ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ ဘယ်နှယောက် ရှိသလဲ။
ယေဟောဝါသက်သေတွေကို ဘယ်လို ရေတွက်သလဲ။
ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို လတိုင်းလတိုင်း တက်တက်ကြွကြွ ဟောပြောနေသူတွေကိုပဲ ယေဟောဝါသက်သေအဖြစ် ရေတွက်ပါတယ်။ (မဿဲ ၂၄:၁၄) အဲဒီထဲမှာ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတွေရော နှစ်ခြင်းမခံရသေးပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသူတွေပါ ပါဝင်တယ်။
ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ငွေကြေး လှူဒါန်းရသလား။
မလှူဒါန်းရပါဘူး။ လူတစ်ယောက် ယေဟောဝါသက်သေ ဖြစ်တာ၊ အဖွဲ့အစည်းမှာ တာဝန်၊ အမှုဆောင်အခွင့်ထူး ရတာဟာ ငွေကြေး လှူဒါန်းတာနဲ့ မသက်ဆိုင်ဘူး။ (တမန်တော် ၈:၁၈-၂၀) တကယ်တော့ အလှူငွေအများစုကို အမည်မဖော်ဘဲ လှူဒါန်းကြတာပါ။ ယေဟောဝါသက်သေအားလုံးဟာ ကမ္ဘာချီလုပ်ငန်းအတွက် မိမိတို့ရဲ့ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာတွေကို စေတနာအလျောက် တတ်နိုင်သလောက် ပေးလှူကြတယ်။—၂ ကောရိန္သု ၉:၇။
တက်တက်ကြွကြွ ဟောပြောနေတဲ့ ယေဟောဝါသက်သေ အရေအတွက်ကို ဘယ်လို သိသလဲ။
ယေဟောဝါသက်သေတွေဟာ လစဉ် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့ကြောင်း သက်ဆိုင်ရာ အသင်းတော်ဆီ မှတ်တမ်းပေးကြတယ်။ ဒီလိုမျိုးမှတ်တမ်းပေးတာလည်း ကိုယ့်ဆန္ဒအလျောက်ပါပဲ။
မှတ်တမ်းတွေကို အသင်းတော်က စာရင်းချုပ်ပြီးနောက် ဒေသခံ ဌာနခွဲဆီ ပို့ပေးတယ်။ ဌာနခွဲက တစ်နိုင်ငံလုံး မှတ်တမ်းစုစုပေါင်းကို ကမ္ဘာ့ဌာနချုပ်ဆီ ပို့ပေးတယ်။
လုပ်ငန်းတော်နှစ်a အကုန်မှာ အဲဒီနှစ်အတွင်း တစ်နိုင်ငံစီရဲ့ အများဆုံး ယေဟောဝါသက်သေ အရေအတွက်ကို ယူတယ်။ အဲဒီအရေအတွက်တွေကို ပေါင်းလိုက်တဲ့အခါ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ယေဟောဝါသက်သေ အရေအတွက်ကို သိရတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် “ကမ္ဘာတစ်ဝန်း” ကဏ္ဍမှာ တစ်နိုင်ငံစီအတွက် အသေးစိတ်မှတ်တမ်း ဖော်ပြထားပါတယ်။ ဟောပြောခြင်းလုပ်ငန်း မှတ်တမ်းတွေကြောင့် ပထမရာစုမှာ ခရစ်ယာန်တွေ အားရှိခဲ့ကြသလို နှစ်စဉ်မှတ်တမ်းတွေကြောင့် ကျွန်တော်တို့ အားရှိကြရတယ်။—တမန်တော် ၂:၄၁။ ၄:၄။ ၁၅:၃။
အဖွဲ့အစည်းနဲ့ ပူးပေါင်းနေပေမဲ့ ဟောပြောခြင်း လုပ်ငန်းမှာ မပါဝင်သူတွေကို အသင်းသားအဖြစ် ရေတွက်သလား။
ယေဟောဝါသက်သေ အရေအတွက်ထဲမှာ သူတို့ မပါပါဘူး။ ဒါပေမဲ့ သူတို့ကို အသင်းတော်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ သူတို့အများစုဟာ နှစ်စဉ် ကျင်းပတဲ့ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာအစီအစဉ် တက်ရောက်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ အရေအတွက်ကို သိချင်ရင် အောက်မေ့ရာအစီအစဉ် တက်ရောက်သူ အရေအတွက်နဲ့ ယေဟောဝါသက်သေ အရေအတွက်ကို နှိုင်းယှဉ်ကြည့်နိုင်တယ်။ ၂၀၂၅ ခုနှစ်မှာ အောက်မေ့ရာအစီအစဉ် တက်ရောက်သူ ၂၀,၆၃၅,၀၁၅ ယောက် ရှိတယ်။
ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုအစည်းအဝေးတွေ မတက်ရောက်ပေမဲ့ အခမဲ့ ကျမ်းစာလေ့လာမှု အစီအစဉ်ကနေ အကျိုးရနေသူ များစွာ ရှိပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း လစဉ် ကျမ်းစာလေ့လာမှု ပျမ်းမျှ ၇,၆၀၃,၁၈၂ ခု ကျင်းပခဲ့ကြတယ်။ တချို့က တခြားသူတွေနဲ့ တစ်ချိန်တည်းမှာ ပေါင်းလေ့လာတာပါ။
အစိုးရ ဖော်ပြတဲ့ ယေဟောဝါသက်သေ အရေအတွက်ဟာ ခင်ဗျားတို့ ပြောတဲ့ အရေအတွက်ထက် ဘာကြောင့် များနေသလဲ။
အစိုးရက လူတွေကို ဘယ်ဘာသာရေးအဖွဲ့ကလဲဆိုတာ မေးပြီး အရေအတွက် ဆုံးဖြတ်လေ့ရှိတယ်။ ဥပမာ၊ ယူအက်စ် သန်းခေါင်စာရင်းဌာနက စာရင်းကောက်တဲ့အခါ “လျှောက်ထားသူဟာ ဘယ်ဘာသာဝင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ယူမှတ်သလဲဆိုတာကို အခြေခံပြီး ဆုံးဖြတ်တယ်။” ဒါကြောင့် ထွက်လာတဲ့ အရေအတွက်ဟာ တိကျတဲ့ အချက်အလက်အပေါ် မဟုတ်ဘဲ ကိုယ်ပိုင်ယူဆချက်အပေါ် မူတည်နေတယ်။ ယေဟောဝါသက်သေတွေကျတော့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ပြီး မှတ်တမ်းပေးသူတွေကိုပဲ ရေတွက်တယ်။ ယေဟောဝါသက်သေပါလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူတိုင်းကို ထည့်မတွက်ဘူး။
a လုပ်ငန်းတော်နှစ်ဆိုတာ စက်တင်ဘာ ၁ ရက်ကနေ နောက်နှစ် ဩဂုတ် ၃၁ ရက်အထိ ဖြစ်တယ်။ ဥပမာ၊ ၂၀၁၅ လုပ်ငန်းတော်နှစ်ဟာ ၂၀၁၄၊ စက်တင်ဘာ ၁ ရက်ကနေ ၂၀၁၅၊ ဩဂုတ် ၃၁ ရက်အထိ ဖြစ်တယ်။