အသိအမှတ်ပြုခြင်းအားဖြင့် လူ့အခြေခံလိုအပ်ချက်ကို ဖြည့်စွက်ပေးခြင်း
ရိုးစင်းသော “သိပ်တော်တာပဲ!” “ခင်ဗျားရဲ့ ပြီးမြောက်အောင်မြင်မှုနဲ့ပတ်သက်ပြီး ကျုပ်တို့ဝမ်းမြောက်ပါတယ်!” သို့မဟုတ် “ခင်ဗျားဟာ အကောင်းဆုံးလုပ်ခဲ့တာပဲ; ခင်ဗျားအတွက် ကျုပ်တို့ဂုဏ်ယူပါတယ်!” ဟူသော အသုံးအနှုန်းများသည် အထူးသဖြင့် မိမိရိုသေလေးစားသူတစ်ယောက်ယောက်ထံမှ ပြောလာသောအခါ အမှန်ပင် ကိုယ့်ကိုယ်ကိုလေးစားမှုကို များစွာမြှင့်တင်ပေးသည်။ လူသားများသည် အသိအမှတ်ပြုခံရသောအခါ အလွန်နှစ်ခြိုက်ပျော်ရွှင်ပြီး ပို၍ကောင်းစွာပြုလုပ်ရန် ကြိုးစားလာတတ်ကြပေသည်။ အမှန်မှာ ကိုယ်ခန္ဓာအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစာသည် အရေးကြီးသကဲ့သို့ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုခံရခြင်းသည် စိတ်နှင့်နှလုံးအတွက် အရေးတကြီးလိုအပ်သည်။
အဘိဓာန်တစ်ခုက အသိအမှတ်ပြုခြင်းကို “လူတစ်ဦးအား ထည့်သွင်းစဉ်းစားခံထိုက်သူ သို့မဟုတ် အလေးပေးဂရုပြုခံထိုက်သူအဖြစ်ဖြင့်သော်လည်းကောင်း အထူးအာရုံစိုက်ခံထိုက်သူ သို့မဟုတ် ဂရုစိုက်ခံထိုက်သူအဖြစ်သော်လည်းကောင်း လက်ခံခြင်း” ဟု အနက်ဖွင့်ထားသည်။ ယင်းသည် လူတစ်ယောက်နှင့်ပတ်သက်၍ ဆင်ဆင်ခြင်ခြင်ပြုလုပ်သော ခန့်မှန်းချက် သို့မဟုတ် တန်ဖိုးဖြတ်ချက်နှင့် ၎င်းလူအနေဖြင့် ခံယူထိုက်သည့် အသိအမှတ်ပြုခြင်း၏ အတိုင်းအတာကို အရိပ်ပြဆိုခြင်းသည် ရိုသေလေးစားမှုစသည်တို့နှင့် နီးကပ်စွာဆက်နွှယ်ပါသည်။
အသိအမှတ်ပြုခြင်း—အခြေခံလိုအပ်ချက်တစ်ခု
ဂုဏ်ပြုသင့်သောနေရာတွင် ဂုဏ်ပြုခြင်းသည် သင့်မြတ်လျော်ကန်ပြီး သမာသမတ်ကျသည်။ သခင်က မိမိပိုင်ဆိုင်ရာများကို လွှဲအပ်ခံရသည့် ကျွန်နှင့်ပတ်သက်သောဥပမာတွင် ယင်းပုံစံကို ယေရှုချမှတ်ခဲ့သည်။ မိမိ၏ပိုင်ဆိုင်ရာပစ္စည်း အစုစုနှင့်ပတ်သက်၍ သင့်လျော်သောခွဲခန့်စီမံမှုကို အသိအမှတ်ပြုခြင်းဖြင့် ကိုယ်တော်ကဤသို့ဆိုသည်– “သာဓု၊ သစ္စာရှိသောငယ်သားကောင်း။” (မဿဲ ၂၅:၁၉-၂၃) သို့သော်များသောအားဖြင့် ဤထိုက်တန်သောလေးစားထောက်ထားမှုကို လျစ်လျူရှုလေ့ရှိကြသည်။ အသိအမှတ်ပြုရန် ပျက်ကွက်ခြင်းက စိတ်ထက်သန်မှုနှင့် အစပြုဆောင်ရွက်မှုတို့ကို ပိတ်ပင်တားဆီးပစ်သည်။ အိုင်အိုးနားက ဤအတိုင်းဆိုသည်– “အသိအမှတ်ပြုခြင်းသည် မိမိလိုအပ်ကြောင်း၊ မိမိကိုလိုလားကြောင်းနှင့် တန်ဖိုးထားကြောင်းခံစားစေသည် . . . ယင်းက သင့်အားအစပြုဆောင်ရွက်စေသည်။ သင်လျစ်လျူရှုခံရပါက စိတ်ပျက်အားလျော့ကာ အကူအညီမဲ့နေသည်ဟု ခံစားရမည်။” ပက်ထရစ်က ဤသို့ထပ်ဆင့်သည်–“ဤအခါတွင် အရည်အသွေးနှင့် ထုတ်လုပ်မှုနှုန်း ဆက်မြင့်မားနေဖို့ ခက်သည်။” သို့ဖြစ်၍ မည်သို့နှင့် မည်သည့်အချိန်တွင် အသိအမှတ်ပြုပေးရန် ကျွန်ုပ်တို့သင်ယူခြင်းသည် အရေးကြီးသည်။ ကျွန်ုပ်တို့အားလုံးလိုလားကြသည်မှာ ကျွန်ုပ်တို့ဆိုင်ပါသည်ဟု အသေအချာသိရှိထားခြင်းဖြစ်သည်။ ယင်းသည် လူ့အခြေခံလိုအပ်ရာဖြစ်သည်။
ချီးမွမ်းစကားတစ်ခွန်း၊ ထပ်ဆင့်တာဝန်တစ်ခု သို့မဟုတ် လက်ဆောင်ပစ္စည်းတစ်ခုကပင် သင့်အတွက် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဆက်လက်လုပ်ဆောင်ရန် တွန်းအားဖြစ်စေသည်။ သင်သည် မိဘတစ်ဦးဖြစ်စေ၊ လင်သား သို့မဟုတ် ဇနီးတစ်ဦးဖြစ်စေ၊ သားသမီးတစ်ဦးဖြစ်စေ၊ အသင်းတော်သား သို့မဟုတ် ကြီးကြပ်မှူးတစ်ဦးဦးဖြစ်စေ ယင်းသည်မှန်ကန်သည်။ “အသိအမှတ်ပြုခံရတဲ့အခါ ပျော်ရွှင်ပြီး ငါတကယ်လိုအပ်တယ်လို့ ခံစားပြီး၊ ပိုကောင်းအောင် လုပ်ချင်လာတယ်” ဟု မာဂရက်က ဆိုသည်။ အင်ဒရူးက သဘောထားခြင်းတူစွာ ဤသို့ဆိုသည်– “ကျွန်တော် အားတက်လာပြီး ပိုပြီးကြိုးစားလုပ်ဆောင်ဖို့ တွန်းအားပေးတယ်။” သို့ရာတွင် တစ်ဦးတစ်ယောက်အား အသိအမှတ်ပြုရန်နှင့် ရိုသေလေးစားသမှုပြရန်အတွက် ဂရုတစိုက်စဉ်းစားကာ ကောင်းစွာချင့်ချိန်ရန် လိုအပ်သည်။
အသိအမှတ်ပြုပေးခြင်းတွင် ယေဟောဝါ၏စံနမူနာကို တုပ
အခြားသူတို့၏တန်ဖိုးကို အသိအမှတ်ပြုခြင်းနှင့်ပတ်သက်၍ အထင်ရှားဆုံးသောနမူနာမှာ ယေဟောဝါဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် အသိအမှတ်ပြုထိုက်သူများကို အသိအမှတ်ပြုတော်မူခဲ့လေသည်။ ကိုယ်တော်သည် အာဗေလ၊ ဧနောက်နှင့် နောဧတို့ကဲ့သို့သော ပုဂ္ဂိုလ်များကို သတိပြုမှတ်သားခဲ့သည်။ (ကမ္ဘာဦး ၄:၄; ၆:၈; ယုဒ ၁၄) ယေဟောဝါသည် ဒါဝိဒ်အား သူ၏ထင်ရှားပေါ်လွင်သော သစ္စာစောင့်သိမှုအတွက် အသိအမှတ်ပြုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၇:၁၆) နှစ်နှင့်ချီ၍ ယေဟောဝါကို ဂုဏ်တင်ခဲ့သော ပရောဖက်တစ်ပါးဖြစ်သူ ရှမွေလသည် ဖိလိတ္တိလူမျိုးတို့အောင်နိုင်ရန် ထောက်ကူဖို့ မိမိ၏ဆုတောင်းချက်ကို ဘုရားသခင်က လျင်မြန်စွာတုံ့ပြန်ခြင်းဖြင့် သူ့အား တစ်လှည့်ပြန်၍ ဂုဏ်ပြုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၇:၇-၁၃) ဤသို့ ဘုရားသခင့်အသိအမှတ်ပြုမှုကို ခံရသည့်အတွက် သင်ဂုဏ်ယူလိုမည်မဟုတ်လော။
ကျေးဇူးသိတတ်ခြင်းနှင့် တန်ဖိုးထားလေးမြတ်ခြင်းတို့သည် အသိအမှတ်ပြုခြင်းနှင့် အနီးကပ်ဆက်စပ်နေသည်။ ကျမ်းစာက ကျွန်ုပ်တို့အား ‘ကျေးဇူးတော်ကို သိတတ်ရန်’ နှင့် ကျွန်ုပ်တို့အကျိုးအလို့ငှာ ပြုတော်မူသည့်အရာအတွက် ကျေးဇူးတင်ရန် တိုက်တွန်းသည်။ (ကောလောသဲ ၃:၁၅; ၁ သက်သာလောနိတ် ၅:၁၈) ယင်းသည် ယေဟောဝါအား ကျေးဇူးသိတတ်မှုနှင့် အထူးသက်ဆိုင်သော်လည်း နေ့စဉ်လုပ်ငန်းဆောင်တာများတွင်လည်း ထပ်တူပင်ဖြစ်သည်။ ယင်းကို တမန်တော်ပေါလု တန်ဖိုးထားလေးမြတ်ခဲ့သည်။ သူသည် ဖိဗေအား “လူအမြောက်အမြားကို ကူညီမစခဲ့သူ” အဖြစ်လည်းကောင်း၊ ပြစ်ကိလနှင့် အာကုလကို သူနှင့်အခြားသူများ၏ အကျိုးအလို့ငှာ ‘လည်စင်းခံသူ’ များအဖြစ်လည်းကောင်း အသိအမှတ်ပြုခဲ့သည်။ (ရောမ ၁၆:၁-၄၊ သတင်းကောင်း) ကျေးဇူးတင်ကြောင်း ဤကဲ့သို့ ထုတ်ဖော်ပြောဆိုခံရသည့်အတွက် သူတို့မည်မျှပျော်ကြမည်ကို စဉ်းစားကြည့်ပါ။ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းနှင့် အားပေးခြင်းက ပေါလုကို ပျော်ရွှင်မှုရရှိစေသည်။ ကျွန်ုပ်တို့လည်း ထိုက်တန်သူများကို သင့်လျော်စွာအသိအမှတ်ပြုခြင်းဖြင့် ယေဟောဝါနှင့် ကိုယ်တော့်လေးစားဖွယ်ကောင်းသော ဝတ်ပြုသူများကို တုပနိုင်ကြသည်။—တမန်တော် ၂၀:၃၅။
မိသားစုအသိုင်းအဝိုင်းအတွင်း အသိအမှတ်ပြုခြင်း
ပျော်မွေ့ဖွယ်အသက်တာကို ဖန်တီးရာတွင် “အနည်းငယ်သော အသိအမှတ်ပြုမှုသည် များစွာတာသွားသည်” ဟု လင်သားတစ်ဦးလည်းဖြစ်သော ခရစ်ယာန်အကြီးအကဲ မစ်ရှဲလ်က ဆိုသည်။ “သင့်အားအသိအမှတ်ပြုသူတစ်ဦးကို သင်သည် ထာဝရချစ်ကောင်း ချစ်ခင်ပေမည်။” ဥပမာအနေနှင့် ခရစ်ယာန်လင်သားတစ်ဦးသည် ကြီးလေးသည့်တာဝန်ကို ထမ်းဆောင်ရပြီး မိသားစုကောင်းကျိုးနှင့် ပတ်သက်သည့် အရေးကြီးသောဆုံးဖြတ်ချက်များကို ချရသည်။ သူသည် မိသားစု၏ဝိညာဉ်ရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ချက်များကို စီမံပေးရမည်။ (၁ တိမောသေ ၅:၈) သူသည် မိသားစုဦးခေါင်းအဖြစ် ဘုရားပေးတာဝန်အတွက် သင့်လျော်စွာ အသိအမှတ်ပြုခံရပြီး မိမိ၏ဇနီးက “အလွန် ရိုသေမှု” ပြသည့်အခါ မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း!—ဧဖက် ၅:၃၃၊ ကဘ။
အများသူငှာလျစ်လျူရှုတတ်ကြသည့် အိမ်ရှင်မ၏လုပ်ဆောင်မှုကို လျစ်လျူရှုရန်မဟုတ်။ ခေတ်သစ်အယူအဆများက ဤလုပ်ဆောင်မှုကို အရာမသွင်းဘဲ ယင်း၏အရေးပါမှုနှင့် တန်ဖိုးကို ချန်လှပ်ထားကြသည်။ သို့တိုင် ဤလုပ်ဆောင်မှုကို ဘုရားသခင် နှစ်သက်သည်။ (တိတု ၂:၄၊ ၅) ပိုင်းခြားသိမြင်တတ်သော လင်သားက အထူးသဖြင့် အသက်တာ၏ကဏ္ဍအသီးသီးတွင် သူမ၏သာလွန်ထူးကဲသည့်အပိုင်းကို ချီးမွမ်းပေးသောအခါနှင့် မိမိဦးစီးမှုကို လက်အောက်ခံခြင်းတွင် ဤကဲ့သို့ အသိအမှတ်ပြုပေးသောအခါ မည်မျှရွှင်လန်းလိုက်မည်ဖြစ်ခြင်း! (နယပုံပြင် ၃၁:၂၈) ရိုဝီနာက သူမလင်သားနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ကျွန်မရဲ့လုပ်ဆောင်မှုကို သူအသိအမှတ်ပြုတဲ့အခါ သူ့ကိုလက်အောက်ခံဖို့နဲ့ ဂုဏ်ပြုလေးစားရိုသေဖို့ ပိုပြီးလွယ်တာ တွေ့ရတယ်။”
အမေရိကန်လူမျိုး ပညာရေးဆိုင်ရာကျွမ်းကျင်သူ ခရစ်ရှမ်ဘိုဗီးက တစ်ကြိမ်တွင် ဤသို့ပြောခဲ့သည်– “နေသည် ပန်းများအတွက်အရေးပါသကဲ့သို့ ဉာဏ်အမြော်အမြင်ရှိရှိ ချီးမွမ်းမှုသည် ကလေးများအတွက်အရေးကြီးသည်။” မှန်သည်၊ အလွန်ငယ်ရွယ်သည့် လူမမည်လေးသော်မှ သူ့အား တန်ဖိုးရှိသည့်မိသားစုဝင်တစ်ဦးဖြစ်ကြောင်း အစဉ်တစိုက်အခိုင်အမာပြောဆိုပေးမှု လိုအပ်သည်။ စိတ်လှုပ်ရှားမှုအသစ်နှင့် ကာယရေးပြောင်းလဲမှုအမျိုးမျိုးရှိသည့် ပုံသွင်း၍ရသော ဆယ်ကျော်သက်နှစ်များအတွင်း ကိုယ့်ရုပ်အသွင်ကိုပိုမိုဂရုစိုက်မှု တိုးပွားလာကာ တစ်ကြိမ်တည်းတွင် လွတ်လပ်မှုနှင့် အသိအမှတ်ပြုခံရခြင်းကို တောင့်တကြသည်။ အထူးသဖြင့် ဤအချိန်တွင် ဆယ်ကျော်သက်တစ်ယောက်သည် မိဘများအချစ်ခံရကြောင်း၊ နားလည်မှုနှင့်လိုအပ်သောကြင်နာမှုဖြင့် ဆက်ဆံခံရကြောင်း ခံစားရရန်ဖြစ်သည်။ အိုမင်းမစွမ်းဖြစ်နေသည့် မိဘဘိုးဘွားများလည်း အလားတူပင် မိမိတို့သည် အသုံးဝင်နေတုန်းဖြစ်ပြီး အချစ်ခံနေရတုန်းပင်ဖြစ်ကြောင်းနှင့် သူတို့သည် “အိုသောအခါ ပစ်ပယ်” ခံရမည်မဟုတ်ကြောင်း ယုံကြည်စိတ်ချမှု လိုအပ်ကြသည်။ (ဆာလံ ၇၁:၉; ဝတ်ပြုရာ ၁၉:၃၂; နယပုံပြင် ၂၃:၂၂) လိုအပ်သလို သင့်လျော်စွာအသိအမှတ်ပြုခြင်းကြောင့် ပျော်ရွှင်မှု တိုးပွားပြီး အောင်မြင်သောမိသားစုအသိုင်းအဝိုင်း ဖြစ်စေသည်။
ခရစ်ယာန်အသင်းတော်တွင် အသိအမှတ်ပြုခြင်း
ခရစ်ယာန်အသင်းတော်တွင် အခြားသူများအပေါ် အမှန်တကယ်စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးခြင်းနှင့် သူတို့၏လုပ်ဆောင်ချက်များ၊ ကြိုးစားအားထုတ်မှုများကို အမှန်တကယ် တန်ဖိုးထားလေးစားကြောင်း မတွန့်မတိုဖော်ပြပြောဆိုခြင်းသည် တန်ဖိုးအနဂ္ဃရှိသည်။ ခရစ်ယာန်အကြီးအကဲများသည် အသင်းတော်တွင်ရှိ အခြားသူများ၏ ပြီးမြောက်အောင်မြင်မှုများနှင့် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြင့် ဦးဆောင်ပြုမူသင့်သည်။ “အသိအမှတ်ပြုခံရခြင်းဟာ ဘယ်လောက် အားပေးမှုဖြစ်တယ်၊ နှစ်သိမ့်မှုပေးတယ်၊ စိတ်ချမ်းသာမှုပေးတယ်ဆိုတာ ကျွန်မဆီ အကြိမ်ကြိမ်သိုးထိန်းလည်ပတ်မှု လုပ်ပြီးနောက်မှ သိတော့တယ်” ဟု မာဂရက်ပြောခဲ့သည်။ “အသိအမှတ်ပြုလေ့မရှိတဲ့အခါ လက်လွတ်ဆုံးရှုံးသွားတဲ့အရာကို ကျွန်မသိမြင်ခဲ့တယ်။” အသင်းတော်တွင်ရှိ တစ်ဦးချင်းကို စစ်မှန်သောမေတ္တာပါ စိတ်ဝင်စားမှုပြသဖို့အတွက် အလွန်လျော်ကန်သည့် အကြောင်းကောင်းပါတကား! သူတို့၏ကောင်းမွန်သော လုပ်ဆောင်မှုများကို အသိအမှတ်ပြုပါ။ ရက်ရက်ရောရောချီးမွမ်းပြီး အားပေးစကားပြောပါ။ အသင်းတော်များတွင် မိမိတို့၏သားသမီးများအား ဝိညာဏအဖိုးတန်ရာများကို ညွှန်ပြရန်ကြိုးစားပမ်းစားလုပ်ဆောင်သည့် ကြင်ဖော်မဲ့မိဘများရှိသည်။ ဤကဲ့သို့သောသူများသည် အထူးချီးမွမ်းခံထိုက်ပေသည်။ အပျက်သဘောထားအစား အပြုသဘောထားကို ထင်ရှားပေါ်လွင်စေပါ။ သူတို့အပေါ်ထားသော သင့်ညီရင်းအစ်ကိုမေတ္တာနှင့် ဂရုစိုက်မှုကို အခြားသူများ မြင်ပါစေ။ ဤနည်းဖြင့် မေတ္တာရှိသော ကြီးကြပ်မှူးများသည် အသင်းတော်ကို တည်ဆောက်မှုပေးကြသည်။ (၂ ကောရိန္သု ၁၀:၈) အသင်းသားတစ်ဦးစီသည် မိမိတို့အကျိုးအလို့ငှာ ကြိုးစားပမ်းစားလုပ်ဆောင်သည့် ဤကဲ့သို့သော သစ္စာတည်ကြည်သူများကို ထိုက်တန်သောအသိအမှတ်ပြုမှုနှင့် လေးစားမှုပြသပေးခြင်းဖြင့် အတုံ့အလှည့်ပြုလုပ်ကြသည်။—၁ တိမောသေ ၅:၁၇; ဟေဗြဲ ၁၃:၁၇။
သို့ရာတွင် ဤကိစ္စနှင့်ပတ်သက်၍ အခြားတစ်ဖက် သို့မဟုတ် အခြားရှုထောင့်တစ်ခု ရှိသေးသည်။ ဝန်ခံရမည်မှာ အသိအမှတ်ပြုခံလိုသောဆန္ဒသည် အလွန်ပြင်းထန်သည်။ ယေရှုလက်ထက်၌ ဘာသာရေးခေါင်းဆောင်များ အသိုင်းအဝိုင်းတွင် ယင်းသည် အာရုံစူးစိုက်ရာဖြစ်လာသည်။ ယေရှုသည် ယင်းနှင့်ပတ်သက်၍ အမြင်မှားနေသည့် မိမိတပည့်တော်များကို ပြုပြင်ပေးခဲ့ရသည်။ (မာကု ၉:၃၃-၃၇; လုကာ ၂၀:၄၆) ခရစ်ယာန်များသည် အကျိုးသင့်အကြောင်းသင့်ရှိမှုနှင့် မျှတမှု လိုအပ်သည်။ အသိအမှတ်ပြုခံလိုသောဆန္ဒကို အထိန်းအသိမ်းမဲ့လွှတ်ထားပါက ဝိညာဉ်ရေးအရ အန္တရာယ်ရှိစေနိုင်သည်။ (ယာကုပ် ၃:၁၄-၁၆) ဥပမာ အကြီးအကဲတစ်ဦးသည် ထောင်လွှားလာပြီး မိမိကိုယ်ကိုမိမိ ချီးမြှောက်ထားသောထင်ကြေးကို အခြားသူများလက်ခံလာအောင် မရမကစတင်တောင်းဆိုပါက ယင်းသည် မည်မျှဝမ်းနည်းကြေကွဲစရာပါတကား!—ရောမ ၁၂:၃။
တမန်တော်ပေါလုက ရောမတွင်ရှိ ခရစ်ယာန်ချင်းတို့ကို ပညာရှိစွာ ဤသို့သတိပေးသည်– “ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက်စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။” (ရောမ ၁၂:၁၀) ဤစကားများသည် အသင်းတော်၏ဦးခေါင်းအဖြစ် ခရစ်တော်ကို အချိန်တိုင်းအသိအမှတ်ပြုရမည့် အကြီးအကဲများကို အထူးရည်ညွှန်းနေခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်စေ၊ ကျမ်းစာမူများအားဖြင့်ဖြစ်စေ၊ “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုအားဖြင့်ဖြစ်စေ ခရစ်တော်၏ညွှန်ကြားမှုကို ရှာကြံခြင်းအားဖြင့် ကိုယ်တော့်အခွင့်အာဏာဆိုင်ရာ လက်ယာလက်တော်ကို လက်အောက်ခံနေကြောင်းတင်ပြကြသည်။—မဿဲ ၂၄:၄၅-၄၇၊ သမ; ဗျာဒိတ် ၁:၁၆၊ ၂၀; ၂:၁ ရှု။
သို့ဖြစ်၍ အကြီးအကဲများစည်းဝေးကာဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းရန် ယေဟောဝါ၏လမ်းညွှန်မှုအတွက် ဆုတောင်းသောအခါ သူတို့သည် ဝိညာဉ်ရေးအရ ခိုင်လုံသော ဆုံးဖြတ်ချက်များချရန် ကြိုးစားလုပ်ဆောင်မည်ဖြစ်သည်။ ခရစ်ယာန်ကျိုးနွံခြင်း၊ စိတ်နူးညံ့ခြင်းနှင့် နှိမ့်ချခြင်းတို့က မည်သည့်အကြီးအကဲကိုမဆို မိမိကိုယ်ကိုချီးမြှောက်ခြင်း၊ မိမိညီအစ်ကိုများအပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်းနှင့် ဤအစည်းအဝေးများ၌ မိမိထင်မြင်ယူဆချက်ကို ခံယူစေရန် ကြိုးစားခြင်းတို့ကို ပြုမူစေလိမ့်မည်မဟုတ်ပါ။ (မဿဲ ၂၀:၂၅-၂၇; ကောလောသဲ ၃:၁၂) ဖြစ်နိုင်သည့်အခါတိုင်း အကြီးအကဲအဖွဲ့၏ သဘာပတိသည် အကြီးအကဲချင်း၏ သဘောထားများကို ကြိုတင်တောင်းခံထားပြီးနောက် အချက်တစ်ခုစီကို အသေအချာလေးလေးနက်နက်တွေးတောဖို့အတွက် လုံလောက်သောအချိန်ရရန် အစည်းအဝေးအစီအစဉ်တစ်ခုကို တင်ကြိုရေးဆွဲထားပါမည်။ အကြီးအကဲစည်းဝေးတွင် သူသည် အကြီးအကဲများ၏ထင်မြင်ယူဆချက်ကို ပုံသွင်းလိုက်ရန်မဟုတ်ဘဲ ဆွေးနွေးနေကြသည့် အကြောင်းအရာများကို “ရဲရင့်စွာ . . . ပြော” ဆိုကြဖို့သူတို့အား ကြိုးစားတိုက်တွန်းမည်။ (၁ တိမောသေ ၃:၁၃၊ သတင်းကောင်း) အတုံ့အလှည့်အနေနှင့် အကြီးအကဲချင်းများက အချင်းချင်း၏ပြောဆိုချက်များကို ဂရုတစိုက်နားထောင်ပြီး ခရစ်ယာန်အတွေ့အကြုံ နှစ်ချီရှိသည့် အကြီးအကဲများ၏ထိုးထွင်းသိမြင်ချက်မှ ဝမ်းမြောက်စွာအကျိုးခံယူသင့်သည်။—ထွက်မြောက်ရာ ၁၈:၂၁၊ ၂၂။
သို့ရာတွင် ကြီးကြပ်မှူးများသည် အခြေအနေတစ်ခုကို ဖြေရှင်းနိုင်ဖို့ လိုအပ်သည့်ကျမ်းစာမူများကိုပေးရန်၊ သို့မဟုတ် အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုကိုချရန် မည်သည့်အဖွဲ့ဝင်အကြီးအကဲကိုမဆို ခရစ်တော်အသုံးပြုနိုင်ကြောင်း သူတို့သိနားလည်ထားကြသည်။ အသင်းတော်၏ဝိညာဉ်ရေးကို ပြုစုစောင့်ရှောက်ရေးတွင် ပါဝင်ကူညီခြင်းကြောင့် အကြီးအကဲတစ်ဦးချင်းစီအား သင့်လျော်စွာအသိအမှတ်ပြုသည့်အခါ အဖွဲ့တွင် စိတ်ထားကောင်း လွှမ်းမိုးမည်။—တမန်တော် ၁၅:၆-၁၅; ဖိလိပ္ပိ ၂:၁၉၊ ၂၀။
ထိုက်တန်သောအသိအမှတ်ပြုခြင်းကို ပေးအပ်ခြင်းနှင့် ရထိုက်ခြင်းတို့တွင် ကြိုးစားလုပ်ဆောင်
အသိအမှတ်ပြုခြင်းက အားတက်စေသည်။ ယင်းသည် အားရှိစေပြီး တန်ဖိုးထားမြတ်နိုးဖွယ်ရာလည်း ဖြစ်သည်။ “ကျွန်မတို့ဟာ အညတရလေးတွေပါလို့ ကိုယ့်ကိုယ်ကို မှတ်ပေမဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားနိုင်ဖို့ အားပေးမှုလိုအပ်တယ်” ဟု မေရီပြောသည်။ အခြားသူများ၏ နေ့စဉ်ကြိုးစားအားထုတ်မှုများကို စိတ်ရင်းမှန်နှင့် အသိအမှတ်ပြုပါ။ ဤသို့ပြုခြင်းသည် ဘဝကိုပို၍အကျိုးနပ်စေပြီး သူတို့အတွက် နှစ်သက်စရာဖြစ်စေသည်။ အသင် မိဘများ၊ သားသမီးများ၊ ကြီးကြပ်မှူးများနှင့် ခရစ်ယာန်အသင်းတော်သားများ၊ သင်တို့၏ပြောဆိုပြုမူပုံအားဖြင့် အသိအမှတ်ပြုခြင်း ရယူနိုင်သည်။ ဝီရိယစိုက်ထုတ်သော၊ ကျိုးနွံသော၊ နှိမ့်ချသောသူများသည် မျက်နှာသာခံစားရကြောင်း ကျမ်းစာက ဆိုထားသည်။ (နယပုံပြင် ၁၁:၂; ၂၉:၂၃; ဟေဗြဲ ၆:၁-၁၂) အခြားသူများ၏ အရာရောက်မှုကို အသိအမှတ်ပြုရန် သင်ယူပါ။ သူတို့နှင့်အတူ သင်လုပ်ဆောင်သည်နှင့်အမျှ အခြားသူများ၏ခံစားချက်များကို ထည့်စဉ်းစားပါ။ တမန်တော်ပေတရုက ဤသြဝါဒကိုပေးခဲ့သည်– “အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။” (၁ ပေတရု ၃:၈) ယင်းကိုပြုရန် အခြားသူများအား အသိအမှတ်ပြုဖို့လိုပြီး ဤနည်းဖြင့် လူ့အခြေခံလိုအပ်ရာကိုဖြည့်စွက်ပေးသည်။