အတွေ့အကြုံနည်းပါးသူများအား နားလည်ရန် ကူညီပေးပါ
၁ တပည့်ဖြစ်စေခြင်းလုပ်ငန်းအားဖြင့် ကျွန်ုပ်တို့သည် အခြားသူများအား သူတို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူကြောင်း သင်ကြားပေးကြသည်။ (မ. ၂၈:၁၉၊ ၂၀) ကမ္ဘာတစ်ဝန်းတွင် ငါးသန်းကျော်သောသက်သေခံများသည် ထိုလုပ်ငန်းကို အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်နေကြသည်။ အသုံးပြုသည့်နာရီ၊ ဝေငှသည့်စာပေ သို့မဟုတ် စတင်ကျင်းပနိုင်သည့်ကျမ်းစာသင်အံမှုများအားဖြင့် အောင်မြင်မှုကို မတိုင်းတာပါ။ လူတို့ နားလည်ပြီး သူတို့သိရှိထားသည်နှင့်အညီလုပ်ဆောင်ကြသောအခါ ကျွန်ုပ်တို့ရည်မှန်းချက် အထမြောက်အောင်မြင်သည်။
၂ အခြားသူများအား ဝိညာဉ်ရေးအရကူညီပေးခြင်းတွင် “အတွေ့အကြုံနည်းပါသူများအား နားလည်စေ” ခြင်းပါဝင်သည်။ (ဆာ. ၁၁၉:၁၃၀၊ ကဘ) “နားလည်ကြ” မှသာလျှင် လူတို့နှလုံးကိုထိမိပြီး လှုံ့ဆော်ခံရကြသည်။ (မ. ၁၅:၁၀၊ ကဘ) ကျွန်ုပ်တို့၏လုပ်ငန်းသည် ကျယ်ပြန့်လာပြီး အရှိန်အဟုန်မြင့်မားလာစဉ် ကျွန်ုပ်တို့သည် ရိုးရိုးကလေးဖြင့် ဟောပြောသွန်သင်ရန်လိုကြောင်း ပို၍ပို၍ နားလည်သဘောပေါက်လာသည်။ ထိုအကြောင်းကြောင့် အသင်းမသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကိုထုတ်ဝေခဲ့ရခြင်းဖြစ်သည်။ ယင်းဘရိုရှာတွင် အခြေခံကျသောကျမ်းစာသွန်သင်ချက်များကို သုံးသပ်ထားသည့် ကျယ်ပြန့်ပြည့်စုံသောသင်ရိုးညွှန်းတမ်း ပါဝင်သည်။ သင်ခန်းစာများမှာ တိုပြီး စကားလုံးအသုံးအနှုန်း ရှင်းသည်။ သွန်သင်ချက်သည် နားလည်လွယ်ပြီး ဘရိုရှာကို အလွန်နှစ်သက်စရာဖြစ်စေသည်။
၃ ဤဘရိုရှာကို ဧပြီနှင့် မေလအတွင်း မဂ္ဂဇင်းများနှင့်အတူ ဝေငှမည်ဖြစ်သည်။ သင့်ပတ်စဉ်လုပ်ငန်းတော်လုပ်ဆောင်မှုကို အစီအစဉ်ဆွဲသောအခါ စနေနေ့များတွင် မဂ္ဂဇင်းများကိုဝေငှရန်စီစဉ်သော်လည်း ရက်သတ္တပတ်၏ကျန်ရက်များတွင် သင့်ဓမ္မအမှု၌ ဘရိုရှာကို ဝေငှရန် အကြံပြုပါသည်။ ယခင်က စာပေကို လက်ခံနှင့်ပြီးသားသူများထံ ဘရိုရှာကို ယူဆောင်သွားပါ။ ယင်းဘရိုရှာသည် အထူးသဖြင့် ကလေးများ၊ တိုင်းတစ်ပါးဘာသာစကားပြောသူများနှင့် စာဖတ်စွမ်းရည်အကန့်အသတ်ရှိသူများကို သင်ကြားပေးရာတွင် အသုံးဝင်နိုင်ကြောင်း သတိရပါ။
၄ ရိုးရိုးကလေးဖြစ်သောချဉ်းကပ်နည်းကိုသုံးပါ– တောင်းဆိုဘရိုရှာကိုတင်ဆက်သောအခါ “ဤဘရိုရှာကို ကျမ်းစာသင်အံမှုအစီအစဉ်အတွက် ရည်ရွယ်ထား၏” ဟုရှင်းပြထားသော စာမျက်နှာ ၂ ကိုကိုးကားဖော်ပြပါ။ လူတို့သည် ကျမ်းစာလေ့လာရန် အဘယ်ကြောင့်လိုအပ်ကြောင်းကို တင်ပြရန် စာမျက်နှာ ၃၊ အပိုဒ် ၃ ကိုညွှန်ပြပါ။ ကျမ်းစာသမ္မာတရားများကို ရိုးရိုးကလေးဖော်ပြထားသော သင်ခန်းစာခေါင်းစဉ်တချို့ဖြင့် သူ၏စိတ်ဝင်စားမှုကို နှိုးဆွပေးပါ။ ဤဘရိုရှာသည် လေ့လာရာတွင် ပျော်ရွှင်မှုကို မည်သို့ဖြစ်ပေါ်စေကြောင်း ပြသကာ ကိုယ်တိုင်အကူအညီပေးနိုင်ကြောင်း ကမ်းလှမ်းပါ။
၅ တိုးတက်မှုရှိသောသင်အံမှုကိုကျင်းပပါ– ကျွန်ုပ်တို့၏ပန်းတိုင်မှာ သင်အံမှုများကျင်းပရုံမျှမက ပိုမိုလုပ်ဆောင်ရန်ဖြစ်ပြီး စစ်မှန်သောဝတ်ပြုရေးကို အခိုင်အမာထောက်ခံလာမည့် တပည့်များဖြစ်စေလိုကြသည်။ ဤဘရိုရှာကို ရက်သတ္တပတ်အနည်းငယ်အတွင်း သုံးသပ်နိုင်ပြီး အသိပညာစာအုပ်ဖြင့်ကျမ်းစာလေ့လာရန် ဦးတည်ပေးသင့်သည်။ (စာမျက်နှာ ၃၁ ရှိအောက်ခြေမှတ်ချက်ကိုရှု။) စသင်သင်ချင်းပင် သင်သားအား ယေဟောဝါ၏အဖွဲ့အစည်းကို ခွဲခြားသိရှိရန် ကူညီပေးပါ။ (ကျိုးကြောင်းဆင်ခြင်စာအုပ်စာမျက်နှာ ၃၉၁-၂ ရှု။) အသင်းတော်အစည်းအဝေးများ၏တန်ဖိုးကို အလေးထားတင်ပြပြီး ထိုသို့တက်ရောက်ခြင်းသည် သူတို့အား စစ်မှန်သောဝတ်ပြုရေးကို မည်သို့လက်တွေ့ကျင့်သုံးရမည်အကြောင်း၊ အကျယ်တဝင့်နားလည်သဘောပေါက်စေကြောင်း ရှင်းပြပါ။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၆ ဧပြီနှင့်မေလအတွင်း ဤအထူးလုပ်ငန်းတော်တွင် အပြည့်အဝပါဝင်ခြင်းသည် စိတ်ရင်းမှန်ရှိသူများအား ထာဝရအသက်ရစေသော “ဉာဏ်ကိုဆည်းပူး” ရန်ကူညီပေးခြင်းမှ ရရှိမည့် ရွှင်လန်းမှု ရဖို့သေချာပါသည်။—သု. ၄:၅။