ကျွန်ုပ်တို့၏ကြမ္မာကို ဘုရားသခင်တင်ကူးစီမံထားနှင့်သလော
“မကြာခဏနားလည်လွဲမှားလေ့ရှိသော တင်ကူးပြဋ္ဌာန်းခြင်းဟူသည့် အသုံးအနှုန်းကို လုံးဝမသုံးလျှင် စိတ်ကူးစိတ်သန်းနှင့်ဆိုင်သော ပြဿနာများစွာကို ရှောင်လွှဲနိုင်လိမ့်မည်။” “တင်ကူးပြဋ္ဌာန်းခြင်း” ဟူသောဝေါဟာရကို သုံးသောအခါ သို့မဟုတ် သုံးသည်ကိုကြားသောအခါ အဆိုဖော်ပြပါအတိုင်း အဘယ်ကြောင့်ဖြစ်ရသည်ကို သင်သိလိုပေမည်။
မကြာသေးမီကထုတ်သော တေအို—နူဗဲလ်အန်စီကလိုပေဒီး ကာတိုလစ်ခ် အမည်ရှိ ပြင်သစ်ကက်သလစ်စွယ်စုံကျမ်းအရ “တင်ကူးပြဋ္ဌာန်းခြင်း” ဟူသောဝေါဟာရကို ကျွန်ုပ်တို့မသုံးသင့်ချေ။ အခြားစာအုပ်တစ်အုပ်က ဤသို့ဖော်ပြသည်– “ယခုအခါ ဓမ္မပညာဆိုင်ရာဝေဖန်ဆွေးနွေးမှုများတွင် တင်ကူးပြဋ္ဌာန်းခြင်းသည် ပရိုတက်စတင့်အများစုအတွက်ပင် အဓိကနေရာမယူတော့ဟန်ရှိသည်။”
မည်သို့ဆိုစေ တင်ကူးပြဋ္ဌာန်းခြင်းဆိုင်ရာမေးခွန်းသည် သမိုင်းတစ်လျှောက် လူများစွာတို့အား အနှောင့်အယှက်ပေးလာခဲ့သည်။ ယင်းသည် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို ပေါ်ပေါက်စေသော အငြင်းပွားမှုတွင် အဓိကနေရာယူပြီး ကက်သလစ်ချာ့ချ်အတွင်း၌ပင်လျှင် ဒေါသထွက်စရာဆွေးနွေးမှုကို ဖြစ်ပေါ်စေသောအရာအဖြစ် ရာစုနှစ်များစွာတည်ရှိလာခဲ့သည်။ ယနေ့ အငြင်းပွားမှုလျော့နည်းလာသော်လည်း ပြဿနာအဖြစ်တည်ရှိနေဆဲဖြစ်သည်။ မိမိ၏ကြမ္မာသည် တင်ကူးပြဋ္ဌာန်းခံရခြင်းရှိမရှိ မသိလိုသောသူမည်သူရှိပါမည်နည်း။
တင်ကူးပြဋ္ဌာန်းခြင်း—ဝေါဟာရ၏အဓိပ္ပာယ်
ချာ့ချ်များတွင် “တင်ကူးပြဋ္ဌာန်းခြင်း” ၏အဓိပ္ပာယ် မည်သို့ရှိသနည်း။ ဒစ်က္ကစီယောနဲ ဒယ် တေအိုလိုဇီး ကာတိုလစ်ခ် စွယ်စုံကျမ်းက “အမည်အားဖြင့် ဖော်ပြသတ်မှတ်ခံရသူများအား ထာဝရအသက်ရစေရန် ဘုရားသခင်၏ရည်မှန်းချက်” ဟု သတ်မှတ်သည်။ “အမည်အားဖြင့် ဖော်ပြသတ်မှတ်ခံရသော” ရွေးချယ်ခံရသူများသည် တမန်တော်ပေါလုက ရောမသို့စာရေးရာတွင် အောက်ပါကဲ့သို့ ရည်ညွှန်းဖော်ပြသူများဖြစ်သည်ဟု အများအားဖြင့်ထင်မှတ်ကြသည်– “ဘုရားသခင်ကို ချစ်သောသူ၊ ရည်ရွယ်တော်မူချက်နှင့်အညီ ခေါ်တော်မူသောသူတို့၏ အကျိုးကို ဘုရားသခင်သည် လုပ်ဆောင်တော်မူ၏။ ကိုယ်တော်ကြိုတင်သိထားတော်မူသောသူတို့အား မိမိသားတော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ပြုပြင်ပြောင်းလဲခံရရန် တင်ကူးပြဋ္ဌာန်းတော်မူ၏။ . . . တင်ကူးပြဋ္ဌာန်းထားသောသူတို့ကို ခေါ်တော်မူ၏; ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်သည်ဟုသတ်မှတ်တော်မူ၏; ထိုသို့သတ်မှတ်တော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏။”—ရောမ ၈:၂၈-၃၀၊ Revised Standard Version.
အချို့သောသူတို့သည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူ ဘုန်းဝင်စားရန် မမွေးဖွားမီကတည်းက ဘုရားသခင်၏ရွေးချယ်ထားခြင်းခံရသည်ဟု အဆိုရှိသည်။ ယင်းက မဆုံးနိုင်သော အငြင်းပွားစရာမေးခွန်းကို ပေါ်ပေါက်စေသည်– ဘုရားသခင်သည် မိမိကယ်တင်လိုသောသူကို မိမိ၏ထင်ရာစိုင်းသည့်သဘောဖြင့် ရွေးချယ်သလော သို့မဟုတ် လူသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး ဘုရားသခင့်မျက်နှာသာတော်ကို ရရှိရန်နှင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍရှိသလော။
တင်ကူးပြဋ္ဌာန်းခြင်း၏ဖခင် ဩဂတ်စ်တင်း
အခြားချာ့ချ်ဖခင်တို့သည် ယခင်ကတည်းက တင်ကူးပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ ရေးသားခဲ့သော်လည်း ဩဂတ်စ်တင်းသည် (၃၅၄-၄၃၀ စီ.အီး.) ကက်သလစ်နှင့် ပရိုတက်စတင့်ချာ့ချ်များအတွက် ထိုအယူဝါဒကို အုတ်မြစ်ချပေးခဲ့သူဟု ယေဘုယျအားဖြင့် ယူမှတ်ခံရသည်။ ဩဂတ်စ်တင်း၏အဆိုအရ ဖြောင့်မတ်သူများသည် ထာဝရကောင်းချီးများကို ခံစားရရန်အတွက် ရှေးပဝေသဏီကတည်းက ဘုရားသခင်၏ တင်ကူးပြဋ္ဌာန်းမှုကို ခံရကြသည်။ တစ်ဖက်တွင် မဖြောင့်မတ်သူများမူ ဘုရားသခင်၏ တင်ကူးပြဋ္ဌာန်းထားခြင်းခံရသည်ဟု စကားအားဖြင့် အတိအကျမဖော်ပြထားသော်လည်း သူတို့သည် မိမိတို့၏အပြစ်များအတွက် ထိုက်တန်သောအပြစ်ပေးခြင်း၊ ဒဏ်စီရင်ချက်ချခြင်းကို ခံရကြသည်။ ဩဂတ်စ်တင်း၏ရှင်းလင်းချက်က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အတွက် နေရာအနည်းငယ်သာပေးသဖြင့် ကြီးစွာသောအငြင်းအခုံဖြစ်ရန် လမ်းစဖွင့်ပေးသည်။
ဩဂတ်စ်တင်းကိုဆက်ခံသူများ
တင်ကူးပြဋ္ဌာန်းခြင်းနှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တို့နှင့်ပတ်သက်သော အငြင်းအခုံသည် အလယ်ခေတ်အတွင်း ထပ်ခါတလဲဖြစ်နေခဲ့ပြီး ပြုပြင်ပြောင်းလဲရေးကာလအတွင်းတွင် တစ်စုံတစ်ခုဆုံးဖြတ်လုပ်ဆောင်ရမည့်အဆင့်သို့ ရောက်သွားသည်။ တစ်ဦးစီ၏ တင်ကူးပြဋ္ဌာန်းခံရခြင်းမည်သည် ရွေးချယ်ခံရသူများ၏ အနာဂတ်ကောင်းမှုကုသိုလ်များ သို့မဟုတ် ကောင်းသောအလုပ်များကို ကြိုတင်ရှုမြင်ခြင်းမရှိသော ဘုရားသခင်၏ရွေးချယ်မှုဟု လူသာက ယုံကြည်သည်။ ကယ်လ်ဗင်းကမူ အုပ်စုနှစ်စုတင်ကူးပြဋ္ဌာန်းခြင်းဟူသော သူ၏အယူအဆအားဖြင့် သာ၍အရင်းအမြစ်ကျသည့် ကောက်ချက်ပေးသည်– လူအချို့တို့သည် ထာဝရကယ်တင်ခြင်းအတွက်၊ အချို့တို့ကမူ ထာဝရဒဏ်စီရင်ခြင်းအတွက် တင်ကူးပြဋ္ဌာန်းခံရကြသည်။ မည်သို့ဆိုစေ ကယ်လ်ဗင်းသည်လည်း ဘုရားသခင်၏ရွေးချယ်မှုကို တစ်ဖက်သတ်ဆန်ခြင်းအပြင် နားလည်ရန်ပင်ခက်ခဲသည့်အရာဟု ယူမှတ်သည်။
တင်ကူးပြဋ္ဌာန်းခြင်းပြဿနာနှင့် “ကျေးဇူးတော်”—ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဖြောင့်မတ်ကြောင်းကြေညာခြင်းလုပ်ရပ်ကို ဖော်ပြရန် ချာ့ချ်များတွင်သုံးသော ဝေါဟာရ—နှင့် အနီးစပ်ဆုံးပတ်သက်သောမေးခွန်းတို့သည် အလွန်ကြီးကျယ်လာရကား ၁၆၁၁ ခုတွင် ကက်သလစ်ရဟန်းမင်းကြီးရုံးတော်က ယင်း၏ခွင့်ပြုချက်မရဘဲ ထိုကိစ္စနှင့်ပတ်သက်သော မည်သည့်အရာကိုမျှ မထုတ်ဝေရဟု တားမြစ်ခဲ့ရသည့်အထိဖြစ်သည်။ ကက်သလစ်ချာ့ချ်အတွင်းတွင် ဩဂတ်စ်တင်း၏သွန်သင်ချက်များသည် ၁၇ နှင့် ၁၈ ရာစု ပြင်သစ်လူမျိုးဂျယ်န်စဲန်နစ်ဝါဒီတို့၏ အခိုင်အမာအားပေးထောက်ခံမှုကို ရရှိခဲ့သည်။ သူတို့က အလွန်တင်းကျပ်ပြီး ကျော်ကြားသည့်လူစုပုံစံဖြင့် ခရစ်ယာန်အယူဝါဒကို အားပေးထောက်ခံကြကာ သူတို့၏တပည့်နောက်လိုက်များတွင် မင်းမျိုးမင်းနွယ်အထက်တန်းလွှာများပင် ပါဝင်သည်။ သို့သော် အထက်ပါကိစ္စနှင့်ပတ်သက်သည့် အငြင်းပွားမှုသည် မလျော့ပါးသွားပါ။ ဆယ့်လေးယောက်မြောက် လူဝီဘုရင်က ဂျယ်န်စဲန်နစ်အယူဝါဒ၏ အချက်အချာနေရာဖြစ်သော ပေါ့တ်ရွိုင်ယယ်လ်ရှိဘုန်းကြီးကျောင်းကို ဖျက်ဆီးပစ်ရန် အမိန့်ထုတ်ခဲ့သည်။
ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးချာ့ချ်များတွင် ဆွေးနွေးမှုများသည် အတောမသတ်နိုင်အောင်ဖြစ်ခဲ့သည်။ အခြားဘာသာရေးအုပ်စုများနှင့် ယာခိုဘွက်စ်အာမေးနီးယပ်စ်၏ နောက်လိုက်များဖြစ်သော ရီမွန်စထရဲ့န်များက လူသည် မိမိ၏ကယ်တင်ခြင်းအတွက် မိမိကိုယ်တိုင်လုပ်ဆောင်နိုင်သည့် အပိုင်းကဏ္ဍရှိသည်ဟု ယုံကြည်ကြသည်။ ပရိုတက်စတင့်တို့၏ ဒေါဒရက်ခ်ဒေသ ဘာသာရေးခေါင်းကြီးပိုင်းအဖွဲ့က ကယ်လ်ဗင်းနစ္စအော်သိုဒေါက်စ်ဝါဒ၏ တင်းကျပ်သည့်ပုံစံတစ်ခုကို ခံယူလိုက်ခြင်းအားဖြင့် အငြင်းအခုံကို ယာယီရပ်ဆိုင်းသွားစေသည်။ လာဗန်တူအဲရ် ဒလာရေဖော်ရ်မ်—လမော်န်ဒ် ဇန်းကာလီဗန်း အမည်ရှိစာအုပ်၏ အဆိုအရ ဂျာမနီနိုင်ငံတွင် တင်ကူးပြဋ္ဌာန်းခြင်းနှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုင်ရာ ဤအငြင်းအခုံသည် ကာလကြာရှည်သော “ပြန်လည်သင့်မြတ်ခြင်းအတွက် အောင်မြင်မှုမရှိသည့် ကြိုးပမ်းအားထုတ်မှုများဖြစ်သည့်အပြင် ဓမ္မပညာဆရာများအား မတော်မတရားပြုခြင်း၊ ထောင်ချခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်း” များကို ဖြစ်စေသည်။
တင်ကူးပြဋ္ဌာန်းခြင်းလော၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လော
ရှေးမဆွကတည်းက တင်ကူးပြဋ္ဌာန်းခြင်းနှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တည်းဟူသော ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည့် ဤတရားနှစ်ပါးသည် ပြင်းထန်သည့်ပဋိပက္ခများကို လှုံ့ဆော်ပေးသည်။ ဩဂတ်စ်တင်းကလည်း ဤဆန့်ကျင်မှုကို မရှင်းပြနိုင်ချေ။ ကယ်လ်ဗင်းကလည်း ယင်းသည် ဘုရားသခင်၏ အထွတ်အမြတ်အလိုတော်ဆိုင်ရာ အသုံးအနှုန်းဖြစ်ပြီး လိပ်ပတ်လည်အောင် ရှင်းလင်းမဖော်ပြနိုင်ဟု ယူမှတ်သည်။
သို့သော် ဘုရားသခင်၏ ဂုဏ်ရည်တော်များနှင့် ဥပဓိရုပ်တော်အကြောင်း သမ္မာကျမ်းစာ၏ဖွင့်ဟဖော်ပြချက်များက ဤမေးခွန်းများကို သာ၍ရှင်းလင်းစွာနားလည်ရန် ကျွန်ုပ်တို့အားအကူအညီပေးသလော။ နောက်ဆောင်းပါးက ယင်းအချက်ကို အသေးစိတ်သုံးသပ်စစ်ဆေးသွားမည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ကယ်လ်ဗင်း
လူသာ
ဂျယ်န်စဲန်
[Credit Line]
Pictures: Bibliothèque Nationale, Paris