ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁ စာ. ၂၄-၂၈
  • အပြင်ပန်းအသွင်အပြင်သာ သင်ကြည့်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြင်ပန်းအသွင်အပြင်သာ သင်ကြည့်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုပုံသက်သေပြခဲ့
  • သင်သည် “တရားသဖြင့်စီရင်” ပါသလော
  • ဘုရားတောင်းဆိုသည်ထက်ပို၍မမျှော်လင့်နှင့်
  • အပြင်ပန်းအသွင်အပြင် ကိုလွန်၍ကြည့်ခြင်းဖြင့်ကောင်းကျိုးဖြစ်ထွန်း
  • လူအပေါင်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • အပြင်ပန်းကို ကြည့်ပြီး အကဲမဖြတ်ပါနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အပြင်ပန်းအသွင်အပြင်ကိုသာ သင်ကြည့်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်သင့်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁ စာ. ၂၄-၂၈

အပြင်ပန်းအသွင်အပြင်သာ သင်ကြည့်သလော

ဆ ယ်ကျော်သက်ရွယ်ဟိန်းဇ်သည် သူ့ပထွေးကိုမုန်းတီးလွန်း၍ သတ်ရန်စီစဉ်သည်။ တော်သေးသည်၊ သူသတ်ရန်သတ္တိမရှိခဲ့ချေ။ နှစ်အတန်ကြာသော် သူ့ကိုယ်သူသတ်သေရန် ဆုံးဖြတ်ခဲ့သည်။ ယင်းလည်းမဖြစ်မြောက်ခဲ့။ သူသည်ခိုးဝှက်ခြင်းနှင့် မူးယစ်ဆေးရောင်းဝယ်မှု၌ ပါဝင်လာပြီးယင်းကြောင့် ထောင်ကျသွားခဲ့သည်။ သူ့အိမ်ထောင်လည်းပျက်ခဲ့သည်။

ယနေ့တွင်ဟိန်းဇ်သည် မူးယစ်ဆေးမစွဲတော့။ ရိုးသားစွာအသက်မွေးသည်။ သူ့တွင်ချမ်းမြေ့သောအိမ်ထောင်ရှိပြီး၊ သူ့ပထွေးနှင့်လည်း ဆက်ဆံမှုကောင်းရှိသည်။ ဘာကကွာခြားစေခဲ့သနည်း။ သူသည်ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာခဲ့သည်။ တစ်ဖြည်းဖြည်းနှင့် ဘဝတွင်သူ့အမြင် ပြောင်းလဲစပြုလာသည်။

ယခင်ကဟိန်းဇ်ကိုသိခဲ့သူများက သူ့ကိုမျှော်လင့်ချက်မရှိဟု သတ်မှတ်ခဲ့သည်မှာ မဆန်းချေ။ သူ့ကိုဘုရားရှင်သည် ကယ်တင်၍မရတော့ဟု လက်မလျှော့လိုက်ခြင်းကြောင့်၊ သူကဲ့သို့သောသူအများအတွက်ကျေးဇူးတင်စရာပင်။ အကြောင်းမှာ၊ “ထာဝရဘုရားသည်လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည်အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား [ယေဟောဝါ] မူကားနှလုံးကိုကြည့်ရှုတတ်သည်။”—၁ ဓမ္မရာဇဝင် ၁၆:၇။

ယင်းကားလူနှင့်ဘုရားစပ်ကြားတွင် ကွာခြားမှုကြီးတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည်အပြင်ပန်းကို ကြည့်၍ဆုံးဖြတ်သည်။ “ပထမဆုံးစွဲမှတ်ပုံသည် ထာဝရစွဲမှတ်ပုံဖြစ်သည်” ဟုပင်ကျွန်ုပ်တို့ပြောလေ့ရှိသည်။ တစ်နည်းပြောရလျှင်၊ ကျွန်ုပ်တို့သည်အစပိုင်း တုံ့ပြန်မှုကိုကြည့်ပြီး လူများကိုအမျိုးအစားခွဲကြသည်။ သို့သော်ဘုရားရှင်သည် နှလုံးကိုသိမြင်နိုင်သောကြောင့် တရားမျှတ၍မျက်နှာမလိုက်ချေ။ ထို့ကြောင့်ပင်၊ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ကိုယ်တော်သည်မိမိသားတော်ကို မြေကြီးသို့စေလွှတ်ခဲ့ခြင်းဖြစ်သည်။ (၁ တိမောသေ ၂:၄) ၄င်းနှင့်ဆက်နွယ်၍ ဆက်ကပ်ပြီးခရစ်ယာန်များသည် လူသားအားလုံးအား ဘုရားနိုင်ငံတော်သတင်းကောင်းကို တက်ကြွစွာဟောပြောခြင်းဖြင့် “ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း” ဖြစ်သည့်အခွင့်အရေးရရှိထားသည်။ (၁ ကောရိန္သု ၃:၉) သို့သော်ခရစ်ယာန်များတွင် ကန့်သတ်မှုရှိသည်၊ သူတို့သည်လူများ၏ နှလုံးကိုမသိမြင်နိုင်ကြ။ ထို့ကြောင့်သူတို့သည် မျက်နှာမလိုက်ရဘဲ အပြင်ပန်းအသွင်အပြင်ကြောင့် ငဲ့ကွက်ခြင်းကို ရှောင်ရှားရမည်။

ယေရှု၏မိတူဖကွဲညီအစ်ကိုယာကုပ်က ရှေးခရစ်ယာန်အသင်းတော်တွင် ထိုအန္တရာယ်ကိုသတိပြုမိခဲ့သည်။ သူက “ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ လူမျက်နှာကိုထောက်ခြင်းမရှိကြနှင့်။ ရွှေလက်စွပ်နှင့်တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသောသူနှစ်ဦးသည် သင်တို့၏တရားဇရပ်သို့ဝင်သောအခါ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍ ကောင်းမွန်သောဤအရပ်မှာ ထိုင်ပါဟူ၍လည်းကောင်း. . . ဆိုလျှင်တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော” ဟုဆိုခဲ့သည်။ ထိုကဲ့သို့ပင်၊ ကျွန်ုပ်တို့သည်တစ်ခါတစ်ရံ နိုင်ငံတော်ခန်းမသို့ ပထမဆုံးအကြိမ်လာသူကို တစ်လွဲမယူမှတ်တတ်ပေလော။—ယာကုပ် ၂:၁-၄။

ယေရှုပုံသက်သေပြခဲ့

ယေရှုသည်လူများကို ကယ်တင်၍မရနိုင်သောလူသားများကဲ့သို့ မရှုမြင်ဘဲ၊ လိုအပ်သောအကူအညီနှင့် လျောက်ပတ်စွာတိုက်တွန်းပေးလျှင် ပြောင်းလဲရန်အသင့်ရှိသည့် ရိုးသားပုံရသူများအဖြစ် ရှုမြင်ခဲ့သည်။ ထို့ကြောင့်ပင်ကိုယ်တော်သည် “လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ်ကိုကိုယ်စွန့်တော်မူပြီ။”(၁ တိမောသေ ၂:၆) ကိုယ်တော်၏ဟောပြောခြင်းလုပ်ငန်းတွင် မည်သူကိုမျှကိုယ်တော်သည် မထိုက်တန်သူ၊ အရေးမစိုက်အပ်သောနှလုံးမကောင်းသူအဖြစ် မရှုမြင်ခဲ့ချေ။ လူများကိုကိုယ်တော်ရှုမြင်ပုံက ကိုယ့်ဖြောင့်မတ်ခြင်း၌မာနကြီးနေပုံမတွေ့ရချေ။—လုကာ ၅:၁၂၊ ၁၃။

ဖာရိရှဲများနှင့် ကွာခြားပါသည်တကား။ သူတို့အကြောင်းဤသို့ဖတ်ရသည်။ “ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူစားတော်မူသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည်မြင်လျှင် ‘ဤသူသည်အခွန်ခံသောသူ၊ ဆိုးယုတ်သောသူတို့နှင့် အဘယ်ကြောင့်စားသောက်သနည်း’ ဟုတပည့်တော်တို့အား ဆိုကြ၏။ ယေရှုသည်ကြားတော်မူလျှင် ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာငါလာသတည်း’ ဟုမိန့်တော်မူ၏။”—မာကု ၂:၁၆၊ ၁၇။

ယင်းက၊ ယေရှုသည်ဤအပြစ်သားများနှင့် အခွန်ခံများကျူးလွန်သော မှားယွင်းမှုများကို ဥပေက္ခာပြုသည်ဟု ဆိုလိုခြင်းကားမဟုတ်ချေ။ သို့သော်လူတို့သည် မရည်ရွယ်ဘဲ သို့မဟုတ် အခြေအနေကိုထိန်းသိမ်းရန်ခက်ခဲမှုကြောင့် ဘဝလမ်းမှားသို့ရောက်သွားကြောင်း ကိုယ်တော်သိတော်မူသည်။ ထို့ကြောင့်ပင်ကိုယ်တော်သည် နားလည်မှုပြခဲ့ပြီး “ထိုသူတို့သည်ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကိုသနားခြင်းစိတ်တော်ရှိ” တော်မူ၏။ (မာကု ၆:၃၄) ကိုယ်တော်သည်မေတ္တာပါစွာဖြင့် သူတို့၏အဆိုးလုပ်ရပ်နှင့် ကောင်းဖွယ်ရှိသောနှလုံးစပ်ကြား ခွဲခြားတော်မူ၏။

မိမိ၏နောက်လိုက်များနှင့်ဆက်ဆံရာတွင် ယေရှုသည် အပြင်ပန်းအသွင်အပြင်ထက်လွန်၍လည်း ရှုမြင်တော်မူ၏။ သူတို့သည်မကြာခဏအပြစ်ပြုတတ်သော အပြစ်သားများဖြစ်ကြသည်။ သို့သော်ယေရှုသည်သူတို့၏ အပြစ်အသေးအဖွဲတစ်ခုစီကို အရေးယူနေသော လုံးဝစုံလင်ရမည်ဟူသည့် တစ်ဖက်စွန်းရောက်သူမဟုတ်ချေ။ သူတို့၏ရည်ရွယ်ချက်သည်ကောင်းကြောင်း သို့မဟုတ် ယခုခေတ်တွင်ပြောရလျှင် နှလုံးမှန်ရှိကြောင်း ကိုယ်တော်သိတော်မူသည်။ သူတို့လိုအပ်သည်မှာ အကူအညီနှင့်အားပေးမှုဖြစ်သည်။ ယင်းကိုပေးရာ၌ ကိုယ်တော်သည်ဘယ်တော့မျှ တွန့်တိုခြင်းမရှိချေ။ ကိုယ်တော်သည်လူများကို ဘုရားမြင်သကဲ့သို့မြင်သည်မှာ ယုံမှားဖွယ်မရှိချေ။ ကိုယ်တော်၏ထူးမြတ်လှသောပုံသက်သေကို ကျွန်ုပ်တို့ကြိုးစားတုပကြပါသလော။

သင်သည် “တရားသဖြင့်စီရင်” ပါသလော

တစ်ခါကယေရှုသည် ဥပုသ်နေ့တွင်ရောဂါကုသပေးခဲ့သည့်အတွက် စိတ်ဆိုးနေသော ကိုယ့်ဖြောင့်မတ်ခြင်း၌တည်ပြီး၊ အပြစ်တင်နေသောအဖွဲ့နှင့် ရင်ဆိုင်ခဲ့ရသည်။ ကိုယ်တော်ကသူတို့အား ဤသို့ညွှန်ကြားခဲ့သည်။ “မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့်စီရင်ကြလော့။” သူတို့သည် ကိုယ်တော်အားဥပုသ်ချိုးဖောက်သူအဖြစ်မြင်ပြီး “အမျက်ထွက်” မည့်အစား “တစ်ကိုယ်လုံးကိုကျန်းမာစေသော” အံ့ဖွယ်အမှုကိုပြုသည့် ယေရှုကိုမြင်ကြသောအခါ၊ အဘယ်ကြောင့်ဝမ်းမမြောက်ကြသနည်း။ အပြင်ပန်းအသွင်အပြင်ကိုထောက်၍ ဆုံးဖြတ်ခြင်းကြောင့် သူတို့၏သဘောဆိုးကိုဖြစ်စေခဲ့သည်။ သူတို့၏စီရင်ခြင်းသည်မိမိတို့၏ ဖြောင့်မတ်ခြင်း၌တည်သူများ၊ တစ်ချိန်တည်းတွင် မဖြောင့်မတ်သူများအဖြစ် ဖော်ပြခဲ့သည်။— ယောဟန် ၇:၂၃၊ ၂၄။

ကျွန်ုပ်တို့လည်းမည်ကဲ့သို့ အလားတူအမှားပြုလုပ်နိုင်သနည်း။ နောင်တရသူတစ်ဦး အသင်းတော်သို့ပြန်လာသောအခါ သို့မဟုတ် အလွန်လောကဆန်သူတစ်ဦး သမ္မာတရားကိုသိနားလည်လာပြီး၊ ဝိညာဏကုသမှုအကျိုးကျေးဇူးများ ခံစားရသောအခါ ကျွန်ုပ်တို့ဝမ်းသာမှုမရှိခြင်းအားဖြင့်ဖြစ်သည်။ တစ်ခါတစ်ရံကျွန်ုပ်တို့သည် သူတို့၏မနှစ်မြို့ဖွယ်ဝတ်ဆင်၊ ဖီးလိမ်းပုံကြောင့် ဘယ်တော့မှသက်သေခံဖြစ်နိုင်မည့်သူမဟုတ်ဟု ဆုံးဖြတ်ပေမည်။ သို့ပင်ငြားလည်း၊ ယခင်ကဟစ်ပီးစ်များနှင့် မနှစ်မြို့ဖွယ်ဘဝပုံစံရှိသူများသည် နောက်ဆုံးတွင်ယေဟောဝါ၏ခရစ်ယာန်သက်သေများ ဖြစ်လာကြသည်။ ထိုသို့သောသူများသည် ပြုပြင်မှုများပြုလုပ်နေစဉ် သူတို့၏နှလုံးကောင်းအခြေအနေကို ကျွန်ုပ်တို့မမြင်ရန် “မျက်နှာ [အပြင်ပန်းအသွင်အပြင်] ကိုသာကြည့်၍မစီရင်” လိုကြချေ။

ထို့ကြောင့်ခရစ်ယာန်ပါရမီရင့်သန်ခြင်းသို့ရောက်ရန် ယေရှု၏ပုံသက်သေကောင်းနှင့်အညီ သူတို့အတွက်ဆုတောင်ပေးခြင်းနှင့် လက်တွေ့ကျအကူအညီများပေးခြင်းသည် ပို၍မကောင်းပေလော။ သူတို့တွင်ဝမ်းမြောက်စရာအချက် တွေ့ရန်ခက်ခဲနိုင်သည်။ သို့သော်သူတို့အား ယေဟောဝါသည်ယေရှုအားဖြင့် မိမိထံခေါ်ဆောင်တော်မူလျှင် ကျွန်ုပ်တို့၏ကျဉ်းမြောင်းသော အမြင်ပေါ်မူတည်ပြီး သူတို့အားငြင်းပယ်ရအောင် ကျွန်ုပ်တို့ကားမည်သူများမို့နည်း။ (ယောဟန် ၆:၄၄) ကျွန်ုပ်တို့သည်ကိုယ့်ဖြောင့်မတ်ခြင်း၌တည်ကာ တစ်ဦးတစ်ယောက်၏နှလုံးနှင့်အခြေအနေကို မသိဘဲလျက်စီရင်လျှင် ကြီးလေးသောစီရင်ချက်ပြန်ခံရနိုင်သည်။—မဿဲ ၇:၁-၅ နှင့်နှိုင်းယှဉ်။

ထိုသို့သောလူသစ်များကို ပြင်းထန်စွာဆုံးဖြတ်မည့်အစား ကျွန်ုပ်တို့သည်သူတို့အားကူညီခြင်း၊ အားပေးခြင်းနှင့် ပုံသက်သေဖြင့်တိုက်တွန်းသင့်သည်။ သို့သော်၊ ကြင်နာမှုပြစဉ် လောကတွင်ကျော်ကြားခဲ့မည်ဖြစ်သော လူသစ်များကိုကျွန်ပ်တို့သည် မချီးမြှောက်သင့်ချေ။ သို့ပြုခြင်းသည် မျက်နှာလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဘက်မှလည်း နုသေးသည့်လက္ခဏာဖြစ်သည်။ သူကိုယ်နှိုက်ကော၊ မြှောက်ပင့်ခံရခြင်းဖြင့် သူ့အားနှိမ့်ချရန်ကူညီပေးမည်လော။ သို့မဟုတ်ယင်းသည်၊ သူ့အား အနေရခက်စေမည်လော။—ဝတ်ပြုရာ ၁၉:၁၅။

ဘုရားတောင်းဆိုသည်ထက်ပို၍မမျှော်လင့်နှင့်

အခြားသူများကိုကျွန်ုပ်တို့ရှုမြင်ပုံသည် နှလုံးကိုရှုမြင်နိုင်သော ယေဟောဝါနှင့်နှိုင်းယှဉ်လျှင် အလွန်အကန့်အသတ်ရှိသည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ယင်းကိုလေးမြတ်ခြင်းဖြင့် ကျွန်ုပ်တို့မှန်သည်ဟုလက်ခံထားသော လူလုပ်ထားသည့်ဖြောင့်မတ်ခြင်း ပုံစံဝင်ရန် ကြိုးစားဖိသွင်းနေသည့် မျက်မှောက်ခေတ်ကိုယ့်ဖြောင့်မတ်ခြင်း၌တည်သော ဖာရိရှဲများမဖြစ်ရန် ကျွန်ုပ်တို့အားကာကွယ်ပေးမည်။ ကျွန်ုပ်တို့သည်လူများကို ဘုရားမြင်သကဲ့သို့ရှုမြင်ပါက ကိုယ်တော်တောင်းဆိုသည်ထက် ပိုမျှော်လင့်မည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် “ကျမ်းစာကိုလွန်၍” သွားမည်မဟုတ်ချေ။ (၁ ကောရိန္သု ၄:၆) ယင်းကိုခရစ်ယာန်အကြီးအကဲများ နှလုံးသွင်းရန်အထူးအရေးကြီးသည်။—၁ ပေတရု ၅:၂၊ ၃။

ယင်းကိုဝတ်ဆင်မှုတွင် ဥပမာပြနိုင်သည်။ ဘုရားတောင်းဆိုချက်ဖြစ်သော ကျမ်းစာတောင်းဆိုချက်ကား ခရစ်ယာန်တစ်ဦး၏ဝတ်ဆင်မှုသည်သပ်ယပ်၊ သန့်ရှင်း၊ ကောင်းစွာဆင်ယင်ထားပြီး “ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့်ကိုယ်ကို” ဆင်ရန်ဖြစ်သည်။ (၁ တိမောသေ ၂:၉; ၃:၂) ထို့ကြောင့်၊ အသင်းတော်တစ်ခုရှိအကြီးအကဲများသည် ဒေသတွင်ရောင်စုံဝတ်ခြင်းကိုလက်ခံသော်လည်း နှစ်အနည်းငယ်က သူတို့၏အသင်းတော်တွင် လူထုဟောပြောပွဲပေးသူတိုင်းအား ရှပ်အင်္ကျီဖြူဝတ်ခိုင်းခြင်းသည် “ကျမ်းစာကိုလွန်” ၍သွားကြောင်း ထင်ရှားပေသည်။ ရှပ်အင်္ကျီအရောင်ဖြင့်ဝတ်လာသူ ဧည့်သည်ဟောပြောသူများအား နိုင်ငံတော်ခန်းမတွင် ထိုသို့အရေးပေါ်ထားသော ရှပ်အင်္ကျီအဖြူများထဲမှ တစ်ခုကိုပြောင်းဝတ်ခိုင်းခဲ့ကြသည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အကြိုက်ကို အခြားသူများအပေါ်မတင်မိစေရန် သတိပြုဖို့မည်မျှအရေးကြီးလှပါသည်တကား။ “သင်တို့၏တော်လျော်မှုကို လူအပေါင်းတို့ရှေ့ထင်ရှားစေကြလော့” ဟူသည့်ပေါလု၏သြဝါဒသည် မည်မျှဆီလျှော်လှပါသည်တကား။—ဖိလိပ္ပိ ၄:၅၊ NW။

အပြင်ပန်းအသွင်အပြင် ကိုလွန်၍ကြည့်ခြင်းဖြင့်ကောင်းကျိုးဖြစ်ထွန်း

ကျွန်ုပ်တို့သည်လူများ၏နှလုံးကို မသိနိုင်ခြင်းက ခရစ်ယာန်အသင်းတော်အတွင်းနှင့်ပြင်ပရှိ ကျွန်ုပ်တို့ပတ်လည်ရှိသူများနှင့် ပိုကောင်းသောဆက်ဆံရေးရှိရန် ထောက်ကူပေးပါလိမ့်မည်။ ယင်းသည်ကျွန်ုပ်တို့အား အခြားသူများအပေါ်အပြုသဘောအမြင်ရှိရန် ကူညီပေးမည်ဖြစ်ပြီး၊ သူတို့၏သဘောထားများကို မေးခွန်းထုတ်မည်မဟုတ်ချေ။ “အကြောင်းမူကား၊ အထက်ကငါတို့သည် [လည်း] ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသောတပ်မက်. . . သူများဖြစ်ကြသည်။” (တိတု ၃:၃) ယင်းကိုသတိရပြီး အပြင်ပန်းအသွင်အပြင်ကိုထောက်၍ ထိုက်တန်ပုံမရသည့် သူများပင်အပါအဝင် လူတိုင်းအား ကျွန်ုပ်တို့ဟောပြောရန်အသင့်ရှိပေမည်။ သမ္မာတရားကိုလက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်ဆုံးဖြတ်ချက်မှာ သူတို့တာဝန်သာဖြစ်သည်။ လူတိုင်းထံဟောပြောရန်မှာ ကျွန်ုပ်တို့တာဝန်ဖြစ်သည်။

ဟိန်းဇ်ကဲ့သို့သော ယေဟောဝါသက်သေအများသည် အပြင်ပန်းအသွင်အပြင်ကိုလွန်၍ကြည့်သော၊ ဦးဆုံးမြင်တွေ့ပုံဖြင့်မဆုံးဖြတ်သော ညီအစ်ကိုညီအစ်မများက ခရစ်ယာန်အသင်းတော်အတွင်း သူတို့အားကြိုဆိုကြသည့်အတွက် ဝမ်းမြောက်ကြသည်။

ဂျာမနီတောင်ပိုင်းရှိ ယေဟောဝါသက်သေများ နိုင်ငံတော်ခန်းမသို့ တနင်္ဂနွေတစ်နေ့တွင် ရောက်လာသောဖရန့်ခ်ကိုကြည့်ပါ။ တက်ရောက်သူများ ဘာကိုတွေ့ရသနည်း။ ပခုံးအထိရှည်သောဆံပင်နှင့်မုတ်ဆိတ်ဖြင့်လူငယ်တစ်ဦး၊ ညစ်ပေသောအဝတ်များဝတ်ထားပြီး အလွန်အကျွံဆေးလိပ်သောက်ခါ အရက်ဆိုင်များတွင်ကျက်စားသူဟုနာမည်ကြီးသူ၊ သူ့ရည်းစားနှင့်အမြွှာပူးကလေးကို ပစ်ထားသူလူငယ်တစ်ဦးပင်ဖြစ်သည်။ သို့သော်သူ့ကိုစည်းဝေးတွင် နွေးထွေးစွာကြိုဆိုကြသည်။ သူသိပ်အံ့အားသင့်သွားပြီး တစ်ပတ်အကြာတွင်ပြန်လာသည်။ သူတို့ဘာကိုတွေ့ကြရသနည်း။ သန့်ရှင်းသောအဝတ်ဖြင့် သပ်ယပ်စွာဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်သည်။ တတိယအပတ်တွင် ဆေးလိပ်မသောက်တော့သော လူငယ်ကိုမြင်တွေ့ရပြီး၊ ဤတစ်ကြိမ်တွင်မူသူ၏ရည်းစားနှင့် သူတို့၏ကလေးနှစ်ယောက်ပါ,ပါလာသည်။ စတုတ္ထတနင်္ဂနွေနေ့တွင်မူ တရားဝင်လက်ထပ်လိုင်စင်ယူလိုက်သော လူငယ်အမျိုးသားနှင့်အမျိုးသမီးကို တွေ့ကြရသည်။ ပဉ္စမတနင်္ဂနွေတွင် မှောက်မှားသောဘာသာနှင့် အဆက်အသွယ်အားလုံးဖြတ်လိုက်သော လူငယ်ကိုသူတို့တွေ့ရသည်။ လေးနှစ်ကြာပြီးနောက်ယနေ့တွင် ယေဟောဝါသက်သေတစ်ဦးပြောသကဲ့သို့ “သူတို့အိမ်ထောင်ဟာ အတော်ကောင်းလွန်းလို့ သူတို့ဟာကျွန်တော်တို့ရဲ့ညီအစ်ကိုတွေဖြစ်နေတာ နှစ်အတော်ကြာနေပြီလို့တောင်ထင်ရတယ်” ဟုရှုမြင်ကြသည်။

စာအုပ်တစ်ခု၏အရည်အသွေးသည် ယင်း၏ချုပ်လုပ်ထားခြင်း သို့မဟုတ် မျက်နှာပန်းနှင့်မဆိုင်ချေ။ အလားတူပင်၊ လူတစ်ဦး၏ အရည်အသွေးမှန်သည် အပြင်ပန်းအသွင်အပြင်နှင့်မဆိုင်ချေ။ လူများကိုဘုရားကဲ့သို့ရှုမြင်လိုသော ခရစ်ယာန်များသည် ပထမဆုံးတွေ့မြင်စွဲမှတ်ပုံဖြင့် ဆုံးဖြတ်မည်မဟုတ်ချေ။ ဘုရားရှင်သည် “စိတ်နှလုံး၏အတွင်းလူ” ကိုဂရုစိုက်ခြင်းကြောင့် ယင်းအတွက်ကျွန်ုပ်တို့ကျေးဇူးတင်သင့်ပေသည်။—၁ ပေတရု ၃:၃၊ ၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ