ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ အောက်တိုဘာ စာ. ၆-၁၁
  • ကျွန်တော်တို့ကို ယေဟောဝါ “ရွှင်လန်းစေ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်တော်တို့ကို ယေဟောဝါ “ရွှင်လန်းစေ”
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ ရွှင်လန်းမှု ဘယ်ကနေ ရနိုင်သလဲ
  • ရွှင်လန်းမှု ပျောက်ဆုံးစေနိုင်တဲ့အရာတွေ
  • ဝမ်းမြောက်ခြင်း​—⁠ဘုရားသခင်ဆီက ရရှိတဲ့ အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • အမှုဆောင်မှာ ပိုပျော်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ အောက်တိုဘာ စာ. ၆-၁၁

လေ့လာရန် ဆောင်းပါး ၄၀

သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့အကြောင်းများ

ကျွန်တော်တို့ကို ယေဟောဝါ “ရွှင်လန်းစေ”

“ကျွန်တော့်ကို ရွှင်လန်းစေတဲ့ ဘုရားသခင်ဆီ အရောက်လာပါ့မယ်။”—ဆာ. ၄၃:၄။

အာရုံစိုက်ရာ

ဘာတွေကြောင့် ကျွန်တော်တို့ ရွှင်လန်းမှု ပျောက်ဆုံးသွားနိုင်သလဲ။ ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲ။

၁-၂။ (က) ဒီနေ့ခေတ် လူတွေရဲ့ အဖြစ်ကို ပြောပြပါ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

ဒီနေ့ခေတ်မှာ လူတွေဟာ နည်းမျိုးစုံနဲ့ ပျော်ရွှင်မှု ရှာဖွေနေကြတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုဟာ ရှာလေ ဝေးလေ ဖြစ်နေသလိုပဲ။ ရှာတွေ့ပြန်ရင်လည်း ကြာကြာမခံဘူး။ ဒါကြောင့် လူတွေဟာ ဟာတာတာ ဖြစ်သလိုလို၊ အလိုမပြည့်သလိုလို ခံစားလာကြတယ်။ ယေဟောဝါရဲ့ ကျေးကျွန် ကျွန်တော်တို့လည်း အဲဒီခံစားချက်တွေနဲ့ မကင်းပါဘူး။ “နောက်ဆုံးကာလ” မှာ အသက်ရှင်နေရလို့ “အလွန်ခက်ခဲကျပ်တည်း” ပြီး စိုးရိမ်သောကများကြတယ်။—၂ တိ. ၃:၁။

၂ ဘာတွေကြောင့် ကျွန်တော်တို့ ရွှင်လန်းမှု ပျောက်ဆုံးသွားနိုင်သလဲ၊ ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ဦးဆုံး၊ စစ်မှန်တဲ့ ရွှင်လန်းမှု ဘယ်ကနေ ရနိုင်သလဲ သိထားဖို့ လိုတယ်။

စစ်မှန်တဲ့ ရွှင်လန်းမှု ဘယ်ကနေ ရနိုင်သလဲ

၃။ ဖန်ဆင်းရာတွေကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၃ ယေဟောဝါဘုရားဟာ အမြဲပျော်ရွှင်တယ်။ ကျွန်တော်တို့ကိုလည်း ပျော်ရွှင်စေချင်တယ်။ သိပ်လှတဲ့ ကမ္ဘာမြေ၊ ဆန်းပြားစုံလင်တဲ့ အရောင်အသွေး၊ တိရစ္ဆာန်တွေရဲ့ ချစ်စဖွယ် ဟန်ပန်၊ အရသာရှိတဲ့ အစားအသောက် စတဲ့ ဖန်ဆင်းရာတွေအကြောင်း စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ကို ယေဟောဝါ တကယ်ချစ်ပြီး ဘဝကို ပျော်မွေ့စေချင်မှန်း သိပ်ထင်ရှားတယ်။

ရုပ်ပုံ– တိရစ္ဆာန်တွေရဲ့ ချစ်စဖွယ် ဟန်ပန်များ။ ၁။ ဆင်ပေါက်လေး ရေဆော့နေ။ ၂။ နှင်းတောထဲမှာ ပင်ဂွင်ပေါက်လေးတွေ ယက်ကန်ယက်ကန် သွားနေ။ ၃။ ဆိတ်ပေါက်လေးတွေ ကွင်းပြင်ထဲမှာ ခုန်ပေါက်ဆော့ကစားနေ။ ၄။ လင်းပိုင်တွေ ရေထဲ မြူးနေ။

Baby elephant: Image © Romi Gamit/Shutterstock; penguin chicks: Vladimir Seliverstov/500px via Getty Images; baby goats: Rita Kochmarjova/stock.adobe.com; two dolphins: georgeclerk/E+ via Getty Images

တိရစ္ဆာန်တွေရဲ့ ချစ်စဖွယ် ဟန်ပန်တွေက ယေဟောဝါဟာ ပျော်ရွှင်တဲ့ ဘုရားသခင် ဖြစ်ကြောင်း ပေါ်လွင်စေ (စာပိုဒ် ၃ ကို ကြည့်ပါ)


၄။ (က) လူတွေ ဒုက္ခရောက်နေတာ မြင်ပေမဲ့ ယေဟောဝါ ဘာကြောင့် ပျော်ရွှင်နေသလဲ။ (ခ) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ (ဆာလံ ၁၆:၁၁)

၄ ယေဟောဝါကို “ပျော်ရွှင်တဲ့ ဘုရားသခင်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိ. ၁:၁၁) အဲဒီလိုဖော်ပြထားလို့ လူတွေ ဒုက္ခရောက်နေတာကို ယေဟောဝါ မျက်ကွယ်ပြုထားတယ်လို့ မဆိုလိုဘူး။ ဒုက္ခရောက်နေတာ မြင်ပြီး တကယ်စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ စိတ်မချမ်းမြေ့စရာတွေ၊ ဒုက္ခတွေကို အဆုံးတိုင်ပေးမယ့်နေ့ သတ်မှတ်ထားပြီးပြီ ဖြစ်လို့ ပျော်ရွှင်မှု ပျောက်ဆုံးမသွားတာ။ ဒီအတောအတွင်းမှာလည်း ကျွန်တော်တို့ ကြုံနေရသမျှကို သတိထားမိပြီး ကူညီပေးတယ်။ ဘယ်လို ကူညီပေးသလဲ။ ပျော်ရွှင်မှု ခံစားရစေခြင်းအားဖြင့်ပါ။ (ဆာလံ ၁၆:၁၁ ကို ဖတ်ပါ။) သားတော်ယေရှုကော ယေဟောဝါဆီကနေ ပျော်ရွှင်မှု ဘယ်လို ခံစားရသလဲ သုံးသပ်ကြည့်ရအောင်။

၅-၆။ ယေရှု ဘာကြောင့် ပျော်ရွှင်သလဲ။

၅ ယေဟောဝါ ဖန်ဆင်းထားသမျှမှာ ယေရှုဟာ အပျော်ရွှင်ဆုံးပါပဲ။ ထူးခြားတဲ့ ဘယ်လို အကြောင်းရင်းတွေ ရှိလို့လဲ။ ယေရှုဟာ “မျက်စိနဲ့ မမြင်နိုင်တဲ့ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်” ဖြစ်ပြီး အဖဘုရားကို အရာရာမှာ အပြည့်အဝ အတုယူတယ်။ (ကော. ၁:၁၅။ ၁ တိ. ၆:၁၅) ဒါ့အပြင် ပျော်ရွှင်မှုရဲ့ ရင်းမြစ် အဖဘုရားနဲ့ အချိန်အကြာဆုံး နေတဲ့သူ ဖြစ်တယ်။

၆ အဖဘုရား လုပ်စေချင်တာ မှန်သမျှ အမြဲသစ္စာရှိရှိ လုပ်တဲ့အတွက်လည်း ယေရှု ပျော်ရွှင်တယ်။ (ပညာ. ၈:၃၀၊ ၃၁။ ယော. ၈:၂၉) အဲဒီလို သစ္စာရှိတဲ့အတွက် အဖဘုရားရဲ့ မျက်နှာသာနဲ့ နှစ်သက်မှု ရတယ်။ ဒါဟာလည်း ယေရှုကို ပျော်ရွှင်စေတဲ့ အကြောင်းရင်းပါပဲ။—မ. ၃:၁၇။

၇။ ဘယ်လိုနည်းနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရနိုင်သလဲ။

၇ ကျွန်တော်တို့လည်း ပျော်ရွှင်မှုရဲ့ ရင်းမြစ် ယေဟောဝါနဲ့ ရင်းနှီးနေရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရနိုင်တယ်။ ယေဟောဝါအကြောင်း အချိန်ပေးလေ့လာပြီး ယေဟောဝါကို အတုယူလေ ပျော်လေ ဖြစ်မယ်။ ယေဟောဝါ လုပ်စေချင်တာ လုပ်တဲ့အခါ၊ မျက်နှာသာတော် ရတဲ့အခါလည်း ပျော်ရွှင်မယ်။a (ဆာ. ၃၃:၁၂) ဒါပေမဲ့ မပျော်နိုင်တဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။ တစ်ခါတလေ ရက်ပိုင်းလောက်၊ တစ်ခါတလေကျတော့ ရက်လအတော်ကြာ မပျော်မရွှင် ဖြစ်နေနိုင်တယ်။ ဒါ ယေဟောဝါရဲ့ မျက်နှာသာ မရဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ မစုံလင်ကြလို့ တစ်ခါတလေ စိတ်ထိခိုက်နိုင်တယ်၊ ဝမ်းနည်းနိုင်တယ်၊ စိတ်ဓာတ်ကျနိုင်တယ်။ ဒါကို ယေဟောဝါ ကောင်းကောင်းသိတယ်။ (ဆာ. ၁၀၃:၁၄) ဘာတွေကြောင့် ကျွန်တော်တို့ ရွှင်လန်းမှု ပျောက်ဆုံးသွားနိုင်သလဲ၊ ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲဆိုတာ ဆွေးနွေးကြရအောင်။

ရွှင်လန်းဖို့ ယေဟောဝါကို အားကိုးပါ

သန့်ရှင်းသော စွမ်းအားတော် တောင်းခံပါ။ ဝမ်းမြောက်ခြင်းဟာ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်လို့ ရွှင်လန်းဝမ်းမြောက်ချင်ရင် ယေဟောဝါကို အားကိုးရမယ်။ (ဂလ. ၅:၂၂) စွမ်းအားတော် အကူအညီနဲ့ဆိုရင် အခက်အခဲ ကြုံနေရင်တောင် “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” မယ်။—ကော. ၁:၁၁။

ဝတ်ပြုရေးကို ဦးစားထားပါ။ ကျမ်းစာနဲ့ အဖွဲ့အစည်းစာပေတွေကို မှန်မှန် လေ့လာပါ။ အခွင့်အရေး ရတိုင်း “လူတိုင်းကို အကြီးအကျယ် ဝမ်းမြောက်စေမယ့် သတင်းကောင်း” ဟောပြောပါ။ (လု. ၂:၁၀) ဝတ်ပြုရေးကို ဦးစားထားသူတွေဟာ အပျော်ရွှင်ဆုံးသူတွေပါပဲ။—ဆာ. ၆၅:၄။

ယေဟောဝါကို အမြဲနာခံပါ။ ယေဟောဝါရဲ့ ပညတ်တွေဟာ အမြဲ ကျွန်တော်တို့အကျိုးအတွက်ပဲ။ ယေဟောဝါကို နာခံလို့ မပျော်ရဘူးဆိုတာ မရှိဘူး။ ပျော်ကို ပျော်ရတယ်။—လု. ၁၁:၂၈။

ရွှင်လန်းမှု ပျောက်ဆုံးစေနိုင်တဲ့အရာတွေ

၈။ ဘဝပြဿနာတွေကြောင့် ရွှင်လန်းမှု ဘယ်လို ပျောက်ဆုံးသွားနိုင်သလဲ။

၈ ၁။ ဘဝပြဿနာတွေ။ ဆန့်ကျင်မှု၊ သဘာဝဘေး၊ ငွေကြေးအခက်အခဲ၊ ကျန်းမာရေးပြဿနာ၊ ဇရာအိုအရွယ်ပြဿနာ သင် ကြုံနေရသလား။ ဒီလိုပြဿနာတွေ ကြုံနေပြီး ကိုယ့်ဘက်က လုပ်နိုင်တာ ဘာမှ မရှိတဲ့အခါ ရွှင်လန်းမှု အလွယ်တကူ ပျောက်ဆုံးသွားနိုင်တယ်။ “ရင်ထဲမှာ နာကျင်နေရင်တော့ စိတ်ထောင်းကိုယ်ကြေ ဖြစ်ရတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၁၅:၁၃) အကြီးအကဲ ညီအစ်ကို ဘေးဘစ္စအကြောင်း စဉ်းစားကြည့်ပါ။ တစ်ဦးတည်းသော အစ်ကိုကော မိဘနှစ်ပါးစလုံးပါ လေးနှစ်အတွင်း ဆုံးသွားကြတယ်။ “သူတို့ ရှိတုန်းက သူတို့ကိုလည်း အချိန်ပေးချင်၊ တာဝန်တွေကလည်း တစ်ဖက်ဆိုတော့ အရမ်းဗျာများနေခဲ့တာ။ အခုတော့ သူတို့ မရှိကြတော့ဘူး။ ကျွန်တော် အထီးကျန်ပြီး အားကိုးမဲ့သွားသလိုပဲ” လို့ ဘေးဘစ္စ ပြောတယ်။ ဘဝပြဿနာတွေက ကျွန်တော်တို့ကို တကယ်ပဲ စိတ်ကော လူပါ ချုံးချုံးကျလာစေနိုင်တယ်။

၉။ ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲ။ (ယေရမိ ၂၉:၄-၇၊ ၁၀)

၉ ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲ။ အခြေအနေကို အရှိအတိုင်း လက်ခံပြီး ကျေနပ်စရာလေးတွေ ရှာနိုင်တယ်။ ဘဝဟာ စိတ်ကူးပုံဖော်ထားတဲ့အတိုင်း ဖြစ်နေမှပဲ ပျော်နိုင်မယ်လို့ လောကက လူတွေ ထင်ကြတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ဥပမာ၊ အခြေအနေသစ်ကို လက်ခံပြီး အကောင်းဆုံး အသက်ရှင်နေထိုင်ဖို့ ဗာဗုလုန်ပြည် ရောက်နေတဲ့ ပြည်နှင်ခံ ဂျူးတွေကို ယေဟောဝါ ပြောတယ်။ (ယေရမိ ၂၉:၄-၇၊ ၁၀ ကို ဖတ်ပါ။) ဒီကနေ ဘာသိရသလဲ။ အဆိုးထဲက အကောင်းကို ရှာပြီး ပျော်ပျော်နေပါ။ ယေဟောဝါ ကူညီပေးမယ်ဆိုတာ သတိရပါ။ (ဆာ. ၆၃:၇။ ၁၄၆:၅) မတော်တဆမှု ဖြစ်လို့ လမ်းမလျှောက်နိုင်တော့တဲ့ ညီအစ်မ အဲဖီအကြောင်း စဉ်းစားကြည့်ပါ။ “ယေဟောဝါ၊ မိသားစုနဲ့ ညီအစ်ကို/မတွေဆီက အကူအညီ အများကြီး ရတယ်။ ကျွန်မ လက်လျှော့အရှုံးပေးလိုက်ရင် သူတို့ ကူညီရကျိုးမနပ်ဘဲ နေမယ်။ ဒါကြောင့် ကူညီပေးနေသူတွေကို ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ ကျွန်မ အတတ်နိုင်ဆုံး ပျော်အောင် နေတယ်” လို့ ပြောတယ်။

၁၀။ ပြဿနာတွေ ရှိတဲ့ကြား ဘာကြောင့် ရွှင်လန်းနေနိုင်သလဲ။

၁၀ ဘဝဟာ စိတ်ကူးပုံဖော်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ၊ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်တွေ အဖြစ်ဆိုး ကြုံတဲ့အခါတောင် ကျွန်တော်တို့ ရွှင်လန်းနေနိုင်တယ်။b (ဆာ. ၁၂၆:၅) ဘာကြောင့်လဲ။ ရွှင်လန်းမှုဟာ ကျွန်တော်တို့ရဲ့ အခြေအနေပေါ် မမူတည်လို့ပါပဲ။ “ပြဿနာတွေ ရှိတဲ့ကြား ရွှင်လန်းနေနိုင်ဖို့ ခံစားချက်တွေ မျိုသိပ်ထားစရာ မလိုပါဘူး။ ယေဟောဝါရဲ့ ကတိတွေကို သတိရနေဖို့ပဲ လိုတာပါ။ ရွှင်လန်းမှု ပျောက်ဆုံးမသွားဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်” လို့ ရှေ့ဆောင် ညီအစ်မ မာရီယာ ပြောတယ်။ ကျွန်တော်တို့ ကြုံရတဲ့ ပြဿနာတွေ ဘယ်လောက် ခက်ခဲပါစေ ရေတက်လာတာနဲ့ ပျောက်သွားတဲ့ ကမ်းစပ်က ခြေရာတွေလိုပဲ ဖြစ်မယ်။ ကြာကြာထင်ကျန်မှာ မဟုတ်ဘူး။

၁၁။ တမန်တော် ပေါလုရဲ့ အဖြစ်က သင့်ကို ဘယ်လို အားရှိစေသလဲ။

၁၁ ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးသွားလို့ ပြဿနာတွေ ကြုံရတာဆိုပြီး တစ်ခါတလေ ခံစားမိနိုင်တယ်။ ဒါဆိုရင် ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေ ဖြစ်ပါလျက်နဲ့ အခက်အခဲ ကြုံခဲ့သူတွေအကြောင်း စဉ်းစားကြည့်လိုက်ပါ။ ဥပမာ၊ “လူမျိုးခြားတွေနဲ့ ရှင်ဘုရင်တွေကိုရော အစ္စရေးလူမျိုးကိုပါ” သတင်းကောင်း ဟောပြောဖို့ တမန်တော် ပေါလုကို ယေရှုကိုယ်တိုင် ရွေးချယ်ထားတယ်။ (တ. ၉:၁၅) တကယ့်အခွင့်ထူးပါပဲ။ ဒါပေမဲ့ ပေါလုရဲ့ ဘဝမှာ အခက်အခဲ ကင်းမနေခဲ့ဘူး။ (၂ ကော. ၁၁:၂၃-၂၇) ပေါလု အခက်အခဲ တစ်ခုပြီးတစ်ခု ကြုံရတာဟာ ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးသွားလို့လား။ မဟုတ်ဘူး။ ခံနိုင်ရည် ရှိတာကိုက ယေဟောဝါ ကောင်းချီးပေးနေလို့ ဖြစ်တယ်။ (ရော. ၅:၃-၅) သင်လည်း အခက်အခဲတွေ ရှိပေမဲ့ သစ္စာရှိရှိ ခံရပ်နေတယ်။ ဒါ ယေဟောဝါရဲ့ မျက်နှာသာ ရနေတယ်ဆိုတဲ့ သဘောပါပဲ။

၁၂။ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ရွှင်လန်းမှု ဘယ်လို ပျောက်ဆုံးသွားနိုင်သလဲ။

၁၂ ၂။ မျှော်လင့်သလို ဖြစ်မလာခြင်း။ (ပညာ. ၁၃:၁၂) ယေဟောဝါကို ချစ်လို့၊ ကျေးဇူးတင်လို့ အမှုတော်မှာ အကောင်းဆုံး ပေးဆက်ဖို့ ကျွန်တော်တို့ ပန်းတိုင်ထားကြတယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေကြောင့် ပန်းတိုင်တွေ လက်လှမ်းမမီတဲ့အခါ စိတ်ဓာတ်ကျလာနိုင်တယ်။ (ပညာ. ၁၇:၂၂) “ကျွန်မ သတင်းကောင်း ဟောပြောသူများအတွက်သင်တန်း တက်ချင်တယ်။ တိုင်းတစ်ပါးမှာ အမှုဆောင်ချင်တယ်။ ရာမာပို ဆောက်လုပ်ရေးစီမံကိန်းမှာ ကူညီချင်တယ်။ ဒါပေမဲ့ ကျွန်မအခြေအနေတွေ ပြောင်းလဲသွားလို့ ပန်းတိုင်တစ်ခုမှ လက်လှမ်းမမီတော့ဘူး။ တအားစိတ်ဓာတ်ကျသွားတယ်။ လုပ်ချင်တာတွေ ရှိလျက်နဲ့ မလုပ်နိုင်တာ တော်တော်ဆိုးတယ်” လို့ ရှေ့ဆောင် ညီအစ်မ ဟော်လီ ပြောတယ်။ ဟော်လီလိုပဲ ညီအစ်ကို/မ တော်တော်များများ ခံစားကြရတယ်။

၁၃။ အမှုတော်မှာ ဆန္ဒရှိတဲ့အတိုင်း လုပ်ဖို့ အခြေအနေ မပေးရင်တောင် ဘာပန်းတိုင်တွေ ထားနိုင်သလဲ။

၁၃ ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲ။ ကျွန်တော်တို့ တတ်နိုင်တာထက် ပိုပြီး ယေဟောဝါ မတောင်းဆိုဘူး။ ဘယ်လောက် ပေးဆက်နိုင်သလဲဆိုတာ ကြည့်ပြီး ကျွန်တော်တို့ရဲ့ တန်ဖိုးကို မပိုင်းဖြတ်ဘူး။ ကျိုးနွံဖို့၊ သစ္စာရှိဖို့ပဲ တောင်းဆိုထားတာ။ (မိ. ၆:၈။ ၁ ကော. ၄:၂) ကျွန်တော်တို့ရဲ့ လုပ်ရပ်ထက် အတွင်းစိတ်ကို ပိုအလေးထားတယ်။ ဒီတော့ ယေဟောဝါ တောင်းဆိုတာထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် တောင်းဆိုတာ ကျိုးကြောင်းဆီလျော်ပါ့မလား။c ဒါကြောင့် အမှုတော်မှာ ဆန္ဒရှိတဲ့အတိုင်း လုပ်ဖို့ အခြေအနေ မပေးရင် ကိုယ်လုပ်နိုင်တာတွေကို အာရုံစိုက်လိုက်ပါ။ ဥပမာ၊ လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်နိုင်မလား။ သက်ကြီး ညီအစ်ကို/မတွေကို ကူညီပေးနိုင်မလား။ တစ်ယောက်ယောက်ကို အားပေးဖို့ သွားလည်တာမျိုး၊ ဖုန်းဆက်တာမျိုး၊ စာပို့တာမျိုး လုပ်နိုင်မလား။ လက်လှမ်းမီတဲ့ ပန်းတိုင်တွေ ထားပြီး ကြိုးစားတဲ့အခါ ယေဟောဝါဆီက ကောင်းချီး ခံစားရလို့ ရွှင်လန်းလာမယ်။ ဒါ့အပြင် ကမ္ဘာသစ် ရောက်တဲ့အခါ စိတ်တောင်မကူးဖူးတဲ့ အမှုဆောင်အခွင့်အရေးတွေ အကန့်အသတ်မရှိ ရလာမှာကို သတိရပါ။ “‘ငါ ဘာလို့ စိတ်ဓာတ်ကျနေမှာလဲ။ ထာဝစဉ် အသက်ရှင်ရမှာပဲကို။ ကမ္ဘာသစ်ရောက်ရင် ယေဟောဝါရဲ့ အကူအညီနဲ့ အရောက်လှမ်းနိုင်တဲ့ ပန်းတိုင်တွေ ရှိလာမှာပေါ့’ ဆိုပြီး စဉ်းစားလိုက်တယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ဟော်လီ ပြောတယ်။

၁၄။ ဘာက ရွှင်လန်းမှု ပျောက်ဆုံးစေနိုင်သေးသလဲ။

၁၄ ၃။ ကိုယ့်လိုအင်တွေကိုပဲ ဖြည့်ဆည်းနေခြင်း။ ဝါသနာ လိုက်စားနိုင်သူတွေ၊ လိုချင်တာ ဝယ်နိုင်သူတွေ၊ အလည်အပတ်ခရီး သွားနိုင်သူတွေကို လူမှုမီဒီယာမှာ တွေ့တဲ့အခါ စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ဒါပါလားလို့ ထင်လာနိုင်တယ်။ ပျော်ပျော်နေတာ မမှားပါဘူး။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ ကျွန်တော်တို့ကို ယေဟောဝါ ပုံစံပြုထားတယ်။ ဒါပေမဲ့ ပျော်စေမယ်လို့ လူတွေ ထင်တဲ့အရာတွေကပဲ ပျော်ရွှင်မှု ပျောက်ဆုံးနေစေတာ။ “လိုအင်ဆိုတာကတော့ ပြည့်တယ်ရယ်လို့ ရှိမှာ မဟုတ်ဘူး” လို့ ရှေ့ဆောင် ညီအစ်မ အီဗာ ပြောတယ်။ ကိုယ့်လိုအင်တွေ ဖြည့်ဆည်းဖို့ပဲ အာရုံရောက်နေရင် ဘာလိုလို့ လိုမှန်း မသိ အမြဲခံစားနေရနိုင်တယ်။

၁၅။ ဘုရင်ရှောလမုန်ရဲ့ အဖြစ်ကနေ ဘာသင်ခန်းစာ ရသလဲ။

၁၅ ကိုယ့်လိုအင်တွေကိုပဲ ဖြည့်ဆည်းနေခြင်းရဲ့ ရလဒ်ကို ဘုရင်ရှောလမုန်ရဲ့ အဖြစ်ကနေ သိရတယ်။ ရှောလမုန်ဟာ ပျော်မယ်အထင်နဲ့ စားကောင်းသောက်ဖွယ်တွေ စားသောက်တယ်။ သီချင်းသည်တွေ ခစားစေတယ်။ သူ့ခေတ်သူ့အခါက ကောင်းပေ့ဆိုတာတွေ ဝယ်တယ်။ ဒါပေမဲ့ အလိုမပြည့်နိုင်ဘဲ ဖြစ်နေတယ်။ “မျက်လုံးက မြင်ရတာကို မကျေနပ်နိုင်ဘူး။ နားကလည်း ကြားလို့ကို မဝနိုင်ဘူး” လို့ ပြောတယ်။ (ဒေ. ၁:၈။ ၂:၁-၁၁) ဘာသင်ခန်းစာ ရသလဲ။ ပျော်စေမယ်လို့ လူတွေ ထင်နေတာတွေဟာ တကယ်တော့ ငွေစက္ကူအတုနဲ့ တူတယ်။ တန်ဖိုးရှိသလို ထင်ရပေမဲ့ ဘာကိုမှ မပိုင်ဆိုင်စေဘူး။

၁၆။ ပေးကမ်းခြင်းက ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ ပြန်ရွှင်လန်းလာစေနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ယေရှု သင်ပေးတယ်။ (တ. ၂၀:၃၅) “ကြီးကြီးမားမား မဟုတ်ရင်တောင် တခြားသူတွေကို နိုင်သလောက် ကူညီပေးတယ်။ တခြားသူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးတော့ ကိုယ့်လိုအင်တွေဆီပဲ အာရုံရောက်မနေတော့ဘူး။ ဒါကြောင့် ပိုပျော်လာတယ်” လို့ အကြီးအကဲ ညီအစ်ကို အလက်ကို့စ် ပြောတယ်။ သင်ကော တခြားသူတွေအတွက် ဘာလုပ်ပေးနိုင်သလဲ။ အခက်အခဲ ကြုံနေရသူတစ်ယောက်ကို အားပေးနိုင်တယ်။ သူ့အခက်အခဲကို သင် ဖြေရှင်းပေးနိုင်ချင်မှ ပေးနိုင်မယ်။ ဒါပေမဲ့ သူ ပြောတာတွေကို ဂရုတစိုက် နားထောင်ပေးတဲ့အခါ၊ ကိုယ်ချင်းစာပေးတဲ့အခါ၊ ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်ဖို့ သတိပေးတဲ့အခါ သူ စိတ်သက်သာသွားနိုင်တယ်။ (ဆာ. ၅၅:၂၂။ ၆၈:၁၉) သူ့ကို ယေဟောဝါ စွန့်ပစ်မထားဘူးဆိုတာ မြင်လာဖို့လည်း ကူညီပေးနိုင်တယ်။ (ဆာ. ၃၇:၂၈။ ဟေရှာ. ၅၉:၁) လက်တွေ့ကျကျ ကူညီတဲ့အနေနဲ့ စားစရာ ချက်ပြုတ်ပေးနိုင်တယ်၊ သူ့ကို အဖော်လုပ်ပေးနိုင်တယ်။ သတင်းကောင်း ဟောပြောတာက လန်းဆန်းမှု အမြဲပေးလို့ အတူတူ အမှုဆောင်ဖို့ စီစဉ်နိုင်တယ်။ တခြားသူတွေကို အားပေးဖို့ သင့်ကို ယေဟောဝါ သုံးနိုင်လို့ အသုံးတော်ခံဖို့ အသင့်ရှိပါ။ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ တခြားသူတွေကို အာရုံစိုက်တဲ့အခါ စစ်မှန်တဲ့ ရွှင်လန်းမှု ခံစားရတယ်။—ပညာ. ၁၁:၂၅။

ရုပ်ပုံ– ၁။ ညီအစ်မတစ်ယောက် ကော်ဖီဆိုင်မှာ တစ်ယောက်တည်း ထိုင်ရင်း ဖုန်းပွတ်နေ။ ဘေးမှာ ဈေးဝယ်အိတ်အများကြီး ချထား။ ၂။ သက်ကြီးညီအစ်မတစ်ယောက်အိမ်ကို သူ ပြုံးရွှင်စွာ သွားလည်ရင်း ပန်းစည်း ယူသွားပေး။

ကိုယ့်လိုအင်တွေကိုပဲ ဖြည့်ဆည်းမနေဘဲ တခြားသူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးဖို့ အာရုံစိုက်ပါ (စာပိုဒ် ၁၆ ကို ကြည့်ပါ)d


၁၇။ ကျွန်တော်တို့ရဲ့ ရွှင်လန်းမှုဟာ ယေဟောဝါနဲ့ ဘယ်လို ဆက်စပ်နေသလဲ။ (ဆာလံ ၄၃:၄)

၁၇ ကောင်းကင်ဘုံစံအဖ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေရင် စစ်မှန်တဲ့ ရွှင်လန်းမှု ခံစားရနိုင်တယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို “ရွှင်လန်းစေတဲ့ ဘုရားသခင်” ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၄၃:၄ ကို ဖတ်ပါ။) ဒါကြောင့် ဘဝမှာ ဘာတွေပဲ ကြုံလာရပါစေ စိုးရိမ်ကြောက်လန့်ဖို့ မလိုဘူး။ ရွှင်လန်းမှုရဲ့ ရင်းမြစ် ယေဟောဝါကိုပဲ မျှော်ကိုးနေပါ။—ဆာ. ၁၄၄:၁၅။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါနဲ့ ယေရှု ဘာကြောင့် ပျော်ရွှင်ကြသလဲ။

  • ဘာတွေကြောင့် ရွှင်လန်းမှု ပျောက်ဆုံးသွားနိုင်သလဲ။

  • ပြန်ရွှင်လန်းလာဖို့ ဘာလုပ်နိုင်သလဲ။

သီချင်း ၁၅၅ ထာဝရ ပျော်ရွှင်မှု

a “ရွှင်လန်းဖို့ ယေဟောဝါကို အားကိုးပါ” လေးထောင့်ကွက်ကို ကြည့်ပါ။

b ဥပမာတစ်ခုအနေနဲ့ ၂၀၂၃ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း #၅ မှာ ညီအစ်ကို ဒဲနစ္စနဲ့ အီရီနာ ခရစ်တန်ဆန်ကို လူတွေ့မေးမြန်းထားတာ ကြည့်ပါ။

c ထပ်သိချင်ရင်၂၀၀၈၊ ဇူလိုင် ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “အကျိုးသင့်အကြောင်းသင့် မျှော်လင့်ပြီး ရွှင်လန်းလော့” ဆောင်းပါးကို ကြည့်ပါ။

d ပုံအညွှန်း– ညီအစ်မတစ်ယောက် အပျော်ဈေးဝယ်ထွက်။ ဒါပေမဲ့ အားပေးမှု လိုအပ်နေတဲ့ သက်ကြီးညီအစ်မအတွက် ပန်းဝယ်ပေးလိုက်ချိန်မှာ ပိုပျော်ရွှင်သွား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ