သန့်ရှင်းစင်ကြယ်၊ ချီးမွမ်းထိုက်သော ကိုယ်အသွင်အပြင်
၁။ ခရိုင်စည်းဝေးကြီးအတွက် ပြင်ဆင်ရာတွင် ကျွန်ုပ်တို့၏အသွင်အပြင်ကို အဘယ်ကြောင့် သုံးသပ်သင့်သနည်း။
၁ “ယေဟောဝါသက်သေတွေဟာ အလွန်ကောင်းတဲ့လူတွေပဲ! ခင်ဗျားတို့လူတွေဟာ ကြင်နာတတ်ပြီး သပ်သပ်ရပ်ရပ်ဝတ်ဆင်ကြတယ်၊ အလွန်ရိုသေလေးစားမှုရှိကြတယ်။” လွန်ခဲ့သည့်နှစ်က ခရိုင်စည်းဝေးကြီးတစ်ခုမှ ညီအစ်ကိုညီအစ်မများနှင့်ပတ်သက်၍ ဟိုတယ်ကိုယ်စားလှယ်တစ်ဦး အထက်ပါအတိုင်းပြောဆိုခဲ့သည်။ အခြားစည်းဝေးကြီးတစ်ခုတွင် ဟိုတယ်အလုပ်သမတစ်ဦးက ဤသို့ဆို၏– “ရှင်တို့လူတွေဟာ ဘုရားသခင်နှစ်သက်တာကို ဝတ်ဆင်ကြတယ်ဆိုတာ ထင်ရှားတယ်။” မှန်ပါသည်၊ စည်းဝေးကြီးကိုယ်စားလှယ်များကို အခြားသူများက သတိပြုမိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ဧဝံဂေလိတရားနှင့်အထိုက်အလျောက်” ဝတ်ဆင်လိုကြသည်၊ ယင်းကြောင့် ကျွန်ုပ်တို့ကိုချီးမွမ်းရန် အပြင်လူများ လှုံ့ဆော်ခံရကာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဓမ္မအမှုဆောင်များဖြစ်ကြောင်း ထင်ရှားစေလေ့ရှိ၏။ (ဖိ. ၁:၂၇) ခရိုင်စည်းဝေးကြီးအတွက် ပြင်ဆင်သည့်အခါ ကျွန်ုပ်တို့၏အသွင်အပြင်ကို ကြိုတင်သုံးသပ်သင့်သည်။
၂။ သန့်ရှင်းစင်ကြယ်သောပုံစံဖြင့် ဝတ်စားဆင်ယင်ရန် အဘယ်ကြောင့် အခက်တွေ့နိုင်သနည်း။
၂ တပည့်တော်ယာကုပ်က “အထက်မှသက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏” ဟုရေးသားခဲ့၏။ (ယာ. ၃:၁၇) ကျွန်ုပ်တို့၏အသွင်အပြင်တွင် သန့်ရှင်းစင်ကြယ်မှုကို ထင်ဟပ်ပြရန် အခက်တွေ့နိုင်သည်။ စာတန်၏အကျင့်ယိုယွင်းသောလောက,က ဣန္ဒြေမဲ့သော၊ ရမ္မက်သွေးကြွစေသော၊ မသင့်တော်သော ကိုးရိုးကားရားပုံစံများကို လက်ခံရန် လူတို့အပေါ် ဩဇာလွှမ်းမိုးသည်။ (၁ ယော. ၂:၁၅-၁၇) ထို့ကြောင့် ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချသည့်အခါ “ဤလက်ရှိအစီအစဉ်စနစ်၏အလယ်တွင် ဘုရားတရားမဲ့ခြင်းနှင့် လောကီတပ်မက်ခြင်းတို့ကို ငြင်းပယ်၍ သမာသတိ . . . ဖြင့်နေထိုင်” ကြပါဟူသောကျမ်းစာသြဝါဒကို လိုက်နာဖို့လိုသည်။ (တိ. ၂:၁၂၊ ကဘ) ကျွန်ုပ်တို့သည် မိမိတို့၏အသွင်အပြင်ကြောင့် မိမိတို့၏ညီအစ်ကိုများကိုဖြစ်စေ၊ ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ထမ်း သို့မဟုတ် အခြားအကဲခတ်သူများကိုဖြစ်စေ မည်သည့်အခါမျှ စိတ်အနှောင့်အယှက်ဖြစ်စေလိုမည်မဟုတ်ချေ။—၁ ကော. ၁၀:၃၂၊ ၃၃။
၃။ ကျွန်ုပ်တို့၏ကိုယ်အသွင်အပြင်ကို ဆန်းစစ်ရာတွင် မည်သည့်မေးခွန်းများက အကူအညီဖြစ်စေမည်နည်း။
၃ ဣန္ဒြေရှိပြီး လျောက်ပတ်သောအဝတ်အစား– စည်းဝေးကြီးအတွက် ပြင်ဆင်သည့်အခါ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါ့ရဲ့အဝတ်အစားက ဣန္ဒြေရှိရဲ့လား ဒါမှမဟုတ် ငါ့အပေါ် အလွန်အကျွံ အာရုံစိုက်စေသလား။ အခြားသူတွေရဲ့ခံစားချက်ကို လေးစားရာရောက်သလား။ ငါ့ရဲ့အင်္ကျီတွေဟာ လည်ဟိုက်လွန်းပြီး ခါးတိုလွန်းသလား။ ငါ့ရဲ့အဝတ်အစားတွေက မလုံ့တလုံဖြစ်နေသလား ဒါမှမဟုတ် ကျပ်လွန်းသလား။ ငါ့ရဲ့အဝတ်အစားက သန့်ရှင်းပြီး အနံ့အသက်ကောင်းရဲ့လား။ စည်းဝေးကြီးအစီအစဉ်ပြီးလို့ အနားယူတဲ့အချိန်မှာ ဓမ္မအမှုဆောင်တစ်ဦးရဲ့ သပ်ရပ်သန့်ရှင်းတဲ့ အသွင်အပြင်မျိုး ငါ့မှာရှိမလား ဒါမှမဟုတ် ငါ့ရဲ့အဝတ်အစားက သပ်ရပ်မှုမရှိ၊ ပေါ်ပင်ဖက်ရှင်ဆန်ဆန်၊ ဖြစ်ကတတ်ဆန်းနိုင်ပြီး ရင်ထိုးကတ်ပြားတပ်ဆင်ထားတဲ့ စည်းဝေးကြီးကိုယ်စားလှယ်တစ်ဦးအတွက် မသင့်လျော်တဲ့အဝတ်အစားဖြစ်နေမလား။ အနားယူချိန်မှာ ငါဝတ်ဆင်တဲ့ အဝတ်အစားက အလွတ်သဘောသက်သေခံဖို့ ငါ့ကို အခက်တွေ့စေမလား။’—ရော. ၁၅:၂၊ ၃; ၁ တိ. ၂:၉။
၄။ အခြားသူများက ကျွန်ုပ်တို့အား သန့်ရှင်းစင်ကြယ်သောအသွင်အပြင်ရှိရန် မည်သို့ကူညီပေးနိုင်သနည်း။
၄ ရင့်ကျက်သောခရစ်ယာန်များ၏ ရှုမြင်ချက်များမှ ကျွန်ုပ်တို့အကျိုးရရှိနိုင်သည်။ ဇနီးသည်များသည် မိမိတို့၏အဝတ်အစားကို အခြားသူများ မည်သို့ရှုမြင်နိုင်ကြောင်း မိမိတို့၏ခင်ပွန်းသည်များအား မေးသင့်သည်။ ဘုရားတရားကြည်ညိုသောမိဘတို့သည် ဤကိစ္စတွင် မိမိတို့၏ဆယ်ကျော်သက် ကလေးများအား ကူညီပေးနိုင်သည်။ ထို့ပြင် ဘုရားတရားကြည်ညိုသော သက်ကြီးရွယ်အိုညီအစ်မများက “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ” မိမိတို့၏အသွင်အပြင်၌ “အသက်ပျိုသောမိန်းမတို့သည် . . . ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ . . . ဖြစ်စေခြင်းငှာ . . . ဆုံးမပေး” နိုင်သည်။ (တိ. ၂:၃-၅) ကျွန်ုပ်တို့၏စာပေများက ဣန္ဒြေရှိပြီး လျောက်ပတ်သောအဝတ်အစားနှင့်ပတ်သက်၍ အထောက်အကူပြုသည့်ရုပ်ပုံများကို ဖော်ပြပေးသည်။
၅။ စည်းဝေးကြီးအတောအတွင်း ယေဟောဝါအား ကျွန်ုပ်တို့အားလုံး မည်သို့ချီးမွမ်းစရာဖြစ်စေနိုင်သနည်း။
၅ ယေဟောဝါအား ချီးမွမ်းစရာဖြစ်စေ– ခရိုင်စည်းဝေးကြီးများသည် အစီအစဉ်တွင်ပါဝင်သူများသာမက ကျွန်ုပ်တို့အားလုံးပါ ယေဟောဝါကို ချီးမွမ်းရန် အခွင့်ကောင်းရရှိစေ၏။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ခရစ်ယာန်အမူအကျင့်နှင့် အပြောအဆိုက ကိုယ်တော်ကို ဂုဏ်တင်မည်ဖြစ်သည်။ သို့သော် အကဲခတ်သူများစွာက ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဦးဆုံးသတိပြုမိသည့်အရာမှာ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုဖြစ်၏။ ကျွန်ုပ်တို့အားလုံး၏ သန့်ရှင်းစင်ကြယ်၊ ချီးမွမ်းထိုက်သော ကိုယ်အသွင်အပြင်အားဖြင့် ယေဟောဝါအား ချီးမွမ်းစရာဖြစ်နိုင်ကြပါစေ။—ဆာ. ၁၄၈:၁၂၊ ၁၃။
[စာမျက်နှာ ၆ ရှိလေးထောင့်ကွက်]
ချီးမွမ်းထိုက်သော အသွင်အပြင်အတွက် အကူအညီများ
◼ ဘုရားသခင့်နှုတ်ကပါဌ်တော်
◼ မိမိကိုယ်ကို ဆန်းစစ်ခြင်း
◼ အခြားသူများ၏ ရှုမြင်ချက်များ
◼ ခရစ်ယာန်စာပေများ