‘သူ၏အပြုအမူတို့သည် သူနှင့်အတူ လိုက်၏’
၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် အင်္ဂါနေ့နံနက် ၈:၀၀ နာရီတွင် ဂျော့ဂျ် ဒီ. ဂဲင်းဂက်စ်၏မြေကြီးအသက်တာ ကုန်ဆုံးခဲ့သည်။ သူသည် အသက် ၉၈ နှစ်ရှိသည်။ ဂျော့ဂျ် ဒီ. ဂဲင်းဂက်စ်သည် ဘိသိက်ခံတစ်ဦးဖြစ်ပြီး ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်ကတည်းက ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
ညီအစ်ကို ဂဲင်းဂက်စ်နှင့် တရင်းတနှီးရှိသောသူအားလုံးတို့က သူ၏ဖြောင့်မတ်မှုကိုမြတ်နိုးခြင်းနှင့် ဆိုးသွမ်းမှုကို မုန်းတီးခြင်းကို သိရှိကြသည်။ စာတန်သည် ရုန့်ရင်းကြမ်းတမ်းသူ၊ အော့နှလုံးနာဖို့ကောင်းသူ၊ ဆိုးသွမ်းသူ၊ ယုတ်ညံ့သူနှင့် စက်ဆုပ်ဖွယ်လိမ်လည်သူဖြစ်သည်ဟု သူအကြိမ်ကြိမ်ဖော်ပြခဲ့သည့်နည်းကို သူတို့ကောင်းကောင်း သတိရကြသည်။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ယေဟောဝါကို မေတ္တာရှိသော၊ ကြင်နာသော၊ ထောက်စာသော၊ ကြင်နာစာနာသော၊ ဂရုစိုက်သောဖခင်တစ်ဦးအဖြစ် ဖော်ပြပြောဆိုခဲ့သည်။ ကျမ်းစာမေးခွန်းများ မေးခြင်းကိုလည်း သူနှစ်သက်ခုံမင်ကြောင်း များစွာသောသူတို့မှတ်မိကြသည်။ မည်သည့်စကားစမြည်ပြောဆိုမှုတွင်မဆို သူသည် မေးခွန်းများ—တချို့ရိုးရိုးလေး၊ တချို့မှာ အတော်လေးစဉ်းစားယူရ၏—ကိုမလွဲမသွေ မေးပေမည်။ အမှန်ပင်၊ သူသည် ကျမ်းစာသမ္မာတရားကို မြတ်နိုးသည်။
ညီအစ်ကို ဂဲင်းဂက်စ်သည် ၁၉၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် နှစ်ခြင်းခံခဲ့သည်။ သူသည် ၁၉၂၈ ခုနှစ်၊ မတ်လတွင် သူ၏တစ်သက်ပန်လုပ်ငန်းဖြစ်သော အချိန်ပြည့်ဟောပြောခြင်းဓမ္မအမှု (ရှေ့ဆောင်ခြင်း) ကို စတင်ခဲ့သည်။ ယင်းကြောင့် သူသည် အချိန်ပြည့်လုပ်ငန်းတော်တွင် စုစုပေါင်း ၆၆ နှစ်လုပ်ဆောင်ခဲ့သည်။ သူသည် ၁၉၂၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ ဘရွတ်ကလင်ဌာနချုပ်၏ ရုံးအမှုထမ်းအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
သူ့ဘဝအတ္ထုပ္ပတ္တိကို ၁၉၆၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်တွင် တွေ့ရသည်။ သူသည် ဘုရားသခင့် စစ်မှန်သောဝိညာဏလူဖြစ်ကြောင်း ယင်းက ဖော်ပြသည်။ ထိုဆောင်းပါးတွင် နှလုံးနွေးထွေးဖွယ် အောက်ပါဖော်ပြချက်ကို သူပြောခဲ့သည်– “ကျွန်တော် အသက်ကိုမြတ်နိုးပြီး ကျွန်တော့်ညီအစ်ကိုများကို အသက်ရစေချင်တယ်။ ကျွန်တော်ဟာ တမန်တော်ပေါလုလိုပဲ ‘သခင်ယေရှုခရစ်ကိုသိတဲ့ပညာဟာ ဘယ်လောက်မြတ်တယ်ဆိုတာကိုထောက်ပြီး အရာခပ်သိမ်းကို ရှုံးစေသောအရာလို့ ကျွန်တော် ထင်မှတ်တယ်။’”—ဖိလိပ္ပိ ၃:၈-၁၀။
ညီအစ်ကို ဂဲင်းဂက်စ်သည် အသက်ကိုအမှန်မြတ်နိုးကြောင်း သူ၏လုပ်ဆောင်မှုများဖြင့် ပြသကာ မိမိ၏ “ယေရှုခရစ်ကိုသိသောအသိပညာ” ကို အခြားသူများအား ထက်သန်စွာဝေမျှပေးခဲ့သည်။ သူ့ကို တသကြမည်ဖြစ်သော်လည်း ယခုသူသည် ကောင်းကင်ဆုကျေးဇူးကို ရရှိခဲ့ပြီးဖြစ်သဖြင့် ကျွန်ုပ်တို့မည်မျှဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း! ယခုတွင် ‘သူသည် မိမိ၏ ပင်ပန်းစွာလုပ်ဆောင်ခြင်းမှ ငြိမ်းမည်ဖြစ်သည် အကြောင်းမှာ သူ၏အပြုမူတို့သည် သူနှင့်အတူလိုက်၏။’—ဗျာဒိတ် ၁၄:၁၃၊ New International Version.
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]