ကော်လီဂျီယန်များ—ကျမ်းစာလေ့လာမှုကသူတို့ကိုခြားနားစေခဲ့
ကော်လီဂျီယန်များအကြောင်း သင်ကြားဖူးသလော။ လူနည်းစုဖြစ်သော ၁၇ ရာစုမှ ဤဒတ်ချ်ဘာသာရေးအုပ်စုသည် ထိုခေတ်အခါက တည်ထောင်လျက်ရှိသောချာ့ချ်များနှင့် ကွဲပြားခြားနားခဲ့သည်။ မည်သို့ကွဲပြားခြားနားပြီး ယင်းတို့မှ ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။ ၎င်းကိုသိရှိဖို့ ထိုခေတ်ထိုအခါသို့ ပြန်သွားကြပါစို့။
၁၅၈၇ ခုနှစ်တွင် ယာခိုဗတ်စ် အာမင်နပ်စ် (သို့မဟုတ်၊ ယာကော့ဘ် ဟာရ်မင်စန်) သည်အမ်စတာဒမ်မြို့ကို ရောက်ခဲ့သည်။ သူ၏နောက်ကြောင်းရာဇဝင်အကျဉ်းချုပ်သည် အထင်ကြီးစရာဖြစ်သောကြောင့် အလုပ်ရရန်မခက်ပေ။ ၂၁ နှစ်အရွယ်တွင် ဟော်လန်နိုင်ငံ၏လိုင်ဒင်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ထို့နောက် ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသမား ဂျွန်ကယ်လ်ဗင်ကို ဆက်ခံသူ သီအောဒေါရ် ဒီ ဘီဇာလက်အောက်တွင် ဘာသာဝါဒပညာရပ်ကို ဆွစ်ဇလန်နိုင်ငံတွင် ခြောက်နှစ်တိုင်ဆည်းပူးခဲ့၏။ အမ်စတာဒမ်မြို့ရှိ ပရိုတက်စတင့်များက ၂၇ နှစ်အရွယ်ရှိ အာမင်နပ်စ်ကို ပါစတာအဖြစ်ခန့်အပ်ရန် သဘောတူခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ သို့သော် နှစ်အနည်းငယ်အကြာတွင် ချာ့ချ်အဖွဲ့ဝင်များစွာတို့သည် သူတို့၏ရွေးချယ်မှုကို ယူကျုံးမရဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်နည်း။
တင်ကူးပြဋ္ဌာန်းခြင်းပြဿနာ
အာမင်နပ်စ်သည် ပါစတာဖြစ်လာပြီးနောက် များမကြာမီ တင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒနှင့်ပတ်သက်ပြီး အမ်စတာဒမ်မြို့ရှိ ပရိုတက်စတင့်များကြားတွင် တင်းမာမှုဖြစ်ပေါ်ခဲ့၏။ ယင်းအယူဝါဒအပေါ် ကယ်လ်ဗင်ဝါဒအခြေခံထားရာ အချို့အတွက်ကယ်တင်ခြင်းနှင့် အခြားသူများအတွက် အပြစ်ဒဏ်ခံရခြင်းကို တင်ကူးပြဋ္ဌာန်းသော ဘုရားသခင်သည် ရက်စက်ကြမ်းကြုတ်ပြီးမတရားဟု ချာ့ချ်အဖွဲ့ဝင်အချို့က ယူမှတ်ခဲ့ကြသည်။ ဘီဇာတပည့်ဖြစ်သူ အာမင်နပ်စ်သည် သဘောထားကွဲလွဲသူများကို တည့်မတ်ပေးလိမ့်မည်ဟု ကယ်လ်ဗင်နောက်လိုက်များက မျှော်လင့်ခဲ့ကြသည်။ သို့သော် ယင်းသို့ဖြစ်မည့်အစား အာမင်နပ်စ်သည် ထိုသဘောထားကွဲလွဲသူများဘက်မှရပ်တည်ခဲ့ရာ ကယ်လ်ဗင်နစ္စများသည် အံ့အားသင့်ခဲ့ကြသည်။ ၁၅၉၃ ခုနှစ်တိုင်လေသော် ဤအငြင်းပွားမှုသည် ထိုမြို့ရှိပရိုတက်စတင့်များကို အုပ်စုနှစ်စု—ယင်းအယူဝါဒကို ထောက်ခံသူများနှင့် မထောက်ခံသူများ—ကွဲစေသည့်အထိ အလွန်ပြင်းထန်လာ၏။
နှစ်အနည်းငယ်အတွင်း ဤဒေသတွင်းအငြင်းပွားမှုကြောင့် တစ်နိုင်ငံလုံးတွင် ပရိုတက်စတင့်ဂိုဏ်းကွဲခဲ့လေသည်။ နောက်ဆုံး ၁၆၁၈၊ နိုဝင်ဘာလ၌ ဆုံးဖြတ်ချက်ချရန် အဆင်သင့်ဖြစ်နေသည်။ စစ်တပ်နှင့်ပြည်သူလူထု၏ ကျောထောက်နောက်ခံကိုရရှိထားသည့် ကယ်လ်ဗင်နစ္စများသည် ဒေါဒရက်တ် ပြည်လုံးကျွတ် ပရိုတက်စတင့်ဘာသာရေးအကြီးအကဲအဖွဲ့ကောင်စီအစည်းအဝေးကို တက်ရောက်ရန် (ထိုစဉ်က ရီမွန်စထရဲ့န်များaဟုခေါ်သည့်) သဘောထားကွဲလွဲသူများကို ဆင့်ခေါ်ခဲ့၏။ အစည်းအဝေးပြီးဆုံးချိန်တွင် ရီမွန်စထရဲ့န်အမှုဆောင်အားလုံးကို မဟောမပြောတော့ပါဟု လက်မှတ်ထိုးရန် သို့မဟုတ် တိုင်းပြည်မှထွက်သွားရန် ရွေးချယ်စေခဲ့သည်။ အများစုသည် တိုင်းပြည်မှထွက်ခွာသွားရန် ရွေးချယ်ခဲ့ကြသည်။ တင်းကျပ်သောကယ်လ်ဗင်နစ္စများသည် ရီမွန်စထရဲ့န်အမှုဆောင်များ၏တရားဟောစင်များကို ဆက်ခံခဲ့ကြသည်။ ကယ်လ်ဗင်ဝါဒသည် အောင်ပွဲခံခဲ့ပြီဟု ဘာသာရေးအကြီးအကဲအဖွဲ့က ယူမှတ်ခဲ့သည်။
ကော်လီဂျီယန်များ ဖြစ်ပေါ်ကာ ကြီးထွားလာခြင်း
အခြားနေရာများ၌ကဲ့သို့ လိုင်ဒင်မြို့အနီး ဗားရ်မောန်ရွာရှိ ရီမွန်စထရဲ့န်အသင်းတော်တွင် ပါစတာမရှိတော့ချေ။ သို့ရာတွင် အခြားနေရာများနှင့်မတူဘဲ ထိုအသင်းတော်သည် ဘာသာရေးအကြီးအကဲအဖွဲ့က ထောက်ခံသူကို လက်မခံခဲ့ကြချေ။ ထို့ပြင် ရီမွန်စထရဲ့န်အမှုဆောင်တစ်ဦးသည် ထိုအသင်းတော်ကိုကြည့်ရှုရန် ၁၆၂၀ ပြည့်နှစ်တွင် အသက်စွန့်၍ ဗားရ်မောန်ရွာသို့ ပြန်လာသောအခါ အသင်းသားအချို့က သူ့ကိုလည်းငြင်းပယ်ခဲ့ကြ၏။ အဆိုပါအသင်းသားများသည် တရားဟောဆရာ၏အကူအညီမပါဘဲ ဘာသာရေးအစည်းအဝေးများကို လျှို့ဝှက်ကျင်းပခဲ့၏။ နောက်ပိုင်းတွင် ဤအစည်းအဝေးများကို ကောလိပ်များဟုခေါ်ကာ တက်ရောက်သူများကို ကော်လီဂျီယန်များဟူ၍ခေါ်ခဲ့သည်။
ကော်လီဂျီယန်များသည် စည်းမျဉ်းထက် အခြေအနေကြောင့် ဖြစ်ပေါ်လာခဲ့ကြသည်ဖြစ်သော်လည်း များမကြာမီ ထိုအခြေအနေသည် ပြောင်းလဲခဲ့သည်။ အသင်းသားတစ်ဦးဖြစ်သည့် ကစ်ဘာတ် ဗာန် ဒါရ် ခိုဒါက တရားဟောဆရာ၏ ကြီးကြပ်မှုကိုမခံယူဘဲ အစည်းအဝေးလုပ်ခြင်းဖြင့် အတည်တကျဖြစ်ပြီးသောချာ့ချ်များထက် မိမိတို့၏အုပ်စုငယ်သည် သမ္မာကျမ်းစာအတိုင်း အစောပိုင်းခရစ်ယာန်များ၏လမ်းစဉ်နှင့်အညီ ပိုမိုလိုက်လျှောက်နေကြကြောင်း ချေပခဲ့သည်။ တရားဟောဆရာအတန်းအစားကို အလုပ်အကိုင်မသင်ယူလိုသူများအတွက် အလုပ်ရှိရန် တမန်တော်များသေဆုံးပြီးနောက်မှ ဖန်တီးပေးခဲ့ခြင်းဖြစ်သည်ဟု သူပြောခဲ့သည်။
၁၆၂၁ ခုနှစ်တွင် ဗာန် ဒါရ် ခိုဒါနှင့် စိတ်တူကိုယ်တူအသင်းသားများသည် သူတို့၏အစည်းအဝေးများကို အနီးအနားရှိ ရင်စ်ဗာဂ်ရွာသို့ ပြောင်းရွှေ့ခဲ့သည်။b နှစ်အတန်ကြာလာ၍ ဘာသာရေးညှဉ်းပန်းနှိပ်စက်မှုအစား သည်းခံခြင်းတရားရှိလာခဲ့သောအခါ ကော်လီဂျီယန်များ၏အစည်းအဝေးများအကြောင်း တစ်နိုင်ငံလုံးတွင်ပျံ့နှံ့ခဲ့ပြီး သမိုင်းပညာရှင် ဇီခ်ဖရီ ဇစ်ဗာဘာခ်က “အမွေးအရောင်မတူသောငှက်များ” ကိုလည်းဆွဲဆောင်ခဲ့သည်ဟု ပြောခဲ့သည်။ ရီမွန်စထရဲ့န်များ၊ မဲန္နနိုက်များ၊ စော့စင်နီရန်များနှင့် ဘာသာရေးပညာရှင်များပင်ပါဝင်သည်။ အချို့သည် လယ်သမားများဖြစ်ကြသည်။ အခြားသူများမှာမူ ကဗျာဆရာများ၊ ပုံနှိပ်သူများ၊ သမားတော်များနှင့် အတတ်ပညာရှင်များဖြစ်ကြသည်။ အတွေးအခေါ်ပညာရှင် စပီနိုဇာ (ဘီနီဒိခ်တပ်စ် ဒီ စပီနိုဇာ) နှင့်ကျောင်းဆရာကြီး ယိုဟာန် အားမော်စ် ကိုမီနီယပ်စ် (သို့မဟုတ်၊ ယာန် ခေါမဲန်စခီး) သာမက ပန်းချီဆရာရမ်ဗရန်တ် ဗာန် ရစ်န်သည်လည်း ဤအသင်းအဖွဲ့ကို ထောက်ခံခဲ့သည်။ အဆိုပါဘာသာတရားကိုင်းရှိုင်းသူများနှင့်ပါလာသော အကြံဉာဏ်အမျိုးမျိုးသည် ကော်လီဂျီယန်ယုံကြည်ချက်များဖြစ်ပေါ်လာစေရန် ဩဇာလွှမ်းမိုးခဲ့သည်။
၁၆၄၀ ပြည့်လွန်နှစ်နောက်ပိုင်း၌ အဆိုပါလှုပ်ရှားတက်ကြွသောအုပ်စုသည် တစ်ဟုန်ထိုးတိုးများခဲ့သည်။ ရော့တာဒမ်မြို့၊ အမ်စတာဒမ်မြို့၊ လေဗတ်ဒန်မြို့နှင့် အခြားမြို့များတွင် ကောလိပ်များ လျင်မြန်စွာပေါ်ပေါက်လာခဲ့သည်။ ၁၆၅၀ နှင့် ၁၇၀၀ ပြည့်နှစ်ကြားတွင် “ကော်လီဂျီယန်များသည် . . . တစ်ဆယ့်ခုနစ်ရာစုဟော်လန်၌ အရေးအပါဆုံးနှင့် ဩဇာအရှိန်အဝါအရှိဆုံး ဘာသာရေးအင်အားစုအဖြစ်သို့ တိုးပွားခဲ့သည်” ဟုသမိုင်းပါမောက္ခ အင်ဒရူး စီ. ဖစ်ခ်ကဖော်ပြသည်။
ကော်လီဂျီယန်များ၏ယုံကြည်ချက်များ
ဆင်ခြင်တုံတရား၊ သည်းခံခြင်းတရားနှင့် လွတ်လပ်စွာပြောဆိုမှုတို့သည် ကော်လီဂျီယန်လှုပ်ရှားမှု၏ ထင်ရှားသောထူးခြားချက်များဖြစ်သည့်အတွက် ကော်လီဂျီယန်တစ်ဦးစီသည် ယုံကြည်ချက်အမျိုးမျိုးကို လွတ်လပ်စွာခံယူခွင့်ရှိခဲ့ကြသည်။ သို့တိုင် သူတို့သည် ထပ်တူခံယူချက်အချို့ဖြင့် ပေါင်းစည်းနေကြ၏။ ဥပမာ၊ ကော်လီဂျီယန်အားလုံးက ကိုယ်တိုင်ကျမ်းစာလေ့လာခြင်းသည် အရေးကြီးကြောင်းကို သိရှိကြသည်။ အသင်းသားတိုင်းသည် “မိမိတို့ကိုယ်တိုင် စူးစမ်းလေ့လာသင့်ပြီး ဘုရားသခင်အကြောင်းကို သူတစ်ပါးထံမှသိလာရခြင်းမှာမဖြစ်သင့်” ဟုကော်လီဂျီယန်တစ်ဦးက ရေးခဲ့၏။ ထိုသို့ပင် သူတို့ပြုလုပ်ခဲ့ကြသည်။ ၁၉ ရာစုချာ့ချ်သမိုင်းပညာရှင် ယာခိုဗတ်စ် စီ. ဗာန် စလေ၏အဆိုအရ ထိုခေတ်က အခြားဘာသာရေးအုပ်စုများထက် ကော်လီဂျီယန်များသည် ကျမ်းစာအသိပညာပိုရှိကြောင်းတွေ့ရှိခဲ့ရသည်။ ကော်လီဂျီယန်များသည် ကျမ်းစာကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းကို ဆန့်ကျင်သူများကပင် ချီးကျူးခဲ့ကြသည်။
သို့သော် ကော်လီဂျီယန်များသည် သမ္မာကျမ်းစာကို ပို၍လေ့လာလေလေ ပင်မချာ့ချ်များနှင့်မတူ ကွဲပြားခြားနားသောယုံကြည်ချက်များလာလေလေဖြစ်သည်။ ၁၇ ရာစုမှ ၂၀ ရာစုအထိ မှတ်တမ်းများက သူတို့၏ယုံကြည်ချက်အချို့ကို ဤသို့ဖော်ပြ၏–
အစောပိုင်းချာ့ချ်။ အစောပိုင်းချာ့ချ်သည် ဧကရာဇ်ကွန်စတင်တိုင်းခေတ်၌ နိုင်ငံရေးတွင် ပါဝင်လာသောအခါ ခရစ်တော်နှင့်ချုပ်ဆိုထားသည့် ၎င်း၏ပဋိညာဉ်ကို ချိုးဖောက်ခဲ့ကြရာ သန့်ရှင်းသောဝိညာဉ်တော်လှုံ့ဆော်မှုကို ဆုံးရှုံးခဲ့ရသည်ဟု ကော်လီဂျီယန်နှင့်ဘာသာဝါဒပညာရှင်ဖြစ်သူ အယ်ဒမ် ဘောရက်လ်က ၁၆၄၄ ခုနှစ်တွင်ရေးခဲ့သည်။ ယင်းကြောင့် မှောက်မှားသောသွန်သင်ချက်များ တိုးများလာကာ မိမိခေတ်တိုင်အောင် ရှိနေခြင်းဖြစ်သည်ဟူ၍ သူကထပ်ဆင့်ခဲ့သည်။
ပြုပြင်ပြောင်းလဲရေး။ လူသာ၊ ကယ်လ်ဗင်နှင့် အခြားသူများဦးဆောင်ခဲ့သော ၁၆ ရာစုပြုပြင်ပြောင်းလဲရေးသည် ချာ့ချ်ကိုပြုပြင်ပြောင်းလဲရန် မအောင်မြင်ခဲ့ချေ။ သို့အစား၊ ခေါင်းဆောင်ကော်လီဂျီယန်နှင့်သမားတော်ဖြစ်သူ ကလေနစ် အေဗြဟာမ်ဇန် (၁၆၂၂-၁၇၀၆) ၏အဆိုအရ ပြုပြင်ပြောင်းလဲရေးသည် ရန်လိုမုန်းတီးမှုကို ဖြစ်ပေါ်စေခြင်းအားဖြင့် ဘာသာရေးအခြေအနေကို ပိုဆိုးရွားစေခဲ့၏။ စစ်မှန်သောပြုပြင်ပြောင်းလဲမှုသည် နှလုံးကိုပြောင်းလဲစေသင့်ကာ ယင်းကို ပြုပြင်ပြောင်းလဲရေးမလုပ်ပေးခဲ့ချေ။
ချာ့ချ်နှင့် တရားဟောဆရာ။ အခြေကျနေသောချာ့ချ်များသည် အကျင့်ပျက်ပြားပြီး၊ လောကဆန်ကာ ဘုရားသခင်ရေးရာအခွင့်အာဏာကင်းမဲ့လျက်ရှိသည်။ ဘာသာရေးကို အလေးအနက်ထားသူတိုင်းသည် ချာ့ချ်၏အပြစ်များကို အားပေးအားမြှောက်ပြုသူမဖြစ်လာစေဖို့အတွက် သူ၏ချာ့ချ်ကို စွန့်ခြင်းထက် သာ၍ကောင်းသည့်အလုပ်မရှိချေ။ တရားဟောဆရာကြီးရာထူးသည် သမ္မာကျမ်းစာနှင့်ဆန့်ကျင်၍ “ခရစ်ယာန်အသင်းတော်၏ ဝိညာဉ်ရေးအကျိုးကို ထိခိုက်စေသည်” ဟုကော်လီဂျီယန်များကဆိုခဲ့ကြ၏။
ဘုရားသခင့်နိုင်ငံတော်နှင့် ပရဒိသု။ ခရစ်တော်၏နိုင်ငံတော်သည် နှလုံးထဲတွင်ကိန်းအောင်းနေသည့် ဝိညာဉ်ရေးနိုင်ငံတော်မဟုတ်ဟူ၍ အမ်စတာဒမ်ကောလိပ်ကို တည်ထောင်ခဲ့သူများတွင် တစ်ဦးဖြစ်သူ ဒယ်နီအယ်လ် ဒီ ဘရဲန် (၁၅၉၄-၁၆၆၄) ကရေးခဲ့သည်။ “ရှေးဘိုးဘေးများသည် မြေကြီးဆိုင်ရာကတိတော်များကို စောင့်မျှော်ခဲ့သည်” ဟုရော့တာဒမ်မြို့ရှိ ကော်လီဂျီယန်တစ်ဦးဖြစ်သူ ဆရာယာကွတ် အောစ်တန်ကပြောခဲ့သည်။ ထိုနည်းတူ ကော်လီဂျီယန်များသည် ပရဒိသုအသွင်သို့ ကမ္ဘာမြေကြီးပြောင်းလဲလိမ့်မည့်အချိန်ကို စောင့်မျှော်နေခဲ့ကြ၏။
သုံးပါးပေါင်းတစ်ဆူ။ စော့စင်နီရန်ယုံကြည်ချက်များ လွှမ်းမိုးခံနေရသော ခေါင်းဆောင်ပိုင်းမှ ကော်လီဂျီယန်များသည် သုံးပါးပေါင်းတစ်ဆူအယူကိုc ငြင်းပယ်ခဲ့သည်။ ဥပမာ၊ သုံးပါးပေါင်းတစ်ဆူအစရှိသည့် ဆင်ခြင်တုံတရားနှင့်ဆန့်ကျင်သည့် မည်သည့်အယူဝါဒမဆိုသည် “မဖြစ်နိုင်သည့်အပြင် မှားယွင်းသည်” ဟုဒယ်နီအယ်လ် ဇွီကာရ် (၁၆၂၁-၇၈) ကရေးခဲ့၏။ ၁၆၉၄ ခုနှစ်တွင် ကော်လီဂျီယန်ရက်ဂ်ျနီရ် ရိုလက်အိုဘာသာပြန်ဆိုထားသော ဘာသာပြန်ကျမ်းကိုထုတ်ဝေခဲ့သည်။ ယောဟန် ၁:၁ ၏အဆုံးပိုင်းကို ဩသဒေါက်စ်ဘာသာပြန်ဆိုထားသော “နှုတ်ကပါဌ်တော်သည်လည်း ဘုရားသခင် (God) ဖြစ်တော်မူ၏” ဟူ၍ဘာသာပြန်ဆိုမည့်အစား “နှုတ်ကပါဌ်တော်သည်လည်း ဘုရား (god) တစ်ပါးဖြစ်တော်မူ၏” ဟုဘာသာပြန်ခဲ့သည်။d
ပတ်စဉ်အစည်းအဝေးများ
ကော်လီဂျီယန်များသည် ယုံကြည်ချက်များနှင့်ပတ်သက်၍ အားလုံးသဘောမတိုက်ဆိုင်ခဲ့ကြသော်လည်း မြို့အသီးသီးရှိ သူတို့၏ကောလိပ်များကိုဆောင်ရွက်ပုံမှာ ဆင်တူယိုးမှားဖြစ်၏။ ကော်လီဂျီယန်လှုပ်ရှားမှု၏ အစောပိုင်းကာလများတွင် အစည်းအဝေးများကို ကြိုတင်ပြင်ဆင်ခြင်း မရှိသလောက်ပင်ဖြစ်သည်ဟု သမိုင်းပညာရှင် ဗာန် စလေက ဖော်ပြသည်။ “ပရောဖက်ပြု” ရန်လိုကြောင်း တမန်တော်ပေါလု၏စကားများကိုအခြေခံကာ ကော်လီဂျီယန်များက အမျိုးသားအဖွဲ့ဝင်တိုင်းသည် ကောလိပ်တွင် လွတ်လပ်စွာပြောဆိုနိုင်၏ဟု ခံယူခဲ့ကြသည်။ (၁ ကောရိန္သု ၁၄:၁၊ ၃၊ ၂၆) ယင်းကြောင့် အစည်းအဝေးများသည် ညသန်းခေါင်အထိကြာလေ့ရှိပြီး တက်ရောက်သူအချို့သည် “နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတတ်ကြသည်။”
နောက်ပိုင်းတွင် ထိုအစည်းအဝေးများသည် ပိုမိုစည်းစနစ်ကျလာခဲ့၏။ ကော်လီဂျီယန်များသည် တနင်္ဂနွေနေ့များသာမက အလုပ်ဖွင့်ရက်ညနေပိုင်းများတွင်လည်း စည်းဝေးခဲ့ကြသည်။ တစ်နှစ်တာအစည်းအဝေးအားလုံးအတွက် ဟောပြောသူနှင့် အသင်းတော်ပါကြိုတင်ပြင်ဆင်နိုင်ရန် ပုံနှိပ်ထားသောအစီအစဉ်စာရွက်တစ်ရွက်တွင် ဆင်ခြင်သုံးသပ်မည့် ကျမ်းချက်များအပြင် ဟောပြောသူများ၏အမည်အတိုကောက်များကိုပါ ဖော်ပြခဲ့သည်။ အစည်းအဝေးကို သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းဖြင့် စတင်ပြီးနောက် ဟောပြောသူတစ်ဦးက ကျမ်းချက်များကို ရှင်းပြခဲ့သည်။ ပြီးသောအခါ သူသည် ဆွေးနွေးခဲ့သောအကြောင်းအရာကို အမျိုးသားများအား တင်ပြပြောဆိုစေခဲ့သည်။ ထို့နောက် ဒုတိယဟောပြောသူက ၎င်းကျမ်းချက်များ၏သက်ဆိုင်ပုံကို ဖော်ပြခဲ့၏။ ဆုတောင်းခြင်းနှင့်သီချင်းဆိုခြင်းဖြင့် အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြသည်။
ဖရီလဲန်ဒေသ၊ ဟာရ်လင်ဂင်န်မြို့ရှိ ကော်လီဂျီယန်များသည် သူတို့၏အစည်းအဝေးများကို အချိန်ဇယားအတိုင်းကျင်းပရန် ဆန်းသစ်သောနည်းတစ်ခုကို အသုံးပြုခဲ့ကြသည်။ ဟောပြောသူသည် အချိန်ကျော်လျှင် ဒဏ်ငွေဆောင်ရသည်။
ပြည်လုံးကျွတ်အစည်းအဝေးများ
ကော်လီဂျီယန်များသည် လူစုလူဝေးကြီးများပြုလုပ်ရန်လည်း လိုသည်ဟုထင်မှတ်ခဲ့ကြသည်။ သို့ဖြင့် ၁၆၄၀ ပြည့်လွန်နှစ်မှစတင်၍ တစ်နိုင်ငံလုံးမှ ကော်လီဂျီယန်များသည် တစ်နှစ်လျှင်နှစ်ကြိမ် (နွေဦးပေါက်နှင့်နွေရာသီတွင်) ရစ်န်ဘာဂ်ရွာသို့ ရောက်ရှိလာခဲ့သည်။ ဤလူစုဝေးချိန်တွင် “နေရာအနှံ့မှ ညီအစ်ကိုများ၏အကြံဉာဏ်များ၊ ခံစားချက်များ၊ ယုံကြည်ချက်များနှင့် ဆောင်ရွက်မှုများကိုသိရှိ” လာစေခဲ့သည်ဟု သမိုင်းပညာရှင်ဖစ်ခ်ကရေးသည်။
ဧည့်သည်ဖြစ်သော ကော်လီဂျီယန်အချို့သည် ရွာသားတို့၏အိမ်ခန်းများကို ငှားရမ်းနေထိုင်ခဲ့ကြစဉ် အခြားသူများမှာမူ ကော်လီဂျီယန်များပိုင်ဆိုင်သည့် အခန်း ၃၀ ရှိ ခရိုတီဟိုစ်၊ သို့မဟုတ် အိမ်ကြီးတွင်နေထိုင်ခဲ့ကြ၏။ ထိုတွင် လူပေါင်း ၆၀ မှ ၇၀ ကိုဧည့်ခံကျွေးမွေးခဲ့သည်။ ညစာစားပြီးနောက်တွင် ဧည့်သည်များသည် ဘုံဗိမာန်၏ခြံကြီးတွင် အပျင်းပြေလမ်းလျှောက်ကာ ‘ဘုရားသခင်၏လက်ရာတော်ကိုရှုစားခြင်း၊ စကားစမြည်ပြောဆိုကြခြင်း သို့မဟုတ် စေ့စေ့စဉ်းစားဆင်ခြင်ခြင်း၌’ ပျော်မွေ့နိုင်ခဲ့ကြသည်။
ကော်လီဂျီယန်အားလုံးသည် နှစ်ခြင်းယူဖို့လိုသည်ဟု မထင်ကြသော်လည်း အများကလိုအပ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ဖြင့် နှစ်ခြင်းသည် လူစုလူဝေးကြီးများ၏ ထူးခြားချက်တစ်ခုဖြစ်လာခဲ့၏။ ထိုအခမ်းအနားကို စနေနေ့နံနက်ပိုင်းတွင် ပြုလုပ်လေ့ရှိသည်ဟု သမိုင်းပညာရှင်ဗာန် စလေကဆိုသည်။ သီချင်းဆိုဆုတောင်းပြီးနောက် နှစ်ခြင်းယူဖို့လိုကြောင်း ဟောပြောခဲ့သည်။ ထို့နောက် နှစ်ခြင်းခံလိုသောအရွယ်ရောက်သူများအား “ယေရှုခရစ်သည် အသက်ရှင်သောဘုရားသခင်၏သားတော်ဖြစ်သည်ကို ကျွန်ုပ်ယုံကြည်ပါသည်” ဟူသော သူတို့၏ယုံကြည်ချက်ကို ဟောပြောသူက ဖိတ်ခေါ်ခဲ့၏။ ဟောပြောချက်ကို ဆုတောင်းခြင်းဖြင့် နိဂုံးချုပ်လိုက်ပြီးနောက် ပခုံးအထိရေရောက်ရှိစေရန် ဒူးထောက်နေကြသည့် အမျိုးသားအမျိုးသမီးများကို သက်သေအဖြစ်ရှုစားရန် တက်ရောက်သူအားလုံးသည် နှစ်ခြင်းပေးမည့်ရေကန်ငယ်သို့ သွားခဲ့ကြသည်။ ထို့နောက် နှစ်ခြင်းပေးသူသည် ယုံကြည်သူလူသစ်၏ခေါင်းကို ရှေ့ဘက်သို့ ရေထဲဖြည်းညင်းစွာနှစ်လိုက်လေသည်။ အခမ်းအနားပြီးနောက်တွင် နောက်ဟောပြောချက်အတွက် အားလုံးမိမိထိုင်ခုံသို့ပြန်သွားခဲ့ကြ၏။
စနေနေ့မွန်းလွဲပိုင်း ၅ နာရီတွင် တကယ့်အစည်းအဝေးကို တိုတောင်းသောကျမ်းစာဖတ်ရှုခြင်း၊ သီချင်းဆိုခြင်းနှင့် ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြ၏။ ဟောပြောမည့်သူအမြဲရှိနေစေရန် ရော့တာဒမ်မြို့၊ လိုင်ဒင်မြို့၊ အမ်စတာဒမ်မြို့နှင့် ဟော်လန်မြောက်ဘက်ရှိ ကောလိပ်များက စည်းဝေးတိုင်းအတွက် အလှည့်ကျ ဟောပြောသူများကို စီစဉ်ပေးခဲ့သည်။ တနင်္ဂနွေနံနက်ပိုင်းကို သခင့်ညစာအခမ်းအနားကျင်းပဖို့ သတ်မှတ်ထားခဲ့သည်။ ဟောပြောချက်၊ ဆုတောင်းခြင်းနှင့် သီချင်းဆိုကြပြီးနောက်တွင် အမျိုးသားများပြီးသည်နှင့် အမျိုးသမီးများသည် မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်ခဲ့ကြ၏။ တနင်္ဂနွေညနေပိုင်းတွင် ဟောပြောချက်များ ထပ်မံကြားရပြီး တနင်္လာနံနက်ပိုင်းတွင် နိဂုံးချုပ်ဟောပြောချက်ကိုနားထောင်ရန် လူတိုင်းစုရုံးလာခဲ့၏။ ဤစည်းဝေးကြီးများတွင် ဟောပြောသော ဟောပြောချက်အများမှာ ရှင်းပြခြင်းထက် လက်တွေ့အသုံးချခြင်းကို အလေးထားဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဗာန် စလေကမှတ်ချက်ချသည်။
ရစ်န်ဘာဂ်ရွာက ဤစည်းဝေးများကို ဧည့်ခံခွင့်ရသည့်အတွက် ဝမ်းသာခဲ့သည်။ အတော်အတန်ပင် စားသောက်ခဲ့ကြသော လူစိမ်းများရောက်ရှိလာခြင်းကြောင့် ထိုရွာအတွက် ဝင်ငွေရရှိစေခဲ့သည်ဟု ၁၈ ရာစုလေ့လာသူတစ်ဦးက ရေးခဲ့၏။ ထို့ပြင် စည်းဝေးကြီးပြီးတိုင်း ကော်လီဂျီယန်များသည် ရစ်န်ဘာဂ်ရွာရှိ ချို့တဲ့သူများအတွက် ငွေကြေးလှူဒါန်းခဲ့သည်။ အဆိုပါအစည်းအဝေးများကို ၁၇၈၇ ခုနှစ်တွင် ရပ်ဆိုင်းလိုက်သောအခါ ထိုရွာသားများက ဆုံးရှုံးရသည်ဟုခံစားခဲ့ကြမည်မှာ ယုံမှားဖွယ်မရှိချေ။ ထို့နောက် ယင်းကော်လီဂျီယန်လှုပ်ရှားမှုသည် တိမ်ကောသွားခဲ့၏။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့် သူတို့တိမ်ကောခဲ့ရခြင်း
၁၇ ရာစုအဆုံးတိုင်လေသော် ဘာသာတရား၌ ဆင်ခြင်တုံတရား၏ကဏ္ဍနှင့်ပတ်သက်၍ အငြင်းပွားမှုတစ်ခုပေါ်ပေါက်ခဲ့သည်။ လူ့ဆင်ခြင်တုံတရားကို ဘုရားသခင်ရေးရာဖော်ပြချက်ထက် ဦးစားပေးသင့်သည်ဟု ကော်လီဂျီယန်အချို့ ယူဆခဲ့ကြသော်လည်း အခြားသူများကသဘောမတူကြချေ။ နောက်ဆုံး၌ ယင်းအငြင်းပွားမှုကြောင့် ကော်လီဂျီယန်တစ်ဖွဲ့လုံးသည် ပြိုကွဲခဲ့ရ၏။ အငြင်းပွားခဲ့သည့် နှစ်ဖက်စလုံးမှ အဓိကအဆိုပြုသူများကွယ်လွန်ပြီးနောက်၌သာ ကော်လီဂျီယန်များပြန်လည်စည်းလုံးနိုင်ခဲ့သည်။ သို့ပင်ငြားလည်း ဤသင်းကွဲမှုဖြစ်ပြီး နောက်ပိုင်းတွင် ယင်းလှုပ်ရှားမှုသည် “တစ်ခါမျှ ယခင်အတိုင်းမဟုတ်တော့ချေ” ဟူ၍သမိုင်းပညာရှင်ဖစ်ခ်က ဖော်ပြသည်။
၁၈ ရာစုပရိုတက်စတင့်ချာ့ချ်များအတွင်း သည်းခံခြင်းတရား တိုးများလာခြင်းကလည်း ကော်လီဂျီယန်များတိမ်ကောသွားစရာအကြောင်းဖြစ်ပေါ်စေခဲ့သည်။ ကော်လီဂျီယန်များ၏ဆင်ခြင်တုံတရားနှင့် သည်းခံခြင်းတရားမူများကို လူ့ဘောင်အဖွဲ့အစည်းက ပိုမိုလက်ခံလာခဲ့ကြလေ “တစ်ချိန်က ကော်လီဂျီယန်အယူဝါဒသာ လက်ခံသည့်အလင်းသည် ဉာဏ်အလင်းထွန်းတောက်ပွင့်လင်းခြင်းအစဖြစ်လာလေသည်။” ၁၈ ရာစုအကုန်ပိုင်းတိုင်လေသော် ကော်လီဂျီယန်အများသည် မဲန္နနိုက်များနှင့် အခြားဘာသာရေးအုပ်စုအဖွဲ့ဝင်များ ဖြစ်နေကြပေပြီ။
ကော်လီဂျီယန်များသည် သူတို့၏လှုပ်ရှားမှုအတွင်း အတွေးအမြင်တစ်မျိုးတည်းရှိရန် မရည်ရွယ်ခဲ့သောကြောင့် ကော်လီဂျီယန်များရှိသလောက် ရှုမြင်ချက်များရှိခဲ့သည်။ ယင်းကို သူတို့သိမှတ်ခဲ့ကြသောကြောင့် ခရစ်ယာန်များကို တမန်တော်ပေါလုတိုက်တွန်းထားသည့်အတိုင်း ‘စိတ်သဘောတသံတသမတ်တည်းရှိ၍ စေ့စပ်စုံလင်ကြ’ သည်ဟု မဆိုခဲ့ကြချေ။ (၁ ကောရိန္သု ၁:၁၀) သို့တိုင် တစ်ချိန်တည်းတွင် ကော်လီဂျီယန်များသည် စိတ်သဘောတသံတသမတ်တည်းရှိခြင်း အစရှိသည့်အခြေခံကျသောခရစ်ယာန်ယုံကြည်ချက်များ အမှန်တကယ်တည်ရှိလာမည့်အချိန်ကို စောင့်မျှော်ခဲ့ကြသည်။
ကော်လီဂျီယန်တို့၏ခေတ်တွင် စစ်မှန်သောအသိပညာ မကြွယ်ဝသေးသည့်အချက်ကိုထည့်တွက်လျှင် သူတို့သည် မျက်မှောက်ခေတ် ဘာသာတရားမြောက်မြားစွာ သတိပြုမိစရာပုံသက်သေတစ်ရပ်ကို ချမှတ်ခဲ့သည်။ (ဒံယေလ ၁၂:၄ နှိုင်းယှဉ်။) ကျမ်းစာလေ့လာဖို့လိုကြောင်းကို သူတို့အလေးအနက်သဘောထားခြင်းသည် တမန်တော်ပေါလု၏ဤဆုံးမစကားနှင့် ကိုက်ညီသည်– “ခပ်သိမ်းသောအရာကိုစုံစမ်း . . . ကြလော့။” (၁ သက်သာလောနိတ် ၅:၂၁) ကြာမြင့်စွာအချိန်ကတည်းက ခံယူထားသော ဘာသာရေးအယူဝါဒနှင့် အကျင့်အကြံအချို့သည် သမ္မာကျမ်းစာအပေါ် လုံးဝအခြေမခံကြောင်း ကိုယ်ပိုင်ကျမ်းစာလေ့လာမှုပြုလုပ်ခြင်းက ယာခိုဗတ်စ် အာမင်နပ်စ်နှင့် အခြားသူများအား သိရှိစေခဲ့သည်။ ယင်းကို သူတို့သဘောပေါက်သောအခါ အခြေကျနေသောဘာသာတရားနှင့်ကွဲပြားရန် သတ္တိရှိခဲ့ကြ၏။ အသင်ကော ထပ်တူလုပ်ဆောင်ခဲ့မည်လော။
[အောက်ခြေမှတ်ချက်များ]
a ၁၆၁၀ ပြည့်နှစ်၌ သဘောထားကွဲလွဲသူများက ဒတ်ချ်ခေါင်းဆောင်များထံ တရားဝင်ကန့်ကွက်ချက် (ဆန့်ကျင်ခဲ့ရသောအကြောင်းပြချက်များပါစာတမ်းတစ်ခု) ကိုပေးပို့ခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက် သူတို့ကို ရီမွန်စထရဲ့န်များဟု ခေါ်ခဲ့ကြသည်။
b ဤအရပ်ကြောင့် ကော်လီဂျီယန်များကို ရင်န်ဘာဂါများဟုလည်းခေါ်ဆိုခဲ့ကြသည်။
c “စော့စင်နီရန်များ—သုံးပါးပေါင်းတစ်ဆူအယူကို သူတို့အဘယ်ကြောင့်ငြင်းပယ်ခဲ့ကြသနည်း၊” နိုဝင်ဘာ ၂၂၊ ၁၉၈၈၊ နိုးလော့! [လိပ်] စာမျက်နှာ ၁၉ ရှု။
d Het Nieuwe Testament van onze Heer Jezus Christus, uit het Grieksch vertaald door Reijnier Rooleeuw, M.D. (ရက်ဂ်ျနီရ် ရိုလက်အို အမ်.ဒီ. ကဂရိမှဘာသာပြန်သော ကျွန်ုပ်တို့သခင်ယေရှုခရစ်၏ဓမ္မသစ်ကျမ်း)
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ရမ်ဗရန်တ် ဗာန် ရစ်န်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကော်လီဂျီယန်များ ဦးဆုံးစတင်ခဲ့သည့်ဗားရ်မောန်ရွာနှင့် နှစ်ခြင်းပေးခဲ့သည့်ဒါ ဗလီတ်မြစ်
[Picture Credit Line on page 23]
နောက်ခံ– Courtesy of the American Bible Society Library, New York