Military equipment: Anton Petrus/Moment via Getty Images; money: Wara1982/iStock via Getty Images Plus
သတိနဲ့ စောင့်နေကြပါ
စစ်အတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုနေ—တကယ်တမ်းကုန်ကျသွားတာ ဘာတွေလဲ
စစ်အသုံးစရိတ်တွေ အဆမတန် ကုန်ကျနေတယ်။
“မနှစ်က ကမ္ဘာတစ်ဝန်းမှာ စစ်အတွက် ဒေါ်လာ ၂.၂ ထရီလီယံ (ဒေါ်လာသန်းပေါင်း နှစ်သန်းနှစ်သိန်း) သုံးစွဲခဲ့တယ်။ စစ်အတွက် ငွေကြေးသုံးစွဲမှု တခြားနှစ်တွေထက် ပိုများတဲ့နှစ်ပါပဲ။”—ဝါရှင်တန်ပို့စ်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။
ဒါပေမဲ့ ကုန်ကျစရိတ်ဟာ ငွေကြေးလောက်ပဲ မဟုတ်ဘူး။ ဥပမာ၊ ယူကရိန်းစစ်ပွဲအတွင်း–
စစ်သား။ လွန်ခဲ့တဲ့နှစ်နှစ် စစ်ပွဲစဖြစ်ချိန်ကစပြီး ခန့်မှန်းခြေ စစ်သား ၅၀၀,၀၀၀ နီးပါး ဒဏ်ရာရ၊ သေဆုံးခဲ့တယ်။
ပြည်သူ။ ကုလသမဂ္ဂအဆိုအရ ဒဏ်ရာရ၊ သေဆုံးသူ အရပ်သား ၂၈,၀၀၀ ကျော်ရှိတယ်။ ဒါပေမဲ့ “ဒီစစ်ပွဲကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘဝတွေကိုတော့ ရေတွက်လို့တောင် မရဘူး” လို့ ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦး ဆိုတယ်။a
ကမ္ဘာတစ်ဝန်း စစ်နဲ့အကြမ်းဖက်ပဋိပက္ခတွေကြောင့် တကယ်တမ်းထိခိုက်နစ်နာသွားတာ လူတွေရဲ့ဘဝတွေပါ။
၁၁၄ သန်း။ ၂၀၂၃ စက်တင်ဘာလအထိ ကမ္ဘာတစ်ဝန်း စစ်နဲ့ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက်။
၇၈၃ သန်း။ အစာဝဝလင်လင် မစားနိုင်သူ အရေအတွက်။ “မဝရေစာစားနေရတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အကြမ်းဖက်မှုနဲ့ စစ်ဘေးသင့်ဒေသတွေမှာ နေထိုင်နေကြတာ။ ဒါကြောင့် ပဋိပက္ခတွေဟာ ငတ်မွတ်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်နေတုန်းပဲ။”—ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်။
စစ်ပွဲတွေ အဆုံးတိုင်မယ့်နေ့ ရှိလာပါ့မလား။ ငြိမ်းချမ်းမယ့်တစ်နေ့ ရောက်လာမယ်လို့ မျှော်လင့်နိုင်သလား။ ပေါကြွယ်ဝတဲ့ ကမ္ဘာ့သယံဇာတတွေကို ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု ပပျောက်အောင် တိုက်ထုတ်ရာမှာ အသုံးပြုနိုင်မယ့်နေ့ ရောက်လာပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။
စစ်မက်ကာလ
ကမ္ဘာတစ်ဝန်း စစ်တွေဖြစ်မယ့်အချိန်အကြောင်း မြင်းစီးသူရဲနဲ့ ခိုင်းနှိုင်းပြီး ကျမ်းစာကြိုဟောခဲ့တယ်။
“အဲဒီနောက် မြင်းနီတစ်စီး ထွက်လာတယ်။ မြင်းစီးသူရဲက လူလူချင်း သတ်ဖြတ်စေဖို့ ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့် ရတယ်။ သူက ဓားကြီးတစ်လက်ကို ရတယ်။”—ဗျာဒိတ် ၆:၄။
စစ်ပွဲနဲ့ ခိုင်းနှိုင်းထားတဲ့ မြင်းစီးသူရဲ ထွက်လာပြီးတဲ့နောက် နောက်မြင်းစီးသူရဲနှစ်ဦး ကပ်လိုက်လာတယ်။ နေရာအနှံ့ အစာခေါင်းပါးတာ၊ ကပ်ရောဂါအပါအဝင် တခြားအကြောင်းရင်းတွေကြောင့် သေရတာကို ရည်ညွှန်းတာပါ။ (ဗျာဒိတ် ၆:၅-၈) ဒီကျမ်းစာကြိုဟောချက်အကြောင်း၊ ကျွန်တော်တို့အချိန်မှာ ပြည့်စုံနေပုံအကြောင်း ပိုသိချင်ရင် “မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။
ငြိမ်းချမ်းမယ့် အနာဂတ်
ကမ္ဘာ့သယံဇာတတွေကို စစ်ပွဲအတွက် အသုံးမပြုတော့မယ့်တစ်နေ့ ရောက်လာပါတော့မယ်။ ဒါပေမဲ့ လူ့ကြိုးစားအားထုတ်မှုနဲ့တော့ မဟုတ်ဘူး။ ကျမ်းစာ အခုလိုဆိုတယ်–
“ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။”—ဆာလံ ၄၆:၉။
စစ်ကြောင့် ထိခိုက်မှုမှန်သမျှကိုလည်း ပြန်ကုစားပေးမယ်။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၄။
လူတိုင်း ထာဝစဉ် အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် ဘုရား လုပ်ပေးမယ်။ “ငါ့လူတွေဟာ ငြိမ်းချမ်းလုံခြုံတဲ့နေရာ၊ငြိမ်သက်အေးချမ်းတဲ့ နားခိုစရာနေရာတွေမှာ နေထိုင်ရလိမ့်မယ်။”—ဟေရှာယ ၃၂:၁၈။
ကျမ်းစာကြိုဟောချက်အရ ဒီနေ့အချိန်မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေ၊ တခြားဖြစ်ရပ်တွေ က လက်တစ်ကမ်းမှာ ငြိမ်းချမ်းမယ့်အချိန်ရောက်တော့မယ်ဆိုတာ ညွှန်ပြနေတယ်။
ဘုရားသခင်က ငြိမ်းချမ်းတဲ့အနာဂတ်ကို ဘယ်လိုဆောင်ကြဉ်းပေးမလဲ။ ကောင်းကင်မှာအုပ်ချုပ်မယ့် နိုင်ငံတော်အားဖြင့်ပါပဲ။ (မဿဲ ၆:၁၀) အဲဒီနိုင်ငံတော်အကြောင်း၊ နိုင်ငံတော်လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း သိချင်ရင် ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။
a ဥရောပတိုက်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မီရိုစလက် ဂျန်ကာ၊ ဒီဇင်ဘာ ၆၊ ၂၀၂၃။