Francesco Carta fotografo/Moment via Getty Images
အထီးကျန်သူတွေ ပိုများလာ—ကျမ်းစာအဆိုက ဘာလဲ
မကြာသေးခင်က ရရှိခဲ့တဲ့ ကမ္ဘာချီအစီရင်ခံစာအရa လူလေးယောက်မှာ တစ်ယောက်က အထီးကျန်နေတယ်။
“နေရာဒေသ အသီးသီး၊ အသက်အရွယ်အသီးသီးက ဘယ်သူမဆို တစ်သီးပုဂ္ဂလဖြစ်နေနိုင်တယ်။”—ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ လူမှုဆက်ဆံရေး ကော်မရှင်ရဲ့ တွဲဖက်သဘာပတိ ချီဒို ဖမ်ဘာရဲ့ မှတ်ချက်။
လူတွေ ထင်သလို အသက်ကြီးသူတွေ၊ တစ်ယောက်တည်းသမားတွေပဲ အထီးကျန်နိုင်တာ မဟုတ်ဘူး။ လူငယ်တွေ၊ အိမ်ထောင်သည်တွေ၊ ကျန်းမာရေးကောင်းသူတွေ၊ ဘဝမှာ အောင်မြင်နေသူတွေလည်း အထီးကျန်နိုင်တယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ကင်းမဲ့မှု၊ အထီးကျန်မှုက လူတစ်ယောက်ရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်။
“အထီးကျန်စိတ်ဟာ စိတ်ခံစားမှုမကောင်းတာလောက်ပဲ မဟုတ်ဘူး။ . . . လူမှုပေါင်းသင်းဆက်ဆံရေး ကင်းမဲ့မှုကြောင့် အသက်သေဆုံးနိုင်မှုဟာ တစ်ရက်ကို စီးကရက် ၁၅ လိပ်သောက်လို့ အသက်သေဆုံးနိုင်မှုနဲ့ အခြေအနေချင်း တူညီတယ်” လို့ အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ဒေါက်တာ ဗီဗက် မာသီ ဆိုတယ်။
ကျမ်းစာအဆိုက ဘာလဲ
ဖန်ဆင်းရှင်က ကျွန်တော်တို့ကို တစ်သီးပုဂ္ဂလ မနေစေချင်ဘူး။ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က လူတွေကို သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် နေစေချင်တာပါ။
ကျမ်းစာအခြေခံမူ– “လူဟာ တစ်ယောက်တည်း ဆက်နေဖို့ မသင့်တော်ဘူး။”—ကမ္ဘာဦး ၂:၁၈။
ဘုရားသခင်နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေချင်တယ်။ ကျွန်တော်တို့ဘက်က ဘုရားနဲ့ ရင်းနှီးအောင် ကြိုးစားရင် ဘုရားသခင်ကလည်း ကျွန်တော်တို့နဲ့ ရင်းနှီးလာလိမ့်မယ်လို့ ကတိပြုထားတယ်။—ယာကုပ် ၄:၈။
ကျမ်းစာအခြေခံမူ– “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။”—မဿဲ ၅:၃။
ဘုရားသခင်က ကျွန်တော်တို့ကို တခြားသူတွေနဲ့အတူ ဝတ်ပြုကိုးကွယ်စေချင်တယ်။ အတူတကွ ဝတ်ပြုကိုးကွယ်တာက ကျွန်တော်တို့ကို ပိုပျော်ရွှင်စေတယ်။
ကျမ်းစာအခြေခံမူ– “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ . . . အချင်းချင်း အားပေးကြပါ။”—ဟီဘရူး ၁၀:၂၄၊ ၂၅။
အထီးကျန်စိတ်ကို တိုက်ထုတ်ဖို့ ဘာကြောင့်အရေးကြီးသလဲဆိုတာ ပိုသိနိုင်ဖို့ “ဆက်သွယ်မှု ကွန်ရက်ကမ္ဘာမှာ အထီးကျန်နေခြင်း” ဆောင်းပါးကို ဖတ်ပါ။
a The Global State of Social Connections, by Meta and Gallup, 2023.