ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb13 စာ. ၇၈-၁၇၃
  • မြန်မာနိုင်ငံ (ဗမာပြည်)

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြန်မာနိုင်ငံ (ဗမာပြည်)
  • ၂၀၁၃ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဟောပြောခြင်းလုပ်ငန်း အစပြု
  • “ရေချယ်ရေ၊ ကိုယ်တော့ အမှန်တရားကိုတွေ့ပြီ”
  • ရဲဝံ့စွန့်စား ရှေ့ဆောင်များ
  • သမိုင်းတွင်ခဲ့တဲ့ စည်းဝေးကြီး
  • ဦးဆုံး ကရင်လူမျိုးသက်သေခံများ
  • ဒုတိယကမ္ဘာစစ်အတွင်း အခက်အခဲများ
  • ဝမ်းသာအားရ ပြန်ပေါင်းဆုံကြ
  • ဦးဆုံးဂိလဒ်သာသနာပြုများ ရောက်လာ
  • ပြည်တွင်းစစ် စပြီ
  • ဗမာစကားနဲ့ ဟောပြောသွန်သင်ခြင်း
  • မန္တလေးမှာ သီးပွင့်ဖြစ်ထွန်း
  • သာသနာပြုတွေ မောင်းထုတ်ခံရ
  • ချင်းပြည်နယ်မှာ ဟောပြောခြင်းလုပ်ငန်းတိုးချဲ့
  • ‘တောင်တွေကို တက်နိုင်ပြီ’
  • “မြစ်ကြီးနားမှာ ‘သိုး’ တစ်ကောင်မှမရှိဘူး”
  • မီးရထားတွဲတွေ ကျန်ရစ်ခဲ့
  • နာဂလူမျိုးတွေကို ဟောပြောခြင်း
  • “ရွှေတြိဂံ” မှာကြုံရတဲ့ဆန့်ကျင်မှု
  • နိုင်ငံရေးမှာ လုံးလုံးကြားနေခြင်း
  • စစ်မှုထမ်းများ ခရစ်ယာန်ဖြစ်လာ
  • “လူအမျိုးမျိုး” နဲ့ကျိုးကြောင်းဆင်ခြင်ကြ
  • အရေးအခင်းကာလမှာကျင်းပတဲ့ စည်းဝေးကြီးများ
  • ခရစ်ယာန်အစည်းအဝေးတွေကို လျစ်လျူမရှုကြ
  • ပုံနှိပ်ထုတ်ဝေမှု တိုးတက်လာ
  • ဌာနခွဲရုံးသစ် လိုအပ်လာ
  • ‘တန်ခိုးအာဏာကြောင့်မဟုတ်၊ ငါ့စွမ်းအားတော်ကြောင့်’
  • ဝတ်ပြုရာခန်းမသစ်များ ဆောက်လုပ်ခြင်း
  • သာသနာပြုတွေရောက်ရှိလာ
  • ကောင်းတဲ့ပုံသက်သေက များစွာအကျိုးပြု
  • ဘာသာပြန်အရည်အသွေးတိုးတက်လာခြင်းက အကျိုးကျေးဇူးရရှိစေ
  • နာဂစ်မုန်တိုင်း
  • မေ့မရနိုင်တဲ့ဖြစ်ရပ်တစ်ခု
  • ‘ရိတ်သိမ်းဖို့ စပါးမှည့်ဝင်းနေ’
၂၀၁၃ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb13 စာ. ၇၈-၁၇၃
[စာမျက်နှာ ၇၈၊ ၇၉ ပါ ရုပ်ပုံ]

မြန်မာနိုင်ငံ (ဗမာပြည်)

မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံကြားမှာတည်ရှိပြီး စိတ်ဝင်စားစရာကွဲပြားခြားနားမှုအမျိုးမျိုးရှိတဲ့နိုင်ငံဖြစ်တယ်။a မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ၊ လူစည်ကားတဲ့စျေးဆိုင်တွေရှိပြီး ယာဉ်ကြောတွေ ရှုပ်ယှက်ခတ်နေတယ်။ ဒါပေမဲ့ မြို့ပြရဲ့အခြားတစ်ဖက်က ကျေးလက်ဒေသတွေမှာတော့ လူတွေဟာ ကျွဲနွားတွေနဲ့လယ်ထွန်ဆဲ၊ နိုင်ငံခြားသားတွေကို တအံ့တသြငေးကြည့်ဆဲ၊ အချိန်နာရီတွေကိုထည့်မတွက်ဘဲ အေးအေးဆေးဆေးနေတတ်ဆဲပါပဲ။

[စာမျက်နှာ ၇၈၊ ၇၉ ပါ ရုပ်ပုံ]

အခုခေတ်မြန်မာနိုင်ငံဟာ တစ်ချိန်တုန်းကအာရှတိုက်ရဲ့အခြေအနေကို ထင်ဟပ်နေတယ်။ ဘတ်စကားစုတ်တွေက ကောက်ပဲသီးနှံတွေကို စျေးထဲသယ်သွားနေတဲ့ နွားလှည်းတွေ၊ လယ်ကွင်းထဲမှာ ကျွဲနွားအုပ်တွေထိန်းကျောင်းနေတဲ့ နွားကျောင်းသားတွေကို ဖြတ်ကျော်ပြီး ချိုင့်ခွက်ပေါတဲ့လမ်းပေါ်မှာ ခုန်ဆောင့်သွားလာနေတယ်။ မြန်မာအမျိုးသားအများစုက ပုဆိုးဝတ်ကြတယ်။ အမျိုးသမီးတွေက မိတ်ကပ်အဖြစ် သနပ်ခါးလိမ်းကြတယ်။ မြန်မာလူမျိုးဟာ ဘာသာတရားကိုင်းရှိုင်းတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုန်းကြီးတွေကို အကျော်အမော်တွေထက်တောင် ပိုကြည်ညိုလေးမြတ်ကြတယ်။ စေတီပုထိုးတွေမှာ နေ့တိုင်း ရွှေဆိုင်းတွေကပ်လှူပူဇော်ကြတယ်။

မြန်မာလူမျိုးက သိမ်မွေ့ ညင်သာတယ်။ ထောက်ထားစာနာတတ်တယ်။ တခြားသူတွေအကြောင်းကို စိတ်ဝင်တစားရှိကြတယ်။ နိုင်ငံမှာ အဓိကလူမျိုးစုရှစ်စုနဲ့ လူမျိုးစုငယ် ၁၂၇ စုထက်မနည်း နေထိုင်ကြတယ်။ လူမျိုးစုတိုင်းမှာ ကိုယ်ပိုင်ဘာသာစကား၊ ရိုးရာဝတ်စုံ၊ ရိုးရာအစားအစာနဲ့ ယဉ်ကျေးမှုတွေရှိတယ်။ ရေခဲဖုံးနေတဲ့ဟိမဝန္တာတောင်တန်းတွေကနေ မြစ်ဖျားခံပြီး ပူနွေးတဲ့အန်ဒမန်ပင်လယ်ထဲ စီးဝင်သွားတဲ့ မိုင် ၁,၃၅၀ ရှည်တဲ့ ဧရာဝတီမြစ်ကြီးတစ်လျှောက် အလယ်ပိုင်းမြေပြန့်ဒေသမှာ လူအများစု နေထိုင်ကြတယ်။ ကျန်တဲ့လူသန်းပေါင်းများစွာကတော့ ကျယ်ပြန့်တဲ့ကမ်းရိုးတန်းဒေသတစ်လျှောက်နဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနယ်စပ်မှာရှိတဲ့ ကုန်းမြင့်ဒေသတစ်လျှောက်မှာ နေထိုင်ကြတယ်။

[Maps on page 81]

မြန်မာနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ နှစ်ပေါင်း ၁၀၀ နီးပါး မယိမ်းယိုင်တဲ့ယုံကြည်ခြင်းနဲ့ခံနိုင်ရည်တင်ပြရာမှာ သမိုင်းတင်ခဲ့ကြတယ်။ ရက်စက်တဲ့အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေချိန်မှာ ကြားနေခဲ့ကြတယ်။ (ယော. ၁၇:၁၄) အခက်အခဲတွေ၊ ဘာသာရေးဆန့်ကျင်မှုတွေ၊ နိုင်ငံတကာကညီအစ်ကိုညီအစ်မတွေနဲ့ ဆက်သွယ်ရခက်ခဲမှုတွေရှိနေတဲ့ကြားမှာ ယေဟောဝါရဲ့လူမျိုးက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မမောနိုင်မပန်းနိုင်ဟောပြောခဲ့ကြတယ်။ ဆက်ဖော်ပြမယ့်အကြောင်းအရာတွေဟာ သူတို့ရဲ့ အားရစရာအတွေ့အကြုံတွေဖြစ်တယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဟာ နှစ်ပေါင်း ၁၀၀ နီးပါး မယိမ်းယိုင်တဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်တင်ပြရာမှာ သမိုင်းတင်ခဲ့ကြ

ဟောပြောခြင်းလုပ်ငန်း အစပြု

သမိုင်းတွင်တဲ့ ၁၉၁၄ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးနှစ်ယောက်က မီးသင်္ဘောပေါ်ကနေ ရန်ကုန်မြို့ရဲ့ မွန်းကျပ်ပူပြင်းလှတဲ့ဆိပ်ကမ်းပေါ် ဆင်းလာကြတယ်။ ဟန်ဒရီခါမီကယ်နဲ့ သူ့ရဲ့တွဲဖက်ရှေ့ဆောင်က ခက်ခဲတဲ့တာဝန်ဖြစ်တဲ့ ဟောပြောခြင်းလုပ်ငန်းကို ဗမာပြည်မှာအစပြုဖို့ အိန္ဒိယကနေ ရောက်လာတာဖြစ်တယ်။ သူတို့ရဲ့ရပ်ကွက်ကတော့ တစ်နိုင်ငံလုံးပဲ။

“ကမ္ဘာသစ်ကိုလည်း ကိုယ်စားဝင်ခိုင်းချင်ရင်တော့ ရပါတယ်”

[စာမျက်နှာ ၈၄ ပါ ဇယား]

ဟန်ဒရီနဲ့သူ့ရဲ့အဖော်က ရန်ကုန်မှာစဟောတဲ့အခါ သတင်းကောင်းကိုသိပ်စိတ်ဝင်စားတဲ့ အင်္ဂလို-အိန္ဒိယအမျိုးသားနှစ်ယောက်ကို တွေ့ခဲ့တယ်။b အဲဒီအမျိုးသားနှစ်ယောက်ဖြစ်တဲ့ ဘားထရမ်မာစလင်းနဲ့ ဗာနန်ဖရန့်ချ်တို့က အမည်ခံခရစ်ယာန်တွေနဲ့ ချက်ချင်းအဆက်အသွယ်ဖြတ်လိုက်ပြီး မိတ်ဆွေတွေကို စသက်သေခံတော့တယ်။ မကြာခင် လူ ၂၀ လောက်က ညီကိုဘားထရမ်ရဲ့အိမ်မှာ ကင်းမျှော်စင်စာပေနဲ့ကျမ်းစာလေ့လာဖို့ ပုံမှန်တွေ့ဆုံကြတယ်။c

[ရုပ်ပုံ]

၁၉၃၂ ခုနှစ်မှာ ရန်ကုန်မှာရှိတဲ့ကြေညာသူများ

၁၉၂၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံက အင်္ဂလိပ်လူမျိုး ရှေ့ဆောင်နောက်တစ်ယောက်ဖြစ်တဲ့ ဂျော့ချ်ရိုက် ဗမာပြည်ကိုရောက်လာတယ်။ သူက ငါးလအတွင်း တစ်နိုင်ငံလုံးကိုလှည့်လည်ပြီး ကျမ်းစာစာပေအမြောက်အမြား ဝေငှခဲ့တယ်။ အဲဒီအမှန်တရားမျိုးစေ့တွေထဲမှာ ၁၉၂၀ မှာထုတ်ဝေခဲ့တဲ့ ယနေ့အသက်ရှင်သူ လူသန်းပေါင်းများစွာ ဘယ်တော့မျှမသေတော့ ဆိုတဲ့စာအုပ်ငယ်ပါဝင်တယ်။ အဲဒီစာအုပ်က ဗမာစကားနဲ့ ဦးဆုံးဘာသာပြန်ဆိုခဲ့တဲ့စာအုပ်ဖြစ်တယ်။

နှစ်နှစ်ကြာပြီးတဲ့နောက် ရှေ့ဆောင်တွေဖြစ်တဲ့ ကလော့ဒ်ဂွတ်မန်းနဲ့ ရော်နယ်တိပင်တို့ ရန်ကုန်ကိုရောက်လာတယ်။ ညီအစ်ကိုညီအစ်မအုပ်စုငယ်လေးဟာ အစည်းအဝေးတွေကို သစ္စာရှိရှိကျင်းပနေပေမဲ့ ဟောပြောခြင်းလုပ်ငန်းကိုတော့ စနစ်တကျမလုပ်ဆောင်ရသေးတာကို သူတို့တွေ့လိုက်ရတယ်။ “တနင်္ဂနွေနေ့တိုင်း အမှုဆောင်ထွက်ဖို့ လာပါဆိုပြီး ညီအစ်ကိုညီအစ်မတွေကို ကျွန်တော်တို့အားပေးခဲ့တယ်။ ညီကိုတစ်ယောက်က ရှေ့ဆောင်တွေကို ငွေကြေးထောက်ပံ့ပေးပြီး ကိုယ်စားဟောခိုင်းလို့ရမလားလို့ မေးတယ်။ အဲဒီအခါ ရော်နယ်က‘ကမ္ဘာသစ်ကိုလည်း ကိုယ်စားဝင်ခိုင်းချင်ရင်တော့ ရပါတယ်’ဆိုပြီးပြန်ဖြေလိုက်တယ်” လို့ ကလော့ဒ်ပြောပြတယ်။ ဒီအုပ်စုလိုအပ်နေတာက အဲဒီလိုတဲ့တိုးကျတဲ့အားပေးစကားပဲ။ မကြာခင်မှာ ကလော့ဒ်နဲ့ရော်နယ်ဟာ ဟောပြောဖော်တွေအများကြီးရလာတယ်။

“ရေချယ်ရေ၊ ကိုယ်တော့ အမှန်တရားကိုတွေ့ပြီ”

အဲဒီနှစ်မှာပဲ ရော်နယ်နဲ့ကလော့ဒ်က ရန်ကုန်မီးရထားရုံပိုင်ချုပ်ဖြစ်တဲ့ ဆစ်ဒနီကူ့တ်နဲ့ တွေ့ခဲ့တယ်။ ဆစ်ဒနီက သက်တံရောင်စုံစာအုပ်တွဲလို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့ရောင်စုံစာအုပ်ဆယ်အုပ်ကို လက်ခံခဲ့တယ်။ စာအုပ်တစ်အုပ်ရဲ့အပိုင်းတချို့ကို ဖတ်ပြီးတဲ့နောက် ဆစ်ဒနီက သူ့မိန်းမကို “ရေချယ်ရေ၊ ကိုယ်တော့ အမှန်တရားကိုတွေ့ပြီ” လို့ပြောခဲ့တယ်။ သိပ်မကြာခင်မှာ သူ့ရဲ့မိသားစုတစ်စုလုံး ယေဟောဝါကိုကိုးကွယ်တဲ့သူတွေဖြစ်လာကြတယ်။

ဆစ်ဒနီဟာ ကျမ်းစာကို ထက်ထက်သန်သန်လေ့လာသူဖြစ်တယ်။ သူ့သမီး နော်မာဘာဘာက အခု ဗြိတိန်ဌာနခွဲမှာ အမှုဆောင်နေတဲ့ သက်တမ်းကြာသာသနာပြုတစ်ယောက်ဖြစ်တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မအဖေက ကိုယ်ပိုင်ကျမ်းချက်ရည်ညွှန်းစာအုပ်တစ်အုပ် ရေးထားတယ်။ ကျမ်းစာသွန်သင်ချက်တစ်ခုကို ရှင်းပြတဲ့ ကျမ်းချက်တစ်ချက်တွေ့တိုင်း အဲဒီစာအုပ်ထဲမှာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ရေးမှတ်ထားတယ်။ သူက အဲဒီစာအုပ်ကို ‘ဘယ်မှာပါလိမ့်’ လို့နာမည်ပေးခဲ့တယ်။”

[စာမျက်နှာ ၈၇ ပါ လေးထောင့်ကွက်]

ဆစ်ဒနီကူ့တ်(အလယ်)ဟာ ကျမ်းစာကို ထက်ထက်သန်သန်လေ့လာသူဖြစ်တယ်။ သူနဲ့ သူ့ဇနီးရေချယ်(ဘယ်)ဟာ တခြားသူတွေကို ကျမ်းစာအကြောင်း ဝေမျှခဲ့

ဆစ်ဒနီဟာ ကျမ်းစာကိုလေ့လာချင်စိတ်ရှိရုံသာမက တခြားသူတွေကိုလည်း အဲဒီအကြောင်းတွေကို ပြောပြချင်စိတ်ရှိတယ်။ ဒါကြောင့် သူက အိန္ဒိယဌာနခွဲကို စာရေးပြီး ဗမာပြည်မှာ သက်သေခံတွေရှိမရှိ မေးတယ်။ မကြာခင်မှာ စာအုပ်သေတ္တာတစ်လုံးနဲ့အတူ နာမည်စာရင်းတွေကိုပါ ရခဲ့တယ်။ နော်မာ ဒီလိုပြောပြတယ်– “အဖေက နာမည်စာရင်းမှာပါတဲ့သူယောက်တိုင်းကို စာရေးပြီး သူ့ဆီ တစ်ရက်လောက်လာလည်ဖို့ ဖိတ်ခေါ်တယ်။ နောက်ပိုင်းမှာ ကျွန်မတို့အိမ်ကို ညီအစ်ကိုငါးယောက်ခြောက်ယောက်လောက် ရောက်လာပြီး ဘယ်လိုသက်သေခံရမယ်ဆိုတာ သင်ပေးတယ်။ ကျွန်မရဲ့မိဘတွေက အချိန်ဖြုန်းမနေဘဲ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေကို စာပေတွေချက်ချင်းဝေငှတော့တယ်။ ဆွေမျိုးအားလုံးဆီကိုလည်း စာရေးပြီး စာအုပ်တွေပို့ပေးလိုက်တယ်။”

မန္တလေးမှာနေတဲ့ ဆစ်ဒနီရဲ့အစ်မ ဒေစီဒီဆူဇာက သူ့ရဲ့စာနဲ့ ဘုရားသခင့်နိုင်ငံတော်၊ ဤလောက၏မျှော်လင့်ချက် ဆိုတဲ့စာအုပ်ငယ်ကိုရရှိတဲ့အခါ ချက်ချင်းစာပြန်ရေးပြီး ကျမ်းစာနဲ့နောက်ထပ်စာအုပ်တွေကို တောင်းခဲ့တယ်။ သူ့သမီး ဖီးလစ္စတစာတော့စ် ဒီလိုပြောပြတယ်– “အမေက အပျော်ကြီးပျော်ပြီး အဲဒီစာအုပ်တွေကို မိုးလင်းပေါက်ဖတ်တော့တယ်။ ပြီးတဲ့နောက် ကျွန်မတို့သားသမီးခြောက်ယောက်ကိုခေါ်ပြီး ‘အမှန်တရားကို အမေတွေ့ပြီ။ ဒါကြောင့် ကက်သလစ်ချာ့ချ်ကနေ နုတ်ထွက်တော့မယ်’ လို့ပြောလိုက်တယ်။” နောက်ပိုင်းမှာ ဒေစီရဲ့အမျိုးသားနဲ့ သားသမီးတွေလည်း အမှန်တရားကို လက်ခံခဲ့ကြတယ်။ အခုအချိန်မှာ ဒီဆူဇာရဲ့မျိုးဆက်လေးဆက်က ယေဟောဝါဘုရားသခင်ကို သစ္စာရှိရှိဝတ်ပြုနေကြတယ်။

ရဲဝံ့စွန့်စား ရှေ့ဆောင်များ

၁၉၃၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ ဇွဲထက်သန်တဲ့ရှေ့ဆောင်တွေဟာ မြန်မာပြည်မြောက်ပိုင်းရဲ့အဓိကမီးရထားလမ်းဖြစ်တဲ့ ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းတစ်လျှောက်မှာ သတင်းကောင်းဖြန့်ဝေခဲ့ကြတယ်။ မြစ်ကြီးနားမြို့ဟာ တရုတ်ပြည်နယ်စပ်နားမှာရှိတယ်။ သူတို့က ရန်ကုန်မြို့ရဲ့ အရှေ့ဘက်နဲ့အနောက်ဘက်ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ မော်လမြိုင်နဲ့စစ်တွေမှာလည်း ဟောပြောခဲ့ကြတယ်။ ရလဒ်အနေနဲ့ မော်လမြိုင်နဲ့မန္တလေးမှာ အသင်းတော်ငယ်လေးတွေ ရှိလာတယ်။

၁၉၃၈ ခုနှစ်မှာ ဗမာပြည်ရဲ့ဟောပြောခြင်းလုပ်ငန်းကို အိန္ဒိယဌာနခွဲကမဟုတ်တော့ဘဲ ဩစတြေးလျဌာနခွဲက တာဝန်ယူကြီးကြပ်ခဲ့တယ်။ ဒါကြောင့် ဩစတြေးလျနဲ့ နယူးဇီလန်ကရှေ့ဆောင်တွေ ဗမာပြည်ကိုရောက်လာတယ်။ အဲဒီအားထားရတဲ့ရှေ့ဆောင်တွေထဲမှာ ဖရက်ဒ်ပါတန်၊ ဟက်တာအုတ်စ်၊ ဖရန့်ခ်ဂျူးဝါး၊ မစ်အန်ဂယ်နဲ့ စတူးဝပ်ကယ်တီတို့ပါတယ်။ အဲဒီညီအစ်ကိုအားလုံးဟာ ရှေ့ဆောင်ဆိုတဲ့အတိုင်း တကယ့်ကိုရှေ့ဆောင်လမ်းပြဖြစ်ခဲ့ကြတယ်။

[စာမျက်နှာ ၈၉ ပါ လေးထောင့်ကွက်]

ဖရန့်ခ်ဂျူးဝါး

ဖရက်ဒ်ပါတန် ဒီလိုပြောပြတယ်– “ဗမာပြည်မှာနေခဲ့တဲ့ လေးနှစ်အတွင်း တစ်နိုင်ငံလုံးနီးပါးမှာ ကျွန်တော်ဟောခဲ့တယ်။ လမ်းခရီးမှာ ငှက်ဖျား၊ တိုက်ဖွိုက်၊ ဝမ်းရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေ ကြုံခဲ့ရတယ်။ တစ်ခါတလေ တစ်နေ့လုံးဟောပြီးတဲ့နောက် ညအိပ်ဖို့တောင် နေရာမရှိဘူး။ ဒါပေမဲ့ ယေဟောဝါက ကျွန်တော့်လိုအပ်ရာတွေကို အမြဲဖြည့်ဆည်းပေးပြီး စွမ်းအားတော်တန်ခိုးနဲ့ ဆက်ဟောနိုင်ဖို့ ကူညီပေးခဲ့တယ်။” အကြမ်းခံတဲ့ နယူးဇီလန်သား ဖရန့်ခ်ဂျူးဝါး ဒီလိုပြောတယ်– “ဓားပြတွေ၊ သောင်းကျန်းသူတွေ၊ ကြီးကျယ်တဲ့အရာရှိတွေနဲ့ ကျွန်တော်ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယဉ်ကျေးသိမ်မွေ့မယ်၊ နှိမ့်ချမယ်၊ အကျိုးသင့်အကြောင်းသင့်ရှိမယ်ဆိုရင် အတားအဆီးတွေကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ်။ သိပ်မကြာခင်မှာ လူအတော်များများက ယေဟောဝါသက်သေတွေဟာ အန္တရာယ်ပေးမယ့်သူတွေမဟုတ်မှန်း သိလာကြတယ်။”

အဲဒီရှေ့ဆောင်တွေဟာ ဒေသခံတွေကို အထင်သေးဆက်ဆံတတ်တဲ့ တခြားနိုင်ငံခြားသားတွေနဲ့ လုံးဝကွာခြားပါတယ်။ အဲဒီရှေ့ဆောင်တွေက လူတွေကို တလေးတစားနဲ့ မေတ္တာရှေ့ထားပြီး ဆက်ဆံကြတယ်။ သူတို့ရဲ့ကြင်နာတတ်တဲ့အပြုအမူကို နှိမ့်ချတဲ့ဗမာလူမျိုးတွေ သဘောကျကြတယ်။ ဗမာလူမျိုးတွေက တဲ့တိုးပြောတာ၊ ငြင်းခုံတာတွေထက် ယဉ်ကျေးသိမ်မွေ့စွာနဲ့ သွယ်ဝိုက်ပြောတာကို ပိုနှစ်သက်ကြတယ်။ ရှေ့ဆောင်တွေက သူတို့ရဲ့အပြောအဆိုအပြုအမူတွေအားဖြင့် ယေဟောဝါသက်သေတွေဟာ စစ်မှန်တဲ့ခရစ်ယာန်တွေဖြစ်တယ်ဆိုတာ သက်သေပြခဲ့ကြတယ်။​—ယော. ၁၃:၃၅။

သမိုင်းတွင်ခဲ့တဲ့ စည်းဝေးကြီး

ရှေ့ဆောင်တွေရောက်လာပြီးနောက် လအတော်ကြာတဲ့အခါ ဩစတြေးလျဌာနခွဲက ရန်ကုန်မှာ စည်းဝေးကြီးကျင်းပဖို့ စီစဉ်တယ်။ စည်းဝေးကျင်းပမယ့်နေရာအဖြစ် ရန်ကုန်မြို့တော်ခန်းမကို ရွေးချယ်လိုက်တယ်။ အဲဒီခန်းမက စကျင်ကျောက်လှေကားတွေ၊ ကြေးတံခါးကြီးတွေနဲ့ နန်းတော်တမျှခမ်းနားလှတယ်။ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူကနေ စည်းဝေးကြီးကိုယ်စားလှယ်တွေရောက်လာကြတယ်။ ဩစတြေးလျဌာနခွဲအမှုထမ်းဖြစ်တဲ့ အဲလက်စ်မက်ဂီလာဗရေးကလည်း ဆစ်ဒနီမြို့ကနေ ညီအစ်ကိုညီအစ်မတချို့ကို ခေါ်လာတယ်။

တိုင်းပြည်မှာ စစ်ရိပ်တွေသန်းနေပေမဲ့ “ကမ္ဘာချီစစ်ပွဲနီးပြီ” လို့ခေါင်းစဉ်ရှိတဲ့ လူထုဟောပြောချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ကြေညာခဲ့ကြတယ်။ အဲဒါကို လူတွေ အကြီးအကျယ်စိတ်ဝင်စားလာတယ်။ ဖရက်ဒ်ပါတန် ဒီလိုပြောပြတယ်– “ခန်းမထဲမှာ လူတွေ ဒီလောက်မြန်မြန်ပြည့်သွားတာ ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး။ အရှေ့တံခါးတွေကို ဖွင့်လိုက်တာနဲ့ လူတွေက လှေကားတွေကတစ်ဆင့် ခန်းမထဲကို ကြိတ်ကြိတ်တိုး ဝင်လာကြတယ်။ ဆယ်မိနစ်တောင် မပြည့်သေးခင် လူ ၁,၀၀၀ ကျော်က ထိုင်ခုံ ၈၅၀ ပဲရှိတဲ့ခန်းမထဲမှာ ပြည့်ကျပ်သွားတယ်။” “လူအုပ်တွေ တိုးဝှေ့ဝင်လာလို့ အရှေ့တံခါးတွေကို ကျွန်တော်တို့ပိတ်လိုက်ရတယ်။ အပြင်ဘက်မှာ နောက်ထပ် လူ ၁,၀၀၀ လောက်ကျန်နေသေးတယ်။ ဒါတောင် လူငယ်တချို့က ဘေးတံခါးလေးတွေကနေ တိုးဝင်လာကြတယ်” လို့ ဖရန့်ခ်ဂျူးဝါး ပြောပြတယ်။

ညီအစ်ကိုတွေဟာ လူတွေရဲ့စိတ်ဝင်စားမှုကြောင့်သာမက ဒေသခံတိုင်းရင်းသားတွေအများကြီးပါဝင်တဲ့ ပရိသတ်ကြောင့်ပါ အံ့အားသင့်ခဲ့ရတယ်။ အဲဒီအချိန်အထိ ဒေသခံလူနည်းစုကပဲ အမှန်တရားကိုစိတ်ဝင်စားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံအများစုက ဘာသာတရားကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြလို့ပဲ။ ဒေသခံခရစ်ယာန်တွေဖြစ်တဲ့ (များသောအားဖြင့် ကရင်၊ ကချင်နဲ့ချင်းလူမျိုးတွေက) သတင်းကောင်းမရောက်သေးတဲ့ ရပ်ဝေးဒေသတွေမှာ နေထိုင်ကြတယ်။ ဒီတိုင်းရင်းသားလယ်ကွင်းက ရိတ်သိမ်းဖို့ ဝင်းမှည့်နေပုံပဲ။ မကြာခင်၊ ကျမ်းစာမှာကြိုပြောထားတဲ့ လူအမျိုးမျိုးပါဝင်တဲ့ “လူအုပ်ကြီး” ထဲမှာ ဗမာပြည်ကတိုင်းရင်းသားတွေလည်း ပါဝင်လာတယ်။—ဗျာ. ၇:၉။

ဦးဆုံး ကရင်လူမျိုးသက်သေခံများ

[စာမျက်နှာ ၉၂ ပါ လေးထောင့်ကွက်]

ဦးဆုံးကရင်လူမျိုး သက်သေခံတွေဖြစ်တဲ့ ချူးမေ “ဒေစီ”(ဘယ်)နဲ့ နှင်းမေ “လီလီ”(ညာ)

၁၉၄၀ မှာ ရူဘီဂေါ့ဖ်ဆိုတဲ့ရှေ့ဆောင်ညီမဟာ ရန်ကုန်မြို့စွန်မှာရှိတဲ့ အင်းစိန်မှာ ဟောပြောခဲ့တယ်။ အဲဒီနေ့မှာ စိတ်ဝင်စားသူတစ်ယောက်မှ မတွေ့တဲ့အတွက် ရူဘီက “ယေဟောဝါ၊ အိမ်မပြန်ခင် ‘သိုး’ တစ်ကောင်လောက်နဲ့ တွေ့ပါရစေ” ဆိုပြီးဆုတောင်းလိုက်တယ်။ နောက်တစ်အိမ်မှာပဲ ဒေါ်မွှေးကြိုင်လို့ခေါ်တဲ့ ကရင်နှစ်ခြင်းခရစ်ယာန်တစ်ယောက်နဲ့တွေ့ခဲ့တယ်။ သူက နိုင်ငံတော်သတင်းကို ကောင်းကောင်းနားထောင်တယ်။ မကြာခင်မှာ ဒေါ်မွှေးကြိုင်နဲ့ သမီးတွေဖြစ်တဲ့ ချူးမေ(ဒေစီ) နဲ့ နှင်းမေ(လီလီ)တို့က ကျမ်းစာလေ့လာပြီး ကောင်းကောင်းတိုးတက်လာတယ်။ သိပ်မကြာခင် ဒေါ်မွှေးကြိုင် ဆုံးသွားပေမဲ့ နောက်ပိုင်းမှာ သမီးငယ်လီလီက ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံပြီး ဦးဆုံးကရင်လူမျိုးသက်သေခံဖြစ်လာတယ်။ ဒေစီလည်း နှစ်ခြင်းခံခဲ့တယ်။

လီလီနဲ့ဒေစီက ဇွဲထက်သန်တဲ့ရှေ့ဆောင်တွေဖြစ်လာပြီး တည်မြဲတဲ့အမွေအနှစ်ကို ချန်ရစ်ခဲ့ကြတယ်။ အခု၊ ရာနဲ့ချီရှိတဲ့ သူတို့ရဲ့သားစဉ်မြေးဆက်နဲ့ကျမ်းစာသင်သားတွေက မြန်မာနိုင်ငံမှာရော တိုင်းတစ်ပါးမှာပါ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နေကြတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အခက်အခဲများ

၁၉၃၉ ခုနှစ်ရောက်တော့ ဥရောပမှာ ဒုတိယကမ္ဘာစစ်စတင်တဲ့အတွက် ကမ္ဘာတစ်ခုလုံး ဂယက်ရိုက်သွားတယ်။ စစ်ဒဏ်တွေ ပိုပြင်းထန်လာတဲ့ကြားထဲ အမည်ခံခရစ်ယာန်ဓမ္မဆရာတွေက ကျွန်တော်တို့ရဲ့စာပေတွေကို ပိတ်ပင်ဖို့ ကိုလိုနီအစိုးရကို ဖိအားပေးခဲ့တယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့ စာအုပ်ဂိုဒေါင်ကိုကြီးကြပ်ရတဲ့ မစ်အန်ဂယ်က အမေရိကန်အရာရှိကြီးတစ်ယောက်ဆီသွားပြီး ဗမာပြည်ကိုဖြတ်ပြီး တရုတ်ပြည်ကိုသွားမယ့် စစ်ကားတွေနဲ့အတူ နှစ်တန်လောက်ရှိတဲ့စာအုပ်တွေကို သယ်သွားခွင့်ပြုတဲ့အမိန့်စာကို ရယူခဲ့တယ်။

ဖရက်ဒ်ပါတန်နဲ့ ဟက်တာအုတ်စ်က စာအုပ်တွေကို တရုတ်ပြည်နယ်စပ်နားက မီးရထားလမ်းဆုံးမြို့ဖြစ်တဲ့ လားရှိုးအထိသယ်သွားကြတယ်။ တရုတ်ပြည်ကိုသွားတဲ့ စစ်ယာဉ်တန်းတာဝန်ခံအရာရှိက သူတို့ကို တွေ့တဲ့အခါ အကြီးအကျယ်ဒေါသထွက်ပြီး “ဘာကွ။ ငါ့ကားတွေပေါ်မှာ လုံးဝနေရာမရှိလို့ အရေးပေါ်လိုအပ်တဲ့ စစ်ရိက္ခာနဲ့ဆေးဝါးတွေတောင် ဒီမှာပုံနေတာ။ မင်းတို့ရဲ့အသုံးမဝင်တဲ့စာအုပ်တွေအတွက် ငါ့ကားပေါ်က ရှားရှားပါးပါးနေရာလေးကို ဘယ်ပေးလို့ဖြစ်မလဲ” လို့အော်ပြောတယ်။ ဖရက်ဒ်က ခဏစဉ်းစားပြီး သူ့အိတ်ထဲက အမိန့်စာကို ထုတ်ပြလိုက်တယ်။ ပြီးတော့ ရန်ကုန်ကလာတဲ့ ဒီအမိန့်စာကို ဂရုမစိုက်ဘူးဆိုရင် အကြီးအကျယ်ပြဿနာတက်နိုင်တယ်ဆိုပြီး ပြောလိုက်တယ်။ အဲဒီအခါ တာဝန်ခံက ယာဉ်မောင်းနဲ့ရိက္ခာအပါအဝင် ထရပ်ကားအသေးတစ်စီးကို ညီအစ်ကိုတွေစိတ်ကြိုက်သုံးဖို့ ပေးလိုက်တယ်။ ညီအစ်ကိုတွေက တရုတ်ပြည်တောင်ပိုင်းရဲ့အလယ်ဗဟိုမှာရှိတဲ့ ချောင်ကျင်းမြို့အထိ မိုင် ၁,၅၀၀ လောက် ခရီးဆန့်ပြီး စာပေတွေ ဝေငှခဲ့ကြတယ်။ တရုတ်အမျိုးသားအစိုးရအဖွဲ့ရဲ့သမ္မတဖြစ်သူ ချန်ကေရှိတ်ကိုတောင် သက်သေခံနိုင်ခဲ့တယ်။

အာဏာပိုင်တွေရောက်လာတဲ့အခါ စာအုပ်တစ်အုပ်မှ မရှိတော့ဘူး

နောက်ဆုံး ၁၉၄၁ ခုနှစ်၊ မေလမှာ အိန္ဒိယကိုလိုနီအစိုးရက ရန်ကုန်ကိုကြေးနန်းရိုက်ပြီး ကျွန်တော်တို့ရဲ့စာပေတွေကို သိမ်းဖို့ ဒေသခံအာဏာပိုင်တွေကို အမိန့်ပေးလိုက်တယ်။ ကြေးနန်းရုံးမှာအလုပ်လုပ်တဲ့ သက်သေခံညီအစ်ကိုနှစ်ယောက်က ကြေးနန်းစာကိုတွေ့သွားပြီး မစ်အန်ဂယ်ကို ချက်ချင်းအကြောင်းကြားကြတယ်။ မစ်က ညီမလီလီနဲ့ဒေစီကိုခေါ်ပြီး ကျန်တဲ့စာအုပ်သေတ္တာ ၄၀ ကိုသိမ်းထားတဲ့ ဂိုဒေါင်ဆီအမြန်သွားကြတယ်။ ပြီးတော့ အဲဒီစာအုပ်တွေကို ရန်ကုန်တစ်ဝိုက်ကအိမ်တွေမှာ ဝှက်ထားလိုက်တယ်။ အာဏာပိုင်တွေရောက်လာတဲ့အခါ စာအုပ်တစ်အုပ်မှ မရှိတော့ဘူး။

ဂျပန်တွေက ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး လေးရက်အကြာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဗမာပြည်အပေါ် ဗုံးမိုးရွာချခဲ့တယ်။ အဲဒီစနေ၊ တနင်္ဂနွေနေ့မှာ သက်သေခံအုပ်စုလေးဟာ ရန်ကုန်ဘူတာကြီးအပေါ်ထပ်က အခန်းကျဉ်းလေးထဲမှာ စုဝေးခဲ့ကြတယ်။ ကျမ်းစာဟောပြောချက်တစ်ခုပေးပြီးတဲ့နောက် ညီမလီလီက အိမ်သုံးရေချိုးကန်လေးထဲမှာ နှစ်ခြင်းခံခဲ့တာဖြစ်တယ်။

ဆယ့်နှစ်ပတ်ကြာပြီးနောက် ဂျပန်စစ်တပ်တွေ ရန်ကုန်ရောက်လာတဲ့အခါ မြို့က လူသူမရှိဘဲခြောက်ကပ်နေတယ်။ လူတစ်သိန်းကျော်က အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်။ ထောင်ပေါင်းများစွာက ငတ်ပြတ်မှု၊ မောပန်းမှုနဲ့ရောဂါတွေကြောင့် လမ်းခရီးမှာပဲ သေဆုံးသွားတယ်။ မိသားစုနဲ့အတူထွက်ပြေးတဲ့ ဆစ်ဒနီကူ့တ်က ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ပြီး အိန္ဒိယနယ်စပ်နားမှာ သေဆုံးသွားတယ်။ နောက်ညီကိုတစ်ယောက်ကို ဂျပန်စစ်သားတွေ ပစ်သတ်ခဲ့တယ်။ နောက်ညီကိုတစ်ယောက်ရဲ့ မိန်းမနဲ့မိသားစုဝင်တွေကတော့ သူတို့အိမ် ဗုံးကြဲခံရချိန်မှာ သေဆုံးသွားတယ်။

ဗမာပြည်မှာ သက်သေခံတွေ လက်တစ်ဆုပ်စာပဲ ကျန်တော့တယ်။ ညီမလီလီနဲ့ဒေစီက မန္တလေးအနီး တောင်ပေါ်မြို့လေးဖြစ်တဲ့ ပြင်ဦးလွင်(မေမြို့)ကို ပြောင်းသွားတယ်။ အဲဒီမှာ သူတို့ကြဲခဲ့တဲ့ အမှန်တရားမျိုးစေ့တွေက နောက်ပိုင်းမှာ အသီးသီးလာတယ်။ တတိယမြောက်သက်သေခံဖြစ်တဲ့ စီရယ်လ်ဂေးကတော့ ရန်ကုန်ရဲ့မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ သာယာဝတီမြို့လေးမှာ အခြေချပြီး စစ်ပြီးတဲ့အထိ အဲဒီမှာဆက်နေထိုင်ခဲ့တယ်။

ဝမ်းသာအားရ ပြန်ပေါင်းဆုံကြ

စစ်ကြီးပြီးသွားတဲ့အခါ အိန္ဒိယကိုထွက်ပြေးသွားတဲ့ ညီအစ်ကိုညီအစ်မအများစုက ဗမာပြည်ကို ပြန်လာကြတယ်။ ၁၉၄၆ ခုနှစ်၊ ဧပြီလမှာ ရန်ကုန်အသင်းတော်မှာ ကြေညာသူရှစ်ယောက်ရှိနေတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာ ကြေညာသူ ၂၄ ယောက်အထိရှိလာတဲ့အတွက် ညီအစ်ကိုတွေက စည်းဝေးပွဲတစ်ခုကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။

နှစ်ရက်ကြာစည်းဝေးပွဲကို အင်းစိန်က ကျောင်းတစ်ကျောင်းမှာ ကျင်းပခဲ့ကြတယ်။ ၁၉၃၂ ခုနှစ်မှာ ရန်ကုန်မှာ အမှန်တရားသိရှိလာတဲ့ သီအိုစီရီယိုပေါလော့စ် ဒီလိုပြန်ပြောပြတယ်– “ကျွန်တော် အိန္ဒိယကနေပြန်ရောက်လာတဲ့အခါ တစ်နာရီကြာတဲ့ လူထုဟောပြောချက်ပေးဖို့ တာဝန်ရထားမှန်း သိလိုက်ရတယ်။ အဲဒီအချိန်အထိ ကျွန်တော်က အိန္ဒိယမှာကျင်းပတဲ့အစည်းအဝေးတွေမှာ ငါးမိနစ်ကြာဟောပြောချက်ကို နှစ်ကြိမ်ပဲ ပေးဖူးသေးတာ။ ဒါပေမဲ့ စည်းဝေးပွဲက အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့တယ်။”

အပတ်အနည်းငယ်ကြာပြီးတဲ့နောက် အမှန်တရားကိုစိတ်ဝင်စားတဲ့ ကရင်အသိုင်းအဝိုင်းခေါင်းဆောင်တစ်ယောက်က ရန်ကုန်မြို့လယ်နဲ့သိပ်မဝေးတဲ့ မြစ်ကမ်းဘေးက ဆင်ခြေဖုံး အလုံမြို့နယ်မှာ အသင်းတော်အတွက် မြေကွက်တစ်ကွက်ပေးခဲ့တယ်။ အဲဒီမှာ ညီအစ်ကိုတွေက လူတစ်ရာစာလောက်ဆံ့တဲ့ နိုင်ငံတော်ခန်းမကို ဝါးနဲ့ဆောက်ခဲ့ကြတယ်။ ညီအစ်ကိုညီအစ်မတွေ သိပ်ပျော်ခဲ့ကြတယ်။ သူတို့က ယုံကြည်ခြင်းမပျက်ဘဲ စစ်ဘေးကို လွတ်မြောက်ပြီးနောက် အင်တိုက်အားတိုက်ဟောပြောဖို့ အသင့်ဖြစ်နေကြတယ်။

ဦးဆုံးဂိလဒ်သာသနာပြုများ ရောက်လာ

[စာမျက်နှာ ၉၇ ပါ လေးထောင့်ကွက်]

အပေါ်ပုံ– ဦးဆုံးဂိလဒ်သာသနာပြုတွေဖြစ်တဲ့ ဟရူးဘတ်စမတ်စတဒ်၊ ရောဘတ်ကက်၊ နော်မန်ဘာဘာနဲ့ ရောဘတ်ရစ်ချက်

အောက်ပုံ– (နောက်တန်း) နန်စီဒီဆူဇာ၊ မီလ်တန်ဟန်ရှယ်လ်၊ နေသန်နောရ်၊ ရောဘတ်ကက်၊ ထဲရင့်စ်ဒီဆူဇာ၊ (ရှေ့တန်း) ရပ်စယ်လ်မော်ဘလီ၊ ပန်နလိုပီယာဗစ်-ဗက်၊ ဖီးလစ္စတစာတော့စ်၊ ဒေစီဒီဆူဇာ၊ ဗာဇယ်လ်တစာတော့စ်

၁၉၄၇ ခုနှစ်အစောပိုင်းမှာ စိတ်လှုပ်ရှားနေတဲ့ ညီအစ်ကိုညီအစ်မတစ်စုက ဗမာပြည်ကိုရောက်လာမယ့် ဦးဆုံးဂိလဒ်သာသနာပြု ရောဘတ်ကက်ကိုကြိုဖို့ ရန်ကုန်ဆိပ်ကမ်းကို ရောက်နေကြတယ်။ သိပ်မကြာခင်မှာ နောက်သာသနာပြုသုံးယောက်ဖြစ်တဲ့ နော်မန်ဘာဘာ၊ ရောဘတ်ရစ်ချက်၊ ဟရူးဘတ်စမတ်စတဒ်နဲ့အတူ စစ်အတွင်း အိန္ဒိယမှာရှေ့ဆောင်လုပ်ခဲ့တဲ့ ဖရန့်ခ်ဂျူးဝါးတို့ ရောက်လာတယ်။

စစ်ဒဏ်ကြောင့်ပျက်စီးနေတဲ့မြို့ကို သာသနာပြုတွေ ရောက်လာကြတယ်။ အဆောက်အအုံတွေအများကြီးက မီးလောင်သွားပြီး အခွံပဲကျန်တော့တယ်။ လူထောင်ပေါင်းများစွာက လမ်းမတွေတစ်လျှောက်မှာရှိတဲ့ ယိုင်နဲ့နေတဲ့ဝါးတဲလေးတွေမှာ နေထိုင်နေကြတယ်။ လူတွေက လမ်းပေါ်မှာပဲ ချက်ပြုတ်လျှော်ဖွပ်ပြီး နေထိုင်ကြရတယ်။ ဒါပေမဲ့ သာသနာပြုတွေကတော့ ကျမ်းစာအမှန်တရားသင်ပေးဖို့ ရောက်လာတာဖြစ်လို့ အခြေအနေတွေအရ ပြုပြင်ပြောင်းလဲပြီး ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေခဲ့ကြတယ်။

၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှာ ကင်းမျှော်စင်အသင်းရဲ့ ဌာနခွဲရုံးကို မြို့လယ်ကောင်နားက အလံပြဘုရားလမ်းမှာရှိတဲ့ သာသနာပြုအိမ်မှာ ဖွင့်ခဲ့ကြတယ်။ ရောဘတ်ကက်က ဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ သိပ်မကြာခင်မှာ ရန်ကုန်အသင်းတော်ကို အလုံမှာရှိတဲ့ ဝါးတဲလေးကနေ ဗိုလ်ကလေးစျေးလမ်းမှာရှိတဲ့ တိုက်ခန်းအပေါ်ထပ်ကို ပြောင်းရွှေ့လိုက်တယ်။ အဲဒီနေရာက သက်တမ်းကုန်တော့မယ့် ဗြိတိသျှကိုလိုနီအစိုးရတည်ဆောက်ခဲ့တဲ့ ခမ်းနားတဲ့ဝန်ကြီးများရုံးနဲ့ သိပ်မဝေးဘူး။

ပြည်တွင်းစစ် စပြီ

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ဗြိတိသျှအစိုးရက အသစ်တက်လာတဲ့ ဗမာအစိုးရကို အာဏာလွှဲပြောင်းပေးတယ်။ အနှစ် ၆၀ ကြာ ကိုလိုနီလက်အောက်ခံဖြစ်ပြီးတဲ့နောက် ဗမာပြည် လွတ်လပ်ရေးရပြီ။ ဒါပေမဲ့ တိုင်းပြည်က ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခံရပြန်တယ်။

[စာမျက်နှာ ၁၀၀ ပါ ဇယား]

တိုင်းရင်းသားအမျိုးမျိုးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ကြတယ်။ သီးခြားစစ်တပ်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကလည်း နယ်မြေရဖို့ အားပြိုင်နေကြတယ်။ ၁၉၄၉ ခုနှစ်အစောပိုင်းမှာ သူပုန်တပ်တွေက တိုင်းပြည်ရဲ့ဒေသအတော်များများကို သိမ်းပိုက်ပြီး ရန်ကုန်မြို့စွန်တွေအထိ ရောက်လာပြီ။

တိုက်ပွဲတွေ တိုက်လိုက်ငြိမ်လိုက်ဖြစ်နေချိန်မှာ ညီအစ်ကိုတွေက သတိရှိရှိဟောပြောခဲ့ရတယ်။ အလံပြဘုရားလမ်းက သာသနာပြုအိမ်မှာရှိတဲ့ ဌာနခွဲရုံးကို ၃၉ လမ်းမှာရှိတဲ့ တိုက်ခန်းကျယ်တစ်ခုဆီ ပြောင်းရွှေ့လိုက်တယ်။ အဲဒီနေရာက နိုင်ငံခြားသံရုံးတွေရှိတဲ့ လုံခြုံတဲ့နေရာဖြစ်ပြီး စာတိုက်ကြီးနဲ့ သိပ်မဝေးဘူး။

ဗမာ့တပ်မတော်က တဖြည်းဖြည်းအာဏာပြန်သိမ်းပြီး သူပုန်တွေကို တောင်တန်းဒေသတွေဘက် မောင်းထုတ်ပစ်တယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေအလယ်ပိုင်းမှာ အစိုးရက တစ်နိုင်ငံလုံးနီးပါးကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ကတော့ ဖြစ်နေတုန်းပဲ။ လွတ်လပ်ရေးရပြီးချိန်ကနေ အခုအချိန်အထိ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖြစ်နေတုန်းပဲ။

ဗမာစကားနဲ့ ဟောပြောသွန်သင်ခြင်း

၁၉၅၀ ပြည့်လွန်နှစ်တွေအလယ်ပိုင်းအထိ ဗမာပြည်မှာရှိတဲ့ညီအစ်ကိုတွေဟာ အများအားဖြင့် အင်္ဂလိပ်လိုပဲ ဟောပြောခဲ့ကြတယ်။ မြို့ကြီးပြကြီးတွေမှာနေတဲ့ ပညာတတ်တွေလောက်ပဲ အဲဒီစကားကိုပြောကြတယ်။ တခြားလူသန်းပေါင်းများစွာကတော့ ဗမာ(မြန်မာ)၊ ကရင်၊ ကချင်၊ ချင်းနဲ့ တခြားဒေသခံဘာသာစကားတွေကိုပဲ ပြောတတ်တယ်။ သူတို့ကို သတင်းကောင်း ဘယ်လိုဟောနိုင်မလဲ။

၁၉၃၄ ခုနှစ်မှာ ဆစ်ဒနီကူ့တ်က ကရင်ကျောင်းဆရာတစ်ယောက်ကို စာပေအတော်များများကို ဗမာစကား၊ ကရင်စကားနဲ့ ဘာသာပြန်ခိုင်းဖို့ စီစဉ်ခဲ့တယ်။ နောက်ပိုင်းမှာ တခြားကြေညာသူတွေက “ဘုရားသခင်သစ္စာတော်တည်စေသတည်း” စာအုပ်နဲ့ စာအုပ်ငယ်တချို့ကို ဗမာစကားနဲ့ ဘာသာပြန်ခဲ့ကြတယ်။ ၁၉၅၀ မှာ ညီကိုရောဘတ်ကက်က ကင်းမျှော်စင် လေ့လာရန်ဆောင်းပါးတွေကို ဗမာစကားနဲ့ဘာသာပြန်ဖို့ ညီကိုဘဦးကို ဖိတ်ခေါ်ခဲ့တယ်။ လက်ရေးနဲ့ဘာသာပြန်ထားတာတွေကို စာစီပြီး ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိကပုံနှိပ်တိုက်တွေမှာ ပုံနှိပ်ခဲ့တယ်။ ပြီးတဲ့နောက် အသင်းတော်အစည်းအဝေးတက်တဲ့သူတွေကို ဝေပေးတယ်။ နောက်ပိုင်းမှာ ဌာနခွဲရုံးက ဘာသာပြန်လုပ်ငန်းပိုမြန်စေနိုင်ဖို့ ဗမာစာရိုက်နိုင်တဲ့လက်နှိပ်စက်တစ်လုံးကို ဝယ်ယူခဲ့တယ်။

[စာမျက်နှာ ၁၀၁ ပါ ရုပ်ပုံ]

ညီကိုဘဦး(ဘယ်)က ကင်းမျှော်စင်လေ့လာရန်ဆောင်းပါးတွေကို ဗမာစကားနဲ့ဘာသာပြန်ခဲ့

အဲဒီခေတ်က ဘာသာပြန်တွေဟာ အခက်အခဲအများကြီး ကြုံတွေ့ခဲ့ရတယ်။ ဘာသာပြန်လုပ်ငန်းကို ညီကိုဘဦးမလုပ်နိုင်တော့တဲ့အခါ ညီကိုနေဂါဖိုးဟန်က တာဝန်ယူခဲ့တယ်။ သူဒီလိုပြောပြတယ်– “ကျွန်တော်က မိသားစုကိုထောက်ပံ့ဖို့ နေ့ဘက်မှာအလုပ်လုပ်တယ်။ ညဘက်မှာတော့ လျှပ်စစ်မီးရောင်မှိန်ပျပျအောက်မှာ ညနက်တဲ့အထိ ဆောင်းပါးတွေကို ဘာသာပြန်ခဲ့ရတယ်။ ကျွန်တော်က အင်္ဂလိပ်စာသိပ်မတတ်တဲ့အတွက် ဘာသာပြန်ထားတာတွေဟာ သိပ်တိကျမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့မဂ္ဂဇင်းတွေကို လူများနိုင်သမျှများများဆီ သိပ်ရောက်စေချင်တယ်။” ညီကိုရောဘတ်ကက်က ညီမဒေါရစ်ရပ်ချ်ကို ကင်းမျှော်စင်ကို ဗမာစကားနဲ့ဘာသာပြန်ပေးဖို့ ပြောတဲ့အခါ ညီမက အကြီးအကျယ်စိတ်လှုပ်ရှားပြီး ငိုချလိုက်တယ်။ ညီမဒေါရစ် ဒီလိုပြောပြတယ်– “ကျွန်မက ကျောင်းပညာကို အခြေခံလောက်ပဲတတ်ထားတဲ့အပြင် ဘာသာပြန်အတွေ့အကြုံလည်းမရှိဘူး။ ဒါပေမဲ့ ညီကိုကက်က စမ်းလုပ်ကြည့်ဖို့ပြောတဲ့အတွက် ယေဟောဝါဆီဆုတောင်းပြီး စလုပ်ခဲ့တယ်။” နှစ်ပေါင်း ၅၀ နီးပါးကြာပြီးတဲ့နောက် အခုချိန်အထိ ညီမဒေါရစ်က ရန်ကုန်ဗေသလမှာ ဘာသာပြန်တစ်ဦးအဖြစ် အမှုဆောင်နေတုန်းပဲ။ အခု အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ညီကိုနေဂါဖိုးဟန်လည်း နိုင်ငံတော်လုပ်ငန်းတိုးတက်ဖို့ ဗေသလမှာ စိတ်အားထက်သန်စွာ အမှုဆောင်နေဆဲပါပဲ။

[စာမျက်နှာ ၁၀၃ ပါ ရုပ်ပုံ]

၁၉၅၆ ခုနှစ်မှာ နေသန်နောရ်က ကင်းမျှော်စင်ကို ဗမာစကားနဲ့ထုတ်ဝေခဲ့

ဌာနချုပ်မှာအမှုဆောင်တဲ့ နေသန်နောရ်က ၁၉၅၆ ခုနှစ်မှာ ဗမာပြည်ကိုလာလည်ပတ်ပြီး ကင်းမျှော်စင်ကို ဗမာစကားနဲ့ထုတ်ဝေလိုက်ပြီဆိုတဲ့အကြောင်း ကြေညာခဲ့တယ်။ သတင်းကောင်းကို ပိုပြီးထိထိရောက်ရောက်ဟောနိုင်ဖို့ ဗမာစကားကိုသင်ယူပါဆိုပြီးတော့လည်း သာသနာပြုတွေကို သူ အားပေးခဲ့တယ်။ သာသနာပြုတွေက သူ့စကားကြောင့် အားရှိသွားပြီး ဗမာစကားကိုကြိုးစားသင်ယူကြတယ်။ နောက်နှစ်မှာ ဌာနချုပ်မှာအမှုဆောင်တဲ့ ဖရက်ဒရစ်ဖရန့်ဇ် လာလည်ပတ်ပြီး ရန်ကုန်မီးရထားခန်းမမှာကျင်းပတဲ့ ငါးရက်ကြာစည်းဝေးပွဲမှာ အဓိကဟောပြောချက်ကို ပေးခဲ့တယ်။ တခြားမြို့ရွာတွေဆီ ရှေ့ဆောင်တွေ ထပ်စေလွှတ်ပြီး ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့ဖို့ ညီအစ်ကိုတွေကို သူအားပေးခဲ့တယ်။ ရှေ့ဆောင်အသစ်တွေကြောင့် အကျိုးကျေးဇူးရခဲ့တဲ့ ဦးဆုံးမြို့ကတော့ ဗမာပြည်ရဲ့မင်းနေပြည်တော်ဖြစ်ခဲ့ဖူးပြီး ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးဖြစ်တယ်။

မန္တလေးမှာ သီးပွင့်ဖြစ်ထွန်း

၁၉၅၇ ခုနှစ်အစောပိုင်းမှာ အထူးရှေ့ဆောင်အသစ်ခြောက်ယောက်က မန္တလေးမှာရှိနှင့်ပြီးဖြစ်တဲ့ ကြင်စဦးသာသနာပြုဇနီးမောင်နှံနဲ့ လာပူးပေါင်းကြတယ်။ အဲဒီဇနီးမောင်နှံကတော့ ရောဘတ်ရစ်ချက်နဲ့ ဘေဘီဖြစ်ပြီး ဘေဘီက ကရင်လူမျိုးဖြစ်တယ်။ မန္တလေးဟာ ဟောပြောခြင်းလုပ်ငန်းအတွက် ခက်ခဲတဲ့မြို့ဖြစ်မှန်း ရှေ့ဆောင်တွေသိလာကြတယ်။ ဒီမြို့ဟာ ဗုဒ္ဓဘာသာရဲ့ အဓိကအချက်အချာမြို့၊ ဗမာပြည်မှာရှိတဲ့ ဗုဒ္ဓဘုန်းကြီးတစ်ဝက်လောက်နေထိုင်တဲ့မြို့ ဖြစ်တယ်။ ဒါပေမဲ့ ရှေးခေတ်ကောရိန္သုမြို့လိုပဲ ဒီမြို့မှာလည်း ယေဟောဝါရဲ့ “လူများစွာ” ရှိမယ်ဆိုတာ ရှေ့ဆောင်တွေသိကြတယ်။​—တ. ၁၈:၁၀။

အဲဒီလိုလူတွေထဲက တစ်ယောက်ကတော့ အသက် ၂၁ နှစ်အရွယ် ကချင်ကျောင်းသားလေး ရော်ဘင်ဇော်ဂျာဖြစ်တယ်။ သူ ဒီလိုပြောပြတယ်– “တစ်မနက်စောစောမှာ ညီကိုရောဘတ်နဲ့ညီမဘေဘီရစ်ချက်တို့ ကျွန်တော့်အိမ်ကိုရောက်လာပြီး သူတို့ဟာ ယေဟောဝါသက်သေတွေဖြစ်တယ်လို့ ပြောတယ်။ ဟောပြောပါဆိုတဲ့ယေရှုရဲ့အမိန့်အတိုင်း တစ်အိမ်တက်ဆင်းသွားပြီး သတင်းကောင်းဟောနေတာပါလို့ သူတို့ပြောတယ်။ (မ. ၁၀:၁၁-၁၃) ပြီးတဲ့နောက် သူတို့က ကျွန်တော့်ကို သတင်းကောင်းဟောပြီး သူတို့ရဲ့လိပ်စာနဲ့အတူ မဂ္ဂဇင်းနဲ့စာအုပ်တချို့ပေးခဲ့တယ်။ အဲဒီညနေမှာ စာအုပ်တစ်အုပ်ကို ကောက်ဖတ်လိုက်တာ မိုးလင်းတဲ့အထိပဲ။ အဲဒီနေ့မှာပဲ ညီကိုရောဘတ်အိမ်ကို ကျွန်တော်လိုက်သွားပြီး နာရီပေါင်းများစွာ မေးခွန်းတွေ တရစပ်မေးတော့တယ်။ သူက မေးခွန်းတိုင်းကို ကျမ်းစာကနေ အဖြေပေးခဲ့တယ်။” မကြာခင်မှာပဲ ရော်ဘင်ဇော်ဂျာဟာ အမှန်တရားကိုလက်ခံတဲ့ ဦးဆုံးကချင်လူမျိုးသက်သေခံဖြစ်လာတယ်။ နောက်ပိုင်း သူဟာ ဗမာပြည်မြောက်ပိုင်းမှာ အထူးရှေ့ဆောင်အဖြစ် နှစ်ပေါင်းများစွာအမှုဆောင်ပြီး လူတစ်ရာနီးပါးကို အမှန်တရားသိလာအောင် ကူညီပေးခဲ့တယ်။ အခု သူ့သားသမီးနှစ်ယောက်က ရန်ကုန်ဗေသလမှာ အမှုဆောင်နေတယ်။

ဇွဲထက်သန်တဲ့ နောက်သက်သေခံတစ်ယောက်ကတော့ ရန်ကုန်မှာ အမှန်တရားအကြောင်းသိရှိခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ပရယ်မီလာဂါလီယာရာဖြစ်တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မအဖေက ဂျိန်းဘာသာဝင်ဖြစ်ပြီး ကျွန်မရဲ့ယုံကြည်ချက်ကို အပြင်းအထန်ဆန့်ကျင်တယ်။ ကျမ်းစာနဲ့ကျမ်းစာစာပေတွေကို နှစ်ကြိမ်တိတိ မီးရှို့ပစ်ပြီး ကျွန်မကိုလည်း လူရှေ့သူရှေ့မှာ ခဏခဏရိုက်တယ်။ စည်းဝေးတွေမတက်နိုင်အောင် အိမ်ထဲမှာသော့ပိတ်ထားပြီး ညီကိုရစ်ချက်ရဲ့အိမ်ကို မီးရှို့ပစ်မယ်လို့တောင် ခြိမ်းခြောက်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ယုံကြည်ချက်ကို ချိုးဖျက်လို့မရမှန်း သူသိသွားတော့ တဖြည်းဖြည်း လက်လျှော့လိုက်တယ်။” ညီမပရယ်မီလာဟာ တက္ကသိုလ်ကနေထွက်ပြီး ဇွဲထက်သန်တဲ့ရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။ နောက်ပိုင်းမှာ တိုက်နယ်ကြီးကြပ်မှူး ညီကိုဒန်စတင်အိုနီးလ်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ အဲဒီအချိန်ကစပြီး သူဟာ လူ ၄၅ ယောက်ကို အမှန်တရားသိလာအောင် ကူညီပေးခဲ့တယ်။

မန္တလေးမှာ ဟောပြောခြင်းလုပ်ငန်းတိုးတက်နေချိန်မှာ ဌာနခွဲရုံးက ပုသိမ်၊ ကလေး၊ ဗန်းမော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ မြိတ်အပါအဝင် တခြားမြို့တွေဆီ သာသာနာပြုနဲ့ရှေ့ဆောင်တွေ စေလွှတ်ခဲ့တယ်။ အဲဒီမြို့တိုင်းမှာ အသင်းတော်ကြီးတွေဖြစ်လာတာကိုကြည့်ရင် ဒီလုပ်ငန်းကို ယေဟောဝါကောင်းချီးပေးခဲ့တာ သေချာတယ်။

သာသနာပြုတွေ မောင်းထုတ်ခံရ

ဟောပြောခြင်းလုပ်ငန်းကို ဆက်တိုးချဲ့နေချိန်မှာ နိုင်ငံရေးနဲ့လူမျိုးရေးတင်းမာမှုတွေကြောင့် တိုင်းပြည်ရဲ့အခြေအနေက ပေါက်ကွဲလုနီးပါးဖြစ်နေတယ်။ နောက်ဆုံး၊ ၁၉၆၂ ခုနှစ်၊ မတ်လမှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ သိန်းနဲ့ချီတဲ့ အိန္ဒိယနဲ့ အင်္ဂလို-အိန္ဒိယလူမျိုးတွေဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (အဲဒီအချိန်တုန်းက ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း) ဆီ မောင်းထုတ်ခံခဲ့ရတယ်။ လည်ပတ်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကိုတော့ ဗီဇာတစ်ရက်ပဲပေးတယ်။ ဗမာပြည်ဟာ တံခါးပိတ်ဝါဒကို စတင်ကျင့်သုံးခဲ့တယ်။

ညီအစ်ကိုတွေဟာ ဒီအဖြစ်အပျက်တွေကို စိုးရိမ်တကြီးစောင့်ကြည်နေခဲ့တယ်။ ဘယ်ဘာသာမဆို နိုင်ငံရေးနဲ့ကင်းကင်းရှင်းရှင်းနေရင် လွတ်လပ်စွာဝတ်ပြုခွင့်ရမယ်လို့ စစ်အစိုးရက အာမခံတယ်။ ဒါပေမဲ့ အမည်ခံခရစ်ယာန်သာသာနာပြုတွေကတော့ နိုင်ငံရေးကိစ္စတွေမှာ ဝင်စွက်ခဲ့တယ်။ ဒါကြောင့် ၁၉၆၆ ခုနှစ်၊ မေလမှာ အစိုးရက ဆက်သည်းမခံနိုင်တော့ဘဲ နိုင်ငံခြားသာသနာပြုအားလုံး နိုင်ငံကနေထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်။ သက်သေခံသာသနာပြုတွေဟာ နိုင်ငံရေးမှာ လုံးဝမပါဝင်ပေမဲ့ သူတို့လည်း မောင်းထုတ်ခံခဲ့ရတယ်။

ဒေသခံညီအစ်ကိုညီအစ်မတွေဟာ အကြီးအကျယ်တုန်လှုပ်သွားပေမဲ့ စိတ်ဓာတ်တော့ မကျခဲ့ဘူး။ သူတို့နဲ့အတူ ယေဟောဝါဘုရားသခင်ရှိတယ်ဆိုတာ သူတို့သိတယ်။ (တရား. ၃၁:၆) ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုဆက်လုပ်ရပါ့မလဲလို့ ညီအစ်ကိုတချို့ စိုးရိမ်ခဲ့တယ်။

ဒီအချိန်မှာ ယေဟောဝါရဲ့လမ်းပြမှုက သိသာထင်ရှားလာတယ်။ ဌာနခွဲမှာလေ့ကျင့်ခံခဲ့ရတဲ့ တိုက်နယ်ကြီးကြပ်မှူးဟောင်း ညီကိုမောရစ်ရပ်ချ်က ဌာနခွဲရုံးကိုကြီးကြပ်ဖို့ ချက်ချင်းတာဝန်ရခဲ့တယ်။ သူဟာ အိန္ဒိယလူမျိုးဖြစ်ပေမဲ့ တခြားအိန္ဒိယလူမျိုးတွေနဲ့အတူ နိုင်ငံကနေ မောင်းထုတ်မခံခဲ့ရဘူး။ သူဒီလိုပြောပြတယ်– “လွန်ခဲ့တဲ့နှစ်တွေတုန်းက ဗမာနိုင်ငံသားခံယူခွင့်ရဖို့ ကျွန်တော်လျှောက်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံသားစာအုပ်ရဖို့ ပေးရမယ့်ငွေ ၄၅၀d မရှိတဲ့အတွက် ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒီလိုနဲ့ တစ်နေ့မှာ အရင်တုန်းက ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီရှေ့ကနေ ဖြတ်လျှောက်သွားတဲ့အခါ သူဌေးက ကျွန်တော့်ကိုတွေ့သွားပြီး ‘ဟေ့ ရပ်ချ်၊ မင်း အလုပ်ထွက်တုန်းက ယူဖို့မေ့သွားတဲ့ နစ်နာကြေးငွေ လာထုတ်အုံးလေ’ လို့အော်ပြောတယ်။ အဲဒီငွေက ၄၅၀ တိတိဖြစ်နေတယ်။

“ရုံးထဲကနေထွက်လာတော့ ငွေ ၄၅၀ နဲ့လုပ်လို့ရနိုင်တဲ့အရာမှန်သမျှကို စဉ်းစားမိတယ်။ ဒါပေမဲ့ နိုင်ငံသားစာအုပ်ရဖို့ လိုတဲ့ငွေကလည်း ဒီလောက်ပဲဆိုတော့ အဲဒီအတွက်သုံးဖို့ ယေဟောဝါအလိုရှိတာဖြစ်မယ်လို့ ကျွန်တော်တွေးမိတယ်။ အဲဒီအတွက်သုံးလိုက်တာ တကယ်အကျိုးရှိလာတယ်။ တခြားအိန္ဒိယလူမျိုးတွေ ဗမာပြည်ကနေမောင်းထုတ်ခံရချိန်မှာ ကျွန်တော်ကတော့ ဆက်နေနိုင်တယ်၊ လွတ်လွတ်လပ်လပ်ခရီးသွားနိုင်တယ်၊ စာပေတွေကို တင်သွင်းနိုင်တယ်၊ ဟောပြောခြင်းလုပ်ငန်းနဲ့ဆိုင်တဲ့ တခြားအလုပ်တွေကို ဆက်လုပ်နိုင်တယ်။ ဒါတွေအားလုံးလုပ်နိုင်တာက ကျွန်တော်ဟာ ဗမာနိုင်ငံသားဖြစ်နေလို့ပဲ။”

ညီကိုမောရစ်က ညီကိုဒန်စတင်အိုနီးလ်နဲ့အတူ နိုင်ငံတစ်ဝန်းမှာရှိတဲ့အသင်းတော်တိုင်း၊ သီးခြားအုပ်စုတိုင်းဆီ လည်ပတ်အားပေးခဲ့တယ်။ “‘ဘာမှမကြောက်နဲ့။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါရှိတယ်။ ကျွန်တော်တို့သာ ကိုယ်တော့်အပေါ်သစ္စာရှိမယ်ဆိုရင် ကိုယ်တော်ကူညီပေးလိမ့်မယ်’ ဆိုပြီး ညီအစ်ကိုတွေကို ကျွန်တော်တို့အားပေးခဲ့တယ်။ ကျွန်တော်တို့ကို ယေဟောဝါတကယ်ကူညီပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ အထူးရှေ့ဆောင်အသစ်တွေကိုခန့်အပ်ခဲ့ပြီး ဟောပြောခြင်းလုပ်ငန်းက ချက်ချင်းတိုးတက်လာတယ်” လို့ ညီကိုမောရစ်ပြောပြတယ်။

၄၆ နှစ်လောက်ကြာပြီးနောက် အခုချိန်မှာ ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်တဲ့ ညီကိုမောရစ်ဟာ အသင်းတော်တွေကိုအားပေးဖို့ မြန်မာပြည်အနှံ့ ခရီးသွားနေတုန်းပဲ။ ရှေးခေတ်အစ္စရေးလူမျိုးအချိန်က အသက်ကြီးသူကာလက်လိုပဲ ဘုရားသခင့်လုပ်ငန်းမှာ ညီကိုမောရစ်ရဲ့ဇွဲက တောက်လောင်နေတုန်းပါပဲ။​—ယောရှု ၁၄:၁၁။

ချင်းပြည်နယ်မှာ ဟောပြောခြင်းလုပ်ငန်းတိုးချဲ့

အထူးရှေ့ဆောင်တွေကို ဦးဆုံးစေလွှတ်တဲ့ဒေသတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ချင်းတောင်တန်းဒေသလည်း ပါဝင်တယ်။ ဒီဒေသမှာ အမည်ခံခရစ်ယာန်တွေ အများကြီးနေထိုင်တယ်။ အဲဒီခရစ်ယာန်ဘာသာဟာ ဗြိတိသျှကိုလိုနီခေတ်မှာ နှစ်ခြင်းခရစ်ယာန်သာသာပြုတွေချန်ရစ်ခဲ့တဲ့ အမွေအနှစ်ဖြစ်တယ်။ ဒါကြောင့် ချင်းလူမျိုးအများစုက ကျမ်းစာနဲ့ကျမ်းစာသင်ပေးတဲ့ဆရာတွေကို သိပ်လေးစားကြတယ်။

အရင်က စစ်သားတစ်ဦးဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အထူးရှေ့ဆောင်ဖြစ်လာတဲ့ ညီကိုလားလ်ချန်နာဟာ အဲဒီတုန်းက ချင်းပြည်နယ်ရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို ၁၉၆၆ ခုနှစ်ကုန်ပိုင်းမှာ ရောက်လာတယ်။ သူက အဲဒီမြို့မှာရှိနေတဲ့ ညီကိုဒန်စတင်နဲ့ ညီမပရယ်မီလာအိုနီးလ်၊ စစ်သားဖြစ်ခဲ့ဖူးတဲ့ နှစ်ခြင်းခံပြီးခါစ ညီကိုသန်းထွန်းတို့နဲ့ ပူးပေါင်းခဲ့တယ်။ ဇွဲရှိတဲ့ဒီညီအစ်ကိုညီအစ်မတွေဟာ စိတ်ဝင်စားသူအတော်များများကို ရှာတွေ့ပြီး မကြာခင်မှာပဲ တက်ကြွတဲ့အသင်းတော်လေးတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။

နောက်နှစ်မှာ ညီကိုသန်းထွန်းက ဖလမ်းမြို့တောင်ဘက်မှာရှိတဲ့ ဟားခါးမြို့ကို ပြောင်းရွှေ့သွားတယ်။ အဲဒီမှာ ရှေ့ဆောင်စလုပ်ပြီး အုပ်စုငယ်လေးတစ်ခုကို တည်ထောင်ခဲ့တယ်။ နောက်ပိုင်းမှာ သူက ချင်းပြည်နယ်အနှံ့ ဟောပြောခဲ့ပြီး ဗန်ဟား၊ ဆူရ်ခွား၊ ဂန့်ဂေါနဲ့ တခြားဒေသတွေမှာ အသင်းတော်တွေတည်ထောင်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ၄၅ နှစ်ကြာပြီးနောက် အခုအချိန်မှာ ညီကိုသန်းထွန်းဟာ သူ့ရဲ့ဇာတိရွာဖြစ်တဲ့ ဗန်ဟားမှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတုန်းပဲ။

ဟားခါးမြို့ကနေ ညီကိုသန်းထွန်း ထွက်သွားတော့ အသက် ၂၀ အရွယ် အထူးရှေ့ဆောင်ညီကိုဒေါ်နယ်ဂျူးဝါးက သူ့နေရာကိုရောက်လာတယ်။ ညီကိုဒေါ်နယ်ရဲ့မိဘတွေဖြစ်တဲ့ ညီကိုဖရန့်ခ်နဲ့ ညီမလီလီဂျူးဝါး (အရင်နာမည် လီလီမေ)က နိုင်ငံကနေမောင်းထုတ်ခံရတဲ့အတွက် ညီကိုဒေါ်နယ်ရဲ့ညီ အသက် ၁၈ နှစ်အရွယ် ညီကိုဆမ်မြူရယ်က သူနဲ့အတူ လာနေတယ်။ ညီကိုဒေါ်နယ် ဒီလိုပြောပြတယ်– “သွပ်နဲ့ဆောက်ထားတဲ့တဲလေးမှာ ကျွန်တော်တို့နေကြတယ်။ အဲဒီတဲလေးက နွေရာသီမှာ သိပ်ပူပြီး ဆောင်းရာသီမှာ အေးစိမ့်နေတယ်။ ဒါပေမဲ့ အကြီးမားဆုံးအခက်အခဲကတော့ အထီးကျန်မှုပဲ။ ကျွန်တော်က လယ်ကွင်းလုပ်ငန်းမှာ အမြဲတစ်ယောက်တည်းသွားရတယ်။ ဒေသခံဟားခါးချင်းစကားကိုလည်း ကောင်းကောင်းမပြောတတ်ဘူး။ ကျွန်တော်၊ ဆမ်မြူရယ်၊ ကြေညာသူတစ်ယောက်နှစ်ယောက်နဲ့ပဲ စည်းဝေးတက်တယ်။ ကြာလာတော့ ကျွန်တော်စိတ်ဓာတ်ကျလာပြီး ရှေ့ဆောင်နားဖို့တောင် စဉ်းစားမိတယ်။

“အဲဒီအချိန်လောက်မှာ၊ ရက်စက်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ဆက်သစ္စာရှိခဲ့တဲ့ မာလာဝီနိုင်ငံက ညီအစ်ကိုတွေအကြောင်း နှစ်ချုပ်စာအုပ်မှာ ကျွန်တော်ဖတ်လိုက်ရတယ်။e ‘အထီးကျန်တဲ့ဒဏ်ကိုတောင် ငါမခံနိုင်ရင် နှိပ်စက်ညှဉ်းပန်းမှုကို ငါဘယ်လိုလုပ် ခံရပ်နိုင်မှာလဲ’ လို့ကိုယ့်ကိုယ်ကိုယ်မေးမိတယ်။ ကျွန်တော့်ရဲ့စိုးရိမ်မှုတွေကို ယေဟောဝါဆီဆုတောင်းပြောပြပြီးတဲ့နောက် စိတ်သက်သာမှုရလာတယ်။ ကျမ်းစာနဲ့ ကင်းမျှော်စင်ဆောင်းပါးတွေကို ဖတ်ရှုတွေးတောတာကနေလည်း ခွန်အားတွေရခဲ့တယ်။ မထင်မှတ်ဘဲ ညီကိုမောရစ်ရပ်ချ်နဲ့ ညီကိုဒန်စတင်အိုနီးလ်တို့ရောက်လာတဲ့အခါ ကောင်းကင်တမန်နှစ်ပါးကိုတွေ့လိုက်ရသလိုပဲ ခံစားခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်ပြန်ပြီးပျော်ရွှင်လာတယ်။”

နောက်ပိုင်း ညီကိုဒေါ်နယ်ဟာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်တဲ့အခါ သူ့တွေ့ကြုံမှုကိုသုံးပြီး သီးခြားဖြစ်နေတဲ့ညီအစ်ကိုညီအစ်မတွေကို အားပေးခဲ့တယ်။ ဟားခါးမြို့မှာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေဟာ သီးပွင့်ဖြစ်ထွန်းခဲ့တယ်။ အခုဆိုရင် ဟားခါးမှာ တိုးတက်တဲ့အသင်းတော်တစ်ခုရှိနေပြီး စည်းဝေးပွဲနဲ့စည်းဝေးကြီးတွေကို ပုံမှန်ကျင်းပနေတယ်။ ဟားခါးက ကြေညာသူနှစ်ယောက်ဖြစ်တဲ့ ဂျွန်ဆန်လားလ်ဝုန်းနဲ့ ဒယ်နီယယ်ဆန်ခါးရ်တို့ဟာ ဇွဲထက်သန်တဲ့ အထူးရှေ့ဆောင်တွေဖြစ်လာပြီး ချင်းပြည်နယ်တစ်ဝန်း သတင်းကောင်းပျံ့နှံ့စေဖို့ ကူညီပေးခဲ့ကြတယ်။

‘တောင်တွေကို တက်နိုင်ပြီ’

ချင်းပြည်နယ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၀၀၀ ကနေ ၆,၀၀၀ အထိမြင့်ပြီး တချို့တောင်ထိပ်တွေဆိုရင် ပေ ၁၀,၀၀၀ အထိမြင့်မားတယ်။ တောင်တန်းအများစုဟာ မိုးထိုးနေတဲ့ကျွန်းပင်တွေ၊ ခံ့ညားထည်ဝါတဲ့ထင်းရှူးပင်တွေ၊ ရောင်စုံတောင်ဇလပ်ပန်းတွေ၊ သိပ်လှတဲ့သစ်ခွပန်းတွေပြည့်နေတဲ့ သစ်တောတွေနဲ့ ဖုံးလွှမ်းနေတယ်။ သိပ်လှသလောက် တောကြမ်းပြီး သွားလာရခက်ခဲတယ်။ မြို့တစ်မြို့ကနေ တစ်မြို့ကိုသွားဖို့ ဖုန်ထူတဲ့လမ်းတွေပဲရှိတယ်။ အဲဒီလမ်းတွေက မိုးတွင်းမှာ သွားလို့မရသလောက်ဖြစ်ပြီး တောင်ပြိုတဲ့အခါ လမ်းပိတ်သွားတတ်တယ်။ ဝေးလံတဲ့ရွာတွေဆီ ခြေကျင်သွားမှပဲ ရောက်နိုင်တယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေက လူများနိုင်သမျှများများကို သတင်းကောင်းဟောဖို့စိတ်ပိုင်းဖြတ်ထားတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေကိုတော့ မတားဆီးနိုင်ဘူး။

ခင်ပွန်းနဲ့အတူ တိုက်နယ်လုပ်ငန်းမှာပါဝင်ခဲ့တဲ့ ညီမအေးအေးသစ်က ချင်းပြည်နယ်အတွေ့အကြုံကို ခုလိုပြောပြတယ်– “ကျွန်မက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ကြီးပြင်းလာတဲ့အတွက် လှပတဲ့ချင်းတောင်တန်းတွေကိုမြင်တဲ့အခါ မှင်တက်သွားတယ်။ ဦးဆုံးတောင်ကို မနားမနေတက်လိုက်တဲ့အတွက် တောင်ထိပ်လည်းရောက်ရော အမောဆို့ပြီး လဲကျလုမတတ်ဖြစ်ခဲ့ရတယ်။ တစ်တောင်ပြီးတစ်တောင် ဆက်တက်ရတဲ့အတွက် သေလုမတတ် မောဟိုက်သွားတယ်။ နောက်ပိုင်းမှာ တောင်တွေကို ဘယ်လိုတက်ရမယ်ဆိုတာ သိလာတယ်။ အားအင်တွေကိုချွေတာပြီး ဖြည်းဖြည်းမှန်မှန်တက်ရမှာ။ ဒီလိုနဲ့ သိပ်မကြာခင် တစ်ရက်ကို မိုင် ၂၀ နှုန်းနဲ့ ခြောက်ရက် ဒါမှမဟုတ် ခြောက်ရက်ထက်မက လမ်းလျှောက်နိုင်ခဲ့တယ်။”

နှစ်တွေတစ်လျှောက်မှာ ချင်းပြည်နယ်မှာရှိတဲ့ညီအစ်ကိုတွေဟာ နည်းလမ်းအမျိုးမျိုးသုံးပြီး သွားလာခဲ့ကြတယ်။ လား၊ မြင်း၊ စက်ဘီး၊ မကြာသေးခင်ကစပြီး မော်တော်ဆိုင်ကယ်၊ ခရီးသည်တင်ကား၊ လေးဘီးယက်ကားစတာတွေကို အသုံးပြုခဲ့ကြတယ်။ များသောအားဖြင့်တော့ လမ်းလျှောက်ကြတယ်။ အထူးရှေ့ဆောင်တွေဖြစ်တဲ့ ညီကိုကျော်ဝင်းနဲ့ ညီကိုဒေးဗစ်ဇားမားတို့ဟာ မတူပီတစ်ဝိုက်ကရွာတွေကိုရောက်ဖို့ တစ်တောင်တက်တစ်တောင်ဆင်း ခရီးကြမ်းနှင်ခဲ့ရတယ်။ မတူပီအသင်းတော်က ညီအစ်ကိုညီအစ်မတွေဟာ မိုင် ၁၇၀ ကျော်ဝေးတဲ့ ဟားခါးမှာ စည်းဝေးကြီးတွေတက်ဖို့ အသွား ခြောက်ရက်ကနေ ရှစ်ရက်၊ အပြန် ခြောက်ရက်ကနေ ရှစ်ရက်အထိ လမ်းလျှောက်ကြရတယ်။ သွားရင်းနဲ့ သူတို့သီဆိုတဲ့ နိုင်ငံတော်သီချင်းသံတွေက လှပတဲ့တောင်တန်းတွေမှာ ပဲ့တင်ထပ်နေတယ်။

ညီအစ်ကိုညီအစ်မတွေဟာ အဲဒီခရီးကြမ်းတွေမှာ ကြမ်းတမ်းတဲ့တောင်ပေါ်ရာသီဥတုဒဏ်ကိုသာမက ခြင်အုပ်တွေ၊ အထူးသဖြင့် မိုးတွင်းမှာ အူယားစရာပိုးကောင်တွေရဲ့ဒဏ်ကိုပါ ကြုံရတယ်။ တိုက်နယ်ကြီးကြပ်မှူးညီကိုမြင့်လွင်က ဒီလိုပြောပြတယ်– “တောထဲမှာ လမ်းလျှောက်သွားနေတုန်း ခြေထောက်ပေါ် ကျွတ်တွေတက်လာတယ်။ ဒါပေမဲ့ တစ်ကောင်ကိုခါချလိုက်၊ နောက်တစ်ကောင်တက်လာလိုက် ဖြစ်နေတယ်။ ဒါနဲ့ သစ်တုံးပေါ် ကျွန်တော်တက်လိုက်တော့ ကျွတ်အုပ်ကလည်း လိုက်တက်လာတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးတော့တာပဲ။ နောက်ဆုံး လမ်းပေါ်ရောက်တော့ ကျွန်တော့်ကိုယ်ပေါ်မှာ ကျွတ်တွေ အများကြီးပဲ။”

ဒါပေမဲ့ ချင်းပြည်နယ်ကခရီးသွားတွေ ကြုံရတာဟာ ကျွတ်တွေလောက်ပဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တောဝက်၊ ဝက်ဝံ၊ ကျားသစ်နဲ့ ကျားတွေလည်းရှိတယ်။ တချို့အဆိုအရ ကမ္ဘာပေါ်မှာရှိတဲ့တခြားတိုင်းပြည်တွေမှာထက် မြန်မာနိုင်ငံမှာ အဆိပ်ပြင်းတဲ့မြွေအမျိုးအစား ပိုများတယ်။ ခရိုင်ကြီးကြပ်မှူးညီကိုဂွမ်ဂျာနော်နဲ့ သူ့ဇနီးညီမနန်လုက ချင်းပြည်နယ်မှာရှိတဲ့ အသင်းတော်တစ်ခုကနေတစ်ခုကို ခြေကျင်ခရီးသွားတဲ့အခါ တောရိုင်းတိရစ္ဆာန်တွေအနားမကပ်နိုင်အောင် ညအချိန်မှာ မီးတွေဖိုထားကြတယ်။

ဇွဲကြီးတဲ့ ဒီညီအစ်ကိုညီအစ်မတွေဟာ တည်မြဲတဲ့အမွေအနှစ်ကို ထားရစ်ခဲ့ကြတယ်။ “သူတို့ဟာ ယေဟောဝါအတွက် အစွမ်းခွန်အားရှိသမျှနဲ့ အမှုဆောင်ခဲ့ကြတယ်။ ချင်းပြည်နယ်ကနေ ထွက်လာပြီးနောက်မှာတောင် အဲဒီကိုပြန်သွားဖို့ အသင့်ရှိနေကြတယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ ယေဟောဝါရဲ့ဘုန်းကို ထင်ရှားစေခဲ့တယ်” လို့ ညီကိုမောရစ်ရပ်ချ် ပြောပြတယ်။ ဒီနေ့ ချင်းပြည်နယ်ဟာ မြန်မာပြည်မှာ လူနေအကျဲဆုံးဒေသတစ်ခုဖြစ်ပေမဲ့ အဲဒီမှာ အသင်းတော်ခုနစ်ခုနဲ့ သီးခြားအုပ်စု အတော်များများရှိနေတယ်။

“မြစ်ကြီးနားမှာ ‘သိုး’ တစ်ကောင်မှမရှိဘူး”

၁၉၆၆ ခုနှစ်မှာ အထူးရှေ့ဆောင်အတော်များများ မြစ်ကြီးနားမြို့ကို ရောက်လာတယ်။ အဲဒီမြို့ဟာ တရုတ်ပြည်အနီး၊ ကချင်ပြည်နယ် ဧရာဝတီမြစ်ကွေ့နားမှာ ကပ်လျက်တည်ရှိတဲ့ လှပတဲ့မြို့ငယ်လေးဖြစ်တယ်။ လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက ညီကိုရောဘတ်နဲ့ ညီမဘေဘီရစ်ချက်တို့က အဲဒီမှာ ခဏဟောခဲ့ဖူးတယ်။ “မြစ်ကြီးနားမှာ ‘သိုး’တစ်ကောင်မှမရှိဘူး” လို့ သူတို့ပြောခဲ့တယ်။ ဒါပေမဲ့ ဒီရှေ့ဆောင်အသစ်တွေကတော့ အမှန်တရားဆာငတ်နေသူတွေကို ရှာတွေ့ခဲ့ကြတယ်။

အဲဒီလိုလူတွေထဲကတစ်ယောက်ကတော့ ကိုမြမောင်လို့ခေါ်တဲ့ အသက် ၁၉ နှစ်အရွယ် နှစ်ခြင်းခရစ်ယာန်တစ်ယောက်ဖြစ်တယ်။ သူက ကျမ်းစာကိုနားလည်နိုင်ဖို့ ကူညီပေးပါဆိုပြီး ဘုရားသခင်ကိုဆုတောင်းခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်တော်အလုပ်လုပ်တဲ့နေရာကို ရှေ့ဆောင်တစ်ယောက်ရောက်လာပြီး ကျမ်းစာသင်အံမှုကမ်းလှမ်းတဲ့အခါ ကျွန်တော်အရမ်းပျော်သွားတယ်။ ဒါဟာ ကျွန်တော့်ဆုတောင်းချက်ရဲ့အဖြေပဲလို့ ခံစားခဲ့ရတယ်။ ကျွန်တော့်ညီ စံအေးနဲ့ ကျွန်တော်က တစ်ပတ်မှာနှစ်ကြိမ် ကျမ်းစာလေ့လာပြီး အမြန်တိုးတက်လာတယ်။

“ကျွန်တော်တို့ကိုကူညီပေးသူကတော့ အတော်ဆုံးဆရာတစ်ယောက်ဖြစ်တဲ့ ညီကိုဝေလ်စင်သိန်းဖြစ်တယ်။ သူက ဘာလုပ်ရမယ်ဆိုတာကို သင်ပေးရုံမဟုတ်ဘဲ ဘယ်လိုလုပ်ရမယ်ဆိုတာကိုပါ ပြပေးခဲ့တယ်။ လက်တွေ့လေ့ကျင့်မှုတွေနဲ့ သရုပ်ပြတွေကြောင့် ကျွန်တော်တို့က ကျမ်းစာကို ထိထိရောက်ရောက်သုံးတတ်လာတယ်၊ ရဲရဲရင့်ရင့်ဟောပြောတတ်လာတယ်၊ ဆန့်ကျင်မှုတွေကို ဖြေရှင်းတတ်လာတယ်၊ အသင်းတော်မှာ ဟောပြောချက်တာဝန်တွေကို ကောင်းကောင်းပြင်ဆင်ပြီး ဟောတတ်လာတယ်။ ဟောပြောချက်တိုင်းကို ကျွန်တော်တို့အစမ်းလေ့ကျင့်တဲ့အခါ ညီကိုဝေလ်စင်သိန်းက နားထောင်ပေးပြီး ပိုတိုးတက်နိုင်ဖို့ အကြံပေးတယ်။ သူ့ရဲ့မေတ္တာပါပါလေ့ကျင့်ပေးမှုကြောင့် ဘုရားရေးရာပန်းတိုင်တွေကို အရောက်လှမ်းနိုင်ခဲ့တယ်။

“၁၉၆၈ ခုနှစ်မှာ စံအေးနဲ့ကျွန်တော်က ရှေ့ဆောင်စလုပ်တဲ့အတွက် မြစ်ကြီးနားမှာ ရှေ့ဆောင်ရှစ်ယောက်ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ ဦးဆုံးကျမ်းစာသင်သားတွေကတော့ အမေနဲ့ ကျွန်တော်တို့ရဲ့မောင်နှမခုနစ်ယောက်ဖြစ်တယ်။ တဖြည်းဖြည်း သူတို့အားလုံး အမှန်တရားကိုလက်ခံခဲ့ကြတယ်။ မြစ်ကြီးနား-မန္တလေးမီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ မြို့ရွာတွေကိုလည်း တစ်ရက်ကနေသုံးရက်လောက်အထိ ခရီးသွားပြီး ဟောပြောခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ကြဲခဲ့တဲ့မျိုးစေ့တွေဟာ နောက်ပိုင်းမှာ သီးပွင့်ဖြစ်ထွန်းလာတယ်။ အခုဆိုရင် မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ နမ္မတီး၊ ဟိုပင်၊ မိုးညှင်းနဲ့ ကသာမြို့တွေမှာ တိုးတက်တဲ့အသင်းတော်တွေရှိနေပြီ။”

မြစ်ကြီးနားမှာရှိတဲ့ စီးပွားရေးရပ်ကွက်မှာ ဟောတဲ့အခါ ညီကိုစံအေးက အစိုးရရုံးတစ်ရုံးမှာအလုပ်လုပ်တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ဖြစ်တဲ့ ဦးဖုန်ရမ်နဲ့ တွေ့ခဲ့တယ်။ ဦးဖုန်ရမ်ဟာ အမှန်တရားကို လိုလိုလားလားလက်ခံပြီး ဟိမဝန္တာတောင်ခြေမြို့ငယ်လေးဖြစ်တဲ့ ပူတာအိုကိုပြောင်းသွားတယ်။ အဲဒီမှာ သူ့ရဲ့ဆွေမျိုးအများကြီးကိုဟောပြောတဲ့အတွက် မကြာခင်မှာပဲ စည်းဝေးတက်ရောက်သူ ၂၅ ယောက်အထိ ရှိလာတယ်။ ညီကိုဖုန်ရမ်ဟာ ရှေ့ဆောင်အဖြစ်အမှုဆောင်ရင်း သူ့ဇနီး၊ သားသမီးခုနစ်ယောက်နဲ့ ဆွေမျိုးအများကြီးကို အမှန်တရားသိလာအောင် ကူညီပေးခဲ့တယ်။ အခုဆိုရင် သူဟာ မြစ်ကြီးနားမှာ ရှေ့ဆောင်နဲ့အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေတယ်။

မီးရထားတွဲတွေ ကျန်ရစ်ခဲ့

ကချင်ပြည်နယ်မှာ ဟောပြောခြင်းလုပ်ငန်း အလျင်အမြန်တိုးတက်လာတဲ့အတွက် ဌာနခွဲရုံးက ၁၉၆၉ ခုနှစ်မှာ “မြေကြီးပေါ် ငြိမ်းချမ်းမှု” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ခါတိုင်းကျင်းပနေကျဖြစ်တဲ့ရန်ကုန်မှာမဟုတ်ဘဲ မြစ်ကြီးနားမှာကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်။ ဌာနခွဲက စည်းဝေးကြီးတက်ရောက်သူတွေကို ရန်ကုန်ကနေ မြောက်ဘက် မိုင် ၇၀၀ ကျော်ဝေးတဲ့ မြစ်ကြီးနားအထိ ပို့ဆောင်ပေးဖို့ မြန်မာ့မီးရထားရုံးမှာ မီးရထားခြောက်တွဲ တောင်းခံခဲ့တယ်။ ဒါဟာ တကယ့်ကိုထူးခြားတဲ့တောင်းဆိုမှုဖြစ်တယ်။ ကချင်ပြည်နယ်ဟာ သောင်းကျန်းသူတွေ ထကြွနေတဲ့နေရာဖြစ်လို့ မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ်ကန့်သတ်ထားတဲ့နေရာဖြစ်တယ်။ ဒါပေမဲ့ မီးရထားအရာရှိတွေက အဲဒီတောင်းဆိုချက်ကို ခွင့်ပြုလိုက်တဲ့အခါ ညီအစ်ကိုတွေ သိပ်အံ့သြခဲ့ရတယ်။

မြစ်ကြီးနားကို ရထားဆိုက်မယ့်နေ့မှာ ညီကိုမောရစ်ရပ်ချ်နဲ့ညီအစ်ကိုတစ်စုက စည်းဝေးကြီးတက်ရောက်သူတွေကို ကြိုဆိုဖို့ ဘူတာရုံမှာ စောင့်နေကြတယ်။ ညီကိုမောရစ် ဒီလိုပြောပြတယ်– “ကျွန်တော်တို့စောင့်နေတုန်း မီးရထားရုံပိုင်က အမောတကောပြေးလာပြီး ညီအစ်ကိုညီအစ်မတွေပါလာတဲ့ မီးရထားခြောက်တွဲကို တာဝန်ရှိသူတွေက တွဲဖြုတ်လိုက်တဲ့အကြောင်း အခုပဲသံကြိုးရောက်လာတယ်လို့ပြောတယ်။ ရထားက အတွဲပိုတွေကိုဆွဲပြီး တောင်ပေါ်မတက်နိုင်လို့ ဖြစ်ပုံရတယ်။ ညီအစ်ကိုညီအစ်မတွေဟာ မန္တလေးနဲ့မြစ်ကြီးနားကြားမှာ သောင်တင်နေပြီ။

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ဦးဆုံးစဉ်းစားမိတာက စည်းဝေးကြီးကို ရက်ရွှေ့လိုက်ဖို့ပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ခွင့်ပြုချက်ထပ်တင်ပြီး အတော်ကြာကြာစောင့်ရဦးမယ်။ ယေဟောဝါဆီ အသည်းအသန်ဆုတောင်းနေတုန်းမှာပဲ ရထားဆိုက်လာတယ်။ မီးရထားခြောက်တွဲစလုံးမှာ ညီအစ်ကိုညီအစ်မတွေအပြည့်ပဲ။ ကိုယ့်မျက်စိကိုယ်မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ ညီအစ်ကိုညီအစ်မတွေက ပြုံးပျော်ပြီး လက်တွေဝှေ့ယမ်းလို့။ အကြောင်းစုံကိုမေးကြည့်လိုက်တော့ သူတို့က ‘ရထားခြောက်တွဲကို ဖြုတ်လိုက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပါလာတဲ့ခြောက်တွဲတော့ မဟုတ်ဘူး’လို့ပြောပြတယ်။”

မြစ်ကြီးနားစည်းဝေးကြီးက သိပ်ကိုအောင်မြင်ခဲ့တယ်။ စည်းဝေးကြီးအတွင်း ဗမာလို စာပေသုံးမျိုး၊ အင်္ဂလိပ်လို ငါးမျိုးထုတ်ဝေခဲ့တယ်။ အဲဒီမတိုင်ခင်သုံးနှစ်တုန်းက သာသာနာပြုတွေ နိုင်ငံကနေမောင်းထုတ်ခံရချိန်မှာ ဗမာပြည်ကိုဝင်ရောက်လာတဲ့ ကျမ်းစာစာပေတွေဟာ တစ်စက်ချင်းကျတဲ့ရေလိုပဲ။ ဒါပေမဲ့ အခုတော့ အမှန်တရားရေက လျှံကျနေပြီ။

နာဂလူမျိုးတွေကို ဟောပြောခြင်း

မြစ်ကြီးနားစည်းဝေးကြီးပြီးနောက် လေးလအကြာမှာ ခန္တီးမြို့က စာတိုက်စာရေးတစ်ယောက်ဆီကနေ ဌာနခွဲရုံးကို စာတစ်စောင်ရောက်လာတယ်။ အဲဒီမြို့ဟာ အနောက်မြောက်ဘက်မှာရှိတဲ့ ဗမာ-အိန္ဒိယနယ်စပ်တစ်လျှောက်က မြင့်မားတဲ့တောင်ကြောတွေရဲ့အောက်၊ မြစ်ကမ်းဘေးမှာ တည်ရှိတယ်။ ဒီနေရာဟာ နာဂလူမျိုးတွေရဲ့ဇာတိမြေဖြစ်တယ်။ နာဂလူမျိုးဆိုတာ တစ်ချိန်တုန်းက ကြောက်စရာခေါင်းဖြတ်မုဆိုးတွေဖြစ်တဲ့ မျိုးနွယ်စုပေါင်းစုံပါဝင်တဲ့လူမျိုးဖြစ်တယ်။ ­သတ္တမနေ့ဥပုသ်အသင်းဝင်တစ်ယောက်ဖြစ်တဲ့ စာရေးကိုဘရီက ကျမ်းစာအကြောင်းပိုသိလာအောင် ကူညီပေးဖို့ သူ့စာထဲမှာရေးထားတယ်။ ဌာနခွဲရုံးက အထူးရှေ့ဆောင်နှစ်ယောက်ဖြစ်တဲ့ ညီကိုအောင်နိုင်နဲ့ညီကိုဝင်းဖေကို ချက်ချင်းလွှတ်လိုက်တယ်။

ညီကိုဝင်းဖေ ဒီလိုပြောပြတယ်– “ခန္တီးလေဆိပ်ကို ကျွန်တော်တို့ရောက်တော့ နံငယ်ပိုင်းလေးပဲဝတ်ထားတဲ့ ခက်ထန်တဲ့နာဂစစ်သားတွေကို တွေ့လိုက်ရလို့ တအားလန့်သွားတယ်။ ကိုဘရီက ကျွန်တော်တို့ဆီပြေးလာပြီး နှုတ်ဆက်တယ်။ ပြီးတော့ စိတ်ဝင်စားသူတချို့ကိုတွေ့ဖို့ ချက်ချင်းခေါ်သွားတယ်။ မကြာခင်မှာပဲ လူငါးယောက်ကို ကျွန်တော်တို့ ကျမ်းစာစသင်ပေးခဲ့တယ်။

“ဒါပေမဲ့ ဒေသခံအာဏာပိုင်တွေက ကျွန်တော်တို့ကို သောင်းကျန်းသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ နှစ်ခြင်းဓမ္မဆရာတွေနဲ့ အထင်မှားသွားတယ်။ ကျွန်တော်တို့က နိုင်ငံရေးနဲ့မပတ်သက်တဲ့အကြောင်း သေချာရှင်းပြပေမဲ့ တစ်လအတွင်းထွက်သွားဖို့ သူတို့အမိန့်ပေးလိုက်တယ်။”

သုံးနှစ်ကြာပြီးနောက် အရာရှိအသစ်တွေရောက်လာတဲ့အခါ အသက် ၁၈ နှစ်အရွယ် ရှေ့ဆောင်ညီကိုဗျတ်မောယာက အရင်ရှေ့ဆောင်တွေနေရာကို အစားဝင်ခဲ့တယ်။ မကြာခင်မှာ ညီကိုဘရီက စာတိုက်ကနေ အလုပ်ထွက်ပြီး ရှေ့ဆောင်စလုပ်တယ်။ တခြားရှေ့ဆောင်အတော်များများလည်း ထပ်ရောက်လာတယ်။ ဇွဲထက်သန်တဲ့ ဒီအုပ်စုလေးဟာ မကြာခင်မှာ ခန္တီးအသင်းတော်ကို တည်ထောင်ခဲ့တဲ့အပြင် အနီးအနားရွာတွေမှာ အုပ်စုငယ်အတော်များများကိုလည်း တည်ထောင်ခဲ့တယ်။ ညီကိုဗျတ်မောယာ ဒီလိုပြောပြတယ်– “နာဂညီအစ်ကိုညီအစ်မတွေဟာ ပညာမတတ်ဘူး။ စာလည်း မဖတ်တတ်ကြဘူး။ ဒါပေမဲ့ သူတို့က သမ္မာကျမ်းစာကိုချစ်မြတ်နိုးတယ်။ ကျွန်တော်တို့စာပေတွေမှာပါတဲ့ ရုပ်ပုံတွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး ဟောနိုင်တဲ့ ဇွဲရှိသူတွေဖြစ်တယ်။ ကျမ်းချက်အတော်များများကို အလွတ်မှတ်ထားပြီး နိုင်ငံတော်သီချင်းတွေကိုလည်း အလွတ်သီဆိုနိုင်ကြတယ်။”

အခုဆိုရင် ခန္တီးမှာ စည်းဝေးကြီးတွေ ပုံမှန်ကျင်းပနေတယ်။ ညီအစ်ကိုညီအစ်မတွေဟာ တောင်ဘက်မှာရှိတဲ့ ဟုမ္မလင်းမြို့ကနေတောင် ၁၅ နာရီကြာ သင်္ဘောစီးလာပြီး စည်းဝေးကြီးတွေတက်ကြတယ်။

“ရွှေတြိဂံ” မှာကြုံရတဲ့ဆန့်ကျင်မှု

အဲဒီအချိန်လောက်မှာ တိုင်းပြည်ရဲ့တခြားတစ်ဖက်မှာလည်း ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့နေတယ်။ တရုတ်၊ လာအိုနဲ့ထိုင်းနယ်စပ်နားက ကုန်းမြင့်ဒေသတွေမှာဖြစ်တယ်။ အဲဒီဒေသဟာ ရွှေတြိဂံရဲ့အလယ်ဗဟိုဖြစ်တယ်။ ဒါပေမဲ့ ဘိန်းစိုက်ခင်းတွေ၊ ဆူပူအုံကြွမှုတွေနဲ့ တခြားမြေအောက်လုပ်ငန်းတွေက အဲဒီဒေသမှာရှိတဲ့ လှပတဲ့တောင်ကြောတွေ၊ မြေသြဇာကောင်းတဲ့ချိုင့်ဝှမ်းတွေရဲ့ အလှကို အကျည်းတန်စေတယ်။ တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ဒီဒေသဆီ အမှန်တရားသယ်ဆောင်လာတဲ့ရှေ့ဆောင်တွေဟာ ပါးပါးနပ်နပ်၊ သတိရှိရှိ လုပ်ဆောင်ခဲ့ကြတယ်။ (မ. ၁၀:၁၆) ဒါပေမဲ့ သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းဟာ အမည်ခံခရစ်ယာန်ဓမ္မဆရာအုပ်စုရဲ့ဆန့်ကျင်မှုကိုတော့ မလွဲမသွေကြုံခဲ့ရတယ်။

ရှမ်းပြည်နယ်ရဲ့ ပျားပန်းခပ်စည်ကားတဲ့ လားရှိုးမြို့ကို ရှေ့ဆောင်တွေဖြစ်တဲ့ ညီကိုရော်ဘင်ဇော်ဂျာနဲ့ ညီကိုဒေးဗစ်အာဗြဟံတို့ ရောက်လာတဲ့အခါ ဒေသခံဓမ္မဆရာတွေက သူတို့ကို သူပုန်တွေလို့ ချက်ချင်းစွပ်စွဲကြတယ်။ ညီကိုရော်ဘင် ဒီလိုပြောပြတယ်– “ကျွန်တော်တို့ အဖမ်းခံရပြီး အချုပ်ထဲရောက်သွားတယ်။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ တရားဝင်စာရွက်စာတမ်းတွေကို ရဲတွေကို ကျွန်တော်တို့ပြတယ်။ သိပ်မကြာခင် ရဲမှူးတစ်ယောက် ဝင်လာတယ်။ သူက ‘ဟေး ကိုဇော်ဂျာ၊ ယေဟောဝါသက်သေတွေက လားရှိုးအထိတောင် ရောက်လာပြီပဲ’ လို့လှမ်းပြောတယ်။ အဲဒီရဲမှူးက ကျွန်တော့်ကျောင်းနေဖက်ဖြစ်ပြီး ကျွန်တော်တို့ကို ချက်ချင်းပြန်လွှတ်ပေးလိုက်တယ်။”

ဒီရှေ့ဆောင်နှစ်ယောက်က ဆက်ဟောပြောပြီး မကြာခင် အတော်အသင့်ကြီးတဲ့အသင်းတော်တစ်ခုကို တည်ထောင်ခဲ့ကြတယ်။ နောက်ပိုင်း သူတို့က နိုင်ငံတော်ခန်းမတစ်လုံး တည်ဆောက်ကြတယ်။ နှစ်နှစ်ကြာပြီးနောက် စစ်အရာရှိ ၇၀ ကျော်၊ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဓမ္မဆရာတွေစုဝေးရောက်ရှိနေတဲ့ ဒေသခံအစိုးရရုံးချုပ်ကိုလာဖို့ သူတို့ဆင့်ခေါ်ခံရတယ်။ ညီကိုရော်ဘင် ဒီလိုပြောပြတယ်– “ကျွန်တော်တို့က လူတွေကို သူတို့ရဲ့ဘာသာရေးထုံးတမ်းတွေ စွန့်ပစ်ဖို့ ဖိအားပေးနေတယ်ဆိုပြီး ဓမ္မဆရာတွေ ဒေါသတကြီးစွပ်စွဲတယ်။ စည်းဝေးကြီးကြပ်သူက ကျွန်တော်တို့ကို ပြန်ပြောခွင့်ပေးတဲ့အခါ ကျမ်းစာသုံးပြီး ရှင်းပြလို့ရမလားလို့ ကျွန်တော်မေးလိုက်တယ်။ သူက ခွင့်ပေးတဲ့အတွက် ကျွန်တော်လည်း စိတ်ထဲကနေ အမြန်ဆုတောင်းပြီး မှားယွင်းတဲ့ဘာသာရေးထုံးတမ်းတွေ၊ စစ်မှုထမ်းတာတွေ၊ အမျိုးသားအခမ်းအနားတွေနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို ရှင်းပြလိုက်တယ်။ ရှင်းပြပြီးတဲ့အခါ စည်းဝေးကြီးကြပ်သူက ထပြီး ဗမာပြည်ဥပဒေဟာ ဘာသာအားလုံးကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ကို ပြန်လွှတ်ပေးပြီး ဆက်ဟောခွင့်ပေးလိုက်တဲ့အတွက် ဓမ္မဆရာတွေ အကြီးအကျယ်မကျေမနပ်ဖြစ်သွားတယ်။”

နောက်ပိုင်း တရုတ်ပြည်နယ်စပ်နားက ရွာလေးတစ်ရွာဖြစ်တဲ့ မုန်းပေါ်မှာ နှစ်ခြင်းခရစ်ယာန်အုပ်စုတစ်စုက နိုင်ငံတော်ခန်းမကို မီးရှို့ပစ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ဆိုးရွားတဲ့လုပ်ရပ်က ဒေသခံညီအစ်ကိုညီအစ်မတွေကို မခြောက်လှန့်နိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့က အထူးရှေ့ဆောင်ရဲ့အိမ်ကိုမီးရှို့ပြီး တခြားညီအစ်ကိုညီအစ်မတွေကို အိမ်တိုင်ရာရောက် အကြမ်းဖက်ခဲ့ကြတယ်။ ညီအစ်ကိုတွေက ရပ်ကွက်လူကြီးကို တိုင်ပေမဲ့ သူက နှစ်ခြင်းခရစ်ယာန်တွေကိုပဲ ထောက်ခံအားပေးတယ်။ နောက်ဆုံးမှာ အစိုးရက ကြားဝင်ဖြေရှင်းပေးပြီး နိုင်ငံတော်ခန်းမအသစ်တစ်လုံးဆောက်ခွင့် ပေးလိုက်တယ်။ ဒါပေမဲ့ အရင်နေရာဖြစ်တဲ့ ရွာစွန်မှာမဟုတ်တော့ဘဲ ရွာလယ်ကောင်တည့်တည့်မှာဖြစ်တယ်။

မုန်းပေါ်ရဲ့တောင်ဘက်စွန်း၊ ရွှေတြိဂံနယ်မြေအစပ်၊ ကရင်ပြည်နယ်အစွန်အဖျားက ဝေးလံခေါင်သီတဲ့တောင်ပေါ်ရွာ လိပ်သိုမှာ ညီကိုဂရယ်ဂရီဆရီးလိုဟာ ကက်သလစ်ချာ့ချ်ရဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုကို ကြုံခဲ့ရတယ်။ သူ ဒီလိုပြောပြတယ်– “ရွာထဲက ကက်သလစ်ဘုန်းကြီးက သူ့အသင်းသားတွေကို ကျွန်တော့်သစ်သီးခြံကို ဖျက်ဆီးပစ်ခိုင်းတယ်။ အဲဒီအပြင် သူတို့က ကျွန်တော်စားဖို့ စားစရာတချို့ ပေးတယ်။ ဒါပေမဲ့ အဲဒီအစာထဲမှာ အဆိပ်ခတ်ထားတယ်ဆိုပြီး မိတ်ဆွေတစ်ယောက်က သတိပေးလိုက်လို့ ကျွန်တော်သီသီလေးလွတ်သွားတယ်။ တစ်နေ့၊ ဘုန်းကြီးရဲ့လူယုံက မနက်ဖြန် ဘယ်လမ်းကနေ သွားမလဲလို့ ကျွန်တော့်ကိုမေးတယ်။ နောက်နေ့မှာ ကျွန်တော့်ကိုသတ်ဖို့ အဲဒီလမ်းမှာ သူတို့စောင့်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်က တခြားလမ်းကနေ သွားလိုက်တဲ့အတွက် လွတ်သွားတယ်။ ကျွန်တော့်ကိုသတ်ဖို့ကြိုးစားတဲ့အကြောင်း အာဏာပိုင်တွေကို တိုင်တဲ့အခါ သူတို့က ကျွန်တော့်ကိုအနှောင့်အယှက်မပေးဖို့ ဘုန်းကြီးနဲ့သူ့လူတွေကို ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်တယ်။ ‘ကျွန်တော့်အသက်ကိုရှာတဲ့သူတွေ’လက်ကနေ ကျွန်တော့်ကို ယေဟောဝါကာကွယ်ပေးခဲ့တယ်။”—ဆာ. ၃၅:၄။

နိုင်ငံရေးမှာ လုံးလုံးကြားနေခြင်း

နှစ်တွေတစ်လျှောက်မှာ မြန်မာနိုင်ငံက ညီအစ်ကိုညီအစ်မတွေရဲ့သမာဓိဟာ ထူးခြားတဲ့နောက်တစ်နည်းနဲ့ စမ်းသပ်ခံခဲ့ရတယ်။ လူမျိုးစုစစ်ပွဲတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေက သူတို့ရဲ့ခရစ်ယာန်ကြားနေမှုကို စမ်းသပ်လေ့ရှိတယ်။​—ယော. ၁၈:၃၆။

မြန်မာနိုင်ငံတောင်ပိုင်းက သံဖြူဇရပ်မြို့ဟာ ဒုတိယကမ္ဘာစစ်အတွင်းတည်ဆောက်ခဲ့တဲ့ မြန်မာ-ထိုင်း “သေမင်းတမန်ရထားလမ်း” ရဲ့အနောက်ပိုင်းရထားလမ်းဆုံးမြို့ဖြစ်တယ်။ ခွဲထွက်ရေးသူပုန်နဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲဖြစ်နေတဲ့အဲဒီမြို့မှာ အထူးရှေ့ဆောင် ညီကိုလှအောင် အမှုဆောင်ခဲ့တယ်။ သူဒီလိုပြောပြတယ်– “စစ်သားတွေက ညဘက်မှာ ရွာတွေကိုဝင်စီးပြီး ယောက်ျားတွေကို ပေါ်တာဆွဲတယ်။ ပေါ်တာဆွဲခံရသူအတော်များများကို နောက်ထပ်ပြန်မတွေ့ရတော့ဘူး။ တစ်ညမှာဆိုရင် ကျွန်တော့်အိမ်မှာ ကျွန်တော်နဲ့ ညီကိုဒေါ်နယ်ဂျူးဝါး စကားပြောနေတုန်း စစ်သားတွေ ရွာထဲဝင်လာတယ်။ ကျွန်တော့်မိန်းမက ချက်ချင်းအော်ပြီးသတိပေးလိုက်လို့ ကျွန်တော်တို့ တောထဲထွက်ပြေးဖို့ အချိန်ရလိုက်တာ။ ကျွန်တော်တို့ သီသီကလေးလွတ်မြောက်သွားခဲ့တယ်။ ဒါကြောင့် စစ်သားတွေ နောက်တစ်ခါဝင်လာခဲ့ရင် မြန်မြန်ပုန်းလို့ရအောင်ဆိုပြီး ကျွန်တော့်အိမ်ထဲမှာ ပုန်းခိုစရာနေရာတစ်ခု လုပ်ထားလိုက်တယ်။”

သံဖြူဇရပ်မြို့ရဲ့တောင်ဘက်က ထားဝယ်မြို့ကို အထူးရှေ့ဆောင်ဖြစ်တဲ့ ညီကိုရာဂျန်းပန်ဒစ် ရောက်လာပြီး မကြာခင်မှာပဲ သူပုန်အများစုနေထိုင်တဲ့ အနီးအနားရွာတစ်ရွာမှာ ကျမ်းစာသင်အံမှုတွေ စတင်နိုင်ခဲ့တယ်။ သူ ဒီလိုပြန်ပြောပြတယ်– “အဲဒီရွာကနေ ပြန်လာတဲ့အခါ စစ်သားတွေက ကျွန်တော့်ကိုဖမ်းပြီး ရိုက်တော့တာပဲ။ သူတို့က ကျွန်တော့်ကို သူပုန်တွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲကြတယ်။ ကျွန်တော်က ယေဟောဝါသက်သေတစ်ယောက်ပါလို့ သူတို့ကိုပြောပြတော့ ထားဝယ်မြို့ကို ကျွန်တော်ဘယ်လိုရောက်လာသလဲလို့ မေးတယ်။ ဒါနဲ့ အမှတ်တရသိမ်းထားတဲ့ ကျွန်တော့်လေယာဉ်လက်မှတ်ကို ပြလိုက်တယ်။ အဲဒါက သူပုန်တွေလုံးဝမသုံးတဲ့ လေကြောင်းခရီးနဲ့ ကျွန်တော်လာတယ်ဆိုတဲ့သက်သေပဲ။ ဒီအခါ ကျွန်တော့်ကို ထပ်မရိုက်တော့ဘဲ လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ စစ်သားတွေက ကျွန်တော့်ရဲ့ကျမ်းစာသင်သားတစ်ယောက်ကို စစ်ဆေးမေးမြန်းကြတယ်။ သူက ကျွန်တော်တို့ကျမ်းစာကိုပဲ လေ့လာတာပါလို့ ပြောပြတယ်။ အဲဒီနောက်မှာ စစ်သားတွေက ကျွန်တော့်ကို မနှောင့်ယှက်ကြတော့ဘူး။ တချို့ဆိုရင် ကျွန်တော့်ရဲ့မဂ္ဂဇင်းလမ်းကြောင်းတောင် ဖြစ်လာတယ်။” 

တစ်ခါတလေ မြို့အာဏာပိုင်တွေက ညီအစ်ကိုတွေကို မဲထည့်စေခြင်း၊ အမျိုးသားရေးအခမ်းအနားတွေမှာ ပါဝင်စေခြင်းအားဖြင့် သူတို့ရဲ့ကြားနေမှုကို အလျှော့ပေးဖို့ ဖိအားပေးတတ်ကြတယ်။ ရန်ကုန်မြို့မြောက်ဘက် မိုင် ၈၀ အကွာက မြစ်ကမ်းနားမြို့ဖြစ်တဲ့ ဇလွန်မြို့မှာ အာဏာပိုင်တွေက မဲထည့်ဖို့ သက်သေခံတွေကို ဖိအားပေးကြတယ်။ ညီအစ်ကိုတွေက ကျမ်းစာကိုအဓိကကိုးကားပြီး မဲထည့်ဖို့ငြင်းဆိုခဲ့ကြတယ်။ (ယော. ၆:​၁၅) ဒါနဲ့ အာဏာပိုင်တွေက ဒီကိစ္စကို အထက်အာဏာပိုင်တွေဆီ တင်ပြတယ်။ ဒါပေမဲ့ အထက်အာဏာပိုင်တွေက ယေဟောဝါသက်သေတွေ နိုင်ငံရေးမှာ ကြားနေတယ်ဆိုတာ ကောင်းကောင်းသိထားကြတဲ့အတွက် ညီအစ်ကိုတွေဟာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ကင်းလွတ်ခွင့်ရသွားတယ်။

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ ခမ်းပတ်မြို့က သက်သေခံလူငယ် ၂၃ ယောက်ဟာ နိုင်ငံတော်အလံကို အလေးမပြုတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးက သူတို့ကို ကျောင်းထုတ်လိုက်တယ်။ ပြီးတော့ အဲဒီဆရာမကြီးက အသင်းတော်အကြီးအကဲနှစ်ယောက်ကို မြို့နယ်ခွဲမှူးနဲ့ ဗိုလ်ကြီးတစ်ယောက်ပါဝင်တဲ့ အာဏာပိုင်တွေအများကြီးရှေ့ လာခိုင်းတယ်။ အကြီးအကဲတစ်ဦးဖြစ်သူ ပေါလ်ခိုင်ခန့်ထန်က ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ရပ်တည်ချက်နဲ့ပတ်သက်တဲ့ ကျမ်းစာအကြောင်းရင်းတွေကို ရှင်းပြတဲ့အခါ အာဏာပိုင်တချို့ အရမ်းစိတ်ဆိုးကြတယ်။ ဒါနဲ့ ကျွန်တော်တို့က ‘အလံအလေးပြုတဲ့အချိန်မှာ တိတ်ဆိတ်ငြိမ်သက်စွာ၊ လေးစားစွာရပ်နေ’ ဖို့ ယေဟောဝါသက်သေတွေကို ခွင့်ပြုထားကြောင်းဖော်ပြတဲ့ အစိုးရရဲ့အမိန့်စာကို ပြလိုက်တယ်။ အဲဒီအခါ အာဏာပိုင်တွေ အံ့ဩလွန်းလို့ ဘာပြောရမှန်းမသိကြတော့ဘူး။ နောက်တော့ အဲဒီဗိုလ်ကြီးက ကျောင်းထုတ်ခံရတဲ့ကျောင်းသားတွေကို ပြန်လက်ခံဖို့ ကျောင်းအုပ်ဆရာမကြီးကို အမိန့်ပေးလိုက်တယ်။ ကျောင်းအုပ်ဆရာမကြီးလည်း အစိုးရရဲ့အမိန့်စာကို သူ့လက်အောက်ကလူတွေကို ပေးလိုက်တယ်။”

ဒီနေ့အချိန်မှာ မြန်မာအစိုးရရဲ့အဆင့်မြင့်ဆုံးအရာရှိတွေဟာ ယေဟောဝါသက်သေတွေရဲ့ကြားနေမှုကို ကောင်းကောင်းသိထားကြတယ်။ ယေရှုခရစ်ကြိုဟောထားသလိုပဲ ယေဟောဝါသက်သေတွေဟာ ကျမ်းစာမူတွေအတိုင်း အခိုင်အမာရပ်တည်ခြင်းအားဖြင့် ကောင်းစွာသက်သေခံခွင့် ရခဲ့ကြတယ်။​—လု. ၂၁:၁၃။

စစ်မှုထမ်းများ ခရစ်ယာန်ဖြစ်လာ

ပဋိပက္ခများတဲ့ မြန်မာနိုင်ငံခေတ်သစ်သမိုင်းတစ်လျှောက်မှာ နိုင်ငံသားအတော်များများဟာ စစ်မှုထမ်းကြတယ် ဒါမှမဟုတ် သူပုန်တွေနဲ့ပူးပေါင်းကြတယ်။ ပထမရာစုက ရောမတပ်မှူးကော်နေလိလိုပဲ သူတို့ထဲကတချို့ဟာ ‘ဘုရားတရားကြည်ညိုသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူ’ တွေဖြစ်တယ်။ (တ. ၁၀:၂) သူတို့ဟာ အမှန်တရားကိုသိလာတဲ့အခါ ယေဟောဝါရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ ကြိုးစားကြတယ်။

ဘုရားသခင့်တရားစကားတော်ရဲ့ လွတ်မြောက်စေနိုင်စွမ်းကြောင့် အခုဆိုရင် သူတို့ နှစ်ယောက်ဟာ မုန်းတီးမှုအနှောင်အဖွဲ့ကနေ လွတ်မြောက်လာပြီး မေတ္တာနှောင်ကြိုးနဲ့ စည်းလုံးနေကြပြီ

သူတို့ထဲကတစ်ယောက်ကတော့ ရေတပ်,တပ်ကြပ်ကြီးဟောင်း လှော်မန်းဖြစ်တယ်။ သူဟာ မော်လမြိုင်မြို့မှာ တာဝန်ထမ်းဆောင်နေတုန်း အမှန်တရားကို သိရှိလာတယ်။ သူဒီလိုရှင်းပြတယ်– “ကျွန်တော်သိထားတာကို ချက်ချင်းပဲ လိုက်ဟောချင်တယ်။ ဒါပေမဲ့ တပ်ကနေ နုတ်ထွက်ခါနီးမှာ ကျွန်တော့်ကိုရာထူးတိုးပေးဖို့၊ ချမ်းသာတဲ့အနောက်နိုင်ငံမှာ စစ်သင်တန်းတက်ခိုင်းဖို့ လျာထားမှန်း သိလိုက်ရတယ်။ ဒါပေမဲ့ ဘုရားသခင့်အမှုတော်ဆောင်ဖို့ ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ ကျွန်တော့်ရဲ့အထက်အရာရှိတွေ အံ့သြသွားပေမဲ့ ကျွန်တော်ကတော့ နုတ်ထွက်စာတင်ပြီး ယေဟောဝါရဲ့အမှုတော်မှာ စတင်ပါဝင်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပါပြီ။ ကျွန်တော့်ရဲ့ရွေးချယ်မှု မှန်တယ်ဆိုတာ အခုထိ ယုံကြည်နေဆဲပဲ။ စစ်မှန်တဲ့ဘုရားသခင်ရဲ့အမှုတော်မှာ ပါဝင်ရတဲ့အခွင့်ထူးကို ဘာနဲ့နှိုင်းယှဉ်လို့ရမှာလဲ။”

[စာမျက်နှာ ၁၃၂ ပါ ရုပ်ပုံ]

အိုက်လင်း (ဘယ်)၊ စသန်းထွန်းအောင် (ညာ) တို့ဟာ တောတွင်းတိုက်ပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြ

နောက်တစ်ယောက်ကတော့ လဘန်ဂမ်ဖြစ်တယ်။ တပ်မတော်ဆေးရုံမှာ သူဆေးကုသမှုခံယူနေတုန်း ညီကိုရော်ဘင်ဇော်ဂျာက ပရဒိသုခဘုံပျောက်ဆုံးသွားခြင်းမှ ပရဒိသုခဘုံပြန်လည်ရရှိသည်အထိf စာအုပ်ကို သူ့ကိုပြတယ်။ လဘန်ဂမ်က အဲဒီစာအုပ်ကို အရမ်းကြိုက်သွားတော့ သူ့ကိုပေးပါလို့ တောင်းတယ်။ ဒါပေမဲ့ ညီကိုဇော်ဂျာဆီမှာလည်း အဲဒီတစ်အုပ်ပဲရှိတဲ့အတွက် လဘန်ဂမ်ကို တစ်ညငှားပေးလိုက်တယ်။ နောက်နေ့မှာ ညီကိုဇော်ဂျာပြန်လာတဲ့အခါ လဘန်ဂမ်က “ခင်ဗျားစာအုပ်ကို ပြန်ယူလို့ရပြီ။ ကျွန်တော့်မှာ နောက်တစ်အုပ်ရှိနေပြီ” လို့ပြောတယ်။ သူက စာမျက်နှာ ၂၅၀ ရှိတဲ့တစ်အုပ်လုံးကို မှတ်စုစာအုပ်တွေထဲမှာ တစ်ညလုံး ကူးရေးထားတာ။ မကြာခင်မှာ လဘန်ဂမ်ဟာ စစ်တပ်ကနေ နုတ်ထွက်လိုက်ပြီးနောက် သူ့ရဲ့ “ပရဒိသု” စာအုပ်ကိုသုံးပြီး လူအတော်များများကို အမှန်တရားသိလာအောင် ကူညီပေးခဲ့တယ်။

ရှမ်းတောင်တန်းဒေသမှာ ဗမာ့တပ်မတော်က ဗိုလ်ကြီးစသန်းထွန်းအောင်နဲ့ ဝပြည်နယ်စည်းလုံးညီညွတ်ရေးတပ်မတော်က ဗိုလ်ကြီးအိုက်လင်းတို့ဟာ တောတွင်းတိုက်ပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာ နှစ်ဖက်စစ်တပ်က အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တယ်။ သူတို့နှစ်ယောက်လည်း ရှမ်းပြည်နယ်မှာ အခြေချနေထိုင်ကြတယ်။ နောက်တော့ သူတို့ဟာ ကိုယ့်ဒေသမှာ အမှန်တရားကို သင်ယူသိရှိလာပြီး စစ်တပ်ကနေ နုတ်ထွက်ပြီးနောက် နှစ်ခြင်းခံခဲ့ကြတယ်။ အရင်က ရန်သူဖြစ်ခဲ့ဖူးတဲ့ သူတို့နှစ်ယောက်ဟာ တိုက်နယ်စည်းဝေးတစ်ခုမှာ ပြန်ဆုံတဲ့အခါ ခရစ်ယာန်ညီအစ်ကိုတွေအဖြစ် ဖက်လဲတကင်းနှုတ်ဆက်ခဲ့ကြတယ်။ ဘုရားသခင့်တရားစကားတော်ရဲ့ လွတ်မြောက်စေနိုင်စွမ်းကြောင့် အခုဆိုရင် သူတို့ဟာ မုန်းတီးမှုအနှောင်အဖွဲ့ကနေ လွတ်မြောက်လာပြီး မေတ္တာနှောင်ကြိုးနဲ့ စည်းလုံးနေကြပြီ။​—ယော. ၈:​၃၂; ၁၃:၃၅။

“လူအမျိုးမျိုး” နဲ့ကျိုးကြောင်းဆင်ခြင်ကြ

၁၉၆၅ နဲ့ ၁၉၇၆ ခုနှစ်စပ်ကြားကာလမှာ မြန်မာနိုင်ငံရဲ့ကြေညာသူအရေအတွက်ဟာ ရာခိုင်နှုန်း ၃၀၀ ကျော်တိုးတက်ခဲ့တယ်။ သက်သေခံတွေဟောပြောတာကို လက်ခံတုံ့ပြန်တဲ့ လူသစ်အများစုဟာ အမည်ခံခရစ်ယာန်ဘာသာကနေ ထွက်လာကြတယ်။ ဒါပေမဲ့ ဘုရားသခင့်အလိုတော်က “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” စေဖို့ဖြစ်တယ်ဆိုတာ ညီအစ်ကိုတွေသိထားကြတယ်။ (၁ တိ. ၂:၄) ဒါကြောင့် ၁၉၇၅ ခုနှစ်လောက်ကစပြီး သူတို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ နတ်ကိုးကွယ်သူတွေအပါအဝင် တခြားဘာသာဝင်တွေကိုလည်း ဟောပြောဖို့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြတယ်။

[စာမျက်နှာ ၁၃၄ ပါ ရုပ်ပုံ]

သင်္ကန်းဝတ်နဲ့ဗုဒ္ဓဘုန်းကြီးတွေကို နေရာတကာမှာ မြင်တွေ့နေကျဖြစ်

ဒီလိုလုပ်ဆောင်တဲ့အခါ အခက်အခဲတွေ အများကြီးရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေက နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ဘုရားသခင် ဒါမှမဟုတ် ဖန်ဆင်းရှင်ကို လက်မခံကြဘူး။ ဟိန္ဒူဘာသာဝင်တွေကလည်း သန်းနဲ့ချီတဲ့နတ်ဘုရားတွေကို ကိုးကွယ်ကြတယ်။ မြန်မာလူမျိုးအတော်များများက တန်ခိုးကြီးနတ်တွေကို ယုံကြည်ကိုးကွယ်ကြတယ်။ အဲဒီဘာသာတရားတွေမှာ အယူသီးတာတွေ၊ ဂမ္ဘီရပညာ၊ နတ်ဆိုးပညာတွေနဲ့ ပြည့်နှက်နေတယ်။ ဘာသာတရားကိုင်းရှိုင်းသူအများစုက သမ္မာကျမ်းစာကို သန့်ရှင်းမြင့်မြတ်တဲ့ကျမ်းလို့ ရှုမြင်ကြပေမဲ့ ကျမ်းစာဇာတ်ကောင်တွေ၊ သမိုင်းကြောင်းတွေ၊ ကျမ်းစာသွန်သင်ချက်တွေကို အနည်းအကျဉ်းပဲသိကြတယ်၊ တချို့က လုံးဝမသိကြဘူး။

ဒါပေမဲ့ ဘုရားသခင့်တရားစကားတော်မှာပါတဲ့ တန်ခိုးရှိတဲ့အမှန်တရားတွေဟာ လူတွေရဲ့စိတ်နှလုံးကို ထိမိနိုင်တယ်ဆိုတာ ညီအစ်ကိုတွေသိထားကြတယ်။ (ဟေဗြဲ ၄:​၁၂) သူတို့လုပ်ရမှာက ဘုရားသခင့်စွမ်းအားတော်ကို အားကိုးဖို့ပါပဲ။ ဒါ့အပြင် “သွန်သင်ခြင်းနည်းပညာ” ကိုအသုံးပြုဖို့၊ တစ်နည်းအားဖြင့် လူတွေစိတ်ဝင်စားလာပြီး သူတို့အသက်တာကို ပြုပြင်ပြောင်းလဲလာအောင် ယုတ္တိရှိရှိကျိုးကြောင်းဆင်ခြင်ပြတတ်ဖို့လည်း လိုတယ်။​—၂ တိ. ၄:၂။

ဥပမာ၊ သက်တမ်းကြာ အထူးရှေ့ဆောင် ညီမရိုစလင်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ ယုတ္တိရှိရှိကျိုးကြောင်းဆင်ခြင်ပုံကို သုံးသပ်ကြည့်ပါ။ သူဒီလိုပြောပြတယ်– “ဗုဒ္ဓဘာသာဝင်တွေကို ဖန်ဆင်းရှင်တစ်ပါးရှိတဲ့အကြောင်းပြောပြတဲ့အခါ သူတို့က ‘အဲဒီဖန်ဆင်းရှင်ကို ဘယ်သူဖန်ဆင်းတာလဲ’ လို့ပြန်မေးလေ့ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေက လူသေရင် တိရစ္ဆာန်ဘဝကို ကူးပြောင်းတယ်လို့ ယုံကြည်တာကြောင့် သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်ကို ဥပမာပေးပြီး ကျွန်မဆင်ခြင်ပြတယ်။

“‘အိမ်မွေးတိရစ္ဆာန်တစ်ကောင်က သူ့မှာ သခင်ရှိတယ်ဆိုတာ သိသလား’ လို့ကျွန်မမေးတယ်။

“‘သိတာပေါ့။’

“‘ဒါဆိုရင် သူ့သခင်ရဲ့အလုပ်အကိုင်၊ အိမ်ထောင်ရေး ဒါမှမဟုတ် နောက်ခံတွေကိုကော သိသလား။’

“‘ဒါတွေကိုတော့ ဘယ်သိပါ့မလဲ။’

“‘အဲလိုပဲပေါ့၊ လူသားတွေဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ဘုရားသခင်နဲ့ မတူတဲ့အတွက် ဘုရားသခင်တည်ရှိလာပုံ၊ ဘုရားသခင်ရဲ့မူလအစနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို ကျွန်မတို့လူသားတွေ နားလည်နိုင်ပါ့မလား။’

“‘ဘယ်နားလည်နိုင်မလဲ။’”

“ညီအစ်ကိုတွေပြတဲ့မေတ္တာက ‘သကာပေါ် အချိုလောင်း’ သလိုပါပဲ”

အဲလိုကျိုးကြောင်းဆင်ခြင်မှုကြောင့် စိတ်ရင်းမှန်တဲ့ ဗုဒ္ဓဘာသာဝင်များစွာဟာ ဘုရားသခင်တည်ရှိကြောင်း ထပ်ဆင့်အထောက်အထားတွေကို လေ့လာခဲ့ကြတယ်။ ယုတ္တိရှိရှိကျိုးကြောင်းဆင်ခြင်မှုကို စစ်မှန်တဲ့ခရစ်ယာန်မေတ္တာနဲ့ပေါင်းစပ်လိုက်တဲ့အခါ လူတွေ ပိုပြီးစိတ်စွဲမှတ်သွားကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ဖူးသူ ညီကိုအုန်းသွင်က ဒီလိုပြန်ပြောပြတယ်– “ဗုဒ္ဓဘာသာယုံကြည်ချက်ဖြစ်တဲ့ နိဗ္ဗာန်နဲ့ မြေကြီးပရဒိသုဖြစ်လာမယ်ဆိုတဲ့ ကျမ်းစာကတိကို နှိုင်းယှဉ်ကြည့်လိုက်တော့ ပရဒိသုအကြောင်းက ကျွန်တော့်အတွက် ပိုပြီးနှစ်သက်စရာကောင်းတယ်။ ဒါပေမဲ့ အမှန်တရားဆီပို့ဆောင်တဲ့လမ်းတွေ အများကြီးရှိတယ်လို့ ကျွန်တော်ယုံကြည်တာကြောင့် ကျွန်တော်သင်ယူသိရှိခဲ့တဲ့အတိုင်း လိုက်လုပ်စရာမလိုဘူးလို့ ယူဆခဲ့တယ်။ နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးကို ကျွန်တော်စတက်ခဲ့တယ်။ ညီအစ်ကိုတွေပြတဲ့မေတ္တာက ‘သကာပေါ် အချိုလောင်း’ ဆိုတဲ့စကားပုံလို တကယ့်ကို နှစ်သက်ကြည်နူးစရာပါပဲ။ အဲဒီမေတ္တာက အမှန်တရားလို့သိထားတဲ့အရာအတိုင်း လုပ်ဆောင်ဖို့ ကျွန်တော့်ကိုလှုံ့ဆော်ပေးခဲ့တယ်။”

[ရုပ်ပုံ]]

၁၉၈၇ ခုနှစ်မှာ ဗမာပြည်မှာရှိတဲ့ သက်သေခံအုပ်စုတစ်စု

ဘာသာရေးယုံကြည်ချက်တွေကို ပြောင်းလဲဖို့ လူတွေကိုကူညီပေးရာမှာ လိမ္မာပါးနပ်မှုနဲ့ စိတ်ရှည်မှုလည်း လိုအပ်ပါတယ်။ ညီကိုကူးမား ချာကရာဗာနီရဲ့အဖေဟာ ဘာသာရေးခံယူချက်ပြင်းထန်တဲ့ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်တယ်။ ညီကိုကူးမား ဆယ်နှစ်သားအရွယ်မှာ သူ့အဖေက သူ့ကို စာဖတ်သင်ပေးဖို့ ဗေသလအိမ်သားဖြစ်သူ ညီကိုဂျင်မီ ဇေးဗီးယားကို ခွင့်ပြုခဲ့တယ်။ ညီကိုကူးမား ဒီလိုပြောပြတယ်– “အဖေက ‘ငါ့သားကို စာဖတ်တတ်အောင်ပဲ သင်ပေးရမယ်။ ဘာသာရေးအကြောင်း လုံးဝမသင်ပေးရဘူး’ လို့သူ့ကို သတိပေးတယ်။ ဒါနဲ့ ညီကိုဂျင်မီက ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ဟာ ကလေးတွေကို စာဖတ်သင်ပေးဖို့ သိပ်ကောင်းတဲ့စာအုပ်ပဲလို့ အဖေ့ကိုပြောပြတယ်။ ကျွန်တော့်ကို စာဖတ်သင်ပေးပြီးရင် ညီကိုဂျင်မီက အဖေ့ကို စိတ်ဝင်တစားနဲ့ အချိန်ပေးစကားပြောတယ်။ အဖေက ဘာသာရေးအကြောင်း မေးခွန်းတွေမေးတဲ့အခါ ညီကိုဂျင်မီက ‘ကျမ်းစာမှာ အဖြေရှိပါတယ်။ အတူတူကြည့်ရအောင်’ လို့ လိမ္မာပါးနပ်စွာပြောတတ်တယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ကျွန်တော့်အဖေသာမက မိသားစုဝင် ၆၃ ယောက်ပါ အမှန်တရားကိုလက်ခံပြီး ယေဟောဝါသက်သေတွေဖြစ်လာကြတယ်။”

အရေးအခင်းကာလမှာကျင်းပတဲ့ စည်းဝေးကြီးများ

၁၉၈၀ နဲ့ ၁၉၈၉ ခုနှစ်ကြားကာလမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ပိုပြီးမငြိမ်မသက်ဖြစ်လာတယ်။ နောက်ဆုံးတော့ ၁၉၈၈ ခုနှစ်မှာ ထောင်နဲ့ချီတဲ့လူတွေဟာ လမ်းပေါ်ထွက်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြကြတယ်။ ဒါပေမဲ့ စစ်တပ်က အဲဒီဆန္ဒပြမှုကို ချက်ချင်းနှိမ်နင်းလိုက်ပြီး တစ်နိုင်ငံလုံးနီးပါး စစ်အုပ်ချုပ်မှုအောက် ရောက်သွားခဲ့တယ်။

ဗေသလအိမ်သား ညီကိုကျော်ဝင်းက ဒီလိုပြန်ပြောပြတယ်– “အစိုးရက ညမထွက်ရအမိန့်ကို ထုတ်ပြန်ပြီး လူငါးယောက်ထက် ပိုမစုရုံးဖို့ အမိန့်ထုတ်လိုက်တယ်။ ဒါကြောင့် ခရိုင်စည်းဝေးကြီးတွေကို ဖျက်သိမ်းလိုက်ရမလားလို့ ကျွန်တော်တို့စဉ်းစားကြတယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်မှုအပြည့်နဲ့ ရန်ကုန်တိုင်းရဲ့ တိုင်းမှူးဆီသွားပြီး လူ ၁,၀၀၀ တက်ရောက်မယ့် စည်းဝေးကြီးကိုကျင်းပဖို့ ခွင့်ပြုချက်တောင်းတယ်။ အံ့ဩစရာကောင်းတာက နှစ်ရက်အကြာမှာ ခွင့်ပြုချက်ရသွားတယ်။ အဲဒီခွင့်ပြုချက်ကို တခြားဒေသတွေမှာရှိတဲ့ အာဏာပိုင်တွေကိုပြတဲ့အခါ အဲဒီဒေသတွေမှာလည်း စည်းဝေးကြီးတွေကျင်းပဖို့ သူတို့ ချက်ချင်းခွင့်ပြုကြတယ်။ ယေဟောဝါရဲ့အကူအညီနဲ့ကျင်းပခဲ့တဲ့ အဲဒီစည်းဝေးကြီးအစီအစဉ်အားလုံးဟာ ထူးခြားတဲ့အောင်ပွဲပါပဲ။”

ခရစ်ယာန်အစည်းအဝေးတွေကို လျစ်လျူမရှုကြ

၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်းပိုဆိုးလာတယ်။ အဲလိုဖြစ်တာတောင် ညီအစ်ကိုညီအစ်မတွေဟာ သူတို့ရဲ့ဘဝမှာ နိုင်ငံတော်အကျိုးစီးပွားကို ဆက်ပြီးဦးစားထားခြင်းအားဖြင့် ဘုရားသခင်ကို အပြည့်အဝယုံကြည်ကြောင်း တင်ပြခဲ့ကြတယ်။​—မ. ၆:​၃၃

ဥပမာ၊ စစ်ကိုင်းတိုင်း၊ ဝေးလံတဲ့ရွာတစ်ရွာမှာ နေထိုင်တဲ့ ညီကိုကျင်ခန်ဒါးလ်ရဲ့ မိသားစုအကြောင်းကို သုံးသပ်ကြည့်ပါ။ သူဒီလိုပြောပြတယ်– “ကျွန်တော်တို့မိသားစုက တာဟန်းခရိုင်စည်းဝေးကို သွားတက်ချင်တယ်။ အဲဒီကိုရောက်ဖို့ စက်လှေစီး၊ ကုန်တင်ကားစီးပြီး နှစ်ရက်ခရီးသွားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ခရီးထွက်နေချိန်မှာ ကျွန်တော်တို့ရဲ့ကြက်တွေကို ကြည့်ပေးမယ့်သူမရှိဘူး။ ဘာပဲဖြစ်ဖြစ်၊ ယေဟောဝါကိုယုံကြည်အားကိုးပြီး စည်းဝေးကြီးကို သွားတက်ခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ ကြက် ၁၉ ကောင် ပျောက်နေတယ်။ ဒါဟာ တကယ့်ကိုကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုပါပဲ။ ဒါပေမဲ့ တစ်နှစ်အကြာမှာ ကျွန်တော်တို့ရဲ့ကြက်အုပ်လေးဟာ အကောင် ၆၀ ကျော်အထိပွားလာတယ်။ အဲဒီနှစ်မှာ ကြက်နာကျလို့ ရွာသားတွေရဲ့ကြက်တွေသေကုန်ပေမဲ့ ကျွန်တော်တို့ရဲ့ကြက်တွေကတော့ တစ်ကောင်မှမသေဘူး။”

ဘုရားရေးရာကိုအဓိကထားတဲ့ နောက်မောင်နှံတစ်စုံကတော့ ညီကိုအောင်တင်ညွန့်နဲ့ သူ့ဇနီး ဒေါ်ငြိမ်းမြတို့ဖြစ်တယ်။ သူတို့ဟာ ရန်ကုန်မြို့ အနောက်မြောက်ဘက် မိုင် ၄၀ အကွာက ကျုံရှရွာလေးမှာ သားသမီးကိုးယောက်နဲ့အတူ နေထိုင်ကြတယ်။ ညီကိုအောင်တင်ညွန့် ဒီလိုပြန်ပြောပြတယ်– “အများအားဖြင့်တော့ ကျွန်တော်တို့မိသားစုဟာ ဆန်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ပဲ စားရတယ်။ ကျွန်တော်တို့မှာ ငွေလည်းမရှိ၊ ရောင်းစရာလည်း ဘာမှမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်မကျပါဘူး။ ‘ယေရှုမှာ ခေါင်းချစရာတောင်မရှိဘူး။ ဒီတော့ သစ်ပင်အောက်မှာပဲ နေရနေရ၊ အစာငတ်လို့ပဲသေသေ ငါကတော့ ဘုရားသခင်ကို သစ္စာရှိရှိဆက်ဝတ်ပြုသွားမှာပဲ’ လို့မိသားစုကို ကျွန်တော်ပြောတယ်။

“ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။”—ဟေဗြဲ ၁၃:၆

“တစ်နေ့တော့၊ ကျွန်တော့်တို့အိမ်မှာ စားစရာဘာမှမရှိတော့ဘူး။ ကျွန်တော့်မိန်းမနဲ့ ကလေးတွေက စိုးရိမ်ပူပန်တဲ့မျက်နှာတွေနဲ့ ကျွန်တော့်ကိုကြည့်နေကြတယ်။ ဒါနဲ့ ကျွန်တော်က ‘မစိုးရိမ်ကြနဲ့။ ငါတို့ကို ဘုရားသခင် ကူညီမှာပါ’ လို့သူတို့ကို အားပေးတယ်။ ဒီနောက် မနက်ပိုင်း အမှုဆောင်ထွက်ပြီးတာနဲ့ သားတွေကိုခေါ်ပြီး ငါးဖမ်းထွက်သွားတယ်။ ဒါပေမဲ့ တစ်နပ်စာလောက်ပဲ ငါးရတယ်။ ဒါကြောင့် ယက်သဲ့တွေကို မြစ်ကမ်းဘေးက ဗေဒါဒိုက်နားမှာထားခဲ့ပြီး ‘စည်းဝေးပြီးမှ ပြန်လာကြမယ်’ လို့သားတွေကိုပြောတယ်။ အဲဒီညနေမှာ လေအရမ်းတိုက်တော့ ငါးတွေက ဗေဒါဒိုက်ထဲ ဝင်အောင်းနေကြတယ်။ ကျွန်တော်တို့လည်းပြန်လာပြီး ယက်သဲ့တွေကို ဗေဒါဒိုက်အောက်ထဲ ထိုးထည့်လိုက်တဲ့အခါ ငါးအများကြီးဖမ်းမိတယ်။ ဒါနဲ့ ရတဲ့ငါးတွေကိုရောင်းပြီး တစ်ပတ်စာရိက္ခာ ဝယ်နိုင်ခဲ့တယ်။”

“ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား” ဆိုတဲ့ ဘုရားသခင်ရဲ့အားရှိစရာကတိတော် တကယ်ပြည့်စုံတာကို မြန်မာနိုင်ငံမှာရှိတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေ အကြိမ်ကြိမ်ကိုယ်တွေ့ကြုံခဲ့ရတယ်။ “ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း” ဆိုပြီး သူတို့ရဲရဲကြီး ပြောနိုင်ကြပါတယ်။—ဟေဗြဲ ၁၃:၅၊ ၆။

ပုံနှိပ်ထုတ်ဝေမှု တိုးတက်လာ

[စာမျက်နှာ ၁၄၆ ပါ ဇယား]

မြန်မာနိုင်ငံမှာ ၁၉၅၆ ခုနှစ်ကစပြီး ကင်းမျှော်စင်ကို မြန်မာဘာသာစကားနဲ့ ထုတ်ဝေခဲ့တဲ့အတွက် လူတွေအကျိုးခံစားခဲ့ရတယ်။ လူမျိုးစုစစ်ပွဲတွေ၊ ပြည်တွင်းပဋိပက္ခတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ ဆက်ရှိနေပေမဲ့လည်း ကင်းမျှော်စင်ကို ပုံမှန်ထုတ်ဝေနိုင်ခဲ့တယ်။ မဂ္ဂဇင်းတွေကို ဘယ်လိုထုတ်ဝေခဲ့ရသလဲ။

နှစ်များတစ်လျှောက်မှာ ဌာနခွဲရုံးက ဘာသာပြန်ထားတဲ့မဂ္ဂဇင်းစာသားတွေကို အစိုးရဆင်ဆာအဖွဲ့ကို ပို့ရတယ်။ ဆင်ဆာခွင့်ပြုချက်ရတဲ့အခါ ဌာနခွဲက ပုံနှိပ်စက္ကူဝယ်ခွင့်ရဖို့ လျှောက်ထားရတယ်။ ပုံနှိပ်စက္ကူရပြီးတဲ့နောက်မှာ ညီကိုတစ်ယောက်က အဲဒီစက္ကူတွေနဲ့ မဂ္ဂဇင်းစာသားတွေကို ပုံနှိပ်တိုက်ဆီ ယူသွားတယ်။ ပုံနှိပ်တိုက်က တစ်မျက်နှာစာ မြန်မာခဲစာလုံးတွေကို တစ်လုံးချင်း လက်နဲ့စီတယ်။ ဒီနောက် အဲဒီညီကိုက စာသားတိကျမှန်ကန်မှုရှိဖို့ စိစစ်တယ်။ ပြီးမှ မဂ္ဂဇင်းကို ဟောင်းနွမ်းတဲ့ပုံနှိပ်စက်နဲ့ ပုံနှိပ်တယ်။ အဲဒီမဂ္ဂဇင်းစာမူတွေကို ဆင်ဆာကိုပြန်ပို့တဲ့အခါ သူတို့က ထုတ်ဝေခွင့်အမှတ်ကို ပေးတယ်။ ဒီလိုခက်ခက်ခဲခဲအဆင့်တွေကို ကျော်ဖြတ်ဖို့ဆိုရင် အပတ်နဲ့ချီကြာတတ်တယ်။ စက္ကူနဲ့ ပုံနှိပ်အရည်အသွေးကလည်း တော်တော့်ကိုညံ့တယ်။

[ရုပ်ပုံ]

၁၉၈၉ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကို လုံးဝပြောင်းလဲပစ်လိုက်တဲ့ ပုံနှိပ်ထုတ်ဝေမှုစနစ်အသစ်ကို ဌာနခွဲရုံးက ရရှိခဲ့တယ်။ ကမ္ဘာ့ဌာနချုပ်မှာ တီထွင်ပြုလုပ်တဲ့ ဘာသာစကားစုံ အီလက်ထရွန်းနစ် ဓာတ်ပုံစာစီစနစ် (မက်ပ်စ်) မှာ ကွန်ပျူတာတွေ၊ ဆော့ဖ်ဝဲနဲ့ ဓာတ်ပုံစာစီစနစ်တွေကိုသုံးပြီး မြန်မာဘာသာစကားအပါအဝင် ၁၈၆ ဘာသာစကားနဲ့ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။g

ဌာနခွဲရုံးမှာအလုပ်လုပ်တဲ့ ညီကိုမြမောင် ဒီလိုပြောတယ်– “မြန်မာနိုင်ငံမှာ ကွန်ပျူတာသုံးပြီး စာစီ၊ ပုံနှိပ်ထုတ်ဝေသူတွေထဲမှာ ယေဟောဝါသက်သေတွေက ဦးဆုံးပဲ။ အဲဒီမက်ပ်စ်စနစ်မှာ ကျွန်တော်တို့ဌာနခွဲကနေ တီထွင်လိုက်တဲ့ မြန်မာအက္ခရာလှလှလေးတွေကို သုံးထားတယ်။ ဒီစနစ်က ပြည်တွင်းပုံနှိပ်လုပ်ငန်းကို ဂယက်ရိုက်သွားခဲ့တယ်။ ဒီလောက်လှပသေသပ်တဲ့အက္ခရာတွေကို ကျွန်တော်တို့ ဘယ်လိုထွင်လိုက်သလဲဆိုတာ လူတွေနားမလည်နိုင်ကြဘူး။” မက်ပ်စ်စနစ်က အော့ဖ်ဆက်ပုံနှိပ်နည်းကို အထောက်အကူပြုတဲ့အတွက် ပုံနှိပ်အရည်အသွေးကိုလည်း ပိုကောင်းမွန်စေတယ်။ ဒါ့အပြင် မက်ပ်စ်စနစ်က သရုပ်ဖော်ပုံတွေရဲ့အရည်အသွေးကို ပိုကောင်းမွန်စေတဲ့အတွက် ကင်းမျှော်စင်ရဲ့ အသွင်အပြင်ဟာလည်း ပိုပြီးဆွဲဆောင်မှုရှိလာတယ်။

၁၉၉၁ ခုနှစ်မှာ မြန်မာအစိုးရက နိုးလော့! စာစောင်ကို ထုတ်ဝေခွင့်ပေးလိုက်တဲ့အတွက် ညီအစ်ကိုတွေ စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ကြတယ်။ လူထုလည်း အလားတူပါပဲ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတစ်ယောက်က “နိုးလော့! စာစောင်ဟာ တခြားဘာသာရေးစာပေတွေနဲ့ မတူဘူး။ စိတ်ဝင်စားစရာအကြောင်းတွေ အများကြီးပါပြီး နားလည်ရလည်း လွယ်တယ်။ ကျွန်တော် အရမ်းကြိုက်တယ်” လို့ပြောတယ်။ စာဖတ်ပရိသတ်များစွာလည်း အဲလိုပဲပြောကြတယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာထုတ်ဝေတဲ့ မဂ္ဂဇင်းအရေအတွက်ဟာ ရာခိုင်နှုန်း ၉၀၀ နီးပါးတိုးတက်ခဲ့

လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ ဌာနခွဲရုံးက လစဉ်ထုတ်ဝေတဲ့ မဂ္ဂဇင်းအရေအတွက်ဟာ ၁၅,၀၀၀ ကနေ ၁၄၁,၀၀၀ အထိ တိုးများလာခဲ့တယ်။ ဒါဟာ ရာခိုင်နှုန်း ၉၀၀ နီးပါးတိုးတက်မှုပါပဲ။ အခုဆိုရင် ရန်ကုန်မြို့မှာ ကင်းမျှော်စင် နဲ့ နိုးလော့! ကို လူတွေရင်းနှီးနေကြပြီ။ နိုင်ငံတစ်ဝန်းကလူတွေလည်း ကြိုက်နှစ်သက်ကြတယ်။

ဌာနခွဲရုံးသစ် လိုအပ်လာ

၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ စစ်အစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ လူမှုရေးနဲ့ ဘာသာရေးအသင်းအဖွဲ့တွေကို အစိုးရဆီမှာ မှတ်ပုံတင်ခိုင်းတယ်။ ဌာနခွဲရုံးကလည်း ချက်ချင်းပဲတင်လိုက်တယ်။ နှစ်နှစ်အကြာ၊ ၁၉၉၀၊ ဇန်နဝါရီ ၅ ရက်နေ့မှာ အစိုးရက “ယေဟောဝါသက်သေများ (ကင်းမျှော်စင်) အသင်း” ကို မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပေးတယ်။

[စာမျက်နှာ ၁၄၉ ပါ ရုပ်ပုံ]

ဗေသလအိမ်က နေရာမဆံ့တော့။ ညီမတစ်ယောက်က ကြမ်းပြင်ပေါ်မှာ မီးပူတိုက်နေ

အဲဒီအချိန်မှာ ညီအစ်ကိုတွေဟာ ဌာနခွဲရုံးကို ၃၉ လမ်းကနေ အင်းယားလမ်း၊ မြေဧကဝက်ပေါ်မှာရှိတဲ့ နှစ်ထပ်အိမ်ကို ပြောင်းရွှေ့လိုက်တယ်။ အဲဒီနေရာဟာ မြို့ရဲ့မြောက်ဘက်မှာရှိပြီး လူကုံထံရပ်ကွက်ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအိမ်သစ်ကလည်း နေရာမဆံ့တော့ဘူး။ အဲဒီအချိန်မှာ မြန်မာနိုင်ငံကိုလာလည်ပတ်တဲ့ ဇုန်ကြီးကြပ်မှူးညီကိုဗစ်မိုရစ်က ဒီလိုပြန်ပြောပြတယ်– “ဗေသလမိသားစုဝင် ၂၅ ယောက်ဟာ ခက်ခဲတဲ့အခြေအနေအောက်မှာ အလုပ်လုပ်နေရတယ်။ မီးဖိုဆောင်မှာ (ဖုတ်နိုင်၊ ကင်နိုင်၊ ချက်ပြုတ်နိုင်တဲ့) ပေါင်းဖိုကြီး မရှိဘူး။ ညီမတစ်ယောက်က လျှပ်စစ်မီးဖိုလေးနဲ့ပဲ ချက်ပြုတ်ရတယ်။ အဝတ်လျှော်စက်လည်းမရှိဘူး။ ညီမတစ်ယောက်က ကြမ်းပြင်ပေါ်က ဘောင်ကွပ်ထားတဲ့နေရာမှာ လျှော်ဖွပ်ရတယ်။ ညီအစ်ကိုတွေက ပေါင်းဖိုကြီးနဲ့ အဝတ်လျှော်စက်ဝယ်ချင်ပေမဲ့ အဲဒီပစ္စည်းတွေကို တင်သွင်းလို့မရဘူး။”

ညီအစ်ကိုတွေအတွက် ပိုကြီးတဲ့ဌာနခွဲရုံး လိုအပ်နေပြီ။ ဒါကြောင့် လက်ရှိနှစ်ထပ်အိမ်ကို ဖြိုဖျက်ပြီး အဲဒီနေရာမှာ လူနေအိမ်ခန်းနဲ့ ရုံးခန်းပါဝင်တဲ့ လေးထပ်အဆောက်အအုံသစ် တည်ဆောက်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ မဆောက်ခင်မှာ ညီအစ်ကိုတွေအနေနဲ့ အတားအဆီးကြီးတချို့ကို ဖြတ်ကျော်ဖို့လိုတယ်။ ပထမ၊ အစိုးရဌာနခြောက်ခုကနေ ခွင့်ပြုချက်ရဖို့ လိုတယ်။ ဒုတိယ၊ ပြည်တွင်းကန်ထရိုက်တာတွေက သံမဏိဘောင်သုံးပြီး မဆောက်ဖူးတဲ့အတွက် အဲဒီအလုပ်ကို မလုပ်နိုင်ကြဘူး။ တတိယ၊ တိုင်းတစ်ပါးက သက်သေခံစေတနာ့ဝန်ထမ်းတွေဟာ နိုင်ငံအတွင်း ဝင်ခွင့်မရှိဘူး။ နောက်ဆုံးအနေနဲ့၊ ဆောက်လုပ်ရေးပစ္စည်းတွေကို ပြည်တွင်းမှာမရနိုင်သလို ပြည်ပကနေလည်း တင်သွင်းခွင့်မရှိဘူး။ ဒါကြောင့် ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ဆိုတာ မျှော်လင့်ချက်မရှိပုံပဲ။ ခါတိုင်းလိုပဲ ဒီတစ်ခါလည်း ညီအစ်ကိုတွေဟာ ယေဟောဝါကို ယုံကြည်အားကိုးခဲ့ကြတယ်။ ယေဟောဝါအလိုတော်ရှိမယ်ဆိုရင် ဌာနခွဲရုံးသစ်ကို ဆောက်နိုင်မှာသေချာတယ်။​—ဆာ. ၁၂၇:၁။

‘တန်ခိုးအာဏာကြောင့်မဟုတ်၊ ငါ့စွမ်းအားတော်ကြောင့်’

ဌာနခွဲရုံးရဲ့တရားရေးဌာနက ညီကိုကျော်ဝင်း ဒီလိုပြန်ပြောပြတယ်– “အစိုးရဌာနခြောက်ခုမှာ သာသနာရေးဝန်ကြီးဌာနအပါအဝင် ဌာနငါးခုကို အဆင့်ဆင့် ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လေးထပ်အဆောက်အအုံဟာ မြင့်လွန်းတယ်ဆိုပြီး ကျွန်တော်တို့ရဲ့လျှောက်လွှာကို ပယ်ချလိုက်တယ်။ နောက်တစ်ခါ လျှောက်လွှာထပ်တင်တော့ ပယ်ချလိုက်ပြန်တယ်။ ဌာနခွဲကော်မတီက ကျွန်တော့်ကို ဇွဲမလျှော့ဘဲဆက်ကြိုးစားဖို့ အားပေးတယ်။ ကျွန်တော်လည်း ယေဟောဝါဆီ ထက်သန်စွာဆုတောင်းပြီး တတိယအကြိမ် လျှောက်လွှာတင်တယ်။ ဒီတစ်ကြိမ်မှာတော့ ခွင့်ပြုချက်ရလိုက်တယ်။

“အဲဒီနောက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို ကျွန်တော်တို့သွားတော့ နိုင်ငံခြားသားတွေအတွက် တစ်ပတ်ကြာခရီးသွားဗီဇာပဲ ရနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကျွမ်းကျင်တဲ့ နိုင်ငံခြားသားစေတနာ့ဝန်ထမ်းတွေဟာ ဒေသခံတွေကို အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာတွေ သင်ပေးမယ့်အကြောင်း ရှင်းပြလိုက်တယ်။ ဒီအခါ စေတနာ့ဝန်ထမ်းတွေအတွက် ခြောက်လဗီဇာ ထုတ်ပေးခဲ့တယ်။

“နောက်တော့ ကုန်သွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ကြည့်တဲ့အခါ တင်သွင်းခွင့်အားလုံးကို ပိတ်ထားကြောင်း သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့စီမံကိန်းအကြောင်း တာဝန်ရှိသူတွေကိုပြောပြတဲ့အခါ ယူအက်စ်ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေအတွက် တင်သွင်းခွင့်လိုင်စင် ထုတ်ပေးလိုက်တယ်။ ဒါပေမဲ့ အခွန်ကိစ္စကျန်သေးတယ်။ ဒါနဲ့ပတ်သက်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ကျွန်တော်တို့သွားတဲ့အခါ အခွန်ကင်းလွတ်ခွင့် ပေးလိုက်တယ်။ အဲဒီအဖြစ်အပျက်တွေအပြင် တခြားဖြစ်ရပ်များစွာမှာ ဘုရားသခင်ရဲ့ ဒီစကားမှန်တယ်ဆိုတာ ကျွန်တော်တို့ကိုယ်တွေ့ပါပဲ– ‘“ဒါတွေအားလုံးက စစ်တပ်အင်အားကြောင့် မဟုတ်ဘူး။ တန်ခိုးအာဏာကြောင့်လည်း မဟုတ်ဘူး။ ငါ့စွမ်းအားတော်ကြောင့်သာ ဖြစ်လာလိမ့်မယ်” လို့ ဗိုလ်ခြေတို့ရဲ့အရှင်ယေဟောဝါပြောတယ်။’”​—ဇာ. ၄:၆၊ ကဘ။

[စာမျက်နှာ ၁၅၁ ပါ ရုပ်ပုံ]

နိုင်ငံခြားသားနဲ့ ဒေသခံညီအစ်ကိုတွေ တရင်းတနှီး အတူတူလုပ်ဆောင်ကြ

၁၉၉၇ ခုနှစ်မှာ စေတနာ့ဝန်ထမ်းတွေ ရောက်လာတယ်။ ဆောက်လုပ်ရေးပစ္စည်းအများစုကို ဩစတြေးလျကညီအစ်ကိုတွေ လှူဒါန်းကြတယ်။ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းကနေလည်း တခြားပစ္စည်းတွေ ရောက်လာတယ်။ စီမံကိန်းကိုကြီးကြပ်ဖို့ ကူညီပေးတဲ့ ညီကိုဘရုစ် ပစ်ကရင်း ဒီလိုပြောပြတယ်– “ဩစတြေးလျကညီအစ်ကိုတွေဟာ သံမဏိဘောင်အားလုံးကို အသင့်လုပ်ပြီး မြန်မာနိုင်ငံကို ယူလာကြတယ်။ ဒီရောက်မှ အစိတ်အပိုင်းတွေကို တပ်ဆင်ကြတယ်။ အံ့ဩစရာကောင်းတာက၊ အပိုအလိုမရှိ အားလုံးကွက်တိပဲ။” ဂရိ၊ ဂျာမနီ၊ ဖီဂျီ၊ ဗြိတိန်၊ နယူးဇီလန်၊ အမေရိကန်ပြည်ထောင်စုတို့ကနေလည်း စေတနာ့ဝန်ထမ်းတွေ ရောက်လာကြတယ်။

နှစ်ပေါင်း ၃၀ အတွင်း ဦးဆုံးအနေနဲ့ ဒေသခံကြေညာသူတွေဟာ နိုင်ငံခြားညီအစ်ကိုညီအစ်မတွေနဲ့ လွတ်လွတ်လပ်လပ် ပေါင်းသင်းနိုင်ခဲ့ကြတယ်။ ညီကိုဒေါ်နယ်ဂျူးဝါး ဒီလိုပြန်ပြောပြတယ်– “ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်။ ဒါဟာ အိပ်မက်တစ်ခုလိုပါပဲ။ နိုင်ငံခြားညီအစ်ကိုညီအစ်မတွေရဲ့ ဘုရားသခင်ကိုချစ်တဲ့မေတ္တာ၊ ညီအစ်ကိုချင်းချစ်တဲ့မေတ္တာ၊ ကိုယ်ကျိုးစွန့်စိတ်ဓာတ်တွေဟာ ကျွန်တော်တို့ကို အကြီးအကျယ်အားပေးမှုဖြစ်စေခဲ့တယ်။” နောက်ညီကိုတစ်ယောက်ကလည်း ဒီလိုပြောတယ်– “အဖိုးမဖြတ်နိုင်တဲ့ ဆောက်လုပ်ရေးနည်းပညာတွေကို ကျွန်တော်တို့တတ်လာကြတယ်။ ဖယောင်းတိုင်ပဲသုံးတဲ့ ညီအစ်ကိုတွေက လျှပ်စစ်မီးတွေ သွယ်တတ်လာတယ်။ ယပ်တောင်ပဲသုံးတဲ့သူတွေက လေအေးပေးစက် ဆင်တတ်လာတယ်။ လျှပ်စစ်ဓာတ်အားသုံး စက်ကိရိယာတွေကိုတောင် ကျွန်တော်တို့သုံးတတ်လာတယ်။”

[စာမျက်နှာ ၁၅၂ ပါ ရုပ်ပုံ]

မြန်မာဗေသလ

နိုင်ငံခြားသားစေတနာ့ဝန်ထမ်းတွေကလည်း မြန်မာညီအစ်ကိုညီအစ်မတွေရဲ့ ယုံကြည်ခြင်းနဲ့ မေတ္တာကို အရမ်းစိတ်စွဲမှတ်သွားကြတယ်။ ညီကိုဘရုစ် ပစ်ကရင်း ဒီလိုပြောပြတယ်– “ညီအစ်ကိုတွေဟာ ဆင်းရဲပေမဲ့ စေတနာတအားကောင်းကြတယ်။ ကျွန်တော်တို့ကို သူတို့အိမ်ကိုဖိတ်ခေါ်ပြီး ကျွေးမွေးဧည့်ခံကြတယ်။ တကယ်တော့ သူတို့မိသားစုတွေအတွက် ရက်အတော်ကြာစားလောက်တဲ့ အစားအစာတွေနဲ့ ဧည့်ခံကြတာ။ သူတို့ရဲ့ပုံသက်သေက မိသားစု၊ ဘုရားသခင်နဲ့ဆက်ဆံရေး၊ ညီအစ်ကိုအသင်းအပင်း၊ ဘုရားသခင့်ကောင်းချီး စတာတွေဟာ ဘဝမှာအရေးကြီးဆုံးပဲဆိုတာ ကျွန်တော်တို့ကိုသတိရစေတယ်။”

၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဌာနခွဲအဆောက်အအုံသစ်ကို အပ်နှံခဲ့တယ်။ အမျိုးသားကဇာတ်ရုံမှာ အထူးစည်းဝေးကျင်းပပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ညီကိုဂျွန်အီးဘားရ်ရဲ့ အပ်နှံပွဲဟောပြောချက်ကြောင့် ဒေသခံညီအစ်ကိုတွေ စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ကြတယ်။

ဝတ်ပြုရာခန်းမသစ်များ ဆောက်လုပ်ခြင်း

ဌာနခွဲရုံးသစ်အပြီးသတ်ခါနီးမှာ ညီအစ်ကိုတွေက အရေးတကြီးလိုအပ်ရာ နောက်တစ်ခုဖြစ်တဲ့ ဝတ်ပြုရာခန်းမတွေကိုဆောက်ဖို့ အာရုံစိုက်ခဲ့ကြတယ်။ ၁၉၉၉ ခုနှစ်မှာ ညီကိုနိုဘူဟီကိုနဲ့ ညီမအာယား ကိုရာမားတို့ ဂျပန်နိုင်ငံကနေ ရောက်လာတယ်။ ညီကိုနိုဘူဟီကိုက ဌာနခွဲမှာ ဝတ်ပြုရာခန်းမဆောက်လုပ်ရေးဌာနကို ဖွဲ့စည်းဖို့ ကူညီပေးခဲ့တယ်။ သူဒီလိုပြောပြတယ်– “ကျွန်တော်တို့ညီအစ်ကိုတွေဟာ နိုင်ငံတစ်ဝန်းက အသင်းတော်စည်းဝေးကျင်းပတဲ့နေရာတွေကို အရင်ဆုံး သွားလေ့လာကြတယ်။ ဘတ်စ်ကား၊ လေယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ စက်လှေနဲ့သွားတဲ့အခါရှိသလို ခြေကျင်လည်း သွားခဲ့ရတယ်။ ဒေသများစွာကို နိုင်ငံခြားသားတွေ သွားခွင့်မရှိတာကြောင့် မကြာခဏဆိုသလို အစိုးရခွင့်ပြုချက် လိုအပ်တယ်။ ခန်းမသစ်လိုအပ်တဲ့နေရာတွေကို သိတာနဲ့ အုပ်ချုပ်ရေးအဖွဲ့က ငွေကြေးအကန့်အသတ်ရှိနိုင်ငံတွေအတွက် သတ်မှတ်ထားတဲ့ ဆောက်လုပ်ရေးရန်ပုံငွေကို ကြင်နာစွာခွဲဝေပေးတယ်။

“တလိုတလားရှိတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ကို ဖွဲ့စည်းပြီးတာနဲ့ ရန်ကုန်မြို့ဆင်ခြေဖုံးက ရွှေပြည်သာမြို့နယ်မှာ ပထမဆုံးခန်းမသစ်ကို ဆောက်လုပ်ကြတယ်။ အထက်အရာရှိတွေနဲ့အတူ လုပ်ငန်းခွင်ကို မကြာမကြာလာစစ်ဆေးတဲ့ ရဲတွေက နိုင်ငံခြားသားတွေနဲ့ ဒေသခံညီအစ်ကိုတွေ အတူတူအလုပ်လုပ်နေတာကို အရမ်းအံ့သြကြတယ်။ တခြားသူတွေကလည်း ညီအစ်ကိုတွေကို ချီးမွမ်းကြတယ်။ လူတစ်ယောက်က ‘နိုင်ငံခြားသားတစ်ယောက် အိမ်သာဆေးနေတာ ကျွန်တော်တွေ့တယ်။ နိုင်ငံခြားသားတွေ ဒါမျိုးလုပ်တာ တစ်ခါမှမတွေ့ဖူးဘူး။ ခင်ဗျားတို့က တကယ်ထူးခြားတဲ့လူတွေပဲ’ လို့အံ့သြတကြီးနဲ့ မှတ်ချက်ချတယ်။

[စာမျက်နှာ ၁၅၆ ပါ ရုပ်ပုံ]

အသစ်ဆောက်ပြီးခါစ ဝတ်ပြုရာခန်းမကို စက်လှေနဲ့ရောက်လာကြ

“အဲဒီအတောအတွင်းမှာ နောက်ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်မြို့မှာ ခန်းမသစ်တစ်လုံး စတင်ဆောက်လုပ်ကြတယ်။ ထိုင်းလူမျိုးသက်သေခံများစွာက နေ့တိုင်း နယ်စပ်ကိုဖြတ်လာပြီး မြန်မာညီအစ်ကိုတွေနဲ့အတူ အလုပ်လုပ်ကြတယ်။ ဒီအုပ်စုနှစ်စုဟာ ဘာသာစကားမတူပေမဲ့ စည်းလုံးစွာလုပ်ဆောင်ကြတယ်။ အဲဒါနဲ့လုံးဝဆန့်ကျင်နေတာက ခန်းမအပြီးသတ်ခါနီးမှာ နယ်စပ်ဒေသမှာရှိတဲ့ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ စတင်တိုက်ခိုက်တော့တာပဲ။ ခန်းမဝန်းကျင်မှာ ဗုံးတွေ၊ ကျည်ဆံတွေ တရစပ်ကျလာပေမဲ့ ခန်းမကိုတော့မထိဘူး။ တိုက်ပွဲပြီးသွားတဲ့နောက်မှာ အဆောက်အအုံကို ငြိမ်သက်ခြင်းရဲ့ဘုရားသခင် ယေဟောဝါဆီအပ်နှံဖို့ လူ ၇၂ ယောက် စုရုံးခဲ့ကြတယ်။”

၁၉၉၉ ခုနှစ်ကစပြီး ဝတ်ပြုရာခန်းမဆောက်လုပ်ရေးအဖွဲ့တွေဟာ နိုင်ငံတစ်ဝန်းမှာ ခန်းမ ၇၀ နီးပါး ဆောက်လုပ်ခဲ့

၁၉၉၉ ခုနှစ်ကစပြီး ဝတ်ပြုရာခန်းမဆောက်လုပ်ရေးအဖွဲ့တွေဟာ နိုင်ငံတစ်ဝန်းမှာ ခန်းမသစ် ၇၀ နီးပါး ဆောက်လုပ်ခဲ့ပြီ။ ဒါနဲ့ပတ်သက်လို့ ဒေသခံကြေညာသူတွေ ဘယ်လိုခံစားခဲ့ရသလဲ။ ညီမတစ်ယောက်က ဝမ်းသာမျက်ရည်ကျရင်း ဒီလိုကျေးဇူးတင်စကားပြောတယ်– “ဒီလောက်လှတဲ့ ခန်းမသစ်တစ်လုံး ရလိမ့်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဘူး။ စိတ်ဝင်စားသူတွေကို အစည်းအဝေးဖိတ်ဖို့ ကျွန်မဒီထက်ပိုကြိုးစားမယ်။ ကျွန်မတို့ကိုကြင်နာမှုပြတဲ့အတွက် ယေဟောဝါနဲ့ သူ့အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။”

သာသနာပြုတွေရောက်ရှိလာ

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ချီသီးခြားဖြစ်နေပြီးနောက် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေးလမ်းကြောင်း ပြန်ပွင့်လာတယ်။ ဒါကြောင့် ဌာနခွဲရုံးက နိုင်ငံတွင်းကို သာသနာပြုတွေပြန်လာနိုင်အောင် အစိုးရခွင့်ပြုချက်ရဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလမှာ ဂျပန်နိုင်ငံက ဂိလဒ်သာသနာပြုတွေဖြစ်တဲ့ ညီကိုဟီရိုရှီနဲ့ ညီမဂျွန်ကို အာအိုကီတို့ ရောက်လာတယ်။ သူတို့ဟာ ၃၇ နှစ်အတွင်း မြန်မာနိုင်ငံကို ဦးဆုံးရောက်လာတဲ့ သာသနာပြုတွေပါပဲ။

[စာမျက်နှာ ၁၅၈ ပါ ရုပ်ပုံ]

၃၇ နှစ်အတွင်း မြန်မာနိုင်ငံကို ဦးဆုံးရောက်လာတဲ့သာသနာပြု ညီကိုဟီရိုရှီနဲ့ ညီမဂျွန်ကို အာအိုကီ

ညီကိုဟီရိုရှီ ဒီလိုပြောပြတယ်– “ဒီနိုင်ငံမှာ နိုင်ငံခြားသားနည်းနည်းပဲရှိတော့ ဟောပြောခြင်းလုပ်ငန်းကို အာဏာပိုင်တွေ အထင်မလွဲအောင် ကျွန်တော်တို့ လိမ္မာပါးနပ်စွာလုပ်ခဲ့ရတယ်။ ဒါကြောင့် အစပိုင်းမှာ ဒေသခံညီအစ်ကိုညီအစ်မတွေနဲ့အတူ ပြန်လည်ပတ်မှု၊ သင်အံမှုတွေ လိုက်သွားတယ်။ မြန်မာလူမျိုးတွေဟာ ဘုရားတရားအကြောင်း ပြောဆိုဆွေးနွေးရတာကို နှစ်သက်မှန်း မကြာခင်မှာ သိလိုက်ရတယ်။ အမှုဆောင်လုပ်ငန်းမှာ ဦးဆုံးပါဝင်တဲ့မနက်ပိုင်းမှာပဲ ကျမ်းစာသင်အံမှုငါးခု စနိုင်ခဲ့တယ်။”

ညီမဂျွန်ကို ဒီလိုဆက်ပြောပြတယ်– “ကျွန်မတို့ကို ယေဟောဝါလမ်းညွှန်ပေးခဲ့တာ အကြိမ်ကြိမ်ပါပဲ။ တစ်ခါကဆိုရင် မန္တလေးမြို့နားမှာ ကျမ်းစာသင်အံမှုလုပ်ပြီး ပြန်လာတော့ ဆိုင်ကယ်ဘီးပေါက်သွားတယ်။ ဒါနဲ့ ဆိုင်ကယ်ကို အနီးအနားစက်ရုံဆီ တွန်းသွားပြီး ဘီးဖာဖို့ အကူအညီတောင်းတော့ လုံခြုံရေးအစောင့်က ဆိုင်ကယ်နဲ့အတူ ညီကိုဟီရိုရှီကို အထဲဝင်ခိုင်းတယ်။ ကျွန်မက လုံခြုံရေးတဲမှာ စောင့်နေတုန်း အစောင့်က စပ်စုပါလေရော။

“‘ခင်ဗျားတို့ ဒီမှာ ဘာလာလုပ်တာလဲ’ လို့မေးတယ်။

“‘မိတ်ဆွေတချို့ဆီ အလည်လာတာပါ’ လို့ကျွန်မဖြေတယ်။

“‘ဘာကိစ္စနဲ့လဲ၊ ဘာသာရေးအစည်းအဝေးတက်ဖို့လား’ လို့ဆက်မေးတယ်။

“ကျွန်မလည်း သူ့စိတ်ရင်းကို မသိတဲ့အတွက် သူမေးတာကို မဖြေဘဲနေလိုက်တယ်။

“ဒါနဲ့ သူက ‘ပွင့်ပွင့်လင်းလင်းပြောပါဗျာ၊ ခင်ဗျားတို့ ဘယ်အဖွဲ့အစည်းကလဲ’ လို့ထပ်မေးတယ်။

“ဒီအခါ ကျွန်မအိတ်ထဲက ကင်းမျှော်စင်တစ်စောင်ထုတ်ပြီး သူ့ကို ပြလိုက်တယ်။

“သူက ‘ကျွန်တော်သိတာပေါ့’ လို့စိတ်လှုပ်ရှားစွာပြောရင်း သူ့အလုပ်ဖော်ဘက်ကိုလှည့်ပြီး ‘ကြည့်ပါအုံး၊ ကောင်းကင်တမန်က ဆိုင်ကယ်ဘီးပေါက်အောင်လုပ်ပြီး ယေဟောဝါသက်သေတွေကို ငါတို့ဆီပို့လိုက်တာပဲ’ လို့အော်ပြောတယ်။

“ပြီးတော့ အဲဒီလူက သူ့အိတ်ထဲကနေ ကျမ်းစာနဲ့ ဝေစာတွေကို ထုတ်လိုက်တယ်။ တကယ်တော့ သူက တခြားဒေသမှာ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာဖူးတယ်။ မန္တလေးကိုပြောင်းလာတော့ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတာ။ ဒါနဲ့ ချက်ချင်းပဲ သူနဲ့ကျမ်းစာသင်အံမှု စလိုက်တယ်။ နောက်တော့ သူ့အလုပ်ဖော်တချို့လည်း ကျမ်းစာလေ့လာခဲ့ကြတယ်။”

၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံကို သာသနာပြုလေးယောက် ထပ်ရောက်လာတယ်။ ဒီတစ်ကြိမ်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ဓမ္မအမှုသင်တန်း (အခု တစ်ကိုယ်ရေညီကိုများအတွက်ကျမ်းစာသင်တန်း) ကျောင်းဆင်းတွေဖြစ်တယ်။ အဲဒီညီအစ်ကိုတွေထဲက တစ်ယောက်ဖြစ်သူ ညီကိုနယ်လ်ဆင် ဂျူနီယိုက သာသနာပြုများစွာကြုံတွေ့နေကျအတိုင်း အိမ်ကိုလွမ်းတဲ့ဒဏ် ခံစားခဲ့ရတယ်။ သူဒီလိုပြောပြတယ်– “မအိပ်ခင်မှာ ကျွန်တော်ငိုပြီး ဆုတောင်းလေ့ရှိတယ်။ ကြင်နာတတ်တဲ့ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို ဟေဗြဲ ၁၁:၁၅၊ ၁၆ ကိုပြတယ်။ အဲဒီမှာ အာဗြဟံနဲ့ စာရာတို့ဟာ ဥရမြို့မှာရှိတဲ့ သူတို့ရဲ့အိမ်ကို ပြန်တမ်းတမနေဘဲ ဘုရားသခင့်အလိုတော်ဆောင်ဖို့ ဆက်အာရုံစိုက်ခဲ့တဲ့အကြောင်း ဖော်ပြထားတယ်။ အဲဒီကျမ်းချက်ကိုဖတ်ပြီးနောက်မှာ ကျွန်တော် မငိုတော့ဘူး။ ကျွန်တော်တာဝန်ကျတဲ့နေရာကို ကိုယ့်အိမ်လိုပဲ သဘောထားလိုက်တယ်။”

ကောင်းတဲ့ပုံသက်သေက များစွာအကျိုးပြု

ပထမရာစုမှာ တမန်တော်ပေါလုက တိမောသေကို ဒီလိုညွှန်ကြားခဲ့တယ်– “ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။ သို့ဖြင့် သူတို့သည် အခြားသူများကို အရည်အချင်းပြည့်မီစွာ သွန်သင်ပေးနိုင်လိမ့်မည်။” (၂ တိ. ၂:၂) အဲဒီမူကို နှလုံးသွင်းပြီး သာသနာပြုတွေဟာ ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါရဲ့လူမျိုးအသုံးပြုနေတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အနီးကပ်လိုက်လျှောက်နိုင်အောင် မြန်မာနိုင်ငံက ညီအစ်ကိုညီအစ်မတွေကို လေ့ကျင့်ပေးကြတယ်။

ဥပမာ၊ မြန်မာကျောင်းအများစုမှာ သုံးတဲ့နည်းအတိုင်း ဒေသခံကြေညာသူများစွာဟာ ကျမ်းစာသင်သားတွေကို စာအုပ်ထဲကနေ တိုက်ရိုက်အဖြေပေးခိုင်းလေ့ရှိတာကို သာသနာပြုတွေ တွေ့ရှိလာတယ်။ ညီကိုဂျိုမာ ယူဘီနာက ဒီလိုပြောတယ်– “သင်သားရဲ့သဘောထားနဲ့ ခံစားချက်တွေကို နှိုက်ထုတ်နိုင်အောင် သဘောထားမေးခွန်းတွေမေးဖို့ ကြေညာသူတွေကို ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ အားပေးရတယ်။ ကြေညာသူတွေကလည်း အကြံပေးချက်ကို ချက်ချင်းလိုက်နာတဲ့အတွက် ရလဒ်အနေနဲ့ ပိုပြီးထိရောက်တဲ့သွန်သင်သူတွေ ဖြစ်လာကြတယ်။”

အသင်းတော်အများစုမှာ အကြီးအကဲ ဒါမှမဟုတ် အမှုထမ်းတစ်ဦးပဲရှိတာကိုလည်း သာသနာပြုတွေ သတိပြုမိကြတယ်။ ခန့်အပ်ခံညီအစ်ကိုတချို့ဟာ သစ္စာရှိရှိနဲ့ အလုပ်ကြိုးစားသူတွေဖြစ်ပေမဲ့ ညီအစ်ကိုညီအစ်မတွေကို အရမ်းအာဏာပြပြီး ဆက်ဆံတတ်ကြတယ်။ ပထမရာစုမှာလည်း အဲလိုသဘောထားမျိုးရှိခဲ့တာဖြစ်မယ်။ ဒါကြောင့် တမန်တော်ပေတရုက အကြီးအကဲတွေကို “သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို . . . ထိန်းကျောင်းကြလော့။ ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရမပြုဘဲ သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့” ဆိုပြီး တိုက်တွန်းခဲ့တယ်။ (၁ ပေ. ၅:၂၊ ၃) ဒီညီအစ်ကိုတွေကို သာသနာပြုတွေ ဘယ်လိုကူညီပေးခဲ့သလဲ။ ညီကိုဗင်ဂျမင် ရေးစ်က “ကျွန်တော်တို့ဟာ ပိုပြီးကြင်ကြင်နာနာနဲ့ နူးညံ့သိမ်မွေ့စွာ၊ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခြင်းအားဖြင့် ပုံသက်သေကောင်းပြခဲ့ကြတယ်” လို့ပြောပြတယ်။ သူတို့ရဲ့ကောင်းတဲ့ပုံသက်သေက တဖြည်းဖြည်းကူးစက်သွားတယ်။ အကြီးအကဲများစွာရဲ့ ဆက်ဆံပုံပြောင်းလဲလာပြီး သိုးတော်စုကို ပိုပြီးကြင်ကြင်နာနာ ဂရုစိုက်စောင့်ရှောက်လာကြတယ်။

ဘာသာပြန်အရည်အသွေးတိုးတက်လာခြင်းက အကျိုးကျေးဇူးရရှိစေ

ဗုဒ္ဓဘုန်းကြီးတွေရဲ့ အကူအညီနဲ့ အမည်ခံခရစ်ယာန်သာသနာပြုတစ်ယောက် ဘာသာပြန်ခဲ့တဲ့ ၁၉ ရာစုက ဘာသာပြန်ကျမ်းကို မြန်မာနိုင်ငံက ညီအစ်ကိုတွေ နှစ်ပေါင်းများစွာအသုံးပြုခဲ့ကြတယ်။ အဲဒီကျမ်းစာမှာ ခေတ်ကုန်သွားပြီဖြစ်တဲ့ ပါဠိစကားအများကြီးပါတာကြောင့် နားလည်ရအရမ်းခက်တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်မှာ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို မြန်မာဘာသာစကားနဲ့ထုတ်ဝေတဲ့အခါ ညီအစ်ကိုတွေ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်။ ညီကိုမောရစ်ရပ်ချ် ဒီလိုပြောပြတယ်– “ပရိသတ်တွေ အကြာကြီးလက်ခုပ်တီးခဲ့ကြတယ်။ ကိုယ်ပိုင်တစ်အုပ်စီရတဲ့အခါ တချို့ဆိုရင် ဝမ်းသာလွန်းလို့ မျက်ရည်ကျတဲ့အထိပဲ။ ဒီဘာသာပြန်ကျမ်းသစ်က ရှင်းလင်းလွယ်ကူပြီး တိကျမှန်ကန်တယ်။ ဗုဒ္ဓဘာသာဝင်တွေတောင် နားလည်ဖို့လွယ်တယ်။” ကျမ်းစာထုတ်ဝေပြီး မကြာခင်မှာ နိုင်ငံရဲ့ကျမ်းစာသင်အံမှုအရေအတွက်ဟာ ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာတယ်။

[စာမျက်နှာ ၁၀၂ ပါ ရုပ်ပုံ]

နှစ်ပေါင်း ၅၀ နီးပါးကြာပြီးတဲ့နောက် အခုချိန်အထိ ညီမဒေါရစ်က ရန်ကုန်ဗေသလမှာ ဘာသာပြန်တစ်ဦးအဖြစ် အမှုဆောင်နေ

တခြားဘာသာစကားများစွာလိုပဲ မြန်မာဘာသာစကားမှာလည်း ပုံစံနှစ်မျိုးရှိတယ်။ ပါဠိနဲ့ သက္ကတစကားကနေ မြစ်ဖျားခံတဲ့ အရေးဟန်နဲ့ နေ့စဉ်သုံးအပြောဟန် တို့ဖြစ်တယ်။ အဲဒီပုံစံနှစ်မျိုးစလုံးကို အရေးမှာရော၊ အပြောမှာရော သုံးတယ်။ အရင်ကထုတ်တဲ့ စာပေတွေမှာ အရေးဟန်ကိုအသုံးပြုခဲ့တယ်။ အဲဒီအရေးအသားဟာ အခုခေတ်လူအများစုအတွက် နားလည်ရခက်လာတယ်။ ဒါကြောင့် မကြာသေးခင်က ဌာနခွဲဟာ စာပေတွေကို လူအများစုအလွယ်တကူ နားလည်နိုင်တဲ့ နေ့စဉ်သုံးမြန်မာစကားနဲ့ စတင်ဘာသာပြန်ခဲ့တယ်။

[စာမျက်နှာ ၁၆၂ ပါ ရုပ်ပုံ]

မြန်မာဌာနခွဲ ဘာသာပြန်အဖွဲ့များ

ဒီစာပေသစ်တွေဟာ ချက်ချင်းပဲ ထိထိမိမိအကျိုးသက်ရောက်ခဲ့တယ်။ ဘာသာပြန်ဌာနကြီးကြပ်မှူး ညီကိုသန်းထွေးဦးက ဒီလိုပြောပြတယ်– “လူတွေက ‘ခင်ဗျားတို့စာပေတွေဟာ အဆင့်မြင့်ပါတယ်။ ဒါပေမဲ့ နားလည်ရခက်တယ်’ လို့ပြောတတ်ကြတယ်။ အခုဆိုရင်တော့ စာပေတွေကိုရတာနဲ့ သူတို့မျက်နှာဝင်းထိန်သွားပြီး ချက်ချင်းစဖတ်တော့တာပဲ။ ‘နားလည်ရ သိပ်လွယ်တာပဲ’ လို့သူတို့ပြောကြတယ်။” အသင်းတော်စည်းဝေးတွေမှာ ပရိသတ်က ရေးထားတဲ့အကြောင်းအရာကို ကောင်းကောင်းနားလည်တဲ့အတွက် မှတ်ချက်ပေးတာတွေလည်း တိုးတက်လာတယ်။

အခုလက်ရှိ ဘာသာပြန်ဌာနမှာ မြန်မာ၊ ဟားခါးချင်း၊ စကောကရင် ဘာသာစကားသုံးမျိုးနဲ့ အချိန်ပြည့်ဘာသာပြန်ဆိုသူ ၂၆ ယောက်ရှိတယ်။ တခြားဒေသခံဘာသာစကား ၁၁ မျိုးနဲ့လည်း စာပေတွေကို ပြန်ဆိုနေပါတယ်။

နာဂစ်မုန်တိုင်း

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ တစ်နာရီ မိုင် ၁၅၀ နှုန်းနဲ့တိုက်ခတ်တဲ့ နာဂစ်မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံကို မွှေနှောက်သွားတဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကနေ ထိုင်းနယ်စပ်အထိ တစ်လျှောက်လုံးမှာ အသေအပျောက်၊ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီမုန်တိုင်းကြောင့် လူနှစ်သန်းကျော် ဒုက္ခရောက်ပြီး ၁၄၀,၀၀၀ နီးပါးကတော့ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသွားတယ်။

မုန်တိုင်းကြောင့် ယေဟောဝါသက်သေရာနဲ့ချီ ဒုက္ခရောက်ခဲ့ကြပေမဲ့ ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မှမရှိတာကတော့ အံ့ဩစရာပါပဲ။ ညီအစ်ကိုညီအစ်မအများစုဟာ အသစ်ဆောက်ထားတဲ့ ၀တ်ပြုရာခန်းမတွေမှာ ခိုအောင်းခဲ့လို့ လွတ်မြောက်ခဲ့ကြတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်ကမ်းနားရွာတစ်ရွာဖြစ်တဲ့ ဘိုသင်ကုန်းရွာမှာ သက်သေခံအယောက် ၂၀ နဲ့ ရွာသား ၈၀ တို့ဟာ ခန်းမမျက်နှာကြက်ပေါ်မှာ ကိုးနာရီကြာ တက်နေခဲ့ရတယ်။ ပင်လယ်ရေက ခန်းမမျက်နှာကြက်နားအထိ မြင့်တက်လာခဲ့ပြီး နောက်မှပြန်ကျသွားတယ်။

[စာမျက်နှာ ၁၆၅ ပါ ရုပ်ပုံ]

ပြန်တည်ဆောက်နေတဲ့အိမ်ရှေ့မှာတွေ့ရတဲ့ မေဇင်ဦး

[စာမျက်နှာ ၁၆၅ ပါ ရုပ်ပုံ]

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားပြီးနောက် ပြန်ဆောက်ထားတဲ့အိမ်ရှေ့မှာ ညီကိုထွန်းခင်၊ သူ့ဇနီးနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့

ဌာနခွဲရုံးက ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ချက်ချင်းဖွဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသမှာ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ အဲဒီနယ်မြေကို လွှတ်လိုက်တယ်။ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ သယ်ဆောင်သွားတဲ့ အဲဒီအဖွဲ့ဟာ အလောင်းတွေပြန့်ကျဲနေပြီး ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ ဒေသတစ်လျှောက်ကို ဖြတ်ကျော်ပြီးနောက် အဲဒီရွာကို ရောက်သွားကြတယ်။ သူတို့ဟာ အဲဒီနယ်မြေကိုရောက်တဲ့ ဦးဆုံးကယ်ဆယ်ရေးအဖွဲ့ပဲ။ ဒေသခံညီအစ်ကိုညီအစ်မတွေကို ကယ်ဆယ်ရေးပစ္စည်းတွေပေးပြီးနောက် ကျမ်းစာဟောပြောချက်တွေနဲ့ အားပေးကြတယ်။ သူတို့ရဲ့ပိုင်ဆိုင်ရာအားလုံး မုန်တိုင်းမှာပါသွားတဲ့အတွက် ကျမ်းစာနဲ့ စာပေစာတမ်းတွေကိုလည်း ပေးခဲ့ကြတယ်။

ကြီးမားလှတဲ့ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ဌာနခွဲရုံးက ရန်ကုန်မြို့နဲ့ ပုသိမ်မြို့မှာ ဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မတီတွေကို ဖွဲ့စည်းခဲ့တယ်။ အဲဒီကော်မတီတွေက မုန်တိုင်းဒဏ်ခံရသူတွေအတွက် ရေ၊ ဆန်နဲ့ တခြားအခြေခံလိုအပ်ရာတွေကို ဝေပေးဖို့ ရာနဲ့ချီတဲ့စေတနာ့ဝန်ထမ်းတွေကို ဖွဲ့စည်းခဲ့တယ်။ မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ သက်သေခံတွေရဲ့အိမ်တွေကို ပြန်ဆောက်ပေးဖို့ ဆောက်လုပ်ရေးအဖွဲ့တွေကိုလည်း ဖွဲ့စည်းခဲ့တယ်။

ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်သူ ညီကိုတိုးဘီးယပ်စ်လွန်း ဒီလိုပြောပြတယ်– “ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဆိုဖီယာက မိသားစုထဲမှာ တစ်ဦးတည်းသောကြေညာသူဖြစ်တဲ့ ၁၆ နှစ်အရွယ် မေဇင်ဦးရဲ့အိမ်ကို ရောက်သွားတဲ့အခါ သူက အိမ်ရဲ့အပျက်အစီးပုံတွေကြားမှာ သူ့ကျမ်းစာအုပ်ကို နေလှန်းနေတယ်။ ကျွန်တော်တို့ကိုတွေ့တော့ သူပြုံးပြတယ်။ သူ့ပါးပြင်ပေါ်မှာတော့ မျက်ရည်စီးကျလာတယ်။ မကြာခင်မှာပဲ ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့က ဦးထုပ်မာတွေ၊ လျှပ်စစ်ဓာတ်အားသုံးကိရိယာတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ရောက်လာပြီး သူ့မိသားစုအတွက် အိမ်အသစ်စက်စက်တစ်လုံး ဆောက်ပေးကြတယ်။ အိမ်နီးချင်းတွေလည်း အံ့ဩနေကြတယ်။ ဒါက ရပ်ကွက်ထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေလို့ လူတွေက အိမ်ဆောက်တာကို ရက်အတော်ကြာ လာကြည့်ကြတယ်။ လာကြည့်သူတွေက ‘ဒီလိုမျိုး တစ်ခါမှမတွေ့ဖူးဘူး။ ခင်ဗျားတို့အဖွဲ့အစည်းက သိပ်စည်းလုံးပြီး မေတ္တာရှိတာပဲ။ ငါတို့လည်း ယေဟောဝါသက်သေဖြစ်ချင်လိုက်တာ’ လို့ပြောကြတယ်။ အခုဆိုရင် မေဇင်ဦးရဲ့မိဘ၊ မောင်နှမတွေဟာ အစည်းအဝေးတွေတက်နေကြပြီး တစ်မိသားစုလုံး ဘုရားရေးရာမှာ တိုးတက်နေကြတယ်။”

ကယ်ဆယ်ရေးလုပ်ငန်းကို လနဲ့ချီဆက်လုပ်ခဲ့ကြတယ်။ ညီအစ်ကိုတွေဟာ ကယ်ဆယ်ရေးပစ္စည်း တန်ပေါင်းများစွာဝေပေးပြီး အိမ်ပေါင်း ၁၆၀ နဲ့ ဝတ်ပြုရာခန်းမ ၈ လုံးကို ပြုပြင် ဒါမှမဟုတ် ပြန်တည်ဆောက်ပေးခဲ့ကြတယ်။ နာဂစ်မုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံမှာ ကြေကွဲဝမ်းနည်းစရာအဖြစ်ဆိုးတွေ၊ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပေမဲ့ ဒီမုန်တိုင်းက တန်ဖိုးရှိတဲ့အရာတစ်ခုကို လှစ်ဟပြခဲ့တယ်။ အဲဒါကတော့ ဘုရားသခင့်လူမျိုးကို စည်းလုံးစေပြီး ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းစရာဖြစ်စေတဲ့ မေတ္တာနှောင်ကြိုးပါပဲ။

မေ့မရနိုင်တဲ့ဖြစ်ရပ်တစ်ခု

၂၀၀၇ ခုနှစ်အစောပိုင်းမှာ မြန်မာဌာနခွဲရုံးဟာ စိတ်လှုပ်ရှားစရာစာတစ်စောင် လက်ခံရရှိခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ဇနီးဖြစ်သူ ဂျဲနက်နဲ့အတူ ဌာနခွဲမှာအမှုဆောင်တဲ့ ညီကိုဂျွန်ရှပ် ဒီလိုပြောတယ်– “အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်မြို့မှာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးလုပ်ဖို့ စီစဉ်နိုင်မလားဆိုပြီး ကျွန်တော်တို့ကိုမေးတယ်။ ၂၀၀၉ ခုနှစ်မှာကျင်းပမယ့် အဲဒီစည်းဝေးကြီးကို တခြားဆယ်နိုင်ငံက ဧည့်သည်ရာနဲ့ချီတက်ရောက်မှာဖြစ်လို့ ကျွန်တော်တို့ဌာနခွဲရဲ့သမိုင်းမှာ မကြုံစဖူးဖြစ်ရပ်ပဲ။”

ညီကိုဂျွန် ဒီလိုဆက်ပြောတယ်– “ကျွန်တော်တို့ခေါင်းထဲမှာ မေးခွန်းတွေတသီတတန်းကြီး ပေါ်လာတော့တယ်။ ‘ဒီလောက်ကြီးတဲ့စည်းဝေးကို ဘယ်နေရာမှာ ကျင်းပမလဲ။ ဝေးလံတဲ့ဒေသက ကြေညာသူတွေ လာတက်နိုင်ပါ့မလား။ သူတို့ ဘယ်မှာတည်းကြမလဲ။ ဘယ်လိုလာကြမလဲ။ သူတို့မိသားစုတွေအတွက် စားစရိတ်တတ်နိုင်ပါ့မလား။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေကကော ဒီလိုစည်းဝေးကြီးကို ကျင်းပခွင့်ပြုပါ့မလား။’ အခက်အခဲတွေကတော့ ပြောမကုန်နိုင်အောင် များနေပုံပဲ။ ဒါပေမဲ့ ‘လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်’ တယ်ဆိုတဲ့ ယေရှုရဲ့စကားကို ကျွန်တော်တို့ပြန်သတိရတယ်။ (လု. ၁၈:၂၇) ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး အစီအစဉ်စဆွဲတော့တယ်။

“မကြာခင်မှာပဲ သင့်တော်တဲ့နေရာတစ်ခုကို ကျွန်တော်တို့တွေ့တယ်။ အဲဒါက မြို့လယ်ကောင်နဲ့နီးတဲ့ မြန်မာအမျိုးသားအားကစားရုံဖြစ်ပြီး လူ ၁၁,၀၀၀ ဆံ့တဲ့အပြင် လေအေးပေးစနစ်လည်း ရှိတယ်။ ဒါနဲ့ အဲဒီနေရာကိုသုံးခွင့်ရဖို့ အာဏာပိုင်တွေဆီ ချက်ချင်း လျှောက်လွှာတင်လိုက်တယ်။ ဒါပေမဲ့ လနဲ့ချီကြာသွားပြီး စည်းဝေးကြီးစဖို့ အပတ်အနည်းငယ်ပဲ လိုတော့တာတောင် ခွင့်ပြုချက်မရသေးဘူး။ နောက်တော့ သတင်းဆိုးတစ်ခု ကျွန်တော်တို့ကြားရတယ်။ အားကစားရုံစီမံခန့်ခွဲရေးအဖွဲ့က စည်းဝေးကြီးကျင်းပမယ့်ရက်မှာပဲ လက်ဝှေ့ပြိုင်ပွဲကျင်းပဖို့ ခွင့်ပြုထားတယ်ဆိုတဲ့ သတင်းပဲ။ ကျွန်တော်တို့မှာလည်း တခြားရွေးချယ်စရာမရှိတော့ ဒီပြိုင်ပွဲကို ကမကထလုပ်သူအပြင် တခြားအရာရှိအတော်များများနဲ့ စိတ်ရှည်ရှည် ဆွေးနွေးညှိနှိုင်းကြတယ်။ နောက်ဆုံးတော့ သူက ဒီပွဲမှာယှဉ်ပြိုင်မယ့် ကြေးစားလက်ဝှေ့သမား ၁၆ ယောက်စလုံးနဲ့ ညှိလို့ရမယ်ဆိုရင် ပွဲကိုနောက်ဆုတ်ပေးမယ်လို့ ပြောတယ်။ လက်ဝှေ့သမားတွေက ဒီနေရာကို ယေဟောဝါသက်သေတွေ အထူးစည်းဝေးလုပ်ဖို့ အသုံးပြုချင်တဲ့အကြောင်း ကြားတဲ့အခါ သူတို့အားလုံး ရက်စွဲကိုပြောင်းပေးဖို့ သဘောတူကြတယ်။”

[စာမျက်နှာ ၁၆၇ ပါ ရုပ်ပုံ]

ဌာနခွဲကော်မတီ၊ ဘယ်မှညာ– ညီကိုကျော်ဝင်း၊ ညီကိုလှအောင်၊ ညီကိုဂျွန်ရှပ်၊ ညီကိုဒေါ်နယ်ဂျူးဝါး၊ ညီကိုမောရစ်ရပ်ချ်

ဌာနခွဲကော်မဝင်နောက်တစ်ယောက်ဖြစ်တဲ့ ညီကိုကျော်ဝင်း ဒီလိုပြောပြတယ်– “အားကစားရုံကို အသုံးပြုဖို့ အစိုးရခွင့်ပြုချက်ကတော့ မရသေးဘူး။ ကျွန်တော်တို့ရဲ့လျှောက်လွှာ လေးကြိမ်ပယ်ချခံရတယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆုတောင်းပြီးနောက် မြန်မာနိုင်ငံက အားကစားရုံရှိသမျှကို တာဝန်ယူကြီးကြပ်တဲ့ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့သွားတွေ့တယ်။ ဒီလိုအဆင့်မြင့်အရာရှိနဲ့ တွေ့ခွင့်ရတာ ဒါဦးဆုံးအကြိမ်ဖြစ်တဲ့အပြင် စည်းဝေးကြီးစဖို့လည်း နှစ်ပတ်ပဲလိုတော့တယ်။ ဝမ်းသာစရာကတော့ ကျွန်တော်တို့ကို ခွင့်ပြုချက်ပေးလိုက်တယ်။”

ဒါတွေဖြစ်ပျက်နေချိန်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးနဲ့ ပြည်ပက ရာနဲ့ချီတဲ့ဧည့်သည်တွေဟာ လေယာဉ်၊ ရထား၊ ဘတ်စ်ကား၊ ထရပ်ကား၊ စက်လှေနဲ့ ရန်ကုန်ကို ခရီးထွက်လာကြတယ်။ ခရီးစဉ်တစ်ပိုင်းကို ခြေကျင်လျှောက်ရသူတွေလည်းရှိတယ်။ မြန်မာနိုင်ငံက မိသားစုများစွာဟာ စည်းဝေးကြီးတက်နိုင်ဖို့ လနဲ့ချီငွေစုခဲ့ရတယ်။ တချို့က သီးနှံစိုက်ပျိုးတယ်။ တချို့က ဝက်တွေမွေးတယ်။ တချို့က စက်ချုပ်တယ်။ တချို့ကျတော့ ရွှေကျင်ကြတယ်။ အများစုက မြို့ကြီးပြကြီးကို တစ်ခါမှမရောက်ဖူးဘူး။ နိုင်ငံခြားသားကိုလည်း တစ်ခါမှမမြင်ဖူးဘူး။

မြန်မာပြည်မြောက်ပိုင်းက ဧည့်သည် ၁,၃၀၀ ကျော်ဟာ စင်းလုံးငှားထားတဲ့အမြန်ရထားနဲ့ ရန်ကုန်ကိုသွားဖို့ မန္တလေးဘူတာရုံမှာ လာဆုံကြတယ်။ နာဂတောင်တန်းက အုပ်စုတစ်စုဆိုရင် ခြောက်ရက်ကြာ ခရီးနှင်ခဲ့ရတယ်။ ခရီးစဉ်အစပိုင်းမှာ ဒီအုပ်စုထဲက ကြေညာသူနှစ်ယောက်ရဲ့ ယာယီသုံး ဘီးတပ်ကုလားထိုင်ပျက်စီးသွားလို့ တခြားသူတွေက သူတို့ကိုကျောပိုးပြီး ခေါ်လာခဲ့ရတယ်။ ရာနဲ့ချီတဲ့သူတွေဟာ ဘူတာရုံပလက်ဖောင်းပေါ်မှာ ရထားစောင့်နေရင်း စကားတွေပြောကြ၊ ရယ်မောကြ၊ နိုင်ငံတော်သီချင်းတွေဆိုကြတယ်။ သယ်ယူပို့ဆောင်ရေးမှာကူညီပေးတဲ့ ညီကိုပုမ်ကျင်းခိုင် ဒီလိုပြောပြတယ်– “အားလုံး စိတ်လှုပ်ရှားနေကြတယ်။ ကျွန်တော်တို့က သူတို့အတွက် စားစရာတွေ၊ ရေနဲ့ ဖျာတွေပေးတယ်။ ရထားလည်းဆိုက်ရော အကြီးအကဲတွေက အုပ်စုတစ်စုစီကို သူတို့စီးရမယ့်အတွဲပေါ် တင်ပေးတယ်။ နောက်ဆုံးတော့ ‘ယေဟောဝါသက်သေတွေရဲ့ရထား ထွက်ခွာပါတော့မယ်’ ဆိုပြီး အသံချဲ့စက်နဲ့ ကြေညာတယ်။ ကျွန်တော်လည်း ပလက်ဖောင်းပေါ်မှာ ဘယ်သူကျန်သေးလဲဆိုတာ လိုက်ကြည့်ပြီးနောက် ရထားပေါ် ခုန်တက်လိုက်တယ်။”

အဲဒီအချိန်မှာ နိုင်ငံခြားဧည့်သည် ၇၀၀ နီးပါးလည်း ရန်ကုန်မြို့ကဟိုတယ်တွေမှာ တည်းခိုနေကြတယ်။ ဒါပေမဲ့ ပြည်တွင်းညီအစ်ကိုညီအစ်မ ၃,၀၀၀ ကျော်က ဘယ်မှာတည်းခိုကြမလဲ။ နေရာချထားရေးဌာနက ညီကိုမြင့်လွင် ဒီလိုပြောပြတယ်– “ညီအစ်ကိုညီအစ်မတွေရဲ့လိုအပ်ရာကို ဖြည့်ဆည်းပေးဖို့ ရန်ကုန်မြို့ကသက်သေခံတွေရဲ့နှလုံးကို ယေဟောဝါဖွင့်ပေးတယ်။ မိသားစုတချို့ဆိုရင် ဧည့်သည် ၁၅ ယောက်အထိ လက်ခံခဲ့တယ်။ ဧည့်သည်တွေအတွက် ဧည့်စာရင်းတိုင်ပေးကြတယ်။ မနက်စာကျွေးတယ်။ နေ့တိုင်းအားကစားရုံအသွားအပြန် လမ်းစရိတ်စိုက်ပေးကြတယ်။ ဧည့်သည်တော်တော်များများဆိုရင် ဝတ်ပြုရာခန်းမတွေမှာ တည်းကြတယ်။ ရာနဲ့ချီတဲ့ တခြားဧည့်သည်တွေက စက်ရုံတစ်ရုံမှာ တည်းကြတယ်။ ဒါတောင်မှ ဧည့်သည် ၅၀၀ နီးပါးအတွက် နေရာထိုင်ခင်းလိုအပ်နေဆဲပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့အခက်အခဲကို အားကစားရုံစီမံခန့်ခွဲရေးအဖွဲ့ဆီ တင်ပြတဲ့အခါ သူတို့က ဧည့်သည်တွေကို အားကစားရုံမှာ အိပ်ခွင့်ပေးလိုက်တယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ။”

“ညီအစ်ကိုညီအစ်မတွေရဲ့လိုအပ်ရာကို ဖြည့်ဆည်းပေးဖို့ ရန်ကုန်မြို့ကသက်သေခံတွေရဲ့နှလုံးကို ယေဟောဝါဖွင့်ပေးခဲ့”

[စာမျက်နှာ ၁၆၉ ပါ ရုပ်ပုံ]

၂၀၀၉ ခုနှစ်၊ “စောင့်နေကြသည်” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးဟာ ညီအစ်ကိုတွေရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ရန်ကုန်မြို့မှာ ကြီးမားတဲ့သက်သေခံချက်ဖြစ်ခဲ့

[စာမျက်နှာ ၁၇၀ ပါ ရုပ်ပုံ]

အားကစားရုံဟာ ပြုပြင်မွမ်းမံမှုမရှိတာကြောင့် စည်းဝေးကြီးအတွက် အသင့်ဖြစ်နေဖို့ စေတနာ့ဝန်ထမ်း ၃၅၀ ကျော်က ဆယ်ရက်လုံး ကြိုးစားပမ်းစားအလုပ်လုပ်ခဲ့တယ်။ စည်းဝေးကြီး,ကြီးကြပ်မှူး ညီကိုဌေးဝင်း ဒီလိုပြောတယ်– “ပိုက်တွေ၊ လျှပ်စစ်ပိုင်းဆိုင်ရာတွေ၊ လေအေးပေးစက်တွေကို ပြန်ပြုပြင်ကြတယ်။ အဆောက်အအုံတစ်ခုလုံးကိုလည်း သန့်ရှင်းရေးလုပ်ပြီး ဆေးသုတ်ကြတယ်။ ဒီလိုကြိုးစားပမ်းစားလုပ်ဆောင်မှုက ကောင်းတဲ့သက်သေခံချက်ဖြစ်ခဲ့တယ်။ အားကစားရုံတာဝန်ခံ စစ်ဘက်အရာရှိတစ်ယောက်က ‘ကျေးဇူးပဲဗျာ။ ကျေးဇူးပဲ။ ဒီအားကစားရုံကို ခင်ဗျားတို့ နှစ်တိုင်းအသုံးပြုပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်’ လို့ပြောတယ်။”

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃-၆ ရက်အထိ ကျင်းပတဲ့စည်းဝေးကြီးကို လူပေါင်း ၅,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။ စည်းဝေးကြီးနောက်ဆုံးနေ့မှာ တက်ရောက်သူတွေဟာ အရောင်အသွေးစုံပြီး လှပတဲ့ရိုးရာဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြတယ်။ ညီမတစ်ယောက်က “အစီအစဉ်မစခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ငိုနေကြပြီ” လို့ပြောပြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီကိုဂဲရစ်လော့ရှ်က နိဂုံးချုပ်ဆုတောင်းပြီးနောက်မှာတော့ ပရိသတ်ကြီးဟာ အကြာကြီးလက်ခုပ်တွေတီး၊ လက်ဝှေ့ယမ်းပြီး နှုတ်ဆက်ကြတယ်။ အသက် ၈၆ နှစ်အရွယ် ညီမတစ်ယောက်က “ကမ္ဘာသစ်ထဲ ရောက်နေသလိုပါပဲ” လို့ပြောခဲ့တယ်။ တခြားသူတွေလည်း သူ့လိုပဲ ခံစားခဲ့ရတယ်။

အစိုးရအရာရှိတွေလည်း စိတ်စွဲမှတ်သွားခဲ့ကြတယ်။ အရာရှိတစ်ယောက် ဒီလိုပြောတယ်– “ဒီပွဲက တကယ်ထူးခြားတဲ့ပွဲပဲ။ ဆဲဆိုတာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ မတွေ့ရဘူး။ လူမျိုးမတူပေမဲ့ စည်းလုံးကြတယ်။ ဒီလိုအုပ်စုမျိုး ကျွန်တော်တစ်ခါမှမတွေ့ဖူးဘူး။” ညီကိုမောရစ်ရပ်ချ် ဒီလိုပြောပြတယ်– “ရန်ကုန်မြို့က စစ်ဘက်ဆိုင်ရာအရာရှိကြီးတစ်ယောက်ကတောင် ဒီလောက်စိတ်စွဲမှတ်စရာကောင်းတဲ့ပွဲမျိုးကို သူနဲ့ သူ့လုပ်ဖော်ဆောင်ဖက်တွေ တစ်ခါမှမတွေ့ဖူးဘူးလို့ ကျွန်တော်တို့ကိုပြောတယ်။”

စည်းဝေးကြီးတက်ရောက်သူများစွာဟာ ထူးခြားတဲ့အရာတစ်ခုကို ကြုံတွေ့ခံစားခဲ့ရတယ်။ ဒေသခံညီကိုတစ်ယောက် ဒီလိုပြောတယ်– “ဒီစည်းဝေးကြီးမတိုင်ခင်ကဆိုရင် အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းဆိုတာကို ကြားပဲကြားဖူးတာ။ အခုတော့ မျက်မြင်ကိုယ်တွေ့ပါပဲ။ ညီအစ်ကိုတွေပြခဲ့တဲ့မေတ္တာကို ကျွန်တော်တို့ တစ်သက်လုံး မေ့တော့မှာမဟုတ်ပါဘူး။”

“စည်းဝေးကြီးမတိုင်ခင်ကဆိုရင် အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းဆိုတာကို ကြားပဲကြားဖူးတာ။ အခုတော့ မျက်မြင်ကိုယ်တွေ့ပါပဲ”

‘ရိတ်သိမ်းဖို့ စပါးမှည့်ဝင်းနေ’

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ နီးပါးတုန်းက တပည့်တွေကို ယေရှုဒီလိုပြောတယ်– “လယ်ပြင်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ။” (ယော. ၄:၃၅) မြန်မာနိုင်ငံကိုလည်း အဲလိုမျိုးပြောနိုင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြေညာသူ ၃,၇၉၀ ရှိတယ်။ ကြေညာသူ ၁ ယောက်ကို လူ ၁၅,၉၃၁ အချိုးရှိတာကြောင့် ရိတ်သိမ်းဖို့အတွက် တကယ့်ကိုကြီးမားတဲ့လယ်ပြင်ပါပဲ။ ၂၀၁၂ ခုနှစ်မှာကျင်းပတဲ့ အောက်မေ့ရာပွဲကို လူပေါင်း ၈,၀၀၅ ယောက် တက်ရောက်ခဲ့လို့ တိုးတက်မယ့်အလားအလာ အများကြီးရှိနေပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ရခိုင်ကမ်းရိုးတန်းဒေသကို သုံးသပ်ကြည့်ပါ။ အဲဒီဒေသမှာ လူဦးရေလေးသန်းနီးပါးရှိပေမဲ့ ယေဟောဝါသက်သေတစ်ယောက်မှ မရှိဘူး။ ညီကိုမောရစ်ရပ်ချ် ဒီလိုပြောပြတယ်– “အဲဒီဒေသကနေ စာပေစာတမ်းတောင်းခံစာတွေ၊ ကျမ်းစာအကြောင်းပိုသိနိုင်ဖို့ အကူအညီတောင်းတဲ့စာတွေ လစဉ်လတိုင်းရတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်အတော်များများ၊ အထူးသဖြင့် လူငယ်တွေဟာလည်း အမှန်တရားကို စိတ်ဝင်စားလာကြတယ်။ ဒါကြောင့် ရိတ်သိမ်းမယ့်လုပ်သားတွေ ထပ်စေလွှတ်ပေးဖို့ စပါးရှင်ဆီမှာ ကျွန်တော်တို့တောင်းခံနေပါတယ်။”​—မ. ၉:၃၇၊ ၃၈။

“ရိတ်သိမ်းမယ့်လုပ်သားတွေ ထပ်စေလွှတ်ပေးဖို့ စပါးရှင်ဆီမှာ ကျွန်တော်တို့တောင်းခံနေပါတယ်”

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ နီးပါးလောက်က ရဲဝံ့စွန့်စားတဲ့ရှေ့ဆောင်နှစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ဒီနိုင်ငံကို သတင်းကောင်းသယ်ဆောင်လာခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး လူမျိုးရေးနောက်ခံအသီးသီးက ရာနဲ့ချီတဲ့လူတွေဟာ အမှန်တရားဘက်မှာ ရပ်တည်လာကြပြီ။ အကြမ်းဖက်စစ်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှု၊ ဘာသာရေးဖိနှိပ်မှု၊ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု၊ သဘာဝဘေးဒဏ်တွေကို ကြုံတွေ့ရပေမဲ့ မြန်မာနိုင်ငံက ယေဟောဝါသက်သေတွေဟာ ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်သားတော်ယေရှုခရစ်အပေါ် မယိမ်းမယိုင် ခိုင်မြဲတဲ့မေတ္တာကို ပြသနေကြတယ်။ နိုင်ငံတော်သတင်းကောင်းကို ဆက်ဟောပြောဖို့၊ ‘ခံနိုင်ရည်အပြည့်ရှိပြီး ဝမ်းမြောက်စွာစိတ်ရှည်နိုင်’ ဖို့ သူတို့စိတ်ပိုင်းဖြတ်ထားကြပါတယ်။​—ကော. ၁:၁၁။

[စာမျက်နှာ ၁၇၂၊ ၁၇၃ ပါ ရုပ်ပုံ]

a အရင်က၊ အကြီးဆုံးလူမျိုးစုဖြစ်တဲ့ ဗမာလူမျိုးကို အစွဲပြုပြီး မြန်မာနိုင်ငံကို ဗမာပြည်လို့ခေါ်ခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံမှာရှိတဲ့လူမျိုးစုအားလုံးကို စုပေါင်းဖော်ပြနိုင်ဖို့ ၁၉၈၉ ခုနှစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ ဒါကြောင့် ၁၉၈၉ မတိုင်ခင်ကဖြစ်ရပ်တွေကို ဖော်ပြတဲ့အခါ ဗမာပြည်လို့ သုံးနှုန်းမှာဖြစ်ပြီး အဲဒီနောက်ပိုင်းဖြစ်ရပ်တွေမှာတော့ မြန်မာနိုင်ငံလို့ သုံးနှုန်းပါမယ်။

b အင်္ဂလို-အိန္ဒိယလူမျိုးဆိုတာ အိန္ဒိယနဲ့ဗြိတိသျှကပြားတွေဖြစ်တယ်။ ဗြိတိသျှတွေအုပ်ချုပ်ချိန်မှာ ထောင်နဲ့ချီတဲ့ အင်္ဂလို-အိန္ဒိယလူမျိုးတွေက ဗမာပြည်ထဲဝင်လာတယ်။ အဲဒီတုန်းက ဗမာပြည်ဟာ “ဗြိတိသျှအိန္ဒိယ” ရဲ့ပိုင်နက်နိုင်ငံဖြစ်တယ်။

c ဘားထရမ်မာစလင်းဟာ ဗမာပြည်မှာ ဦးဆုံးနှစ်ခြင်းခံခဲ့တဲ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တယ်။ သူက ၁၉၆၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ ဗမာပြည်မှာပဲ သစ္စာရှိရှိသေဆုံးခဲ့တယ်။

d အဲဒီအချိန်တုန်းက ငွေ ၄၅၀ ဟာ အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာနဲ့ညီမျှပြီး အတော်အတန်များတဲ့ပမာဏဖြစ်တယ်။

e ၁၉၆၆ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၉၂ ကိုကြည့်ပါ။

f ယေဟောဝါသက်သေတွေ ထုတ်ဝေခဲ့တယ်။ အခု မပုံနှိပ်တော့ပါ။

g အခုဆိုရင် မက်ပ်စ်စနစ်ကို ဘာသာစကားပေါင်း ၆၀၀ ကျော်နဲ့ အသုံးပြုနေပြီ။

[ရုပ်ပုံ]

မြန်မာနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

နယ်မြေ

မြန်မာနိုင်ငံဟာ ရေခဲဖုံးတောင်တန်းတွေ၊ စိုထိုင်းတဲ့တောအုပ်တွေ၊ ကျယ်ပြောတဲ့လွင်ပြင်တွေ၊ ရေစီးသန်တဲ့မြစ်တွေ၊ ကျယ်ပြန့်တဲ့မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ကွဲပြားခြားနားမှုအမျိုးမျိုးရောပြွမ်းနေတဲ့ဒေသဖြစ်တယ်။ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး ပြင်သစ်နိုင်ငံထက် နယ်မြေဧရိယာပိုကျယ်တယ်။

လူမျိုး

လူမျိုးစုပေါင်းအနည်းဆုံး ၁၃၅ စုရှိပြီး လူဦးရေ သန်း ၆၀ လောက်ရှိတယ်။ လူဦးရေရဲ့သုံးပုံနှစ်ပုံဟာ ဗမာလူမျိုးဖြစ်တယ်။ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်။ ကရင်၊ ချင်းနဲ့ ကချင်လူမျိုးအများစုကတော့ အမည်ခံခရစ်ယာန်တွေဖြစ်တယ်။

ဘာသာစကား

မြန်မာ(ဗမာ)စကားဟာ တစ်နိုင်ငံလုံးမှာပြောတဲ့ ရုံးသုံးဘာသာစကားဖြစ်ပေမဲ့ တိုင်းရင်းသားလူမျိုးအများစုကတော့ သူတို့ရဲ့မိခင်ဘာသာစကားကိုပြောဆိုကြတယ်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်း

စိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းဟာ အဓိကစီးပွားရေးလုပ်ငန်းတွေဖြစ်တယ်။ ဆန်စပါးကို အဓိကစိုက်ပျိုးတယ်။ ကျွန်း၊ ရာဘာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့စတဲ့ သဘာဝသယံဇာတတွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်။

အစားအစာ

[ရုပ်ပုံ]

မြန်မာ့ရိုးရာထမင်းဝိုင်းမှာ မိတ်ဆုံစားနေ

ထမင်းဟာ အဓိကအစားအစာဖြစ်တယ်။ ထမင်းကို ငါးပိရည်နဲ့ တွဲဖက်စားသုံးလေ့ရှိတယ်။ အနည်းငယ်စပ်တဲ့အသုပ်စုံနဲ့ အရသာမပူမစပ်တဲ့ဟင်းတွေကိုလည်း စားသုံးကြတယ်။ အဲဒီထဲမှာ ငါးဟင်း၊ ကြက်သားဟင်းနဲ့ ပုစွန်ဟင်းတွေလည်း ပါတယ်။ လက်ဖက်ရည်နဲ့ရေနွေးကြမ်းကို အများဆုံးသောက်သုံးကြတယ်။

ရာသီဥတု

မိုးများတဲ့အီကွေတာမုတ်သုံရာသီဥတုရှိတယ်။ နွေ၊ မိုး၊ ဆောင်းဆိုပြီး ဥတုသုံးမျိုးရှိတယ်။ မြေပြန့်ဒေသတွေမှာ ပူပြင်းပြီး မြောက်ပိုင်းတောင်ပေါ်ဒေသတွေမှာတော့ ချမ်းအေးတယ်။

ကျမ်းစာအမှန်တရားကို တဲ့တိုးဟောတတ်သူတစ်ဦး

 [ရုပ်ပုံ]

ဆစ်ဒနီကူ့တ်

မွေးဖွားတဲ့နှစ် ၁၈၉၆

နှစ်ခြင်းခံတဲ့နှစ် ၁၉၃၉

ကိုယ်ရေးရာဇဝင်အကျဉ်း မြန်မာပြည်မှာ အမှန်တရားကို ဦးဆုံးလက်ခံခဲ့သူတွေထဲကတစ်ယောက်ဖြစ်တယ်။ ဒီမှတ်တမ်းကို သူ့ရဲ့တူမ ဖီးလစ္စတစာတော့စ် (အရင်နာမည် ဒီဆူဇာ) ပြောပြတယ်။

◆ ဦးလေးက ကျွန်မတို့မိသားစုကို သက်သေခံခဲ့တယ်။

“ဘုရားသခင်က လူတွေကို မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်ဆိုတာ သမီးတကယ်ယုံသလား” လို့ ကျွန်မကို သူမေးတယ်။

“ယုံတာပေါ့။ ကက်သလစ်ချာ့ချ်က ဒီလိုပဲသွန်သင်ပေးတယ်လေ” လို့ ကျွန်မပြန်ဖြေတယ်။

အဲဒီအခါ ဦးလေးက ကျွန်မတို့ရှေ့မှာအိပ်နေတဲ့ အိမ်ကခွေးကို လက်ညှိုးထိုးပြီး “ဒီခွေးက သမီးကိုကိုက်ရင် သူ့ကိုဘာလုပ်မလဲ” လို့မေးတယ်။

“ဒီလိုကိုက်တာမကောင်းဘူးဆိုတာ သူသိအောင် သူ့ကို တစ်ချက်လောက်ရိုက်လိုက်မှာပေါ့” လို့ ကျွန်မပြန်ဖြေတယ်။

“သူ့ကို အမြီးကနေကိုင်မြှောက်ပြီး ပူချစ်နေတဲ့သံချွန်နဲ့ ဘာလို့မထိုးတာလဲ” လို့ သူမေးတယ်။

ကျွန်မလန့်ဖျပ်သွားပြီး “ဦးလေးရယ်၊ အဲဒီလိုလုပ်တာ သိပ်ရက်စက်ရာရောက်မှာပေါ့” လို့အော်ပြောမိတယ်။

“ရက်စက်တယ်ဟုတ်လား။ ဒါပေမဲ့ ဘုရားသခင်ဟာ အပြစ်သားတွေကို မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်လို့ ကက်သလစ်ချာ့ချ်က သွန်သင်နေတာပဲ” လို့ သူပြန်ပြောတယ်။

ဦးလေးရဲ့တဲ့တိုးကျပေမဲ့ ယုတ္တိရှိတဲ့စကားက ကိုယ့်ရဲ့ယုံကြည်ချက်ကို ပြန်ဆန်းစစ်ဖို့ ကျွန်မကိုလှုံ့ဆော်ပေးခဲ့တယ်။ မကြာခင်မှာ ကျွန်မတို့ရဲ့မိသားစုဝင်ရှစ်ယောက်ဟာ ဇွဲရှိတဲ့သက်သေခံတွေဖြစ်လာတယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများ

နာမည်

မြန်မာလူမျိုးအများစုမှာ မိသားစုနာမည်မရှိကြဘူး။ လူနာမည်တွေဟာ များသောအားဖြင့် နှစ်သက်ဖွယ်အရည်အသွေးတွေ၊ အရာဝတ္ထုတွေ၊ မျိုးရိုးနောက်ခံတွေကိုဖော်ပြတဲ့ စကားလုံးတွေဖြစ်တယ်။ ဥပမာ၊ ချိုစန္ဒာမြင့်ဆိုတဲ့နာမည်က “ချိုမြိန်ခြင်း၊ လမင်း၊ အမြင့်၊” ထက်အောင်ထွန်းဆိုတဲ့နာမည်က “ထက်မြက်ခြင်း၊ အောင်မြင်ခြင်း၊ ထွန်းတောက်ခြင်း၊” နော်စေးဝါးဖောဆိုတဲ့နာမည်က “မိန်းကလေး၊ ငွေစင်၊ ပန်း” လို့အဓိပ္ပာယ်ရှိတယ်။

နှုတ်ဆက်စကား

မြန်မာလူမျိုးတွေမှာ နှုတ်ဆက်စကားပြောပုံ အမျိုးမျိုးအဖုံဖုံရှိတယ်။ ကွဲကွာနေတာကြာပြီဖြစ်တဲ့ မိတ်ဟောင်းဆွေဟောင်းတွေတွေ့တဲ့အခါ “မင်း/နင် အခုထိ အသက်ရှင်သေးတယ်နော်” လို့ ဟာသနှောပြီးနှုတ်ဆက်လေ့ရှိတယ်။ ထမင်းစားချိန်လောက်မှာဆိုရင်တော့ “စားပြီးပြီလား” ဆိုပြီး နှုတ်ဆက်တတ်ကြတယ်။ ပြန်ခါနီးမှာတော့ “သွားတော့မယ်” လို့ပြောလေ့ရှိပြီး အိမ်ရှင်က “ကောင်းပါပြီ” ဒါမှမဟုတ် “ဖြည်းဖြည်းသွားနော်” လို့ပြန်ပြောတတ်တယ်။

အပြုအမူ

[ရုပ်ပုံ]

နူးညံ့သိမ်မွေ့တဲ့သဘောကို သိပ်အလေးပေးကြတယ်။ အသက်ကြီးသူတွေကို ရိုသေလေးစားကြပြီး ဦးလေး၊ အဒေါ်၊ ဆရာ စသဖြင့် လေးလေးစားစားခေါ်ကြတယ်။ တစ်ခုခုပေးတဲ့အခါဖြစ်စေ၊ ယူတဲ့အခါဖြစ်စေ၊ လက်ဆွဲနှုတ်ဆက်တဲ့အခါဖြစ်စေ လက်နှစ်ဖက်နဲ့ ပေးယူနှုတ်ဆက်လေ့ရှိတယ်။ အိမ်ထောင်သည်ဖြစ်စေ၊ လူလွတ်ဖြစ်စေ ချစ်မြတ်နိုးတဲ့အပြုအမူတွေကို လူရှေ့သူရှေ့မှာ ပြလေ့မရှိဘူး။ ယောက်ျားချင်း၊ မိန်းမချင်းတော့ လက်တွဲလျှောက်လေ့ရှိတယ်။

ဝတ်စားပုံ

ယောက်ျားတွေရော မိန်းမတွေပါ ခါးကနေ ခြေမျက်စိအထိဖုံးတဲ့ ရောင်စုံလုံချည်တွေကို ဝတ်ကြတယ်။ ယောက်ျားတွေက လုံချည်ကို ခါးရှေ့ပိုင်းမှာ ခါးပုံစထုတ်ပြီး ဝတ်ကြတယ်။ မိန်းမတွေကတော့ ခါးမှာပတ်ပြီးဝတ်ကြတယ်။ ယောက်ျားလုံချည်၊ မိန်းမလုံချည်နဲ့ တိုင်းရင်းသားလုံချည်တွေရဲ့အဆင်တွေကတော့ မတူကြဘူး။

ဖြီးလိမ်းပြင်ဆင်ပုံ

[ရုပ်ပုံ]

အမေက သမီးကို သနပ်ခါးလိမ်းပေးနေ

အမျိုးသမီးအများစုနဲ့ ကလေးတွေက အလှပြင်ပစ္စည်းနဲ့ အသားအရေထိန်းပစ္စည်းအဖြစ် သနပ်ခါးလိမ်းကြတယ်။ သနပ်ခါးဟာ အသားအရေကိုအေးမြစေပြီး နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။

ယေဟောဝါက ကျွန်တော့်ကို စိတ်သဘောအသစ်ပေးခဲ့

[ရုပ်ပုံ]

ဦးဝေလ်စင်သိန်း

မွေးဖွားတဲ့နှစ် ၁၉၂၄

နှစ်ခြင်းခံတဲ့နှစ် ၁၉၅၅

ကိုယ်ရေးရာဇဝင်အကျဉ်း တစ်ချိန်တုန်းက ဓားပြဖြစ်ခဲ့ဖူးတဲ့ ဒီညီကိုဟာ သူ့ရဲ့စရိုက်ကိုပြောင်းလဲနိုင်ဖို့ အကြီးအကျယ်ကြိုးစားခဲ့ပြီး အခုဆိုရင် အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတာ ၅၄ နှစ်ရှိပြီ။

◆ ကျွန်တော်ငယ်ငယ်တုန်းက လက်ဝှေ့၊ နပန်းနဲ့ ဂျူဒိုပညာတွေသင်ယူခဲ့တယ်။ ဒါကြောင့် ကျွန်တော်က စရိုက်ကြမ်းပြီး ဒေါသကြီးတယ်။ အသက် ၁၉ နှစ်ရောက်တော့ ဂိုဏ်းတစ်ခုမှာ လက်နက်ကိုင်ဓားပြတစ်ယောက်ဖြစ်နေပြီ။ နောက်ဆုံး အဖမ်းခံရပြီး ထောင်ရှစ်နှစ်ကျခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်ရဲ့ဆိုးပေတဲ့ဘဝအကြောင်း ပြန်စဉ်းစားပြီး အများကြီးဆုတောင်းခဲ့တယ်။ ဒီလိုနဲ့ ဘုရားသခင်အကြောင်း ပိုသိချင်လာတယ်။

ထောင်ကနေလွတ်တော့ ရန်ကုန်ကိုပြောင်းသွားပြီး ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးတွေကို စတက်ခဲ့တယ်။ ညီအစ်ကိုအတော်များများက စိတ်ရှည်ရှည်နဲ့ ကြင်ကြင်နာနာကူညီပေးခဲ့တဲ့အတွက် နောက်ဆုံးမှာ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီလာတယ်။

နှစ်ခြင်းခံပြီးတဲ့နောက် ခရစ်ယာန်အရည်အသွေးတွေတင်ပြနိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့ရတယ်။ (ဧ. ၄:၂၄) ကျွန်တော်က တခြားသူတွေကို တအားအပြစ်မြင်တတ်တဲ့အတွက် သူတို့ကို ခဏခဏစိတ်ဆိုးခဲ့ရတယ်။ ဒီကိစ္စမှာ ပိုတိုးတက်ချင်ပေမဲ့ ကျွန်တော့်ဒေါသကိုထိန်းချုပ်ဖို့ အခက်တွေ့နေတယ်။ အလကားလူပဲလို့ခံစားရတဲ့အတွက် တစ်ခါတလေ မြစ်ဘေးနားသွားပြီး နာရီပေါင်းများစွာ ငိုခဲ့ဖူးတယ်။

အလကားလူပဲလို့ခံစားရတဲ့အတွက် တစ်ခါတလေ မြစ်ဘေးနားသွားပြီး နာရီပေါင်းများစွာ ငိုခဲ့ဖူးတယ်

၁၉၅၇ ခုနှစ်မှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ ဦးဆုံးတာဝန်ကျတဲ့နေရာကတော့ မန္တလေးမြို့ပဲ။ အဲဒီမှာ သာသနာပြုညီကိုရောဘတ်ရစ်ချက်နဲ့ တွဲအမှုဆောင်ခဲ့တယ်။ ညီကိုရောဘတ်က ကျွန်တော့်အတွက်တော့ အဖေလိုပဲ။ လူတွေရဲ့ကောင်းကွက်တွေကိုပဲကြည့်ဖို့၊ ကိုယ်တိုင်ရဲ့မစုံလင်မှုတွေကို အမြဲသတိရဖို့ သူ သင်ပေးခဲ့တယ်။ (ဂလ. ၅:၂၂၊ ၂၃) ကျွန်တော်စိတ်ဆိုးလာတိုင်း ငြိမ်သက်ခြင်းရှိစေတဲ့ “တည်ကြည်ခိုင်မြဲတဲ့စိတ်သဘောအသစ်”ကို ပေးပါဆိုပြီး ယေဟောဝါဆီ အသနားခံခဲ့တယ်။ (ဆာ. ၅၁:၁၀၊ ကဘ) ကျွန်တော့်ဆုတောင်းချက်တွေကို ယေဟောဝါအဖြေပေးခဲ့တဲ့အတွက် အချိန်တန်တော့ ကျွန်တော့်ရဲ့စရိုက်က ပိုကောင်းလာတယ်။

နောက်ပိုင်း အသက် ၈၀ အရွယ်ရှိတဲ့ နှစ်ခြင်းခရစ်ယာန်တစ်ယောက်ကို ကျမ်းစာသင်ပေးခဲ့တယ်။ သူ့ရဲ့ချာ့ချ်အသင်းသားတွေက သူတို့ရဲ့သိုးကို “ခိုး” တယ်လို့ ကျွန်တော့်ကို ဒေါသတကြီးစွပ်စွဲကြတယ်။ သူတို့ထဲကတစ်ယောက်က ကျွန်တော့်မျက်နှာကို ဓားနဲ့ရွယ်ပြီး “လူတစ်ယောက်ကို ဓားနဲ့ခုတ်ရင် မှားသလား” ဆိုပြီး ရန်စတယ်။ ကျွန်တော် ဒေါသထောင်းခနဲထွက်သွားတယ်။ ဒါပေမဲ့ ယေဟောဝါဆီ ကျွန်တော်ချက်ချင်းဆုတောင်းလိုက်ပြီး “ခင်ဗျားမေးခွန်းထဲမှာ အဖြေပါပြီးသားပဲလေ” လို့ လေသံခပ်အေးအေးနဲ့ပြန်ပြောနိုင်ခဲ့တယ်။ အဲဒီလူက နောက်တွန့်သွားပြီး လှည့်ပြန်သွားတယ်။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်ဖို့ ယေဟောဝါကူညီပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ။ မကြာခင် အသက် ၈၀ အရွယ် အဲဒီကျမ်းစာသင်သားက နှစ်ခြင်းခံပြီး သေတဲ့အချိန်အထိ သစ္စာရှိခဲ့တယ်။

ကျွန်တော်ဟာ နှစ်တွေတစ်လျှောက် အထူးရှေ့ဆောင်အဖြစ် ၁၇ နေရာမှာအမှုဆောင်ခဲ့ပြီး လူ ၆၄ ယောက်ကို အမှန်တရားသိလာအောင် ကူညီပေးခဲ့တယ်။ ကျွန်တော့်အပေါ် ယေဟောဝါဘယ်လောက်ကောင်းခဲ့တယ်ဆိုတာကို စဉ်းစားလိုက်ရင် မျက်ရည်ဝဲလာတယ်။ ကိုယ်တော်က ကြမ်းတမ်းပြီးဒေါသကြီးတဲ့၊ တစ်ချိန်လုံးအလိုမကျဖြစ်နေတဲ့လူငယ်တစ်ယောက်ကို ငြိမ်းချမ်းတဲ့စိတ်သဘောအသစ်ရှိလာအောင် ကူညီပေးခဲ့တယ်။

ယေဟောဝါလမ်းဖွင့်ပေးခဲ့

[ရုပ်ပုံ]

ဦးမောရစ်ရပ်ချ်

မွေးဖွားတဲ့နှစ် ၁၉၃၃

နှစ်ခြင်းခံတဲ့နှစ် ၁၉၄၉

ကိုယ်ရေးရာဇဝင်အကျဉ်း မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အချိန်ပြည့်လုပ်ငန်းမှာပါဝင်ခဲ့ပြီး အချိန်အများစုမှာ ဌာနခွဲကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။ အခု ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ် အမှုဆောင်နေဆဲဖြစ်တယ်။h

◆ ၁၉၈၈ ခုနှစ်မှာ ရန်ကုန်မှာ အကြမ်းဖက်ဆန္ဒပြမှုပေါ်ပေါက်လာတဲ့အခါ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတောင်းဆိုနေတဲ့ ထောင်နဲ့ချီတဲ့လူတွေ လမ်းပေါ်မှာပြည့်နေတယ်။ တိုင်းပြည်ရဲ့အခြေအနေက ပေါက်ကွဲလုနီးပါးဖြစ်နေတဲ့အတွက် စစ်တပ်က အာဏာသိမ်းပြီး တစ်နိုင်ငံလုံးနီးပါးမှာ မာရှယ်လောထုတ်ခဲ့တယ်။ ဆန္ဒပြသူထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတယ်။

အဲဒီလမှာပဲ နယူးယောက်မှာရှိတဲ့ ဌာနချုပ်ကို ကျွန်တော်တို့ ဌာနခွဲက နှစ်ချုပ်မှတ်တမ်းပို့ရမယ်။ ဒါပေမဲ့ ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းအားလုံး ပြတ်တောက်နေတဲ့အတွက် ဒီမှတ်တမ်းကို ဘယ်လိုပို့ရမှန်းမသိ ဖြစ်နေတယ်။ အဲဒီအချိန်မှာ အမေရိကန်သံရုံးက သူတို့ရဲ့စာတစ်စောင်ကို ရဟတ်ယာဉ်နဲ့ပို့ဖို့ စီစဉ်နေတယ်ဆိုတာ ကျွန်တော်သိလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့ရဲ့မှတ်တမ်းကိုပါ ထည့်ပို့ပေးနိုင်တယ်ဆိုတာကို စဉ်းစားမိတဲ့အတွက် ကျွန်တော့်မှာရှိတဲ့ အကောင်းဆုံး အနောက်တိုင်းဝတ်စုံကိုဝတ်ပြီး သံရုံးကိုထွက်လာတယ်။

မိုးရေစိုနေတဲ့လမ်းတွေအတိုင်း ကားမောင်းလာတဲ့အခါ တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေတာကို သတိထားမိတယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ ရှေ့မှာ သံဆူးကြိုးတွေနဲ့ လမ်းပိတ်ထားတဲ့အတွက် ကားရပ်ပြီး လမ်းလျှောက်သွားလိုက်တယ်။

သံရုံးဂိတ်တံခါးကိုရောက်တော့ ရာနဲ့ချီတဲ့လူတွေက သံရုံးထဲဝင်ဖို့ တိုးကြိတ်အော်ဟစ်နေကြတယ်။ ဒါပေမဲ့ ခက်ထန်တဲ့မျက်နှာထားနဲ့စစ်သားတွေက လမ်းပိတ်ထားကြတယ်။ ကျွန်တော်လည်း ခဏရပ်ပြီး စိတ်ထဲကနေ ဆုတောင်းလိုက်တယ်။ ကျောင်းသားတစ်ယောက်က ကောင်းကောင်းဝတ်စားထားတဲ့ ကျွန်တော့်ကိုတွေ့သွားပြီး “ဒီလူက သံရုံးဝန်ထမ်းဖြစ်ရမယ်” လို့ အော်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း လူအုပ်ကြားကနေ ရှေ့ကိုတိုးဝှေ့သွားလိုက်တယ်။ သော့ခတ်ထားတဲ့သံရုံးဂိတ်တံခါးကိုရောက်တော့ စစ်သားက ကျွန်တော့်ကို မသင်္ကာတဲ့အကြည့်နဲ့ ကြည့်တယ်။

“ခင်ဗျားက ဘယ်သူလဲ။ ဘာကိစ္စလဲ” ဆိုပြီး ခပ်မာမာမေးတယ်။

“သံအမတ်နဲ့တွေ့ဖို့ လာတာပါ။ အမေရိကားကို ပို့ရမယ့် သိပ်အရေးကြီးတဲ့သတင်းတစ်ခု ပါလာတယ်” လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။

သူက ကျွန်တော့်ကို အကြာကြီးစိုက်ကြည့်ပြီးတဲ့နောက် တံခါးကို ဆတ်ခနဲဖွင့်၊ ကျွန်တော့်ကို အထဲဆွဲသွင်းပြီး တံခါးကိုဆောင့်ပိတ်လိုက်တယ်။

ပြီးတော့ “ငါ့နောက်လိုက်ခဲ့” လို့ ခပ်ပြတ်ပြတ်ပြောတယ်။

သံရုံးဝင်ပေါက်ကိုရောက်တော့ အဲဒီစစ်သားက စိတ်ပန်းလူပန်းဖြစ်နေတဲ့ အရာရှိတစ်ယောက်နဲ့တွေ့ ခွင့်ပေးတဲ့အခါ သူက ဘာကိစ္စလဲလို့ ကျွန်တော့်ကိုမေးတယ်။

“ကျွန်တော်က ကင်းမျှော်စင်အသင်းကပါ။ အရေးကြီးတဲ့မှတ်တမ်းတစ်ခုကို နယူးယောက်ဌာနချုပ်ဆီ ဒီလအတွင်း ကျွန်တော်ပို့ရမှာ။ အဲဒီမှတ်တမ်းကို သံရုံးစာနဲ့အတူ ကျေးဇူးပြုပြီး ပို့ပေးလို့ရမလား” လို့ပြောပြီး ကျွန်တော့်ရဲ့ စာအိတ်လေးကို သူ့လက်ထဲထည့်ပေးလိုက်တယ်။ “ကျွန်တော့်မှာ တံဆိပ်ခေါင်းမရှိလို့ မကပ်ထားမိတာ ဆောရီးပါပဲ” လို့ထပ်ပြောလိုက်တယ်။

ကျွန်တော့်ရဲ့ စာအိတ်လေးကို သူ့လက်ထဲထည့်ပေးပြီး “ကျွန်တော့်မှာ တံဆိပ်ခေါင်းမရှိလို့ မကပ်ထားမိတာ ဆောရီးပါပဲ” လို့ပြောလိုက်တယ်

အဲဒီအရာရှိက ခဏစဉ်းစားပြီးနောက် ကျွန်တော့်ကို မေးခွန်းတချို့မေးတယ်။ ပြီးတော့ ဒီမှတ်တမ်းကိုပို့ပေးပါ့မယ်လို့ ကတိပေးတယ်။ ဌာနချုပ်ကို အဲဒီမှတ်တမ်း အချိန်မီရောက်သွားတယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်တော်သိလိုက်ရတယ်။

h ညီကိုရပ်ချ်ရဲ့ဘဝအတ္ထုပ္ပတ္တိကို ၂၀၁၀၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဖော်ပြထားတယ်။

အမှန်တရားကိုလက်ခံခဲ့တဲ့ စိတ်ထက်သန်တဲ့တရားသူကြီး

[ရုပ်ပုံ]

ဦးမန်ကျုံး

မွေးဖွားတဲ့နှစ် ၁၉၃၄

နှစ်ခြင်းခံတဲ့နှစ် ၁၉၈၁

ကိုယ်ရေးရာဇဝင်အကျဉ်း ဂုဏ်အသရေရှိ ကျောင်းအုပ်ကြီးနဲ့တရားသူကြီးတစ်ဦးဖြစ်ခဲ့တဲ့ ဒီညီကိုဟာ နောက်ပိုင်းမှာ ဇွဲရှိတဲ့ရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။

◆ ရှေ့ဆောင်တစ်ယောက်က ကျွန်တော့်ကို ဦးဆုံးအကြိမ် ကင်းမျှော်စင် လာဝေငှတုန်းက “ငါသိပ်အလုပ်များတယ်။ ဖတ်ဖို့အချိန်မရှိဘူး” လို့ပြန်ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ဆေးလိပ်သိပ်သောက်တဲ့သူဖြစ်တော့ ဆေးပြင်းလိပ်တွေလိပ်တဲ့အခါ မဂ္ဂဇင်းစာရွက်တွေကိုသုံးနိုင်တာပဲလို့တွေးပြီး မဂ္ဂဇင်းကိုလက်ခံလိုက်တယ်။

ဆေးပြင်းလိပ်ကိုလိပ်ဖို့ စာရွက်တစ်ရွက်ကို ဖြဲလိုက်တဲ့အခါ ဒီစာရွက်အလကားမဖြစ်အောင် အရင်ဖတ်အုံးမှပဲလို့ အတွေးဝင်လာတယ်။ ဒီလိုနဲ့ ကင်းမျှော်စင်အကြောင်းသိလာပြီး နှစ်သက်လာခဲ့တယ်။ ကျွန်တော်ဖတ်တဲ့အရာတွေက ဆေးလိပ်ဖြတ်ဖို့၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေနဲ့အညီ ကျွန်တော့်အသက်တာကိုပြောင်းလဲဖို့ လှုံ့ဆော်ပေးခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော်နှစ်ခြင်းခံလိုက်တယ်။

နှစ်ခြင်းခံပြီးနောက် ရွာကိုပြန်ရောက်တဲ့အခါ ဓမ္မဆရာနဲ့ ချာ့ချ်ခေါင်းဆောင်တွေက ကျွန်တော့်ကို အရင်ဘာသာကိုပဲပြန်ကိုးကွယ်ပါလို့ပြောပြီး ပိုက်ဆံတွေပေးကြတယ်။ ကျွန်တော်မယူတဲ့အခါ သူတို့က သက်သေခံတွေပိုက်ဆံပေးလို့ ကျွန်တော်နှစ်ခြင်းခံတာဆိုပြီး လူတွေကို လိမ်ပြောကြတယ်။ သူတို့နာမည်ဖျက်ပေမဲ့ ကျွန်တော်မကြောက်ပါဘူး။ စစ်မှန်တဲ့ဘုရားသခင်ကို သိခွင့်ရပြီး ကိုးကွယ်ခွင့်ရတာကိုပဲ ကျွန်တော်ဂုဏ်ယူပါတယ်။

ယေဟောဝါက ကျွန်တော့်ခံနိုင်ရည်ကိုဆုချခဲ့

[ရုပ်ပုံ]

ဦးအားရှီ

မွေးဖွားတဲ့နှစ် ၁၉၅၂

နှစ်ခြင်းခံတဲ့နှစ် ၁၉၉၈

ကိုယ်ရေးရာဇဝင်အကျဉ်း တစ်ချိန်က ကက်သလစ်ဓမ္မဆရာဖြစ်ခဲ့တဲ့ ဒီညီကိုဟာ အမှန်တရားကိုလက်ခံခဲ့တယ်။

◆ ကျွန်တော်ဟာ ရွှေတြိဂံနယ်မြေရဲ့ အလယ်ဗဟိုမှာ ကက်သလစ်ဓမ္မဆရာအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တယ်။ ယေဟောဝါသက်သေတွေနဲ့တွေ့ဆုံချိန်မှာ ကျမ်းစာကို သူတို့ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တာကိုမြင်ပြီး သူတို့နဲ့ကျမ်းစာလေ့လာဖို့ သဘောတူခဲ့တယ်။

မကြာခင် ကျွန်တော်ဟာ တနင်္ဂနွေမနက်ခင်းတွေမှာ ချာ့ချ်မှာဟောပြီး ညနေပိုင်းတွေမှာတော့ နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေတက်လာတယ်။ သိပ်မကြာခင်မှာ စစ်မှန်တဲ့ကျမ်းစာသွန်သင်ချက်တွေကို ချာ့ချ်မှာ ကျွန်တော်စဟောတော့တယ်။ ဒါကြောင့် အသင်းသားတချို့ စိတ်ဆိုးလာကြတယ်။ ဘုန်းကြီးဆိုရင် ပိုတောင်ဆိုးသေးတယ်။ ဓမ္မဆရာအဖြစ်ကနေ နုတ်ထွက်လိုက်တော့ အသင်းသားတွေက ကျွန်တော့်ကို ရွာကနေမောင်းထုတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တရားရုံးကိုပို့ကြတယ်။ ဒါပေမဲ့ တရားသူကြီးက ကျွန်တော့်မှာ လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်ရှိတယ်ဆိုပြီး သူတို့ကိုပြောတယ်။ ကျွန်တော့်မိန်းမကတော့ ဒေါသမပြေနိုင်ဘဲ “ရှင့်ရဲ့အိတ်နဲ့ကျမ်းစာကိုယူပြီး ဒီကနေ ထွက်သွား” လို့အော်ပြောတယ်။ သူဒေါသထွက်ပေမဲ့ ကျွန်တော်ကတော့ ဘယ်တော့မှ စိတ်မဆိုးခဲ့ပါဘူး။ သူနဲ့ကလေးတွေကို ဆက်ပြီးဂရုစိုက်စောင့်ရှောက်ခဲ့တယ်။ ယေဟောဝါက ကျွန်တော့်ခံနိုင်ရည်ကို ဆုချခဲ့လို့ ကျွန်တော်သိပ်ပျော်ခဲ့ရတယ်။ အခုဆိုရင် ကျွန်တော့်မိန်းမချယ်ရီရော သားသမီးတွေပါ ယေဟောဝါကို ပျော်ရွှင်စွာဝတ်ပြုကိုးကွယ်နေကြတယ်။

ကျွန်တော့်သံသယတွေ အရည်ပျော်သွားပြီ

[ရုပ်ပုံ]

ဦးဂရယ်ဂရီ ဆရီးလို

မွေးဖွားတဲ့နှစ် ၁၉၅၀

နှစ်ခြင်းခံတဲ့နှစ် ၁၉၉၅

ကိုယ်ရေးရာဇဝင်အကျဉ်း အရင်တုန်းက ချာ့ချ်အမှုဆောင်တစ်ဦးဖြစ်ပြီး ယေဟောဝါသက်သေတွေဟာ မှားယွင်းတဲ့ပရောဖက်တွေလို့ ယူမှတ်ခဲ့သူဖြစ်တယ်။

◆ နှစ်များတစ်လျှောက် ကျွန်တော်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ရိုမန်ကက်သလစ်တစ်ယောက်ဖြစ်ပြီး ရွာထဲက ချာ့ချ်လုပ်ဆောင်မှုတွေမှာ ဦးဆောင်ဦးရွက်ပြုခဲ့တယ်။ အဲဒီအတောအတွင်း ချာ့ချ်ခေါင်းဆောင်တွေက အကျင့်စာရိတ္တပျက်တာ၊ နတ်ကိုးကွယ်တာ၊ နတ်ဆိုးပညာလိုက်စားတာတွေကို ခွင့်ပြုထားမှန်း ကျွန်တော်တွေ့ခဲ့ရတယ်။ သူတို့ရဲ့အရေခြုံဟန်ဆောင်မှုကို ကျွန်တော်ရွံရှာတဲ့အတွက် ချာ့ချ်တာဝန်တွေကနေ နုတ်ထွက်လိုက်တယ်။ ဒါပေမဲ့ ကက်သလစ်ယုံကြည်ချက်တွေကိုတော့ ကျွန်တော်စွဲကိုင်ထားတုန်းပဲ။

၁၉၈၁ ခုနှစ်မှာ ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်တွေ့တယ်။ သူတို့ရဲ့ကျမ်းစာအသိပညာကို အထင်ကြီးတဲ့အတွက် ကျမ်းစာလေ့လာဖို့ လက်ခံခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့သွန်သင်ချက်တွေကို တော်တော်သံသယဖြစ်နေလို့ သူတို့နဲ့ အမြဲလိုလိုငြင်းခုံခဲ့တယ်။ သူတို့ကတော့ ကျွန်တော့်ရဲ့မေးခွန်းတွေကို ကျမ်းစာသုံးပြီး အေးအေးဆေးဆေးအဖြေပေးကြတယ်။

သက်သေခံတွေရဲ့သွန်သင်ချက်ဟာ တညီတညွတ်တည်းရှိရဲ့လားဆိုတာသိဖို့ ခရိုင်စည်းဝေးတစ်ခုကို ကျွန်တော်သွားတက်ခဲ့တယ်။ အားလပ်ချိန်အတွင်း ကျွန်တော့်အိတ်ကို ထိုင်ခုံအောက်မှာ မေ့ကျန်ခဲ့တယ်။ အိတ်ထဲမှာ မှတ်ပုံတင်၊ ပိုက်ဆံနဲ့ တခြားအဖိုးတန်ပစ္စည်းတွေပါတော့ တစ်ယောက်ယောက် ခိုးသွားမှာသေချာတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ညီကိုတွေက “မပူပါနဲ့။ ခင်ဗျားရဲ့အိတ်က အဲဒီနေရာမှာပဲရှိမှာပါ” လို့ကျွန်တော့်ကို ပြောကြတယ်။ ကျွန်တော်လည်း ထိုင်ခုံနားကို အပြေးအလွှားသွားကြည့်တော့ အိတ်က အဲဒီမှာပဲရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်ကစပြီး သက်သေခံတွေနဲ့ပတ်သက်တဲ့ ကျွန်တော့်သံသယတွေ အရည်ပျော်သွားတယ်။

“သာလွန်များပြား” တဲ့ကြွယ်ဝမှုကို ကျွန်တော်တွေ့ရှိခဲ့

စသန်းထွန်းအောင်

မွေးဖွားတဲ့နှစ် ၁၉၅၄

နှစ်ခြင်းခံတဲ့နှစ် ၁၉၉၃

ကိုယ်ရေးရာဇဝင်အကျဉ်း ဗုဒ္ဓဘာသာဘုန်းကြီးနဲ့ စစ်သားဖြစ်ခဲ့ဖူးတဲ့ ဒီညီကိုဟာ အမှန်တရားကိုလက်ခံပြီးနောက်မှာ ရှေ့ဆောင်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တယ်။

◆ ကျွန်တော်ဟာ ဗုဒ္ဓဘာသာမိသားစုကဖြစ်ပြီး အချိန်အတော်ကြာ ဘုန်းကြီးဝတ်ခဲ့ဖူးတယ်။ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ဘုရားသခင် ဒါမှမဟုတ် ဖန်ဆင်းရှင်ကို ကျွန်တော်မယုံကြည်ခဲ့ဘူး။ နောက်တော့ ခရစ်ယာန်မိတ်ဆွေတစ်ယောက်က သူ့ချာ့ချ်ကိုလိုက်တက်ဖို့ ဖိတ်တယ်။ ကျွန်တော်လိုက်သွားတော့ လူသားတွေမှာ ကောင်းကင်ခမည်းတော်ရှိတယ်ဆိုတာ သိရတယ်။ အဲဒီကောင်းကင်ခမည်းတော်အကြောင်းကို ကျွန်တော်အရမ်းသိချင်လာပြီး ကိုယ်တော်နဲ့ရင်းနှီးချင်လာတယ်။

[ရုပ်ပုံ]

လူဝတ်လဲပြီးနောက် ကျွန်တော် စစ်ထဲဝင်လိုက်တယ်။ ကျွန်တော်တာဝန်ထမ်းဆောင်ချိန်အတွင်းမှာ ဒိုင်ယာရီရေးလေ့ရှိတယ်။ ရေးတဲ့အခါတိုင်း “ကောင်းကင်ခမည်းတော်ဘုရားသခင်” လို့အစချီပြီး ရေးတယ်။ နောက်ပိုင်းမှာ ခရစ်ယာန်သင်းအုပ်ဆရာဖြစ်ချင်လို့ စစ်တပ်ကနေထွက်ဖို့ ကြိုးစားပေမဲ့ အထက်အရာရှိတွေက ကျွန်တော့်ကို ထွက်ခွင့်မပေးဘူး။ ဒီလို နဲ့ ကျွန်တော်ရာထူးတက်ပြီး ဗိုလ်ကြီးဖြစ်လာတဲ့အခါ အရေးပါအရာရောက်သူဖြစ်လာတယ်။ ဩဇာအာဏာရှိပြီး စီးပွားရေးလည်း အဆင်ပြေလာတယ်။ ဒါပေမဲ့ ကျွန်တော့်အတွင်းစိတ်မှာတော့ ဘုရားသခင်နဲ့ဆိုင်တဲ့အသိပညာကို တောင့်တနေဆဲပဲ။

၁၉၈၂ ခုနှစ်မှာ မထုအောင်နဲ့ ကျွန်တော်လက်ထပ်ခဲ့တယ်။ သူ့အစ်မဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ပြီး ပရဒိသုခဘုံပျောက်ဆုံးခြင်းမှ ပရဒိသုခဘုံပြန်လည်ရရှိသည်အထိ ဆိုတဲ့စာအုပ် ကျွန်တော်တို့ကိုပေးတယ်။ အဲဒီစာအုပ်မှာ ဘုရားသခင်နာမည်က ယေဟောဝါဖြစ်တယ်လို့ ဆိုထားတာကို ကျွန်တော်သံသယဖြစ်မိတယ်။ ဒါနဲ့ ထုအောင်ကို “မြန်မာကျမ်းစာထဲကနေ ယေဟောဝါဆိုတဲ့နာမည် ပြနိုင်ရင် ငါ ယေဟောဝါသက်သေလုပ်မယ်” ဆိုပြီးပြောလိုက်တယ်။ သူလည်း ကျမ်းစာတစ်အုပ်လုံးမှာရှာပေမဲ့ မတွေ့ဘူး။ ဒါပေမဲ့ သက်သေခံဖြစ်တဲ့ သူ့သူငယ်ချင်းမေရီကတော့ လွယ်လွယ်နဲ့ရှာတွေ့ ပြီး ယေဟောဝါဆိုတဲ့နာမည် ကျွန်တော့်ကိုပြတယ်။ နောက်ဆုံးတော့ ကျွန်တော်၊ ကျွန်တော့်မိန်းမနဲ့ သားသမီးတွေဟာ သက်သေခံစည်းဝေးတွေကို စတက်ပြီး ကျမ်းစာလေ့လာဖို့ လက်ခံလိုက်တယ်။

ကျမ်းစာအသိပညာတိုးလာတာနဲ့အမျှ ဘုရားသခင့်အမှုဆောင်ချင်စိတ်ကလည်း ပြင်းပြသထက်ပြင်းပြလာတယ်။ ၁၉၉၁ ခုနှစ်မှာ စစ်တပ်ကနေ နုတ်ထွက်စာ ထပ်တင်တယ်။ ဒီတစ်ခါမှာတော့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ချင်လို့ပဲ။ နှစ်နှစ်အကြာမှာ ကျွန်တော်နုတ်ထွက်လိုက်ပြီး အဲဒီနှစ်မှာပဲ ကျွန်တော်နဲ့ထုအောင် နှစ်ခြင်းခံခဲ့တယ်။

မိသားစုရဲ့စားဝတ်နေရေးအတွက် စျေးထဲမှာ စားစရာတွေ စရောင်းတယ်။ ကြီးပွားဖို့အလားအလာရှိတဲ့ စစ်မှုထမ်းဘဝကိုစွန့်ပြီး နိမ့်ကျတဲ့အလုပ်လုပ်လို့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်တော့်ကို အရူးလို့ပြောကြတယ်။ ဒါပေမဲ့ မောရှေဟာ ဘုရားသခင့်အမှုဆောင်ဖို့ ဖာရောရဲ့နန်းတော်ကိုစွန့်ပြီး သိုးထိန်းလုပ်သေးတာပဲဆိုတာကို ကျွန်တော်ပြန်သတိရတယ်။ (ထွက်. ၃:၁; ဟေဗြဲ ၁၁:၂၄-​၂၇) နောက်ပိုင်းမှာ မှန်မှန်ရှေ့ဆောင်ဆိုတဲ့ မွန်မြတ်လှတဲ့ပန်းတိုင်ကို ကျွန်တော်ရောက်နိုင်ခဲ့တယ်။

စစ်တပ်ထဲက ကျွန်တော့်သူငယ်ချင်းတချို့ဟာ အရာရှိကြီးတွေဖြစ်လာပြီး ကြီးပွားချမ်းသာနေကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ “သာလွန်များပြား” တဲ့ကြွယ်ဝမှုကို တွေ့ ရှိခဲ့ပါပြီ။ အဲဒါက ကောင်းကင်ဖခင်ကို သိကျွမ်းပြီး ကိုယ်တော့်အမှုဆောင်ခြင်းကနေရတဲ့ ကောင်းချီးတွေပါပဲ။ (ဧ. ၂:၇) အခုဆိုရင် ကျွန်တော့်တူ၊ တူမတချို့ဟာ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြပြီး သားအကြီးဆုံးက မြန်မာဗေသလမှာ အမှုဆောင်နေပါတယ်။

ကြင်နာမှုက ကျွန်တော်အတိုက်အခံလုပ်တာကို အနိုင်ယူသွား

ဦးဇော်ဘောမ်

မွေးဖွားတဲ့နှစ် ၁၉၅၄

နှစ်ခြင်းခံတဲ့နှစ် ၁၉၉၈

ကိုယ်ရေးရာဇဝင်အကျဉ်း မူးယစ်ဆေးဝါးရောင်းဝယ်ခဲ့သူ၊ အမှန်တရားကိုဆန့်ကျင်ခဲ့သူဖြစ်တဲ့ ဒီညီကိုဟာ ခရစ်ယာန်တွေပြတဲ့ကြင်နာမှုကြောင့် စိတ်နှလုံးထိမိခဲ့တယ်။

[ရုပ်ပုံ]

◆ ကျွန်တော့်မိန်းမ လုမိုင်က ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတဲ့အခါ ကျွန်တော်အကြီးအကျယ်အတိုက်အခံလုပ်တယ်။ သူ့ရဲ့ကျမ်းစာ,စာပေတွေကို အိမ်သာထဲလွှင့်ပစ်တဲ့အပြင် သက်သေခံတွေကိုလည်း အိမ်ကနေ မောင်းထုတ်တယ်။

[ရုပ်ပုံ]

ဒီနေ့အချိန်မှာ အတတ်နိုင်ဆုံး ယေဟောဝါရဲ့အမှုတော်ဆောင်ခြင်းအားဖြင့် ကျွန်တော် “ကတိ” တည်နေဆဲပါပဲ

နောက်ပိုင်းမှာ ကျွန်တော်က မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တဲ့အတွက် ထောင်ကျသွားတယ်။ ထောင်ထဲမှာ တစ်ညနေပြီးနောက် လုမိုင်က ကျမ်းစာတစ်အုပ်နဲ့အတူ ကျမ်းချက်တွေအများကြီးပါတဲ့ အားပေးစာတစ်စောင် ပို့ပေးခဲ့တယ်။ နောက်ပိုင်းမှာလည်း အဲလိုမျိုးအားပေးစာတွေကို ဆက်ပို့ပေးတယ်။ ကျွန်တော်သာ ကျမ်းစာပြောတဲ့အတိုင်း လိုက်နာခဲ့မယ်ဆိုရင် အခုလို ထောင်ကျမှာမဟုတ်ဘူးဆိုတာ မကြာခင်မှာ သဘောပေါက်လာတယ်။

ထောင်ထဲမှာရှိနေတုန်း မျှော်လင့်မထားတဲ့ဧည့်သည်နှစ်ယောက် ကျွန်တော့်ဆီရောက်လာတယ်။ သူတို့ကတော့ ယေဟောဝါသက်သေတွေပဲ။ ကျွန်တော့်ကို သွားတွေ့ပြီး အားပေးဖို့ ကျွန်တော့်မိန်းမက အကူအညီတောင်းထားတာလို့ သူတို့ရှင်းပြတယ်။ သူတို့က ကျွန်တော့်ဆီရောက်ဖို့ နှစ်ရက်ခရီးလာရတယ်။ သူတို့ပြတဲ့ကြင်နာမှုကို ကျွန်တော်အံ့သြမိသလို ကျေးဇူးလည်းတင်မိတယ်။ ကျွန်တော့်မှာ ဆွေမျိုးအများကြီးရှိပေမဲ့ တစ်ယောက်မှမလာကြဘူး။ ကျွန်တော်အပြင်းအထန်ဆန့်ကျင်ခဲ့တဲ့သူတွေကတော့ လာတွေ့ကြတယ်။

အဲဒီနောက်မှာ ကျွန်တော်တိုက်ဖွိုက်ဖြစ်လို့ ဆေးရုံတက်ရပေမဲ့ ဆေးဖိုးဝါးခ မတတ်နိုင်ဘူး။ ဒီအချိန်မှာ မျှော်လင့်မထားတဲ့ဧည့်သည်တစ်ယောက် ရောက်လာပြန်တယ်။ ကျွန်တော့်မိန်းမ လွှတ်လိုက်တဲ့ သက်သေခံနောက်တစ်ယောက်ပေါ့။ သူက ကျွန်တော်တို့ကို ကရုဏာသက်ပြီး ဆေးဖိုးဝါးခ အကုန်အကျခံပေးတယ်။ သက်သေခံတွေအပေါ် ပြုမူခဲ့တာတွေကြောင့် ကျွန်တော်အရမ်းရှက်မိတယ်။ ဒါကြောင့် ယေဟောဝါသက်သေတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်လို့ ကျွန်တော်ကတိပြုခဲ့တယ်။ ငါးနှစ်ကြာတော့ ထောင်ကနေလွတ်လာပြီး ကျွန်တော့်ကတိအတိုင်း လုပ်ဆောင်ခဲ့တယ်။

ကျွန်တော် ဒရယ်လိုခုန်မယ်

[ရုပ်ပုံ]

ဦးလျန်ဆန်း

မွေးဖွားတဲ့နှစ် ၁၉၅၀

နှစ်ခြင်းခံတဲ့နှစ် ၁၉၉၁

ကိုယ်ရေးရာဇဝင်အကျဉ်း တိုက်ပွဲမှာ ခြေနှစ်ဖက်စလုံးဆုံးရှုံးခဲ့တဲ့ ရဲဘော်ဟောင်းတစ်ယောက်ဖြစ်တယ်။ အခုတော့ အသင်းတော်အမှုထမ်းဖြစ်နေပြီ။

◆ ချင်းပြည်နယ်က ဝေးခေါင်တဲ့တောင်ပေါ်မြို့လေးဖြစ်တဲ့ မတူပီမြို့မှာ ကျွန်တော်မွေးဖွားကြီးပြင်းလာပါတယ်။ ကျွန်တော်တို့မိသားစုဟာ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို ကိုးကွယ်ကြတယ်။ မိသားစုဝင်တစ်ယောက်ယောက် ဖျားနာတဲ့အခါ နတ်စင်မှာ အစားအစာတွေတင်ပြီး နတ်ကိုပူဇော်ပသကြတယ်။ နတ်တွေက အဖျားအနာပျောက်အောင် လုပ်ပေးမယ်လို့ ကျွန်တော်တို့ယုံကြည်ခဲ့ကြတယ်။

ကျွန်တော့်အသက် ၂၁ နှစ်မှာ စစ်ထဲဝင်လိုက်တယ်။ နောက်ပိုင်းနှစ်တွေအတွင်း တိုက်ပွဲ ၂၀ မှာ ပါဝင်တိုက်ခိုက်ခဲ့တယ်။ ၁၉၇၇ ခုနှစ်မှာ ရှမ်းပြည်နယ်၊ မူဆယ်မြို့နားက ကျွန်တော်တို့စခန်းကို ကွန်မြူနစ်သူပုန်တွေ ဝင်တိုက်တယ်။ တိုက်ပွဲက ရက် ၂၀ ကြာတယ်။ ကျွန်တော်တို့လည်း ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ရင်း ကျွန်တော်မိုင်းတက်နင်းမိတယ်။ ကျွန်တော့်ခြေထောက်ကို ကြည့်လိုက်တော့ အရိုးပဲကျန်တာကို တွေ့လိုက်ရတယ်။ ခြေထောက်တွေ ပူထူနေပြီး ရေလည်း အရမ်းငတ်တယ်။ ဒါပေမဲ့ ကျွန်တော်မကြောက်ပါဘူး။ ကျွန်တော့်ကို အမြန်ဆုံး ဆေးရုံပို့လိုက်ပြီး အဲဒီမှာ ကျွန်တော့်ခြေထောက်တွေ ဖြတ်လိုက်ရတယ်။ လေးလကြာပြီးနောက် အရပ်သားတစ်ယောက်အနေနဲ့ ကျွန်တော် ဆေးရုံကနေ ဆင်းလာတယ်။

ပရဒိသုကျရင် ဒရယ်လို ခုန်ရုံမကဘူး၊ ပျော်လွန်းလို့ ကျွန်တော် ပြေးလွှားခုန်ပေါက်နေမှာပဲ

ကျွန်တော့်မိန်းမ မစိန်အေးနဲ့အတူ မန္တလေးမြို့နားမှာရှိတဲ့ စစ်ကိုင်းမြို့ကို ပြောင်းရွှေ့နေထိုင်ပြီး စားဝတ်နေရေးအတွက် ဝါးကုလားထိုင်လုပ်တယ်။ အဲဒီမှာ နှစ်ခြင်းသင်းအုပ်ဆရာတစ်ယောက်နဲ့တွေ့တော့ သူက ကျွန်တော့်ခြေထောက်တွေ ဆုံးရှုံးသွားတာ ဘုရားအလိုတော်ပဲလို့ပြောတယ်။ နောက်ပိုင်းမှာ မစိန်အေးနဲ့ကျွန်တော်ဟာ ရှေ့ဆောင်ညီမရေဗက္ကာနဲ့တွေ့တော့ သူက မြေကြီးပရဒိသုရောက်လာတဲ့အခါ ကျွန်တော့်ခြေထောက်တွေ ပြန်ရမယ်လို့ပြောပြတယ်။ မကြာခင်မှာ ကျွန်တော်တို့ဟာ သင်းအုပ်ဆရာနဲ့မဟုတ်ဘဲ ညီမရေဗက္ကာနဲ့ ကျမ်းစာကို စိတ်ဝင်တစားလေ့လာကြတယ်။

[ရုပ်ပုံ]

အခုဆိုရင် အနှစ် ၃၀ နီးပါးကြာခဲ့ပြီ။ မစိန်အေး၊ ကျွန်တော်နဲ့ နှစ်ခြင်းခံပြီးဖြစ်တဲ့ သားသမီးခုနစ်ယောက်တို့ဟာ မန္တလေးမြို့ကနေ မိုင် ၄၀ အကွာက သာယာလှပတဲ့တောင်ပေါ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်မြို့အနီးက ရွာလေးတစ်ရွာမှာ နေထိုင်ကြတယ်။ ကျွန်တော်က ပြင်ဦးလွင်အသင်းတော်မှာ အမှုထမ်းဖြစ်ပြီး သားသမီးသုံးယောက်က မှန်မှန်ရှေ့ဆောင်လုပ်နေကြတယ်။ ကျွန်တော်နဲ့ မစိန်အေးက သားသမီးတွေ အမှန်တရားမှာကြီးပြင်းလာအောင် ကြိုးစားသွန်သင်ခဲ့ကြတယ်။ သူတို့လေးတွေလည်း ကျွန်တော်တို့သွန်သင်ပေးတဲ့အတိုင်း ကြီးပြင်းလာတဲ့အတွက် ပျော်ရွှင်ကျေနပ်ရပါတယ်။

ဘီးတပ်ကုလားထိုင်ကိုသုံးပြီး ရွာထဲမှာ ကျွန်တော် သတင်းကောင်းဟောလေ့ရှိတယ်။ စည်းဝေးသွားတဲ့အခါကျရင်တော့ မော်တော်ဆိုင်ကယ်နောက်ကနေထိုင်ပြီး မောင်းတဲ့သူကို ဖက်ထားရတယ်။ သစ်သားခုံလေးနှစ်ခုကို လက်နဲ့ထောက်ပြီးတော့လည်း ကျွန်တော် “လျှောက်” နိုင်တယ်။

ကျွန်တော်အကြိုက်ဆုံးကျမ်းချက်ကတော့ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်” လို့ဖော်ပြထားတဲ့ ဟေရှာယ ၃၅:၆ ပါပဲ။ ကျွန်တော့်ခြေထောက်တွေပြန်ရဖို့ ကျွန်တော်မျှော်လင့်စောင့်စားနေတာ။ အဲဒီအခါကျရင် ဒရယ်လို ခုန်ရုံမကဘူး၊ ပျော်လွန်းလို့ ကျွန်တော် ပြေးလွှားခုန်ပေါက်နေမှာပဲ။

အလုပ်ကြိုးစားတဲ့ နယ်လှည့်ကြီးကြပ်မှူးများ

[မြေပုံ]
[ရုပ်ပုံ]

ကွဲပြားခြားနားမှုအမျိုးမျိုးရောပြွမ်းနေတဲ့ ဒီနိုင်ငံနေရာအနှံ့မှာ နယ်လှည့်ကြီးကြပ်မှူးတွေဟာ ညီအစ်ကိုညီအစ်မတွေကို အားပေးဖို့ မမောနိုင်မပန်းနိုင် လုပ်ဆောင်နေကြတယ်။ သူတို့ ဘယ်လိုလုပ်ဆောင်ကြသလဲ။ ဝေးလံခေါင်သီတဲ့ နာဂတောင်တန်းဒေသက အသင်းတော်တွေဆီလည်ပတ်တဲ့ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်နဲ့အတူ လိုက်သွားကြည့်ရအောင်။ ဇနီးဖြစ်သူ လားလ်လွန်မောရီနဲ့အတူခရီးသွားတဲ့ တိုက်နယ်ကြီးကြပ်မှူး ညီကိုမြင့်လွင် ဒီလိုရေးတယ်– “မနက် ၉ နာရီလောက်မှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ ကျပ်ပိတ်နေတဲ့ ကုန်တင်ကားငယ်လေးနောက်မှာ တိုးဝှေ့တက်ပြီး ကလေးမြို့ကနေ ထွက်ခွာလာကြတယ်။ ကျွန်တော်တို့ရဲ့ခြေထောက်ကို ကုန်သေတ္တာတွေ၊ ဟင်းသီးဟင်းရွက်အထုပ်တွေကြားထဲမှာ ထိုးသွင်းထားရတယ်။ ကားနောက်မှာတွယ်စီးတဲ့ ခရီးသည်တွေရှိသလို အမိုးပေါ်တက်စီးတဲ့သူတွေလည်း ရှိကြတယ်။ ကားက ချိုင့်ခွက်ပေါတဲ့လမ်းပေါ် တဂျုံးဂျုံးတဂျိုင်းဂျိုင်း ဆောင့်သွားနေပြီး ဖုန်တွေကလည်း အလိပ်လိုက်ပဲ။ ဖုန်တထောင်းထောင်းထနေလို့ နှာခေါင်းစည်း တပ်ထားရတယ်။

“နှစ်နာရီကြာတော့ မြစ်ကမ်းနားမြို့ဖြစ်တဲ့ ကလေးဝကို ရောက်တယ်။ အဲဒီကနေ စက်လှေပြန်စီးရမယ်။ စက်လှေစောင့်နေတုန်း ဆိုင်ရှင်တွေ၊ တခြားခရီးသည်တွေကို ကျွန်တော်တို့ဟောပြောကြတယ်။ အများစုကတော့ ယေဟောဝါသက်သေတွေအကြောင်း မကြားဖူးကြဘူး။ စက်လှေလည်းရောက်လာရော ဆင်းတဲ့ခရီးသည်ကဆင်းပြီး တက်တဲ့ခရီးသည်ကလည်း နေရာရဖို့ အလုအယက်တက်ကြတော့တယ်။ စက်လှေထဲမှာ လူ ၁၀၀ နီးပါး ပြွတ်သိပ်ပြည့်ကျပ်နေလို့ စက်လှေမှောက်ဖို့လွယ်တယ်။ ဒါကြောင့် လှေမှောက်သွားခဲ့ရင် အိတ်တွေပေါလောပေါ်နိုင်အောင် ကျွန်တော်တို့ရဲ့ခရီးဆောင်အိတ်တွေထဲမှာ ပလပ်စတစ်ဘူးတွေ ထိုးထည့်ထားတယ်။

“ငါးနာရီကြာပြီးနောက် မော်လိုက်မြို့ကို ရောက်တဲ့အခါ တည်းခိုခန်းလေးတစ်ခုမှာ ကျွန်တော်တို့ညအိပ်တယ်။ နောက်နေ့မနက် ငါးနာရီမှာ ကျွန်တော်တို့ ခရီးပြန်ဆက်တယ်။ ခြောက်သွေ့တဲ့ရာသီဖြစ်ပြီး မြစ်ရေကျတဲ့အတွက် စက်လှေက လေးခါသောင်တင်တယ်။ ကျွန်တော်နဲ့ တခြားယောက်ျားတွေက ဆင်းပြီး တွန်းပေးရတယ်။ ၁၄ နာရီကြာပြီးတဲ့နောက် ဟုမ္မလင်းမြို့ကိုရောက်တော့ ကျွန်တော်တို့ ခရီးပန်းနေပြီ။ ဒေသခံအသင်းတော်က ညီအစ်ကိုညီအစ်မတွေ ကျွန်တော်တို့ကို စောင့်ကြိုနေကြတယ်။ သူတို့ရဲ့အပြုံးမျက်နှာကိုမြင်ရတော့ အားပြန်ပြည့်လာတယ်။ ဒီညတော့ သူတို့ နဲ့ ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းကြမယ်။ မနက်ဖြန်ကျရင် ၁၅ နာရီခရီးဝေးတဲ့ ခန္တီးမြို့ကို ဆက်သွားရမယ်။

“မနက်စောစောထပြီး ခရီးဆက်ပြန်တယ်။ ဒီနေ့တော့ ကျွန်တော်တို့ရဲ့စက်လှေက နည်းနည်းချောင်သွားပြီး ရှုခင်းကလည်း မတူတော့ဘူး။ အဲဒီရေဆန်ခရီးမှာ ရာနဲ့ချီတဲ့ရွာသူ ရွာသားတွေ မြစ်ထဲမှာ ရွှေကျင်နေတာကို တွေ့ရတယ်။ ခန္တီးမြို့ကိုလည်းရောက်ရော တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေပြီ။ လာကြိုတဲ့သူလည်း တစ်ယောက်မှမတွေ့ဘူး။ ကျွန်တော်တို့လာမယ်လို့ အသင်းတော်ကိုအကြောင်းကြားတဲ့စာ ပျောက်သွားတာဖြစ်မယ်။ ဒါကြောင့် ဆိုင်ကယ်,ကယ်ရီနဲ့ ဝတ်ပြုရာခန်းမဘေးက လူနေခန်းဆီသွားကြတယ်။ ရောက်လည်းရောက်ရော ထိုးအိပ်တော့တာပဲ။

“နောက်နေ့မနက်မှာ လယ်ကွင်းစုဆုံမှုအတွက် ဝတ်ပြုရာခန်းမကိုရောက်လာတဲ့ ကြေညာသူ ၂၅ ယောက်နဲ့ ကျွန်တော်တို့ နှုတ်ဆက်စကားပြောကြတယ်။ အများစုက နာဂတွေဖြစ်ပြီး အဲဒီလူမျိုးစုဟာ အိန္ဒိယနိုင်ငံထဲအထိရောက်တဲ့ တောင်တန်းတွေမှာနေထိုင်ကြတယ်။ ကျွန်တော်တို့အားလုံး ရပ်ကွက်ကို သွားကြတယ်။ အဲဒီမြို့ကို မြင့်မားတဲ့တောင်တန်းတွေ၊ မြစ်ချောင်းတွေက ဝန်းရံထားတယ်။ ကျွန်တော်နဲ့တွဲတဲ့ညီကိုနဲ့ ကျွန်တော်ဟာ ဝါးအိမ်လေးတစ်အိမ်ကိုရောက်လာပြီး အိမ်ရှင်ကိုခေါ်လိုက်တယ်။ နာဂအမျိုးသားတစ်ယောက်ထွက်လာပြီး ကျွန်တော်တို့ကို အိမ်ထဲခေါ်ဖိတ်တယ်။ သူနဲ့ သူ့မိန်းမက နိုင်ငံတော်သတင်းကို ကောင်းကောင်းနားထောင်ပြီး စာပေတွေကို ဝမ်းသာအားရလက်ခံတယ်။ နာဂလူမျိုးအများစုဟာ အမည်ခံခရစ်ယာန်တွေဖြစ်ပြီး သတင်းကောင်းကို တော်တော်စိတ်ဝင်စားကြတယ်။ မွန်းလွဲပိုင်းမှာ တိုက်နယ်အပတ်ရဲ့ ပထမဆုံးစည်းဝေးကို တက်ကြတယ်။

သူတို့ရဲ့အပြုံးမျက်နှာကိုမြင်ရတော့ အားပြန်ပြည့်လာတယ်

[ရုပ်ပုံ]

“တစ်ပတ်အကြာမှာ မြစ်ကိုဖြတ်ပြီး ကြေညာသူ ၁၂ ယောက်ရှိတဲ့ ဆင်သေမြို့လေးကို ကျွန်တော်တို့သွားကြတယ်။ သီးခြားအုပ်စုသုံးစုကိုလည်း လည်ပတ်ကြတယ်။ အဝေးဆုံးအုပ်စုက ခုနစ်မိုင်အကွာမှာရှိတယ်။ အုပ်စုတစ်စုစီကို ခြေကျင်သွားပြီး အဲဒီမှာ အမှုဆောင်ထွက်တယ်။ ပြီးတော့ ကျွန်တော်က ဟောပြောချက်ပေးတယ်။ အဲဒီမှာရှိတဲ့ကြေညာသူတွေဟာ အရမ်းဆင်းရဲကြတယ်။ အများစုက ငှက်ဖျားရောဂါ ဒါမှမဟုတ် တီဘီရောဂါခံစားနေရတယ်။ ဘာသာရေးအတိုက်အခံလုပ်တာကိုလည်း အကြီးအကျယ်ခံရတယ်။ ဒါတွေကြုံရတာတောင် သူတို့က သတင်းကောင်းကို ထက်ထက်သန်သန်ဟောပြောကြတယ်။ တနင်္ဂနွေနေ့၊ လူထုဟောပြောချက်မှာ ၇၆ ယောက် တက်ရောက်တာတွေ့ရလို့ ကျွန်တော်တို့ဝမ်းသာလိုက်တာ။ အများစုက ဒီကိုရောက်ဖို့ နာရီပေါင်းများစွာ လမ်းလျှောက်လာကြတာဖြစ်တယ်။

“မကြာခင်မှာ ကျွန်တော်တို့ပြန်ဖို့ အချိန်ရောက်လာပြီ။ ယေဟောဝါကိုချစ်ကြောင်း အကြိမ်ကြိမ်အခါခါ သက်သေထူခဲ့ကြတဲ့ ချစ်စရာကောင်းတဲ့ဒီညီအစ်ကိုညီအစ်မတွေနဲ့ ခွဲခွာရတာ ကျွန်တော်တို့အတွက် စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့စက်လှေဟာ တောင်ဘက်ကိုဦးတည်ပြီး ထွက်ခွာလာတဲ့အခါမှာတော့ သူတို့ရဲ့ယုံကြည်ခြင်းခိုင်ခံ့ပုံကို ကျွန်တော်တို့ပြန်စဉ်းစားနေမိတယ်။ သူတို့ဟာ ကာယရေးအရ ဆင်းရဲကြပေမဲ့ ဘုရားရေးရာမှာတော့ ကြွယ်ဝချမ်းသာကြတယ်။ သူတို့ဆီ နောက်တစ်ခေါက်ပြန်လည်ပတ်မယ့်အချိန်ကို ကျွန်တော်တို့စောင့်မျှော်နေမိတယ်။”

တစ်ကမ္ဘာလုံးကို ကျွန်တော်ဟောချင်တာ

[ရုပ်ပုံ]

ဦးဆာဂါရိုင်း

မွေးဖွားတဲ့နှစ် ၁၉၂၈

နှစ်ခြင်းခံတဲ့နှစ် ၁၉၆၈

ကိုယ်ရေးရာဇဝင်အကျဉ်း ဘွဲ့တံဆိပ်ချီးမြှင့်ခံရတဲ့ စစ်သားတစ်ယောက်ဖြစ်တယ်။ အမှန်တရားကိုလက်ခံပြီးနောက် ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုကြားမှာ ဆက်ဟောပြောခဲ့သူဖြစ်တယ်။

◆ ကျွန်တော်ဟာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တောင်တန်းဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မှာ မွေးဖွားခဲ့တယ်။ ကျွန်တော့်မိသားစုကတော့ နီပါလီ ဂေါ်ရခါးလူမျိုးစုဖြစ်ပြီး ဟိန္ဒူဘာသာကိုးကွယ်တယ်။ ရိုးရာနတ်ကိုးကွယ်တဲ့အစဉ်အလာကိုလည်း ထိန်းသိမ်းတယ်။ ဂေါ်ရခါးဓလေ့ထုံးစံကို တိတိကျကျလိုက်လျှောက်တဲ့ကျွန်တော်ဟာ အဖေနဲ့ အစ်ကိုလေးယောက်လိုပဲ စစ်သားတစ်ယောက်ဖြစ်လာတယ်။ ဗမာ့တပ်မတော်မှာ အနှစ် ၂၀ စစ်မှုထမ်းခဲ့ပြီး တိုက်ပွဲပေါင်းများစွာမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်။ အံ့ဩစရာက ကျွန်တော် တစ်ခါမှ ပြင်းပြင်းထန်ထန်ဒဏ်ရာမရဖူးဘူး။

ကင်းမျှော်စင်ကို ဦးဆုံးအကြိမ်ဖတ်တဲ့အခါ ယေဟောဝါဆိုတဲ့ စစ်မှန်တဲ့ဘုရားသခင် တစ်ဆူတည်းရှိမှန်း ကျမ်းစာကနေသိလိုက်ရတော့ ကျွန်တော် စိတ်ဝင်စားသွားတယ်။ ဟိန္ဒူတစ်ယောက်အနေနဲ့ သန်းနဲ့ချီတဲ့ဘုရားတွေကို ကျွန်တော်ယုံကြည်ခဲ့တာ။ ဒါနဲ့ ယေဟောဝါဆိုတဲ့နာမည်ကို နီပါလီ၊ ဟင်ဒီ၊ မြန်မာ၊ အင်္ဂလိပ်စတဲ့အဘိဓာန်အမျိုးမျိုး မှာ ရှာကြည့်တော့ ယေဟောဝါဟာ ကျမ်းစာမှာပါတဲ့ဘုရားသခင်ပဲဆိုတာ အဘိဓာန်အားလုံးက ထောက်ခံတယ်။

နောက်ပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဂျိုသီဟာ ပုသိမ်မြို့ကို ပြောင်းသွားတော့ အဲဒီမှာ သာသနာပြုညီကိုဖရန့်ခ်ဂျူးဝါးက ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတယ်။ ကျွန်တော်နဲ့ ဂျိုသီလည်း လက်ခံလိုက်တယ်။ မကြာခင်မှာပဲ၊ ယေဟောဝါဟာ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာ ယုံကြည်လာတဲ့အတွက် ကိုယ်တော်တစ်ပါးတည်းကိုဝတ်ပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ရုပ်တုဆင်းတုတွေကို ဘယ်သူမှ ပြန်မကောက်နိုင်အောင် ပုသိမ်မြစ်ထဲ လွှင့်ပစ်လိုက်တယ်။​—တရား. ၇:​၂၅; ဗျာ. ၄:​၁၁။

အဲဒီနောက် မကြာခင်မှာ စစ်တပ်ကနေထွက်ပြီး ဇနီး၊ သားသမီးတွေနဲ့အတူ ကျွန်တော့်ဇာတိကို ပြန်သွားတယ်။ အဲဒီမှာ သက်သေခံအုပ်စုလေးနဲ့ ပူးပေါင်းတဲ့အခါ ကျွန်တော်တို့ ဘယ်လိုဟောပြောရမလဲဆိုတာ သူတို့သင်ပေးတယ်။ နောက်ပိုင်းမှာ တောထဲကသစ်တွေစုပြီး ကျွန်တော့်အိမ်ရှေ့မှာ ဝတ်ပြုရာခန်းမလေးတစ်လုံး ဆောက်ခဲ့ကြတယ်။ ဒါကို ဂေါ်ရခါးရပ်ကွက်က လူကြီးတွေ အရမ်းစိတ်ဆိုးပြီး “ဟိန္ဒူရပ်ကွက်ထဲမှာ ခရစ်ယာန်ဘုရားကျောင်းဆောက်ဖို့ ခင်ဗျားကို ဘယ်သူခွင့်ပြုလို့လဲ။ ကိုယ်ပိုင်ဘာသာရှိပြီးသားလူတွေကို ခင်ဗျားဟောစရာမလိုဘူး” ဆိုပြီး ကန့်ကွက်ပြောဆိုကြတယ်။

ဂေါ်ရခါးရပ်ကွက်လူကြီးတွေက ဒေသခံအာဏာပိုင်တွေကို တိုင်လိုက်တော့ အာဏာပိုင်တွေက ကျွန်တော့်ကို “ဦးဆာဂါရိုင်း၊ ခင်ဗျားက ရပ်ကွက်ထဲမှာ တရားလိုက်ဟောပြီး လူတွေကို ခရစ်ယာန်ဖြစ်အောင် ဘာသာဆွယ်နေတယ်ဆို၊ ဟုတ်လား” လို့မေးကြတယ်။

ဒါနဲ့ “ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ပါ။ ဒီရပ်ကွက်ထဲမှာတင်မကဘူး၊ တစ်ကမ္ဘာလုံးကို ကျွန်တော်ဟောချင်တာ။ ဒါပေမဲ့ လူတွေ ဘာသာပြောင်းမပြောင်းဆိုတာကတော့ သူတို့ပေါ်မှာပဲမူတည်ပါတယ်” လို့ကျွန်တော်ပြန်ပြောတယ်။

လွန်ခဲ့တဲ့အနှစ် ၄၀ အတွင်းမှာ ကျွန်တော်နဲ့ ဂျိုသီဟာ လူပေါင်း ၁၀၀ ကျော်ကို အမှန်တရားသိလာအောင် ကူညီပေးနိုင်ခဲ့

ဝမ်းသာစရာက၊ အာဏာပိုင်တွေဟာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ဆက်ဟောပြောဖို့ ခွင့်ပြုကြတယ်။ လွန်ခဲ့တဲ့အနှစ် ၄၀ အတွင်းမှာ ကျွန်တော်နဲ့ ဂျိုသီဟာ လူပေါင်း ၁၀၀ ကျော်ကို အမှန်တရားသိလာအောင် ကူညီပေးနိုင်ခဲ့တယ်။ သူတို့ထဲက အများစုဟာ အခုဆိုရင် အထူးရှေ့ဆောင်တွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ ဒါမှမဟုတ် ဗေသလအိမ်သားတွေအဖြစ် အမှုဆောင်နေကြပါတယ်။ ကျွန်တော်တို့ရဲ့သားသမီးအများစုနဲ့ သူတို့ရဲ့မိသားစုတွေလည်း ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုကိုးကွယ်နေကြလို့ ဝမ်းသာမဆုံးပါဘူး။

“ယေဟောဝါရဲ့နိုင်ငံတော်” ကိုကျွန်တော်ရှာမတွေ့ဘူး

[ရုပ်ပုံ]

ဦးစိုးလွင်

မွေးဖွားတဲ့နှစ် ၁၉၆၀

နှစ်ခြင်းခံတဲ့နှစ် ၂၀၀၀

ကိုယ်ရေးရာဇဝင်အကျဉ်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဒီညီကိုဟာ “ယေဟောဝါရဲ့နိုင်ငံတော်” အကြောင်းဖတ်မိပြီး အဲဒီကိုသွားလည်ပတ်ချင်ခဲ့တယ်။

◆ ထိုင်းနယ်စပ်နားက တာချီလိတ်မြို့မှာ ကျွန်တော်အလုပ်သွားနေတုန်း လမ်းဘေးမှာပစ်ထားတဲ့ ကင်းမျှော်စင်မဂ္ဂဇင်းတချို့ကို ကောက်ရတယ်။ အဲဒီမဂ္ဂဇင်းတွေမှာ ယေဟောဝါရဲ့နိုင်ငံတော်မှာခံစားရမယ့် ကောင်းချီးတွေအကြောင်း ဖော်ပြထားတယ်။ ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး ယေဟောဝါအကြောင်း မကြားဖူးတဲ့အတွက် “ယေဟောဝါရဲ့နိုင်ငံတော်” ဆိုတာ အာဖရိကတိုက်က နိုင်ငံတစ်နိုင်ငံဖြစ်ရမယ်လို့ ထင်လိုက်တယ်။ ဒါနဲ့ “ယေဟောဝါရဲ့နိုင်ငံတော်” ကို မြေပုံထဲမှာရှာကြည့်ပေမဲ့ မတွေ့ဘူး။ တခြားသူတွေကို မေးကြည့်တော့လည်း သူတို့မသိကြဘူး။

နောက်ပိုင်းမှာ ကျွန်တော့်အလုပ်က လူငယ်တစ်ယောက်ဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေမှန်း သိလိုက်ရတယ်။ ဒါကြောင့် ကျွန်တော်က “ယေဟောဝါရဲ့နိုင်ငံတော် ဘယ်မှာရှိသလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား” လို့သူ့ကိုမေးကြည့်တယ်။ ယေဟောဝါရဲ့နိုင်ငံတော်ဆိုတာ ကမ္ဘာမြေကို ပရဒိသုဖြစ်စေမယ့် ကောင်းကင်အစိုးရဖြစ်မှန်း သိလိုက်ရတော့ ကျွန်တော် အံ့သြဝမ်းသာသွားတယ်။ နောက်တော့ ကျွန်တော့်ဆံပင်ရှည်ကို ညှပ်လိုက်တယ်။ ကွမ်းစားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာကို ဖြတ်လိုက်တဲ့အပြင် ဗုဒ္ဓဘာသာဓလေ့ထုံးစံတွေကိုလည်း စွန့်လိုက်တယ်။ အခုဆိုရင် ယေဟောဝါရဲ့နိုင်ငံတော်အောက်မှာ နေချင်တဲ့စိတ်က ပိုလို့တောင်ပြင်းပြနေပါတယ်။​—မ. ၂၅:၃၄။

[စာမျက်နှာ ၁၁၁ ပါ မြေပုံ]
[စာမျက်နှာ ၁၁၄ ပါ ရုပ်ပုံ]

မတူပီအသင်းတော်က ညီအစ်ကို ညီအစ်မတွေဟာ ဟားခါးမှာ စည်းဝေးကြီးတွေတက်ရောက်ဖို့ မိုင် ၁၇၀ ကျော် ခြေကျင်လမ်းလျှောက်ကြ

[စာမျက်နှာ ၁၁၅ ပါ ရုပ်ပုံ]

ခရိုင်ကြီးကြပ်မှူးညီကိုဂွမ်ဂျာနော်နဲ့ သူ့ဇနီးညီမနန်လုဟာ ချင်းပြည်နယ်မှာရှိတဲ့ အသင်းတော်တစ်ခုကနေတစ်ခုကို ခြေကျင်ခရီးသွားခဲ့ကြ

“အခုဆိုရင် မီးရထားလမ်း တစ်လျှောက်မှာရှိတဲ့ နမ္မတီး၊ ဟိုပင်၊ မိုးညှင်းနဲ့ ကသာမြို့တွေမှာ တိုးတက်တဲ့အသင်းတော်တွေရှိနေပြီ”

[စာမျက်နှာ ၁၁၉ ပါ ရုပ်ပုံ]

၁၉၆၉ ခုနှစ်မှာ ညီအစ်ကိုညီအစ်မတွေဟာ စည်းဝေးကြီးတက်ရောက်ဖို့ ရန်ကုန်-မြစ်ကြီးနားအထူးရထားနဲ့ ထွက်ခွာနေစဉ်

‘ရထားခြောက်တွဲကို ဖြုတ်လိုက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပါလာတဲ့ခြောက်တွဲတော့ မဟုတ်ဘူး’

[စာမျက်နှာ ၁၂၁ ပါ ရုပ်ပုံ]

နာဂဒေသမှာ ဟောပြောခြင်းလုပ်ငန်းအစပြုတုန်းက ညီကိုဗျတ်မောယာ(နောက်တန်း၊ ညာစွန်)နဲ့ ခန္တီးအသင်းတော်က ညီအစ်ကိုညီအစ်မများ

[စာမျက်နှာ ၁၂၅ ပါ ရုပ်ပုံ]

၁၉၆၉ ခုနှစ်၊ မြစ်ကြီးနားမြို့မှာကျင်းပတဲ့ “မြေကြီးပေါ်ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးက အကြီးအကဲအုပ်စု။ (နောက်တန်း) ဖရန့်စစ် ဗိုင်ဒိုးပေါင်၊ မောရစ်ရပ်ချ်၊ တင်ဖေသန်း၊ မြမောင်၊ (အလယ်တန်း) ဒန်စတင်အိုနီးလ်၊ ချာလီအောင်သိန်း၊ အောင်တင်ရွှေ၊ ဝေလ်စင်သိန်း၊ စံအေး၊ (ရှေ့တန်း) မောင်ခါး၊ ဒေါ်နယ်ဂျူးဝါး၊ ဒေးဗစ်အာဗြဟံ၊ ရော်ဘင်ဇော်ဂျာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ