မဂ္ဂဇင်းလမ်းကြောင်းဖြင့် စိတ်ဝင်စားမှုကို ပျိုးထောင်ပေးပါ
၁။ စိတ်ဝင်စားမှုကို ပျိုးထောင်ပေးရန် မဂ္ဂဇင်းလမ်းကြောင်းတစ်ခုကို ကျွန်ုပ်တို့ မည်သို့အသုံးပြုနိုင်သနည်း။
၁ ဓမ္မအမှုတွင် ကျွန်ုပ်တို့တွေ့ရသူများစွာသည် ကျွန်ုပ်တို့၏လည်ပတ်မှုများကို ကြိုဆိုပြီး စာပေများကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြသော်လည်း ပုံမှန် ကျမ်းစာသင်အံမှုကိုလက်ခံရန်မူ တွန့်ဆုတ်ကြသည်။ သူတို့၏စိတ်ဝင်စားမှုကို ပျိုးထောင်ပေးရန် နည်းတစ်နည်းမှာ မဂ္ဂဇင်းလမ်းကြောင်းအားဖြင့်ဖြစ်၏။ သင်သည် မဂ္ဂဇင်းများဝေငှသည့်အခါ ထိုသူစိတ်ဝင်စားကြောင်းကို ညွှန်ပြကောင်းညွှန်ပြပေးမည့် သင် သတိပြုမိခဲ့ရာတစ်စုံတစ်ခုနှင့်အတူ ထိုသူ၏နာမည်နှင့် လိပ်စာ၊ သွားရောက်သည့်နေ့စွဲ၊ ယူထားသည့် စာစောင်များနှင့် ဆွေးနွေးခဲ့သောကျမ်းချက်တို့ကို ရေးမှတ်ထားပါ။ မဂ္ဂဇင်းအသစ်တစ်စောင် ရောက်ရှိလာသည့်အခါ သင့်မဂ္ဂဇင်းလမ်းကြောင်းတွင်ရှိသူများ နှစ်သက်မည့်အချက်များကို ရှာဖွေပြီး သင် လည်ပတ်သည့်အခါ ၎င်းတို့ကို ပေါ်လွင်စေပါ။ (၁ ကော. ၉:၁၉-၂၃) အချိန်တန်သော် ကျွန်ုပ်တို့၏ဂျာနယ်များတွင် သူတို့ဖတ်ရှုရသည့်အကြောင်းအရာတစ်ခုခုက သူတို့၏စိတ်ဝင်စားမှုကို နှိုးဆွပေးကာ ပိုမိုသိချင်စိတ်ကို ဖြစ်ပေါ်စေနိုင်သည်။
၂။ လူတို့သည် ယေဟောဝါအား ယခုရှာရန် အဘယ်ကြောင့် အရေးတကြီးလိုအပ်သနည်း၊ သူတို့ကိုကူညီရန် ကျွန်ုပ်တို့ နောက်ထပ်ဘာလုပ်နိုင်သနည်း။
၂ သို့သော် လူအများစုသည် မဂ္ဂဇင်းများကို သူတို့ဘာသာဖတ်ရှုရုံမျှဖြင့် ယေဟောဝါ၏ကျေးကျွန်များ ဖြစ်လာကြမည်မဟုတ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။ လူတို့သည် ယေဟောဝါအား ယခုရှာရန် အရေးတကြီးလိုအပ်သောကြောင့် သူတို့ကိုကူညီဖို့ ကျွန်ုပ်တို့ နောက်ထပ်ဘာလုပ်နိုင်သနည်း။ (ဇေ. ၂:၂၊ ၃; ဗျာ. ၁၄:၆၊ ၇) ကျွန်ုပ်တို့သည် မဂ္ဂဇင်းများဝေငှတိုင်း ဂရုတစိုက်ရွေးချယ်ထားသည့် ကျမ်းချက်တစ်ချက်ကို ဝေမျှခြင်းဖြင့် သူတို့၏စိတ်ဝင်စားမှုကို ပျိုးထောင်ပေးနိုင်သည်။
၃။ (က) ကျမ်းချက်တစ်ချက်ပါသည့် ဆွေးနွေးခန်းနှင့် နောက်ဆက်တွဲများကို ကျွန်ုပ်တို့ မည်သို့ပြင်ဆင်နိုင်သနည်း။ (ခ) မည်သည့်အကြောင်းအရာများသည် သင့်ရပ်ကွက်ရှိလူတို့နှင့် အသက်ဆိုင်ဆုံးဖြစ်သနည်း။
၃ ကျမ်းချက်တစ်ချက်ပါသည့် ဆွေးနွေးခန်းများ– သင့်မဂ္ဂဇင်းလမ်းကြောင်းတွင်ရှိသူများအကြောင်း စဉ်းစားပါ၊ တစ်ဦးစီ၏ သတ်သတ်မှတ်မှတ်လိုအပ်ချက်များအတွက် ကျမ်းချက်တစ်ချက်ပါသည့် ဆွေးနွေးခန်းနှင့် နောက်ဆက်ဆွေးနွေးရန်များကို ပြင်ဆင်ပါ။ (ဖိ. ၂:၄) ဥပမာ၊ တစ်စုံတစ်ဦးသည် ချစ်မြတ်နိုးရသူတစ်ဦးကို သေခြင်းအားဖြင့် မကြာသေးမီက ဆုံးရှုံးခဲ့လျှင် လူသေ၏အခြေအနေနှင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာဖော်ပြချက်ကို ဆွေးနွေးရန် သင်သည် ပြန်လည်ပတ်မှု အကြိမ်များစွာလုပ်နိုင်သည်။ ကျိုးကြောင်းဆင်ခြင် စာအုပ်ပါ “သေခြင်း” နှင့် “ရှင်ပြန်ထမြောက်ခြင်း” ဟူသောအဓိကအကြောင်းအရာများအောက်ရှိ အချက်အလက်ကို ဤကျမ်းချက်တစ်ချက်ပါ ဆွေးနွေးခန်းများပြင်ဆင်ရန် အသုံးပြုနိုင်သည်။ ဖျားနာခြင်း၊ အသက်ကြီးရင့်လာခြင်းနှင့် သေခြင်းတို့ကို မည်သို့ လုံးဝဖယ်ရှားပေးမည် အစရှိသည့် ဆက်စပ်နေသောအကြောင်းအရာများကို သဘာဝကျကျ ထပ်ဆင့်ဆွေးနွေးမှုများပြုလုပ်နိုင်သည်။ ဦးတည်ချက်မှာ ထိုသူစိတ်ဝင်စားမည့်အကြောင်းအရာတစ်ခုကိုသိရှိပြီး ၎င်းနှင့်ပတ်သက်သည့် ကျမ်းစာအဆိုကို သူ့အား အဆင့်ဆင့်ဖော်ပြရန်ဖြစ်သည်။
၄။ ကျမ်းစာကို ကျွန်ုပ်တို့အသုံးပြုသည့်အခါ နားလည်ရန်ကူညီပေးခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။
၄ နားလည်စေပါ– ထိုသို့သောဆွေးနွေးခန်းများကို ရိုးရိုးလေးနှင့် တိုတိုတုတ်တုတ်ဖြစ်စေခြင်းက များသောအားဖြင့် အကောင်းဆုံးဖြစ်သော်လည်း ရွေးချယ်ထားသောကျမ်းချက်ကို ဖတ်ရှုရုံထက်မက လိုအပ်ပါသည်။ စာတန်သည် သတင်းကောင်းကိုငြင်းပယ်ရန် လူတို့၏ဉာဏ်မျက်စိကို ကွယ်စေခဲ့ပြီ။ (၂ ကော. ၄:၃၊ ၄) ကျမ်းစာနှင့် အကျွမ်းတဝင်ရှိသူများပင် ယင်းကိုနားလည်ရန် အကူအညီလိုအပ်သည်။ (တ. ၈:၃၀၊ ၃၁) ထို့ကြောင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်း ဟောပြောချက်တစ်ခုတွင် သင်ပြုလုပ်မည့်ပုံစံအတိုင်း ကျမ်းချက်ကို ရှင်းပြပြီး ဥပမာပေးဖော်ပြရန် အချိန်ယူပါ။ (တ. ၁၇:၃) ဘုရားသခင့်နှုတ်ကပါဌ်တော်၏ လက်တွေ့ကျတန်ဖိုးကို ထိုသူ၏အသက်တာတွင် တွေ့မြင်ရကြောင်း သေချာစေပါ။
၅။ မဂ္ဂဇင်းလမ်းကြောင်းတစ်ခုထံ လည်ပတ်မှုသည် ကျမ်းစာသင်အံမှုတစ်ခု မည်သို့ဖြစ်လာနိုင်သနည်း။
၅ လူတစ်ဦးသည် သူလေ့လာနေသောအရာကို နှစ်သက်လာလျှင် လည်ပတ်မှုတစ်ခုစီတွင် ကျမ်းချက်နှစ်ချက်၊ သုံးချက်ပါဝင်ရန် ဆွေးနွေးခန်းများကို တဖြည်းဖြည်းတိုးချဲ့ပါ။ တောင်းဆို ဘရိုရှာ သို့မဟုတ် အသိပညာ စာအုပ်ကို အစပြုပြသနိုင်ရန် အခွင့်အရေးရှာပါ။ ဤနည်းဖြင့် မဂ္ဂဇင်းလမ်းကြောင်းတစ်ခုထံ လည်ပတ်မှုသည် နောက်ဆုံးတွင် ကျမ်းစာသင်အံမှုတစ်ခု ဖြစ်လာနိုင်သည်။