ဖိလိပ္ပု—စိတ်အားထက်သန်သော ဧဝံဂေလိဟောပြောသူတစ်ဦး
သမ္မာကျမ်းစာတွင် တုပထိုက်သည့်ယုံကြည်ခြင်းရှိသော အမျိုးသားများ၊ အမျိုးသမီးများအကြောင်း များစွာပါရှိသည်။ ပထမရာစုမှ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်သော ဖိလိပ္ပုအကြောင်းကို သုံးသပ်ကြည့်ပါ။ သူသည် တမန်တော်မဟုတ်သော်ငြားလည်း ဘုရားသခင့်နိုင်ငံတော်သတင်းပျံ့နှံ့ရေးအတွက် များစွာအသုံးတော်ခံခဲ့ရသည်။ အမှန်မှာ၊ ဖိလိပ္ပုကို ‘ဧဝံဂေလိဟောပြောသူ’ ဟုလူသိများခဲ့၏။ (တမန်တော် ၂၁:၈) ဖိလိပ္ပုသည် ထိုအမည်ကို အဘယ်ကြောင့်ရရှိခဲ့သနည်း။ သူ့အကြောင်းမှ မည်သည့်အရာကို ကျွန်ုပ်တို့သိရှိနိုင်သနည်း။
စီ.အီး. ၃၃ ပင်တေကုတ္တေပွဲပြီးနောက်မကြာမီ သမ္မာကျမ်းစာမှတ်တမ်းထဲတွင် ဖိလိပ္ပုအကြောင်းပါလာသည်။ ထိုအချိန်က ဂရိစကားပြောသူဂျူးများသည် မိမိတို့မုဆိုးမများကို နေ့ရက်အစဉ်အတိုင်း မလုပ်မကျွေးဟု ဟေဗြဲဂျူးများကို စပြီးအပြစ်တင်ခဲ့ကြသည်။ ယင်းကိစ္စကိုကိုင်တွယ်ဖြေရှင်းရန် တမန်တော်များသည် “အသရေရှိသောလူခုနစ်ယောက်” ကိုခန့်အပ်ခဲ့သည်။ ရွေးချယ်ခံရသူများထဲတွင် ဖိလိပ္ပုပါဝင်ခဲ့၏။—တမန်တော် ၆:၁-၆။
အဆိုပါခုနစ်ယောက်တို့သည် “အသရေ” ရှိခဲ့ကြသူများဖြစ်သည်။ သူတို့သည် “နာမည်ကောင်း” ရှိကြသူများဖြစ်ခဲ့သည်ဟု ဂျိမ်း မောဖက်၏ဘာသာပြန်ကျမ်းက ဆိုသည်။ မှန်ပါသည်၊ သူတို့ခန့်အပ်ခံရချိန်၌ သူတို့ကို လက်တွေ့ကျစဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည့် ဝိညာဉ်ရေးလူများဟု သိထားခဲ့နှင့်ကြပြီဖြစ်သည်။ ယနေ့ ခရစ်ယာန်ကြီးကြပ်မှူးများအဖြစ် အမှုထမ်းသူများနှင့် အတူတူပင်ဖြစ်သည်။ ဤသူများကို အဆောတလျင်ခန့်အပ်သည်မဟုတ်။ (၁ တိမောသေ ၅:၂၂) သူတို့သည် “ပြင်ပလူတို့တွင် အသရေရှိသောသူ” ဖြစ်ကြရပြီး သူတို့သည် ကျိုးကြောင်းဆင်ခြင်တတ်ကာ ကောင်းသောသတိရှိသူများဖြစ်ကြောင်း ခရစ်ယာန်ချင်းများက အသိအမှတ်ပြုသင့်သည်။—၁ တိမောသေ ၃:၂၊ ၃၊ ၇; ဖိလိပ္ပိ ၄:၅။
ဖိလိပ္ပုသည် ယေရုရှလင်မြို့တွင် တာဝန်ကျေပွန်ခဲ့သူဖြစ်ကြောင်းထင်ရှားသည်။ သို့သော် မကြာမီ နှိပ်စက်ညှဉ်းပန်းမှု အလွန်ပြင်းထန်လာသောကြောင့် ခရစ်တော်၏နောက်လိုက်များ ကစဉ့်ကရဲထွက်ပြေးခဲ့ကြရသည်။ အခြားသူများနည်းတူ ဖိလိပ္ပုလည်း ထိုမြို့မှထွက်ခွာသွားခဲ့ရသော်လည်း သူ၏ခရစ်ယာန်ဓမ္မအမှုသည် မရပ်တန့်ခဲ့ချေ။ မကြာမီပင် သူသည် ရပ်ကွက်အသစ်ဖြစ်သောရှမာရိပြည်တွင် ဟောပြောခြင်းနှင့်အလုပ်များနေခဲ့သည်။—တမန်တော် ၈:၁-၅။
ရပ်ကွက်အသစ်များဖွင့်ခြင်း
ယေရှု၏တပည့်တော်များသည် “ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” ဟောပြောကြလိမ့်မည်ဟု ကိုယ်တော်ကြိုတင်၍မိန့်တော်မူခဲ့သည်။ (တမန်တော် ၁:၈) ဖိလိပ္ပုသည် ရှမာရိပြည်တွင် ဟောပြောခြင်းအားဖြင့် အဆိုပါစကားများပြည့်စုံခြင်း၌ ပါဝင်ခဲ့၏။ ဂျူးတို့သည် ရှမာရိလူတို့ကို များသောအားဖြင့် အထင်သေးခဲ့ကြသည်။ သို့ရာတွင် ဖိလိပ္ပုသည် ဤသူတို့ကို အစောတလျင်မစီရင်သည့်အပြင် သူ၏မျှတသောသဘောကြောင့် ကောင်းချီးခံစားခဲ့ရသည်။ ယခင်က နတ်ဝိဇ္ဇာဆရာဖြစ်ခဲ့သည့်ရှိမုန်အပါအဝင် ရှမာရိမြို့သားများစွာသည် နှစ်ခြင်းခံခဲ့ကြသည်။—တမန်တော် ၈:၆-၁၃။
အတန်ကြာလေသော် ယေဟောဝါ၏ကောင်းကင်တမန်သည် ယေရုရှလင်မှ ဂါဇကန္တာရလမ်းပေါ်သို့ ဖိလိပ္ပုကိုညွှန်ကြားခဲ့သည်။ ထိုတွင် ဟေရှာယပရောဖက်ကျမ်းကိုဖတ်ရှုနေသည့် အဲသယောပိအရာရှိတစ်ဦးပါလာသော ရထားတစ်စီးကို ဖိလိပ္ပုတွေ့ရှိခဲ့သည်။ ဖိလိပ္ပုသည် ရထားသို့ပြေးသွား၍ စကားစတင်ပြောဆိုခဲ့သည်။ ထိုအဲသယောပိပြည်သားသည် ဘုရားသခင်နှင့်ကျမ်းစာအသိပညာအနည်းငယ်ရှိသော ဘာသာဝင်တစ်ဦးဖြစ်သော်လည်း မိမိဖတ်နေသောအကြောင်းကို နားလည်ရန် အကူအညီလိုအပ်သည်ဟု နှိမ့်ချစွာဝန်ခံခဲ့သည်။ ထို့ကြောင့် ဖိလိပ္ပုကို ရထားပေါ်သို့ဖိတ်ခေါ်ပြီးထိုင်စေခဲ့၏။ သက်သေခံပြီးနောက်တွင် သူတို့သည် ရေရှိသောနေရာသို့ရောက်ခဲ့ကြသည်။ “အကျွန်ုပ်ကို [နှစ်ခြင်း] မခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်း” ဟုအဲသယောပိပြည်သားက မေးခဲ့သည်။ ဖိလိပ္ပုသည် အဲသယောပိပြည်သားကို ချက်ချင်းနှစ်ခြင်းပေးပြီးနောက် သူသွားရမည့်လမ်းအတိုင်း ဝမ်းမြောက်စွာထွက်သွားခဲ့လေသည်။ ဤတပည့်တော်အသစ်သည် သူ၏မွေးရပ်မြေတွင် သတင်းကောင်းကို ပြန်၍ဖြန့်ချိနိုင်ဖွယ်ရှိသည်။—တမန်တော် ၈:၂၆-၃၉။
ရှမာရိပြည်သားများနှင့် အဲသယောပိအရာရှိတို့အကြောင်း ဖိလိပ္ပု၏ခရစ်ယာန်ဓမ္မအမှုမှ မည်သည့်အရာကို ကျွန်ုပ်တို့သိရှိနိုင်သနည်း။ တစ်စုံတစ်ရာသောနိုင်ငံသား၊ လူမျိုး၊ သို့မဟုတ် လူမှုရေးအဆင့်အတန်းမှသူများသည် သတင်းကောင်းကို စိတ်ဝင်စားလိမ့်မည်မဟုတ်ဟု ဘယ်သောအခါမျှ ကျွန်ုပ်တို့မယူဆသင့်ပါ။ ယင်းအစား၊ “ခပ်သိမ်းသောသူတို့” ထံဘုရားသခင့်နိုင်ငံတော်သတင်း ကြွေးကြော်သင့်သည်။ (၁ ကောရိန္သု ၉:၁၉-၂၃) ခပ်သိမ်းသောသူတို့ကိုဟောပြောရန် ကျွန်ုပ်တို့အသင့်ရှိမည်ဆိုလျှင် ဤဆိုးညစ်သောစနစ်အဆုံးမတိုင်မီ ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေခြင်း’ လုပ်ငန်း၌ ကျွန်ုပ်တို့ကို ယေဟောဝါအသုံးပြုပေမည်။—မဿဲ ၂၈:၁၉၊ ၂၀။
ဖိလိပ္ပု၏ထပ်ဆင့်အခွင့်အရေးများ
ဖိလိပ္ပုသည် အဲသယောပိအရာရှိကို ဟောပြောပြီးနောက် အာဇုတ်မြို့၌ သက်သေခံကာ “ထိုမြို့မှ ကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်းလျှောက်သွား၍ ဧဝံဂေလိတရားကိုဟောလေ၏။” (တမန်တော် ၈:၄၀) ပထမရာစု၌ အဆိုပါမြို့နှစ်မြို့တွင် တစ်ပါးအမျိုးသား မြောက်မြားစွာနေထိုင်ခဲ့ကြသည်။ ဖိလိပ္ပုသည် ကဲသရိမြို့မြောက်ဘက်သို့သွားခဲ့စဉ် လုဒ္ဒမြို့နှင့်ယုပ္ပေမြို့အစရှိသော ထင်ပေါ်ကျော်ကြားသည့် ဂျူးလူမျိုး၏အချက်အချာဒေသများတွင် ဟောပြောခဲ့ဖွယ်ရှိ၏။ ၎င်းကြောင့်လည်း နောက်ပိုင်းတွင် ဤဒေသများ၌ တပည့်တော်များကို တွေ့ရှိခဲ့ရခြင်းဖြစ်နိုင်သည်။—တမန်တော် ၉:၃၂-၄၃။
ဖိလိပ္ပုအကြောင်းကို နောက်အနှစ် ၂၀ ခန့်လောက်တွင် နောက်ဆုံးဖော်ပြခဲ့သည်။ ပေါလု၏တတိယခရီးစဉ်အဆုံး၌ ပတောလင်မြို့တွင် သင်္ဘောဆိုက်၍ ကုန်းပေါ်တက်ခဲ့သည်။ ‘နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ရောက်လျှင် ဧဝံဂေလိဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ဝင်၍နေကြသည်’ ဟုပေါလု၏ခရီးသွားဖော်လုကာက ဆိုသည်။ ထိုအချိန်တွင် ဖိလိပ္ပု၌ “ပရောဖက်ပြုသော သမီးကညာလေးယောက်ရှိ၏။”—တမန်တော် ၂၁:၈၊ ၉။
ကဲသရိမြို့တွင် ဖိလိပ္ပုအခြေချနေထိုင်ခဲ့သည်မှာ ထင်ရှားပါသည်။ သို့တိုင် သူ၏သာသနာပြုစိတ်ဓာတ် မပျောက်သွားခဲ့သောကြောင့် လုကာက သူ့ကို ‘ဧဝံဂေလိဟောပြောသူ’ ဟုခေါ်ဝေါ်ခဲ့သည်။ ဤအသုံးအနှုန်းသည် ဟောပြောခြင်းမရှိသည့်ဒေသများသို့ သတင်းကောင်းဟောပြောရန် မိမိအရပ်ဌာနေမှထွက်ခွာသူကို ခေါ်လေ့ရှိသည်။ ဖိလိပ္ပု၌ ပရောဖက်ပြုသောသမီးလေးဦးရှိခြင်းက သူတို့သည် စိတ်အားထက်သန်သော သူတို့ဖခင်၏ခြေရာကို လိုက်လျှောက်ခဲ့ကြသည်ဟုသဘောပေါက်စေသည်။
မိမိတို့သားသမီးများသည် မိမိတို့၏အရေးပါဆုံးသောတပည့်များဖြစ်ကြသည်ကို မျက်မှောက်ခေတ်ခရစ်ယာန်မိဘများ သတိရသင့်၏။ ယင်းသို့သောမိဘများသည် မိသားစုတာဝန်များကြောင့် သီအိုကရက်တစ်အခွင့်အရေးအချို့ကို စွန့်လွှတ်ခဲ့ရသည့်တိုင် သူတို့သည် ဖိလိပ္ပုနည်းတူ စိတ်အားထက်သန်သော ဘုရားသခင့်ကျေးကျွန်များ၊ စံထားအပ်သောမိဘများဆက်ဖြစ်နိုင်ကြပါသည်။—ဧဖက် ၆:၄။
ပေါလုနှင့်သူ၏အဖော်တို့လည်ပတ်ရောက်ရှိလာချိန်တွင် ဖိလိပ္ပု၏မိသားစုသည် ဧည့်ဝတ်ပြုရန် အခွင့်အရေးကောင်းရရှိခဲ့သည်။ ရရှိခဲ့သောအပြန်အလှန်အားပေးမှုကို တွေးတောကြည့်ပါ! နောက်ပိုင်း၌ တမန်တော်အခန်းကြီး ၆ နှင့် ၈ တွင်ပါသော ဖိလိပ္ပု၏ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဤသမယတွင် လုကာစုဆောင်းခဲ့ခြင်းဖြစ်ပေမည်။
ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်အကျိုးစီးပွားထပ်ဆင့်တိုးတက်ရန် ဖိလိပ္ပုကို အတော်အတန်အသုံးပြုခဲ့၏။ ဖိလိပ္ပု၏စိတ်အားထက်သန်မှုကြောင့် ရပ်ကွက်အသစ်များ၌ သတင်းကောင်းပျံ့နှံ့ခဲ့သည့်အပြင် သူ့အိမ်တွင်လည်း ဝိညာဉ်ရေးအခြေအနေကောင်းခဲ့ခြင်းဖြစ်သည်။ အလားတူအခွင့်အရေးများနှင့်ကောင်းချီးများကို အသင်ခံစားလိုပါသလော။ သို့ဖြစ်လျှင် ဧဝံဂေလိဟောပြောသူ ဖိလိပ္ပုတင်ပြခဲ့သောအရည်အသွေးများကို သင်တုပသင့်သည်။