီးကြပ်မှူး သို့မဟုတ် ဓမ္မအမှုထမ်းအချို့သည် ကြားရက်များတွင် လုပ်ငန်းတော်အုပ်စုများနှင့်အတူ အမှုဆောင်နိုင်ပေမည်။ သီတင်းပတ်ကုန်ရက်များတွင် တစ်အိမ်မှတစ်အိမ်လုပ်ငန်းအတွက် မိမိတို့အုပ်စု ရပ်ကွက်အလုံအလောက်ရှိရန် အုပ်စုကြီးကြပ်မှူးများသည် လုပ်ငန်းတော်ကြီးကြပ်မှူးနှင့်အတူ ပူးပေါင်းလုပ်ဆောင်သည်။ ကြားရက်များတွင် လယ်ကွင်းလုပ်ငန်း၌ အုပ်စုများအား မည်သူဦးဆောင်မည်ကို လုပ်ငန်းတော်ကြီးကြပ်မှူးက စီစဉ်ပေမည်။
၄-၆။ (က) အသင်းတော်ရပ်ကွက်နှင့်ပတ်သက်သော လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ခ) လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများပြုလုပ်ဖို့ လိုမလို ဆုံးဖြတ်ရာတွင် အဘယ်အရာကို သုံးသပ်နိုင်သနည်း။
၄ ဤစုဆုံမှုများကို မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် ကျင်းပသင့်သနည်း။ အသင်းတော်တစ်ခုလုံးသည် တစ်နေရာတည်းတွင် စုဆုံမည့်အစား အသင်းတော်ရပ်ကွက်တစ်ခုလုံးကို ထိရောက်နှံ့စပ်စွာ လုပ်ဆောင်နိုင်ရန် ဤစုဆုံမှုများကို အဆင်ပြေသည့်နေရာများတွင်ရှိသော နေအိမ်များ၌ ပြုလုပ်ခြင်းက အသင့်တော်ဆုံးဖြစ်လေ့ရှိသည်။ နိုင်ငံတော်ခန်းမများကိုလည်း အသုံးပြုနိုင်၏။ အသင်းတော်များစွာသည် လူထုဟောပြောချက်နှင့် ကင်းမျှော်စင် လေ့လာမှုပြီးနောက် နိုင်ငံတော်ခန်းမတွင် လုပ်ငန်းအတွက် စုဆုံမှုပြုလုပ်ကြသည်။ အမှုဆောင်ထွက်မည့်ရပ်ကွက် မဝေးလွန်းစေရန် ကြိုးစားစီစဉ်သင့်သည်။ ထို့ကြောင့် ရပ်ကွက်ကို နှံ့စပ်ထိရောက်စွာ ပြီးစီးစေရန် လက်ရှိစုဆုံမှုပြုလုပ်သည့် နေရာများသည် သင့်တော်နေဆဲရှိမရှိ သေချာစေရန် အစီအစဉ်များကို ပုံမှန်သုံးသပ်နိုင်သည်။
၅ ရပ်ကွက်အခြေအနေပေါ်မူတည်၍ ဤစုဆုံမှုများပြုလုပ်ရန် အကောင်းဆုံးအချိန်နှင့် တစ်ပတ်လျှင် ဘယ်နှစ်ကြိမ် ပြုလုပ်မည်ကို ဆုံးဖြတ်သင့်သည်။ ဤစုဆုံမှုများကို အဘယ်နေရာနှင့် အဘယ်အချိန်တွင် ပြုလုပ်ရန် အကောင်းဆုံးဖြစ်မည်ကို ဆုံးဖြတ်ရာတွင် အောက်ပါမေးခွန်းများက အထောက်အကူပြုမည်ဖြစ်သည်။
၆ အဘယ်ရပ်ကွက်ကို ပို၍ အာရုံစိုက်သင့်သနည်း။ အဘယ်အချိန်သည် တစ်အိမ်မှတစ်အိမ်သွားရန် အကောင်းဆုံးဖြစ်သနည်း။ ညနေပိုင်းတွင် တစ်အိမ်မှတစ်အိမ် သို့မဟုတ် ပြန်လည်ပတ်မှုသွားရန် စီစဉ်သင့်သလော။ လယ်ကွင်းလုပ်ငန်း အစီအစဉ်များကို အသင်းတော်ကြော်ငြာသင်ပုန်းတွင် ကပ်ထားသင့်သည်။ “ငါမဟောပြောရသေးသောနေရာ မရှိတော့” ဟူ၍ တမန်တော်ပေါလုပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်းပြောနိုင်ရန် ကြေညာသူအားလုံးသည် မိမိတို့တာဝန်ကျရာ ရပ်ကွက်ကို နှံ့နှံ့စပ်စပ်ဟောပြောဖို့ ဆန္ဒရှိရမည်။—ရော. ၁၅:၂၃။
၇ လယ်ကွင်းလုပ်ငန်းအုပ်စုကို ဦးဆောင်မည့်သူ၌ အဘယ်တာဝန်ရှိသနည်း။
၇ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ ပြုလုပ်ခြင်း– ဤစုဆုံမှုကို ကိုင်တွယ်ရန် တာဝန်ရထားသူသည် ကောင်းစွာပြင်ဆင်ခြင်းဖြင့် ဤသီအိုကရက်တစ် အစီအစဉ်ကို အလွန်လေးစားကြောင်း ဖော်ပြသည်။ ဤစုဆုံမှုများကို အချိန်မီ စတင်ကာ ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း ထိရောက်တိုတုတ်စွာ ပြုလုပ်သင့်သည်။ ဦးဆောင်သူသည် စုဆုံမှုမစတင်မီ မည်သည့်ရပ်ကွက်တွင် အမှုဆောင်မည်ကို သိထားသင့်သည်။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုပြီးနောက် နောက်ကျသူများကို စောင့်နေရန်မလိုသော်လည်း အုပ်စုသည် အဘယ်နေရာတွင် လုပ်ဆောင်နေမည်ကို စာတိုလေးရေးခဲ့လျှင် အကူအညီဖြစ်နိုင်ပါသည်။ စုဆုံမှုပြီးသည်နှင့် ရပ်ကွက်သို့ အားလုံး ထွက်ခွာသင့်သည်။ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုကို စနစ်တကျနှင့် တိကျစွာ ပြုလုပ်မည်ဆိုလျှင် ထိုနေ့တွင် အမှုဆောင်ထွက်သူများ သိသင့်သိအပ်သော လမ်းညွှန်ချက် ရပေမည်။—သု. ၁၁:၁၄။
၈။ လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများကို တက်ရောက်သူများသည် အဘယ်နည်းများဖြင့် ဦးဆောင်သူနှင့် ပူးပေါင်းဆောင်ရွက်နိုင်သနည်း။
၈ လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများ တက်ရောက်ခြင်း– ပူးပေါင်းဆောင်ရွက်မှုရှိဖို့လိုသည်။ (ဟေဗြဲ ၁၃:၁၇) ဖြစ်နိုင်သည့်အခါတိုင်း အုပ်စုကိုကိုင်တွယ်သူသည် တစ်စုံတစ်ယောက်နှင့်တွဲအမှုဆောင်လိုသူ မည်သူ့ကိုမဆို ကူညီပေးမည်။ လူသစ်များနှင့် အတွေ့အကြုံနည်းသော ကြေညာသူများကို ကူညီပေးရန် အတွေ့အကြုံရှိသော ကြေညာသူများရှိလျှင် ကောင်းသည်။ တစ်ခါတစ်ရံ လူပြောင်းတွဲပေးခြင်းကို လက်ခံမည်ဆိုလျှင် အကျိုးများစွာရှိနိုင်သည်။ (သု. ၂၇:၁၇; ရော. ၁၅:၁၊ ၂) အားလုံး အချိန်မီရောက်ရှိရန် ကြိုးစားသင့်သည်။ ဤသီအိုကရက်တစ် အစီအစဉ်ကို လေးစားမည်၊ ညီအစ်ကို ညီအစ်မများကို စာနာမည်ဆိုလျှင် လိုအပ်သလို ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲလိုပေမည်။—၂ ကော. ၆:၃၊ ၄; ဖိ. ၂:၄။
၉။ ရှေ့ဆောင်များသည် ဤအစီအစဉ်ကို အဘယ်အဖိုးတန်နည်းလမ်းများဖြင့် ကူညီပေးနိုင်သနည်း။
၉ ရှေ့ဆောင်များ၏အကူအညီ– လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများတွင် ရှေ့ဆောင်များပေးသော အကူအညီသည် အားလုံးအတွက် တန်ဖိုးရှိပြီး အားပေးမှုဖြစ်စေသည်။ မှန်ပါသည်၊ ရှေ့ဆောင်များတွင် တာဝန်များစွာရှိ၏။ သူတို့သည် ကျမ်းစာသင်အံမှုများ၊ ပြန်လည်ပတ်မှုများ ပြုလုပ်သည့်အပြင် နေ့စဉ် မိသားစုတာဝန်၊ ဝမ်းစာရှာလုပ်ငန်းများကို လုပ်ကိုင်ကြရသည်။ ထို့ကြောင့် ရှေ့ဆောင်များသည် အသင်းတော်စီစဉ်သော လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုတိုင်းကို တက်ရမည်ဟု မယူဆသင့်ချေ၊ အထူးသဖြင့် နေ့တိုင်းပြုလုပ်ခဲ့လျှင်ဖြစ်သည်။ သို့သော် ရှေ့ဆောင်များသည် လုပ်ငန်းအတွက်စုဆုံမှုအချို့ကို ပတ်စဉ် တက်ရောက်နိုင်ဖွယ်ရှိသည်။ လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများသည် အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပေးသည့်နေရာဖြစ်ပြီး ရှေ့ဆောင်များ၏အသိပညာနှင့် အတွေ့အကြုံသည် အခြားသူများအတွက် များစွာအထောက်အကူပြုနိုင်သည်။ သူတို့သည် လယ်ကွင်းဓမ္မအမှုတွင် အမြဲပါဝင်နေသည့်အတွက် အတွေ့အကြုံများစွာရှိကြရာ ယင်းကို အခြားသူများအား ဝေမျှနိုင်သည်။ ဓမ္မအမှုနှင့် လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုတွင် ဇွဲရှိရှိပါဝင်ခြင်းသည် အခြားသူများအတွက် ပုံသက်သေဖြစ်စေသည်။ လုပ်ငန်းအတွက်စုဆုံမှုများတွင် သူတို့ပါဝင်ခြင်းကို အလွန်တန်ဖိုးထားကြသည်။
၁၀။ ဤအစီအစဉ်တွင် သတင်းကောင်းကြေညာသူအားလုံး အဘယ်ကြောင့် အပြည့်အဝပါဝင်သင့်သနည်း။
၁၀ ယေရှုနှင့် တပည့်တော်များနည်းတူ ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို များသောအားဖြင့် တစ်အိမ်မှတစ်အိမ် သက်သေခံခြင်းဖြင့် ပြီးမြောက်ခဲ့ကြပြီ။ လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများသည် အပြန်အလှန်အားပေးရန်၊ ဤလုပ်ငန်းတွင် ထိထိရောက်ရောက် ပါဝင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သတင်းကောင်းကြေညာသူအားလုံးသည် ဤသီအိုကရက်တစ် အစီအစဉ်များတွင် အတတ်နိုင်ဆုံး ပါဝင်သင့်သည်။ (တ. ၅:၄၂; ၂၀:၂၀) ကျွန်ုပ်တို့အားလုံး အပြည့်အဝ ပါဝင်နိုင်ကြပါစေ။ ထိုသို့ပြုခြင်းအားဖြင့် ယေဟောဝါ၏ကောင်းချီးများကို ခံစားရမည်မှာ သေချာသည်။ ထို့ပြင် ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ဟောပြောကြစဉ် ကျွန်ုပ်တို့၏ခေါင်းဆောင် ယေရှုခရစ်အား ရွှင်လန်းစေနိုင်သည်။—မ. ၂၅:၃၄-၄၀; ၂၈:၁၉၊ ၂၀။