ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၅/၁၅ စာ. ၃-၈
  • လူတစ်ဦးစီကို ဘယ်လို ဖြေကြားသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတစ်ဦးစီကို ဘယ်လို ဖြေကြားသင့်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခံစားချက်ကို ထုတ်ဖော်ပြောဆိုလာအောင် မေးခွန်းမေးပါ
  • ကျမ်းစာပြောတာကို ကျိုးကြောင်းဆင်ခြင်ပါ
  • အဓိကအချက်ကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ဥပမာတွေသုံးပါ
  • မျှတတဲ့အမြင်ရှိပါ
  • ကြီးမြတ်သောဆရာကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ထိုးထွင်းသိမြင်မှုနှင့် သွေးဆောင်နိုင်စွမ်းဖြင့်သွန်သင်ပါလေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “ပုံဥပမာ မပါဘဲ သူ မဟောဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ဆီလျော်သောဥပမာများ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၅/၁၅ စာ. ၃-၈
ယေဟောဝါသက်သေတစ်ယောက် မယုံကြည်သူဖြစ်တဲ့သူ့ယောက်ျားနဲ့ ကျမ်းစာဆွေးနွေးနေ

လူတစ်ဦးစီကို ဘယ်လို ဖြေကြားသင့်သလဲ

“လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် . . . အစဉ်နှစ်လို့ဖွယ်ဖြစ်ပါစေ။” —ကော. ၄:၆။

သင်ဘယ်လို ဖြေမလဲ

  • ခံစားချက်ကို ထုတ်ဖော်ပြောဆိုလာအောင် မေးခွန်းတွေမေးတာ ဘာကြောင့် ကောင်းသလဲ။

  • ကျမ်းစာကို ထိထိရောက်ရောက် ကျိုးကြောင်းဆင်ခြင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

  • အမှုဆောင်လုပ်ငန်းမှာ ဥပမာတွေကို ဘယ်လို ထိထိရောက်ရောက် အသုံးပြုနိုင်သလဲ။

၁၊ ၂။ (က) သင့်တော်တဲ့မေးခွန်းတွေမေးခြင်းက အကျိုးရှိတယ်ဆိုတာ ဘယ်တွေ့ကြုံမှုက ဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကိုကြည့်ပါ။) (ခ) ခက်ခဲတဲ့အကြောင်းအရာတွေကို ဆွေးနွေးဖို့ ဘာကြောင့် မတွန့်ဆုတ်သင့်သလဲ။

ညီအစ်မတစ်ယောက်က ယေဟောဝါသက်သေမဟုတ်တဲ့ သူ့ယောက်ျားနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးတယ်။ သူ့ယောက်ျားက သုံးပါးတစ်ဆူကို ယုံတယ်လို့ပြောတယ်။ ဒါပေမဲ့ ချာ့ချ်ကသင်ပေးတဲ့ သုံးပါးတစ်ဆူအကြောင်းကို သူ့ယောက်ျား တကယ်နားမလည်ဘူးဆိုတာ ညီအစ်မသိတယ်။ ဒါနဲ့ ညီအစ်မက သူ့ယောက်ျားကို “ရှင်က ဘုရားကို ဘုရား၊ ယေရှုကို ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားလို့ ယုံကြည်တာလား။ ဒါပေမဲ့ အဲဒါက ဘုရားသုံးပါးမဟုတ်ဘဲ တစ်ပါးတည်းလား” လို့ လိမ္မာပါးနပ်စွာနဲ့ မေးလိုက်တယ်။ အံ့ဩစရာက သူ့ယောက်ျားက “မဟုတ်ပါဘူး၊ ငါ အဲဒီလို မယုံကြည်ပါဘူး” လို့ ပြန်ပြောတယ်။ နောက်ဆုံးမှာ သူတို့နှစ်ယောက်ဟာ ဘုရားသခင်က ဘယ်သူလဲဆိုတာကို အားတက်သရော ဆွေးနွေးခဲ့ကြတယ်။

နားထောင်သူတွေရဲ့ စိတ်နှလုံးကို ထိမိအောင် သင်ပေးနိုင်ပါတယ်

၂ ဒီအဖြစ်အပျက်ကနေ ဘာသင်ယူနိုင်ပါသလဲ။ သင့်တော်တဲ့မေးခွန်းတွေကို လိမ္မာပါးနပ်စွာမေးခြင်းက တကယ်အကျိုးရှိတယ်ဆိုတာ သင်ယူနိုင်ပါတယ်။ ဒါ့အပြင် သုံးပါးတစ်ဆူ၊ မီးငရဲနဲ့ ဖန်ဆင်းရှင်ရှိတဲ့အကြောင်း စတဲ့ ခက်ခဲတဲ့အကြောင်းအရာတွေကို ဆွေးနွေးဖို့ မတွန့်ဆုတ်သင့်ဘူးဆိုတာလည်း သိရှိရတယ်။ ယေဟောဝါနဲ့ ကိုယ်တော်လေ့ကျင့်ပေးတာတွေကို အားကိုးမယ်ဆိုရင် နားထောင်သူတွေရဲ့စိတ်နှလုံးကို ထိမိအောင် သင်ပေးနိုင်ပါတယ်။ (ကော. ၄:၆) ပိုပြီးထိထိရောက်ရောက် သွန်သင်နိုင်တဲ့နည်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အဲဒီနည်းတွေကတော့ (၁) ခံစားချက်ကို ထုတ်ဖော်ပြောဆိုလာအောင် မေးခွန်းမေးခြင်း၊ (၂) ကျမ်းစာပြောတာကို ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ (၃) အဓိကအချက်ကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ဥပမာတွေ သုံးခြင်းတို့ ဖြစ်ပါတယ်။

ခံစားချက်ကို ထုတ်ဖော်ပြောဆိုလာအောင် မေးခွန်းမေးပါ

၃၊ ၄။ လူတစ်ယောက် ယုံကြည်လက်ခံထားတာတွေကို သိအောင် မေးခွန်းမေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဥပမာတစ်ခုပေးပါ။

၃ မေးခွန်းတွေမေးတာက လူတစ်ယောက် ယုံကြည်လက်ခံထားတာတွေကို သိဖို့ ကူညီပေးနိုင်ပါတယ်။ အဲဒီလိုသိဖို့ ဘာကြောင့် အရေးကြီးသလဲ။ သုတ္တံ ၁၈:၁၃ (ကဘ) မှာ ‘ကိစ္စတစ်ခုကို သေချာနားမထောင်ဘဲ ပြန်ပြောသူတိုင်းက မိုက်မဲသူဖြစ်ရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်’ လို့ပြောတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ကိုယ်နဲ့စကားပြောနေသူ ဘာကို တကယ်ယုံကြည်သလဲဆိုတာ အရင်သိအောင် လုပ်ဖို့လိုတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် အဲဒီလူ မယုံကြည်တဲ့အချက်တစ်ချက်ကို မှန်တယ်ဆိုတာသက်သေပြဖို့ ကျွန်ုပ်တို့ဘက်က အချိန်အများကြီး ဖြုန်းမိနိုင်ပါတယ်။—၁ ကော. ၉:၂၆။

၄ ဥပမာ၊ တစ်ယောက်ယောက်နဲ့ ငရဲအကြောင်း ဆွေးနွေးတယ်ဆိုပါစို့။ ငရဲဆိုတာ လူဆိုးတွေကို မီးနဲ့ ညှဉ်းဆဲတဲ့နေရာလို့ တချို့က ယုံကြည်ကြတယ်။ တချို့ကျတော့ ငရဲကျတယ်ဆိုတာ ဘုရားသခင်နဲ့ကင်းကွာသွားတာကို ဆိုလိုတယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် “လူတွေက ငရဲနဲ့ပတ်သက်ပြီး အမျိုးမျိုးယုံကြည်ကြတယ်။ ခင်ဗျားကော ဘယ်လိုယုံကြည်သလဲ” လို့မေးနိုင်ပါတယ်။ အဖြေကိုနားထောင်ပြီးနောက်မှာ ငရဲနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို သူနားလည်အောင် ကူညီပေးနိုင်မှာဖြစ်တယ်။

၅။ လူတစ်ယောက် ဘာကြောင့် အဲဒီလိုယုံကြည်တာလဲဆိုတာကို သိနိုင်ဖို့ မေးခွန်းတွေက ဘယ်လိုကူညီပေးနိုင်သလဲ။

၅ လိမ္မာပါးနပ်တဲ့မေးခွန်းတွေက လူတစ်ယောက် ဘာကြောင့် အဲဒီလိုယုံကြည်သလဲဆိုတာကို သိရှိစေနိုင်တယ်။ ဥပမာ၊ အမှုဆောင်မှာ ဘုရားကိုမယုံဘူးလို့ ပြောတဲ့လူတစ်ယောက်နဲ့ တွေ့တယ်ဆိုပါစို့။ အဲဒီလူ ဖန်ဆင်းရှင်ဘုရားသခင်ကို မယုံဘူးလို့ ကျွန်ုပ်တို့ အလွယ်တကူ ကောက်ချက်ချမိနိုင်တယ်။ (ဆာ. ၁၀:၄) ဒါပေမဲ့ တချို့သူတွေဟာ သူတို့ကိုယ်တိုင်၊ ဒါမှမဟုတ် တခြားသူတွေ ဆင်းရဲဒုက္ခခံရတာကိုကြည့်ပြီး ဘုရားသခင်ကို မယုံကြည်တော့တာဖြစ်တယ်။ မေတ္တာရှိတဲ့ဖန်ဆင်းရှင်က အဲဒီလိုဆင်းရဲဒုက္ခတွေကို ဖြစ်ပျက်ဖို့ခွင့်ပြုထားတာကို သူတို့ မယုံနိုင်ကြဘူး။ ဒါကြောင့် အိမ်ရှင်တစ်ယောက်က “ကျွန်တော် ဘုရားကိုမယုံဘူး” လို့ပြောတယ်ဆိုရင် “အဲဒီလိုမယုံတာ အရင်ကတည်းကလား” လို့ မေးနိုင်ပါတယ်။ အိမ်ရှင်က မဟုတ်ဘူးလို့ ဖြေတယ်ဆိုရင် ဘုရားသခင်ရှိတယ်ဆိုတာကို သံသယဝင်စေတဲ့ အကြောင်းတစ်ခုခုရှိသလားလို့ မေးနိုင်ပါတယ်။ သူ့ရဲ့အဖြေကနေ သူ့ကိုကူညီပေးဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု တွေ့ရှိနိုင်ပါတယ်။—သုတ္တံ ၂၀:၅ ကိုဖတ်ပါ။

အဖြေကိုနားထောင်ပေးဖို့၊ သူ့ရဲ့ခံစားချက်ကို ကျွန်ုပ်တို့ လေးစားတယ်ဆိုတာ သူ့ကိုသိရှိစေဖို့ လိုတယ်

၆။ မေးခွန်းမေးပြီးပြီဆိုရင် ဘာလုပ်သင့်သလဲ။

၆ မေးခွန်းမေးပြီးတဲ့နောက်မှာ အဖြေကိုနားထောင်ပေးဖို့၊ သူ့ရဲ့ခံစားချက်ကို ကျွန်ုပ်တို့ လေးစားတယ်ဆိုတာ သူ့ကိုသိရှိစေဖို့ လိုတယ်။ ဥပမာ၊ လူတစ်ယောက်ဟာ ဖြစ်ရပ်ဆိုးတချို့ကြောင့် မေတ္တာရှိတဲ့ ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို သံသယဝင်နေတယ်လို့ ပြောတယ်ဆိုပါစို့။ ဦးဆုံး၊ ကျွန်ုပ်တို့ ဘာကြောင့် ဆင်းရဲဒုက္ခခံစားရတာလဲလို့ စဉ်းစားတာက မမှားဘူးဆိုတာ သူသိအောင် ပြောပြသင့်တယ်။ (ဟဗ. ၁:၂၊ ၃) ပြီးတဲ့နောက် ဘုရားသခင် ရှိတယ်ဆိုတာ သိမြင်နိုင်ပုံကို ရှင်းပြနိုင်တယ်။ ကျွန်ုပ်တို့ဘက်က စိတ်ရှည်တယ်၊ မေတ္တာပြတယ်ဆိုရင် သူ ပိုသိချင်စိတ် ရှိကောင်းရှိလာနိုင်ပါတယ်။a

ကျမ်းစာပြောတာကို ကျိုးကြောင်းဆင်ခြင်ပါ

ယေဟောဝါသက်သေတစ်ယောက် ကျမ်းစာကိုသုံးပြီးအမျိုးသမီတစ်ဦးကို ကျိုးကြောင်းဆင်ခြင်နေ

အမှုဆောင်လုပ်ငန်းမှာ ထိရောက်မှုရှိဖို့ ဘာက ကူညီပေးမလဲ (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ အမှုဆောင်လုပ်ငန်းမှာ ထိရောက်မှုရှိဖို့ ဘာလုပ်ရမလဲ။

၇ အမှုဆောင်လုပ်ငန်းမှာ အရေးပါဆုံးက ကျမ်းစာပဲ။ ကျမ်းစာက “ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေ” စေဖို့ ကူညီပေးတယ်။ (၂ တိ. ၃:၁၆၊ ၁၇) အမှုဆောင်လုပ်ငန်းမှာ ထိရောက်မှုရှိဖို့ဆိုရင် ကျမ်းချက်အများကြီးဖတ်တာထက်မက လုပ်ဖို့လိုတယ်။ ကျမ်းချက်မှာပါတဲ့အချက်တွေကို ဘယ်လို ကျိုးကြောင်းဆင်ခြင်ရမယ်၊ ဘယ်လို ရှင်းပြရမယ်ဆိုတာ သိဖို့လိုတယ်။ (တမန်တော် ၁၇:၂၊ ၃ ကိုဖတ်ပါ။) အဲဒီအချက်ကိုသိဖို့ ဥပမာသုံးခုကို လေ့လာကြည့်ကြစို့။

၈၊ ၉။ (က) ယေရှုက ဘုရားသခင်နဲ့ တန်းတူဖြစ်တယ်လို့ ယုံကြည်တဲ့သူတစ်ယောက်နဲ့ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့နည်းတစ်နည်းက ဘာလဲ။ (ခ) အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သင် ဘယ်လို ကျိုးကြောင်းဆင်ခြင်ခဲ့ဖူးသလဲ။

၈ ဥပမာ ၁– အမှုဆောင်မှာ ဘုရားသခင်နဲ့ ယေရှု တန်းတူဖြစ်တယ်လို့ ယုံကြည်တဲ့သူတစ်ယောက်နဲ့တွေ့တယ်။ အဲဒီအိမ်ရှင်နဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ ဘယ်ကျမ်းချက်တွေကို သုံးနိုင်သလဲ။ ယောဟန် ၆:၃၈ မှာပါတဲ့အချက်ကို ဖတ်ကြည့်ဖို့ သူ့ကို ပြောနိုင်ပါတယ်။ အဲဒီမှာ “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အလိုတော်ကိုဆောင်ရန် ဆင်းသက်လာ၏” လို့ ပြောထားတယ်။ အဲဒီကျမ်းချက်ကို ဖတ်ပြီးနောက်မှာ “ယေရှုက ဘုရားဆိုရင် သူ့ကို ကောင်းကင်ကနေ စေလွှတ်လိုက်တာက ဘယ်သူလဲ။ ယေရှုထက် ကြီးမြတ်တဲ့သူ ဖြစ်မယ်မဟုတ်လား။ စေလွှတ်သူက စေလွှတ်ခံရသူထက် ကြီးမြတ်တယ်” လို့ ပြောနိုင်ပါတယ်။

၉ ဖိလိပ္ပိ ၂:၉ ကိုလည်း ဖတ်နိုင်ပါတယ်။ အဲဒီကျမ်းချက်မှာ တမန်တော်ပေါလုက ယေရှုထမြောက်ပြီးနောက်မှာ ဘုရားသခင်လုပ်ခဲ့တဲ့အရာကို ဖော်ပြထားတယ်။ အဲဒီမှာ ဘုရားသခင်က ယေရှုကို ‘သာလွန်မြင့်မြတ်တဲ့ အခွင့်အရာကို ချီးမြှောက်ပြီး ဘွဲ့နာမတကာတို့ထက် ကြီးမြတ်တဲ့ဘွဲ့နာမကို ပေးသနား’ တယ်လို့ ဖော်ပြထားတယ်။ အဲဒီကျမ်းချက်ကို ကျိုးကြောင်းဆင်ခြင်ဖို့အတွက် အိမ်ရှင်ကို ဒီလိုမေးနိုင်တယ်– “ယေရှုဟာ မသေခင်တုန်းက ဘုရားနဲ့တန်းတူဖြစ်ခဲ့တယ်၊ ထမြောက်ပြီးနောက်မှာ ဘုရားသခင်က သူ့ကို ပိုမြင့်တဲ့အခွင့်အရာ ပေးခဲ့တယ်ဆိုရင် ယေရှုက ဘုရားထက် ပိုကြီးမြတ်သွားမှာပေါ့။ ဒါပေမဲ့ ဘုရားသခင်ထက် ဘယ်သူက ပိုကြီးမြတ်နိုင်မှာလဲ။” ဒီလို ကျိုးကြောင်းဆင်ခြင်တာက ကျမ်းစာကိုလေးမြတ်တဲ့ စိတ်ရိုးဖြောင့်သူတွေကို နောက်ထပ်အကြောင်းအရာတွေ လေ့လာချင်အောင် ကူညီပေးနိုင်မှာဖြစ်တယ်။—တ. ၁၇:၁၁။

ကောင်းကောင်း ဆင်ခြင်သုံးသပ်တာက ကျမ်းစာကိုလေးမြတ်တဲ့ စိတ်ရိုးဖြောင့်သူတွေကို နောက်ထပ်အကြောင်းအရာ တွေကို လေ့လာချင်အောင် ကူညီပေးနိုင်မှာဖြစ်တယ်

၁၀။ (က) ငရဲကို ယုံကြည်သူတစ်ယောက်ကို ဘယ်လို ကျိုးကြောင်းဆင်ခြင်ပြနိုင်သလဲ။ (ခ) အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သင် ဘယ်လို ကျိုးကြောင်းဆင်ခြင်ခဲ့ဖူးသလဲ။

၁၀ ဥပမာ ၂– အိမ်ရှင်တစ်ယောက်က လူဆိုးတွေ မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲခံရမှာမဟုတ်ဘူးဆိုတာကို ယုံကြည်ရခက်နေတယ်။ သူက လူဆိုးတွေကို သူတို့လုပ်ခဲ့တဲ့အတိုင်း အပြစ်ဒဏ်ခံစေချင်လို့ ငရဲကိုယုံကြည်တာဖြစ်နိုင်တယ်။ အဲဒီလိုလူကို ဘယ်လို ကျိုးကြောင်းဆင်ခြင်ပြမလဲ။ အရင်ဆုံး လူဆိုးတွေ အပြစ်ပေးခံရမယ်ဆိုတာ ပြောပြနိုင်ပါတယ်။ (၂ သက်. ၁:၉) ပြီးတဲ့နောက် သူ့ကို ကမ္ဘာဦး ၂:၁၆၊ ၁၇ ကိုဖတ်ဖို့ ပြောပါ။ အဲဒီကျမ်းချက်မှာ အပြစ်လုပ်ရင် ခံရမယ့်ပြစ်ဒဏ်က သေခြင်းလို့ ဖော်ပြထားတယ်။ အာဒံအပြစ်လုပ်ခဲ့တဲ့အတွက်ကြောင့် လူသားတွေအားလုံး အပြစ်သားတွေ ဖြစ်ကြရတယ်လို့ ရှင်းပြနိုင်တယ်။ (ရော. ၅:၁၂) ငရဲမှာ အပြစ်ပေးမယ့်အကြောင်း ဘုရားသခင် ဘာမှမပြောဘူးလို့ ရှင်းပြနိုင်တယ်။ အဲဒီနောက် ကမ္ဘာဦး ၃:၁၉ ကို ဖတ်နိုင်တယ်။ အဲဒီကျမ်းချက်မှာ ဘုရားသခင်က အာဒံကို သူလုပ်ခဲ့တဲ့အပြစ်အတွက် ပြစ်ဒဏ်အနေနဲ့ မြေမှုန့်ကို ပြန်သွားရမယ်လို့ ပြောခဲ့တယ်။ ကျွန်ုပ်တို့ဒီလိုမေးနိုင်ပါတယ်– “အာဒံက မီးငရဲထဲ တကယ်သွားရမယ်ဆိုရင် မြေကြီးကို ပြန်သွားရမယ်လို့ပြောတာက သင့်တော်ပါ့မလား။” ဒီလိုမေးခွန်းတစ်ခုက စိတ်ရိုးဖြောင့်တဲ့လူတစ်ယောက်ကို ငရဲအကြောင်း ဆင်ခြင်သုံးသပ်ဖို့ ကူညီပေးနိုင်မှာဖြစ်တယ်။

၁၁။ (က) လူကောင်းအားလုံး ကောင်းကင်သွားမယ်လို့ ယုံကြည်သူတစ်ယောက်နဲ့ ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်သလဲ။ (ခ) အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သင် ဘယ်လို ကျိုးကြောင်းဆင်ခြင်ခဲ့ဖူးသလဲ။

၁၁ ဥပမာ ၃– အမှုဆောင်သွားတဲ့အခါ လူကောင်းအားလုံး ကောင်းကင်သွားမယ်လို့ ယုံကြည်တဲ့သူတစ်ယောက်နဲ့ တွေ့တယ်။ ဒီယုံကြည်ချက်က ကျမ်းစာကို အိမ်ရှင်နားလည်ပုံအပေါ် အကျိုးသက်ရောက်ပါလိမ့်မယ်။ ဥပမာ၊ ဗျာဒိတ် ၂၁:၄ ကို ဖတ်ပြတဲ့အခါ အိမ်ရှင်က အဲဒါကို ကောင်းကင်မှာရမယ့်အသက်တာလို့ ယူဆကောင်း ယူဆနိုင်တယ်။ (ကျမ်းချက်ကိုဖတ်ပါ။) သူနဲ့ ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်သလဲ။ နောက်ထပ်ကျမ်းချက်တွေကို ဖတ်ပြမယ့်အစား ဗျာဒိတ် ၂၁:၄ ပါတဲ့စာသားတစ်ခုကိုပဲ ရှင်းပြနိုင်ပါတယ်။ အဲဒီမှာ “သေခြင်းရှိတော့မည်မဟုတ်” လို့ဖော်ပြထားတယ်။ ဒါကြောင့် “ရှိတော့မှာမဟုတ်ဘူးလို့ ပြောတဲ့အရာတစ်ခုက အရင်က ရှိခဲ့တာဖြစ်ရမယ်မဟုတ်လား။” ဟုတ်ပါတယ်လို့ သူ ဖြေကောင်းဖြေမယ်။ အဲဒီနောက် ကောင်းကင်မှာ ဘယ်တုန်းကမှ သေခြင်းဆိုတာမရှိခဲ့ဘူး။ မြေကြီးပေါ်မှာပဲ လူတွေသေကြတာလို့ ရှင်းပြနိုင်တယ်။ ဒါကြောင့် ဗျာဒိတ် ၂၁:၄ က မြေကြီးပေါ်မှာ ရရှိမယ့်ကောင်းချီးတွေအကြောင်း ပြောနေတာဖြစ်တယ်။—ဆာ. ၃၇:၂၉။

အဓိကအချက်ကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ဥပမာတွေသုံးပါ

၁၂။ ယေရှု ဘာကြောင့် ဥပမာတွေကို သုံးတာလဲ။

၁၂ ယေရှုဟာ ဟောပြောတဲ့အခါမှာ ဥပမာတွေကို အသုံးပြုခဲ့တယ်။ (မဿဲ ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) အဲဒီဥပမာတွေက နားထောင်နေသူတွေရဲ့ စိတ်ရင်းအမှန်ကို သိရှိဖို့ ကူညီပေးတယ်။ (မ. ၁၃:၁၀-၁၅) ဒါ့အပြင် ဥပမာတွေက ယေရှု သွန်သင်ပေးတာတွေကို စိတ်ဝင်စားစရာဖြစ်အောင်၊ မှတ်မိအောင်လည်း ကူညီပေးတယ်။ သွန်သင်တဲ့အခါမှာ ဥပမာတွေကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။

ရိုးရှင်းတဲ့ဥပမာတွေကို သုံးတာက အကောင်းဆုံးပဲ

၁၃။ ဘုရားသခင်က ယေရှုထက် ပိုကြီးမြတ်တယ်ဆိုတာ ဘယ်လို ဥပမာသုံးပြီး သင်ပေးနိုင်သလဲ။

၁၃ ရိုးရှင်းတဲ့ဥပမာတွေကို သုံးတာက အကောင်းဆုံးပါပဲ။ ဥပမာ၊ ဘုရားသခင်က ယေရှုထက် ပိုကြီးမြတ်တယ်လို့ သင်ပေးချင်တယ်ဆိုရင် ဒီဥပမာကို သုံးကြည့်နိုင်ပါတယ်– အရင်ဆုံး ဘုရားသခင်နဲ့ ယေရှု နှစ်ဦးစလုံးက သူတို့ရဲ့ဆက်ဆံရေးကို အဖေနဲ့သားဆက်ဆံရေးနဲ့ နှိုင်းယှဉ်ခဲ့တယ်ဆိုတာ ပြောပြနိုင်တယ်။ (လု. ၃:၂၁၊ ၂၂; ယော. ၁၄:၂၈) အဲဒီနောက် “မိသားစုတစ်ခုမှာ တန်းတူဖြစ်တဲ့ လူနှစ်ယောက်အကြောင်းပြောရင် ခင်ဗျား ဘယ်အသုံးအနှုန်းကို သုံးမလဲ” လို့ မေးနိုင်ပါတယ်။ အိမ်ရှင်က ညီအစ်ကိုမောင်နှမ ဒါမှမဟုတ် အမြွှာလို့ ပြောနိုင်ပါတယ်။ အဲဒီအခါ အိမ်ရှင်ပြောတဲ့ အသုံးအနှုန်းက သဘာဝကျတယ်ဆိုတာကို ထောက်ပြပြီး ဒီလိုဆက်ပြောပါ– “ကျွန်တော်တို့တောင် အဲဒီလို အလွယ်တကူ နှိုင်းယှဉ်ပြီး ဥပမာပေးနိုင်တယ်ဆိုရင် ကြီးမြတ်တဲ့ဆရာဖြစ်တဲ့ ယေရှုက ဘာကြောင့် အဲဒီနှိုင်းယှဉ်ချက်ကို မသုံးတာလဲ။ အဲဒီအစား ဘုရားသခင်က သူ့ရဲ့အဖေဖြစ်တယ်လို့ ပြောခဲ့တယ်။ ယေရှု အဲဒီလိုပြောခြင်းအားဖြင့် ဘုရားသခင်က သူ့ထက်ပိုအသက်ကြီးတယ်၊ ပိုအာဏာရှိတယ်ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း နားလည်အောင် ကူညီပေးနေတာဖြစ်တယ်။”

၁၄။ လူတွေကို ငရဲမှာနှိပ်စက်ဖို့ မာရ်နတ်ကို ဘုရားသခင် အသုံးပြုတယ်ဆိုတာ ဆင်ခြင်တုံတရားနဲ့မညီဘူးဆိုတဲ့အချက်ကို ဘယ်ဥပမာက ဖော်ပြသလဲ။

၁၄ နောက်ဥပမာတစ်ခုကို လေ့လာကြည့်ကြစို့။ ဘုရားသခင်က ငရဲကိုကြီးကြပ်ဖို့ စာတန်ကို တာဝန်ပေးထားတယ်လို့ တချို့က ယုံကြည်ကြတယ်။ လူတွေကို ငရဲမှာနှိပ်စက်ဖို့ မာရ်နတ်ကို ဘုရားသခင် အသုံးပြုတယ်ဆိုတာ ဆင်ခြင်တုံတရားနဲ့မညီဘူးဆိုတဲ့အချက်ကို မိဘတစ်ယောက် နားလည်အောင် ဘယ်လိုကူညီပေးနိုင်သလဲ။ ဒီလိုမေးနိုင်ပါတယ်– “ခင်ဗျားရဲ့ကလေးက အရမ်းဆိုးပြီး မကောင်းတာတွေ အများကြီးလုပ်တယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ။” ကလေးကို ဆုံးမမယ်လို့ သူဖြေကောင်းဖြေပါလိမ့်မယ်။ သူ့ရဲ့ကလေး မကောင်းတာတွေ မလုပ်တော့အောင် ထပ်တလဲလဲ ဆုံးမမှာဖြစ်တယ်။ (သု. ၂၂:၁၅) အဲဒီအခါ “ခင်ဗျားရဲ့ကလေးက ဆက်ပြီး ဆိုးနေတယ်ဆိုရင်ကော” လို့မေးနိုင်တယ်။ မိဘအများစုက မတတ်နိုင်တဲ့အဆုံးတော့ ကလေးကို အပြစ်ပေးရမှာပေါ့လို့ ပြောပါလိမ့်မယ်။ အဲဒီအခါ “လူဆိုးတစ်ယောက်က ခင်ဗျားရဲ့ကလေးကို မကောင်းတာတွေ လုပ်ခိုင်းနေတယ်ဆိုတာ ခင်ဗျားသိသွားတယ်ဆိုပါစို့၊ ခင်ဗျား ဘယ်လိုလုပ်မလဲ။” မိဘက အဲဒီလူဆိုးကို ဒေါသထွက်မှာ သေချာပါတယ်။ နောက်ဆုံး ဥပမာရဲ့ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း နားလည်ဖို့အတွက် ဒီလိုမေးနိုင်ပါတယ်– “လူဆိုးတစ်ယောက်က ကလေးကို မကောင်းတာတွေ လုပ်ခိုင်းနေတယ်ဆိုတာ ခင်ဗျားသိရက်သားနဲ့ ခင်ဗျားကလေးကို အပြစ်ဒဏ်ပေးဖို့ အဲဒီလူဆိုးကို ပြောမလား။” ပြောမှာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ စာတန်ဟာ မကောင်းတာတွေလုပ်အောင် လူတွေကို လွှမ်းမိုးချုပ်ကိုင်နေတယ်။ ဒါကြောင့် အဲဒီလူတွေကို အပြစ်ဒဏ်ပေးဖို့ စာတန်ကို ဘုရားသခင် သုံးမှာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။

မျှတတဲ့အမြင်ရှိပါ

၁၅၊ ၁၆။ (က) လူတိုင်းက နိုင်ငံတော်သတင်းကို လက်ခံမယ်လို့ ကျွန်ုပ်တို့ ဘာကြောင့် မမျှော်လင့်သင့်သလဲ။ (ခ) တခြားသူတွေကို ထိထိရောက်ရောက် သွန်သင်ပေးနိုင်ဖို့ ထူးချွန်တဲ့သွန်သင်သူ ဖြစ်ဖို့လိုသလား။ ရှင်းပြပါ။ (“ဖြေဆိုရာမှာအထောက်အကူပြုတဲ့အရာ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၅ သင့်တော်တဲ့မေးခွန်းတွေမေး၊ အကောင်းဆုံးနည်းနဲ့ ကျိုးကြောင်းဆင်ခြင်ပြီး ကောင်းတဲ့ဥပမာတွေသုံးပေမဲ့ လူတိုင်းကတော့ နိုင်ငံတော်သတင်းကို လက်ခံမှာမဟုတ်ပါဘူး။ (မ. ၁၀:၁၁-၁၄) ယေရှုဟာ မြေကြီးပေါ်အသက်ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံး သွန်သင်သူဖြစ်ပေမဲ့ သူ့ရဲ့သွန်သင်ချက်တွေကို လက်ခံတဲ့သူ နည်းနည်းပဲရှိခဲ့တယ်။—ယော. ၆:၆၆; ၇:၄၅-၄၈။

‘လူအသီးသီးကိုဖြေကြား’ ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါ ကူညီပေးနိုင်ပါတယ်

၁၆ ထူးချွန်တဲ့သွန်သင်သူ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ယူဆတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုဖြစ်နေတယ်ဆိုရင်တောင် အမှုဆောင်လုပ်ငန်းမှာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။ (တမန်တော် ၄:၁၃ ကိုဖတ်ပါ။) “ထာဝရအသက်ကို လိုလားသူအားလုံး” က သတင်းကောင်းကို လက်ခံကြမယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (တ. ၁၃:၄၈) ဒါကြောင့် မျှတတဲ့အမြင်ရှိပါ။ ကျွန်ုပ်တို့ရဲ့သွန်သင်နည်းတွေ ပိုထိရောက်မှုရှိအောင် ကြိုးစားသင့်ပါတယ်၊ ဒါပေမဲ့ သတင်းကောင်းကို လူတွေ လက်မခံတဲ့အခါ စိတ်မပျက်သင့်ဘူး။ ယေဟောဝါနဲ့ ကိုယ်တော်လေ့ကျင့်သွန်သင်ပေးတာတွေကို အားကိုးမယ်ဆိုရင် ကျွန်ုပ်တို့ဟာ ပိုတော်တဲ့သွန်သင်သူတွေဖြစ်လာပါလိမ့်မယ်။ အဲဒါက ကျွန်ုပ်တို့ကိုရော၊ နားထောင်သူကိုပါ အကျိုးခံစားရစေပါလိမ့်မယ်။ (၁ တိ. ၄:၁၆) ‘လူအသီးသီးကိုဖြေကြား’ ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါ ကူညီပေးနိုင်ပါတယ်။ ရွှေပညတ်လို့ခေါ်တဲ့ပညတ်ကို လိုက်နာခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ အောင်မြင်နိုင်ပုံကို နောက်ဆောင်းပါးမှာ လေ့လာပါလိမ့်မယ်။

a အောက်တိုဘာ ၁၊ ၂၀၀၉ ကင်းမျှော်စင် [အင်္ဂလိပ်] မှာပါတဲ့ “ဖန်ဆင်းရှင်ရှိကြောင်း ယုံကြည်နိုင်ပါသလော” ဆောင်းပါးကို ကြည့်ပါ။

ဖြေဆိုရာမှာအထောက်အကူပြုတဲ့အရာ

ဒီဆောင်းပါးမှာပါတဲ့ နမူနာ ဆွေးနွေးခန်းတွေက “အိမ်ရှင်နဲ့စကားစမြည် ပြောဆိုခြင်း” ဆောင်းပါးတွဲတွေထဲက ကောက်နုတ်ထားတာတွေဖြစ်တယ်။ ဒီဆောင်းပါးတွေက လူထုကိုဝေငှတဲ့ ကင်းမျှော်စင်မှာ အခါအားလျော်စွာ ပါလာတယ်။b

အဲဒီဆောင်းပါးတွေက အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုအကူအညီဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ညီအစ်မတစ်ယောက် ဒီလိုစာရေးခဲ့တယ်– “ကျွန်မနဲ့စကားပြောတဲ့သူတွေ မှန်မှန်ကန်ကန်နားလည်ဖို့ ဘယ်လိုလုပ်ရမယ်၊ စဉ်းစားဆင်ခြင်စေတဲ့မေးခွန်းတွေကို ဘယ်လိုမေးရမယ်၊ လူတွေရဲ့အဖြေပေါ်မူတည်ပြီး ဘယ်လို ကျိုးကြောင်းဆင်ခြင်ရမယ်ဆိုတာ အဲဒီဆောင်းပါးတွေကနေ သင်ယူတယ်။ ကျွန်မက အသေးစိတ်သင်ပေးမှ တတ်တဲ့သူမျိုးဖြစ်တယ်။ ‘စကားစမြည် ပြောဆိုခြင်း’ ဆောင်းပါးတွေက အဲဒီအတိုင်းသင်ပေးတယ်။”

ဒီဆောင်းပါးတွဲတွေက ယေဟောဝါ သင်ပေးတဲ့နည်းလမ်းများစွာထဲက တစ်ခုဖြစ်တယ်။ အဲဒါက ကိုယ်တော် ပေးအပ်ထားတဲ့ အရေးကြီးတဲ့အလုပ်ကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ အကူအညီဖြစ်စေတယ်။ (ဆာ. ၃၂:၈) အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ဖို့ ကျွန်ုပ်တို့လိုအပ်တာတွေကို ယေဟောဝါပေးတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။

b အဲဒီအကြောင်းတွေကို အောက်ပါဆောင်းပါးတွေမှာ ဖော်ပြထားတယ်– “သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ” (အောက်တိုဘာ ၁၊ ၂၀၁၀)၊ “ယေရှုက ဘုရားသခင်လား” (ဧပြီ ၁၊ ၂၀၁၂)၊ “လူကောင်းအားလုံး ကောင်းကင်ကို သွားကြသလား” (ဩဂုတ် ၁၊ ၂၀၁၂)၊ “ဘုရားသခင်က လူတွေကို မီးငရဲမှာ အပြစ်ပေးသလား” (အောက်တိုဘာ ၁၊ ၂၀၁၂)၊ “ကျွန်ုပ်တို့ ဆင်းရဲဒုက္ခရောက်နေတာကို ဘုရားသခင် ဂရုပြုမိပါသလား” (ဇူလိုင် ၁၊ ၂၀၁၃)၊ “ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ” (ဇန်နဝါရီ ၁၊ ၂၀၁၄)။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ