အမေရိကန်ပြည်ထောင်စုရှိနိုင်ငံတော်ခန်းမဆောက်လုပ်ရေး
၁ ကမ္ဘာချီလယ်ကွင်းကို ကျွန်ုပ်တို့ကြည့်လိုက်သောအခါ ယေဟောဝါ၏မြေကြီးဆိုင်ရာအဖွဲ့အစည်း၏ အကြီးအကျယ်တိုးတက်မှုကို တွေ့ မြင်ရခြင်းသည် အားရကြည်နူးစရာပင်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင် အသင်းတော်စုစုပေါင်း ၃,၂၈၈ ခုထပ်တိုးလာစဉ် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် အသင်းတော်သစ် ၂၄၆ ခုဖွင့်ခဲ့ရသည်။ ဤတိုးတက်မှုအားလုံးကြောင့် နိုင်ငံတော်ခန်းမများ ပို၍လိုအပ်လာသည်မှာ အံ့ဩစရာမဟုတ်ပါ။
၂ ညီအစ်ကို၊ ညီအစ်မမြောက်မြားစွာတို့သည် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးတွင် သူတို့၏အချိန်နှင့်ဥစ္စာအင်ခွင်များကို စေတနာအလျောက်ပေးလှူကြခြင်းဖြင့် ယေဟောဝါ၏အဖွဲ့အစည်းအတွက် ထူးခြားသည့်ဇွဲနှင့်ထောက်မမှုကို တင်ပြကြသည်။ အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးတွင်လုပ်ဆောင်နေသော ဒေသန္တရဆောက်လုပ်ရေးကော်မတီ ၇၅ ခုသည် သူတို့၏ခန့်အပ်ခံဒေသရှိ အသင်းတော် ၁၄၀ စီ၏လိုအပ်ချက်များကို ကြည့်ရှုရသည်။ နှစ်စဉ် နိုင်ငံတော်ခန်းမအသစ်အလုံးပေါင်း ၂၀၀ နီးပါးဆောက်လုပ်ရပြီး အခြားအလုံး ၂၀၀ ကိုမူပြန်ပြုပြင်ကြသည်။ ဒေသန္တရကော်မတီများသည် ဤစီမံကိန်းများကိုကြီးကြပ်ရန် တာဝန်အပ်နှင်းခံရပြီး သူတို့၏လုပ်ဆောင်မှုများသည် တန်ဖိုးထားခံရသည်။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေး အစီအစဉ်တစ်ရပ်လုံးသည် လောကတွင်တင်ပြလေ့ရှိသည့်စိတ်ဓာတ်၏ဆန့်ကျင်ဘက်—ပေးကမ်းခြင်းနှင့်ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြစ်သည့် ခရစ်ယာန်စိတ်ဓာတ်ဖြင့် ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။—၂ တိ. ၃:၂၊ ၄။
၃ နိုင်ငံတော်ခန်းမများကို သတ်မှတ်ထားသည့်စံနှင့်ကိုက်ညီစေရန်အကူအညီဖြစ်စေဖို့ အသင်းမသည် ဒေသန္တရကော်မတီများကို စီအေဒီ (ကွန်ပျူတာအထောက်အကူပုံစံ/ပုံကြမ်း) ပေါ်တွင်ပုံစံများပါသည့် ယူ.အက်စ်. စံတင်နိုင်ငံတော်ခန်းမဒီဇိုင်းပရိုဂရမ်ကို ပို့ပေးသည်။ ယင်းက စေတနာ့ဝန်ထမ်းများ၏ အချိန်နှင့်ဥစ္စာအင်ခွင်နှစ်ခုစလုံးကို ချွေတာရန် အကူအညီဖြစ်စေသည်။ အသင်းမနိုင်ငံတော်ခန်းမရန်ပုံငွေကို ပညာရှိရှိစီမံခန့်ခွဲရာတွင်လည်း ထောက်ကူပေးသည်။ ယခုအခါ အကြီးအကဲများသည် ဤအခြေခံဒီဇိုင်းများကို ရွေးချယ်ကြသည်။ ဤကိရိယာအသစ်ကိုရရှိပြီးနောက် ဒေသန္တရဆောက်လုပ်ရေးကော်မတီတစ်ခုက ဤသို့ဆိုသည်– “ဒီဇိုင်းပရိုဂရမ်ကိုရရှိခြင်းကြောင့် ကျွန်ုပ်တို့အလွန်ပျော်ပြီး အတော့်ကိုစိတ်လှုပ်ရှားခဲ့ရပါသည်။ . . . ဗိသုကာပညာနှင့် စက်မှုပညာတွင် အတွေ့အကြုံရှိသောညီအစ်ကိုများသည် ဤဒီဇိုင်းသစ်များကိုအသုံးပြုခြင်းအားဖြင့် ၅၀ မှ ၆၀ ရာခိုင်နှုန်းအထိ အချိန်ကုန်သက်သာမည်ဟု ခန့်မှန်းကြပါသည်။ ဤပရိုဂရမ်များရှိခြင်းသည် နိုင်ငံတော်ခန်းမများအတွက် တစ်ပုံစံ၊ တစ်သမတ်တည်းဖြစ်သောစံများဖြစ်မြောက်စေရန်လည်း ထောက်ကူပေးသည်။” အသင်းတော်များသည် နိုင်ငံတော်ခန်းမများကို သတ်မှတ်စံနှင့်ကိုက်ညီစေရန် ထောက်ကူပေးရာတွင် ပူးပေါင်းလုပ်ဆောင်ကြသောကြောင့် မိမိတို့၏အကူအညီကို စေတနာအလျောက်ပေးဆက်နေကြသော ဆက်ကပ်အပ်နှံထားသည့်ဗိသုကာများ၊ အင်ဂျင်နီယာများနှင့် ကန်ထရိုက်တာများ၏ဝန်ထုပ်ကို အတော်အတန်ပေါ့စေမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။
၄ စေတနာ့ဝန်ထမ်းများက အလုပ်မွန်ကို ထောက်ကူပေး– နိုင်ငံတော်ခန်းမဆောက်လုပ်ရေးတွင် အကူအညီပေးသောစေတနာ့ဝန်ထမ်းများစွာကို အသင်းမကကျေးဇူးတင်ပါသည်။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကဏ္ဍအသီးသီးတွင် မိမိတို့ကိုယ်ကိုပေးဆက်ကြသော စေတနာ့ဝန်ထမ်းထောင်ပေါင်းများစွာကို တွေ့ မြင်ရခြင်းသည် အမှန်ပင်ကျေနပ်အားရဖွယ်ဖြစ်သည်။ ဤအစီအစဉ်အောင်မြင်နိုင်သည့်အကြောင်းမှာ မိမိတို့၏အသင်းတော်နှင့်မိသားစုများနှင့် ကောင်းကောင်းအသုံးပြုနိုင်သည့်အချိန်ကို စွန့်လွှတ်ပေးဆက်ကြသော စေတနာ့ဝန်ထမ်းများတွင်ရှိသည့် လိုလိုလားလားရှိသော၊ ရက်ရောသော၊ ပူးပေါင်းလုပ်ဆောင်လိုသောစိတ်ဓာတ်တို့ကြောင့်ဖြစ်သည်။ (ဆာ. ၁၁၀:၃; ကော. ၃:၂၃) ဤမေတ္တာပါသောတုံ့ပြန်မှုကြောင့် သူတို့သည် ကျွန်ုပ်တို့၏ချီးမွမ်းမှု၊ လေးမြတ်မှုနှင့် အပြည့်အဝထောက်ခံမှုကိုရထိုက်သည်။—ရော. ၁၂:၁၀; ဟေဗြဲ ၁၃:၁။
၅ ဆောက်လုပ်ရေးကုန်ကျစရိတ်များကို အနည်းဆုံးဖြစ်စေခြင်း– ဒေသန္တရဆောက်လုပ်ရေးကော်မတီများသည် အရည်အချင်းရှိအကြီးအကဲတစ်ဦး၏ကြီးကြပ်မှုအောက်ရှိ ဝယ်ယူရေးဌာနတစ်ခုကို စနစ်တကျဖွဲ့စည်းရန် ညွှန်ကြားခံရသည်။ ဤဌာနတွင်လုပ်ဆောင်သောညီအစ်ကိုများသည် စျေးနှုန်းများသိရှိရန် ဝီရိယရှိရှိစူးစမ်းကြသည်၊ အကြောင်းမှာ ဝယ်ခြမ်းခြင်းနှင့် စျေးပြိုင်လေလံဆွဲခြင်းတို့ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် နှစ်သက်ဖွယ်စျေးနှုန်းများကိုရှာတွေ့ရန်ဖြစ်သည်။ ဤနည်းအားဖြင့် မည်သည့်ကုန်ပစ္စည်းအရောင်းဌာနများကို အသုံးပြုသင့်သည်၊ မည်သည့်ပစ္စည်းများကို ဝယ်ယူသင့်သည်ကို ဆုံးဖြတ်နိုင်သည်။ တစ်ခါတစ်ရံ နိုင်ငံတော်ခန်းမစီမံကိန်းကိုလုပ်ဆောင်နေစဉ်အတွင်း ဒေသခံအသင်းတော်ရှိ အရည်အချင်းပြည့်မီသောညီအစ်ကိုများသည် ဤဌာနတွင်အကူအညီပေးရန် ဖိတ်ခေါ်ခံရကြသည်။
၆ ရန်ပုံငွေများကို ဖြစ်နိုင်သ၍ချွေချွေတာတာအသုံးပြုစေရန် ဒေသန္တရဆောက်လုပ်ရေးကော်မတီသည် ချက်လက်မှတ်များကို ထပ်ဆင့်စစ်ဆေးလက်မှတ်ထိုးခြင်းဖြင့်ဖြစ်စေ၊ ဘောက်ချာများကို စစ်ဆေး၍လက်မှတ်တိုထိုးခြင်းဖြင့်ဖြစ်စေ ဆောက်လုပ်ရေးရန်ပုံငွေမှသုံးစွဲငွေအားလုံးကို စိစစ်အတည်ပြုရမည်။ အသစ်ဆောက်လုပ်သည်ဖြစ်စေ၊ ပြန်လည်မွမ်းမံသည်ဖြစ်စေ နိုင်ငံတော်ခန်းမစီမံကိန်းတစ်ခု ရှိသည့်အခါတိုင်း ယင်းခန်းမတွင်စည်းဝေးမည့်သူ(များ)အပြင် အသင်းတော်များမှ စေတနာ့ဝန်ထမ်းအကူအညီကို အသုံးပြုဖို့လိုအပ်သည့်အခါ ဒေသန္တရကော်မတီက စီမံကိန်းကိုကြီးကြပ်သွားမည်ဖြစ်သည်။
၇ အခြားဌာနခွဲများလိုအပ်ရာကို ကူညီပေးခြင်း– အမေရိကန်ပြည်ထောင်စုရှိ ဒေသန္တရဆောက်လုပ်ရေးကော်မတီ၏အကူအညီကို အခြားဌာနခွဲများလိုအပ်သည့်အခါမျိုးရှိသည်။ ဘေးဒဏ်အချို့ကျရောက်ပြီးနောက် ထိခိုက်ပျက်စီးမှုကိုပြန်ပြုပြင်ရန် သို့မဟုတ် ဒေသဆိုင်ရာ ဒေသန္တရကော်မတီတစ်ခုကို သင်တန်းပေးရန်အတွက် ထိုသို့သောအကူအညီမျိုးလိုအပ်လေ့ရှိသည်။ ဤနိုင်ငံမှတာဝန်ရှိသောညီအစ်ကိုများသည် အခြားနိုင်ငံတွင် အကူအညီပေးရန် မိမိတို့စရိတ်ဖြင့်ခရီးသွားရန် တလိုတလားရှိကြခြင်းသည် စစ်မှန်သောမေတ္တာပြသမှုဖြစ်သည်။ အသင်းမသည် ဌာနခွဲရုံးတစ်ခု၏တောင်းဆိုမှုကို သဘောတူသောအခါ မိမိတို့၏ဒေသအတွင်းရှိ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအစီအစဉ်တွင် လုပ်ဆောင်ရန်အားလပ်နေသည့်ဒေသန္တရကော်မတီတစ်ခုကို ရွေးချယ်ပါသည်။ ယင်းက စည်းစနစ်ကျနသောအစီအစဉ်ကိုဖြစ်စေသည်။
၈ အခြားတိုင်းပြည်များတွင် နိုင်ငံတော်ခန်းမများ အစဉ်တိုး၍လိုအပ်နေသောကြောင့် ရှိထားသည့်ရန်ပုံငွေများကို အတတ်နိုင်ဆုံးပညာရှိရှိသုံးစွဲရန်လိုသည်။ အမေရိကန်ပြည်ထောင်စုရှိ အသင်းတော်အားလုံးထံသို့ရေးသည့် ၁၉၉၅၊ ဇွန် ၁၅ စာတွင် နိုင်ငံတော်ခန်းမအသစ်ဆောက်လုပ်ခြင်းနှင့် ရှိပြီးသားကိုပြန်လည်မွမ်းမံခြင်းတွင် အတတ်နိုင်ဆုံးချွေတာကြရန် အားပေးထားသည်။ ဤတောင်းဆိုမှုကို ပူးပေါင်းလုပ်ဆောင်မှုကောင်းဖြင့် ဖြည့်ဆည်းပြည့်မီလျက်ရှိသည်။ ထို့ကြောင့် ၁၉၉၇ မတ်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ကြေညာထားသည့်အတိုင်း ယခုအခါ အသင်းမ၏နိုင်ငံတော်ခန်းမရန်ပုံငွေတချို့ကို ငွေကြေးအကန့်အသတ်ရှိပြီး စီးပွားရေးအကျပ်အတည်းအတော်အတန်ရှိကာ နိုင်ငံတော်ခန်းမများရှိရန် ပိုအရေးတကြီးလိုအပ်သောတိုင်းပြည်များရှိ အသင်းတော်များကို ချေးပေးရန်သုံးစွဲနေသည်။
၉ တိုင်းပြည်တချို့တွင် နိုင်ငံတော်ခန်းမများပို၍လိုအပ်သည်ကို ၁၉၉၇ နှစ်ချုပ်စာအုပ်က အလေးပေးဖော်ပြသည်။ ဥပမာအနေနှင့် ယခုအထိ နိုင်ငံတော်ခန်းမ ၄၇ လုံးကို ဆောက်လုပ်ပြီးစီးပြီး အခြား ၅၆ လုံးကို ဆောက်လုပ်နေဆဲရှိသည့်ယူကရိန်းနိုင်ငံကို ဖော်ပြထားသည်။ ထိုသို့သောနိုင်ငံများတွင်လိုအပ်ချက်သည် အလွန်သိသာသည်။ မှတ်တမ်းကဤသို့ဖော်ပြသည်– “ရုရှားတွင် နိုင်ငံတော်ခန်းမအမြောက်အမြားလိုအပ်နေသည်။ သက်သေခံအရေအတွက်တိုးတက်မှုသည် အလွန်မြန်ဆန်သည်၊ သို့သော် ရုရှားဌာနခွဲအောက်ရှိ အသင်းတော် ၈၅ ရာခိုင်နှုန်းခန့်တွင် အတည်တကျစည်းဝေးဖို့နေရာမရှိပါ။ အသင်းတော် ၈၀၀ ခန့်ရှိသည့်ဇင်ဘာဘွေတွင် ယင်းမှအများစုသည် လေဟာပြင်တွင် စည်းဝေးလုပ်နေရသည်။ ယင်းက စိတ်ဝင်စားသူလူသစ်အချို့အတွက် စည်းဝေးတက်ရန် အဆီးအတားဖြစ်စေသည်။” အလားတူအခြေအနေများသည် မြန်မာနိုင်ငံ၊ အရှေ့ဥရောပ၊ အာဖရိကနှင့်လက်တင်အမေရိကတို့တွင်လည်းရှိပါသည်။
၁၀ ဤနောက်ဆုံးကာလတွင် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလာသော်လည်း ဘုရားသခင့်လူမျိုးသည် လူမျိုးရေးနှင့်နယ်မြေစည်းရိုးများကို ကျော်လွန်ရောက်ရှိနိုင်သည့်မေတ္တာဖြင့် တစ်ဦးကိုတစ်ဦးချစ်ကြောင်း ဆက်၍သာဓကတင်ပြနေကြသည်။ (မ. ၂၄:၁၄) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကိုတုပသောအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားတိုင်းပြည်များ၏ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို စိတ်လိုကိုယ်လျောက်ထောက်မခြင်းဖြင့် ထိုသို့သောမေတ္တာကို ဆက်၍ပြသကြစို့။ ထိုသို့ ကျွန်ုပ်တို့လုပ်ဆောင်ခြင်းဖြင့် ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးနှင့် နှစ်သက်သဘောကျမှုကို ရရှိခံစားကြရမည်ဖြစ်သည်။—မာလ. ၃:၁၀; ဟေဗြဲ ၆:၁၀။