“အမှန်ကိုပြုရာ၌ လက်မလျှော့နှင့်”
သက်သာလောနိတ်ဒုတိယစောင်မှ ပေါ်လွင်ချက်များ
စီအီး ၅၁ ခုနှစ်တွင်မာကေဒေါနိပြည်၊ သက်သာလောနိတ်ရှိခရစ်ယာန်များအတွက် စိုးရိမ်မကင်းရှိခြင်းကြောင့် တမန်တော်ပေါလုသည် သူ၏ဒုတိယစာစောင်ကို ရေးသားခဲ့သည်။ အသင်းတော်ရှိအချို့က ယေရှုခရစ်၏ရောက်ရှိခြင်းသည် ချက်ချင်းရောက်တော့မည်ဟု မှားယွင်းစွာပြောဆိုနေကြသည်။ ပေါလုရေးသားသည်ဟု မှားယွင်းစွာယူမှတ်ထားသော စာတစ်စောင်၌ပင် “ယေဟောဝါ၏နေ့တော်” ရောက်ပြီဟုအဓိပ္ပာယ်ကောက်ကြသည်။—၂ သက်သာလောနိတ် ၂:၁၊ ၂။
ထို့ကြောင့်သက်သာလောနိတ်သားအချို့၏အတွေးအခေါ်ကို ပြုပြင်ပေးရန်လိုအပ်သည်။ သူ၏ဒုတိယစာစောင်တွင်ပေါလုက သူတို့၏ကြီးပွားနေသောယုံကြည်ခြင်း၊ တိုးပွားနေသောမေတ္တာနှင့်သစ္စာရှိခံနိုင်ရည်အတွက် သူတို့အားချီးမွမ်းခဲ့သည်။ သို့သော်အယူဖောက်ပြန်ခြင်းသည် ယေရှု၏ရောက်ရှိခြင်းမတိုင်မီ ဖြစ်မည့်အကြောင်းကိုလည်း သူတင်ပြခဲ့သည်။ ထို့ကြောင့်ရှေ့တွင်ခက်ခဲသော အချိန်များရှိပြီး၊ တမန်တော်၏စာစောင်က “အမှန်ကိုပြုရာ၌ လက်မလျော့နှင့်” ဟူသည့်သူ၏တိုက်တွန်းချက်ကိုနာယူရန် အထောက်အကူပြုပါလိမ့်မည်။ (၂ သက်သာလောနိတ် ၃:၁၃) ပေါလု၏စကားများကအလားတူပင် ကျွန်ုပ်တို့အားထောက်ကူပေးနိုင်သည်။
ခရစ်တော်၏ဗျာဒိတ်နှင့်ရောက်ရှိခြင်း
ဦးစွာပေါလုက ဆင်းရဲဒုက္ခမှလွတ်မြောက်ခြင်းကို ပြောခဲ့သည်။ (၁:၁-၁၂) ယင်းမှာ၊ “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်း” သောအခါ ထိုသို့ဖြစ်ပေါ်လာမည်။ ထိုအခါသတင်းကောင်းကိုမနာခံသူများ ထာဝရဖျက်ဆီးခြင်းခံရမည်။ နှိပ်စက်သူများလက်၌ ကျွန်ုပ်တို့ဒုက္ခခံရစဉ် ယင်းကိုသတိရသောအခါ နှစ်သိမ့်မှုရရှိသည်။
ထို့နောက်ပေါလုက၊ ခရစ်တော်ရောက်ရှိခြင်းမတိုင်မီ “အဓမ္မလူ” ပေါ်ထွန်းမည့်အကြောင်း ညွှန်ပြခဲ့သည်။ (၂:၁-၁၇) သက်သာလောနိတ်သားများသည် “ယေဟောဝါနေ့တော်” သူတို့အပေါ်ရောက်ရှိပြီဟုဆိုသည့် မည်သို့သတင်းအတွက်ကြောင့်မှ စိတ်လှုပ်ရှားရန်မဟုတ်ချေ။ ဦးစွာဖောက်ပြန်သင်းကွဲခြင်းနှင့်အဓမ္မလူသည် ပေါ်ထွန်းရပေမည်။ ထို့နောက်၊ ယေရှုသည်သူ့အားဖျက်ဆီးပစ်မည်ဖြစ်ပြီး၊ ကိုယ်တော်၏ပေါ်ထွန်းခြင်းတွင် စီရင်တော်မူမည်။ ထိုအချိန်မရောက်မီအတွင်း ဘုရားရှင်နှင့်ခရစ်တော်သည် သက်သာလောနိတ်သားများ၏ နှလုံးကိုနှစ်သိမ့်ပြီး၊ သူတို့အား “ကောင်းသောစကား၊ ကောင်းသောအမှုအမျိုးမျိုး၌ မြဲမြံစေ” ရန်ပေါလုဆုတောင်းပေးခဲ့သည်။
မတရားစွာပြုသူများကိုကိုင်တွယ်ခြင်း
ပေါလု၏ရှေ့ဆက်စကားများသည် မတရားစွာပြုသူများနှင့်ဆက်ဆံပုံကို ညွှန်ကြားထားသည့်စကားများဖြစ်သည်။ (၃:၁-၁၈) သခင်အရှင်သည် သက်သာလောနိတ်သားများကို ခွန်အားရှိစေပြီး၊ ဆိုးယုတ်သူစာတန်မာရ်နတ်လက်မှ ကာကွယ်မည့်အကြောင်း သူယုံကြည်စိတ်ချသည်ကို ဖော်ပြခဲ့သည်။ သို့သော်သူတို့သည်သူတို့ကိုယ်နှိုက်၏ ဝိညာဏကောင်းကျိုးအတွက် ခြေလှမ်းများလှမ်းရန်လိုအပ်သည်။ သူတို့သည်မတရားစွာပြုသူများ၊ သူတို့နှင့်မဆိုင်သည့်ကိစ္စတွင်ဝင်စွက်သူများနှင့်အလုပ်မလုပ်လိုသူများကို ရှောင်ရှားရန်ဖြစ်သည်။ ပေါလုက “အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်းမစားစေနှင့်” ဟုဆိုခဲ့သည်။ ထို့သို့သောသူတို့ကိုမှတ်ရမည်ဖြစ်ပြီး၊ ရင်းရင်းနှီးနှီးမပေါင်းဖော်ရချေ။ သို့သော်ညီအစ်ကိုကဲ့သို့မှတ်၍ တိုက်တွန်းနှိုးဆော်ရမည်။ သစ္စာရှိ သက်သာလောနိတ်ခရစ်ယာန်များသည် မှန်ရာကိုပြုမူရာ၌ အလျော့ပေးရန်မဟုတ်ဘဲ သခင်ယေရှု၏မခံစားထိုက်သောကရုဏာတော်သည် သူတို့အားလုံးနှင့်အတူရှိနေရန်ပေါလုဆန္ဒရှိခဲ့သည်။
ပေါလု၏သက်သာလောနိတ်သားများထံပေးပို့သော ဒုတိယစာစောင်က ခရစ်တော်နှင့်ကိုယ်တော်၏ကောင်းကင်တမန်များသည် သတင်းကောင်းကိုနာမခံသောသူများအား ဂလဲ့စားချေသောအခါ ယေဟောဝါသက်သေများသည် သူတို့၏ဒုက္ခဆင်းရဲများမှလွတ်မြောက်မည့်အကြောင်း ယုံကြည်စိတ်ချမှုကိုပေးသည်။ “အဓမ္မလူ (ခရစ်ယာန်ဘောင်၏ဓမ္မဆရာအတန်းအစား) နှင့်အခြားမှောက်မှားသောဘာသာအားလုံးသည် မကြာမီဆုံးခန်းရောက်တော့မည့်အကြောင်း သိရှိရခြင်းသည်လည်း ယုံကြည်ခြင်းကိုအားရှိစေသည်။ ထိုအချိန်မရောက်မီအတွင်း အမှန်ကိုပြုရန်လက်မလျော့ဖို့ ပေါလု၏တိုက်တွန်းအားပေးချက်ကို ကျွန်ုပ်တို့နာယူကြပါစို့။
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ယေဟောဝါ၏နှုတ်ကပတ်တော် အလျင်အမြန်ရွေ့လျားနေ—“ယေဟောဝါ၏နှုတ်ကပတ်တော်သည် အလျင်အမြန်ရွေ့လျား၍ [သို့မဟုတ်၊ “ပြေးလွှားမည်အကြောင်း”] သင်တို့တွင်ဖြစ်သကဲ့သို့ ဘုန်းထင်ရှားမည်အကြောင်း” “ငါတို့အတွက်ဆုတောင်းပေးကြလော့။” (၂ သက်သာလောနိတ် ၃:၁။ Kingdom Interlinear ) အချို့ပညာတတ်များက၊ တမန်တော်သည်ပြိုင်ပွဲတွင်တစ်ရှိန်တိုးပြေးနေသော အပြေးသမားများနှင့်ရည်ညွှန်းပြောဆိုနေကြောင်း ဆိုကြသည်။ ယင်းသည်မသေချာသော်လည်း ပေါလုကသူနှင့်သူ၏လုပ်ဖော်များသမ္မာတရားနှုတ်ကပတ်တော်ကို အရေးတကြီးနှင့်အဆီးအတားမရှိ ဖြန့်ဝေနိုင်ရန် သက်သာလောနိတ်ခရစ်ယာန်များဆုတောင်းပေးဖို့ တောင်းဆိုနေခြင်းဖြစ်သည်။ ဘုရားသခင်သည်ထိုသို့သောဆုတောင်းသံကို ဖြေကြားတော်မူသောကြောင့် သတင်းကောင်းကိုဤနောက်ဆုံးကာလတွင် အရေးတကြီးဟောပြောစဉ် ကိုယ်တော်၏နှုတ်ကပတ်တော်သည် “အလျင်အမြန်ရွေ့လျားလျက်” ရှိသည်။ ယေဟောဝါ၏နှုတ်ကပတ်တော်သည် လက်ခံသောသက်သာလောနိတ်မြို့သားများတွင်ဖြစ်သကဲ့သို့ “ကယ်တင်ခြင်းအတွက် ဘုရားရှင်၏တန်ခိုးတော်” အဖြစ်ယုံကြည်သူများကအထူးတန်ဖိုးထားကာ “ဂုဏ်တင်ခံရလျက်” ရှိသည်။ (ရောမ ၁:၁၆။ ၁ သက်သာလောနိတ် ၂:၁၃) ဘုရားရှင်သည်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများကို ကောင်းချီးပေးပြီး၊ ကိုယ်တော်၏ဝတ်ပြုသူများ အရေအတွက်ကို အလျင်အမြန်တိုးပွားနေစေသည့်အတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်စရာပါတကား။—ဟေရှာယ ၆၀:၂၂။