ကျမ်းစာထဲက စိတ်ဝင်စားစရာ
ကျမ်းစာခေတ်က ငါးဖမ်းပိုက်ကွန်
ယေရှုနောက်လိုက်တချို့က တံငါသည်တွေဖြစ်မှန်း ကျမ်းစာကနေ သိရတယ်။ (မာ. ၁:၁၆-၂၀) ဂါလိလဲအိုင်မှာ သူတို့ ငါးဖမ်းတဲ့အခါ ပိုက်ကွန်နဲ့ ဖမ်းတာဖြစ်နိုင်တယ်။
ငါးဖမ်းပိုက်ကွန်ကို ချည်ကြိုးတွေနဲ့ အကွက်ဖော် ရက်လုပ်ကြတယ်။ အကွက်အရွယ်အစားကတော့ ငါးအရွယ်အစားအပေါ် မူတည်ပြီး အမျိုးမျိုးရှိတယ်။ အရွယ်အစားသေးတဲ့ ပိုက်ကွန်တွေရဲ့ အောက်ခြေမှာ ခဲတုံးလေးတွေ ဒါမှမဟုတ် ကျောက်တုံးလေးတွေ ချိတ်ထားလေ့ရှိတယ်။ ဒါမှ ပိုက်ကွန်ကို ရေထဲပစ်လိုက်တဲ့အခါ အလေးချိန်စီးပြီး ငါးတွေကို အုပ်မိမှာ ဖြစ်တယ်။ ပိုက်ကွန်အကြီးတွေရဲ့ အောက်ခြေမှာလည်း ပိုက်ကွန်ကို ရေထဲနစ်သွားစေတဲ့ အလေးမျိုး ပါရှိပြီး ပိုက်ကွန်ရဲ့ အပေါ်ပိုင်းမှာတော့ ဖော့ ဒါမှမဟုတ် သစ်သားတုံးလေးတွေ ပါတယ်။ ဒါမှ ငါးဖမ်းပိုက်က ရေထဲမှာ ဒေါင်လိုက်ပြန့်ကားနေပြီး ငါးတွေကို ဖမ်းယူနိုင်မှာဖြစ်တယ်။
ငါးဖမ်းပိုက်ကွန်တွေက စျေးကြီးတယ်။ ပင်လယ်ကြမ်းပြင်က ကျောက်သားတွေနဲ့ ချိတ်မိပြီး ပျက်စီးတာ ဒါမှမဟုတ် ငါးတွေအများကြီး ဖမ်းမိလို့ ဆွဲတင်ရင်းနဲ့ ပေါက်ပြဲတာတွေ ဖြစ်တတ်တယ်။ (လု. ၅:၆) ယာကုပ်နဲ့ယောဟန် “ပိုက်ကွန်တွေဖာ” တဲ့အကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ အပ်နဲ့ ချည်ကြိုးကို အသုံးပြုပြီး ဖာတာ ဖြစ်နိုင်တယ်။ (မ. ၄:၂၁) တံငါသည်တွေက ငါးဖမ်းပြီးတိုင်း အဲဒီလို ပြန်ဖာရတာ ဖြစ်မယ်။ တံငါသည်တွေက ပိုက်ကွန်မှာ တင်ကျန်နေတဲ့ နုန်းတွေကို “ဆေးကြော” တယ်လို့လည်း လုကာကျမ်းမှာ ဖတ်ရတယ်။ (လု. ၅:၂) ပြီးတဲ့နောက် ပိုက်ကွန်တွေခြောက်သွားအောင်၊ မရိသွားအောင် လှန်းထားလေ့ရှိတယ်။—ယေဇ. ၄၇:၁၀။
ပိုက်ကွန်နဲ့ ငါးဖမ်းတဲ့သူတွေကို “လူဖမ်းတဲ့တံငါသည်” ဖြစ်ဖို့ ယေရှု ဖိတ်ခေါ်ခဲ့တယ်။