ပရိသတ်ကြီးအလယ်တွင် ယေဟောဝါကို ချီးမွမ်းလော့
၁၊ ၂။ ခရိုင်စည်းဝေးကြီးက ကျွန်ုပ်တို့အား မည်သည့်အခွင့်အရေးရရှိစေသနည်း၊ ယင်းကို မည်သည့်နည်းများဖြင့် ဖြစ်မြောက်စေနိုင်သနည်း။
၁ နှစ်စဉ် ခရိုင်စည်းဝေးကြီးများက ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ရသည့် အလွန်ကောင်းသောအခွင့်အရေးရရှိစေသည်။ ကျွန်ုပ်တို့၏ခံစားချက်များမှာ ဤသို့သီဆိုခဲ့သူ ဒါဝိဒ်ကဲ့သို့ဖြစ်သည်– “ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။” (ဆာ. ၃၅:၁၈) လာမည့် “ဘုရားရေးရာနာခံမှု” ခရိုင်စည်းဝေးကြီးတွင် စည်းလုံးသောလူမျိုးအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါကို ချီးမွမ်းစရာဖြစ်စေကြောင်း မည်သို့သေချာစေနိုင်သနည်း။
၂ ယင်းကိုပြုလုပ်နိုင်သည့် နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏အမူအကျင့်အားဖြင့်ဖြစ်၏။ စည်းဝေးကြီးအဆောက်အအုံတစ်ခု၏ စီမံခန့်ခွဲရေးအဖွဲ့က ဤသို့ဆိုသည်– “ခင်ဗျားတို့ရဲ့ စည်းဝေးကြီးတွေအကြောင်းကို အဆောက်အအုံငှားချင်တဲ့ တခြားဘာသာရေးအုပ်စုတွေကို ပြောပြတယ်။ ယေဟောဝါသက်သေတွေဟာ စီစဉ်မှုအလွန်ကောင်းတယ်၊ ဒါကြောင့် စည်းဝေးကြီးတစ်ခုကို ယေဟောဝါသက်သေတွေ ဘယ်လိုစီစဉ်သလဲဆိုတာ လာကြည့်ကြဖို့ ကျွန်တော်တို့ပြောပြကြတယ်။” ကျွန်ုပ်တို့တစ်ဦးစီသည် မိမိတို့၏အသွင်အပြင်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အမူအကျင့်အားဖြင့် ကျွန်ုပ်တို့၏ဘုရားသခင် တော်မှန်စွာရထိုက်သည့် ထိုသို့ပီတိဖြစ်စရာ ချီးမွမ်းစကားများကို ဖြစ်ပေါ်စေကြသည်။—၁ ပေ. ၂:၁၂။
၃၊ ၄။ စည်းဝေးကြီးတွင်ရော အစီအစဉ်များပြီးနောက်တွင်ပါ ခရစ်ယာန်ဓမ္မအမှုဆောင်များနှင့် အံဝင်သောနည်းဖြင့် ဝတ်စားဆင်ယင်ရန် ကျိုးနွံမှုက ကျွန်ုပ်တို့ကို မည်သို့ကူညီပေးမည်နည်း။
၃ ကိုယ်အသွင်အပြင်– ယေဟောဝါကို ချီးမွမ်းစရာဖြစ်စေရန် ဝတ်စားဆင်ယင်ရာတွင် ဣန္ဒြေရှိဖို့လို၏။ (၁ တိ. ၂:၉) ဓမ္မအမှုကျောင်း စာအုပ်၊ စာမျက်နှာ ၁၃၂ ကဤသို့ဆို၏– “ကျိုးနွံသောလူတစ်ယောက်သည် အခြားသူများကို အကြောင်းမဲ့ မထိခိုက်မနစ်နာစေရန်နှင့် မိမိကို အာရုံစိုက်လွန်းခြင်းမဖြစ်စေရန် အလေးထားသည်။” နိုင်ငံများစွာတွင် ဣန္ဒြေမဲ့သောအဝတ်အစားသည် အဆန်းမဟုတ်တော့ချေ။ သို့သော် ယေဟောဝါသည် ကိုယ်တော်အား တော်မှန်စွာကိုယ်စားပြုရန် ကျွန်ုပ်တို့၏ကြိုးစားမှုကို တန်ဖိုးထားတော်မူ၏။ (တ. ၅:၁၄) စည်းဝေးကြီးကို အားကစားရုံများတွင် ကျင်းပကောင်းကျင်းပမည်ဖြစ်သော်လည်း စည်းဝေးကြီးသုံးရက်အတွင်း စုဝေးမှုသည် ကျွန်ုပ်တို့၏ ‘ပရိသတ်ကြီး’ ဖြစ်လာသည်။ ထို့ကြောင့် ယေဟောဝါရှေ့မှောက် ကျွန်ုပ်တို့စုဝေးသည့်အခါ စကြဝဠာတွင် အကြီးမြတ်ဆုံးဖြစ်သောအရှင်နှင့်ထိုက်သင့်လျော်ကန်စွာ သိက္ခာရှိရှိဝတ်ဆင်သင့်သည်။—၅ ရာ. ၂၉:၁၁။
၄ နေ့စဉ် အစီအစဉ်နိဂုံးချုပ်ပြီးနောက်တွင်လည်း ကျွန်ုပ်တို့၏အသွင်အပြင်ကို ဂရုပြုဖို့လိုသည်။ အနားယူချိန်အတွင်း သို့မဟုတ် စားသောက်ဆိုင်တွင် အစာစားနေချိန်အတွင်း ပို၍သက်သောင့်သက်သာရှိသည့် အဝတ်အစားများကို ဝတ်ဆင်လိုမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုသည် “ဘုရားသခင်အားရိုသေလေးမြတ်” သူများနှင့်အံဝင်နေရန် အရေးကြီး၏။ (၁ တိ. ၂:၁၀) လက်ခံနိုင်ဖွယ်အဝတ်အစားကို လောကတွင် ရေပန်းစားသောအရာဖြင့် မသတ်မှတ်ပါ။ (၁ ယော. ၂:၁၆၊ ၁၇) ကျွန်ုပ်တို့၏ခရစ်ယာန်စာပေများက အခြေအနေအမျိုးမျိုးတွင်ရှိသည့် အမျိုးသား၊ အမျိုးသမီးများ၏ ဣန္ဒြေရှိပြီး လျောက်ပတ်သောအဝတ်အစားနှင့်ပတ်သက်၍ အထောက်အကူပြုသည့်ရုပ်ပုံများကို ဖော်ပြပေးသည်။ စည်းဝေးကြီးကျင်းပသည့်မြို့တွင်ရှိနေစဉ် ရင်ထိုးကတ်ပြားများတပ်ဆင်ထားခြင်းက ကျွန်ုပ်တို့သည် အချိန်တိုင်း ခရစ်ယာန်ဓမ္မအမှုဆောင်များဖြစ်ကြောင်း သတိပေးချက်ဖြစ်စေမည်။—၂ ကော. ၆:၃၊ ၄။
၅၊ ၆။ ယေဟောဝါ၏ဝိညာဏစားပွဲကို ရိုသေလေးစားကြောင်း ကျွန်ုပ်တို့ မည်သို့ပြသနိုင်သနည်း။
၅ ယေဟောဝါ၏စားပွဲကို လေးစားပါ– စကြဝဠာအချုပ်အခြာရှင်သည် ကျွန်ုပ်တို့၏ရှေ့မှောက်တွင် စားသောက်ပွဲကြီးတစ်ခု တည်ခင်းပေးထားသည်။ (ဟေရှာ. ၂၅:၆; ၁ ကော. ၁၀:၂၁) ကျွန်ုပ်တို့သည် ယေဟောဝါ၏ဝိညာဏစားပွဲတွင် ပါဝင်ရခြင်းကို အလွန်တန်ဖိုးထားမည်ဆိုလျှင် စည်းဝေးကြီးကို သုံးရက်စလုံးတက်ရန် ပန်းတိုင်ထားမည်။ တည်းခိုရန်နေရာ၊ သွားရေးလာရေးနှင့် လောကီလုပ်ငန်းမှခွင့်ရက်ယူရန်တို့ကို စီစဉ်ထားပြီလော။ ကြိုတင်ပြင်ဆင်ရန်နှင့် ခရီးစဉ်အတွက် အချိန်အလုံအလောက်ခန့်ခွဲထားပြီလော၊ သို့မှသာ ထိုင်ခုံများရှာရန်၊ သင်၏ညီအစ်ကိုများနှင့်ပေါင်းသင်းရန်၊ အဖွင့်သီချင်းနှင့် ဆုတောင်းချက်တွင် သူတို့နှင့်အတူ ယေဟောဝါအားချီးမွမ်းရန် စည်းဝေးကြီးကျင်းပသည့်နေရာသို့ စောစောရောက်နိုင်မည်ဖြစ်သည်။—ဆာ. ၁၄၇:၁။
၆ ယေဟောဝါ၏စားပွဲကို ရိုသေလေးစားခြင်းက အစီအစဉ်ကို အသေအချာအာရုံစိုက်ရန်၊ အခြားသူများနှင့် မလိုအပ်ဘဲစကားပြောခြင်း၊ အစာစားခြင်း၊ သို့မဟုတ် စင်္ကြံများတွင် လမ်းလျှောက်နေခြင်းတို့ကို မပြုရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးမည်။ သစ္စာနှင့် သတိပညာရှိ ကျွန်အတန်းအစားမှတစ်ဆင့် ယေဟောဝါသည် ကျွန်ုပ်တို့ ယခုပင်လိုအပ်နေသည့် ဝိညာဉ်အစာကို ပြင်ဆင်ပေးနေသည်။ (မ. ၂၄:၄၅) အစီအစဉ်မှ မည်သည့်အပိုင်းကိုမဆို ကျွန်ုပ်တို့တစ်ဦးမျှ လက်လွတ်မခံနိုင်ချေ။ မိဘများသည် မိမိတို့၏သားသမီးများနှင့်အတူထိုင်ကာ အကျိုးအပြည့်အဝခံစားရရန် သူတို့ကိုကူညီပေးသင့်သည်။—တရား. ၃၁:၁၂။
၇။ နေ့လယ်စာအတွက် အဘယ်အရာပြုလုပ်ရန် ကျွန်ုပ်တို့ကို တောင်းဆိုထားသနည်း၊ အဘယ်ကြောင့်နည်း။
၇ နေ့လယ်ခေတ္တရပ်နားချိန်တွင် စည်းဝေးကြီးနေရာမှ အပြင်ထွက်ကာ အစားအစာသွားဝယ်စားမည့်အစား နေ့လယ်စာယူလာကြရန် တောင်းဆိုပါသည်။ တက်ရောက်သူအများစုသည် ဤညွှန်ကြားချက်ကို လွန်ခဲ့သည့်နှစ်က စည်းဝေးကြီးတွင် ဂရုတစိုက်လိုက်နာခဲ့ကြသည်မှာ ချီးကျူးထိုက်သည်။ ဤနှစ်တွင်လည်း အားလုံး ထိုသို့လိုက်နာကြလျှင် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း။ (ဟေဗြဲ ၁၃:၁၇) ဤအစီအစဉ်က ကျွန်ုပ်တို့၏ညီအစ်ကို ညီအစ်မများနှင့် တည်ဆောက်မှုပေးသည့် ပေါင်းသင်းမှုရရှိရန်နှင့် ယေဟောဝါအား ချီးမွမ်းဂုဏ်တင်သည့် စည်းလုံးမှုနှင့် ငြိမ်သက်မှုဝန်းကျင်တစ်ခုကို ပံ့ပိုးပေးရန် အခွင့်ကောင်းရရှိစေသည်။—ဆာ. ၁၃၃:၁။
၈၊ ၉။ စည်းဝေးကြီးက ယေဟောဝါကိုချီးမွမ်းရန် အဘယ်ထပ်ဆင့်အခွင့်အရေး ရရှိစေသနည်း။
၈ အလွတ်သဘောသက်သေခံခြင်း– စည်းဝေးကြီးအသွားအပြန်တွင် ယေဟောဝါအား ကျွန်ုပ်တို့၏နှုတ်ခမ်းဖြင့် ချီးမွမ်းရန် အခွင့်အရေးများစွာရှိ၏။ (ဟေဗြဲ ၁၃:၁၅) စားသောက်ဆိုင်၌ အစာစားနေချိန်တွင်ဖြစ်စေ၊ ဟိုတယ်ဝန်ထမ်းများနှင့် စကားစမြည်ပြောဆိုချိန်တွင်ဖြစ်စေ သက်သေခံရန် အခွင့်အရေးများရှာကြစို့။ ကျွန်ုပ်တို့၏စိတ်နှလုံးသည် စည်းဝေးကြီးမှရရှိသည့် ဝိညာဏတန်ဖိုးရှိရာများဖြင့် ပြည့်နေမည်ဖြစ်သည်။ ဤကောင်းသောအရာများကို ကျွန်ုပ်တို့နှင့်တွေ့ဆုံသူများအား အလွတ်သဘောဝေမျှကြစို့။—၁ ပေ. ၃:၁၅။
၉ “ပရိသတ်အလယ်” တွင် ယေဟောဝါအား ချီးမွမ်းရသည့် ဤအခွင့်အရေးကို ကျွန်ုပ်တို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပါသည်။ (ဆာ. ၂၆:၁၂) “ဘုရားရေးရာနာခံမှု” ခရိုင်စည်းဝေးကြီးတွင် ယေဟောဝါအား စည်းလုံးစွာချီးမွမ်းနိုင်ကြပါစေ။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ခရိုင်စည်းဝေးကြီးသတိပေးချက်များ
◼ အစီအစဉ်အချိန်များ– အစီအစဉ်ကို သုံးရက်စလုံး နံနက် ၈:၃၀ နာရီတွင် စတင်မည်။ နံနက် ၇:၀၀ နာရီတွင် တံခါးများကိုဖွင့်မည်။ အစီအစဉ်မစတင်မီ မိနစ်အနည်းငယ်တွင် သဘာပတိသည် ပဏာမ နိုင်ငံတော်တေးသံသာကို ဖွင့်ထားစဉ် စင်မြင့်ပေါ်တွင်ထိုင်နေပါမည်။ ထိုအချိန်တွင် မိမိတို့၏ထိုင်ခုံများ၌ အားလုံးထိုင်နေသင့်သည်၊ သို့မှသာ အစီအစဉ်ကို သိက္ခာရှိရှိ၊ စနစ်တကျစတင်နိုင်မည်ဖြစ်သည်။ သောကြာနေ့ နှင့် စနေနေ့တွင် ညနေ ၄:၀၅ နာရီ၌၊ တနင်္ဂနွေနေ့တွင်မူ ညနေ ၃:၁၀ နာရီ၌ အစီအစဉ်ကို နိဂုံးချုပ်ပါမည်။
◼ ထိုင်ခုံဦးခြင်း– သင်နှင့်အတူ ကားတစ်စီးတည်းစီးလာသူများ သို့မဟုတ် သင်နှင့်အတူ တစ်အိမ်တည်းနေသူများအတွက်သာ ထိုင်ခုံများဦးထားနိုင်သည်။
◼ အလှူငွေ– အတော်အတန်အကုန်အကျခံ၍ ခရိုင်စည်းဝေးကြီးကို စီစဉ်ထားသည်။ နိုင်ငံတော်ခန်းမတွင် သို့မဟုတ် စည်းဝေးကြီးတွင် ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေများထည့်ဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကျေးဇူးတင်လေးမြတ်မှုကို ပြသနိုင်သည်။
◼ နေ့လယ်စာ– နေ့လယ်ခေတ္တရပ်နားချိန်တွင် စည်းဝေးကြီးနေရာမှ အပြင်ထွက်ကာ အစားအစာသွားဝယ်စားမည့်အစား ကျေးဇူးပြု၍ နေ့လယ်စာယူလာပါ။ ထိုင်ခုံအောက်တွင်ထားနိုင်သော အအေးခံဘူးငယ်တစ်ခုကို အသုံးပြုနိုင်သည်။ မိသားစုပျော်ပွဲစားထွက်သည့်အခါ အသုံးပြုသော အစားအစာထည့်သည့်ပုံးသေတ္တာ၊ ဖန်ခွက်နှင့် အရက်ယမကာများကို စည်းဝေးကြီးအဆောက်အအုံထဲသို့ ယူလာခွင့်မပြုပါ။
◼ အသံသွင်းခြင်း– မည်သည့်အသံသွင်းစက်မျိုးမှ အဆောက်အအုံ၏လျှပ်စစ် သို့မဟုတ် အသံချဲ့စက်များနှင့် မဆက်သွယ်သင့်ပါ၊ အခြားသူများအား အနှောင့်အယှက်မဖြစ်စေသည့်နည်းဖြင့်သာ ယင်းတို့ကို အသုံးပြုနိုင်သည်။
◼ ဓာတ်ပုံရိုက်ခြင်း– သင် ဓာတ်ပုံရိုက်မည်ဆိုလျှင် အစီအစဉ်အတွင်း မည်သည့်လျှပ်တစ်ပြက်မီးကိုမျှ အသုံးမပြုသင့်ပါ။
◼ ပေဂျာနှင့် ဆဲလ်ဖုန်းများ– အာရုံပျံ့လွင့်မှုမဖြစ်စေရန် ယင်းတို့ကို စီစဉ်သင့်သည်။
◼ မတော်တဆထိခိုက်မှုများနှင့် အရေးပေါ်အခြေအနေများ– စည်းဝေးကြီးကျင်းပသည့်နေရာတွင် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် ရှေးဦးသူနာပြုဌာနသို့ ချက်ချင်းအကြောင်းကြားပေးမည့် အနီးအနားရှိ ဧည့်ကြိုတစ်ဦးနှင့် ကျေးဇူးပြု၍ဆက်သွယ်ပါ၊ သို့မှသာ ကျွန်ုပ်တို့၏အရည်အချင်းရှိ ရှေးဦးသူနာပြုများက အခြေအနေသည် စိုးရိမ်စရာရှိမရှိ အကဲဖြတ်ကာ အကူအညီပေးနိုင်ပါလိမ့်မည်။