သင့်ကလေးကို ရင့်ကျက်သောဆုံးဖြတ်ချက် ချစေနိုင်မည်လော
၁။ သွေးအသုံးပြုခြင်းနှင့်ပတ်သက်၍ သက်သေခံလူငယ်များ မည်သို့ရပ်တည်ခဲ့ကြသနည်း။ ဥပမာပေးပါ။
၁ အဘယ်အရာနှင့်ပတ်သက်၍ ရင့်ကျက်သောဆုံးဖြတ်ချက်ချဖို့လိုသနည်း။ သွေးသွင်းခြင်းနှင့်ပတ်သက်၍ဖြစ်၏။ ၁၉၉၁၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် ပါ “ယေဟောဝါသွန်သင်တော်မူသည့်အတိုင်း လိုက်လျှောက်လော့” ဟူသောဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း သွေးနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ကို နာခံလိုသောဆန္ဒသည် မိဘများအတွက် အရေးကြီးသကဲ့သို့ မိမိတို့အတွက်လည်း အရေးကြီးကြောင်း သက်သေထူရန် ယေဟောဝါသက်သေသားသမီးများ ရင့်ကျက်စွာရပ်တည်ခဲ့ကြသည်။ အရွယ်မရောက်သေးသည့် သင့်ကလေးထံမှလည်း ထိုသို့ဖြစ်ဖို့ တောင်းဆိုနိုင်မည်လော။
၂။ တရားရုံးတစ်ခုက သွေးသွင်းခြင်းကိုငြင်းဆိုခဲ့သည့် အရွယ်မရောက်သေးသူတစ်ဦးနှင့်ပတ်သက်၍ မည်သည့်တရားဝင်စံနှုန်းကို ကျင့်သုံးခဲ့သနည်း၊ ခရစ်ယာန်မိဘများနှင့် သူတို့၏ အရွယ်မရောက်သေးသောကလေးများသည် ၎င်းဖြစ်ရပ်မှ အဘယ်အရာ သင်ယူသိရှိရသနည်း။
၂ ဥပဒေက မည်သို့ပြဋ္ဌာန်းသနည်း။ အမေရိကန်ပြည်ထောင်စုတွင် အရွယ်မရောက်သေးသော ရင့်ကျက်သည့်ကလေး၏ သွေးသွင်းခြင်းငြင်းဆိုပိုင်ခွင့်ပြဋ္ဌာန်းသည့် အမြင့်ဆုံးတရားရုံးမှာ အီလီနွိုင်းပြည်နယ်တရားရုံးချုပ်ဖြစ်၏။ အသက် ၁၇ နှစ်ရှိသည့် ညီအစ်မတစ်ဦး၏အမှုကို သုံးသပ်ရာတွင် တရားရုံးက ဤသို့အမိန့်ချမှတ်ခဲ့သည်– “အထောက်အထားခိုင်လုံမည်၊ အရွယ်မရောက်သေးသူသည် မိမိလုပ်ရပ်၏အကျိုးဆက်များကို နားလည်ရန် [နှင့်] အရွယ်ရောက်သူတစ်ဦးကဲ့သို့ ဆုံးဖြတ်ချက်ချရန် ရင့်ကျက်ကြောင်း ယုံကြည်စိတ်ချမည်ဆိုလျှင် အရွယ်မရောက်သေးသော ရင့်ကျက်သည့်ကလေး ကျင့်ဝတ်မူက သူ့အား ဆေးကုသမှုကို သဘောတူရန် သို့မဟုတ် ငြင်းပယ်ရန် ရှေးထုံးတမ်းဥပဒေအခွင့်အရေး ရရှိစေသည်။” ထို့ကြောင့် ကလေးတစ်ဦးသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သည်အထိ ရင့်ကျက်လျှင် ဆရာဝန်များ သို့မဟုတ် အရာရှိများသည် သွေးသွင်းခြင်းကို သူငြင်းဆိုကြောင်း ကိုယ်တိုင်ဖော်ပြချက်ကိုကြားနာရန် လူနာနှင့် တွေ့ဆုံမေးမြန်းကြပေမည်။ လူငယ်သည် သူ၏ဆေးကုသမှုအခြေအနေ အရေးကြီးမှုနှင့် ကုသမှုဆိုင်ရာ ရွေးချယ်မှုများ၏အကျိုးဆက်များကို အတော်အသင့်နားလည်ကာ သွေးနှင့်စပ်လျဉ်းသော ဘုရားသခင့်ပညတ်နှင့်ပတ်သက်၍ သူကိုယ်တိုင်၏ ဘာသာရေးယုံကြည်ချက်ကို ရှင်းလင်းခိုင်မာစွာ ဖော်ပြဖို့လိုပါမည်။
၃။ မိဘများသည် မည်သည့်မေးခွန်းများကို အလေးအနက် သုံးသပ်သင့်သနည်း၊ အဘယ်ကြောင့်နည်း။
၃ သင်၏ကလေးသည် မည်သို့ပြောဆိုမည်နည်း။ သင်၏သားသမီးများသည် ဤကိစ္စနှင့်ပတ်သက်၍ သူတို့ကိုယ်တိုင်ပြောဆိုနိုင်သလော။ ‘အသွေးကို ကြဉ်ရှောင်’ ခြင်းသည် ဘုရားသခင်၏ပညတ်ဖြစ်ကြောင်း သူတို့စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကြသလော။ (တ. ၁၅:၂၉; ၂၁:၂၅) သူတို့၏ယုံကြည်ချက်ကို ကျမ်းစာဖြင့် ရှင်းပြနိုင်သလော။ မိဘများမရှိသည့်အခါတွင်ပင်ဖြစ်ပါစေ အသက်အန္တရာယ်ရှိသည်ဟု ဆရာဝန်များကယူဆလျှင် သွေးနှင့်ပတ်သက်၍ သူတို့၏ခိုင်မာသောဆုံးဖြတ်ချက်ကို သတ္တိရှိရှိကာကွယ်ပြောဆိုကြမည်လော။ ကျွန်ုပ်တို့အပေါ် “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” ကျရောက်တတ်သောကြောင့် မျှော်လင့်မထားသော သမာဓိစောင့်သိမှုဆိုင်ရာ မည်သည့်စမ်းသပ်မှုအတွက်မဆို သင်၏သားသမီးများအား မည်သို့ပြင်ဆင်ပေးနိုင်သနည်း။—ဒေ. ၉:၁၁၊ ကဘ; ဧ. ၆:၄။
၄၊ ၅။ (က) မိဘများတွင် အဘယ်တာဝန်ရှိသနည်း၊ ယင်းကို သူတို့မည်သို့ကျေပွန်စေနိုင်သနည်း။ (ခ) မိဘများကိုကူညီရန် အဘယ်အထောက်အကူများရရှိနိုင်သနည်း။
၄ မိဘများ၊ သင်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ သင်တို့သည် အသွေးနှင့်ပတ်သက်သည့် ဘုရားသခင့်ရှုမြင်ပုံကို သားသမီးများအား သွန်သင်ပေးရန် တာဝန်ရှိသည်။ (၂ တိ. ၃:၁၄၊ ၁၅) ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၃၇၃-၃၇၇ တွင် ရှင်းလင်းသောရှင်းပြချက်ကို တွေ့ရှိရသည်။ ယင်းကို သင်၏မိသားစုနှင့် သေသေချာချာလေ့လာပါ။ စာမျက်နှာ ၃၇၇-၃၇၉ ရှိ “တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—” ဟူသောကဏ္ဍကိုအသုံးပြုကာ သူတို့၏ယုံကြည်ချက်နှင့် ထိုသို့အဘယ်ကြောင့် ယုံကြည်ကြောင်းတို့ကို ရှင်းပြရာတွင် အတွေ့အကြုံရှိစေရန် သင်၏သားသမီးများနှင့် လက်တွေ့လေ့ကျင့်ပါ။ (၁ ပေ. ၃:၁၅) သွေးကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို ပညာပေးသည့် အခြားအထောက်အကူများတွင် သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း ဘရိုရှာနှင့် ၂၀၀၄၊ ဇွန် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၁၄-၂၄ တို့ပါဝင်သည်။ ထို့ပြင် သွေးအစား အခြားကုသနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု—လူနာ၏လိုအပ်ရာနှင့် အခွင့်အရေးများကို ဖြည့်ဆည်းပေးခြင်း နှင့် သွေးအလိုမရှိ—စိန်ခေါ်ချက်ကို ဆေးဝါးရင်ဆိုင် အစရှိသည့် ဗီဒီယိုခွေများက သွေးမဲ့ဆေးဝါးနှင့် ခွဲစိတ်ကုသမှုတို့သည် အကျိုးသင့်အကြောင်းသင့်ရှိပြီး ထိရောက်မှုရှိကြောင်း ယုံကြည်လောက်သည့်အချက်အလက်များကို ဖော်ပြပေး၏။ ၎င်းဗီဒီယိုခွေများကို ယခုအခါ သွေးအစား အခြားကုသနည်းများ—သတင်းမှတ်တမ်းစီးရီးများ ဟူ၍ ခေါင်းစဉ်တပ်ထားသည့် ဒီဗီဒီဖြင့် ရရှိနိုင်သည်။ သင့်မိသားစုသည် ဤတင်ဆက်မှုများကို မကြာသေးမီက ရှုစားကာ ဆွေးနွေးခဲ့ပြီးပြီလော။
၅ သွေးနှင့်ပတ်သက်၍ “ကောင်းမြတ်သော၊ လက်ခံဖွယ်ဖြစ်သော၊ ဘုရားသခင်၏စုံလင်သောအလိုတော်နှင့်ညီသူဖြစ်ကြောင်း သက်သေထူ” ရန် သင်၏သားသမီးများကို ကူညီပေးပါ။ ဤသို့ဖြင့် သူတို့သည် ယေဟောဝါ၏ကောင်းချီးရရှိသည့် ရင့်ကျက်သောဆုံးဖြတ်ချက် ချနိုင်ကြပါသည်။—ရော. ၁၂:၂၊ ကဘ။