မေးခွန်းသေတ္တာ
◼ ခရစ်ယာန်အိမ်ထောင်သည်များ ပဋိသန္ဓေတားဆေးသုံးစွဲခြင်းသည် သမ္မာကျမ်းစာမူများနှင့် ညီညွတ်မှုရှိပါသလော။
ခရစ်ယာန်မောင်နှံတို့သည် သားသမီးရှိရမည်၊ သို့မဟုတ် မည်မျှရှိရမည်ဟူ၍ ကျမ်းစာ၌ ရှင်းလင်းပြတ်သားစွာ မဆိုထားပေ။ မိမိတို့၏ မိသားစုအရွယ်အစား မည်မျှထားမည်ကို ဆုံးဖြတ်ရန်မှာ ဇနီးမောင်နှံတိုင်း၏ ကိုယ်ရေးကိုယ်တာဖြစ်သည်။ ပဋိသန္ဓေတားခြင်းကို ကျင့်သုံးရန်သဘောတူပါက မည်သည့်နည်းကို ရွေးချယ်မည်ဆိုသည်မှာလည်း ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်ပေသည်။ သို့ရာတွင် မိမိတို့၏ သမ္မာကျမ်းစာသိနားလည်မှုနှင့် ဩတ္တပ္ပစိတ်နှင့်အညီ နည်းတစ်မျိုးမျိုးအသုံးပြုရာတွင် အသက်၏သန့်ရှင်းမြင့်မြတ်မှုကို လေးစားရာရောက်မရောက် သုံးသပ်အပ်သည်။
လူတစ်ဦး၏အသက်သည် သန္ဓေတည်ချိန်တွင် အစပြုသည်ဟု သမ္မာကျမ်းစာကဖော်ပြ၏။ အသက်ပေးရှင်သည် သန္ဓေတည်စအသက်ကိုသာမက ထိုနောက် သားအိမ်အတွင်း၌ ကြီးထွားဖွံ့ဖြိုးလာသည့် “သန္ဓေသားလောင်းကိုပင်” မြင်တော်မူ၏။ (ဆာ. ၁၃၉:၁၆၊ ကဘ; ထွ. ၂၁:၂၂၊ ၂၃; ယေ. ၁:၅) ထိုကြောင့် သန္ဓေတည်ပြီးစအသက်ကို အဆုံးသတ်ပစ်ရန် မကြိုးစားသင့်ပေ။ ထိုသို့ပြုခြင်းသည် သန္ဓေဖျက်ချခြင်းဖြစ်ပေမည်။
သန္ဓေတားဆေးများကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာသုံးစွဲနေသည်။ ယင်းတို့သည် ကလေးမရအောင် မည်သို့တားဆီးသနည်း။ အဓိကအားဖြင့် ဆေးအမျိုးအစားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ ရောစပ်ထားသောဆေးလုံး (combination pill) ဖြစ်ပြီး ကျန်တစ်မျိုးမှာ သန္ဓေတည် ဟိုမုန်းဓာတ်တစ်မျိုးတည်းပါသောဆေးလုံး progestin-only pill (minipill) တို့ဖြစ်သည်။ ပဋိသန္ဓေတားဆီးရာတွင် ယင်းတို့၏ အဓိကလုပ်ဆောင်ချက်များကို သုတေသနပြုချက်က ရှင်းလင်းဖော်ထုတ်ခဲ့ပြီဖြစ်သည်။
ရောစပ်ထားသောဆေးလုံးတွင် မ-ဟိုမုန်းဓာတ် (estrogen) နှင့် သန္ဓေတည် ဟိုမုန်းဓာတ် (progestin) ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့၏အဆိုအရ ရောစပ်ထားသောဆေးလုံး၏ “အဓိကလုပ်ဆောင်ချက်” မှာ “မျိုးဥကြွေခြင်းကိုထိန်းချုပ်ခြင်း” ဖြစ်သည်။ ဤဆေးမျိုးကို အဆက်မပြတ် မှန်မှန်စားသွားပါက ဥအိမ်မှမျိုးဥကြွေခြင်းကို အစဉ်အမြဲဆိုရမလောက် တားဆီးထားနိုင်ပုံရသည်။ မမျိုးဥမကြွေလျှင် သားအိမ်ပြွန်တွင် မျိုးစပ်သန္ဓေအောင်ခြင်း မဖြစ်နိုင်တော့ပေ။ ဤဆေးအမျိုးအစားသည် “သားအိမ်အတွင်းမြှေး” [သားအိမ်အတွင်းမျက်နှာပြင်] ၌လည်း ပြောင်းလဲမှုဖြစ်စေ (ထိုသို့ပြောင်းလဲမှုကြောင့် သန္ဓေသားတွယ်ကပ်ကြီးထွားရန် အခွင့်အလမ်းနည်းပါးစေသည်) နိုင်သော်လည်း ယင်းကို အဓိကမဟုတ်သော ဒုတိယလုပ်ဆောင်ချက်အဖြစ် သဘောထားကြသည်။
နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများလျော့ပါးစေရန် ရောစပ်ထားသောဆေးလုံးများကို မ-ဟိုမုန်းဓာတ်နည်းစွာထုတ်လုပ်ထားသည်။ ဤဆေးလုံးတို့သည် ဥအိမ်တွင် ထကြွမှုပို၍ဖြစ်စေသည်မှာ ထင်ရှားသည်။ အမျိုးသားကျန်းမာရေးအဖွဲ့၊ ပဋိသန္ဓေတားဆီးရေးဌာနအကြီးအကဲ ဒေါက်တာ ဂေဘရယ်လ် ဘီအဲလီက ဤသို့ဆို၏– “မ-ဟိုမုန်းဓာတ်နည်းသောဆေးလုံးကို သုံးစွဲစေကာမူ မျိုးဥကြွေခြင်းကို ၁၀၀ ရာနှုန်းပြည့်မဟုတ်ဘဲ အများဆုံး ၉၅ ရာခိုင်နှုန်းခန့်လောက်သာ တားနိုင်ကြောင်း သိပ္ပံအထောက်အထားအများကတင်ပြသည်။ သို့သော် မျိုးဥကြွေရုံမျှနှင့် မျိုးစပ်သန္ဓေအောင်ခြင်းဖြစ်သည်ဟု ဆိုရာမရောက်ပါ။”
ရောစပ်ထားသောဆေးလုံးကို အမျိုးသမီးတစ်ယောက် ဆေးညွှန်းအတိုင်းမသောက်မိပါက အဓိကမဟုတ်သော ဒုတိယလုပ်ဆောင်ချက်က ပဋိသန္ဓေတားဆီးခြင်းတာဝန်ကို ထမ်းဆောင်ရန်အလားအလာ ပို၍များလာသည်။ မ-ဟိုမုန်းဓာတ်နည်းသောဆေးလုံးကို နှစ်လုံးသောက်ဖို့လွတ်သွားသော အမျိုးသမီးများကိုလေ့လာကြည့်ရာတွင် ၃၆ ရာခိုင်နှုန်းမှာ မျိုးဥကြွေခြင်း “ဖြစ်ပွားကြောင်း” တွေ့ရှိရသည်။ ပဋိသန္ဓေတားခြင်း ဟူသောဂျာနယ်က ထိုသို့သောကိစ္စများ၌ “သားအိမ်အတွင်းမြှေးနှင့် သားအိမ်ထိပ်ဝရှိ အကျိအချွဲများအပေါ် ဆေးလုံးများ၏အကျိုးသက်ရောက်မှုများက ပဋိသန္ဓေတားဆီးရေးကို ဆက်လက်ဆောင်ရွက်မည်” ဟုဖော်ပြထားသည်။
အခြားအမျိုးအစားဖြစ်သော သန္ဓေတည်ဟိုမုန်းဓာတ်တစ်မျိုးတည်းပါရှိသော (minipill) ဆေးလုံးအကြောင်းကော။ ဆေးဝါးအကဲဖြတ်မှုများ (၁၉၈၆) ၌ဤသို့ရေးသားထား၏– “မျိုးဥကြွေခြင်းကို ထိန်းချုပ်ခြင်းမှာ သန္ဓေတည်ဟိုမုန်းဓာတ် တစ်မျိုးတည်းပါရှိသော မီနီပီးလ် ဆေးလုံးများဖြင့် သန္ဓေတားဆီးရာတွင် အဓိကကျသောအချက်မဟုတ်ပေ။ ဤဆေးတို့သည် သုက်ပိုးများ လွယ်လွယ်နှင့်မထိုးဖောက်နိုင်အောင် သားအိမ်ထိပ်ဝရှိ အကျိအချွဲများကို ပို၍ထူပြစ်စေသည်။ ယင်းတို့သည် သားအိမ်ပြွန်သို့ သုက်ပိုးသွားရာအချိန်ကို ပို၍ကြန့်ကြာစေပြီး သားအိမ်အတွင်းမြှေးကိုလည်း လုံးထွေးသွားစေသည်။ [ဤသို့လုံးထွေးခြင်းက မည်သည့်သန္ဓေအောင်ဥကိုမဆို ဖွံ့ဖြိုးကြီးထွားမလာအောင် ဟန့်တားထားနိုင်သည်]။”
သုတေသီအချို့က သန္ဓေတည်ဟိုမုန်းတစ်မျိုးတည်းပါသော တားဆေး “သုံးစွဲသူ ၄၀ ရာခိုင်နှုန်းကျော်၌ သာမန်မျိုးဥကြွေခြင်းဖြစ်ပွားသည်” ဟုဆိုကြသည်။ ထိုကြောင့် ဤဆေးလုံးသည် မျိုးဥကြွေခြင်းကို မကြာခဏ ဖစ်ပွားစေတတ်သည်။ သားအိမ်ထိပ်ဝရှိ ထူပြစ်သောအကျိအချွဲတို့သည် သုက်ပိုး၏လမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် သန္ဓေတည်ခြင်းမဖြစ်စေနိုင်ပေ။ သန္ဓေတည်ခြင်းမဖြစ်ခဲ့ပါက သားအိမ်အတွင်း၌ ဆေးလုံးများဖြစ်ပေါ်စေသည့် မသင့်သောအခြေအနေက မ-မျိုးဥကို သန္ဓေတည်၍ ကလေးအဖြစ်ကြီးထွားမလာအောင် တားဆီးထားနိုင်ပေလိမ့်မည်။
သို့ဖြစ်၍ ပဋိသန္ဓေတားဆီးရေးအတွက် မှန်မှန်မှီဝဲသောအခါ အဓိကနှစ်မျိုးစလုံးတို့သည် အများအားဖြင့် သန္ဓေတည်ခြင်းမဖြစ်စေရန် တားဆီးပေးပုံရပြီး သန္ဓေဖျက်ချခြင်းမဟုတ်ပေ။ သို့ရာတွင် သန္ဓေတည်ဟိုမုန်းဓာတ် တစ်မျိုးတည်းပါသောဆေးလုံး (မီနီပီးလ်) သည် မျိုးဥကြွေခြင်းကို မကြာခဏဖြစ်စေတတ်သဖြင့် ယင်းဆေးသည် တစ်ခါတစ်ရံ မျိုးစပ်၍အောင်မြင်သောအသက်တစ်ချောင်း သားအိမ်အတွင်း၌ တွယ်ကပ်ကြီးထွားခြင်းကို အနှောင့်အယှက်ပေးခြင်းအားဖြင့် ပဋိသန္ဓေတားပေးခြင်းမျိုး ဖြစ်နိုင်စရာအလားအလာကြီးမားသည်။ သာမန်အားဖြင့် (သန္ဓေတားဆေးအာနိသင်သက်ရောက်မှုမရှိသော သားအိမ်၌) “မျိုးဥခြောက်ဆယ်ရာခိုင်နှုန်းသည် . . . ပထမလွဲချော်ရာကာလမတိုင်မီ ပျက်စီးသွားသည်” ဟု သိပ္ပံလေ့လာချက်များကဖော်ပြသည်။ သို့သော် ဤသို့ဖြစ်ခြင်းမှာ သန္ဓေအောင်ဥတွယ်ကပ်ကြီးထွားခြင်းကို ဆီးတားဖွယ်ရှိသော ပဋိသန္ဓေတားနည်းတစ်မျိုးမျိုး အသုံးပြုရန်ရွေးချယ်ခြင်းနှင့် အလွန်ခြားနားပေသည်။
ထိုကြောင့် ဇနီးမောင်နှံတို့အနေဖြင့် ပဋိသန္ဓေတားဆေးသုံးစွဲရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမည်ဆိုလျှင် စဉ်းစားသုံးသပ်ရမည့် တိကျသောစာရိတ္တဆိုင်ရာအချက်များရှိသည်။ ခရစ်ယာန်တို့သည် ကိုယ်ရေးကိုယ်တာကိစ္စများ၌ပင် ကျွန်ုပ်တို့၏ဘုရားသခင်နှင့် အသက်ပေးရှင်ရှေ့တော်တွင် “လုံးဝကြည်လင်သောသြတ္တပ္ပစိတ်” ကို ထိန်းသိမ်းထားရန် သန္နိဋ္ဌာန်ချထားသင့်သည်။—တ. ၂၃:၁၊ ကဘ။ ဂလ. ၆:၅။