အဘယ်အချိန်တွင် သူတို့ဖတ်ရှုကြ၍ ခံစားရသောအကျိုးကျေးဇူး
နံနက်စောစော–
အပြင်အလုပ်ထွက်လုပ်ကိုင်ရသော မောင်နှံစုံတစ်စုံသည် ယခင်ကထက် ဆယ်မိနစ်ခန့်ပိုစောစောထပြီး နေ့စဉ်အလုပ်မသွားမီ အတူတကွကျမ်းစာဖတ်ရှုရန် စိတ်ဆုံးဖြတ်ကြသည်။ အိမ်မှထွက်လာသည့်နောက် ဖတ်ခဲ့သောအကြောင်းကိုအခြေပြုပြီး တစ်ဦးကိုတစ်ဦးတည်ဆောက်စရာစကားများပြောဆိုရန် ဖြစ်စေသည်။
နိုင်ဂျီးရီးယားနိုင်ငံမှ အကြီးအကဲတစ်ဦးသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်အတိုင်း မိသားစုနှင့်ကျမ်းစာဖတ်ရှုပါသည်။ နေ့စဉ်ကျမ်းချက်ကို နံနက်တိုင်းဆွေးနွေးပြီးနောက် ကျမ်းစာတစ်ပိုဒ်ကို သူတို့ဖတ်ကြသည်။ ကျမ်းပိုဒ်များကို ကလေးများအား အလှည့်ကျဖတ်စေပါသည်။ ၎င်းနောက် သူတို့ဖတ်လိုက်သည့်အခန်းငယ်များနှင့်ပတ်သက်၍ မေးခွန်းများမေးရန်ဖိတ်ခေါ်သည်။
ဂျပန်နိုင်ငံမှ အိမ်ရှင်မတစ်ဦးသည် ၁၉၈၅ ခုနှစ်ကတည်းက ကျမ်းစာတစ်အုပ်လုံးကို နှစ်စဉ်ဖတ်ပြီးပါသည်။ နေ့စဉ် နံနက် ၅:၀၀ နာရီမှစ၍ မိနစ် ၂၀ မှ ၃၀ အထိဖတ်ရှုရန် သူစီစဉ်ပါသည်။ ယင်းသို့ပြုခြင်းအကျိုးကျေးဇူးနှင့်စပ်လျဉ်း၍ သူမကဤသို့ပြောသည်– “ကျွန်မရဲ့ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ကျွန်မရောဂါကို မေ့ပျောက်နိုင်ပြီး ပရဒိသုမျှော်လင့်ချက်ကို အာရုံစိုက်စေတယ်။”
လင်သားဖြစ်သူသည် သက်သေခံမဟုတ်သော်လည်း နှစ်ပေါင်း ၃၀ ရှေ့ဆောင်ခဲ့သောညီအစ်မတစ်ဦးသည် ကျမ်းစာဖတ်ဖို့ရန် နံနက်တိုင်း ငါးနာရီတွင်အိပ်ရာမှနိုးထပါသည်။ သူမ၏အစီအစဉ်အရ ဟေဗြဲကျမ်းစာစောင်မှ လေးမျက်နှာနှင့် ခရစ်ယာန်ဂရိကျမ်းစာမှ တစ်ခန်းအပြင် နယပုံပြင်ကျမ်းမှ အခန်းငယ်တစ်ခုကိုဖတ်ပါသည်။ ၁၉၅၉ ခုနှစ်ကတည်းက ကျမ်းစာတစ်အုပ်လုံးကို နှစ်စဉ်ဖတ်ပြီးခဲ့ပြီ။ သူမက ဤသို့ဆိုသည်– “ကျွန်မဒီလိုဖတ်လို့ ကျွန်မကိုယေဟောဝါချစ်တယ်လို့ခံစားရတယ်။ . . . အားပေးမှု၊ စိတ်သက်သာမှုနဲ့ ပဲ့ပြင်မှုကိုလည်းခံရတယ်။” ထပ်မံ၍ သူမကဤသို့ဆိုသည်– “ကျမ်းစာဖတ်တာဟာ ကျွန်မဘဝရဲ့သံပတ်ကို ယေဟောဝါနေ့တိုင်းလှည့်ပေးတာနဲ့တူတယ်။”
ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်ထားသည့်နိုင်ငံတွင် သမ္မာတရားသိရှိလာသောညီအစ်မတစ်ဦး၏ခင်ပွန်းသည် သူမ၏ယုံကြည်ခြင်းကို အတိုက်အခံပြုပါသည်။ သူမသည် တနင်္လာနေ့မှသောကြာနေ့အထိ နံနက် ၆:၀၀ မှ ၇:၀၀ တိုင်အောင် ကျမ်းစာဖတ်ရှုနိုင်ပါသည်။ ယင်းကြောင့် သူမသည် အတွင်းခွန်အားရရှိခဲ့ပြီ။ သူမ၏ကျမ်းစာဖတ်ရှုခြင်းမှရရှိသောအကျိုးကို ပြန်ပြောင်းစဉ်းစားပြီး သူမကဤသို့ဆိုသည်– “ယေဟောဝါနဲ့ယေရှုကို ပိုချစ်လာပြီး ယေဟောဝါကတိရှိတဲ့အတိုင်း အမြဲလုပ်တယ်ဆိုတာကိုသိရလို့ အခက်အခဲဒုက္ခတွေကြားမှာ ပျော်ရွှင်နိုင်တယ်။”
ရှေ့ဆောင်သင်တန်းတက်ခဲ့ဖူးသူ ညီအစ်မတစ်ဦးက နေ့စဉ်ကျမ်းစာဖတ်ရှုသည့်အကျင့်ရှိရန် ဩဝါဒပေးခံရသည့်အတိုင်းလုပ်ကိုင်ဖို့ စိတ်ဆုံးဖြတ်ပါသည်။ အစအဦးတွင် နံနက် ၅:၀၀ မှ ၆:၀၀ အထိ ထိုသို့ပြုလုပ်နိုင်ခဲ့ပါသည်။ အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ကိုင်ရသည့်အတွက် ည ၉:၀၀ မှ ၁၀:၀၀ အထိဖတ်ဖို့စီစဉ်လိုက်ရသည်။ အခြားအခက်အခဲများပေါ်လာသည့်အခါ “အခြေအနေအရပဲ ကျွန်မအစီအစဉ်ကို ပြောင်းလဲပြီးလုပ်သွားပါတယ်” ဟုသူမပြောပြသည်။
တစ်နေ့တာအတွင်း–
ဘရာဇီးဗေသလမိသားစုဝင်ဖြစ်သော သွေးသားရင်းချာ ညီအစ်မနှစ်ဦးသည် နေ့စဉ်နေ့လယ်စာစားပြီးသည့်နောက် မိနစ် ၂၀ ခန့်အတူတူကျမ်းစာဖတ်ကြပါသည်။ သူတို့သည် ကျမ်းစာတစ်အုပ်လုံးကို ၂၅ ကြိမ်တိုင်ဖတ်ရှုပြီးခဲ့ပြီ; သို့ဖြစ်စေကာမူ သူတို့ကဤသို့ရေးသားသည်– “ဖတ်တိုင်းပဲ အသစ်အဆန်းတွေတွေ့ရလို့ ကျမ်းစာဖတ်တာဟာ ကျွန်မတို့အတွက် တစ်ခါမှငြီးငွေ့စရာမဖြစ်ခဲ့ဘူး။”
ဂျပန်နိုင်ငံမှ အပျိုတစ်ဦးသည် သက်သေခံအဖြစ် ကြီးပြင်းလာခဲ့သော်လည်း ကျမ်းစာကို သူမကောင်းစွာမသိကျွမ်းပါ။ သူမသည် ရှေ့ဆောင်ဖြစ်လာသောအခါ ကျမ်းစာကိုမှန်မှန်ဖတ်ဖို့ရန် စိတ်ဆုံးဖြတ်ပါသည်။ တစ်ပတ်လျှင်တစ်ရက်ဆေးကုသခံရန်ဆေးရုံသို့သွားစဉ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် ကြိုတင်ဖတ်ရှုပါသည်။ ထို့နောက် အိမ်သို့ပြန်ရောက်သည့်အခါ ယင်းကိုဖြည့်စွက်ရန် လေ့လာဆည်းပူးပါသည်။ ရက်သတ္တပတ်အကုန်ပိုင်းတွင် ကျမ်းစာစောင်များကို ရေးသားခဲ့သည့်အစီအစဉ်အလိုက် ကျမ်းစာစောင်တို့ကိုရွေးချယ်ပြီး ထပ်မံဖတ်ရှုပါသည်။
ကျမ်းစာတစ်အုပ်လုံးကို သုံးကြိမ်တိုင်ဖတ်ရှုပြီးခဲ့သော ၁၃ နှစ်သားတစ်ဦးသည် ယခုကျောင်းမှပြန်လာတိုင်း အခန်းကြီးတစ်ခုကို နေ့စဉ်ဖတ်နေပါသည်။ ဤသို့ပြုလုပ်ခဲ့သည့်အတွက် “ယေဟောဝါကို ကျွန်တော်ပိုချစ်လာတယ်” ဟုသူပြောပြပါသည်။
အလုပ်လုပ်ကိုင်ရသူ အကြီးအကဲတစ်ဦး၊ လင်ယောက်ျားနှင့်ဖခင်လည်းဖြစ်သည့် အလွန်အလုပ်များသောသက်သေခံတစ်ဦးသည် ရထားစီး၍ အလုပ်သို့သွားစဉ် ကျမ်းစာတိတ်ခွေများကို နားထောင်သွားပါသည်။ နောက်အိမ်ပြန်ရောက်လာသည့်အခါ ထိုအကြောင်းကိုပင် ကိုယ်တိုင်ပြန်ဖတ်ရှုသည်။
ပြင်သစ်နိုင်ငံမှ ရှေ့ဆောင်တစ်ဦးသည် ကိုယ်တိုင်ဖတ်ရှုသည့်အပြင် ကျမ်းစာတိတ်ခွေများကို ထမင်းချက်ပြုတ်စဉ်၊ ကားမောင်းစဉ်၊ အခက်အခဲများကြုံကြိုက်စဉ်၊ သို့မဟုတ် စိတ်ပျော်ရွှင်မှုသက်သက်အတွက်ပင် ဖွင့်နားထောင်လေ့ရှိသည်။
ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတစ်မျိုးမျိုးကို နေ့တိုင်းဖတ်ရှုရန် မိခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှုကြောင့် သုံးနှစ်သားအရွယ်ကတည်းက ကျမ်းစာကို နေ့တိုင်းအချိန်တစ်ချိန်ချိန်တွင်ဖတ်ခဲ့ကြောင်း ၂၁ နှစ်ရှိဂျပန်နိုင်ငံမှ ရှေ့ဆောင်တစ်ဦးကပြောပြသည်။ ထိုနေ့ရက်အတွက်ဖတ်ရန်အပိုင်းကို သူရွေးချယ်ပြီးနောက် အဓိကကျမ်းပိုဒ်များကို မပျက်မကွက်ပြန်ဖတ်ကာ ဖတ်ခဲ့သည့်အကြောင်းကို စိတ်ထဲတွင်မိနစ်အနည်းငယ်ခန့် ပြန်ဆင်ခြင်သုံးသပ်ပါသည်။
အခြားသက်သေခံတစ်ဦးဖြစ်သော ရှေ့ဆောင်တစ်ယောက်သည် လွန်ခဲ့သော ၁၂ နှစ်အတွင်း ကျမ်းစာတစ်အုပ်လုံးကို ဆယ်ကြိမ်တိုင်ဖတ်ရှုပြီးခဲ့ပြီ။ သူမ၏ခင်ပွန်းမှာ မယုံကြည်သူဖြစ်သည့်အတွက် နေ့လယ်ချိန်တွင် ကျမ်းစာဖတ်ဖို့ သူမစီစဉ်ထားရသည်။
ညနေပိုင်း
အကြီးအကဲတစ်ဦးဖြစ်သော ဂျပန်နိုင်ငံမှ မှန်မှန်ရှေ့ဆောင်တစ်ဦးသည် လွန်ခဲ့သောရှစ်နှစ်အတွင်း အိပ်ရာမဝင်မီ ညတိုင်းကျမ်းစာဖတ်ခဲ့ပါသည်။ သူက ဤသို့ပြောသည်– “ယေဟောဝါရဲ့စဉ်းစားပုံ၊ သူ့သဘောထားနဲ့ အခြေအနေတွေကို သူကိုင်တွယ်ပုံတွေကိုဖော်ပြတဲ့ကျမ်းချက်တွေကို ကျွန်တော်ပိုကြိုက်တယ်။ ဒီလိုကျမ်းချက်တွေကို ဆင်ခြင်တွေးတောကြည့်တဲ့အခါ ယေဟောဝါတွေးသလိုတွေးကြည့်ဖို့နဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေနဲ့ ကျွန်တော့်မိသားစုကို ကူညီပေးနိုင်တဲ့နည်းတွေကို သိလာတယ်။”
ပြင်သစ်နိုင်ငံမှ အကြီးအကဲတစ်ဦးသည် ၁၉၇၉ ခုနှစ်ကတည်းက ညနေတိုင်းတစ်နာရီခန့်ကျမ်းစာကိုဖတ်ရှုခဲ့ပြီ။ နှိုင်းယှဉ်ကြည့်ရန် ဘာသာပြန်ကျမ်း ငါးခုမှ ခြောက်ခုကို သူ့ရှေ့တွင်ထားလေ့ရှိသည်။ ဤသို့အသေအချာဖတ်ရှုခဲ့ခြင်းကြောင့် “တစ်နေ့ပြီးတစ်နေ့ ပေါ်ပေါက်တတ်တဲ့ အခြေအနေတွေမှာ ကျမ်းစာအသိပညာကို အသုံးပြုတတ်ဖို့” သူအကူအညီရကြောင်း ပြောပြသည်။ ကျမ်းစာကိုအသုံးပြုပြီး ဆုံးမသြဝါဒပေးရာတွင်လည်း ပိုမိုထိရောက်မှုရှိနိုင်ရန် အကူအညီရရှိပါသည်။
နိုင်ဂျီးရီးယားနိုင်ငံမှအကြီးအကဲတစ်ဦးသည် လွန်ခဲ့သော ၂၈ နှစ်လုံးလုံး နောက်နေ့တွင်ဆွေးနွေးမည့် ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုခြင်းစာအုပ်မှ ကျမ်းချက်ကို ညနေချိန်တွင်ဖတ်ထားပြီး ထိုကျမ်းချက်၏အခန်းကြီးတစ်ခုလုံးကိုပါ ဖတ်လေ့ရှိသည်။ သူအိမ်ထောင်ကျပြီးနောက်တွင်လည်း မိမိထုံးစံရှိသည့်အတိုင်း ဇနီးဖြစ်သူနှင့်အတူ ဖတ်ရှုလေ့လာဆွေးနွေးပါသည်။
မိဘများသက်သေခံမဟုတ်သော ဆယ်ကျော်သက်တစ်ဦးသည် အိပ်ရာမဝင်မီ ညတိုင်းပင် ငါးမိနစ်၊ ဆယ်မိနစ်ခန့် ကျမ်းစာဖတ်သည့်အကျင့်ရှိသည်။ ယင်းအချိန်ကို သူမအလွန်တန်ဖိုးထားသည်။ ကျမ်းစာကိုမဖတ်မီနှင့် ဖတ်ပြီးနောက်တွင် သူမသည် ဆုတောင်းလေ့ရှိသည်။ ကျမ်းရေးသူတစ်ဦးစီအား ယေဟောဝါမှတ်တမ်းတင်စေသည့်သတင်းတရားကို သူမသိရှိရန် ပန်းတိုင်ထားပါသည်။
လွန်ခဲ့သောရှစ်နှစ်အတွင်း နှစ်တိုင်းပင် ကျမ်းစာကိုတစ်ခေါက်ဖတ်ပြီးခဲ့ကြောင်း ဗေသလလုပ်ငန်းထမ်းဆောင်သော အိမ်ထောင်သည်ညီအစ်ကိုတစ်ဦးက ပြောပြသည်။ အိပ်ရာမဝင်မီ မိနစ် ၂၀ မှ ၃၀ ခန့်သူဖတ်ရှုလေ့ရှိသည်။ အလွန်မောပန်းစေကာမူ ကျမ်းစာမဖတ်ဘဲ အိပ်ရာဝင်လျှင် သူအိပ်မပျော်နိုင်ကြောင်း သတိပြုမိသည်။ သို့ဖြစ်သောကြောင့် ထိုဝိညာဏရေးရာကိုဖြည့်စွက်ပေးရန် ထလာရပါသည်။