ဧပြီ ၆-၁၂၊ ၂၀၂၆
သီချင်း ၈၂ ‘အလင်းကို လင်းစေကြ’
မယုံကြည်သူ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကို ကူညီပေးနိုင်ပုံ
“မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။”—ဂလ. ၆:၉။
အာရုံစိုက်ရာ
မယုံကြည်သူ မိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ ဆက်ဆံရေးကောင်း ဘယ်လိုရှိနိုင်မလဲ။ ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း ဘယ်လိုပြောပြနိုင်မလဲ။
၁-၂။ မယုံကြည်သူ ဆွေမျိုးတွေနဲ့ ဆက်ဆံရေးကောင်း မရှိတာ ဘာကြောင့်ဖြစ်မလဲ။
ယေရှုက မိမိနောက်လိုက်ဖြစ်ချင်သူတစ်ယောက်ကို “ဆွေမျိုးသားချင်းတွေရှိရာ အိမ်ကိုပြန်ပြီး ခင်ဗျားအတွက် ယေဟောဝါ ဘုရား လုပ်ပေးခဲ့တာတွေ . . . ကို ပြောပြ” ဖို့မှာတယ်။ (မာ. ၅:၁၉) သတင်းကောင်းတစ်ခုခု ကြားလာပြီဆိုရင် မိမိချစ်ရသူတွေကို အရင်ဆုံးပြောပြတတ်တဲ့ လူ့သဘောသဘာဝကို ယေရှု အသိအမှတ်ပြုလိုက်တာပဲ။
၂ ကျမ်းစာ စလေ့လာချိန်တုန်းက ဘယ်လို ခံစားရတယ်ဆိုတာ မှတ်မိသေးလား။ သိလာသမျှကို မိသားစုဝင်တွေ၊ ဆွေမျိုးတွေဆီ အိတ်သွန်ဖာမှောက် ပြောပြချင်ခဲ့မှာပဲ။ ဒါပေမဲ့ သင် ကျမ်းစာလေ့လာနေတာကို သူတို့ ကြိုက်ပုံမရတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သင်ပြောပြတဲ့ အမှန်တရားကြောင့် သူတို့နဲ့ သင့်ကြားမှာ ဆက်ဆံရေး တင်းမာတာ ဖြစ်နိုင်တယ်။ အဲဒီလို ကြုံနေရတယ်ဆိုရင် ယေဟောဝါပေါ် သစ္စာစောင့်သိရင်း ဆွေမျိုးတွေနဲ့လည်း ဆက်ဆံရေးကောင်းရှိစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၃ မယုံကြည်သူ မိသားစုဝင်၊ ဆွေမျိုးတွေနဲ့ ဆက်ဆံရေးကောင်းရှိစေတဲ့ အချက်လေးချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ (၁) သနားစာနာစိတ်က သူတို့ကို ကူညီပေးဖို့ ဘယ်လို လှုံ့ဆော်ပေးသလဲ။ (၂) ပြစ်တင်ဝေဖန်တဲ့ သူတို့ရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေကို ဘယ်လို ရှုမြင်နိုင်သလဲ။ (၃) သူတို့အပေါ် စိတ်ရှည်ပြီး အကောင်းမြင်စိတ် ဘယ်လို ထားနိုင်သလဲ။ (၄) သူတို့ကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
သနားစာနာစိတ်က ဆွေမျိုးတွေကို ကူညီဖို့ လှုံ့ဆော်ပေး
၄။ မိမိပြောတဲ့ သတင်းစကားကို စိတ်မဝင်စားတဲ့သူတွေအပေါ် ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၄ မိမိပြောတဲ့ သတင်းစကားကို စိတ်မဝင်စားတဲ့သူတွေအပေါ် ယေရှု လက်မလျှော့ခဲ့ဘူး။ သဖန်းပင်ကနေ အသီးသီးဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားတဲ့ စပျစ်ခြံစောင့်နဲ့ မိမိကိုယ်ကိုယ် ခိုင်းနှိုင်းခဲ့တယ်။ (လု. ၁၃:၆-၉) ယေရှု ဒီစကားတွေကို ပြောတဲ့အချိန်မှာ ဂျူးတွေ မိမိကို ယုံကြည်လာဖို့၊ မိမိနောက်လိုက်တွေ ဖြစ်လာဖို့ သုံးနှစ်ကျော်ကြာ ကြိုးစားခဲ့ပြီး ဖြစ်တယ်။ ယေရှု ဘာကြောင့် လက်မလျှော့ခဲ့သလဲ။ သူတို့အခြေအနေကို နားလည်ပြီး သနားစာနာလို့ပါ။ ဒါကြောင့်လည်း သူတို့ကို စိတ်ရှည်ရှည်နဲ့ ကူညီပေးနိုင်ခဲ့တာ။
၅။ ယေရှု ဘာကြောင့် ဂျူးတွေကို သနားစာနာသလဲ။
၅ ဘုရားအကြောင်း မှန်မှန်ကန်ကန် သိလာအောင် ကူညီပေးဖို့ ဂျူးဘာသာရေးခေါင်းဆောင်တွေ ပျက်ကွက်ခဲ့လို့ ဂျူးလူမျိုးတွေကို ယေရှု သနားစာနာတယ်။ သူတို့ဟာ “ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေ” တယ်လို့ ပြောတယ်။ (မာ. ၆:၃၄) ယေရှု မသေခင် ရက်ပိုင်းအလိုမှာ ဂျေရုဆလင်မြို့ကို ကြည့်ပြီး ငိုတယ်။ ယုံကြည်ခြင်း ကင်းမဲ့ကြတဲ့အတွက် မြို့သူမြို့သား အများစု အသက်ဆုံးရှုံးကြမှာ ဖြစ်လို့ပဲ။ (လု. ၁၉:၄၁-၄၄) ကျွန်တော်တို့လည်း ဆွေမျိုးသားချင်းတွေ အမှန်တရားသိဖို့ လိုအပ်တဲ့ အကြောင်းရင်းတွေ စဉ်းစားလိုက်တဲ့အခါ သူတို့ကို ကူညီပေးချင်စိတ် ဖြစ်လာမယ်။
၆။ မယုံကြည်သူ ဆွေမျိုးတွေကို ဘာကြောင့် စိတ်ရှည်သင့်သလဲ။ (ဂလာတိ ၆:၉)
၆ ဂလာတိ ၆:၉ ကို ဖတ်ပါ။ မယုံကြည်သူ ဆွေမျိုးတွေ ယေဟောဝါအကြောင်း မလေ့လာချင်သေးရင်တောင် စိတ်ရှည်ရှည်နဲ့ “မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်” ဖို့လိုတယ်။ အမြစ်စွဲနေတဲ့ ယုံကြည်ချက်တွေကို ဖြိုဖျက်ဖို့၊ ယေဟောဝါကို ယုံကြည်လာဖို့ အချိန်လိုတယ်။ သင်ကိုယ်တိုင်လည်း “လောကမှာ မျှော်လင့်ချက်မဲ့ပြီး ဘုရားသခင်ကို မသိတဲ့သူ” ဖြစ်ခဲ့ဖူးတာပဲ။ (ဧ. ၂:၁၂) သင့်အပေါ် စိတ်ရှည်တဲ့သူ ရှိခဲ့လို့၊ ပြောင်းလဲနိုင်အောင် ကူညီပေးတဲ့သူ ရှိခဲ့လို့ ယေဟောဝါကို ကိုးကွယ်နိုင်ခဲ့တာ မဟုတ်လား။ ဒါကြောင့် ဆွေမျိုးသားချင်းတွေ ယေဟောဝါအကြောင်း သိလာအောင် စိတ်ရှည်ရှည်နဲ့ ကူညီပေးပါ။
ပြစ်တင်ဝေဖန်တဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေကို ဘယ်လိုရှုမြင်မလဲ
၇။ ယေရှုနောက်လိုက်ဖြစ်လာဖို့ မိတူဖကွဲညီတွေကို ဘာက အဟန့်အတားဖြစ်စေသလဲ။
၇ ဂါလိလဲနယ်မှာ ယေရှုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေအကြောင်း ယေရှုရဲ့ မိတူဖကွဲ ညီတွေ ကြားခဲ့မှာပဲ။ (လု. ၄:၁၄၊ ၂၂-၂၄) ဒါပေမဲ့ အစပိုင်းမှာ ယေရှုရဲ့ နောက်လိုက်တွေ ဖြစ်မလာကြဘူး။ (ယော. ၇:၅) ဘာကြောင့်လဲဆိုတာ ကျမ်းစာမှာ မဖော်ပြထားပေမဲ့ ဂျူးတွေ ယေရှုနောက်လိုက် ဖြစ်မလာရတဲ့ အကြောင်းရင်းနှစ်ခုကိုတော့ ဖော်ပြထားတယ်။ တချို့က ဂျူးအသိုင်းအဝိုင်းကနေ ပယ်ထားခံရမှာကြောက်လို့ ဖြစ်တယ်။ (ယော. ၉:၁၈-၂၂) တချို့ကျတော့ ယေရှုရဲ့ ငယ်ဘဝကို သိထားလို့ မေရှိယ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ကြတယ်။ (မာ. ၆:၁-၄) ယေရှုရဲ့ညီတွေလည်း အဲဒီအတွေးအခေါ်မျိုး ရှိခဲ့ကြပုံရတယ်။ ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေလည်း တခြားသူတွေ ဝိုင်းပယ်တာခံရမှာကြောက်လို့၊ ကိုယ်လို သာမန်လူတစ်ယောက်ဆီကနေ ကြားရတဲ့စကားဖြစ်နေလို့ အမှန်တရားကို လက်မခံတာ ဖြစ်နိုင်တယ်။
၈။ ကျွန်တော်တို့ကို ဆွေမျိုးတွေ ဘာကြောင့် အမြင်စောင်းတာဖြစ်မလဲ။
၈ ကျွန်တော်တို့ကို ဆွေမျိုးတွေ ဘာကြောင့် အမြင်စောင်းတာဖြစ်မလဲ စဉ်းစားပါ။ ယေရှုကို “စိတ်ဖောက်ပြန်သွားပြီ” လို့ ထင်ကြတဲ့ ဆွေမျိုးတွေထဲမှာ ယေရှုရဲ့ညီတွေလည်း ပါနိုင်တယ်။ (မာ. ၃:၂၁) သူတို့ ဘာကြောင့် ဒီလိုပြောတာ ဖြစ်မလဲ။ အစာစားဖို့ အချိန်မပေးနိုင်တဲ့အထိ လူတွေကို ဟောပြောတာ၊ ကုသပေးတာနဲ့ပဲ ယေရှု အချိန်ကုန်နေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (မာ. ၃:၂၀) ဒါကြောင့် ယေရှုကို အစွန်းရောက်သမားလို့ ဆွေမျိုးတွေ ထင်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ကိုလည်း အစွန်းရောက်သူတွေလို့ ဆွေမျိုးတွေ ထင်နေနိုင်တယ်။ သူတို့ အဲဒီလိုထင်နေရင် ကျွန်တော်တို့က အစွန်းရောက်သူတွေမဟုတ်ကြောင်း၊ ဟောပြောခြင်းလုပ်ငန်းက ကျွန်တော်တို့အတွက် အရေးကြီးတာမှန်ပေမဲ့ တခြားကိစ္စတွေအတွက်လည်း အချိန်ပေးကြောင်း အပြောအဆို၊ လုပ်ရပ်နဲ့ ပြနိုင်တယ်။
၉။ ယေဟောဝါသက်သေတွေအပေါ်ထားတဲ့ ဆွေမျိုးတွေရဲ့အမြင်ကို ဘာက ပြောင်းလဲစေနိုင်သလဲ။ (၁ ပေတရု ၃:၁၊ ၂) (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
၉ လုပ်ရပ်နဲ့ သက်သေပြပါ။ ကျွန်တော်တို့ရဲ့ အပြုအမူ၊ အပြောအဆိုကြောင့် ယေဟောဝါသက်သေတွေအပေါ်ထားတဲ့ ဆွေမျိုးတွေရဲ့အမြင် ပြောင်းလဲလာနိုင်တယ်။ (၁ ပေတရု ၃:၁၊ ၂ ကို ဖတ်ပါ။) ဥပမာ၊ မယုံကြည်သူခင်ပွန်းရှိတဲ့ ညီအစ်မတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ အစည်းအဝေးတက်ဖို့၊ အမှုဆောင်မှာ ပါဝင်ဖို့ အပြင်ထွက်ချိန်မှာ ခင်ပွန်းဖြစ်သူ တစ်ယောက်တည်း အိမ်မှာ နေခဲ့ရတာ ဖြစ်နိုင်တယ်။ အဲဒီလို မဖြစ်အောင် ညီအစ်မ ဘယ်လို လုပ်နိုင်သလဲ။ ခင်ပွန်းဖြစ်သူကို အချိန်ပေးနိုင်ဖို့အတွက် ဘုရားရေးရာ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်တဲ့အချိန်ကို အပြောင်းအလဲလုပ်နိုင်တယ်။ ခင်ပွန်းဖြစ်သူ အလုပ်သွားချိန်၊ အိမ်မှာမရှိတဲ့အချိန်မျိုးတွေမှာ အမှုဆောင်ထွက်တာမျိုး လုပ်နိုင်တယ်။ မယုံကြည်သူခင်ပွန်းသည် အဆင်ပြေဖို့အတွက် ခရစ်ယာန်ဇနီး အလိုက်သင့် ပြုပြင်ပြောင်းလဲပေးတဲ့အခါ ယေဟောဝါသက်သေတွေအပေါ် အမြင်ပြောင်းလဲလာနိုင်တယ်။
ကျွန်တော်တို့ရဲ့ ကြင်နာတဲ့ အပြောအဆို၊ အပြုအမူတွေကြောင့် ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မယုံကြည်သူအိမ်ထောင်ဖက်ရဲ့ ရှုမြင်ပုံ ပြောင်းလဲသွားနိုင် (စာပိုဒ် ၉ ကိုကြည့်ပါ)f
၁၀။ ပြစ်တင်ဝေဖန်ခံရတဲ့အခါ ယေရှုရဲ့ တုံ့ပြန်ပုံကို ဘယ်လို တုပနိုင်သလဲ။
၁၀ ပြစ်တင်ဝေဖန်ခံရတိုင်း လိုက်မဖြေရှင်းပါနဲ့။ ယေရှုကို စားကြူးသောက်ကြူးသူလို့ လူတွေ ပြစ်တင်ဝေဖန်ခဲ့ဖူးတယ်။ ဒါပေမဲ့ ယေရှု ဒေါသမထွက်ခဲ့ဘူး၊ လိုက်မဖြေရှင်းခဲ့ဘူး။ သူတို့ပြောတာမှားကြောင်း လုပ်ရပ်နဲ့ သက်သေပြတယ်။ (မ. ၁၁:၁၉) ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်သူဖြစ်ကြောင်းလည်း ပြခဲ့တယ်။ (ယောဟန် ၂:၂၊ ၆-၁၀ ကို နှိုင်းယှဉ်ပါ။) ဒါကြောင့် ပြစ်တင်ဝေဖန်ခံရတိုင်း လိုက်မဖြေရှင်းပါနဲ့။ ကျွန်တော်တို့ဟာ အကျိုးသင့်အကြောင်းသင့်ရှိပြီး ပျော်ပျော်နေတတ်သူတွေဖြစ်ကြောင်း လုပ်ရပ်နဲ့ သက်သေပြပါ။ ဒါကို ဆွေမျိုးတွေ သိထားရင် ကျွန်တော်တို့နဲ့ပတ်သက်ပြီး သတင်းမှားတွေ ကြားရင်တောင် သူတို့ ယုံကြမှာမဟုတ်ဘူး။
စိတ်ရှည်ပါ၊ အကောင်းမြင်စိတ်ထားပါ
၁၁။ မယုံကြည်သူညီတွေကို ယေရှု ဘယ်လို ဆက်ဆံသလဲ။
၁၁ ယေရှုဟာ ညီတွေအပေါ် စိတ်ရှည်ကြောင်း ကျမ်းစာကနေ သိရတယ်။ ဥပမာ၊ ကာနမြို့မှာ ယေရှု ဦးဆုံးအံ့ဖွယ်အမှု ပြုခဲ့တုန်းက သူတို့တွေ ရှိနေကြတယ်။ (ယော. ၂:၁၁၊ ၁၂) ဒါတောင် ညီတွေက ယေရှုကို မေရှိယအဖြစ် မယုံကြည်ကြဘူး။ နောက်လိုက် ဖြစ်မလာလို့ဆိုပြီး သူတို့ကို အဆက်အသွယ် ဖြတ်လိုက်တာမျိုး ယေရှု မလုပ်ဘူး။ ကာနမြို့မှာ ဦးဆုံး အံ့ဖွယ်အမှုလုပ်ပြီး သုံးနှစ်ကြာချိန်မှာတောင် ညီတွေကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံတာ တွေ့ရတယ်။—ယော. ၇:၅-၈။
၁၂။ ဆွေမျိုးတွေအပေါ် မျှော်လင့်ချက်ထားဖို့ ကျွန်တော်တို့ကို ဘာက ကူညီပေးသလဲ။
၁၂ ယေဟောဝါ ဘယ်လောက် ကရုဏာကြီးကြောင်း ကျွန်တော်တို့ ပိုနားလည်လာကြတယ်။ ဒီနားလည်မှုက ဆွေမျိုးတွေလည်း ယေဟောဝါကို ကိုးကွယ်လာနိုင်ကြောင်း မျှော်လင့်ချက်ထားဖို့ ကူညီပေးတယ်။ မှားယွင်းတဲ့ဘာသာ ဖျက်ဆီးခံရတဲ့အခါ ကျွန်တော်တို့ ပြောခဲ့တဲ့ သတင်းကို ဆွေမျိုးတွေ အမှတ်ရလာနိုင်တယ်။a (ဗျာ. ၁၇:၁၆) ကြီးစွာသောဒုက္ခစတင်ပြီး နောက်ပိုင်းမှ ကျွန်တော်တို့နဲ့အတူ ယေဟောဝါကို ကိုးကွယ်လာနိုင်တယ်။ အခုအချိန်မှာလည်း ဆွေမျိုးတွေ အခက်အခဲကြုံနေရတယ်ဆိုရင် အတတ်နိုင်ဆုံး ကြိုးစားကူညီပေးပါ။ ကျွန်တော်တို့ရဲ့မေတ္တာကို သူတို့ခံစားမိတဲ့အခါ ကျမ်းစာအမှန်တရားကို ပိုလက်ခံချင်လာမယ်။
ဆွေမျိုးတွေကို ချစ်ကြောင်း ပြပါ
၁၃။ ဘုရားအမှုတော်မှာ အလုပ်များပေမဲ့ ဘာကို သတိထားသင့်သလဲ။
၁၃ ဘုရားအမှုတော်မှာ အလုပ်များတာတော့ မှန်ပေမဲ့ ဆွေမျိုးတွေကို လုံးဝ အချိန်မပေးနိုင်တဲ့အထိတော့ မဖြစ်သင့်ဘူး။ သူတို့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးလို့ မခံစားစေချင်ဘူး။ (မ. ၇:၁၂) ဒါဆိုရင် သူတို့ကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ဘယ်လို ပြနိုင်သလဲ။ နည်းလမ်းတချို့ကို သုံးသပ်ကြရအောင်။
၁၄-၁၅။ မယုံကြည်သူ ဆွေမျိုးတွေကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ ဥပမာ ပေးပါ။
၁၄ အဆက်အသွယ် လုပ်ပါ၊ ချစ်ကြောင်း ပြပါ။ ကျွန်တော်တို့ ဘာတွေလုပ်နေတယ်ဆိုတာ ဆွေမျိုးတွေကို အသိပေးတာက ချစ်ကြောင်းပြရာရောက်တယ်။ ဥပမာ၊ အားလပ်ရက်ယူရင်း၊ ခရီးထွက်ရင်း၊ ညီအစ်ကို/မတွေနဲ့ စုဆုံပေါင်းသင်းရင်း ရိုက်ထားတဲ့ပုံလေးတွေကို စာတိုလေးတွေနဲ့ ပို့ပေးနိုင်တယ်။ လက်ဆောင်လေးတစ်ခု၊ စာတိုလေးတစ်စောင် ပို့ပေးတာကတောင် ရင်းနှီးမှု တိုးစေနိုင်တယ်။ အဲဒီလို ကိုယ့်ဘက်က အစပြုပြီး လုပ်ဆောင်တာက သူတို့ကို ချစ်ကြောင်း ပြရာရောက်တယ်။
၁၅ အာမေးနီးယားနိုင်ငံက ညီအစ်မ အန်နာအကြောင်း စဉ်းစားကြည့်ပါ။ အန်နာ အမှန်တရား မရခင်က မွေးနေ့တွေ၊ အားလပ်ရက်တွေဆို မိသားစုဝင်တွေနဲ့ စုဆုံပေါင်းသင်းလေ့ရှိတယ်။ အန်နာ အမှန်တရားထဲရောက်လာတော့ ဆွေမျိုးတွေအပေါ် ဆက်ဆံရေး ကျဲသွားမလား ဆိုပြီး စိုးရိမ်ကြတယ်။ အန်နာရဲ့ အနာဂတ်လည်း ထိခိုက်သွားမလား စိတ်ပူကြတယ်။ ဒါနဲ့ အန်နာ ဘာလုပ်သလဲ။ “ဆွေမျိုးတွေဆီ သွားလည်တဲ့အခါ ကျွန်မ ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြဖြစ်တယ်။ အိမ်ကို လာလည်ဖို့ ဆွေမျိုးတွေကို ဖိတ်ခေါ်တယ်။ ကျွန်မ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေ ရင်းနှီးသွားကြတယ်။ ကျွန်မ ပျော်ရွှင်တက်ကြွနေတာကို တွေ့တော့ ဆွေမျိုးတွေ စိတ်မပူကြတော့ဘူး” လို့ အန်နာပြောတယ်။
၁၆။ ညီဖြစ်သူ ယာကုပ်ကို စိတ်ဝင်တစားရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၁၆ ဆွေမျိုးတွေအကြောင်း စိတ်ဝင်တစားရှိပါ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ညီဖြစ်သူ ယာကုပ်ကို ကိုယ်ထင်ပြခဲ့တယ်။ ညီဖြစ်သူကို စိတ်ဝင်တစားရှိတယ်ဆိုတဲ့ သဘောပါပဲ။ (၁ ကော. ၁၅:၇) ယေရှု မိမိကို စိတ်မပျက်မှန်း သိလိုက်ရလို့ ယာကုပ် ဘယ်လိုခံစားရမလဲ။ ဒီလိုကိုယ်ထင်ပြလိုက်တဲ့အတွက် ယေရှုဟာ မေရှိယဆိုတာ ယာကုပ် စိတ်ချသွားမှာပဲ။ အဲဒီနောက်ပိုင်း ကျန်တဲ့မိသားစုဝင်တွေကို ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချလာအောင် ယာကုပ် ကူညီပေးခဲ့ပုံရတယ်။b—တ. ၁:၁၄။
၁၇။ ရောမ ၁၂:၁၅ မှာတွေ့ရတဲ့ အကြံပေးချက်ကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၇ ရောမ ၁၂:၁၅ ကို ဖတ်ပါ။ ဆွေမျိုးတွေမှာ ပျော်စရာအချိန်တွေ၊ ဝမ်းနည်းစရာ အချိန်တွေ ရှိတတ်တယ်။ အကူအညီ အလိုအပ်ဆုံးအချိန်မှာ သူတို့နဲ့ အတူရှိပေးတာက ကျွန်တော်တို့အပေါ်ထားတဲ့ သူတို့ရဲ့ အမြင် ပြောင်းလဲသွားစေနိုင်တယ်။c ဥပမာ၊ ဆွေမျိုးတစ်ယောက် ရင်သွေးလေး ရလာတဲ့အခါ သူတို့နဲ့ထပ်တူ ဝမ်းသာကြောင်း ပြောနိုင်တယ်။ လက်ဆောင်လေးတွေ ပေးနိုင်တယ်။ ချစ်ရသူဆုံးသွားလို့ ပူဆွေးနေတဲ့ ဆွေမျိုးတွေကို နှစ်သိမ့်စကားပြောနိုင်တယ်၊ လိုအပ်တာ ကူညီပေးနိုင်တယ်။ ကတ်လေးတွေ ပို့ပေးနိုင်တယ်။ အထူးသဖြင့် အခက်အခဲ ကြုံနေတဲ့ ဆွေမျိုးဆီ ပုံမှန်သွားလည်ပါ၊ ဖုန်းဆက်ပါ၊ စာတိုပို့ပါ။
မယုံကြည်သူ ဆွေမျိုးတွေ အကူအညီ အလိုအပ်ဆုံးအချိန်မှာ ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုရင် သင့်ကိုရော၊ သင့်ယုံကြည်ချက်အပေါ်ပါ သူတို့ရဲ့အမြင် ပြောင်းလဲလာနိုင် (စာပိုဒ် ၁၇ ကိုကြည့်ပါ)g
၁၈။ အန္ဒြေကို ဘယ်လို တုပနိုင်သလဲ။
၁၈ ညီအစ်ကို/မတွေနဲ့ မိတ်ဆက်ပေးပါ။ ယေရှုက မေရှိယဖြစ်ကြောင်း အန္ဒြေ သိသွားတာနဲ့ အစ်ကို ပေတရုနဲ့ မိတ်ဆက်ပေးတယ်။ (ယော. ၁:၄၀-၄၂) ကျွန်တော်တို့လည်း အလားတူ လုပ်နိုင်မလား။ ဆွေမျိုးတစ်ယောက်ကို အသင်းတော်အစည်းအဝေး ဖိတ်ခေါ်နိုင်တယ် ဒါမှမဟုတ် ညီအစ်ကို/မတွေနဲ့ စုဆုံပေါင်းသင်းဖို့ ဖိတ်ခေါ်နိုင်တယ်။ ပြောဆိုပေါင်းသင်းရင်း ညီအစ်ကို/မတွေဟာ တခြားသူတွေလို ပျော်ပျော်နေတတ်တဲ့သူတွေ၊ လူကောင်းတွေဆိုတာ သူသိလာမယ်။
၁၉။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ဆွေမျိုးတွေ အပြည့်အဝ နားမလည်ရင်တောင် သူတို့ကို ဘယ်လို ဆက်ဆံသင့်သလဲ။ (၁ ပေတရု ၃:၁၅)
၁၉ ၁ ပေတရု ၃:၁၅ ကို ဖတ်ပါ။ တချို့အရာတွေ ကျွန်တော်တို့ ဘာကြောင့် မလုပ်သလဲဆိုတာ ဆွေမျိုးတွေ နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ သူတို့အပေါ် ကြင်နာတာ၊ လေးစားတာကိုတော့ အမြဲ အမှတ်ရနေနိုင်တယ်။ ပွဲနေ့တွေ၊ ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံတွေမှာ ကျွန်တော်တို့ မပါဝင်တော့ပေမဲ့ တခြားအချိန်တွေမှာ သူတို့နဲ့ပေါင်းသင်းနိုင်တယ်။ သူတို့ဆီ သွားလည်နိုင်တယ်၊ အစားအစာ အတူစားနိုင်တယ်၊ လက်ဆောင်လေးတွေ ပေးနိုင်တယ်။ ဒါက သူတို့ကို ပျော်ရွှင်စေပါလိမ့်မယ်။
ဘယ်တော့မှ လက်မလျှော့ပါနဲ့
၂၀။ ယာကုပ်ရဲ့ပုံနမူနာကနေ ကျွန်တော်တို့ ဘာသိရသလဲ။
၂၀ ယာကုပ်ဟာ ယေရှုနဲ့အတူ တွဲအမှုဆောင်ဖို့ အခွင့်အရေး မရလိုက်ပေမဲ့ နောက်ပိုင်းမှာ ယေရှုနောက်လိုက် ဖြစ်လာတယ်။ (ဂလ. ၁:၁၈၊ ၁၉။ ၂:၉) ယေရှုမြေကြီးပေါ် ရှိတုန်းက သင်ပေးခဲ့တာကို ယာကုပ် နှလုံးသွင်းခဲ့ပုံရတယ်။ တောင်ပေါ်ဒေသနာdနဲ့ ခပ်ဆင်ဆင် အကြောင်းအရာတွေပါတဲ့ ကျမ်းစောင်ကို ခရစ်ယာန်တွေဆီ ယာကုပ် ရေးသားခဲ့တာကိုကြည့်ရင် သိနိုင်တယ်။
၂၁။ မယုံကြည်သူဆွေမျိုးတွေကို ဘာကြောင့် လက်မလျှော့သင့်သလဲ။
၂၁ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြားက၊ စိတ်ဝင်တစား ဂရုစိုက်ပေးတဲ့ကြားက အမှန်တရားကို ဆွေမျိုးတွေ စိတ်မဝင်စားတာ၊ မပြောင်းလဲတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ကို ဘာကြောင့် လက်မလျှော့သင့်သလဲ။ ကျွန်တော်တို့ရဲ့ မေတ္တာပါ လုပ်ရပ်တွေဟာ သနားကြင်နာတတ်တဲ့ ယေဟောဝါနဲ့ ယေရှုကို အတုယူရာကျလို့ပါ။ (လု. ၆:၃၃၊ ၃၆) ကျွန်တော်တို့ မေတ္တာဆက်ပြနေမယ်ဆိုရင် သူတို့အမြင် ပြောင်းလဲလာနိုင်ပါတယ်။ ကျွန်တော်တို့ ရှင်းပြခဲ့တဲ့ သွန်သင်ချက်တွေအကြောင်း ထင်ထားတာထက် ပိုပြီး အမှတ်ရနေနိုင်တယ်။ ကျွန်တော်တို့သာ လက်မလျှော့ရင် ချစ်ရတဲ့ ဆွေမျိုးသားချင်းတချို့ ယေဟောဝါကို ဝတ်ပြုလာတာမြင်ရပြီး ဝမ်းသာမဆုံး ဖြစ်ရပါလိမ့်မယ်။
သီချင်း ၆၀ အသက်ရေး
a ၂၀၂၄၊ မေ ကင်းမျှော်စင် မှာပါတဲ့ “အနာဂတ်မှာ လူတွေကို ယေဟောဝါ ဘယ်လို စီရင်ဆုံးဖြတ်မလဲ” ဆောင်းပါး စာ. ၁၁၊ ပိုဒ်. ၁၁-၁၃ ကို ကြည့်ပါ။
b ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ညီတွေထဲက အနည်းဆုံး နှစ်ယောက်ဖြစ်တဲ့ ယာကုပ်နဲ့ ယုဒ အမှန်တရားကို လက်ခံလာတယ်။
c “မယုံကြည်သူ ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာပွဲ ဒါမှမဟုတ် ဈာပနအစီအစဉ်ကို တက်ရောက်မလား” လေးထောင့်ကွက်ကို ကြည့်ပါ။
d ယာကုပ် ၁:၂ နဲ့ မဿဲ ၅:၁၁၊ ၁၂၊ ယာကုပ် ၁:၁၉ နဲ့ မဿဲ ၅:၂၂၊ ယာကုပ် ၁:၂၂။ ၂:၂၄ နဲ့ မဿဲ ၇:၂၁၊ ယာကုပ် ၂:၁၃ နဲ့ မဿဲ ၅:၇။ ၆:၁၄၊ ၁၅ တို့ကို နှိုင်းယှဉ်ကြည့်ပါ။
e ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်ပုံနဲ့ပတ်သက်ပြီး ထပ်သိချင်ရင် ၂၀၀၂၊ မေ ၁၅ နဲ့ ၂၀၀၇၊ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် မှာပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။
f ပုံအညွှန်း– ညီအစ်မတစ်ယောက် အမှုဆောင်မထွက်ခင် ခင်ပွန်းအတွက် နေ့လည်စာကို စိတ်ပါလက်ပါ ပြင်ဆင်ပေးနေ။
g ပုံအညွှန်း– အဲဒီညီအစ်မက မယုံကြည်သူ ယောက္ခမဆီ လည်ပတ်နေ။