ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၂/၁၅ စာ. ၁၂-၁၄
  • အက်ဘ်လာ တိမ်ကောခဲ့ရာမှ ပြန်ပေါ်လာသော ရှေးမြို့ဟောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အက်ဘ်လာ တိမ်ကောခဲ့ရာမှ ပြန်ပေါ်လာသော ရှေးမြို့ဟောင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမိုင်းကြောင်းများစွာရှိသော မြို့တစ်မြို့
  • အက်ဘ်လာမြို့၏ဘာသာတရား
  • ရှေးခေတ် ကျူနီဖောင်း နှင့်သမ္မာကျမ်းစာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခ၂ ကမ္ဘာဦးကျမ်းပါ ဒေသများ၊ ဘိုးဘေးတို့ရဲ့ ခရီးစဉ်များ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • မြေကြီးမိခင်မှ မျိုးပွားဘုရားမများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “ဓမ္မဟောင်းကျမ်း” သည် မည်မျှယုံကြည်လောက်သနည်း
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၂/၁၅ စာ. ၁၂-၁၄

အက်ဘ်လာ တိမ်ကောခဲ့ရာမှ ပြန်ပေါ်လာသော ရှေးမြို့ဟောင်း

၁၉၆၂ ခုနှစ်၊ နွေရာသီတွင် အီတလီလူမျိုး ရှေးဟောင်းသုတေသနပညာရှင် လူငယ်  ပါအိုလို မားတီသည် အဘယ်အရာတွေ့ ရှိမည်ကို မသိဘဲလျက် ဆီးရီးယားအနောက်မြောက်ပိုင်း လွင်ပြင်တွင် တူးဖော်ရှာဖွေခဲ့၏။ ဆီးရီးယားကုန်းတွင်းပိုင်းဒေသတွင် ရှေးဟောင်းသုတေသနပြုစရာ သိပ်မရှိဟု ယူဆကြသည်။ သို့သော် နောက်နှစ်နှစ်ကြာပြီးနောက် အလက်ပိုမြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာ၊ ထဲလ်မာဒစ်ခ်မြို့တွင် စတင်တူးဖော်ရှာဖွေခဲ့ရာ ‘၂၀ ရာစု၏အရေးပါဆုံး ရှေးဟောင်းသုတေသနတွေ့ ရှိချက်’ ဟုလူအများယူမှတ်ကြမည့်အရာကို တူးဖော်ရရှိလေသည်။

အက်ဘ်လာမြို့တည်ရှိခဲ့ကြောင်း ရှေးဟောင်းကျောက်စာများက သက်သေထူသည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသတစ်လျှောက်ရှိ မည်သည့်မြေကမူများအောက်တွင် ထိုမြို့ဟောင်းတည်ရှိခဲ့ကြောင်း မည်သူမျှမသိကြပေ။ ကျောက်စာတစ်ခုတွင် “မာရီမြို့၊ ရာမူတီမြို့နှင့် အက်ဘ်လာမြို့” တို့ကို အောင်ပွဲခံခဲ့သော အက်ကက်ဘုရင် သာဂုန်အကြောင်း ဖော်ပြထားသည်။ နောက်ကျောက်စာတစ်ခုတွင် ဆူမေးရီးယန်းဘုရင် ဂူဒေယာသည် “အက်ဘ်လာတောင်တန်းမှ” အဖိုးတန်သစ်များရရှိခဲ့ကြောင်း ဖော်ပြ၏။ ထို့ပြင် တတိယမြောက် ဖာရောဘုရင် ထူးမို့စ် အနိုင်ရခဲ့သော ရှေးမြို့ဟောင်းစာရင်းကို အီဂျစ်ပြည်၊ ကာနက်မြို့၌တွေ့ရပြီး ယင်းတွင် အက်ဘ်လာမြို့အမည်ပါရှိသည်။ ထို့ကြောင့် အက်ဘ်လာမြို့ကို ရှေးဟောင်းသုတေသနပညာရှင်များ အဘယ်ကြောင့်ကြိုးစားတူးဖော်ရကြောင်း နားလည်နိုင်ပါသည်။

နောက်ထပ်တူးဖော်တွေ့ရှိမှုများလည်း အကျိုးဖြစ်ထွန်းခဲ့၏။ ၁၉၆၈ ခုနှစ်တွင် အက်ဘ်လာဘုရင် အိုင်ဘစ်ထ်လင်မ်၏ ရုပ်တုတစ်ပိုင်းတစ်စကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုရုပ်တုပေါ်တွင် “အက်ဘ်လာမြို့၌ ထွန်းတောက်ခဲ့သော” အစ်ရှတာဘုရားမထံ ယင်းကိုအပ်နှံကြောင်း အဓိဋ္ဌာန်ပြုချက်ကို အက္ကယ်ဒီးယန်းဘာသာစကားဖြင့် ရေးထိုးထားသည်။ မှန်ပါသည်၊ ရှေးဟောင်းသုတေသနတွေ့ရှိချက်များက “ဘာသာစကားအသစ်၊ သမိုင်းကြောင်းအသစ်နှင့် ယဉ်ကျေးမှုအသစ်” ကို စတင်ထုတ်ဖော်ခဲ့၏။

အက်ဘ်လာမြို့အမည် ထပ်တလဲလဲပါရှိသော ကျူနီဖောင်းကျောက်စာများကို ၁၉၇၄/၇၅ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းက ယင်းမြို့ဟောင်းသည် ထဲလ်မာဒစ်ခ်မြို့ပင်ဖြစ်ကြောင်း အတည်ပြုသည်။ ထို့ပြင် တူးဖော်တွေ့ရှိချက်များအရ ထိုမြို့ကိုနှစ်ကြိမ်တည်ခဲ့ကြောင်း သိရှိရ၏။ ပထမအကြိမ်မြို့တည်ပြီးနောက် ဖျက်ဆီးခံရသည်။ ထို့နောက် ဒုတိယအကြိမ်ပြန်တည်ခဲ့ရာ တစ်ဖန်ဖျက်ဆီးခံရပြီး ရာစုနှစ်များစွာ တိမ်ကောခဲ့ရသည်။

သမိုင်းကြောင်းများစွာရှိသော မြို့တစ်မြို့

ရှေးဟောင်းမြို့အများစုကို တိုက်ဂရစ္စနှင့်ဥဖရတ် မြစ်နှစ်သွယ်ကြားကဲ့သို့သော စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေနုလွင်ပြင်များတွင် တည်ခဲ့ကြသည်။ ကျမ်းစာတွင် ဦးဆုံးဖော်ပြသော မြို့များသည် မက်ဆိုပိုတေးမီးယားတွင် တည်ရှိသည်။ (ကမ္ဘာဦး ၁၀:၁၀) အက်ဘ်လာ၏အဓိပ္ပာယ်မှာ “ကျောက်ဆောင်ဖြူ” ဖြစ်ပြီး ထိုမြို့တည်ရာ အောက်ခံထုံးကျောက်လွှာကို ရည်ညွှန်းပုံရသည်။ ထုံးကျောက်လွှာသည် မြစ်နှင့်အလှမ်းဝေးသောဒေသအတွက် အရေးကြီးသော သဘာဝရေရရှိစေသောကြောင့် ထိုတွင် မြို့တည်ခဲ့ခြင်းဖြစ်ပေမည်။

အက်ဘ်လာမြို့၏မိုးရေချိန်ကြောင့် ကောက်နှံ၊ စပျစ်နှင့် သံလွင်ပင်များကိုသာ ကောင်းစွာစိုက်ပျိုးနိုင်သည်။ ထို့ပြင် ကျွဲနွားတိရစ္ဆာန်များ၊ အထူးသဖြင့် သိုးမွေးမြူရေးအတွက် ကောင်းမွန်သောဒေသဖြစ်၏။ အက်ဘ်လာမြို့သည် မက်ဆိုပိုတေးမီးယားလွင်ပြင်နှင့် မြေထဲပင်လယ်ကမ်းရိုးတန်းကြားရှိ စီးပွားရေးအချက်အချာကျသောဒေသတွင် တည်ရှိသောကြောင့် သစ်၊ အလှဆင်ကျောက်များ၊ သတ္တုများ ရောင်းဝယ်ဖောက်ကားရန် အလွန်ကောင်းမွန်သည်။ ထိုမြို့တွင် လူ ၂၀၀,၀၀၀ ခန့်နေထိုင်ပြီး ၁၀ ရာခိုင်နှုန်းကျော်မှာ မြို့တော်တွင် အခြေချကြသည်။

အက်ဘ်လာယဉ်ကျေးမှု အကြီးအကျယ်ထွန်းကားခဲ့ကြောင်း နန်းတော်ကြီး၏အပျက်အယွင်းများက သက်သေထူသည်။ ပေ ၄၀ မှ ၅၀ ခန့်မြင့်သော ဂိတ်ဝမှတစ်ဆင့် နန်းတော်သို့ဝင်ရသည်။ နှစ်များတစ်လျှောက် ဩဇာအာဏာကြီးမားလာရာ နန်းတော်ကို တိုးချဲ့တည်ဆောက်ခဲ့ကြသည်။ မင်းမှုထမ်းများသည် အဆင့်ဆင့်ဖွဲ့စည်းမှုအောက်တွင် အမှုထမ်းကြပြီး ဘုရင်နှင့်မိဖုရားကို “မှူးမတ်များ” နှင့် “ဘုရင်ခံများ” က ကူညီကြသည်။

အုတ်ခွက်စာနှင့် ယင်း၏အပိုင်းအစပေါင်း ၁၇,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ မူလက သစ်သားစင်များတွင် အသေအချာတင်ထားသည့် ပြည့်စုံသောအုတ်ခွက်စာ ၄,၀၀၀ ကျော်ရှိပုံရ၏။ ထိုစာများအရ အက်ဘ်လာမြို့တွင် ကုန်သွယ်ရေး အကြီးအကျယ်ထွန်းကားခဲ့ကြောင်း သိရှိရသည်။ ဥပမာ၊ အက်ဘ်လာသည် အီဂျစ်နှင့် ကူးသန်းရောင်းဝယ်ခဲ့ကြောင်း ဖာရောဘုရင်နှစ်ပါး၏ တော်ဝင်သင်္ကေတများက ဖော်ပြသည်။ ထိုအုတ်ခွက်စာအများစုကို ဆူမေးရီးယန်းကျူနီဖောင်းစာဖြင့် ရေးသားထားသည်။ အချို့ကိုမူ ရှေးဆီးမိုက်စကားဖြစ်သော အက်ဘ်လာဘာသာစကားဖြင့် ရေးသားခဲ့ကြောင်း ထိုအုတ်ခွက်စာများအရ သိရှိရသည်။ အရှေ့တိုင်းယဉ်ကျေးမှုလေ့လာသူများက ထိုရှေးကျသောဆီးမိုက်စကားကို တွေ့ရှိရ၍ အံ့အားသင့်နေကြသည်။ အချို့ကို ဆူမေးရီးယန်း-အက်ဘ်လာ ဘာသာစကားနှစ်မျိုးဖြင့် ရေးသားထားသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ ယင်းတို့ကို “တွေ့ရှိခဲ့သမျှတွင် ရှေးအကျဆုံးအဘိဓာန်များ” ဟူ၍ အက်ဘ်လာ—မြို့ပြယဉ်ကျေးမှု၏ကနဦးအစ စာအုပ်က ဖော်ပြသည်။

အက်ဘ်လာသည် စစ်အင်အားကြီးမားခဲ့ပုံရ၏၊ အကြောင်းမှာ အက်ဘ်လာစစ်သည်များ ရန်သူတို့ကိုကွပ်မျက်နေပုံ၊ ရန်သူ့ဦးခေါင်းများဆက်သနေပုံတို့ဖြင့် သရုပ်ဖော်ထားသော အပိုင်းအစများကို တွေ့ရသောကြောင့်ဖြစ်သည်။ သို့တိုင် အဆီးရီးယားနှင့်ဗာဗုလုန်တို့ အာဏာတက်လာချိန်တွင် အက်ဘ်လာ၏ကြီးကျယ်ခမ်းနားမှု မှေးမှိန်ခဲ့လေသည်။ ထိုဖြစ်ရပ်များကို တိတိကျကျခြေရာကောက်ရန် မလွယ်ပေ၊ သို့သော် အက်ဘ်လာမြို့ကို ပထမမြောက် သာဂုန်က ဦးစွာတိုက်ခိုက်ခဲ့ပြီး (ဟေရှာယ ၂၀:၁ တွင်ပါရှိသည့် သာဂုန်မဟုတ်) နောက်ပိုင်း မြေးတော် နာရာမ်-ဆင်န်က တိုက်ခိုက်ခဲ့ဟန်တူသည်။ စီးနင်းတိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်း တူးဖော်တွေ့ရှိချက်များက ဖော်ပြ၏။

သို့သော် ဖော်ပြခဲ့သည့်အတိုင်း နှစ်အတန်ကြာပြီးနောက် မြို့ကိုပြန်လည်တည်ဆောက်ခဲ့ရာ အချက်အချာဒေသပင် ဆက်ဖြစ်ခဲ့သည်။ မြို့သစ်ကို ကျကျနနစီမံကိန်းရေးဆွဲပြီး ဆောက်လုပ်ခဲ့ရာ ပို၍ပင်ကြီးကျယ်ခမ်းနားခဲ့၏။ မြို့အောက်ပိုင်းတွင် အစ်ရှတာဘုရားမအတွက် ရည်စူးထားသော မြေနေရာရှိပြီး ယင်းကို ဗာဗုလုန်တို့ကလည်း မျိုးပွားဘုရားမအဖြစ် ရှုမြင်ကြသည်။ ဗာဗုလုန်မြို့အပျက်အယွင်းများကြား တူးဖော်တွေ့ရှိခဲ့သော နာမည်ကျော်အစ်ရှတာမုခ်ဝကို သင်ကြားဖူးကောင်း ကြားဖူးပေမည်။ အက်ဘ်လာမြို့၏ အထူးခမ်းနားကြီးကျယ်သော အဆောက်အအုံတစ်ခုကို အစ်ရှတာဘုရားမအတွက် မြင့်မြတ်ရာဖြစ်သော ခြင်္သေ့များလှောင်ထားရန် အသုံးပြုခဲ့ဖွယ်ရှိသည်။ ယင်းက အက်ဘ်လာမြို့၏ ဘာသာတရားအကြောင်း သိရှိစေသည်။

အက်ဘ်လာမြို့၏ဘာသာတရား

ရှေးခေတ် အရှေ့ပိုင်းဒေသများနည်းတူ အက်ဘ်လာမြို့တွင် နတ်ဘုရားများအတွက် ဝတ်ကျောင်းရှိသည်။ ထိုနတ်ဘုရားအချို့မှာ ဗာလ၊ (ရှုရိဘုရင်အချို့၏အမည်တွင် တစ်စိတ်တစ်ပိုင်းပါရှိသော) ဟာဒဒ်နှင့် ဒါဂန်တို့ဖြစ်ကြ၏။ (၃ ဓမ္မရာဇဝင် ၁၁:၂၃; ၁၅:၁၈; ၄ ဓမ္မရာဇဝင် ၁၇:၁၆) ထိုနတ်ဘုရားအားလုံးကို အက်ဘ်လာမြို့သားများ ကိုးကွယ်ကြ၏။ သူတို့သည် အခြားလူမျိုးတို့၏နတ်ဘုရားများကိုပင် ဂုဏ်တင်ကြသည်။ အထူးသဖြင့် ဘီစီဒုတိယထောင်စုနှစ်တွင် ဘုရင့်ဘိုးဘေးများကိုပင် ဘုရားအဖြစ်ကိုးကွယ်ကြောင်း ရှေးဟောင်းသုတေသနတွေ့ရှိချက်များက ဖော်ပြသည်။

အက်ဘ်လာမြို့သားများသည် ၎င်းတို့၏နတ်ဘုရားများကို အကြွင်းမဲ့ယုံစားခြင်းမရှိပေ။ အက်ဘ်လာမြို့သစ်သည် ခမ်းနားကြီးကျယ်သော မြို့ရိုးနှစ်ထပ်ရံထားရာ ရန်သူမှန်သမျှ ဖြုံလောက်ပေသည်။ အပြင်မြို့ရိုးမှာ နှစ်မိုင်နီးပါးရှည်လျားပြီး အလွန်ပင် သိသာထင်ရှားဆဲဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ ပြန်လည်တည်ခဲ့သော အက်ဘ်လာမြို့ပင် ပျက်သုဉ်းခဲ့ရသည်။ တစ်ချိန်က ဩဇာအာဏာကြီးစိုးခဲ့သော ထိုမြို့ကို ဘီစီ ၁၆၀၀ ခန့်တွင် ဟိတ္တိလူတို့က အပြီးသတ်တိုက်ခိုက်အနိုင်ယူခဲ့ခြင်းဖြစ်နိုင်သည်။ ရှေးကဗျာတစ်ပုဒ်အရ အက်ဘ်လာမြို့သည် “ကြွေအိုးတစ်လုံးနှယ် အစိတ်စိတ်ကြေမွခဲ့” ရသည်။ မကြာမီတွင် သမိုင်းမှတိမ်ကောခဲ့လေသည်။ သို့သော် ၁၀၉၈ ခုနှစ်က ယေရုရှလင်မြို့သို့စစ်ချီလာသော ခရူးဆိတ်စစ်ဆင်နွှဲသူများ၏မှတ်တမ်းတစ်ခုတွင် အက်ဘ်လာမြို့ဟောင်းတည်ရှိခဲ့သည့် မာဒစ်ခ်ဟုခေါ်သောဒေသအကြောင်း ဖော်ပြထားသည်။ ယင်းသည် နိုင်ငံ၏အစွန်ဘက်ကျသောနေရာတွင် တည်ရှိကြောင်းလည်းဖော်ပြထား၏။ အက်ဘ်လာမြို့သည် မေ့ပျောက်ခံရလုနီးပါးဖြစ်ခဲ့ပြီး ရာစုနှစ်များစွာကြာညောင်းပြီးမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပေသည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

အက်ဘ်လာနှင့် သမ္မာကျမ်းစာ

၁၉၇၆ ခုနှစ်ထုတ် ကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်က ကျမ်းပညာရှင်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့သည်။ အက်ဘ်လာအုတ်ခွက်စာ အနက်ဖော်သူတစ်ဦးက ထိုစာများတွင်ပါရှိသော အခြားအရာများအပြင် လူအမည်နှင့် ဒေသအမည်များကို ရာစုနှစ်များစွာကြာပြီးနောက်မှ ကျမ်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်နိုင်သည်ဟု တင်ပြခဲ့၏။ ကျမ်းပညာရှင်အချို့က ထိုဆောင်းပါးတွင် မဖော်ပြထားသောအရာများကို မှန်းဆ၍ အက်ဘ်လာသည် ကမ္ဘာဦးကျမ်းမှတ်တမ်း မှန်ကန်ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားတစ်ရပ်ဖြစ်သည်ဟု စတင်ရေးသားကြလေ၏။a ဂျက်စူအစ် မစ်ချဲလ်ဒါဟွတ်က ဤသို့အခိုင်အမာဆိုခဲ့၏– “[အက်ဘ်လာမြို့မှ] အုတ်ခွက်စာများသည် ကျမ်းစာမှ နားလည်ရခက်သောအရာများကို ဉာဏ်အလင်းဖြာပေးသည်။” သာဓကအနေနှင့် ထိုစာများသည် “ဣသရေလလူမျိုး၏ ဘုရားသခင့်နာမတော်နှင့်စပ်လျဉ်းသော ပြဿနာကို” ရှင်းလင်းစေနိုင်သည်ဟု သူယုံကြည်သည်။

ယခု ထိုစာများကို အသေအချာစစ်ဆေးနေကြသည်။ ဟေဗြဲနှင့်အက်ဘ်လာလူမျိုးတို့သည် ဆီးမိုက်စကားကို သုံးနှုန်းသောကြောင့် အချို့သောမြို့နှင့်လူအမည်များသည် ကျမ်းစာပါအမည်များနှင့် ဆင်တူနိုင်သည်။ သို့တိုင် ထပ်တူနေရာဒေသ သို့မဟုတ် ထပ်တူပုဂ္ဂိုလ်ကို ရည်ညွှန်းနေခြင်းမဟုတ်ပေ။ အက်ဘ်လာမှ တူးဖော်တွေ့ ရှိမှုများသည် ကျမ်းစာဖော်ပြချက်များနှင့် မည်မျှတိုင်ကိုက်ညီသည်ကို စောင့်ကြည့်ရပေဦးမည်။ ဘုရားသခင့်နာမတော်နှင့်ပတ်သက်၍ ကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင်မဂ္ဂဇင်း၏ ဆောင်းပါးရေးသူက အက်ဘ်လာအုတ်ခွက်စာများတွင် “ယာဝေး” ဟူသောအမည်ပါရှိသည်ဟု မိမိမပြောဆိုခဲ့ကြောင်း ငြင်းချက်ထုတ်လေ၏။ ဂျဟုအနက်ပြန်သော ကျူနီဖောင်းအက္ခရာသည် အက်ဘ်လာဝတ်ကျောင်းရှိ နတ်ဘုရားများစွာအနက် တစ်ပါးကိုရည်ညွှန်းသည်ဟု ကျမ်းပညာရှင်အချို့ အနက်ဖွင့်သော်လည်း အခြားကျွမ်းကျင်သူများစွာက ယင်းစကားလုံးသည် သဒ္ဒါအမှတ်အသားတစ်ခုမျှသာဖြစ်ကြောင်း ဆိုကြ၏။ မည်သို့ပင်ဖြစ်စေ၊ ယင်းတို့သည် စစ်မှန်သောဘုရားသခင် ယေဟောဝါကို ရည်ညွှန်းနေခြင်းမဟုတ်ချေ။—တရားဟောရာ ၄:၃၅; ဟေရှာယ ၄၅:၅။

[အောက်ခြေမှတ်ချက်]

a ကျမ်းစာမှတ်တမ်းများကို ရှေးဟောင်းသုတေသနပညာက ထောက်ခံပုံကို သိရှိနိုင်ရန် ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်တော်လော၊ လူ့နှုတ်ထွက်လော စာအုပ် အခန်း ၄ ကိုရှု။

[စာမျက်နှာ ၁၂ ပါ မြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

မြေထဲပင်လယ်

ခါနာန်

ဆီးရီးယား

အလက်ပိုမြို့

အက်ဘ်လာ (ထဲလ်မာဒစ်ခ်မြို့)

ဥဖရတ်မြစ်

[Credit Line]

Archaeologist: Missione Archeologica Italiana a Ebla-Università degli Studi di Roma ‘La Sapienza’

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဘီစီ ၁၇၅၀ ပြည့်နှစ်ခန့်က ရွှေလည်ဆွဲ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

နန်းတော်ကြီး၏ အပျက်အယွင်းများ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ပြတိုက်ထဲတွင် အုတ်ခွက်စာများ သိမ်းဆည်းထားပုံကို ပန်းချီဆရာတစ်ဦး ရေးဆွဲပြထား

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျူနီဖောင်းကျောက်စာ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဘီစီ ၁၇၅၀-၁၇၀၀ ခန့်မှ အီဂျစ်ရာဇလှံတံ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ရန်သူဦးခေါင်းများနှင့် အက်ဘ်လာစစ်သူရဲ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

အစ်ရှတာနတ်ဘုရားမကို ရည်စူးသည့် ကျောက်ပြား

[Credit Line]

Missione Archeologica Italiana a Ebla-Università degli Studi di Roma ‘La Sapienza’

[Picture Credit Line on page 13]

All images (except palace remains): Missione Archeologica Italiana a Ebla-Università degli Studi di Roma ‘La Sapienza’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ