ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၁၃ စာ. ၃-၅
  • လူငယ်တွေ နှစ်ခြင်းခံသင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်တွေ နှစ်ခြင်းခံသင့်သလား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • တပည့်ဖြစ်ခြင်း—အဓိကလိုအပ်ချက်
  • တပည့်ဖြစ်ကြောင်း ထင်ရှားပြ
  • လူငယ်တွေ ယေဟောဝါကို ချီးမွမ်းနိုင်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၄/၁၃ စာ. ၃-၅

လူငယ်တွေ နှစ်ခြင်းခံသင့်သလား

သားသမီးတွေ နှစ်ခြင်းခံတာက ခရစ်ယာန်မိဘတွေအတွက် ပျော်စရာဖြစ်တယ်။ ဒါပေမဲ့ တစ်ခါတလေ စိုးရိမ်စိတ်လည်း ဒွန်တွဲပါလာနိုင်တယ်။ မိခင်တစ်ဦးက “ကျွန်မ ပျော်လည်းပျော်တယ်၊ ပြီးတော့ စိတ်လည်းပူတယ်” လို့ပြောခဲ့တယ်။ ဘာကြောင့် ဒီလိုခံစားရတာလဲ။ “ကျွန်မသားက ယေဟောဝါထံမှာ စာရင်းရှင်းရမယ်ဆိုတာ ကျွန်မ သိလို့ပဲ။”

နှစ်ခြင်းခံပြီးသား သက်သေခံအဖြစ် ယေဟောဝါကို အမှုဆောင်ခြင်းက လူငယ်တွေအားလုံး ထားရှိသင့်တဲ့ ပန်းတိုင်ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ကိုကြောက်ရွံ့တဲ့ မိဘတွေက ဒီလို တွေးမိနိုင်တယ်– ‘ငါ့ကလေးက ကောင်းကောင်းတိုးတက်နေတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အကျင့်ယိုယွင်းစေတဲ့ ဖိအားပေးမှုတွေကို တွန်းလှန်ပြီး ယေဟောဝါရှေ့ စင်ကြယ်တဲ့အနေအထား ဆက်ရှိနိုင်ပါ့မလား။’ တချို့ကျတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြတယ်– ‘ငွေနဲ့ ရုပ်ပစ္စည်းနောက်လိုက်ဖို့ သွေးဆောင်ခံရတဲ့အခါ ငါ့ကလေးက ဘုရားသခင်ကို ထက်ထက်သန်သန်၊ ပျော်ပျော်ရွှင်ရွှင် ဆက်အမှုဆောင်နိုင်ပါ့မလား။’ မိမိတို့ရဲ့ကလေးတွေ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား၊ မဖြစ်သေးဘူးလားဆိုတာ ဆုံးဖြတ်ဖို့ ဘယ်ကျမ်းစာလမ်းညွှန်ချက်တွေက မိဘတွေအတွက် အထောက်အကူပြုနိုင်သလဲ။

တပည့်ဖြစ်ခြင်း—အဓိကလိုအပ်ချက်

သမ္မာကျမ်းစာက နှစ်ခြင်းခံနိုင်တဲ့ အသက်အရွယ်ကို ဖော်ပြမယ့်အစား ဘယ်သူတွေက နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ ဖော်ပြတယ်။ ယေရှုက မိမိရဲ့နောက်လိုက်တွေကို “လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . နှစ်ခြင်းပေးကြလော့” လို့ ညွှန်ကြားခဲ့တယ်။ (မ. ၂၈:၁၉) ဒါကြောင့် နှစ်ခြင်းဆိုတာ ခရစ်တော်ရဲ့တပည့် ဖြစ်ပြီးသားသူတွေအတွက် ဖြစ်တယ်။

တပည့်တစ်ဦးဖြစ်တယ်ဆိုတာ ဘာလဲ။ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် [အင်္ဂလိပ်] စာအုပ်မှာ ဒီလိုရှင်းပြထားတယ်– “ဒီအသုံးအနှုန်းက ခရစ်တော်ရဲ့သွန်သင်ချက်တွေကို ယုံကြည်ရုံသာမက အနီးကပ်လိုက်လျှောက်သူအားလုံးနဲ့ အဓိကသက်ဆိုင်တယ်။” အသက်အတော်ငယ်သေးတဲ့ လူငယ်တွေက ခရစ်တော်ရဲ့ တပည့်စစ်တွေ ဖြစ်နိုင်မလား။ လက်တင်အမေရိကမှာ ခရစ်ယာန်သာသနာပြုအဖြစ် အနှစ် ၄၀ ကျော်အမှုဆောင်ခဲ့တဲ့ ညီအစ်မတစ်ဦးက သူတို့ ညီအစ်မသုံးယောက်အကြောင်း ဒီလိုရေးခဲ့တယ်– “ကျွန်မတို့ နှစ်ခြင်းခံတုန်းက ယေဟောဝါကို အမှုဆောင်ချင်တယ်၊ ပရဒိသုမှာ နေချင်တယ်ဆိုတာ ကောင်းကောင်းသိတဲ့ အသက်အရွယ်ရှိပြီ။ လူငယ်တွေရင်ဆိုင်ရတဲ့ သွေးဆောင်မှုတွေ ခံရတဲ့အခါ ကျွန်မတို့ရဲ့ အပ်နှံမှုက အဲဒါတွေကို ခံရပ်တွန်းလှန်နိုင်ဖို့ ကူညီပေးတယ်။ ကလေးဘဝကတည်းက ဘုရားသခင်ထံ အပ်နှံခဲ့တဲ့အတွက် ကျွန်မတို့ နောင်တမရခဲ့ဘူး။”

သင့်ကလေး ခရစ်တော်ရဲ့တပည့်တစ်ဦး ဖြစ်မဖြစ်ဆိုတာ သင် ဘယ်လိုသိနိုင်သလဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “သူငယ်သော်လည်း မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည် မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍ မိမိသဘောကို ထင်ရှားစေ၏။” (သု. ၂၀:၁၁) လူငယ်တစ်ဦး တပည့်ဖြစ်ကြောင်း ‘တိုးတက်မှုကိုထင်ရှား’ ပြတဲ့ လုပ်ရပ်တချို့ကို သုံးသပ်ကြည့်ပါ။—၁ တိ. ၄:၁၅။

တပည့်ဖြစ်ကြောင်း ထင်ရှားပြ

သင့်ကလေး သင့်စကားနားထောင်သလား။ (ကော. ၃:၂၀) သူ့ကိုတာဝန်ပေးထားတဲ့ အိမ်အလုပ်တွေကို လုပ်သလား။ ယေရှု အသက် ၁၂ နှစ်အရွယ်ကအကြောင်း ကျမ်းစာမှာ ဒီလိုဖော်ပြတယ်– ‘ယေရှုသည် မိဘတို့ကို လက်အောက်ခံလျက်နေ၏။’ (လု. ၂:၅၁) ဒီအချိန်မှာ မိဘစကားကို မြေဝယ်မကျ အပြည့်အဝနားထောင်တဲ့ကလေး မရှိဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခရစ်ယာန်စစ်တွေက ယေရှုရဲ့ ‘ခြေရာကို ထက်ကြပ်မကွာလိုက်လျှောက်’ ရမှာဖြစ်တယ်။ ဒါကြောင့် နှစ်ခြင်းခံလိုတဲ့ ကလေးတွေက မိဘစကားနားထောင်သူတွေ ဖြစ်ရမယ်။—၁ ပေ. ၂:၂၁။

ဒီမေးခွန်းတွေကို သုံးသပ်ကြည့်ပါ– သင့်ကလေးက ခရစ်ယာန်ဓမ္မအမှုမှာ အပြည့်အဝ ပါဝင်ခြင်းဖြင့် ‘ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာ’ သလား။ (မ. ၆:၃၃) တခြားသူတွေကို သတင်းကောင်းဟောပြောလိုစိတ် ရှိသလား၊ ဒါမှမဟုတ် အမှုဆောင်ထွက်ဖို့၊ အိမ်ရှင်ကို သတင်းကောင်းဟောဖို့ တိုက်တွန်းနေရသလား။ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတစ်ဦးအဖြစ် သူ့တာဝန်တွေကို အလေးအနက်ထားသလား။ ရပ်ကွက်မှာတွေ့ရတဲ့ စိတ်ဝင်စားသူတွေထံ ပြန်လည်ပတ်လိုစိတ်ရှိသလား။ သူက ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း ကျောင်းနေဖက်တွေ၊ ဆရာ/ဆရာမတွေကို ပြောပြသလား။

အသင်းတော်အစည်းအဝေးတွေ တက်ရောက်ခြင်းက သူ့အတွက် အရေးကြီးသလား။ (ဆာ. ၁၂၂:၁) ကင်းမျှော်စင်သင်တန်းနဲ့ အသင်းတော်ကျမ်းစာလေ့လာမှုတွေမှာ သူမှတ်ချက်တွေ ပေးရတာကို ပျော်မွေ့သလား။ သီအိုကရက်တစ်ဓမ္မအမှုကျောင်း (ဟောပြောသွန်သင်ခြင်းသင်တန်း) မှာ စာရင်းပေးပြီး ပျော်ရွှင်စွာပါဝင်သလား။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

သင့်ကလေးက ကျောင်းနဲ့ တခြားနေရာတွေမှာ အကျိုးမပြုတဲ့ အပေါင်းအသင်းတွေကို ရှောင်ခြင်းဖြင့် ကိုယ်ကျင့်တရား စင်ကြယ်စွာ ကြိုးစားနေထိုင်သလား။ (သု. ၁၃:၂၀) တေးသီချင်း၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်၊ ဗီဒီယိုဂိမ်းနဲ့ အင်တာနက်အသုံးပြုရာမှာ သူ့အကြိုက်က ဘာတွေလဲ။ သူ့ရဲ့ အပြောအဆို၊ အပြုအမူတွေက ကျမ်းစာစံနှုန်းတွေကို ကျင့်သုံးလိုကြောင်း ဖော်ပြသလား။

သင့်ကလေး သမ္မာကျမ်းစာအကြောင်း ဘယ်လောက်သိသလဲ။ မိသားစုဝတ်ပြုမှုအတွင်းမှာ လေ့လာတဲ့ အကြောင်းအရာတွေကို ကိုယ်ပိုင်စကားနဲ့ သူပြောနိုင်သလား။ ကျမ်းစာ အခြေခံသွန်သင်ချက်တွေကို သူရှင်းပြနိုင်သလား။ (သု. ၂:၆-၉) ကျမ်းစာဖတ်ဖို့၊ သစ္စာနဲ့သတိပညာရှိကျွန် ပြင်ဆင်ပေးတဲ့ စာပေတွေကို လေ့လာဖို့ သူစိတ်ဝင်စားသလား။ (မ. ၂၄:၄၅) ကျမ်းစာသွန်သင်ချက်၊ ကျမ်းချက်တွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးသလား။

ဒီမေးခွန်းတွေက သင့်ကလေးရဲ့ တိုးတက်မှုကို တိုင်းတာရာမှာ သင့်အတွက် အကူအညီ ဖြစ်ပါလိမ့်မယ်။ ဒါတွေကို သုံးသပ်ပြီးတဲ့အခါ သူ နှစ်ခြင်းမခံခင် တိုးတက်ရမယ့် ကဏ္ဍတွေရှိသေးတယ်လို့ သင်ယူဆမိနိုင်တယ်။ ဒါပေမဲ့ သူ့ဘဝလမ်းစဉ်က တပည့်တစ်ဦးဖြစ်ကြောင်း ထင်ရှားပြပြီး သူ့အသက်တာကို ဘုရားသခင်ထံ တကယ်အပ်နှံပြီးပြီဆိုရင် သူနှစ်ခြင်းခံဖို့ ခွင့်ပြုနိုင်ပြီလို့ သင်ယူမှတ်နိုင်တယ်။

လူငယ်တွေ ယေဟောဝါကို ချီးမွမ်းနိုင်

ဘုရားသခင့်ကျေးကျွန်များစွာက ဆယ်ကျော်သက်အရွယ်နဲ့ အဲဒီအရွယ်မရောက်ခင်မှာ ဘုရားသခင်ကို တည်ကြည်ကြောင်း တင်ပြခဲ့ကြတယ်။ ယောသပ်၊ ရှမွေလ၊ ယောရှိနဲ့ ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ (က. ၃၇:၂; ၃၉:၁-၃; ၁ ရာ. ၁:၂၄-၂၈; ၂:၁၈-၂၀; ၆ ရာ. ၃၄:၁-၃; လု. ၂:၄၂-၄၉) ပရောဖက်ပြုခဲ့ကြတဲ့ ဖိလိပ္ပုရဲ့ သမီးလေးယောက်လည်း အတော်ငယ်သေးတဲ့အရွယ်မှာ ကောင်းစွာလေ့ကျင့်ခံခဲ့ရတာ ဖြစ်ရမယ်။—တ. ၂၁:၈၊ ၉။

ဂရိနိုင်ငံက သက်သေခံတစ်ဦး ဒီလိုပြောခဲ့တယ်– “ကျွန်တော် အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကြောင့် ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး။ အခုဆိုရင် နှစ်ခြင်းခံခဲ့တာ ၂၄ နှစ်ရှိပြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တာ ၂၃ နှစ်ရှိပြီ။ ယေဟောဝါကိုချစ်တဲ့မေတ္တာက ကျွန်တော်လူငယ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အမြဲ အထောက်အကူပြုခဲ့တယ်။ ကျွန်တော် အသက် ၁၂ နှစ်တုန်းက အခုလောက်တော့ ကျမ်းစာအသိပညာမရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော် ယေဟောဝါကိုချစ်တယ်၊ ကိုယ်တော်ကို ထာဝစဉ် အမှုဆောင်ချင်တယ်ဆိုတာကိုတော့ သိတယ်။ ကိုယ်တော့်အမှုတော်ကို ဆက်ထမ်းဆောင်နိုင်ဖို့ ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာတယ်။”

လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ တပည့်ဖြစ်ကြောင်း ထင်ရှားသူတစ်ဦးက နှစ်ခြင်းခံသင့်တယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “စိတ်နှလုံးနှင့် ယုံကြည်သဖြင့် ဖြောင့်မတ်ရာသို့ ရောက်၏။ ယုံကြည်ကြောင်း နှုတ်နှင့်ဝန်ခံသဖြင့် ကယ်တင်ခြင်းသို့ ရောက်၏။” (ရော. ၁၀:၁၀) ခရစ်တော်ရဲ့တပည့်ဖြစ်တဲ့ လူငယ်တစ်ဦး နှစ်ခြင်းခံခြင်းက သူနဲ့ သူ့မိဘအတွက် ဘဝမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ခြင်းဖြစ်တယ်။ သင်နဲ့သင့်ကလေး ထူးခြားကောင်းမွန်တဲ့ ဒီရွှင်လန်းမှုကို ခံစားရဖို့ ဘယ်အရာကြောင့်မှ အတားအဆီးအဖြစ်မခံပါနဲ့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ