မေးခွန်းသေတ္တာ
◼ ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် ကျမ်းချက်များကို သုတေသနပြုရန် သို့မဟုတ် ဆွေးနွေးနှီးနှောရန် အတူတကွစုဝေးသော သီးခြားသက်သေခံအုပ်စုများကို အတည်ပြုလက်ခံထားသလော။—မ. ၂၄:၄၅၊ ၄၇။
အတည်ပြုလက်ခံခြင်းမရှိပါ။ သို့သော် ကမ္ဘာတစ်ဝန်းတွင် သက်သေခံအချို့သည် အုပ်စုများဖွဲ့ပြီး ကျမ်းစာအကြောင်းအရာများကို သီးသန့်သုတေသနပြုကြသည်။ အချို့သည် သီးသန့်အုပ်စုဖွဲ့ပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏တိကျမှန်ကန်မှုကို ဆန်းစစ်ရန် ဟေဗြဲနှင့်ဂရိစကားကို လေ့လာကြသည်။ အချို့က ကျမ်းစာနှင့်ဆက်နွှယ်သော သိပ္ပံဆိုင်ရာအကြောင်းအရာများကို သုတေသနပြုကြသည်။ အယူအဆများဖလှယ်ရန်နှင့် ဆွေးနွေးနှီးနှောရန် ဝက်ဘ်ဆိုက်များ၊ အင်တာနက်စကားဝိုင်းများကို သူတို့ဖန်တီးကြသည်။ ဆွေးနွေးပွဲများပြုလုပ်ကြသည်။ သူတို့ရှာဖွေထားသောအချက်များ၊ ခရစ်ယာန်အစည်းအဝေးများနှင့် ကျွန်ုပ်တို့၏စာပေများတွင် ဆွေးနွေးသောအချက်များကို ဖော်ပြထားသည့်စာပေများ ထုတ်ဝေကြသည်။
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူမျိုးတော်သည် အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲများ၊ စည်းဝေးကြီးများအပြင် အဖွဲ့အစည်းထုတ်စာပေများအားဖြင့် ကိုယ်တော့်ထံမှညွှန်ကြားချက်နှင့် အားပေးမှု အလျှံပယ်ရရှိကြသည်။ သန့်ရှင်းသောစွမ်းအားတော်၏ လမ်းညွှန်မှုနှင့် သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့လိုအပ်ရာများကို ယေဟောဝါ ဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့ကြောင့် ကိုယ်တော့်လူမျိုးတော်သည် “စိတ်သဘောတသံတသမတ်တည်းရှိ” ပြီး “ယုံကြည်ခြင်း၌ မြဲမြံ” နိုင်ကြသည်။ (၁ ကော. ၁:၁၀; ကော. ၂:၆၊ ၇) ဤနောက်ဆုံးကာလတွင် ယေဟောဝါထံမှလာသော ပြင်ဆင်ပေးချက်များအတွက် ကျွန်ုပ်တို့ အမှန်ပင်ကျေးဇူးတင်ကြသည်။ ထို့ကြောင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ သည် ယင်း၏ကြီးကြပ်ကွပ်ကဲမှုဖြင့်မဟုတ်သော မည်သည့်စာပေ၊ အစည်းအဝေး၊ ဝက်ဘ်ဆိုက်ကိုမျှ လက်ခံမည်မဟုတ်ပေ။—မ. ၂၄:၄၅-၄၇။
သတင်းကောင်းဟောပြောခြင်းတွင် အထောက်အကူပြုရန် မိမိတို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုလိုသူများသည် ချီးမွမ်းထိုက်ပါသည်။ သို့သော် မည်သည့်ကိုယ်ပိုင်လုပ်ဆောင်မှုကမျှ ယနေ့ မြေကြီးပေါ်တွင် အသင်းတော်အားဖြင့် ယေရှုခရစ် ပြီးမြောက်နေသောအရာကို တန်ဖိုးယုတ်လျော့သွားစေခြင်း မဖြစ်သင့်ပေ။ ပထမရာစုတွင် တမန်တော်ပေါလုက “ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကိုပြုစုသည်ထက် အချင်းချင်းငြင်းခုံခြင်းကို သာ၍ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်” ဟုတိုက်တွန်းကာ အချိန်ကုန်လူပန်းဖြစ်စေသော အချည်းနှီးဆွေးနွေးမှုများတွင် မပါဝင်ရန် သတိပေးခဲ့သည်။ (၁ တိ. ၁:၃-၇) ခရစ်ယာန်အားလုံးသည် “မိုက်မဲသောပုစ္ဆာအမေးတို့ကိုလည်းကောင်း၊ ဆွေစဉ်မျိုးဆက်စာရင်းတို့ကိုလည်းကောင်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကိုလည်းကောင်းရှောင်” သင့်သည်။ အကြောင်းမှာ “ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်” ဖြစ်သောကြောင့်တည်း။—တိ. ၃:၉။
ကျမ်းစာကို အကျယ်တဝင့်လေ့လာကာ သုတေသနပြုလိုသူများသည် “သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊” “ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” စာအုပ်များအပြင် ဒံယေလ၊ ဟေရှာယနှင့် ဗျာဒိတ်ကျမ်းတို့တွင်ပါသော ပရောဖက်ပြုချက်များကို ဆွေးနွေးထားသည့် အခြားစာပေများတွင် လေ့လာကြရန် ကျွန်ုပ်တို့အကြံပြုပါသည်။ ထိုစာပေများတွင် ကျမ်းစာလေ့လာရန်နှင့် တွေးတောဆင်ခြင်ရန် အကြောင်းအရာများစွာ ပါရှိသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် “သိနားလည်မှု၊ ဉာဏ်ပညာအမျိုးမျိုးဖြင့် [ဘုရားသခင်၏]အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့်ပြည့်စုံ၍ ဘုရားသခင်ကိုသိကျွမ်းခြင်းပညာမှန်၌ တိုးပွားလျက် ကောင်းမှုအသီးအမျိုးမျိုးကိုသီးသည့်အလျောက် စိတ်တော်နှင့်တွေ့ခြင်းငှာ ယေဟောဝါနှင့်ထိုက်တန်စွာကျင့်ကြံ” နိုင်ပါသည်။—ကော. ၁:၉၊ ၁၀၊ ကဘ။