ကမ္ဘာကိုပြောင်းလဲစေသည့် ရက်သတ္တတစ်ပတ်
“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။”—မဿဲ ၂၁:၉။
၁။ လွန်ခဲ့သောသြဂုတ်လ၏အဖြစ်အပျက်များကြောင့် အဘယ်ခြားနားသောအုပ်စုနှစ်စုသည် အကျိုးဆက်များခံခဲ့ရသနည်း။
“ကမ္ဘာကို တုန်ခါစေသည့် စိတ်ဒုက္ခအလွန်ရောက်ခဲ့ရသော သုံးရက်။” ဤသို့သောသတင်းစာခေါင်းစဉ်ဖြင့် ၁၉၉၁ ခု၊ ဩဂုတ်လတွင် ရက်အနည်းငယ်အတွင်း တကမ္ဘာလုံး ဗြောင်းဆန်သွားနိုင်ကြောင်း၊ အလေးအနက်ဖော်ပြခဲ့သည်။ ဩဂုတ်လအကုန်ပိုင်းရက်များသည် တစ်လောကလုံးအတွက်သာမက “ဤလောကနှင့်မဆိုင်” ဟုယေရှုညွှန်းခဲ့သည့် လူစုအတွက်လည်း အလွန်ထူးခြားခဲ့သည်အမှန်။ ဤအဖွဲ့ကို ယနေ့ ယေဟောဝါသက်သေများဟု အများသိထားကြ၏။—ယောဟန် ၁၇:၁၄။
၂၊ ၃။ (က) ဇာဂရဗ်မြို့တွင် စိုးရိမ်ဖွယ်ရာများကြား လွတ်လပ်ခြင်းကို မည်သို့ပေါ်လွင်စေခဲ့သနည်း။ (ခ) အိုဒက်စာမြို့တွင် ခိုင်ခံ့သောယုံကြည်ခြင်းသည် မည်သို့အကျိုးခံစားရသနည်း။
၂ ယူဂိုစလားဗီးယားနိုင်ငံအတွက် ယေဟောဝါသက်သေများ၏ ပထမအကြိမ်ကျင်းပသော အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို ဩဂုတ်လ ၁၆ မှ ၁၈ ရက်အတွက်စီစဉ်ထားသည်။ ဖြစ်လာပုံမှာ ပြည်တွင်းစစ်ဖြစ်လုဆဲဆဲနိုင်ငံအတွင်း ယေဟောဝါ၏လူမျိုးသည် စည်းဝေးပွဲကြီးကို ပထမအကြိမ်ကျင်းပဖို့ရန်ဖြစ်နေသည်။ ဒေသခံသက်သေခံများနှင့် အနီးအနားနိုင်ငံများမှ လုပ်အားပေးသူများသည် ဇာဂရဗ်မြို့ရှိ ဒီနာမော့စ်ဘောလုံးကွင်းကို အသစ်မွမ်းမံရန် နှစ်လတိုင်ပြုပြင်ခဲ့ပြီ။ သို့နှင့် ဘောလုံးကွင်းသည် သန့်ပြန့်နေရာ “ဘုရားရေးရာလွတ်လပ်မှုမြတ်နိုးသူများ” စည်းဝေးပွဲအတွက် အကောင်းဆုံးနေရာဖြစ်နေပေပြီ။ အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ် ၆၀၀ အပါအဝင် အပြည်ပြည်မှ ထောင်ပေါင်းများစွာသောသူတို့ တက်ရောက်ရန် အစီအစဉ်ရှိသည်။ ပြည်တွင်းစစ်ဖြစ်ရန်အန္တရာယ် ခြိမ်းခြောက်နေစဉ် “အမေရိကန်များ လာကြမှာမဟုတ်ဖူး” ဟူ၍သတင်းပျံ့လွင့်နေသည်။ သို့သော် အခြားနိုင်ငံအသီးသီးမှအပြင် အမေရိကန်များလည်း လာကြပါသည်။ တက်ရောက်မည့်သူ ၁၀,၀၀၀ ရှိရန်မျှော်မှန်းထားသော်လည်း နောက်ဆုံးနေ့ရက်တွင် ၁၄,၆၈၄ ယောက်ပင်ရှိသည်တကား။ ‘စည်းဝေးခြင်းအမှုကို မရှောင်မလွဲခဲ့ကြသည့်အတွက်’ သူတို့အားလုံး ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရသည်။—ဟေဗြဲ ၁၀:၂၅။
၃ ဇာဂရဗ်စည်းဝေးပွဲကြီးပြီးနောက် သုံးရက်အတွင်း ဆိုဗီယက်ပြည်ထောင်စုတွင် အာဏာသိမ်းမှုဖြစ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထိုအချိန်တွင် ဘုရားရေးရာလွတ်လပ်မှုကို မြတ်နိုးသူများသည် ယူခရိန်းပြည်ရှိ အိုဒက်စာမြို့တွင် စည်းဝေးပွဲကြီးကျင်းပဖို့ အပြီးသတ်အစီအစဉ်များ ရေးဆွဲနေကြသည်။ စည်းဝေးပွဲကြီး ကျင်းပနိုင်မည်လော။ ယုံကြည်ခြင်းခိုင်မြဲစွာဖြင့် ညီအစ်ကိုများသည် ဘောလုံးကွင်းကို အပြီးသတ်ဆက်ပြုပြင်မွမ်းမံကြ၍ ရွှေပွဲလာကိုယ်စားလှယ်များ တစ်ဖွဲဖွဲရောက်လာကြသည်။ အာဏာသိမ်းမှုသည် အံ့သြစွာရပ်တံ့ခဲ့သည်။ ဩဂုတ် ၂၄၊ ၂၅ ရက်တို့တွင် ပျော်ရွှင်စွာစည်းဝေးကျင်းပခဲ့ရာ တက်ရောက်သူ ၁၂,၁၁၅ နှင့် အများဆုံးတက်ရောက်သူအရေအတွက်၏ ၁၆ ရာခိုင်နှုန်းဖြစ်သည့် ၁,၉၄၃ ယောက်နှစ်ခြင်းယူခဲ့သည်။ ဤသက်သေခံလူသစ်များသည် ရှေ့မီနောက်မီ သမာဓိစောင့်သိသူများနှင့်အတူ ယေဟောဝါကိုလုံးဝယုံကြည်အားကိုးပြီး ထိုစည်းဝေးပွဲကြီးသို့ ရောက်လာကြသည့်အတွက် အလွန်ဝမ်းသာအားရခဲ့ကြသည်။—သု၊ ၃:၅၊ ၆။
၄။ အရှေ့ဥရောပရှိသက်သေခံများသည် ယေရှုတင်ပြခဲ့သော အဘယ်ပုံသက်သေကို လိုက်နာနေကြသနည်း။
၄ ဤသစ္စာရှိသက်သေခံများသည် ကျွန်ုပ်တို့၏စံပြ ယေရှုခရစ်၏ပုံသက်သေကို လိုက်လျှောက်နေကြပါသည်။ ဂျူးများသည် မိမိအားသတ်ပစ်ရန် ရှာကြံနေသည်ကိုသိလျက်နှင့် တက်ရောက်ရန်ယေဟောဝါအမိန့်ပေးထားသောပွဲတော်များကို ကိုယ်တော်မတက်ဘဲမနေခဲ့ပါ။ ကိုယ်တော်၏နောက်ဆုံးပသခါပွဲတက်ရောက်ရန် ယေရုရှလင်မြို့သို့လာနေစဉ် ကိုယ်တော်အားသတ်လိုသူတို့သည် “အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလော” ဟုဗိမာန်တော်ဝင်း၌ ဆွေးနွေးနေကြ၏။ (ယောဟန် ၁၁:၅၆) သို့သော် ကိုယ်တော်အမှန်ကြွလာတော်မူသည်။ ယင်းက လူ့သမိုင်းရေစီးကြောင်းကို ပြုပြင်ပြောင်းလဲသွားသည့် ရက်သတ္တတစ်ပတ်အတွက် လမ်းခင်းကျင်းပေးပါသည်။ ဂျူးပြက္ခဒိန်အရ နိသန်လ ၈ ရက်မှ ၁၄ ရက်ကြာရှည်သည့် ထိုအပတ်အတွင်း ဖြစ်ပျက်ခဲ့သည့် အရေးကြီးသည့် အဖြစ်အပျက်အချို့ကို ယခုပြန်သုံးသပ်ကြည့်ကြစို့။
နိသန် ၈
၅။ စီအီး ၃၃၊ နိသန် ၈ ရက်တွင် ဗေသနိရွာသို့ယေရှုသွားစဉ် အဘယ်အရာကိုသိထားတော်မူသနည်း။
၅ ဤနေ့ရက်တွင် ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် ဗေသနိရွာသို့ရောက်နေကြသည်။ မကြာမီကသေရာမှရှင်ပြန်ထမြောက်စေခဲ့သော ချစ်ရသည့်မိတ်ဆွေ လာဇရု၏အိမ်တွင် ယေရှုခြောက်ရက်တည်းခိုမည်ဖြစ်သည်။ ဗေသနိရွာသည် ယေရုရှလင်မြို့အနီး၌ရှိသည်။ တပည့်တော်များအားသာ ယေရှုက ဤသို့မှာကြားထားနှင့်ပြီဖြစ်သည်။ “ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်ကြလိမ့်မည်။ လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကိုပြုစေခြင်းငှာ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်။” (မဿဲ ၂၀:၁၈၊ ၁၉) ပြင်းထန်စွာ စုံစမ်းခံရလိမ့်မည်ဟု ယေရှု ယခုကောင်းစွာသိထားသည်။ သို့ရာတွင် အပြီးသတ်စမ်းသပ်ခံရမည့်အချိန် နီးလာစဉ် ညီအစ်ကိုများအကျိုးကို ကိုယ်တော်အစွမ်းကုန်ဆောင်ရွက်တော်မူသည်။ “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို” ကျွန်ုပ်တို့လည်း အမြဲမွေးမြူထားကြစို့လေ။—ဖိလိပ္ပိ ၂:၁-၅။ ၁ ယောဟန် ၃:၁၆။
နိသန် ၉
၆။ နိသန် ၉ ရက်ညတွင်မာရိဘာပြုခဲ့သနည်း။ ယုဒကိုယေရှုဘာပြောခဲ့သနည်း။
၆ နေဝင်ပြီး နိသန် ၉ ရက်စတင်သည့်အခါ ယခင်ကနူနာစွဲသူ ရှိမောင်အိမ်တွင် ယေရှုအစာသုံးဆောင်နေတော်မူသည်။ ဤနေရာတွင် လာဇရုအစ်မ မာရိသည် ယေရှု၏ခေါင်းတော်နှင့်ခြေတော်ပေါ် တန်ဖိုးကြီးသောဆီမွှေးကိုလောင်း၍ ခြေတော်ကို သူမ၏ဆံပင်နှင့် နှိမ့်ချစွာသုတ်ခဲ့သည်။ ယင်းကိုယုဒကန့်ကွက်သောအခါ ယေရှုက “ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကို သင်္ဂြိုဟ်ခြင်းငှာ ပြင်ဆင်သောနေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။” ဂျူးများစွာတို့သည် ဗေသနိရွာသို့၍ ယေရှုကိုယုံကြည်ကိုးစားနေကြကြောင်း ယဇ်ပုရောဟိတ်ကြီးတို့သည် ကြားသွားသဖြင့် ကိုယ်တော်နှင့်လာဇရုကိုသတ်ပစ်ရန် တိုင်ပင်ကြသည်။—ယောဟန် ၁၂:၁-၇။
၇။ နိသန် ၉ ရက်နံနက်တွင် ယေဟောဝါ၏နာမတော်သည် မည်သို့ဂုဏ်တင်ခံခဲ့ရသနည်း။ ယေရှုမည်သို့ကြိုတင်ဟောပြောသနည်း။
၇ နံနက်စောစောတွင် ယေရုရှလင်မြို့သို့ ယေရှု စတင်ခရီးထွက်တော်မူသည်။ လူအစုအဝေးအပေါင်းတို့သည် စွန်ပလွံခက်များကိုကိုင်လျက် ဤသို့ကြွေးကြော်ကြိုဆိုကြ၏။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] နာမတော်နှင့် ကြွလာတော်မူသော၊ ဣသရေလလူမျိုး၏ဘုရင်၌ မင်္ဂလာရှိပါစေသော။” ထိုအချိန်တွင် မြို့တွင်းသို့ မြည်းကလေးကိုစီး၍ ဝင်လာခြင်းအားဖြင့် ဇာခရိ ၉:၉ ပါပရောဖက်ပြုချက်ကို ယေရှုပြည့်စုံစေတော်မူသည်။ ယေရုရှလင်မြို့အနီးသို့ရောက်သော် ၄င်းအတွက်ကိုယ်တော်ငိုကြွေးကာ၊ နောင်၃၇နှစ်အချိန်တွင် ထူးခြားစွာပြည့်စုံမည့် ပရောဖက်ပြုချက်ဖြစ်သည့် ရောမလူမျိုးတို့သည် မြို့တော်ကိုဝိုင်းရံ၍ လုံးဝဖျက်ဆီးပစ်မည်အကြောင်း ကြိုတင်ဟောပြောလေသည်။ (ယင်းကား ရှေးယေရုရှလင်မြို့နည်းတူ ဖောက်ပြန်ခဲ့သော ခရစ်ယာန်ဘောင်ကြုံရမည့် ဘေးဒဏ်ကိုတင်ပြသည်။) ဂျူးခေါင်းဆောင်များသည် မိမိတို့၏ဘုရင်အဖြစ် ယေရှုကိုအလိုမရှိခဲ့ပါ။ သို့နှင့်သူတို့အမျက်ထွက်လျက် “ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီ” ဟုဆိုကြသည်။—ယောဟန် ၁၂:၁၃၊ ၁၉၊ သမ။
နိသန် ၁၀
၈။ နိသန် ၁၀ ရက်တွင် ယေဟောဝါ၏ဆုတောင်းရာအိမ်တော်ကို ယေရှုလေးစားတန်ဖိုးထားကြောင်း မည်သို့တင်ပြသနည်း။ ဆက်၍အဘယ်အရာ ဖြစ်ပျက်သနည်း။
၈ နောက်တစ်ဖန် ဗိမာန်တော်သို့ ယေရှုလည်ပတ်လာပြီး လောဘကြီးသော ကုန်သည်များနှင့် ငွေလဲလှယ်သူတို့အား ဗိမာန်တော်အတွင်းမှ ဒုတိယအကြိမ် နှင်ထုတ်တော်မူသည်။ “ငွေရတတ်ခြင်းငှာ အလိုရှိခြင်း” ဖြစ်သည့် စီးပွားရေးသည် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်တွင် မဝင်ရောက်သင့်ပါ။ (၁ တိမောသေ၆:၉၊ ၁၀) မကြာမီ ယေရှုသေရတော့မည်ဖြစ်သည်။ ယင်းကိုရှင်းပြခြင်းငှာ မျိုးစေ့စိုက်ခြင်းဥပမာကိုပေးတော်မူသည်။ ပထမမျိုးစေ့ပျက်စီးသော်လည်း၊ ၄င်းမှအညှောက်ပေါက်လာရာ အသီးများစွာသီးသော ရိုးတံဖြစ်ထွန်းလာသည်။ ထိုနည်းတူ ယေရှုကိုယုံကြည်ကြောင်းတင်ပြသူများသည် ယေရှု၏သေခြင်းကြောင့် ထာဝရအသက်ရကြမည်။ မိမိသေရမည့်အချိန်နီးကပ်လာသည်ကိုသိ၍ စိတ်ပူပင်နေသောယေရှုသည် သေတော်မူခြင်းအားဖြင့် ခမည်းတော်၏နာမတော် ဘုန်းထင်ရှားမည်အကြောင်း ဆုတောင်းတော်မူ၏။ နားညောင်းတော်မူလျက် ကောင်းကင်မှဘုရားသခင်၏အသံတော်ကား “ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန်ချီးမြှောက်ဦးမည်” ဟုရှိနေသူအားလုံးကြားလောက်အောင် ကြွေးကြော်တော်မူ၏။—ယောဟန် ၁၂:၂၇၊၂၈။
နိသန် ၁၁—ဆောင်ရွက်ချက်များသောနေ့ရက်
၉။ (က)နိသန် ၁၁ ရက်အစောပိုင်းတွင် ဖောက်ပြန်သောဂျူးများကို ပြစ်တင်ရှုတ်ချရာတွင် ဥပမာများကိုယေရှုမည်သို့အသုံးပြုသနည်း။ (ခ) ယေရှု၏ပုံဥပမာနှင့်အညီ အခွင့်အရေးထူးကို မည်သူတို့ဆုံးရှုံးခဲ့သနည်း။
၉ ယေရှုနှင့်တပည့်တော်များသည် အလုပ်များစွာဆောင်ရွက်ရန် ဗေသနိရွာမှ နောက်တစ်ဖန်ထွက်ပြန်သည်။ ဖောက်ပြန်သောဂျူးလူမျိုးကို အဘယ်ကြောင့် အပြစ်စီရင်ရကြောင်းဖော်ပြရန် ယေရှုသည်ဥပမာသုံးခုပေးသည်။ ခရီးတွင်တွေ့ရှိသည့် ခြောက်သွေ့နေသော သင်္ဘောသဖန်းပင်တစ်ပင်ကို ကျိန်ဆိုခြင်းအားဖြင့် သစ္စာမဲ့၊ အသီးမသီးသော ဂျူးလူမျိုးကို ပြစ်တင်စီရင်ကြောင်း တင်စားပြသည်။ ဗိမာန်တော်ထဲဝင်ပြီး သခင်တစ်ဦး၏စပျစ်ဥယျာဉ်စောင့်တို့သည် သခင့်အမွေခံသားကိုပင် မည်သို့သတ်ပစ်ခဲ့ကြောင်း ဖော်ပြသည်။ ဤဥပမာအားဖြင့် ယေရှုကိုသတ်ပစ်ရန် အထွတ်အထိပ်ရောက်နေသည့် ဂျူးတို့အား ယေဟောဝါပေးထားသည့်တာဝန်ကို သစ္စာဖျက်ကြောင်း တင်စားပြခဲ့သည်။ ဘုရင်—ယေဟောဝါ—ခင်းကျင်းသည့် ထိမ်းမြားမင်္ဂလာပွဲသို့ ဖိတ်ကြားခံရသူများ (ဂျူးတို့) တက်ရောက်ရန် ငြင်းဆိုသည့်ဥပမာကိုလည်း ပြောဆိုသည်။ သို့နှင့်အပြင်လူ—တစ်ပါးအမျိုးသားတို့အား—ဖိတ်ကြားခဲ့ရာ အချို့လက်ခံကြသည်။ သို့သော်မင်္ဂဆောင်ပွဲ၏အဝတ်ကို မဝတ်ထားသူတစ်ဦးအား အပြင်သို့ထုတ်ပစ်လိုက်သည်။ ဤသူကား ခရစ်ယာန်ဘောင်ရှိ အတုအယောင်ခရစ်ယာန်များကို ပုံဆောင်ပါသည်။ ယေရှုခေတ်ရှိ ဂျူးများစွာကိုဖိတ်ကြားခဲ့သော်လည်း ကောင်းကင်နိုင်ငံတော်ကိုဝင်စားရန် တံဆိပ်ခတ်ခံရသူ ၁၄၄,၀၀၀ အဝင်ဖြစ်ဖို့ “ရွေးကောက်တော်မူသောသူနည်း” သည်။—မဿဲ ၂၂:၁၄။ ဗျာဒိတ် ၇:၄။
၁၀-၁၂။ (က) ဂျူးဓမ္မဆရာတို့ကို ယေရှုအဘယ်ကြောင့်ဝေဖန်ရှုတ်ချသနည်း။ ထိုအရေခြုံများအား မည်သို့ပြစ်ပြစ်ခါခါ ရှုတ်ချပြောဆိုသနည်း။ (ခ) ဖောက်ပြန်သောဂျူးများကို နောက်ဆုံးမည်သို့တရားစီရင်သနည်း။
၁၀ ဟန်ဆောင်သူ ဂျူးဓမ္မဆရာများသည် ယေရှုကိုဖမ်းချုပ်ရန် အခွင့်ကောင်းရှာကြသော်လည်း သူတို့၏ကလိမ်ကျသောအမေးများစွာကို ဖြေဆိုပုံကြောင့် လူတို့ရှေ့ သူတို့အားအရှက်ရစေခဲ့သည်။ တကယ့်သစ္စာဖောက် ဂျူးဘာသာရေးသမားပါတကား။ ယေရှုကလည်း သူတို့အားအတိအလင်းဆုံးမခဲ့ပါသည်တကား။ ကျွန်ုပ်တို့ခေတ်ရှိ ဓမ္မဆရာများစွာနည်းတူ သူတို့သည် အသားပေးခံရခြင်း၊ ထူးခြားစွာဝတ်စားဆင်ယင်ခြင်း၊ “ရဗ္ဗိ” နှင့် “ဖာသာ” အစရှိသည့် ဂုဏ်ဖော်သည့်ဘွဲ့အမည်များကို ရလိုကြသည်။ ယေရှုက “အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ အကြင်သူသည် မိမိကိုနှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ရောက်လတ္တံ့” ဟူသောမူကို တင်ပြပါသည်။—မဿဲ ၂၃:၁၂။
၁၁ ထိုဘာသာရေးခေါင်းဆောင်များကို ယေရှုပစ်ပစ်ခါခါ စွပ်စွဲရှုတ်ချတော်မူသည်။ ခုနစ်ကြိမ်တိုင် “သင်တို့သည် အမင်္ဂလာရှိကြ၏” ဟုယေရှုကြိမ်းမောင်း၍ သူတို့အား မျက်စိကန်းသောလမ်းပြများ၊ ဟန်ဆောင်သူများဟု ခေါ်ခဲ့ပါသည်။ ထိုသို့အဘယ်ကြောင့်ရှုတ်ချရကြောင်းကိုလည်း အကြိမ်တိုင်း အကြောင်းပြချက်ကောင်း တင်ပြတော်မူသည်။ သူတို့သည် ကောင်းကင်နိုင်ငံတော်ထဲဝင်သောလမ်းကို ပိတ်ဆို့ထားကြသည်။ ဘာသာဝင်တစ်ဦးသူတို့ရတိုင်း ထိုသူသည် ဂေဟင်္နာတွင် နှစ်ဆခံရဖို့ဖြစ်လာသည်။ အကြောင်းမူကား၊ ယခင်ကြီးမားသောအပြစ် သို့မဟုတ် အယူသည်းမှုကြောင့် ပျက်စီးခံထိုက်သူဖြစ်ပြီးသောကြောင့်ဖြစ်နိုင်သည်။ ဖာရိရှဲများသည် ဗိမာန်တော်တွင် စစ်မှန်သောဝတ်ပြုရေးကို ထိန်းသိမ်းပေးရန်ထက်၊ ဗိမာန်တော်တွင်းရှိ ရွှေငွေကိုသာ အာရုံစူးစိုက်သည့်အတွက် “လူမိုက်လူကန်းတို့” ဟုယေရှုကြိမ်းမောင်းခဲ့သည်။ ပင်စိမ်း၊ စမွတ်၊ ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင်လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ ထုံးစံအရဆေးကြောခြင်းမဟုတ်၊ မကြာမီယေရှုပူဇော်မည့်ယဇ်ကို ယုံကြည်ခြင်းအားဖြင့် သန့်စင်ခံရသောနှလုံးကသာ သူတို့၏အတွင်းအညစ်အကြေးကို စင်ကြယ်စေမည်ဖြစ်သည်။ သူတို့၏ကောက်ကျစ်သောဟန်ဆောင်မှုနှင့် အဓမ္မမှုတို့သည် “အဖြူသုတ်သော” မည်သည့်ပြင်ပပုံသဏ္ဌာန်ကိုမဆို အရာမရောက်စေပါ။—မဿဲ ၂၃:၁၃-၂၉။
၁၂ ရှေး“ပရောဖက်တို့ကိုသတ်သောသူတို့၏အမျိုးအနွယ်”အမှန်ဖြစ်သည့် ဖာရိရှဲများအတွက်အမင်္ဂလာတကယ်ပင်ဖြစ်သည်။ မြွေဆိုးအမျိုး၊ မြွေပွေးအနွယ်ဖြစ်ကြသည့်အတွက် ဂေဟင်္နာသို့အမှန်ရောက်ကြရမည်။ အကြောင်းမူကား၊ ယေရှုကိုသာမက ကိုယ်တော်စေလွှတ်သူအပေါင်းကိုပါ သူတို့သတ်ကြမည်ဖြစ်သည်။ “ယခုဖြစ်သောလူမျိုးများအပေါ်” ဤစီရင်ချက်ကျရောက်ရမည်ဖြစ်သည်။ ပြည့်စုံချက်အနေနှင့် နောင် ၃၇ နှစ်အကြာတွင် ယေရုရှလင်မြို့သည် လုံးဝပျက်စီးခဲ့သည်။—မဿဲ ၂၃:၃၀-၃၆။
၁၃။ ဗိမာန်တော်အတွက်လှူဒါန်းခြင်းအကြောင်း ယေရှု၏စကားများသည် ယနေ့အဘယ်အဖြစ်အပျက်များတွင် ထင်ရှားသနည်း။
၁၃ ဗိမာန်တော်မှမထွက်ခွာမီ ဘဏ္ဍာတိုက်ထဲသို့ “မိမိအသက်မွေးစရာဥစ္စာရှိသမျှကိုသွင်းချ” သည့်ဆင်းရဲသောမုဆိုးမကို ယေရှုချီးမွမ်းပြောဆိုခဲ့သည်။ စတိလောက်အလှူဒါနပြုသူများ လောဘကြီးသည့်ကြွယ်ဝချမ်းသာသူတို့နှင့် အခြားကြီးခြားလှသည်တကား။ ထိုဆင်းရဲသောမုဆိုးမနည်းတူ ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို တိုးချဲ့ထောက်ပံ့ပေးရန် ယေဟောဝါသက်သေများသည် သူတို့အချိန်၊ ခွန်အားနှင့်ကြေးငွေကို စိတ်စေတနာဖြင့် ယနေ့လှူဒါန်းပေးကမ်းကြသည်။ ကိုယ်တိုင်စည်းစိမ်ခံစားခြင်းငှာ သိုးစု၏ငွေကိုလိမ်ယူသည့် သီလယိုယွင်းသောဓမ္မဆရာများနှင့် အလွန်ကွာခြားလှပေသည်။—လုကာ ၂၀:၄၅–၂၁:၄။
နိသန် ၁၁ ရက် ကုန်လုသည်ရှိသော်
၁၄။ အဘယ်ဝမ်းနည်းခြင်းကိုယေရှုဖော်ပြပြီး တပည့်တော်များ ထပ်ဆင့်မေးမြန်းသည့်စကားကို ကိုယ်တော်မည်သို့ဖြေဆိုသနည်း။
၁၄ မွန်းလွဲချိန်တွင် မြို့ထဲမှ တပည့်တော်များနှင့်အတူ ယေရှုထွက်ခွာလေသည်။ သံလွင်တောင်သို့ရောက်သော် ယေရုရှလင်မြို့နှင့်ယင်း၏လူမျိုးအတွက် ယေရှုမျက်ရည်ကျပြီး “‘ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသော’ ဟုသင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကိုမမြင်ရကြ။” (မဿဲ ၂၃:၃၇-၃၉) ယင်းအကြောင်းတပည့်တော်များ မေးမြန်းသည့်အခါ နိုင်ငံတော်တန်ခိုးနှင့် ကိုယ်တော်ကြွရောက်လာပြီး စာတန့်အစီအစဉ်ဆိုး၏အဆုံးကို မှတ်သားပေးမည့်နိမိတ်ကို ကိုယ်တော်ဖော်ပြပြောဆိုသည်။—မဿဲ ၂၄:၁–၂၅:၄၆။ မာကု ၁၃:၁-၃၇။ လုကာ ၂၁:၅-၃၆။
၁၅။ တရားစီရင်ရန် ကိုယ်တော်ရောက်ရှိခြင်းနှင့်စပ်လျဉ်း၍ အဘယ်နိမိတ်ကိုယေရှုပေးသနည်း။ ယင်းသည် မည်သို့ပြည့်စုံနေသနည်း။
၁၅ ဗိမာန်တော်ကို ယေဟောဝါမကြာမီတရားစီရင်မည့်အကြောင်းကိုကိုးကား၍ ယင်းသည် အစီအစဉ်စနစ်တစ်ခုလုံး၏အဆုံးတွင် ဖြစ်ပျက်မည့် အနာဂတ်ကပ်ဘေးများကိုပုံဆောင်ကြောင်း ယေရှုတင်ပြပါသည်။ ကိုယ်တော်ရောက်ရှိချိန်တွင် တစ်ချိန်တစ်ခါနှင့်မျှမတူသောအခြေအနေဖြင့် စစ်ဖြစ်မည်၊ ငတ်မွတ်ခေါင်းပါးမည်၊ မြေငလျင်လှုပ်မည်၊ ရောဂါထူပြောမည်၊ မေတ္တာခေါင်းပါးခြင်းနှင့်အဓမ္မမှုများပြားမည်ကိုတွေ့ရှိရမည်ဖြစ်သည်။ ၁၉၁၄ ခုနှစ်ကတည်းက ကျွန်ုပ်တို့၏ ၂၀ ရာစုလောကကြီး ဖြစ်ပျက်နေပါသည်။
၁၆၊ ၁၇။ အဘယ်ကမ္ဘာ့အဖြစ်အပျက်များကို ယေရှုဖော်ပြသနည်း။ ထိုပရောဖက်ပြုချက်ကို ခရစ်ယာန်များ မည်သို့တုံ့ပြန်သင့်သနည်း။
၁၆ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သောကြီးစွာသောဒုက္ခ” ၌အထွတ်အထိပ်သို့ရောက်မည်ဖြစ်သည်။ ယင်းသည် နောဧခေတ်ရေလွှမ်းမိုးဘေးတမျှ ပျက်စီးခြင်းဖြစ်မည့်အတွက် လောကီရေးရာတို့တွင် မနစ်မြုပ်နေရန် ယေရှုသတိပေးခဲ့သည်။ “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” ကိုယ်တော်ရောက်ရှိနေချိန်အတွက် ဝိညာဉ်အစာကြွယ်ဝစွာပြင်ဆင်ပေးရန်၊ သတိပေးချက်ကို ကြွေးကြော်ကြရန် ဘိသိက်ခံ “သစ္စာသမာဓိရှိကျေးကျွန်”ကိုသခင်အရှင်ခန့်အပ်ပေးထားသဖြင့် ကျွန်ုပ်တို့အမှန်ရွှင်လန်းနိုင်သည်တကား။—မဿဲ ၂၄:၂၁၊ ၄၂၊ ၄၅-၄၇။
၁၇ ကျွန်ုပ်တို့၏ ၂၀ ရာစုတွင် “မြေကြီးပေါ်မှာ လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ . . . မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သောဘေးများကိုမျှော်၍ ကြောက်လန့်သဖြင့် လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့” ဖြစ်နေသည်ကိုတွေ့ရှိကြပြီ။ သို့သော်ယေရှု ဤသို့မှာကြားသည်။ “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့။” ဤသို့လည်းသတိပေးပါသည်။ “သင်တို့သည် ကိုယ်ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့်၊ စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။” “လူသား” ရောက်ရှိသည့်အခါ နိုးနိုးကြားကြားရှိခြင်းအားဖြင့်သာ ယေရှုရှေ့တွင် သဘောတော်နှင့်တွေ့စွာရပ်တည်နိုင်ကြမည်။—လုကာ ၂၁:၂၅-၂၈၊ ၃၄-၃၆။
၁၈။ ယေရှု၏ အပျိုကညာဆယ်ဦးနှင့် ငွေအသပြာဥပမာများမှ အဘယ်သြဝါဒကို ကျွန်ုပ်တို့ခံယူနိုင်သနည်း။
၁၈ မျက်မှောက်ခေတ်အဖြစ်အပျက်များကို ပိုင်နိုင်စွာကြိုတင်ဖော်ပြရာတွင် ဥပမာသုံးခုကို ယေရှုတင်ပြသည်။ ဦးဆုံး၊အပျိုကညာဆယ်ဦးပုံဥပမာတွင် “စောင့်နေရန်” လိုကြောင်း တဖန်အလေးအနက်ဖော်ပြသည်။ ထိုနောက်ကျွန်နှင့်ငွေအခွက်များဥပမာတွင် ဝီရိယစိုက်ထုတ်သည့်အတွက် “သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့” ဟူ၍ခေါ်ဖိတ်ခံရသည့်ဆုကိုရကြောင်း တင်ပြသည်။ ဤပုံဥပမာများတွင် ပုံဆောင်ခံရသော ဘိသိက်ခံခရစ်ယာန်များနှင့် အခြားသိုးများပါ ဤရှင်းလင်းပြတ်သားသောပုံဖော်ချက်များမှ များစွာအားယူနိုင်ပါသည်။—မဿဲ ၂၅:၁-၃၀။
၁၉၊ ၂၀။ ယေရှု၏သိုးနှင့်ဆိတ်ဥပမာမှ အဘယ်ကြည်နူးဖွယ်ရာ မျက်မှောက်ခေတ် ဆက်ဆံမှုပေါ်လွင်သနည်း။
၁၉ တတိယပုံဥပမာကား ကောင်းကင်ဘုန်းဝင်စားပြီးနောက် ပလ္လင်ပေါ်ထိုင်တော်မူ၍ နိုင်ငံတော်တန်ခိုးဖြင့် ယေရှုရောက်ရှိခြင်းအကြောင်း ဖော်ပြသည်။ ထိုအချိန်ကား၊လူမျိုးတို့ကိုတရားစီရင်၍ မြေကြီးသားတို့အား အုပ်စုနှစ်စုတည်းဟူသော နှိမ့်ချမှုရှိသိုးကဲ့သို့သောသူများနှင့် ခေါင်းမာသောဆိတ်ကဲ့သို့သူများအဖြစ် ခွဲခြားရန်အချိန်ဖြစ်သည်။ သိုးတို့သည် ကမ္ဘာ့အဆုံးပိုင်းကာလတွင် ဘိသိက်ခံအကြွင်းအကျန်များဖြစ်သည့် ဘုရင့်ညီတော်များကို ကျောထောက်နောက်ခံပေးရန် အထူးကြိုးစားကြသည်။ ဤသိုးတို့သည် အသက်ဆုကိုရကြ၏။ တန်ဖိုးမထားတတ်သောဆိတ်များမူကား ထာဝရပျက်စီးခြင်းခံကြရသည်။—မဿဲ ၂၅:၃၁-၄၆။
၂၀ ဤအစီအစဉ်ဆုံးခန်းချိန်တွင် အခြားသိုးနှင့်ဘုရင့်ညီတော်များစပ်ကြား အလွန်ကောင်းသောဆက်ဆံမှုကို တွေ့ရှိကြရသည်။ ဘုရင်စရောက်ရှိချိန်တွင် ဘိသိက်ခံအကြွင်းအကျန်သည် လုပ်ငန်းကိုတာဝန်ခံထမ်းဆောင်ခဲ့ငြားလည်း ယခုဇွဲလုံ့လရှိအခြားသိုး သန်းပေါင်းများစွာ၏အရေအတွက်မှာ ဘုရားသခင့်မြေကြီးဆိုင်ရာကျေးကျွန်များ၏ ၉၉.၈ ရာခိုင်နှုန်းဖြစ်သည်။ (ယောဟန် ၁၀:၁၆) သူတို့လည်း သမာဓိစောင့်သိသောဘိသိက်ခံများ၏ အပေါင်းအပါးများအနေနှင့် ‘ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစီးဖြစ်ခြင်း၊ ဖျားနာခြင်းနှင့်ထောင်ကျခြင်းတို့ကိုခံကြရန် အသင့်ရှိကြောင်းတင်ပြခဲ့ကြပြီ။a
နိသန် ၁၂
၂၁။ နိသန် ၁၂ ရက်နေ့တွင် အဘယ်အရာသည်အရှိန်ရပြီး မည်သို့အားဖြင့်နည်း။
၂၁ ယေရှုကိုသတ်ပစ်ရန်အကြံအစည်သည် တဖြည်းဖြည်းအကောင်အထည်ပေါ်လာသည်။ ယုဒသည် ဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံသွား၍ ငွေအသပြာ ၃၀ ဖြင့်ယေရှုကိုရောင်းစားရန် သဘောတူညီခဲ့သည်။ ယင်းကိုပင် ပရောဖက်ပြုထားသည်။—ဇာခရိ ၁၁:၁၂။
နိသန် ၁၃
၂၂။ နိသန် ၁၃ ရက်တွင် အဘယ်ပြင်ဆင်ချက်ပြုခဲ့သနည်း။
၂၂ ဆုတောင်းခြင်း၊ စဉ်းစားသုံးသပ်ခြင်းငှာ ဗေသနိရွာတွင် နေရစ်သောယေရှုသည် “ဤမည်သောသူ” ကိုသွားရှာရန် ယေရုရှလင်မြို့သို့ တပည့်တော်များအားစေလွှတ်ခဲ့သည်။ ထိုသူ၏အိမ်အထက်ခန်းမကျယ်တွင် ပသာခါပွဲပြင်ဆင်လေ၏။(မဿဲ ၂၆:၁၇-၁၉) နိသန် ၁၃ ရက်နေဝင်သောအခါ ရာဇဝင်သမိုင်းတွင် အရေးအကြီးဆုံးပွဲနေ့အတွက် ထိုအရပ်၌ သူတို့နှင့်ယေရှုတွေ့ဆုံခဲ့သည်။ နိသန် ၁၄ တွင်ယခုဘာဖြစ်ပျက်မည်နည်း။ နောက်ဆက်တွဲဆောင်းပါးက ဖော်ပြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ဘိသိက်ခံသိုးစုငယ်နှင့် အခြားသိုးများ၏ ရင်းနှီးသောဆက်ဆံမှုကို သာ၍သဘောပေါက်နားလည်ရန် နောက်ဆက်တွဲဆောင်းပါးကကူညီပေးပါလိမ့်မည်။
သင်မည်သို့အကျဉ်းချုံးဆိုမည်နည်း။
▫ နိသန် ၈ မှ ၁၀ အတွင်း ယေရှုကို မည်သို့ဧည့်ဝတ်ပြု၍ ကြိုဆိုခဲ့ကြသနည်း။
▫ နိသန် ၁၁ တွင်ဟန်ဆောင်သော ဓမ္မဆရာများကို ယေရှုမည်သို့ဖော်ထုတ်သနည်း။
▫ အဘယ်ကြီးမားသောပရောဖက်ပြုချက်ကို ယေရှုပေးခဲ့သနည်း။ ယနေ့မည်သို့ပြည့်စုံသနည်း။
▫ နိသန် ၁၂ နှင့် ၁၃ တွင်အဖြစ်အပျက်များသည် မည်သို့အထွတ်အထိပ်သို့ရောက်သွားသနည်း။