ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ မတ် စာ. ၁၄-၁၉
  • ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုရဲ့ ထက်သန်မှုကို အတုယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုရဲ့ ထက်သန်မှုကို အတုယူပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ လုပ်စေချင်တဲ့အလုပ်ကို ယေရှု ဦးစားထားခဲ့
  • ကျမ်းစာကြိုဟောချက်တွေကို ယေရှု သဘောပေါက်ပြီး လုပ်သင့်တာ လုပ်ခဲ့
  • ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချခဲ့
  • ယေရှု အကောင်းမြင် သဘောထား ရှိခဲ့
  • အမှုဆောင်မှာ ပိုပျော်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ချစ်ခြင်းမေတ္တာကို အရင်းခံပြီး ဆက်ဟောပြောနေပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာပါ
    ဌာနခွဲ ကိုယ်စားလှယ် ပါဝင်မယ့် ၂၀၂၅-၂၀၂၆ တိုက်နယ် အစည်းအဝေး အစီအစဉ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ မတ် စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၁၁

သီချင်း ၅၇ လူအမျိုးမျိုးကို ဟောပြောခြင်း

ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုရဲ့ ထက်သန်မှုကို အတုယူပါ

“သခင်ယေရှုက . . . သူ သွားမယ့် မြို့ရွာတွေဆီ နှစ်ယောက်တစ်တွဲ ကြိုလွှတ်လိုက်တယ်။”—လု. ၁၀:၁။

အာရုံစိုက်ရာ

ဟောပြောခြင်းလုပ်ငန်းမှာ ယေရှုရဲ့ ထက်သန်မှုကို အတုယူနိုင်မယ့် နည်းလေးနည်းကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

၁။ ဘုရားကျေးကျွန်တွေကို အမည်ခံ ခရစ်ယာန်တွေနဲ့ ကွာခြားစေတဲ့ အချက်တစ်ချက်က ဘာလဲ။

သတင်းကောင်း ထက်ထက်သန်သန် ဟောပြောတာက ဘုရားကျေးကျွန်တွေကို အမည်ခံ ခရစ်ယာန်တွေနဲ့ ကွာခြားစေတဲ့ အချက်ပဲ။ (တိ. ၂:၁၄) ဒါပေမဲ့ ဟောပြောဖို့ သင် စိတ်မပါတဲ့အချိန်တွေ ရှိနိုင်တယ်။ ညီအစ်ကိုတစ်ယောက်ဆိုရင် အကြီးအကဲအဖြစ် ကြိုးကြိုးစားစား အမှုဆောင်နေပေမဲ့ “တစ်ခါတလေဆိုရင် ဟောပြောချင်စိတ် မရှိဘူး” ဆိုပြီး ပြောတယ်။

၂။ ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်နေဖို့ တစ်ခါတလေ ဘာကြောင့် ခက်နိုင်သလဲ။

၂ ဟောပြောရတာထက် အစည်းအဝေးခန်းမ ဆောက်လုပ်ရတာ၊ သဘာဝဘေး ကယ်ဆယ်ရေးမှာ ပါဝင်ရတာ၊ ညီအစ်ကို/မတွေကို အားပေးရတာ ကျွန်တော်တို့ ပိုကြိုက်မိနိုင်တယ်။ ဘာကြောင့်လဲ။ ခန်းမဖြစ်လာတာ၊ ဒုက္ခရောက်နေတဲ့ ညီအစ်ကို/မတွေ အဆင်ပြေသွားတာ၊ ကိုယ် အားပေးလိုက်တဲ့ ညီအစ်ကို/မတွေ အားရှိသွားတာကို မြင်ရတဲ့အခါ အကျိုးနပ်တယ်လို့ ခံစားရလို့ပါ။ ဒါ့အပြင် ကိုယ် ထိတွေ့ရသူတွေဟာ ညီအစ်ကို/မတွေ ဖြစ်လို့ မေတ္တာ၊ ငြိမ်သက်မှု ခံစားရတယ်။ ကိုယ့်ကြိုးစားအားထုတ်မှုတွေ အသိအမှတ်ပြုခံရတယ်။ ဟောပြောခြင်းလုပ်ငန်းမှာကျတော့ ရပ်ကွက်တစ်ခုကို နှစ်နဲ့ချီ ထပ်ခါထပ်ခါ သွားပေမဲ့ လူတွေ သိပ်နားမထောင်ကြဘူး။ တချို့ဆိုရင် မောင်းထုတ်ကြတယ်။ အဆုံးနီးလာတာနဲ့အမျှ ဒီ့ထက်တောင် ဆန့်ကျင်ခံရနိုင်တယ်။ (မ. ၁၀:၂၂) ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်နေဖို့၊ ပိုထက်သန်လာဖို့ ဘာက ကူညီပေးနိုင်သလဲ။

၃။ လုကာ ၁၃:၆-၉ မှာ ပါတဲ့ ပုံဥပမာကနေ ယေရှုအကြောင်း ဘာသိရသလဲ။

၃ ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်နေဖို့ ယေရှုဆီကနေ သင်ယူနိုင်တယ်။ မြေကြီးပေါ် အမှုဆောင်ချိန် တစ်လျှောက်လုံး ယေရှု တစ်ခါမှ ထက်သန်မှု လျော့မသွားဘူး။ အချိန်ကြာလာတာနဲ့အမျှ ပိုတောင် ထက်သန်လာသေးတယ်။ (လုကာ ၁၃:၆-၉ ကို ဖတ်ပါ။) ပုံဥပမာတစ်ခုမှာ မိမိကိုယ်မိမိ စပျစ်ခြံစောင့်နဲ့ ယေရှု နှိုင်းယှဉ်ထားတယ်။ စပျစ်ခြံထဲက သဖန်းပင်တစ်ပင်ကို ခြံစောင့် သုံးနှစ်လုံးလုံး ပြုစုပေမဲ့ အသီးမသီးဘူး။ ဒါပေမဲ့ ခြံစောင့် မျှော်လင့်ချက်ထားပြီး သဖန်းပင်ကို ဆက်ပြုစုတယ်။ အဲဒီလိုပဲ ဂျူးတွေကို ယေရှု သုံးနှစ်လုံးလုံး ဟောပြောပေမဲ့ အများစုက တပည့်ဖြစ်မလာဘူး။ ဒါပေမဲ့ ယေရှု လက်မလျှော့ဘဲ ဆက်ဟောပြောတယ်။ လက်မလျှော့တဲ့အပြင် အရှိန်မြှင့်ပြီးတော့တောင် ဟောပြောတယ်။

၄။ ယေရှုကို အတုယူနိုင်မယ့် နည်းလေးနည်းက ဘာလဲ။

၄ မိမိ မသေဆုံးခင် ခြောက်လအတွင်း ယေရှု အရှိန်မြှင့်ပြီး ထက်ထက်သန်သန် ဟောပြောပုံကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ယေရှုရဲ့ သွန်သင်ချက်တွေကို လေ့လာသင်ယူတဲ့အခါ၊ ယေရှုရဲ့ လုပ်ရပ်တွေကို အတုယူတဲ့အခါ ကျွန်တော်တို့လည်း ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်လာမယ်။ (၁) ယေဟောဝါ လုပ်စေချင်တဲ့အလုပ်ကို ဦးစားထားခြင်း၊ (၂) ကျမ်းစာကြိုဟောချက်တွေကို သဘောပေါက်ပြီး လုပ်သင့်တာ လုပ်ခြင်း၊ (၃) ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချခြင်း၊ (၄) အကောင်းမြင် သဘောထား ရှိခြင်းအားဖြင့် ယေရှုကို ဘယ်လို အတုယူနိုင်ကြောင်း သုံးသပ်ကြရအောင်။

ယေဟောဝါ လုပ်စေချင်တဲ့အလုပ်ကို ယေရှု ဦးစားထားခဲ့

၅။ ယေဟောဝါ လုပ်စေချင်တဲ့အလုပ်ကို ယေရှု ဘယ်လို ဦးစားထားသလဲ။

၅ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းဟာ ယေဟောဝါ လုပ်စေချင်တဲ့အလုပ် ဖြစ်မှန်း ယေရှု သိတဲ့အတွက် ထက်ထက်သန်သန် ဟောပြောတယ်။ (လု. ၄:၄၃) ဟောပြောခြင်းလုပ်ငန်းကို ဘဝမှာ ဦးစားထားတယ်။ မိမိ သေဆုံးခါနီး လတွေမှာတောင် “မြို့ရွာတွေကို” သွားပြီး သွန်သင်တယ်။ (လု. ၁၃:၂၂) မိမိလိုပဲ ဟောတတ်ပြောတတ်လာအောင် နောက်ထပ်တပည့်တွေကို လေ့ကျင့်ပေးတယ်။—လု. ၁၀:၁။

၆။ တခြားဘုရားရေးရာတာဝန်တွေဟာ ဟောပြောခြင်းလုပ်ငန်းနဲ့ ဘယ်လို ဆက်စပ်နေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၆ ဒီနေ့ခေတ်မှာလည်း ဟောပြောခြင်းဟာ ယေဟောဝါနဲ့ ယေရှု အဓိက လုပ်စေချင်တဲ့အလုပ်ပဲ။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) တခြားဘုရားရေးရာတာဝန်တွေဟာ ဟောပြောခြင်းလုပ်ငန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။ ဥပမာ၊ ခန်းမဆောက်တာဟာ ကျွန်တော်တို့ သတင်းကောင်း ဟောလိုက်သူတွေ အစည်းအဝေး လာတက်နိုင်ဖို့ ဖြစ်တယ်။ ဗေသလလုပ်ငန်းဟာ ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ပေးဖို့ ဖြစ်တယ်။ သဘာဝဘေး ကယ်ဆယ်ရေးမှာ ပါဝင်တာဟာ ညီအစ်ကို/မတွေ လိုအပ်တဲ့ အကူအညီ ရပြီး အစည်းအဝေး ပြန်တက်နိုင်အောင်၊ ဟောပြောခြင်းလုပ်ငန်းမှာ ပြန်ပါဝင်နိုင်အောင် ကူညီပေးဖို့ ဖြစ်တယ်။ ဟောပြောခြင်းဟာ ယေဟောဝါ အဓိက လုပ်စေချင်တဲ့အလုပ်ဆိုတာ သတိရရင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ဟောပြောမှာ ဖြစ်တယ်။ “ဟောပြောခြင်းဟာ အရေးကြီးဆုံးတာဝန်ပဲ။ တခြား ဘာတာဝန်တွေပဲ ရထားပါစေ ဟောပြောခြင်းတာဝန်ကို အစားထိုးလို့မရဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတယ်” လို့ ဟန်ဂေရီနိုင်ငံက အကြီးအကဲ ညီအစ်ကို ယာနို့ရှ် ပြောတယ်။

ရုပ်ပုံ– ၁။ ညီအစ်ကိုတစ်ယောက် အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းမှာ အလုပ်လုပ်နေ။ ၂။ ညီအစ်ကိုနောက်တစ်ယောက် ဗေသလအတွက် အိမ်ကနေ အလုပ်လုပ်ပေးနေ။ ၃။ နောက်တော့ သူတို့နှစ်ယောက် အတူတူ အမှုဆောင်ထွက်နေ။

ဒီနေ့ခေတ်မှာ သတင်းကောင်း ဟောပြောခြင်းဟာ ယေဟောဝါနဲ့ ယေရှု လုပ်စေချင်တဲ့ အဓိက အလုပ်ပဲ (စာပိုဒ် ၆ ကို ကြည့်ပါ)


၇။ ကျွန်တော်တို့ကို ယေဟောဝါ ဘာကြောင့် ဆက်ဟောပြောစေချင်သလဲ။ (၁ တိမောသေ ၂:၃၊ ၄)

၇ လူတွေကို ယေဟောဝါ မြင်သလို မြင်တဲ့အခါ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ ထက်သန်လာနိုင်တယ်။ ယေဟောဝါက လူများနိုင်သမျှ များများကို သတင်းကောင်း ကြားစေချင်တယ်၊ လက်ခံစေချင်တယ်။ (၁ တိမောသေ ၂:၃၊ ၄ ကို ဖတ်ပါ။) ဒါကြောင့် အသက်ကယ်သတင်း ကျွန်တော်တို့ ထိထိရောက်ရောက် ဟောပြောနိုင်ဖို့ လေ့ကျင့်ပေးတယ်။ ဥပမာ၊ လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ စာစောင်ကို သုံးပြီး လေ့ကျင့်ပေးတယ်။ အဲဒီစာစောင်မှာ လူတွေကို တပည့်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ စကားစမြည် စပြောနိုင်စေမယ့် လက်တွေ့ကျ အကြံပြုချက်တွေ ပါတယ်။ ယေဟောဝါကို လူတွေ အခုချိန်မှာ မကိုးကွယ်ရင်တောင် ကြီးစွာသောဒုက္ခ အဆုံးမတိုင်ခင်မှာ ကိုးကွယ်ဖို့ အခွင့်အရေး ရကောင်းရနိုင်တယ်။ ကျွန်တော်တို့ ဟောပြောထားတာတွေဟာ အနာဂတ်မှာ သူတို့ ပြန်သတိရစရာ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဆက်ဟောပြောနေကြရမယ်။

ကျမ်းစာကြိုဟောချက်တွေကို ယေရှု သဘောပေါက်ပြီး လုပ်သင့်တာ လုပ်ခဲ့

၈။ အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ ဘယ်ကျမ်းစာကြိုဟောချက်တွေက ယေရှုကို ကူညီပေးသလဲ။

၈ ကျမ်းစာကြိုဟောချက်တွေ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ ယေရှု ကောင်းကောင်း သဘောပေါက်တယ်။ မိမိ အမှုဆောင်ဖို့ သုံးနှစ်ခွဲပဲ အချိန်ရမယ်ဆိုတာ သိတယ်။ (ဒံ. ၉:၂၆၊ ၂၇) ဘယ်အချိန်၊ ဘယ်လို သေရမယ်ဆိုတာလည်း သိတယ်။ (လု. ၁၈:၃၁-၃၄) ကြိုဟောချက်တွေကို သဘောပေါက်တဲ့အတွက် အချိန်ကို အကျိုးရှိရှိ အသုံးချတယ်။ ပေးထားတဲ့ တာဝန်ကျေပွန်ဖို့ ထက်ထက်သန်သန် ဟောပြောတယ်။

၉။ ကျမ်းစာကြိုဟောချက်တွေကို သဘောပေါက်တာက ထက်ထက်သန်သန် ဟောပြောဖို့ ဘယ်လို ကူညီပေးသလဲ။

၉ ကျွန်တော်တို့လည်း ကျမ်းစာကြိုဟောချက်တွေကို သဘောပေါက်မယ်ဆိုရင် ဟောပြောခြင်းလုပ်ငန်းမှာ ထက်သန်လာမယ်။ ကြိုဟောချက်တွေကတစ်ဆင့် ကျွန်တော်တို့ ဘာတွေ သိထားကြသလဲ။ ဒီလောကစနစ် အဆုံးတိုင်တော့မယ်။ ဒီနေ့ခေတ် လူတွေရဲ့ စရိုက်၊ ကမ္ဘာ့ဖြစ်ရပ်တွေဟာ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ကြိုဟောချက် ပြည့်စုံနေတာ ဖြစ်တယ်။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်နဲ့ ရုရှားမဟာမိတ်တွေ ပြိုင်ဆိုင်နေတာဟာ “အဆုံးပိုင်းကာလမှာ” တောင်ဘုရင်နဲ့ မြောက်ဘုရင် တွန်းထိုးမယ်ဆိုတဲ့ ကြိုဟောချက် ပြည့်စုံနေတာ ဖြစ်တယ်။ (ဒံ. ၁၁:၄၀) အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ ဒံယေလ ၂:၄၃-၄၅ မှာ ဖော်ပြထားတဲ့ ရုပ်တုရဲ့ ခြေဖဝါးခြေဖမိုး ဖြစ်တယ်။ အဲဒီကြိုဟောချက်အရ လူ့အစိုးရတွေကို ဘုရားနိုင်ငံတော်က မကြာခင် ဖျက်ဆီးပစ်မယ်။ လောကစနစ်အဆုံး ရောက်ခါနီးအချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေကြောင်း ဒီကြိုဟောချက်တွေက ဖော်ပြနေလို့ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး အရေးတကြီး သဘောထားနဲ့ ဟောပြောကြရမယ်။

၁၀။ ဆက်ဟောပြောဖို့ ကျမ်းစာကြိုဟောချက်တွေက ဘယ်လို ကူညီပေးသေးသလဲ။

၁၀ ဘာအကြောင်း ဟောပြောရမယ်ဆိုတာ ကျမ်းစာကြိုဟောချက်တွေက သိစေတယ်။ “ဘုရားပေး အနာဂတ်ကတိတွေကို စဉ်းစားလိုက်တဲ့အခါ တခြားသူတွေကိုလည်း ပြောပြရမယ်ဆိုတဲ့ အတွေးဝင်လာတယ်။ ဒီနေ့ခေတ်မှာ လူတွေ ကြုံနေရတဲ့ ပြဿနာတွေကို မြင်တော့ ကျွန်မ သိထားတဲ့ ဘုရားကတိတွေကို သူတို့လည်း သိဖို့ လိုတယ်ဆိုတာ သဘောပေါက်လာတယ်” လို့ ဒိုမီနီကန် သမ္မတနိုင်ငံမှာ အမှုဆောင်နေတဲ့ ညီအစ်မ ကယ်ရီ ပြောတယ်။ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ထောက်မပေးနေမှန်းလည်း ကျမ်းစာကြိုဟောချက်တွေက သိစေတယ်။ ဒါက ဆက်ဟောပြောဖို့ တွန်းအားပါပဲ။ “သတင်းကောင်း လက်ခံမယ့်ပုံမပေါက်သူတွေကိုတောင် ဟောပြောဖို့ ဟေရှာယ ၁၁:၆-၉ က ကျွန်မကို လှုံ့ဆော်ပေးတယ်။ ယေဟောဝါရဲ့ အကူအညီနဲ့သာဆိုရင် ဘယ်သူမဆို ပြောင်းလဲနိုင်တယ်” လို့ ဟန်ဂေရီနိုင်ငံမှာ နေတဲ့ ညီအစ်မ လေလာ ပြောတယ်။ “မာကု ၁၃:၁၀ မှာ ကြိုဟောထားသလို သတင်းကောင်းဟာ ကမ္ဘာမြေတစ်ခွင်လုံးမှာ ပျံ့နှံ့နေတယ်။ ဒီကြိုဟောချက် ပြည့်စုံရေးမှာ ပါဝင်ရလို့ သိပ်ဂုဏ်ယူတယ်” လို့ ဇမ်ဘီယာနိုင်ငံက ညီအစ်ကို ခရစ္စတိုဖာ ပြောတယ်။ ဆက်ဟောပြောဖို့ သင့်ကိုကော ဘယ်ကြိုဟောချက်တွေက လှုံ့ဆော်ပေးသလဲ။

ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချခဲ့

၁၁။ ထက်ထက်သန်သန် ဆက်ဟောပြောနိုင်ဖို့ ယေဟောဝါကို ယေရှု ဘာကြောင့် အားကိုးခဲ့ရသလဲ။ (လုကာ ၁၂:၄၉၊ ၅၃)

၁၁ ထက်ထက်သန်သန် ဆက်ဟောပြောနိုင်ဖို့ ယေဟောဝါကို ယေရှု အားကိုးခဲ့ရတယ်။ မိမိ ဘယ်လောက်ပဲ ပါးပါးနပ်နပ် ဟောပြောပါစေ သတင်းကောင်း ကြားတဲ့အခါ လူတွေ စိတ်ဝမ်းကွဲမယ်၊ အပြင်းအထန် ဆန့်ကျင်မယ်ဆိုတာ သိတယ်။ (လုကာ ၁၂:၄၉၊ ၅၃ ကို ဖတ်ပါ။) ဘာသာရေး ခေါင်းဆောင်တွေဆိုရင် ယေရှုကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြတယ်။ (ယော. ၈:၅၉။ ၁၀:၃၁၊ ၃၉) ဒါပေမဲ့ မိမိနဲ့အတူ ယေဟောဝါ ရှိတယ်ဆိုတာ သိတဲ့အတွက် ယေရှု ဆက်ဟောပြောတယ်။ “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ဟာ ကျွန်တော်နဲ့အတူ ရှိတယ်။ သူ နှစ်သက်တာကိုပဲ အမြဲ လုပ်တဲ့အတွက် ကျွန်တော့်ကို တစ်ယောက်တည်း စွန့်ပစ်မှာ မဟုတ်ဘူး” လို့ ပြောတယ်။—ယော. ၈:၂၉။

၁၂။ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာတောင် တပည့်တွေ ဆက်ဟောပြောနိုင်ဖို့ ယေရှု ဘယ်လို ပြင်ဆင်ပေးသလဲ။

၁၂ ယေဟောဝါကို အားကိုးနိုင်ကြောင်း တပည့်တွေကို ယေရှု ပြောတယ်။ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာတောင် ယေဟောဝါ ထောက်မမယ်လို့ ထပ်ခါထပ်ခါ အာမခံတယ်။ (မ. ၁၀:၁၈-၂၀။ လု. ၁၂:၁၁၊ ၁၂) ဒါပေမဲ့ သတိရှိဖို့လည်း တိုက်တွန်းတယ်။ (မ. ၁၀:၁၆။ လု. ၁၀:၃) နားမထောင်ချင်သူတွေကို မရမက မဟောဖို့ မှာတယ်။ (လု. ၁၀:၁၀၊ ၁၁) ညှဉ်းဆဲခံရရင် ထွက်ပြေးဖို့ ပြောတယ်။ (မ. ၁၀:၂၃) ယေရှုဟာ ထက်သန်ပေမဲ့၊ ယေဟောဝါကို အားကိုးပေမဲ့ မလိုအပ်ဘဲ အရဲမစွန့်ဘူး။—ယော. ၁၁:၅၃၊ ၅၄။

၁၃။ သင့်ကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၃ ဒီနေ့ခေတ်မှာလည်း ဆန့်ကျင်သူတွေ ရှိလို့ ထက်ထက်သန်သန် ဟောပြောနိုင်ဖို့ဆိုရင် ယေဟောဝါရဲ့ ထောက်မမှု လိုအပ်တယ်။ (ဗျာ. ၁၂:၁၇) သင့်ကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ ယောဟန် အခန်းကြီး ၁၇ မှာ ပါတဲ့ ယေရှုရဲ့ ဆုတောင်းချက်ကို သုံးသပ်ကြည့်ပါ။ တမန်တော်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ယေဟောဝါဆီ ယေရှု ဆုတောင်းတယ်။ ဆုတောင်းချက်ကို ယေဟောဝါ နားညောင်းတယ်။ တမန်တော်တွေ နှိပ်စက်ညှဉ်းပန်းခံရပေမဲ့ ထက်ထက်သန်သန် ဟောပြောနိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း တမန်တော်ကျမ်းမှာ မှတ်တမ်းတင်ထားတယ်။ တမန်တော်တွေ ဟောပြောလို့ ယုံကြည်သူ ဖြစ်လာမယ့်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့လည်း ယေရှု ဆုတောင်းတယ်။ ဒါကြောင့် ယေဟောဝါ ကာကွယ်စောင့်ရှောက်ပေးမယ့်သူတွေထဲမှာ သင်လည်း ပါတယ်။ ယေရှုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေကြားပေးနေဆဲ ဖြစ်လို့ တမန်တော်တွေကို ကူညီပေးသလို သင့်ကိုလည်း ကူညီပေးမယ်။—ယော. ၁၇:၁၁၊ ၁၅၊ ၂၀။

၁၄။ ထက်ထက်သန်သန် ဆက်ဟောပြောနိုင်မယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ အဆုံးနီးလာတာနဲ့အမျှ ထက်ထက်သန်သန် ဟောပြောဖို့ ပိုခက်လာနိုင်တယ်။ ဒါပေမဲ့ လိုအပ်တဲ့ ထောက်မမှု ရမယ်လို့ ယေရှု အာမခံတယ်။ (လု. ၂၁:၁၂-၁၅) ယေရှုနဲ့ တပည့်တွေလိုပဲ ကျွန်တော်တို့ ဟောပြောတဲ့အခါ လူတွေနဲ့ အငြင်းအခုံ မလုပ်ကြဘူး။ နားထောင်မယ်၊ နားမထောင်ဘူးဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ခွင့် ဖြစ်မှန်း အသိအမှတ်ပြုကြတယ်။ ဟောပြောခြင်းလုပ်ငန်း ကန့်သတ်ခံရတဲ့ နိုင်ငံတွေမှာတောင် ညီအစ်ကို/မတွေ သတင်းကောင်း ဟောပြောနေနိုင်တာဟာ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးလို့ပါပဲ။ ပထမရာစု ခရစ်ယာန်တွေကို ယေဟောဝါ ခွန်အားပေးသလို “ဟောပြောခြင်းလုပ်ငန်း အကုန်အစင် ပြီးမြောက်ဖို့” ကျွန်တော်တို့ကိုလည်း ခွန်အားပေးနေတယ်။ (၂ တိ. ၄:၁၇) ယေဟောဝါကိုသာ အားကိုးရင် အလုပ်ပြီးပြီလို့ ယေဟောဝါ ပြောတဲ့အချိန်အထိ ထက်ထက်သန်သန် ဆက်ဟောပြောနိုင်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

ဟောပြောခြင်းလုပ်ငန်း ကန့်သတ်ခံရရင်တောင် ညီအစ်ကို/မတွေဟာ နည်းလမ်းရှာပြီး ပါးပါးနပ်နပ် ဟောပြော (စာပိုဒ် ၁၄ ကို ကြည့်ပါ)a


ယေရှု အကောင်းမြင် သဘောထား ရှိခဲ့

၁၅။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ယေရှု အကောင်းမြင် သဘောထား ရှိကြောင်း ဘယ်လို သိရသလဲ။

၁၅ ယေရှု အကောင်းမြင် သဘောထား အမြဲ ရှိတဲ့အတွက် ထက်ထက်သန်သန် ဟောပြောနိုင်တာ။ ဥပမာ၊ ဟောပြောခြင်းလုပ်ငန်း စတင်ပြီး တစ်နှစ်လောက်မှာ လူများစွာ သတင်းကောင်း လက်ခံချင်စိတ် ရှိတာကို မြင်တော့ ရိတ်စရာ စပါးတွေ မှည့်ဝင်းနေတဲ့ လယ်ကွင်းနဲ့ သူတို့ကို ယေရှု ခိုင်းနှိုင်းတယ်။ (ယော. ၄:၃၅) နောက်တစ်နှစ်လောက်အကြာမှာ “စပါးရိတ်စရာ အများကြီး ရှိတယ်” လို့ တပည့်တွေကို ပြောတယ်။ (မ. ၉:၃၇၊ ၃၈) အဲဒီနောက်ပိုင်းမှာလည်း “စပါးရိတ်စရာ အများကြီးရှိတယ်။ . . . လုပ်သားတွေ စေလွှတ်ပေးဖို့ စပါးရှင်ဆီ ဆုတောင်းကြပါ” လို့ ပြောတယ်။ (လု. ၁၀:၂) သတင်းကောင်းကို လက်ခံမယ့်သူတွေ ရှိတယ်ဆိုပြီး ယေရှု အမြဲ မျှော်လင့်ချက်ထားတယ်။ မျှော်လင့်ထားတဲ့အတိုင်း လူတွေ လက်ခံတဲ့အခါ ဝမ်းသာတယ်။—လု. ၁၀:၂၁။

၁၆။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး အကောင်းမြင် သဘောထား ရှိဖို့ ယေရှုရဲ့ ပုံဥပမာတွေက ဘယ်လို ကူညီပေးသလဲ။ (လုကာ ၁၃:၁၈-၂၁) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ တပည့်တွေ အကောင်းမြင် သဘောထား ရှိဖို့ ပုံဥပမာတွေ သုံးပြီး ယေရှု ကူညီပေးတယ်။ ပုံဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။ (လုကာ ၁၃:၁၈-၂၁ ကို ဖတ်ပါ။) ပထမ ပုံဥပမာမှာ သတင်းတရားကို မုန်ညင်းစေ့နဲ့ ယေရှု ခိုင်းနှိုင်းတယ်။ မုန်ညင်းစေ့ အပင်ပေါက်ပြီး ကြီးထွားလာသလိုပဲ ဟောပြောခြင်းလုပ်ငန်းဟာ တားဆီးလို့ မရနိုင်အောင် ကြီးမားလာမယ်ဆိုတာ ပုံဥပမာက ဖော်ပြတယ်။ ဒုတိယ ပုံဥပမာမှာ သတင်းတရားကို တဆေးနဲ့ ယေရှု ခိုင်းနှိုင်းတယ်။ ကမ္ဘာတစ်ခွင် သတင်းတရား ပျံ့နှံ့သွားမယ်၊ ချက်ချင်း မမြင်သာပေမဲ့ လူတွေ ပြောင်းလဲလာမယ်ဆိုတာ ပုံဥပမာက ဖော်ပြတယ်။ တပည့်တွေ ဟောပြောတဲ့ သတင်းတရားဟာ လူများစွာအတွက် အကျိုးရှိမယ်ဆိုတာ ဒီနည်းနဲ့ ယေရှု စိတ်ချစေတယ်။

လမ်းသွားလမ်းလာ များတဲ့ နေရာမှာ ညီအစ်မနှစ်ယောက် အများရှေ့ သက်သေခံခြင်းစင်နား ရပ်နေ။ လူတော်တော်များများ ရပ်တောင် မကြည့်ဘဲ ဖြတ်လျှောက်သွား။

လူတချို့ သတင်းကောင်း လက်ခံမယ်ဆိုပြီး ယေရှု မျှော်လင့်သလို ကျွန်တော်တို့လည်း မျှော်လင့် (စာပိုဒ် ၁၆ ကို ကြည့်ပါ)


၁၇။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး အကောင်းမြင် သဘောထား ဘာကြောင့် ဆက်ရှိသင့်သလဲ။

၁၇ ဟောပြောခြင်းလုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်း ပြီးမြောက်အောင်မြင်နေတာတွေကို စဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့ ထက်သန်လာနိုင်တယ်။ နှစ်စဉ် စိတ်ဝင်စားသူ သန်းချီ အောက်မေ့ရာအစီအစဉ် လာတက်ကြတယ်။ ကျမ်းစာလေ့လာနေကြတယ်။ လူသိန်းနဲ့ချီ နှစ်ခြင်းခံပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်လာကြတယ်။ သတင်းကောင်းကို လူဘယ်နှယောက် လက်ခံဦးမလဲဆိုတာ ကျွန်တော်တို့ မသိကြဘူး။ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာမယ့် လူအုပ်ကြီးကို ယေဟောဝါ စုသိမ်းနေတုန်းပဲဆိုတာတော့ သိကြတယ်။ (ဗျာ. ၇:၉၊ ၁၄) လူများစွာ သတင်းကောင်း လက်ခံလာဖို့ စပါးရှင် ယေဟောဝါ မျှော်လင့်နေဆဲ ဖြစ်လို့ ကျွန်တော်တို့လည်း ဆက်ဟောပြောနေသင့်တယ်။

၁၈။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး တခြားသူတွေကို ဘာသတိထားမိစေချင်သလဲ။

၁၈ ထက်ထက်သန်သန် ဟောပြောတာဟာ ယေရှုတပည့်စစ်တွေရဲ့ အမှတ်အသားပါပဲ။ တမန်တော်တွေ ဘွင်းဘွင်းရှင်းရှင်း၊ အားရပါးရ ဟောပြောတာကို မြင်တဲ့အခါ “ယေရှုနဲ့အတူ ရှိခဲ့ဖူးလို့ပဲဆိုတာ” လူတွေ သဘောပေါက်သွားကြတယ်။ (တ. ၄:၁၃) အဲဒီလိုပဲ ကျွန်တော်တို့ ထက်ထက်သန်သန် ဟောပြောတာကို ကြည့်ပြီး ယေရှုကို အတုယူသူတွေ ဖြစ်မှန်း လူတွေ သတိထားမိကြပါစေ။

သင် ဘယ်လို ဖြေမလဲ

  • ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ယေရှုရဲ့ သဘောထားကို ဘယ်လို အတုယူနိုင်သလဲ။

  • ယေဟောဝါကို ယေရှု အားကိုးပုံနဲ့ပတ်သက်ပြီး ဘယ်လို အတုယူနိုင်သလဲ။

  • ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ယေရှု အကောင်းမြင် သဘောထား ရှိပုံကို ဘယ်လို အတုယူနိုင်သလဲ။

သီချင်း ၅၈ ငြိမ်သက်ခြင်း မြတ်နိုးသူများကို ရှာဖွေခြင်း

a ပုံအညွှန်း– ဓာတ်ဆီဆိုင်မှာ လူတစ်ယောက်ကို ညီအစ်ကိုတစ်ယောက် ပါးပါးနပ်နပ် သက်သေခံနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ