ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၇/၁၅ စာ. ၂၆-၂၈
  • နမီးဘီးယားတွင် သက်ရှိကျောက်မျက်များရှိ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမီးဘီးယားတွင် သက်ရှိကျောက်မျက်များရှိ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဝိညာဉ်ရေးတွင်းတူးဖော်ခြင်း စတင်ခဲ့
  • အချိန်ပြည့်လုပ်သားများရောက်ရှိလာ
  • ကျောက်မျက်များကိုသွေးခြင်း
  • ဝိညာဉ်ရေးမိုင်းတူးသမားများလိုအပ်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၇/၁၅ စာ. ၂၆-၂၈

နမီးဘီးယားတွင် သက်ရှိကျောက်မျက်များရှိ!

နမီးဘီးယားနိုင်ငံသည် အနောက်တောင်ဘက် အာဖရိကပင်လယ်ကမ်းရိုးတန်းတစ်လျှောက် မိုင်ပေါင်း ၁,၀၀၀ နီးပါးကျယ်ဝန်းသည်။ ထိုတိုင်းပြည်၏ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ သဲခုံများ၊ ကျောက်ဆောင်များနှင့် ကျောက်စရစ်ခဲလွင်ပြင်ကြီးများရှိသည်။ နမီးဘီးယားကျောက်စရစ်ကမ်းခြေတို့ရှိ ရောနှောနေသောကျောက်များထဲတွင် ရောင်စုံကျောက်မျက်များရှိ၏။ ထိုတွင် စိန်များကိုပင် တစ်ခါတစ်ရံတွေ့ရတတ်သည်။ သို့သော် ဤနိုင်ငံတွင် အဆိုပါကျောက်များထက် သာ၍အဖိုးတန်သောအရာများရှိသေးသည်။ နမီးဘီးယားပြည်တွင် သက်ရှိကျောက်မျက်များဖြစ်သည့် ၎င်း၏လူမျိုးစုများစွာမှလူများရှိသည်။

နမီးဘီးယားနိုင်ငံတွင် အစောဆုံးအခြေချနေထိုင်ခဲ့ကြသူများသည် ခဝိုင်စန်ဟုခေါ်သည့် လူမျိုးစုဘာသာစကားတစ်မျိုးကို ပြောဆိုခဲ့ကြသည်။ သူတို့၏ဘာသာစကားသည် ၎င်း၏တောက်ခေါက်သံကြောင့် နာမည်ကြီးသည်။ ယနေ့ ခဝိုင်စန်စကားပြောသူများတွင် အသားမည်းသောဒမာရာများ၊ နာမာဟုခေါ်သည့် အရပ်ပုပုအသားဖြူသူများနှင့် ကျော်ကြားသောတောတွင်းမုဆိုးများပါဝင်သည်။ ထို့ပြင် မကြာသေးမီရာစုနှစ်များအတွင်း အသားမည်းလူမျိုးများစွာတို့သည် နမီးဘီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ ဤသူတို့သည် အိုဗန်ဘို (နမီးဘီးယားတွင် အကြီးမားဆုံးလူမျိုးစု)၊ ဟရဲရိုနှင့် ကဗန်ဂိုဟူ၍ အဓိကလူမျိုးစုသုံးစုတွင် ပါဝင်ကြသည်။ ဥရောပတိုက်သားများသည် နမီးဘီးယားနိုင်ငံတွင် ၁၉ ရာစုအတွင်း စတင်အခြေချနေထိုင်ခဲ့ကြ၏။ သဲကန္တာရပေါ်တွင် စိန်များကိုတွေ့ရှိခဲ့သောအခါ နိုင်ငံကူးလာရောက်နေထိုင်သူများစွာ ရောက်ရှိလာခဲ့သည်။

နမီးဘီးယားနိုင်ငံသားများသည် ထာဝရအသက်လမ်းပွင့်စေခဲ့သော သားတော်ကိုစွန့်သည်အထိ ဘုရားသခင်ချစ်သည့်လောကီသားများတွင် ပါဝင်သူများဖြစ်သောကြောင့် အဖိုးထိုက်သူများဖြစ်ကြသည်။ (ယောဟန် ၃:၁၆) လူမျိုးစုများစွာမှ နမီးဘီးယားနိုင်ငံသားရာပေါင်းများစွာသည် ကယ်တင်ခြင်းသတင်းကို လက်ခံခဲ့ကြပြီ။ ဤသူတို့ကို သက်ရှိကျောက်မျက်များနှင့် ပုံခိုင်းနိုင်သည်။ အကြောင်းမှာ ယခုအခါ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်သို့ စုသိမ်းနေသော ‘လူမျိုးအပေါင်းမှ နှစ်သက်ဖွယ်သောအရာ’ တွင်သူတို့ပါဝင်သောကြောင့်ဖြစ်သည်။—ဟဂ္ဂဲ ၂:၇။

ဝိညာဉ်ရေးတွင်းတူးဖော်ခြင်း စတင်ခဲ့

နမီးဘီးယားနိုင်ငံတွင် ဝိညာဉ်ရေးကျောက်မျက်ရတနာတွင်းကို ၁၉၂၈ ခုနှစ်က စတင်တူးဖော်ခဲ့သည်။ ထိုနှစ်အတွင်း ကင်းမျှော်စင်အသင်း၏ တောင်အာဖရိကဌာနခွဲသည် နိုင်ငံတစ်ဝန်းတွင်နေထိုင်သူများထံ ကျမ်းစာစာပေ ၅၀,၀၀၀ ပေးပို့ခဲ့သည်။ နောက်နှစ်၌ တောင်အာဖရိကမှ လဲနီတာရုန်းအမည်ရှိ ဘိသိက်ခံခရစ်ယာန်အမျိုးသမီးတစ်ဦးသည် စိတ်ဝင်စားမှုတင်ပြသူတို့ထံ လည်ပတ်ခဲ့သည်။ လေးလအတွင်း ကျယ်ပြောသောနိုင်ငံတစ်နိုင်ငံလုံးတွင် တစ်ဦးတည်းလှည့်လည်ကာ အာဖရိကန်၊ အင်္ဂလိပ်နှင့် ဂျာမန်ဘာသာစကားဖြင့် ကျမ်းစာစာပေ ၆,၀၀၀ ကျော်ဝေငှခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့ခြင်းသည် အချည်းနှီးမဖြစ်ခဲ့သည်မှာ သေချာပါသည်။

ဥပမာ၊ ဂျာမန်တွင်းတူးသမား ဗန်ဟာ့တ် ဘေဒါကိုကြည့်ပါ။ ၁၉၂၉ ခုနှစ်တွင် သူသည် ကင်းမျှော်စင်စာအုပ်မှ စာမျက်နှာတစ်မျက်နှာစီဖြင့် ကြက်ဥတစ်လုံးစီကိုထုပ်ပိုးပြီး ပို့ခဲ့သောလယ်သမားတစ်ဦးထံမှ ကြက်ဥရရှိခဲ့သည်။ စာမျက်နှာတိုင်းကို ဗန်ဟာ့တ်ဖတ်ရှုစဉ် မည်သူရေးသည်ကိုသိချင်ခဲ့၏။ ကင်းမျှော်စင်အသင်း၏ဂျာမန်လိပ်စာဖော်ပြထားသော နောက်ဆုံးစာမျက်နှာကို အဆုံးတွင်ရရှိခဲ့သည်။ ဗန်ဟာ့တ်သည် နောက်ထပ်စာအုပ်များရလိုကြောင်း စာရေးအကြောင်းကြားခဲ့ပြီး အမှန်တရားဘက်ရပ်တည်ခဲ့သော ပထမဦးဆုံးနမီးဘီးယားနိုင်ငံသားတစ်ဦးဖြစ်ခဲ့သည်။

အချိန်ပြည့်လုပ်သားများရောက်ရှိလာ

၁၉၅၀ ပြည့်နှစ်၌ နမီးဘီးယားသို့ ကင်းမျှော်စင်သမ္မာကျမ်းစာ ဂိလဒ်ကျောင်းတွင် လေ့ကျင့်ခံခဲ့သော ခရစ်ယာန်သာသနာပြုလေးဦးရောက်လာသည်။ ၁၉၅၃ ခုနှစ်တိုင်လေသော် သာသနာပြုရှစ်ဦးအထိ တိုးများလာခဲ့၏။ သူတို့တွင် ယနေ့အထိ သစ္စာရှိစွာအမှုဆောင်လျက်ရှိသည့် ဩစတြေးလျန်ဇနီးမောင်နှံ ဒစ်ခ်နှင့်ကောရလီဝေါလ်ဒရင်တို့လည်းပါဝင်ခဲ့သည်။ တောင်အာဖရိကနှင့်ပြည်ပမှ ဘုရားသခင့်နိုင်ငံတော်သတင်း အချိန်ပြည့်ကြွေးကြော်သော အခြားများစွာတို့သည်လည်း နမီးဘီးယား၏ဝိညာဉ်ရေးကျောက်မျက်ရတနာတူးဖော်ခြင်းလုပ်ငန်း၌ ပါဝင်ခဲ့ကြသည်။ အခြားသာသနာပြုများသာမက ခရစ်ယာန်ဓမ္မအမှုထမ်းသင်တန်းကျောင်းဆင်းသူများကိုပါ နမီးဘီးယားနိုင်ငံသို့ စေလွှတ်ခဲ့သည်။

နမီးဘီးယားတွင် ဝိညာဉ်ရေးကြီးထွားရခြင်း၏နောက်တစ်ချက်မှာ ဟရဲရို၊ ကွမ်ဂါလီ၊ ကွယ်ယာမာ၊ နာမာ/ဒမာရာနှင့် ငုံဂါစသော အဓိကဒေသခံဘာသာစကားများဖြင့် ကျမ်းစာစာပေများကို ဘာသာပြန်၍ထုတ်ဝေခြင်းတို့ကြောင့်ဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ကတည်းက အချိန်ပြည့်စေတနာ့ဝန်ထမ်းများအတွက် ဘာသာပြန်ဌာနနှင့်နေအိမ်ကို ဝင်ဒ်ဟိုခ်မြို့တွင် ဆောက်ထားသည်။ နမီးဘီးယားဒေသအမျိုးမျိုးတွင် အချိန်ပြည့်ဧဝံဂေလိလုပ်ငန်းတွင် သူ၏ခင်ပွန်းနှင့်အတူ လုပ်ဆောင်ခဲ့သော ကဲရင်န် ဒီပ္ပီချ်ကဤသို့ဆိုသည်– “သူတို့ဘာသာစကားနဲ့စာအုပ်တွေကို ကျွန်မတို့ပေးတဲ့အတွက်၊ အထူးသဖြင့် အဲဒီဘာသာစကားနဲ့စာအုပ်နည်းနည်းပဲရှိတဲ့အတွက် လူအတော်များများ အံ့ဩကြတယ်။”

ကျောက်မျက်များကိုသွေးခြင်း

နမီးဘီးယားရှိ ပကတိကျောက်မျက်ရတနာအချို့သည် နှစ်ထောင်ပေါင်းများစွာ လှိုင်းဒဏ်၊ သဲဒဏ်တို့၏ရွေ့လျားမှုကြောင့် ချောမွေ့တောက်ပြောင်လာခဲ့သည်။ သို့ရာတွင် ဤသဘာဝနည်းများသည် သက်ရှိကျောက်မျက်ရတနာများကို မထုတ်လုပ်ပေးခဲ့ချေ။ မစုံလင်သောလူသားများသည် “လူဟောင်းကို ချွတ်ပယ်” ၍ခရစ်တော်ကဲ့သို့လူသစ်ကို ယူတင်ဝတ်ဆင်ဖို့အတွက် ကြိုးစားအားထုတ်ရ၏။ (ဧဖက် ၄:၂၀-၂၄) ဥပမာ၊ ကွယ်လွန်သူဘိုးဘေးများကိုကိုးကွယ်ခြင်းသည် နမီးဘီးယားရှိ လူမျိုးစုများစွာကြားတွင် စွဲမြဲသောဓလေ့ထုံးစံတစ်ခုဖြစ်သည်။ ဘိုးဘေးမကိုးကွယ်သူများကို မိသားစုကလည်းကောင်း၊ အိမ်နီးချင်းများကလည်းကောင်း နှိပ်စက်ညှဉ်းဆဲလေ့ရှိသည်။ လူသေများသည် “အဘယ်အရာကိုမျှမသိ” ဟူ၍သမ္မာကျမ်းစာမှသိရှိလာကြသောအခါ သူတို့သည် စမ်းသပ်မှုခံကြရသည်။ (ဒေ. ၉:၅) မည်သည့်နည်းအားဖြင့်နည်း။

ဟရဲရိုသက်သေခံတစ်ဦးက ဤသို့ရှင်းပြသည်– “အမှန်တရားအတိုင်းလိုက်နာဖို့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်တယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာသင်အံဖို့ ကျွန်တော်လက်ခံလိုက်ပေမဲ့ သိရှိလာတဲ့အရာတွေကို လိုက်လျှောက်ဖို့ အတော်ကြာတယ်။ ဦးဆုံး၊ ထုံးတမ်းစဉ်လာကိုမလိုက်ရင် လုံခြုံပါ့မလားဆိုတာ ကျွန်တော်စမ်းသပ်ခဲ့ရတယ်။ ဥပမာ၊ နမီးဘီးယားရဲ့ အချို့နေရာများမှာရှိတဲ့အုတ်ဂူပေါ် ကျောက်ခဲတစ်လုံးမတင်ဘဲနဲ့ ဒါမှမဟုတ် လူသေတွေကိုနှုတ်ဆက်တဲ့အနေနဲ့ ဦးထုပ်ကိုမမြှောက်ပြဘဲ ဖြတ်ကျော်မောင်းနှင်ကြည့်ခဲ့တယ်။ ကွယ်လွန်သူဘိုးဘေးတွေကိုမကိုးကွယ်ရင် ဘာမှမဖြစ်လာဘူးဆိုတာ တဖြည်းဖြည်းနဲ့ကျွန်တော်သဘောပေါက်လာတယ်။ ကျွန်တော့်မိသားစုနဲ့ တခြားစိတ်ဝင်စားသူတွေကို အမှန်တရားသိအောင်ကူညီပေးဖို့ ကျွန်တော့်ရဲ့ကြိုးစားမှုကို ယေဟောဝါကောင်းချီးပေးခဲ့တာ တကယ်ပျော်စရာပဲ!”

ဝိညာဉ်ရေးမိုင်းတူးသမားများလိုအပ်

၁၉၅၀ တွင်နမီးဘီးယားသို့ ခရစ်ယာန်သာသနာပြုများမရောက်ရှိမီ သတင်းကောင်းကြေညာသူတစ်ဦးတည်းသာရှိခဲ့သည်။ တဖြည်းဖြည်း ၉၉၅ ဦးအထိ တိုးတက်လာခဲ့၏။ သို့ရာတွင် လုပ်ဆောင်စရာများစွာကျန်ရှိသေးသည်။ အချို့ဒေသများကို ရောက်ပင်မရောက်သေးချေ။ စိတ်ထက်သန်စွာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ အလွန်လိုအပ်နေသောနေရာများတွင် အမှုဆောင်နိုင်သည့်အခြေအနေ သင်၌ရှိပါသလော။ သို့ဖြစ်လျှင် နမီးဘီးယားသို့လာ၍ ဝိညာဉ်ရေးကျောက်မျက်များကို ထပ်ဆင့်ရှာဖွေပြီးသွေးပေးဖို့ ကျေးဇူးပြု၍လာရောက်ကူညီပါလေ။—တမန်တော် ၁၆:၉ နှိုင်းယှဉ်။

[စာမျက်နှာ ၂၆ ပါ မြေပုံ/​ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အာဖရိက

နမီးဘီးယား

[ရုပ်ပုံ]

နမီးဘီးယားရှိလူမျိုးစုအားလုံးထံ သတင်းကောင်းဟောပြောလျက်ရှိ

[Credit Lines]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.;စိန်များ– Courtesy Namdek Diamond Corporation

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

နမီးဘီးယားသည်လှပသောကျောက်မျက်ရတနာနိုင်ငံတစ်နိုင်ငံဖြစ်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများပို၍လိုအပ်သောနေရာများတွင်သင်အမှုဆောင်နိုင်မည်လော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ