သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
“ထာဝရဘုရား၏တရားတော် . . . ကိုနေ့ညဉ့်မပြတ် ဖတ်ရွတ်ဆင်ခြင်သောသူသည် မင်္ဂလာရှိ၏။”—ဆာလံ ၁:၁၊ ၂၊ သမ္မာ။
၁ (က) ကင်းမျှော်စင်အသင်း၏ ကမ္ဘာ့ဌာနချုပ်ရှိ ပုံနှိပ်တိုက်တစ်တိုက်၏နံရံပေါ်တွင် အဘယ်စာတန်းကို အထင်အရှားတွေ့ရှိရသနည်း။ (ခ) ထိုမှာကြားချက်ကို နှလုံးပိုက်ကျုံးမည်ဆိုလျှင် မည်သို့အကျိုးကျေးဇူးခံစားရမည်နည်း။
“ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုလော့။” ဤစာတန်းကို ဘရွတ်ကလင်၊ နယူးယောက်မြို့ရှိ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းပိုင် ကျမ်းစာနှင့်ကျမ်းစာစာပေများပုံနှိပ်တိုက်တစ်ခု၏နံရံပေါ်တွင် စာလုံးကြီးဖြင့် ဖော်ပြထားပါသည်။ ထိုမှာကြားချက်သည် ယင်းကိုတွေ့ရှိသူ လောကသားများအတွက်သာမဟုတ်ပါ။ ယေဟောဝါသက်သေများလည်း ယင်းကိုနှလုံးပိုက်ကျုံးသင့်ကြောင်း သိရှိကြသည်။ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုပြီး အသုံးချသူများသည် ယင်း၏သွန်သင်ခြင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်းမှ အကျိုးခံစားကြရသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
၂။ ကျမ်းစာဖတ်ရှုခြင်းသည် အရေးကြီးကြောင်းကို ညီအစ်ကိုရပ်စယ်လ် မည်သို့အလေးအနက်ဖော်ပြသနည်း။
၂ ယေဟောဝါသက်သေများသည် ကင်းမျှော်စင်မဂ္ဂဇင်းအပါအဝင် ကျမ်းစာလေ့လာရန် ထောက်ကူသောစာပေများကို အလွန်တန်ဖိုးထားကြပါသည်။ ယင်းတို့ကိုလည်း မှန်မှန်အသုံးပြုလေ့ရှိသည်။ သို့သော် ထိုစာပေတစ်ခုမျှ သမ္မာကျမ်းစာကို အစားထိုးနိုင်သည်မဟုတ်ကြောင်း သူတို့သိရှိထားသည်။ ၁၉၀၉ ခုနှစ်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ပထမဥက္ကဋ္ဌ ချားလ်စ်တေဇ်ရပ်စယ်လ်သည် ကင်းမျှော်စင်မဂ္ဂဇင်းကိုဖတ်ရှုသူများထံ ဤသို့စာရေးခဲ့သည်– “သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏စံနှုန်းဖြစ်ကြောင်း၊ အထောက်အကူစာပေများသည် ဘုရားပေးစာပေများဖြစ်လင့်ကစား ယင်းတို့သည် ‘အထောက်အကူများ’ သာဖြစ်ပြီး သမ္မာကျမ်းစာကို အစားမထိုးနိုင်ကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။”
၃။ (က) “ဘုရားသခင့်နှုတ်ကပါဌ်တော်” ကိုအလွှမ်းမိုးခံသူတို့သည် အဘယ်အကျိုးခံစားရသနည်း။ (ခ) ဗေရိမြို့သားများသည် ကျမ်းစာဖတ်ရှုလေ့လာခြင်းကို မည်မျှမကြာခဏပြုလုပ်သနည်း။
၃ မှုတ်သွင်းခံသမ္မာကျမ်းစာသည် အခြားမည်သည့်စာအုပ်တွင်မျှမရှိသော နက်နဲမှုနှင့် စွမ်းအားရှိသည်။ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်းပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) ဗေရိမြို့သားများသည် “ပိုမြင့်မြတ်သောစိတ်ထား” ရှိသူများဖြစ်သည်ဟု တပည့်တော်လုကာက လှိုက်လှဲစွာချီးကျူးထားသည်။ သူတို့သည် တမန်တော်ပေါလုနှင့် သူ၏အပေါင်းအသင်းသိလတို့ဟောပြောသော နှုတ်ကပါဌ်တရားတော်ကို အလွန်ကြည်ညိုသောစိတ်နှင့် လက်ခံသည်သာမက သွန်သင်ခံရသမျှ၏ ကျမ်းစာအခြေခံကိုသိရှိခြင်းငှာ ‘ကျမ်းစာကိုနေ့စဉ် စေ့စေ့ကြည့်ရှုကြ၏။’—တမန်တော် ၁၇:၁၁၊ ကဘ။
ယင်းကို နေ့စဉ်ဖတ်ရှုခြင်း
၄။ သမ္မာကျမ်းစာကို မည်မျှမကြာခဏဖတ်ရှုရမည်ဟု သမ္မာကျမ်းစာက ဖော်ပြသနည်း။
၄ သမ္မာကျမ်းစာကို အကြိမ်ပေါင်းမည်မျှဖတ်ရှုရမည်ဟု ယင်းက အတိအကျမဖော်ပြပါ။ သို့ရာတွင် ယောရှုသည် သူ၏ဘုရားပေးတာဝန်ကို ပညာရှိရှိနှင့် အကြံထမြောက်အောင်မြင်စွာဆောင်ရွက်နိုင်မည်အကြောင်း ‘ပညတ္တိကျမ်းစာကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်’ ရမည်ဟု ယေဟောဝါမိန့်မှာထားသောစကားကိုမူ မှတ်တမ်းတင်ထားပါသည်။ (ယောရှု ၁:၈) ရှေးဣသရေလနိုင်ငံကို ရှင်ဘုရင်အဖြစ် အုပ်ချုပ်သူ မည်သူမဆို ကျမ်းစာကို “တစ်သက်ပတ်လုံး” ဖတ်ရမည်ဟူ၍လည်း မှာကြားထားသည်။ (တရားဟောရာ ၁၇:၁၈-၂၀၊ သမ္မာ) ထပ်ဆင့်၍ ဤသို့ဆိုသေးသည်– “လူဆိုးတို့၏အကြံပေးရာသို့မလိုက် . . . ထာဝရာဘုရား၏တရားတော်၌မွေ့လျော်၍ ထိုတရားတော်ကို နေ့ညဉ့်မပြတ်ဖတ်ရွတ်ဆင်ခြင်သောသူသည် မင်္ဂလာရှိ၏။” (ဆာလံ ၁:၁၊ ၂၊ သမ္မာ) ထို့ပြင် စာတန်၏သွေးဆောင်မှုကို ယေရှုခရစ်ငြင်းပယ်ခဲ့စဉ်က ကိုယ်တော်သည် မှုတ်သွင်းခံဟေဗြဲကျမ်းစာမှကိုးကား၍ “‘လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်’ ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ” ခဲ့ကြောင်း မဿဲမှတ်တမ်းတင်ထားသောခရစ်ဝင်ကျမ်းစာက ပြောပြသည်။ (မဿဲ ၄:၄) ကာယအစာကို အကြိမ်ပေါင်းမည်မျှစားရန်လိုသနည်း။ နေ့စဉ်စားရန်လိုသည်! ဝိညာဉ်အစာသည် ကျွန်ုပ်တို့၏ထာဝရအသက်ရှင်ရေးနှင့်ပတ်သက်နေသောကြောင့် ယင်းကိုနေ့စဉ်စားသုံးခြင်းသည် သာ၍ပင်အရေးကြီးပါသည်။—တရားဟောရာ ၈:၃; ယောဟန် ၁၇:၃။
၅။ ယုံကြည်ခြင်းစမ်းသပ်ချက်များကို ကြုံတွေ့ရသည့်အခါ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းက “ယေဟောဝါနှင့်ထိုက်လျော်စွာကျင့်ကြံ” ရန် မည်သို့အကူအညီပေးသနည်း။
၅ ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ နေ့စဉ်ခွန်အားယူရန်လိုသည်။ နေ့စဉ်နေ့တိုင်း—အိမ်တွင်၊ အလုပ်တွင်၊ လမ်းသွားရာတွင်၊ ဈေးဝယ်ချိန်တွင်၊ ဓမ္မအမှုတွင်—ယုံကြည်ခြင်းဆိုင်ရာစိန်ခေါ်ချက်များကို ကျွန်ုပ်တို့ရုတ်တရက်ကြုံတွေ့တတ်ကြသည်။ ယင်းတို့ကို မည်သို့ရင်ဆိုင်မည်နည်း။ ကျမ်းစာမိန့်မှာချက်များနှင့် မူများကို ချက်ချင်းသတိရပါမည်လော။ မိမိကိုယ်ကိုအားကိုးအားထားစိတ် မွေးမည့်အစား သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။” (၁ ကောရိန္သု ၁၀:၁၂) ဤလောက၏ပုံသွင်းခြင်းကိုခံမည့်အစား ‘ယေဟောဝါနှင့်ထိုက်လျော်စွာကျင့်ကြံသဖြင့် စိတ်တော်နှင့်တွေ့’ ရန် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းက အကူအညီပေးမည်။—ကောလောသဲ ၁:၉၊ ၁၀; ရောမ ၁၂:၂။
သမ္မာကျမ်းစာကို ကြိမ်ဖန်များစွာ ဖတ်ရှုရန်လိုအပ်
၆။ သမ္မာကျမ်းစာကို ထပ်တလဲလဲဖတ်ခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
၆ သမ္မာကျမ်းစာကိုဖတ်ရှုခြင်းသည် ဝတ္ထုဖတ်ခြင်းနှင့်လုံးဝမတူပါ။ ကျော်ကြားသောဝတ္ထုအများသည် တစ်ကြိမ်သာဖတ်ဖို့ထုတ်လုပ်ထားသည်; ယင်း၏ဇာတ်လမ်းနှင့်နိဂုံးကိုသိပြီဆိုလျှင် ဖတ်စရာမလိုတော့ချေ။ သို့သော် သမ္မာကျမ်းစာကို အကြိမ်ပေါင်းမည်မျှပင်ဖတ်ရှုစေကာမူ ယင်းကိုထပ်မံဖတ်ရှုခြင်းမှ အကျိုးကျေးဇူးများစွာရရှိသည်။ (သု. ၉:၉) ပိုင်းခြားသိမြင်တတ်သူတစ်ဦးအတွက် ကျမ်းစာသည် အမြဲအဓိပ္ပာယ်သစ်လန်းနေသည်။ မကြာသေးမီလအနည်းငယ်အတွင်း သူတွေ့မြင်ကြားနာ၍ ရင်ဆိုင်ခဲ့ရသောအဖြစ်အပျက်တို့ကိုထောက်ရှု၍ နောက်ဆုံးကာလနှင့်ပတ်သက်သော ပရောဖက်ပြုချက်များသည် သူ့အတွက် သာ၍စွဲမှတ်စရာဖြစ်လာလေသည်။ (ဒံယေလ ၁၂:၄) ဘဝအတွေ့အကြုံတိုးများလာပြီး ပြဿနာများကို နိုင်နင်းစွာဖြေရှင်းလာနိုင်သည်နှင့်အမျှ ပိုင်းခြားသိမြင်သော သမ္မာကျမ်းစာဖတ်ရှုသူသည် ယခင်က သာမန်ကာလျှံကာဖတ်ရှုခဲ့မည့်ဆုံးမစကားများကို သာ၍တန်ဖိုးထားလေးမြတ်လာလေဖြစ်သည်။ (သု. ၄:၁၈) သူသည် အသည်းအသန် ဖျားမည်ဆိုလျှင် နာခြင်းကိုပပျောက်စေပြီး ကျန်းမာသန်စွမ်းစေမည်ဟူသော ကျမ်းစာပါကတိတော်များသည် သူ့အတွက် ယခင်ကထက် အဓိပ္ပာယ်ပိုလေးနက်လာပေမည်။ ရင်းနှီးသောမိတ်ဆွေများနှင့် မိသားစုမှ တစ်ဦးတစ်ယောက် သေဆုံးမည်ဆိုလျှင် ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သောကတိသည် သာ၍မြတ်နိုးစရာဖြစ်လာပါသည်။
၇။ မိမိ၏အသက်တာတွင် ဝတ္တရားအသစ်တစ်ခုကို တာဝန်ယူထမ်းဆောင်သည့်အခါ အဘယ်အရာက အကူအညီပေးမည်နည်း။ အဘယ်ကြောင့်နည်း။
၇ အသင်ကိုယ်တိုင် သမ္မာကျမ်းစာကို နှစ်ချီ၍ဖတ်ရှုပြီး ယင်း၏သြဝါဒကို လိုက်နာကျင့်သုံးခဲ့ပေမည်။ သို့သော် ယခုအသင်သည် ဝတ္တရားအသစ်များကို တာဝန်ယူထမ်းဆောင်နေပေမည်။ အိမ်ထောင်ပြုရန် သင်စီစဉ်နေပါသလော။ မိဘတစ်ဦး ဖြစ်တော့မည်လော။ အသင်းတော်တွင် အကြီးအကဲတစ်ဦး၊ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် တာဝန်အပ်နှင်းခံရပါသလော။ အချိန်ပြည့်သတင်းကောင်းဟောပြောသူတစ်ဦးအနေနှင့် ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွင် ထပ်ဆင့်အခွင့်အရေးရရှိသူဖြစ်နေပါသလော။ ဤတာဝန်အသစ်များကို စိတ်ထဲစွဲလမ်းကာ သမ္မာကျမ်းစာတစ်အုပ်လုံးကို ပြန်ဖတ်ရှုခြင်းသည် အလွန်အကျိုးရှိပေမည်!—ဧဖက် ၅:၂၄၊ ၂၅; ၆:၄; ၂ တိမောသေ ၄:၁၊ ၂။
၈။ သိနားလည်သည်ဟုအထင်ရှိသည့်အရာများကို ပိုမိုသိရှိရန်လိုကြောင်း ပြောင်းလဲသွားသည့်အခြေအနေက မည်သို့ထင်ရှားစေမည်နည်း။
၈ ယခင်က သင်သည် ဝိညာဉ်အသီးများကို အောင်မြင်စွာ သီးကောင်းသီးခဲ့မည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြစ်စေကာမူ အခြေအနေပြောင်းလဲလာရာ ဤဘုရားရေးရာအရည်အသွေးများကို တိုးသိနားလည်ဖို့ လိုကောင်းလိုနေပါမည်။ (ဟေဗြဲ ၅:၈ နှိုင်းယှဉ်။) ဇရာအိုပိုင်းဝင်နေသော မိဘများကိုစောင့်ရှောက်ပြုစုပေးရန် လိုအပ်လာ၍ သူ၏အထူးလုပ်ငန်းတော်မှထွက်ခဲ့ရသော နယ်လှည့်ကြီးကြပ်မှူးဟောင်းတစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်ဝိညာဉ်အသီး အတော်အသင့်သီးနိုင်တယ်လို့ ထင်မိတယ်။ အခုတော့ အစကနေပြန်စနေရတယ်လို့ ခံစားရတယ်။” ထိုနည်းလည်းကောင်းပင် ကာယရေး၊ သို့မဟုတ် စိတ်ဓာတ်ရေးအရ နေထိုင်မကောင်းသောအိမ်ထောင်ဖက်များရှိသည့် လင်ယောက်ျား၊ သို့မဟုတ် ဇနီးမယားတို့အတွက် စိတ်ဓာတ်ကျစရာဖိစီးမှုကို ရံဖန်ရံခါကြုံတွေ့ရပေမည်။ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်းက စိတ်သက်သာမှုများစွာရရှိစေသည်။
သမ္မာကျမ်းစာဖတ်ရှုခြင်းကို အဘယ်အချိန်တွင် ပြုလုပ်နိုင်
၉။ (က) အလွန်အလုပ်များသူတစ်ဦးပင် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းအတွက် အချိန်ရှာယူနိုင်ရန် အဘယ်အရာက အကူအညီပေးမည်နည်း။ (ခ) ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုဖတ်ရှုခြင်းသည် အထူးသဖြင့်အကြီးအကဲများအတွက် အဘယ်ကြောင့်အရေးကြီးသနည်း။
၉ မှန်မှန်ထပ်ဆင့်ပြုလုပ်ရမည့်လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နိုင်ရန် အချိန်ရှာယူရခြင်းသည် အလွန်အလုပ်များနေပြီးသားသူတို့အတွက် စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ သို့ရာတွင် ယေဟောဝါ၏ပုံသက်သေမှ ကျွန်ုပ်တို့အကျိုးရယူနိုင်သည်။ ကိုယ်တော်သည် အရာခပ်သိမ်းကို “ချိန်းချက်သောအချိန်၌” ပြုလုပ်တော်မူသည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ (ကမ္ဘာဦး ၂၁:၂; ထွက်မြောက်ရာ ၉:၅; လုကာ ၂၁:၂၄; ဂလာတိ ၄:၄) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုရန် အရေးကြီးကြောင်းအသိအမှတ်ပြုခြင်းက ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာတွင် ယင်းကိုပြုလုပ်ဖို့အချိန်ကန့်သတ်ရန် အကူအညီပေးမည်။ (ဧဖက် ၅:၁၅-၁၇) အထူးသဖြင့် အကြီးအကဲများသည် ကျမ်းစာကိုမှန်မှန်ဖတ်ရှုခြင်းအတွက် အချိန်ကန့်သတ်ထားရန်လိုသည်။ သို့ပြုမှသာ သူတို့ပေးသောသြဝါဒသည် ကျမ်းစာမူများအပေါ် လုံးလုံးလျားလျား အခြေခံလိမ့်မည်။ ထို့ပြင် သူတို့တင်ပြသောစိတ်ဓာတ်သည် “အထက်မှသက်ရောက်သောပညာ” ကိုရောင်ပြန်ဟပ်ပါလိမ့်မည်။—ယာကုပ် ၃:၁၇; တိတု ၁:၉။
၁၀။ နေ့စဉ်ကျမ်းစာဖတ်သူများသည် အဘယ်အချိန်တွင် ဖတ်ချိန်ရကြသနည်း။
၁၀ ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို အောင်မြင်စွာပြုလုပ်နိုင်သူများစွာသည် တစ်နေ့တာလုပ်ငန်းများကိုမစတင်မီ နံနက်စောစောဖတ်ရှုတတ်ကြသည်။ အခြားသူများမူကား အခြားအချိန်တစ်ချိန်တွင် ယင်းကိုမှန်မှန်ပြုလုပ်နိုင်ကြောင်း တွေ့ရှိကြသည်။ ကျမ်းစာတိတ်ခွေများသည် (ရှိမည်ဆိုလျှင်) နေ့စဉ် ခရီးဝေးအလုပ်ဆင်းရသူများအတွက် ခရီးသွားလာချိန်ကို အကျိုးရှိရှိအသုံးပြုရန် အကူအညီပေးသည်။ သက်သေခံအချို့သည် အိမ်တွင်းမှုကို နေ့စဉ်ဆောင်ရွက်စဉ် ယင်းတို့ကိုနားထောင်ကြသည်။ ဥရောပ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိကနှင့် အရှေ့တိုင်းမှ သက်သေခံအသီးအသီးအတွက် ဖြစ်မြောက်အောင်မြင်သောအစီအစဉ်များကို စာမျက်နှာ ၂၀ နှင့် ၂၁ ၌ “အဘယ်အချိန်တွင် သူတို့ဖတ်ရှုကြ၍ ခံစားရသောအကျိုးကျေးဇူး” ဆောင်းပါးတွင် ဖော်ပြထားသည်။
၁၁။ အချိန်မရနိုင်သလောက်ဖြစ်သော်လည်း မည်သို့နေ့စဉ်ကျမ်းစာဖတ်နိုင်မည်နည်း။
၁၁ အရေးအကြီးဆုံးကား ကျမ်းစာဖတ်ရှုသည့်အခါတိုင်း အချိန်မည်မျှပေးသည်မဟုတ်ဘဲ မှန်မှန်ပြုလုပ်ခြင်းဖြစ်သည်။ တစ်ကြိမ်လျှင်တစ်နာရီခန့် သို့မဟုတ် ယင်းထက်ပို၍ဖတ်ရှုရင်း ဆည်းပူးလေ့လာပြီး လေ့လာရာအကြောင်း၌အာရုံစူးစိုက်နေခြင်းသည် အလွန်အကျိုးရှိကြောင်း တွေ့ရှိပေမည်။ သို့သော် သင့်အချိန်ဇယားက ထိုသို့မှန်မှန်ပြုလုပ်နိုင်ရန် အခွင့်ပေးပါသလော။ ကျမ်းစာဖတ်ရှုခြင်း လုံးဝမရှိသည့်နေ့ရက်များဖြင့်ကုန်လွန်စေမည့်အစား နေ့စဉ် ၁၅ မိနစ် သို့မဟုတ် ၅ မိနစ်ပင်ဖတ်ရှုမည်ဆိုလျှင် ပိုကောင်းမည်မဟုတ်လော။ နေ့စဉ်ကျမ်းစာဖတ်ရှုရန် သန္နိဋ္ဌာန်ချပါ။ ထို့နောက် အချိန်ရသည့်အခါ သင့်ဖတ်ရှုခြင်းကို ဖြည့်စွက်ပေးရန် နက်နက်နဲနဲဆည်းပူးလေ့လာနိုင်သည်။
သမ္မာကျမ်းစာဖတ်ရှုနိုင်သည့် နည်းအမျိုးမျိုး
၁၂။ ဗေသလမိသားစုဝင်လူသစ်များနှင့် ဂိလဒ်ကျောင်းသားများသည် ကျမ်းစာဖတ်ရှုခြင်းဆိုင်ရာ အဘယ်အစီအစဉ်ရှိသနည်း။
၁၂ သမ္မာကျမ်းစာကိုဖတ်ရှုနိုင်သည့် နည်းအမျိုးမျိုးရှိသည်။ ကမ္ဘာဦးမှဗျာဒိတ်အထိ ဖတ်ရှုခြင်းသည် အကျိုးရှိသည်။ ကမ္ဘာ့ဌာနချုပ် သို့မဟုတ် အသင်းမ၏ဌာနခွဲများတွင်အမှုထမ်းသော ကမ္ဘာချီဗေသလမိသားစုအဝင်ဖြစ်သူတို့သည် သူတို့၏ဗေသလလုပ်ငန်းစတင်ချိန် ပထမနှစ်အတွင်း ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရှုရန်တောင်းဆိုခံရသည်။ (ထိုသို့ပြုရန် အခန်းကြီးများ အတိုအရှည်ပေါ်မူတည်ပြီး တစ်နေ့လျှင် သုံးခန်းမှငါးခန်းအထိ၊ သို့မဟုတ် လေးမျက်နှာမှငါးမျက်နှာအထိ များသောအားဖြင့်ဖတ်ရှုရန်လိုသည်။) ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းတွင် သင်တန်းတက်သူများလည်း ကျောင်းမဆင်းမီ သမ္မာကျမ်းစာကို အစမှအဆုံးဖတ်ကြရမည်ဖြစ်သည်။ ယင်းက သူတို့အတွက် နေ့စဉ်ကျမ်းစာဖတ်ရှုသည့်အကျင့်ကိုရစေမည်ဟုမျှော်လင့်ပါသည်။
၁၃။ နှစ်ခြင်းယူခါစသက်သေခံအသစ်များသည် အဘယ်ပန်းတိုင်ထားကြရန် တိုက်တွန်းခံရသနည်း။
၁၃ နှစ်ခြင်းယူခါစသက်သေခံများသည် ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရှုရန် ပန်းတိုင်ထားမည်ဆိုလျှင် အကျိုးရှိပါလိမ့်မည်။ ၁၉၇၅ ခုနှစ်တွင် နှစ်ခြင်းယူရန် အသင့်ပြင်ဆင်နေစဉ် ပြင်သစ်နိုင်ငံမှလူငယ်တစ်ဦးအား အကြီးအကဲတစ်ဦးက ကျမ်းစာဖတ်ရှုခြင်းအစီအစဉ် အတိအကျရှိမရှိ မေးမြန်းခဲ့သည်။ ထိုအချိန်ကတည်းက သူသည် ကျမ်းစာတစ်အုပ်လုံးကို နှစ်စဉ်တစ်ခေါက်ဖတ်ပြီးခဲ့သည်။ နံနက်စောစော အလုပ်မသွားမီ သူကျမ်းစာဖတ်သည့်အကျင့်ရှိသည်။ အကျိုးရလဒ်နှင့်ပတ်သက်၍ သူကဤသို့ဆိုသည်– “ကျွန်တော်ယေဟောဝါနဲ့ ပိုအကျွမ်းဝင်လာတယ်။ ဘုရားသခင်ပြုလုပ်သမျှဟာ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာရယ်၊ အတားအဆီးများပေါ်လာတိုင်း ကိုယ်တော်ဘယ်လိုတုံ့ပြန်တတ်တယ်ဆိုတာကို နားလည်လာတယ်။ တစ်ကြိမ်တည်းမှာ ယေဟောဝါပြုလုပ်သမျှဟာ ဖြောင့်မတ်ပြီး ကောင်းမြတ်တယ်ဆိုတာကိုလည်း သိမြင်လာတယ်။”
၁၄။ (က) အဆက်မပြတ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို စတင်နိုင်ရန် ဘာလုပ်ဖို့လိုသနည်း။ (ခ) ကျမ်းစာစောင်တစ်ခုစီ၏အကြမ်းဖျင်းအောက်လိုင်းကို စွဲမှတ်ထားနိုင်ရန် အဘယ်အရာကအကူအညီပေးမည်နည်း။
၁၄ ကျမ်းစာတစ်အုပ်လုံးကို သင်ဖတ်ပြီးပြီလော။ မဖတ်ရသေးလျှင် ယခုပင်စတင်လျှင်ကောင်းသည်။ အစီအစဉ်ဇယားအတိအကျဆွဲပြီး ယင်းအတိုင်းလိုက်လျှောက်လုပ်ကိုင်ပါ။ နေ့စဉ်ဘယ်နှစ်မျက်နှာ၊ ဘယ်နှစ်ခန်းဖတ်မည်ကိုသတ်မှတ်ပါ။ သို့မဟုတ် အချိန်ဘယ်လောက်ပေးမည်၊ အဘယ်အချိန်တွင်ပြုလုပ်မည်ကိုသာ သတ်မှတ်လိုက်ပါ။ ကျမ်းစာတစ်အုပ်လုံးကို တစ်နှစ်အတွင်း လူတိုင်းဖတ်ပြီးမည်ကားမဟုတ်ပါ။ သို့သော် အရေးကြီးသည်ကား ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုရန်၊ ဖြစ်နိုင်မည်ဆိုလျှင် နေ့စဉ်ဖတ်ရှုရန်ဖြစ်သည်။ သမ္မာကျမ်းစာကို သင်ဖတ်ရှုစဉ် အကြောင်းအရာ၏ အကြမ်းဖျင်းသဘောကို စွဲမှတ်ထားရန် ရည်ညွှန်းစာအုပ်အချို့ကိုအသုံးပြုခြင်းသည် အကျိုးရှိကြောင်း သင်တွေ့ရှိမည်။ ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်းစာအုပ် သင့်ဘာသာစကားဖြင့်ရှိမည်ဆိုလျှင် ကျမ်းစာစောင်တစ်ခုကို စတင်မဖတ်မီ ထိုးထွင်းသိမြင်ခြင်းaတွင်ဖော်ပြထားသည့် ယင်းမှပေါ်လွင်ချက်များ၏ အကျဉ်းချုပ်အောက်လိုင်းကို ပြန်သုံးသပ်ကြည့်ပါ။ အထူးသဖြင့် အောက်လိုင်းပါ စာလုံးနက်နှင့်ခေါင်းစဉ်ငယ်များကို သတိပြုပါ။ သို့မဟုတ် “ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” စာအုပ်တွင်ပါသည့် ပိုအကျယ်တဝင့်အကျဉ်းချုံးချက်ကို ထပ်တူနည်းအတိုင်းအသုံးပြုပါ။b
၁၅။ (က) စာမျက်နှာ ၁၆ နှင့် ၁၇ ပါအဘယ်အကြံပြုချက်များသည် သင့်ကျမ်းစာဖတ်ရှုခြင်းကို ပိုအကျိုးရှိစေနိုင်သနည်း။ (ခ) စာမျက်နှာအနည်းငယ်ကို ထုံးစံရှိသည့်အတိုင်း ဖတ်ရှုမည့်အစား အဘယ်အရေးကြီးရာကို ပို၍အာရုံစူးစိုက်သင့်သနည်း။
၁၅ ကျမ်းစာကိုဆက်တိုက်ဖတ်ရှုခြင်းသည် အကျိုးရှိသည်။ သို့သော် ထုံးစံရှိသည်အတိုင်းသာဖတ်ရှုသူမဖြစ်ပါနှင့်။ ကျမ်းစာကိုနှစ်စဉ်တစ်ခေါက်ပြီးအောင်ဖတ်သည်ဟု ပြောနိုင်ရုံအတွက်သာ စာမျက်နှာအကန့်အသတ်ဖြင့် နေ့စဉ်ဖတ်ရှုခြင်းမပြုပါနှင့်။ “သင့်ကျမ်းစာဖတ်ရှုခြင်းကို ပိုအကျိုးရှိစေရန် အကြံပြုချက်များ” (စာမျက်နှာ ၁၆၊ ၁၇) ဟူသည့်ပူးတွဲပါအကွက်တွင် ဖော်ပြထားသည့်အတိုင်း ကျမ်းစာကိုဖတ်ရှုပြီး ယင်း၌သင်ပျော်မွေ့နိုင်သည့်နည်းအမျိုးမျိုးရှိပါသည်။ မည်သည့်နည်းကိုပင် သင်အသုံးပြုစေကာမူ သင့်စိတ်နှလုံးကို မပျက်မကွက်ကျွေးမွေးပြုစုပေးပါ။
သင်ဖတ်ရှုသောအရာကို သဘောပေါက်ခြင်း
၁၆။ အချိန်ယူပြီး ကျွန်ုပ်တို့ဖတ်ရှုသည့်အကြောင်းကို ဆင်ခြင်တွေးတောခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၆ ယေရှုသည် တပည့်တော်များအားသွန်သင်ပေးစဉ် မိမိပြောဆိုသောစကားကိုနားလည်ရန်အရေးကြီးကြောင်း ကိုယ်တော်အလေးအနက်ဖော်ပြသည်။ ဦးနှောက်ဖြင့်သာသဘောပေါက်နားလည်ထားရုံထက် သူတို့၏ဘဝအသက်တာတွင် အသုံးချကြရန် “စိတ်နှလုံးနှင့်နားလည်” ခြင်းကား ပိုအရေးကြီးပါသည်။ (မဿဲ ၁၃:၁၄၊ ၁၅၊ ၁၉၊ ၂၃၊ သမ) ဘုရားသခင်ထည့်တွက်သည်ကား အတွင်းလူဖြစ်သည်။ ယင်းကို သူ၏နှလုံးကကိုယ်စားပြုသည်။ (၁ ဓမ္မရာဇဝင် ၁၆:၇; သု. ၄:၂၃) သို့ဖြစ်၍ ကျမ်းပိုဒ်များ၏အနက်ကို အသေအချာနားလည်ရန် ကြိုးစားသည့်အပြင် ယင်းတို့သည် ကျွန်ုပ်တို့၏ဘဝအသက်တာနှင့် မည်သို့သက်ဆိုင်ကြောင်းကို ဆင်ခြင်တွေးတောရန်လိုသည်။—ဆာလံ ၄၈:၉; ၁ တိမောသေ ၄:၁၅။
၁၇။ ကျမ်းစာတွင်ကျွန်ုပ်တို့ဖတ်ရှုသည့်အကြောင်းနှင့်ပတ်သက်၍ ဆင်ခြင်တွေးတောနိုင်သည့်အချက်များကား အဘယ်နည်း။
၁၇ ကျမ်းစာမှတ်တမ်းများတွင်ပါသည့် အခြေခံမူများကိုသိရှိရန်ကြိုးစားပါ။ သို့မှသာ သင်ရင်ဆိုင်သည့်အခြေအနေများတွင် ယင်းတို့ကို အသုံးချနိုင်မည်။ (မဿဲ ၉:၁၃; ၁၉:၃-၆ နှိုင်းယှဉ်။) ယေဟောဝါ၏အံ့ချီးဖွယ်အရည်အသွေးများအကြောင်း သင်ဖတ်ရှုလေ့လာဆင်ခြင်တွေးတောစဉ် ကိုယ်တော်နှင့် သင်၏ဆက်ဆံရေး ပိုကောင်းလာစေရန် အခွင့်ကောင်းယူပြီး ဘုရားသခင်ကိုကိုးကွယ်ဆည်းကပ်စိတ်ပြင်းပြမှုကိုတိုးပွားစေပါ။ ယေဟောဝါ၏ရည်ရွယ်ချက်ဆိုင်ရာအကြောင်းများကို ဖတ်ရှုရသည့်အခါ မိမိသည် ယင်းတို့နှင့်အညီမည်သို့လိုက်ဖက်အောင်လုပ်ဆောင်နိုင်မည်အကြောင်း ဆင်ခြင်သုံးသပ်ပါ။ တိုက်ရိုက်ဆုံးမစကားများကို သင်ဖတ်ရှုရသည့်အခါ မိမိကိုယ်ကို ‘အဲ့ဒါငါသိသားပဲ’ ဟုပြောဆိုရုံပြောမည့်အစား ‘မှာထားတဲ့အတိုင်း ငါလုပ်ရဲ့လား။’ လုပ်သည်ဆိုလျှင် ဘယ်လိုနည်းနဲ့ “ပိုပြီးအပြည့်အဝ” လုပ်နိုင်ဦးမလဲ’ ဟုမေးမြန်းပါ။ (၁ သက်သာလောနိတ် ၄:၁) ဘုရားသခင့်တောင်းဆိုချက်များကို သင်သိရှိလာသည့်အခါ ဤတောင်းဆိုချက်များနှင့်အညီ အသက်ရှင်ခဲ့သူ၊ အသက်မရှင်ခဲ့သူ သမ္မာကျမ်းစာပါပုဂ္ဂိုလ်များအကြောင်းအဖြစ်မှန်ပုံနမူနာကိုလည်း သတိပြုပါ။ သူတို့အသီးသီးလိုက်လျှောက်ခဲ့သောလမ်းစဉ်အတိုင်း သူတို့အဘယ်ကြောင့်လိုက်လျှောက်ခဲ့ကြပြီး အကျိုးရလဒ်တို့က အဘယ်သို့ဖြစ်သည်ကို သုံးသပ်ကြည့်ပါ။ (ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၁၁) ယေရှုခရစ်၏အသက်တာဘဝအကြောင်း အသင်ဖတ်ရှုသည့်အခါ ကမ္ဘာပေါ်ဘုရင့်အရိုက်အရာကို ယေရှုအား ယေဟောဝါအပ်နှံထားကြောင်း သတိရကာ ဘုရားသခင်၏ကမ္ဘာသစ်ကို လိုချင်တမ်းတစိတ်ပြင်းပြလာရန် အခွင့်ကောင်းယူပါ။ ထို့ပြင် ဘုရားသခင်၏သားတော်ကို သာ၍အပြည့်အဝအတုယူနိုင်သည့်နည်းများကိုလည်း ဆင်ခြင်သုံးသပ်ပါ။—၁ ပေတရု ၂:၂၁။
၁၈။ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်ရသည့် လေ့လာစရာများကို ကျမ်းစာဖတ်ရှုခြင်းနှင့်ယှဉ်တွဲ၍ မည်သို့မျှတစွာပြုလုပ်နိုင်သနည်း။
၁၈ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်ရရှိသော လေ့လာမှုအတွက်အလွန်ကောင်းမွန်သည့်စာပေများကို လုံးဝအသုံးမပြုဘဲ ကျမ်းစာကိုသာဖတ်ရှုမည်မဟုတ်သည်ကား အမှန်ပင်။ ယင်းတို့သည်လည်း ယေဟောဝါ၏အလွန်တန်ဖိုးရှိသောပြင်ဆင်ချက်တစ်ခုဖြစ်သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) သင့်ဘဝအသက်တာတွင် ဘုရားသခင်၏နှုတ်ကပါဌ်တော် မှန်မှန်ဖတ်ရှုခြင်းသည် အရေးကြီးသောနေရာတွင် မပျက်မကွက်ထားပါ။ ဖြစ်နိုင်မည်ဆိုလျှင် “ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုလော့။”
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်မြို့၏ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းက ထုတ်ဝေထားသည်။
b နယူးယောက်မြို့၏ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းက ထုတ်ဝေထားသည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ကျမ်းစာအနည်းအကျဉ်းကို နေ့စဉ်ဖတ်ရှုခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
◻ ကျမ်းစာကိုထပ်တလဲလဲဖတ်ရန် အဘယ်ကြောင့်လိုသနည်း။
◻ သင့်ကိုယ်ပိုင်အစီအစဉ်တွင် နေ့စဉ်ကျမ်းစာဖတ်ရှုရန် အဘယ်အချိန်သည် အကောင်းဆုံးဖြစ်သနည်း။
◻ ထပ်တလဲလဲကျမ်းစာဖတ်ရှုရာတွင် အဘယ်နည်းအမျိုးမျိုးဖြင့် သင့်အစီအစဉ်ကိုထပ်ဆင့်နိုင်သနည်း။
◻ကျွန်ုပ်တို့ဖတ်ရှုရာကို ဆင်ခြင်တွေးတောရန် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကျမ်းစာဖတ်ခြင်း သို့မဟုတ် ကျမ်းစာတိတ်ခွေများနားထောင်ခြင်းကို သင်နေ့စဉ်ပြုလုပ်နေသလော