ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၀၈-စာ. ၁၁၁ ပိုဒ်. ၄
  • ဂျပန်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျပန်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဂျကာတာမြို့မှာ သဘောထားကွဲလွဲမှုပေါ်ပေါက်
  • မာဒါကာ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၀၈-စာ. ၁၁၁ ပိုဒ်. ၄

အင်ဒိုနီးရှားနိုင်ငံ

ဂျပန်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု

၁၉၄၂ ခုနှစ်အစောပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံဟာ ရက်စက်တဲ့ ဂျပန်စစ်တပ်လက်အောက် ရောက်ခဲ့တယ်။ ညီအစ်ကိုများစွာဟာ လမ်းဖောက်၊ မြောင်းတူး စတဲ့အလုပ်ကြမ်းတွေ လုပ်ရတယ်။ တချို့ကျတော့ စစ်ထဲမဝင်တဲ့အတွက် ညစ်ပတ်ပေရေနေတဲ့ အကျဉ်းထောင်တွေမှာ နှိပ်စက်ညှဉ်းပန်းခံရတယ်။ ညီအစ်ကိုသုံးယောက် ထောင်ထဲမှာ သေဆုံးခဲ့တယ်။

ဂျိုအန်နာ ဟတ်ပ်၊ သမီးနှစ်ယောက်နဲ့ သူတို့ရဲ့သူငယ်ချင်း

ဂျိုဟန်နာ ဟတ်ပ်၊ သမီးနှစ်ယောက်နဲ့ သူတို့ရဲ့သူငယ်ချင်း ဘက် ဂိုဒန်ဇီ (အလယ်)

အရှေ့ဂျာဗားရဲ့ ဝေးလံတဲ့တောင်ပေါ်ဒေသမှာ နေထိုင်သူ ဒတ်ချ်လူမျိုး ညီအစ်မဂျိုဟန်နာ ဟတ်ပ်ဟာ စစ်ဖြစ်ပွားပြီး နှစ်နှစ်လောက်အထိ အဖမ်းမခံရဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး သူနဲ့ သူ့ရဲ့ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ ကယ်တင်ခြင်း စာအုပ်နဲ့ ကင်းမျှော်စင်ကို အင်္ဂလိပ်ကနေ ဒတ်ချ်စကားနဲ့ ဘာသာပြန်တယ်။a ဘာသာပြန်ပြီးသားစာပေတွေကို မိတ္တူကူးပြီး ဂျာဗားကျွန်းက ညီအစ်ကိုညီအစ်မတွေဆီ လျှို့ဝှက်ပို့ပေးခဲ့တယ်။

အဖမ်းမခံရတဲ့ ညီအစ်ကိုညီအစ်မအနည်းငယ်ဟာ အုပ်စုလေးတွေဖွဲ့ပြီး စုဝေးကြတယ်။ ဟောပြောခြင်းလုပ်ငန်းကို သတိရှိရှိ ဆက်လုပ်ကြတယ်။ ညီအစ်မဂျိုစဖင်း အီလီယက်စ် (အရင်နာမည် ဂျိုစဖင်း တန်) အခုလိုပြောပြတယ်– “အလွတ်သဘောသက်သေခံနိုင်ဖို့ ကျွန်မ အမြဲအခွင့်အရေးရှာတယ်။ စိတ်ဝင်စားသူတွေရဲ့ အိမ်ကိုသွားတိုင်း စစ်တုရင်ခုံ ယူသွားတယ်။ ဒီတော့ စစ်တုရင်ကစားတယ်လို့ ထင်ကြတာပေါ့။” ညီအစ်ကိုဖီးလဇ်နဲ့ သူ့ဇနီး ဘိုလာတို့ဟာ ဆပ်ပြာလိုက်ရောင်းတဲ့ပုံစံမျိုးလုပ်ပြီး တစ်အိမ်တက်ဆင်းဟောတယ်။ “ကြောက်စရာကောင်းတဲ့ ဂျပန်ကင်ပေတိုင် သူလျှိုတွေက ကျွန်တော်တို့ကို နောက်ယောင်ခံလိုက်တတ်တယ်။ သူတို့မရိပ်မိအောင် ကျမ်းစာသင်သားတွေဆီ အချိန်ပြောင်းပြီး သွားရတယ်။ စစ်အတွင်းမှာပဲ သင်သားခြောက်ယောက်က ကောင်းကောင်းတိုးတက်လာပြီး နှစ်ခြင်းခံခဲ့တယ်” လို့ ညီအစ်ကိုဖီးလဇ် ပြောပြတယ်။

ဂျကာတာမြို့မှာ သဘောထားကွဲလွဲမှုပေါ်ပေါက်

ညီအစ်ကိုတွေဟာ အခက်အခဲတွေကြား ကြိုးစားရုန်းကန်နေရင်း ကြီးမားတဲ့စမ်းသပ်မှုတစ်ခု ကြုံရပြန်တယ်။ ဂျပန်အာဏာပိုင်တွေက (တရုတ်-အင်ဒိုနီးရှားလူမျိုးအပါအဝင်) နိုင်ငံခြားသားအားလုံး မှတ်ပုံတင်ဖို့၊ ဂျပန်အင်ပါယာကို သစ္စာခံပါ့မယ်လို့ ကျိန်ဆိုထားတဲ့ကတ်ပြား ကိုင်ဆောင်ဖို့ အမိန့်ထုတ်တယ်။ ညီအစ်ကိုတွေက ‘မှတ်ပုံတင်သင့် မတင်သင့်၊ ကတ်ပြားမှာ လက်မှတ်ထိုးသင့် မထိုးသင့်’ ဝေခွဲမရဖြစ်နေတယ်။

ဂျိုစဖင်း အီလီယက်စ် နဲ့ သူ့အစ်ကို ဖီးလဇ်

ဂျိုစဖင်း အီလီယက်စ် နဲ့ သူ့အစ်ကို ဖီးလဇ်

ညီအစ်ကိုဖီးလဇ် အခုလိုပြောပြတယ်– “ဂျကာတာမြို့မှာရှိတဲ့ ညီအစ်ကိုတွေက ဆူကာဘုမိမြို့မှာနေတဲ့ ကျွန်တော်တို့ကို ကတ်ပြားမှာ လက်မှတ်မထိုးဖို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ‘လက်မှတ်ရေးထိုးသူဟာ ဂျပန်စစ်တပ်ကို သစ္စာခံပါတယ်’ ဆိုတဲ့နေရာမှာ ‘လက်မှတ်ရေးထိုးသူဟာ ဂျပန်စစ်တပ်ကို အနှောင့်အယှက်မပေးပါဘူး’ ဆိုတဲ့စကားစုနဲ့ အစားထိုးလို့ရမလားဆိုပြီး အာဏာပိုင်တွေကို မေးကြည့်တယ်။ အံ့ဩစရာက အစားထိုးခွင့်ပြုလိုက်တာပဲ။ ကျွန်တော်တို့အားလုံး ကတ်ပြားတွေ ရလိုက်တယ်။ ဒါကို ဂျကာတာမြို့က ညီအစ်ကိုတွေကြားတော့ ကျွန်တော်တို့ကို အယူဖောက်ပြန်သူတွေလို့ပြောပြီး အဆက်အသွယ်မလုပ်ကြတော့ဘူး။”

ဝမ်းနည်းစရာကတော့ ဂျကာတာမြို့က အစွန်းရောက်လွန်းတဲ့ ညီအစ်ကိုအများစု အဖမ်းခံရပြီး အမှန်တရားကို စွန့်လွှတ်လိုက်တာပဲ။ သူတို့ထဲက တစ်ယောက်ဟာ ညီအစ်ကိုအန်ဒရေ အီလီယက်စ်နဲ့အတူ ထောင်ချခံရတယ်။ ညီအစ်ကိုအန်ဒရေ အခုလိုပြောပြတယ်– “မှတ်ပုံတင်တဲ့ကိစ္စအကြောင်း သူ့ကို အကျိုးအကြောင်းရှင်းပြပြီး မျှတတဲ့အမြင်ရှိလာအောင် ကူညီပေးခဲ့တယ်။ ဒီအခါ ကျွန်တော်တို့ကို အရင်က အဆက်အသွယ်ဖြတ်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါလို့ သူတောင်းပန်တယ်။ ထောင်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အားပေးထောက်မခဲ့တယ်။ ဒါပေမဲ့ ထောင်အခြေအနေ ဆိုးရွားလွန်းတာကြောင့် သူဆုံးသွားရှာတယ်။”

မာဒါကာ

၁၉၄၅ ခုနှစ်မှာ စစ်ကြီးပြီးသွားတဲ့အခါ ညီအစ်ကိုညီအစ်မတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဖို့ ထက်သန်နေကြတယ်။ ထောင်ချခံရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ညီအစ်ကိုတစ်ယောက် ဩစတြေးလျဌာနခွဲကို အခုလိုရေးတယ်– “ခက်ခဲတဲ့လေးနှစ်တာကာလကို ဖြတ်ကျော်ခဲ့ရပေမဲ့ ကျွန်တော် စိတ်ဓာတ်မကျဘူး။ အခက်အခဲတွေ ကြုံရချိန်အတွင်း ညီအစ်ကိုတွေကို အမြဲသတိရနေတယ်။ ကျွန်တော့်ကို စာအုပ်တချို့ ပို့ပေးလို့ရမလား။”

သူတို့ သိပ်လိုချင်နေတဲ့စာပေတွေ မကြာခင်မှာပဲ နိုင်ငံတွင်းကို ရောက်လာတယ်။ အစမှာတော့ နည်းနည်းစီပို့ပေးပြီး နောက်ပိုင်းမှာ အများကြီးပို့ပေးခဲ့တယ်။ ကြေညာသူဆယ်ယောက်က ဂျကာတာမြို့မှာ အင်ဒိုနီးရှားစကားနဲ့ စာပေတွေကို ဘာသာပြန်ခဲ့တယ်။

၁၉၄၅၊ ဩဂုတ် ၁၇ ရက်မှာ အင်ဒိုနီးရှားတော်လှန်ရေးခေါင်းဆောင်တွေက အင်ဒိုနီးရှားနိုင်ငံကို လွတ်လပ်တဲ့သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်တဲ့အတွက် ဒတ်ချ်ကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လေးနှစ်ကြာတော်လှန်ရေး စဖြစ်ပွားတယ်။ လူထောင်ချီအသတ်ခံရပြီး ခုနစ်သန်းကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်။

တော်လှန်ရေးဖြစ်နေပေမဲ့ ညီအစ်ကိုတွေဟာ တစ်အိမ်တက်ဆင်း ဆက်ဟောကြတယ်။ ညီအစ်မဂျိုစဖင်း အခုလိုပြောတယ်– “မျိုးချစ်တော်လှန်ရေးသမားတွေက ကျွန်မတို့ကို ‘မာဒါကာ’ (အဓိပ္ပာယ် ‘လွတ်လပ်ရေး’) ဆိုပြီး ကြွေးကြော်ဖို့ ဖိအားပေးတယ်။ ဒါပေမဲ့ ကျွန်မတို့က နိုင်ငံရေးကိစ္စမှာ ကြားနေတယ်လို့ သူတို့ကို ပြောပြခဲ့တယ်။” ၁၉၄၉ ခုနှစ်မှာ ဒတ်ချ်တွေက လွတ်လပ်ရေးပေးလိုက်တဲ့အတွက် အင်ဒိုနီးရှားပြည်ထောင်စုသမ္မတနိုင်ငံ (အခု အင်ဒိုနီးရှားသမ္မတနိုင်ငံ) ကို ထူထောင်နိုင်ခဲ့တယ်။b

၁၉၅၀ ပြည့်နှစ်ရောက်တဲ့အခါ ညီအစ်ကိုတွေဟာ ပဋိပက္ခအမျိုးမျိုး ကြုံခဲ့ရတာ ဆယ်နှစ်နီးပါးရှိပြီ။ ဒါပေမဲ့ သူတို့ကို ကြီးမားတဲ့လုပ်ငန်း စောင့်ကြိုနေတယ်။ အင်ဒိုနီးရှားနိုင်ငံက လူသန်းပေါင်းများစွာဆီ သတင်းကောင်းပျံ့နှံ့အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။ လူ့ရှုထောင့်ကကြည့်ရင် မဖြစ်နိုင်ပုံပဲ။ ဒါပေမဲ့ ‘လုပ်သားတွေကို’ ယေဟောဝါ ‘စေလွှတ်ပေး’ မယ်ဆိုတာ အပြည့်အဝယုံကြည်ပြီး ဆက်လုပ်ဆောင်ခဲ့ကြတယ်။ (မ. ၉:၃၈) ယေဟောဝါ ဘာလုပ်ပေးခဲ့လဲဆိုတာ ကြည့်ရအောင်။

a ညီအစ်မဟတ်ပ်ရဲ့ သမီးအငယ်ဆုံး ဟာမီနာ (မီမီ) က စစ်ပြီးနောက် ဂိလဒ်သင်တန်းတက်ပြီး အင်ဒိုနီးရှားနိုင်ငံမှာပဲ သာသနာပြုအဖြစ် အမှုဆောင်ခဲ့တယ်။

b ဒတ်ချ်တွေဟာ ၁၉၆၂ ခုနှစ်အထိ အနောက်ပါပူဝါ (အရင်အခေါ် အနောက်နယူးဂီနီ) ကို ဆက်အုပ်ချုပ်ခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ