ဝိညာဏပန်းတိုင်များချမှတ်ပါ
၁ ယေဟောဝါအား ထာဝရကာလပတ်လုံးချီးမွမ်းရခြင်းသည် အခွင့်ထူးကြီးဖြစ်သည်! ထိုပန်းတိုင်သို့ရောက်ရှိစေရန် ကျွန်ုပ်တို့ နောက်ထပ် လတ်တလောဝိညာဏပန်းတိုင်များချမှတ်ကာ ၎င်းတို့အတိုင်းဖြစ်မြောက်ရန် ကြိုးစားနိုင်သည်။ ယင်းက ကျွန်ုပ်တို့၏အစွမ်းခွန်အားများကို ပညာရှိရှိအသုံးချနိုင်စေသည်။ (၁ ကော. ၉:၂၆) အဘယ်ပန်းတိုင်များသည် သင့်အတွက် လက်တွေ့ကျမည်နည်း။
၂ ကျမ်းစာလေ့လာမှု– အသင်းတော်အစည်းအဝေးတစ်ခုစီအတွက် သင်ကြိုတင်ပြင်ဆင်သလော။ ပြင်ဆင်ပါက လေ့လာသည့်အခါ သုတေသနပြုရန်နှင့် ဆင်ခြင်သုံးသပ်ရန် သင် အချိန်ပေးသလော။ ဥပမာ၊ ပတ်စဉ် ကင်းမျှော်စင် သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် ပြင်ဆင်သည့်အခါ အဖြေများကို မျဉ်းသားရုံမျှသာပြုသလော သို့မဟုတ် ညွှန်းထားသည့်ကျမ်းချက်များကို ဖွင့်ဖတ်ကာ ပေးထားသည့်ရှင်းလင်းချက်များအတွက် အကြောင်းရင်းများကိုလည်း သုံးသပ်သလော။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် တာဝန်ပေးထားသည့် ကျမ်းစာဖတ်ရှုခြင်းမှ အချက်အလက်အနည်းငယ်ကို ပတ်စဉ်သုတေသနပြုရန် သင် ပန်းတိုင်ထားနိုင်မည်လော။ ထိုကဲ့သို့ ဝိညာဉ်ရေးတူးဖော်မှုပြုခြင်းသည် အချိန်နှင့် လုံ့လစိုက်ထုတ်မှု လိုအပ်သော်လည်း ကြွယ်ဝသောဆုကျေးဇူးများကို ဖြစ်ထွန်းစေသည်။—သု. ၂:၄၊ ၅။
၃ အသင်းတော်အစည်းအဝေးများ– နောက်ပန်းတိုင်တစ်ခုမှာ အသင်းတော်အစည်းအဝေးငါးခုစလုံးကို မှန်မှန်တက်ရန်ဖြစ်သည်။ ယုံကြည်သူချင်းများနှင့်ပေါင်းသင်းရန်၊ အဖွင့်သီချင်းနှင့် ဆုတောင်းခြင်းတွင်ပါဝင်ရန် စောစောရောက်ရှိခြင်းသည် အသင်းတော်၏စိတ်ဓာတ်ကို တိုးတက်စေသည်။ အစည်းအဝေးတစ်ခုစီတွင် အဖြေပေးရန်နှင့် ကျွန်ုပ်တို့၏အဖြေများ တိုးတက်စေရန်လည်း ကြိုးစားနိုင်သည်။ အပိုဒ်ပါကျမ်းချက်တစ်ချက်သည် ဆွေးနွေးနေသည့် အကြောင်းအရာနှင့် မည်သို့သက်ဆိုင်ကြောင်း သို့မဟုတ် အကြောင်းအရာသည် နေ့စဉ်အသက်တာနှင့် မည်သို့သက်ဆိုင်ကြောင်း သင် ထောက်ပြနိုင်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၄ လယ်ကွင်းလုပ်ငန်း– ကျွန်ုပ်တို့ပန်းတိုင်များချမှတ်သည့်အခါ ကျွန်ုပ်တို့၏ဓမ္မအမှုသည် များစွာတိုးတက်လာသည်။ သင်သည် လစဉ်လုပ်ငန်းတော်တွင် အသုံးပြုရန်ရည်ရွယ်ထားသည့် ကိုယ်ပိုင်နာရီပန်းတိုင်ရှိသလော။ ယင်းသည် အကူအညီဖြစ်စေကြောင်း အချို့သူတို့တွေ့ရှိကြသည်။ သို့မဟုတ် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ကျမ်းစာအသုံးပြုခြင်း၊ ပို၍အဓိပ္ပာယ်ရှိသော ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုတစ်ခုစရန်ကြိုးစားခြင်း သို့မဟုတ် သင်အံမှုများတွင် ပို၍ထိရောက်စွာသွန်သင်ခြင်း တို့ကဲ့သို့သော သင့်ဓမ္မအမှု၏ကဏ္ဍအချို့ကို တိုးတက်စေနိုင်မည်လော။
၅ မိဘတို့၊ ယေဟောဝါ၏လုပ်ငန်းတော်တွင် ပန်းတိုင်များချမှတ်ရန် သင်တို့၏သားသမီးများကို အားပေးနေသလော။ ရှေ့ဆောင်တစ်ဦး၊ သာသနာပြုတစ်ဦး သို့မဟုတ် ဗေသလအိမ်သားတစ်ဦးအဖြစ် အမှုဆောင်ခြင်းသည် ယေဟောဝါအား ကျေးဇူးတင်သည့်အတိမ်အနက်ကိုဖော်ပြရန် အလွန်ကောင်းသောနည်းတစ်ခုဖြစ်ကြောင်း သူတို့သိမြင်ရန် ကူညီပေးပါ။—ဒေ. ၁၂:၁။
၆ မိမိတို့၏လုပ်ဆောင်မှုများကို ဆန်းစစ်၍ ဝိညာဏပန်းတိုင်များချမှတ်ကာ ၎င်းတို့အတိုင်းဖြစ်မြောက်ရန် လုပ်ဆောင်သည်နှင့်အမျှ ကျွန်ုပ်တို့သည် လုပ်ငန်းတော်တွင် အလွန်ပျော်ရွှင်ကာ အခြားသူများအတွက် အားပေးမှုရင်းမြစ်တစ်ခု ဖြစ်ပါလိမ့်မည်။—ရော. ၁:၁၂။